အပိုင်း ၂၀
Viewers 425

အပိုင်း (၂၀)

နဉ်ရှောင်ပိုင်က သူမကို လျစ်လျူရှုထားလိုက်ပြီး သူ့လက်ပေါ်တွင် ကလေးကို ချီထားကာ ဆရာမမီကို ပြောလိုက်၏။

“အဘွား၊ ထမင်းစားလို့ရပြီ၊ ထမင်း စားရအောင်”

ဟွမ်ရှောင်ရှာကလည်း မရှက်ရွံ့ချေ။ သူမက မြန်မြန်ဆန်ဆန် အကြောင်းအရာတစ်ခုကို ရှာဖွေလိုက်ပြီး သူ့လက်မောင်းပေါ်က ကလေးကို စနောက်ကျီစယ်လိုက်၏။

“ဒါက မနေ့က ချစ်စရာကောင်းတဲ့ ကလေးလေးမလား၊ သူက ဒေါက်တာနဉ်ရဲ့ ဆွေမျိုးဖြစ်နေတာကိုး၊ ဟယ်လို ကလေး၊ နာမည်ဘယ်လိုခေါ်လဲ..”

အားလုံး : ...

ရှမြန်သည် မနေနိုင်တော့ဘဲ အသံထွက်ကာ အော်ရယ်တော့သည်။

ဟွမ်ရှောင်ရှာက အခုမှ သူမကို သတိထားမိသွားပြီး သူမသည် ရှမြန်၏ အသွင်ပြင်ကို မြင်လိုက်ရသောအခါ ချက်ချင်း သတိဝီရိယာဖြင့် မေးလိုက်၏။

“နင်က ဒေါက်တာနဉ်ရဲ့ ဆွေမျိုးလား၊ နင်က အခု ဂျူနီယာ အထက်တန်းကျောင်းသူ မလား”

ရှမြန်သည် ရုတ်တရက် သူမကို စနောက်ချင်သွားတော့သည်။ ထို့ကြောင့် သူမက ဒေါက်တာနဉ်၏ လက်မောင်းကို တွဲလိုက်ပြီး ခေါင်းလေးကို စောင်းကာ ကျီစယ်သလို ပြောလိုက်၏။

“အန်တီ မှန်းကြည့်လေ”

ဟွမ်ရှောင်ရှာ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး သူမသည် နဉ်ရှောင်ပိုင်ကို မော့ကြည့်လိုက်လေသည်။

“ဒေါက်တာနဉ်.. ရှင်...”

နဉ်ရှောင်ပိုင်းက မထီလေးစား လုပ်နေသည့်လူကို ငုံ့ကြည့်လိုက်ပြီး နောက်ဆုံးတော့ ဟွမ်ရှောင်ရှာကို တည့်တည့်ကြည့်လိုက်ကာ စိတ်မရှည်လက်မရှည်နှင့် မေးလိုက်တော့သည်။

“မင်း ဘယ်သူလဲ”

“အဟိ...”

အခုတော့ ရှမြန်တင်မကဘဲ လူများကလည်း ရယ်လိုက်ကြသည်။

ဟွမ်ရှောင်ရှာသည် တစ်ခုခု လွဲနေပြီဟု ခံစားလိုက်ရသော်လည်း သည်နေရာကလူများက သူမကို အကြောင်းအရင်း ပြောပြရန် စိတ်ကူးမရှိသယောင်။

သူမသည် တစ်ခုခုကို ထပ်ပြောချင်လိုက်၏။

ဆရာမမီက အလျင်စလို ဝင်ပြောလိုက်၏။

“သူနာပြုဟွမ်၊ ကျွန်မတို့ ရှောင်ပိုင်က အဆင်ပြေပါတယ်၊ တကယ်လို့ မင်းက တောင်းပန်ချင်တယ်ဆိုရင် ဒီပစ္စည်းကို ရှောင်ဖုန်းကို ပေးလိုက်ပါလား၊ မင်းရဲ့အစ်မနဲ့ ခဲအိုတို့က သူနဲ့သူ့အဒေါ်ကို ထားခဲ့တာလေ၊ ကလေးနှစ်ယောက်က အခုထိ ဘာမှမရှိသေးဘူး”

ဟွမ်ရှောင်ရှာသည် ဒါကို ပေးလိုက်ဖို့ရန် အမှန်ပင် တွန့်ဆုတ်နေမိလေသည်။ သူမသည် သူမရှာဖွေထားရသည့် ပစ္စည်းများအတွက် ငွေအများကြီး သုံးထားခဲ့ရသည်။ ဆရာမမီက ဒါကို လက်ခံလျှင် ရှက်စရာကောင်းပြီး ငြင်းလိမ့်မည်ဟု သူမက စဉ်းစားထားခဲ့ခြင်းပင်။

ဒါကို ထိုလူနှစ်ယောက်အား ပေးရမည်တဲ့လား။

“ဒါက... အဲဒီလူမိုက်လေး ရှောင်ဖုန်းကို ဘယ်ခေါ်သွားလဲ ကျွန်မ မသိဘူးလေ၊ ကျွန်မက ဒါကို ဘယ်လိုလုပ်ပြီး သူ့ကို ပေးရမှာလဲ”

ထိုနေ့တွင်သူမက ဟန်ဆောင်ပန်ဆောင် ပြောလိုက်လေသည်။

“ဆရာမမီသိလား၊ ဧကန္တက သူ ရှောင်ဖုန်းကို ခေါ်ပြီး အဲဒီအောက်တန်းစားကောင်တွေနဲ့ သွားလည်နေမလားပဲ”

“နင် ဒါကိုတော့ စိတ်ပူစရာမလိုပါဘူး” အဘွားလျိုက စကားပြောချင်နေသည့် တခြားသူများကို မြန်မြန်တားလိုက်ပြီး ပြောလိုက်၏။

“ငါ့ကို ပေးထားလိုက်၊ ငါ ဒီပစ္စည်းတွေ ယူထားပေးမယ်၊ စိတ်မပူပါနဲ့၊ ဒီမှာ သက်သေလုပ်ပေးမဲ့သူတွေ အများကြီးပဲ၊ သူတို့တွေ နင့်ပစ္စည်းကို မခိုးဘူးဆိုတာ ငါ အာမခံပေးလို့ရတယ်”

တခြားသူများကလည်း လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ချက်ချင်း စိတ်ဝင်စားသွားကြတော့သည်။ သူတို့ကလည်း ပြောလိုက်၏။

“အဒေါ်လျိုရဲ့ အကျင့်စရိုက်က အပြစ်ပြောစရာမရှိပါဘူး၊ သူနာပြုဟွမ် နင် ပစ္စည်းတွေကို စိတ်မပူဘဲ သူ့ဆီမှာ ထားခဲ့လို့ရပါတယ်”

“ရှောင်ဖုန်းကို စောင့်ရှောက်ပေးမယ်လို့ဆိုတဲ့အကြောင်းက အပြောပဲ မဟုတ်ဘူးမလား၊ သူ ဒီကို မကြာမကြာ လာတတ်တာပဲ၊ ကလေးအကြောင်း တစ်ခါလေး မေးတာတောင် မကြားဖူးဘူး”

“ဟုတ်ပါ့၊ ဒေါက်တာနဉ်ကို လာတွေ့မယ်ဆိုတုန်းက ကလေးဆီကိုရော ဝင်လည်ဖို့ မစဉ်းစားခဲ့ဘူးလား၊ နင် ကလေးအတွက် ဘာယူလာလဲ”

...

ဟွမ်ရှောင်ရှာသည်မည်သို့ ခုခံနိုင်ပါမည်နည်း။ သည်လိုကိစ္စနှင့် ရင်ဆိုင်လိုက်ရသည်တွင် သူမ၏လှည့်ကွက်များက တခုမှ အလုပ်မဖြစ်တော့ချေ။ နောက်ဆုံးတွင်တော့ သူမသည် မျက်နှာပေါ်တွင် လုံးဝဖုံးကွယ်ထားလို့မရနိုင်သည့် ရင်ကွဲနေသည့်အမူအရာနှင့် ပစ္စည်းများကို အင်အင်တင်တင်နှင့် လှမ်ပေးလိုက်ရုံသာတတ်နိုင်တော့သည်။

အဘွားလျိုက ဝမ်းသာအားရဖြင့် “စိတ်မပူနဲ့နော်၊ အားလုံးကို ရှောင်ဖုန်းကို ပေးလိုက်မယ်၊ နင် သူ့ကို နင့်အစ်မအတွက် သူ့ကို စောင့်ရှောက်ပေးရမလား၊ ငါတို့အားလုံးက နင့်တွေးပေးတတ်တဲ့စိတ်ကို မြင်ပါတယ်”

သူမသည် ပြစ်မှားလို့သာ ရနိုင်ခဲ့လျှင် ဟွမ်ရှောင်ရှာသည် အဘွားကြီး၏မျက်နှာကို တံတွေးထွေးပစ်လိုက်ပေမည်။

“ဟုတ်ပြီ၊ ဟုတ်ပြီ၊ အိမ်ပြန်ပြီး ထမင်းစားတော့မယ်” အဘွားလျိုသည် သူမက စကား ပြန်ရုပ်သိမ်းသွားမည်စိုးသဖြင့် ပစ္စည်းများကို မြန်မြန် ကောက်ကိုင်လိုက်ကာ ပြေးထွက်သွားတော့သည်။

“အိုး တော်တော်လေးတာပဲ၊ ရှောင်ဖုန်းကို ပေးတာ တန်လိုက်တာ၊ တော်တော် စိတ်ရင်းပါတာပဲ၊ ရှင်းမေ ငါ့ကို သယ်ကူပါအုံး”

ထိုသို့ပြောလိုက်ပြီးနောက် သူမက ရှမြန်ကို ကျီစယ်သလို မျက်လုံးမှိတ်ပြလိုက်လေသည်။

သည်အဘွားကြီးက အလွန်မှ ချစ်စရာကောင်းသည်ဟု ရှမြန် အမှန်ပင် စဉ်းစားမိလိုက်သည်။

လူများက ၃-၄ယောက်တစ်ဖွဲ့စုကာ လူစုခွဲတော့မည်ကို တွေ့လိုက်ရ၏။

ဟွမ်ရှောင်ရှာသည် သူမ၏ ပစ္စည်းအားလုံးကို ပေးလိုက်ရသော်လည်း သူမသည် လက်မလျှော့လိုသေးချေ။ နောက်ဆုံးတော့ သူမက အပြင်းအထန် ကြိုးစားပြီး ပြောလိုက်တော့သည်။

“အခု မှောင်တော့မှာပဲ၊ လူမိုက်တွေ ရှိသေးတယ်လို့ ကျွန်မ ကြားထား...”

“လူမိုက်တွေ ဘယ်မှာလဲ” လူတစ်ယောက်က မေးလိုက်၏။ “သူတို့တွေကို အစောကြီးကတည်းက မောင်းထုတ်လိုက်ပြီ”

လူတချို့ကပင် စနောက်လိုက်ကြလေသည်။

“နင် လာတုန်းကတော့ ဘာလို့ လူမိုက်တွေကို မကြောက်တာလဲ၊ မြန်မြန်ပြန်တော့၊ နင့်အစ်မအိမ်မှာလဲ ဘယ်သူမှ မရှိဘူး”

အိမ်နီးချင်းများ၏ တမင်ရော၊ တမင်မဟုတ်သည်ရော အကာအကွယ်အောက်တွင် ဟွမ်ရှောင်ရှာသည် ရှမြန်က သူမအစ်မအိမ်ကို သော့ပြောင်းလိုက်မှန်း လုံးဝမသိခဲ့ချေ။

ထို့ကြောင့် ရှမြန်နှင့် ရှောင်ဖုန်းတို့သည် ရက်အနည်းငယ်လောက် အေးအေးချမ်းချမ်း နေရသည့်အပြင် မမျှော်လင့်ထားသည့် ပိုင်ဆိုင်မှုတစ်ခုကိုလည်း ရခဲ့သေးသည်။

ရှမြန်က ရှောင်ဖုန်းကို အပေါ်ထပ်သို့ ချီလာပြီးနောက်တွင် အဘွားလျိုက တံခါးနားတွင် ဝမ်းသာအားရ စောင့်နေပြီး သူမ၏လေသံကလည်း အလွန်မှ စိတ်လှုပ်ရှားနေလေသည်။

“အဲကောင်မလေး တကယ် ငွေတွေအများကြီး သုံးခဲ့တာပဲ၊ ၁၀၀ - ၂၀၀တန် ပစ္စည်းတွေတောင် မြင်လိုက်တယ်”

ရှမြန်က ရယ်မောလိုက်သည်။

“ဒါတွေအားလုံးက ဒေါ်ဒေါ်လျိုနဲ့ အစ်မဝမ်တို့ ကျေးဇူးကြောင့်ပါ၊”

အဘွားလျိုက သူမသည် သည်နေ့တော့ ကြီးမားသည့်အလုပ်တစ်ခု ပြီးမြောက်ခဲ့သည်ဟု သိသိသာသာ ခံစားလိုက်ရပြီး အင်မတန် ‌ပျော်ရွှင်နေလေသည်။

“ငါတို့ကို အရူးလို့ ဘယ်သူက မှတ်ခိုင်းလို့လဲ၊ သူ့ကို မဆူဆဲတာနဲ့တင် မျက်နှာအများကြီး ပေးထားပြီးပြီ”

ရှမြန်က တံခါးဖွင့်နေသည်ကို မြင်လိုက်တော့ အဘွားကြီးက ပစ္စည်းများကို သွားထားပေးဖို့ ချွေးမဖြစ်သူကို ခိုင်းလိုက်ပြီး ပြောလိုက်၏။

“ဒါနဲ့ ဒီမှာ ဖန်းကျိုပုလင်းတစ်လုံး တွေ့လိုက်တယ်၊ ငါ့သားက ကြိုက်တယ်လေ၊ ဒါကြောင့် ငါ ရှက်ရှက်နဲ့ပဲ လျှော့‌ဈေးနဲ့ ယူထားလိုက်တယ်၊ ပိုက်ဆံကို အိတ်ထဲမှာ ထည့်ထားပေးတယ်နော်”

ဒါက အခွင့်ကောင်းယူခြင်း လုံးဝမဟုတ်ချေ။ ရှမြန်တွင် ငွေမရှိမှာ စိုးရိမ်သဖြင့် သူမက နည်းလမ်းအမျိုးမျိုးနှင့် ကူညီပေးလိုက်ခြင်းပင်။ ရှမြန်က ငွေကိုလက်ခံရန် အမှန်ပင် ငြင်းလိုက်သည်။ နှစ်ယောက်သားက ခဏလောက် ငြင်းခုံလိုက်ကြ၏။ သို့သော်လည်း ရှမြန်သည် သည်ကိစ္စတွင်တော့ မတော်ချေ။ သို့နှင့် နောက်ဆုံးတော့ သူမက အလျှော့ပေးလိုက်ရတော့သည်။

ရှမြန်သည် အကူအညီကို မှတ်ထားရုံသာ တတ်နိုင်တော့သည်။ သူမသည် အိတ်ထဲက ပစ္စည်းများကို ကျေးဇူးတင်သည့်အနေဖြင့် အိမ်နီးချင်းများအား ဝေပေးဖို့ စဉ်းစားလိုက်၏။ နောက်ဆုံးတော့ အားလုံးက ကူညီပေးခဲ့ကြသည်ပင်။

သူမက ပစ္စည်းများကို စစ်ဆေးနေစဉ် နဉ်ရှောင်ပိုင်က သူမ ဝယ်လာခဲ့သည့် ပစ္စည်းတစ်အိတ်ကို ကူပြီး လာပို့ပေးသည်။

ရှမြနက အိတ်ကို ဖြန့်ချလိုက်ပြီး မွှေနောက်လိုက်ကာ အမျိုးသား ပိုက်ဆံအိတ်၊ စစ်တုရင်ရုပ်တစ်စုံ၊ ဗိုက်တာမင် အားဖြည့်ဆေး၊ လူကြီး နို့မုန့် စသည့် တဝက်လောက်ရှိသည့် ပစ္စည်းများကို ရွေးထုတ်လိုက်ပြီး သူ့ကို လှမ်းပေးလိုက်ကာ ပြုံးပြလိုက်ပြီး

“ဒါတွေအားလုံးက ရှင်နဲ့ ဆရာမမီနဲ့ သင့်တော်တယ်”

နဉ်ရှောင်ပိုင်က မပြုံးချင် ပြုံးချင်နှင့် သူမကို ကြည့်လိုက်ပြီး

“‌တောင်းပန်တာလား”

ရှမြန်သည် မနေနိုင်တော့ဘဲ မျက်စောင်းထိုးလိုက်ပြီး သည်လူက သူမ၏ စိတ်ရှုပ်စရာကောင်းသည့် အစ်ကိုနှစ်ယောက်နှင့် နည်းနည်းတူသည်ဟု စဉ်းစားလိုက်မိ၏။

သူတို့အားလုံးက လူကြီးတွေ ဖြစ်နေပြီ။ ဒါကို ကိုယ့်ဟာကို ထိန်းသိမ်းထားတာ ပိုကောင်းတယ်မလား။ ငါက ဘာလို့ သူ့ကို အရှက်ခွဲနေရမှာလဲ။

သူမက ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ပစ္စည်းများကို နဉ်ရှောင်ပိုင်၏ လက်ထဲသို့ ထိုးထည့်လိုက်ကာ စိတ်ရင်းနှင့် တိုးတိုးလေး ပြောလိုက်တော့သည်။

“ဟုတ်တယ်၊ ကျွန်မ တောင်းပန်တာ၊ ရှင့်ကို ကန်းနေတယ်လို့ ကျွန်မ အထင်မလွဲခဲ့သင့်ဘူး၊ ရှင် ဟွမ်ရှောင်ကျွမ်းကို ကူညီပေးခဲ့တာ ဟွမ်ရှောင်ရှာကို ကြိုက်နေတယ်လို့ ဆိုပြီးတော့လေ”

နဉ်ရှောင်ပိုင်သည် ပစ္စည်းများကို လက်ပြည့် အတင်းသယ်ခိုင်းထား ခံလိုက်ရတော့သည်။ သူက ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသည့် ပစ္စည်းပုံကြီးကို ကြည့်လိုက်ပြီး မျက်ခုံးများကို ပင့်လိုက်ကာ

“မင်းက ငါ့ပစ္စည်းတွေကို ပြန်ပေးပြီး တောင်းပန်နေတာပဲ၊ ဒါက တော်တော်လေးကို စိတ်ရင်းပါတဲ့ အမှားပြင်တဲ့နည်းလမ်းပဲ”

ရှမြန်...

ဟင်း... ဒီပစ္စည်းတွေက ဟွမ်ရှောင်ကျွမ် နဉ်ရှောင်ပိုင်အတွက် ဝယ်လာပေးခဲ့တာ အမှန်ပဲ။

ဒါက တကယ့်ကို နည်းနည်းလေး ကိုးယိုးကားယား နိုင်လိုက်တာ။

“အင်း ဒီလိုဆိုရင်ကော...”

နဉ်ရှောင်ပိုင်က မဲ့ပြုံးပြုံးလိုက်ကာ သူ့လက်ထဲက ပစ္စည်းများကို ရှမြန်၏လက်မောင်းထဲသို့ ပြန်ထည့်ပေးလိုက်ပြီး အေးအေးလူလူ ပြောရင်း လှည့်ထွက်သွားလေသည်။

“ငါ ဒါတွေ မလိုချင်ပါဘူး”

ရှမြန်သည အံကြိတ်ထားလိုက်တော့သည်။ ငါ အရင်ဆုံး မှားတဲ့သူမဟုတ်ရင် ငါရဲ့ နတ်သမီးလေးဆိုတဲ့ ပုံရိပ်ကို ယာယီလက်လျှော့ထားရမယ်ဆိုရင်တောင် သူနဲ့ သုံးချီလောက် ချပြီးပြီ။

ဒေါက်တာနဉ် ထွက်သွားပြီးနောက်တွင် ရှမြန်က ကျန်နေသည့် အိတ်တဝက် ပစ္စည်းမျာကို ကြည့်လိုက်ပြီး ရွေးထုတ်ချင်စိတ် မရှိတော့ချေ။

ရှောင်ဖုန်းက သူမဘေးတွင် မှီပြီး သူ့မျက်လုံးကို ပွတ်သပ်နေသည်။ သူသည် သည်နေ့တနေ့လုံး ရှမြန်နှင့်အတူ လမ်းပတ်လျှောက်ခဲ့ရသည်။ သူသည် သူမ၏ကျောပေါ်တွင် မိနစ်၂၀ကျော်လောက်သာ အိပ်ခဲ့ရပြီး ထန်ဆန်းကိုယ်တော်၏ နားလည်မှုလွဲသွားခြင်းကြောင့် နိုးလာရသည်။

ရှမြန် သူ့ကို ကောက်ချီလိုက်ပြီး ဆိုဖာပေါ် ချပေးလိုက်ကာ “အရင်ဆုံး တစ်ရေးလောက် အိပ်လိုက်နော်၊ အန်တီလေး သွားချက်ပေးမယ်၊ ဟုတ်ပြီလား”

ရှောင်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး ချက်ချင်းနီးပါး အိပ်ပျော်သွားတော့သည်။

ရှမြန်က သူ့ကို တဘက်လေးတစ်ထည်နှင့် ခြုံထားပေးလိုက်သည်။ သူမသည် ဘာကိုမှ ရှုပ်ရှုပ်ယှက်ယှက် မလုပ်ချင်တော့ပေ။ တစ်နေ့တာ လှုပ်ရှားမှုအပြီး အလွန်ပင်ပန်းနေပြီဖြစ်သည်။ ထို့ကြောင့် သူမက ရှောင်ဖုန်းအတွက် ကြက်ဥ‌ပေါင်းသာ လုပ်ပေးလိုက်တော့သည်။ မနေ့က ကျွမ်းကျွမ်းကလည်း ဒါကို ကြိုက်သည်ကို စဉ်းစားမိလိုက်ပြီး သူမက အပိုတစ်ပန်းကန် ထည့်ပေါင်းထားလိုက်သည်။ ထို့နောက်တွင် သူမသည် အသီးအရွက်တချို့ကို ရိုးရိုးရှင်းရှင်း မွှေကြော်လိုက်ပြီး ဈေးထဲက ဝယ်ပြနလာသည့် ပန်ကိတ်ပေါင်းနှင့် တွဲလိုက်ပြီး ရေညှိကြက်ဥဟင်းရည်နည်းနည်း လုပ်လိုက်သည်။

တစ်နာရီမပြည့်ခင်မှာပင် ရှမြန်သည် လျိုမိသားစုဆီသို့ ကြက်ဥ‌‌ပေါင်းသွားပို့ပြီး ပြန်ရောက်လာသည်။ သူမက ရှောင်ဖုန်းကို နိုးရကောင်းကောင်း နိုးနိုး တွေဝေနေသည်။ ကောင်ကလေးက အလွန်မှ ပင်ပန်းနေပြီး အရမ်းကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ သိသာသည်။ သူသည် ဗိုက်လေး နိမ့်လိုက် မြင့်လိုက်နှင့်ပင် ဟောက်နေလိုက်သေးသည်။ သို့သော် သူမက သူ့ကို မနိုးခဲ့လျှင်လည်း သူ ဗိုက်နေမှာ စိုးရိမ်မိသည်။

အရင်ဆုံး ခေါ်ကြည့်တာပေါ့။ သူ နိုးလာရင်လည်း စားပါစေ။ မနိုးဘူးဆိုရင်လဲ ဆက်အိပ်ပါစေလေ။

ရှမြန်က ထိုသို့တွေးလိုက်ပြီး လက်လှမ်းကာ သူ့ဗိုက်လေးကို အသာအယာပုတ်ပြီး နိုးလိုက်လေသည်။

အစကတော့ သူမသည် ကလေးကို ချော့မော့ရန် အချိန်တစ်ခုတော့ ပေးရလိမ့်မည်ဟု စဉ်းစားထားခဲ့သည်။ အကြောင်းမှာ သူမ၏ယောက်မဖြစ်သူက သူမ၏တူလေးကို ချော့မော့နေသည်ကို မြင်ခဲ့ဖူးသောကြောင့်ပင်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတုန်း နိုးလိုက်လျှင် သူ့ကို ချော့မော့ပေးဖို့ ကြိုးစားရတော့မည်။

သို့သော်  သေးငယ်သည့် လှုပ်ရှားမှုလေးတစ်ခုနှင့်ပင် နဂိုက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသည့် ကလေးမှာ ရုတ်တရက် နိုးသွားလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူက လက်နှင့် ခြေများကို သုံးကာ ထထိုင်လိုပြီး ထောင့်ဆီသို့ လေးဖက်ထောက်ကာ သွားလိုက်လေသည်။ ထိုဖြစ်စဉ်အတွင်းတွင် သူသည် ဆိုဖာပေါ်မှ ပြုတ်ကျသွားပြီး ဘဝအတွင် ပြေးလွှားနေရသည့်နှယ် ဘာကိုမှ ဂရုမစိုက်ဘဲ ဆိုဖာထောင့်လေးတွင် ကုပ်နေကာ ကြောက်လန့်နေသည့် မျက်နှာတစ်ခုနှင့် သူမကို ကြည့်နေလေသည်။

ထိုကျွမ်းကျင်လှသည့် လှုပ်ရှားမှုက ရှမြန်၏နှလုံးသားကို အပ်များနှင့် ထိုးနှက်ခံနေရသလို ခံစားလိုက်ရတော့သည်။

ဒီလောက်သေးတဲ့ ကလေးလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်နေရင်းကတောင် အရမ်းကို ကြောက်လန့်နေရအောင် ဘယ်လောက်တောင် တွေ့ကြုံခဲ့ရလို့လဲ။

“ပေါင်‌ပေါင်း” သူမက လက်ကို ဆန့်ထားလိုက်ကာ လျှောက်သွားလိုက်ပြီး “‌ပေါင်ပေါင်း အန်တီလေးလေ၊ မကြောက်နဲ့နော်၊ အန်တီလေး ဒီမှာရှိတယ်၊ ဘယ်သူမှ သားကို ထပ်ရိုက်တော့မှာ မဟုတ်ဘူး”

ရှောင်ဖုန်းသည် သူ့မိထွေးနှင့် သူကို ရိုက်ရတာ ကြိုက်သည့် ရွှမ်းရွှမ်းက အိမ်တွင် မရှိတော့ဘဲ သူနှင့် သူ့အန်တီလေးသာ ကျန်ခဲ့သည်ကို သတိရသွားလေသည်။

ရှောင်ဖုန်းက ဝမ်းသာအားရ ရှမြန်၏ ရင်ခွင်ထဲသို့ ပစ်ဝင်သွားပြီး

“အန်တီလေး”

သူသည် သေးငယ်သည်လူလေးတစ်ယောက် ဖြစ်သော်လည်း သူ့လေသံမှာ ဘေးဒုက္ခတစ်ခုမှ ရှင်သန်လွတ်မြောက်လာသည့် ဝမ်းသာမှုနှင့် ပြည့်နှက်နေ၏။

ရှမြန်မှာ နှာခေါင်းမွှန်သွားတော့သည်။ သူမက သူ့ကို တင်းကြပ်နေအောင် ပွေ့ဖက်ထားလိုက်ပြီး ကလေး၏ကျောပြင်လေးကို ဆက်တိုက် ပွတ်သပ်ပေးလိုက်ကာ လုံလောက်သည့် စိတ်လုံခြုံမှုရအောင် ပေးချင်သည်။

“အင်း၊ အန်တီလေး ရှိတယ်နော်၊ အန်တီလေးက ပေါင်ပေါင်းကို ကာကွယ်ပေးမှာ၊ ဘယ်သူမှ ပေါင်ပေါင်းကို  ထပ်ပြီး အနိုင်မကျင့်တော့ဘူး”

ရှောင်ဖုန်းက ရှမြန်၏လည်ပင်းကို သူ့လက်လေးများနှင့် တင်းနေအောင် ဖက်ထားကာ ဝမ်းသာအားရ ခေါင်းညိတ်ပြသည်။

“ဟုတ်”

ထိုနော့တွင် ကလေးသည် ထမင်းစားစာပွဲတွင် ပျော်ပျော်ရွှင်ရွှင် ထိုင်လိုက်ပြီး ပန်းကန်လုံးထဲက ကြက်ဥ‌ပေါင်းကို ဂရုတစိုက် စား‌သောက်လိုက်ပြီး သူ့ပါးစပ်သေးသေးလေးက ပြည့်ဖောင်းနေကာ အပြုံးမျက်လုံးများနှင့် ရှမြန်ကို မကြာခဏဆိုသလို လှမ်းကြည့်လေသည်။ ရှမြန်က သူ့ခေါင်းလေးကို ထိပေးလိုက်တော့ သူက ပိုလို့ပင် ပျော်ရွှင်သွားသေးသည်။

ရှမြန်သည် ပျော်လို့မဆုံးတော့ပေ။

ညစာစားလိုက်ပြီးနောက် သူမက ရှောင်ဖုန်းကို ရေချိုးခန်းထဲသို့ ချီသွားလိုက်သည်။ အဝတ်အစား အားလုံးကို ချွတ်လိုက်ပြီးနောက် ကလေး၏ခန္ဓာကိုယ်ပေါ်က ဒဏ်ရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ အညိုအမဲအကွက်များစွာ ရှိနေပြီး မူလက ဖြူဖွေးနုနယ်သည့် ခန္ဓာကိုယ်မှာ အပြာရောင်  အဝါရောင်များနှင့် ဖုံးနေသည်။ ရှမြန်သည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး တစ်စုံတစ်ယောက်ကို ထပ်ပြီး ရိုက်နှက်ချင်စိတ်များ ထွက်လာတော့သည်။

ကလေးက အပြစ်ကင်းစင်လှသည်။ သူသည် ဗိုက်ပြည့်အောင် စားသောက်ပြီးနောက်တွင် အိပ်ငိုက်ခြင်းက ကြားဖြတ်ဝင်ရောက်လာသည်။ သူသည် ရေချိုးကန်ထဲတွင် ထိုင်ကာ ခေါင်းက တဆတ်ဆတ် ညိတ်နေပြီး မကြာခဏဆိုသလို ခက်ခက်ခဲခဲ မှီထားရင်း နိုးနေရအောင် လုပ်နေရသည်။ သူက ရှမြန်ကို မော့ကြည့်လိုက်ပြီး ပြုံးပြလိုက်ရာ ရှမြန်၏ ချစ်စဖွယ်နှလုံးသားလေးမှာ တုန်ခါသွားတော့သည်။

ရေချိုးပေးပြီးနောက် သူမက ကလေးကို တဘက်ကြီးတစ်ထည်ဖြင့် ခြုံပေးထားလိုက်ပြီး ရေချိုးခန်းမှ ဧည့်သည်အိပ်ခန်းဆီသို့ ခြေလှမ်းအနည်းငယ်ဖြင့် ကလေးကို ချီလာလိုက်ပြီး အခန်းထဲအရောက်တွင် ကလေးက သူမ၏ပခုံးပေါ်တွင် တဖန် အိပ်ပျော်သွားလေသည်။

ရှမြန်က ကလေးကို လွှတ်မထားလိုက်ဘဲ လက်မောင်းထဲတွင် ကလေးကို ချီကို အိပ်လိုက်တော့သည်။ အမှောင်ထဲတွင် သူမသည် သူမ၏လက်မောင်းထဲက ကလေး၏ပုံမှန်အသက်ရှူသံကို နားထောင်နေမိပြီး သေးငယ်၊နူးညံ့ပြီး ထိရှလွယ်လွန်းသည့် ကလေး၏ဗိုက်က နိမ့်လိုက် မြင့်လိုက်ဖြစ်နေသည်ကို ခံစားနေမိလိုက်သည်။ ဒါသည် အပြစ်ကင်းပြီး ချစ်စဖွယ်ကောင်းကာ လိမ္မာသိတတ်သည့် သက်ရှိကလေးလေး တစ်ယောက်ပင်။

သူသည် ရှမြန် ကိုယ်ချင်းစာ ဝမ်းနည်းပေးခဲ့ဖူးသည့် စာရွက်အပိုင်းလေး တစ်ပိုင်းမဟုတ်ချေ။ ဒါသည် တိုတောင်းသည့် တစ်နေ့တာ ဖြစ်သည့်တိုင် သူမသည် သူ့ကို ထပ်ပြီး လက်မလွှတ်နိုင်တော့ပေ။ သူမသည် သူကလေးကို အဆုံးအထိ ‌စောင့်ရှောက်ရပေမည်။

...