အပိုင်း (၁၉)
ငါက ကိုယ့်ဟာကို
သတိမထားမိလို့လို့ပြောရင်ကော သူတို့က ယုံပါ့မလား။
သည်ကလေးမက တော်တော်လေး ထူးခြားသည်ဟု
နဉ်ရှောင်ပိုင်က စဉ်းစားမိလိုက်သည်။ သူကဖြင့် လက်ထဲမှာ ဓားတစ်ချောင်း
ကိုင်ထားမှတော့ ဘယ်လိုလုပ်ပြီး အမျိုးသမီးတစ်ယောက်နဲ့ တူနိုင်ပါအုံးမလဲ။
အကြောင်းတချို့ကြောင့် သူက သူမကို
ကူညီပေးလိုက်ကာ ပြောလိုက်လေသည်။
“မင်းက တုံ့ပြန်တဲ့နေရာမှာ
တော်တော်ကောင်းတာပဲ”
ရှမြန်က ချက်ချင်း ပြောလိုက်၏။
“ဟုတ်တယ်၊ ကျွန်မ ငယ်ငယ်လေးကတည်းက တုံ့ပြန်မှုအရမ်း
ကောင်းတာ၊ ဟိုလေ... သူတို့က အခုထိ မရိုးသားကြတာ တွေ့လိုက်ရတော့ ကျွန်မလည်း
သူတို့ကို ကိုယ်တိုင် လာမောင်းထုတ်ရတာပါ၊ ကျွန်မကြောင့် ဒီနေ့ အားလုံး
ဒုက္ခဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်ရှင်”
သူမသည် ထိုသို့ပြောလိုက်ပြီး လက်ထဲတွင်
အားထပ်ထည့်လိုက်လေသည်။ အစ်ကိုကျီးထိုမှာ ထရပ်ဖို့ရန် သူမ၏အားအတိုင်း
လိုက်လုပ်ရန်သာ တတ်နိုင်ပြီး ရှေ့သို့ လျှောက်သွားလိုက်၏။ သူ့နောက်က ညီငယ်များကလည်း မြန်မြန် လိုက်သွားတော့သည်...။
အားလုံးက ပွဲကြည့်ချင်ကြသေးသော်လည်း
နဉ်ရှောင်ပိုင်က သူတို့ကို လက်ဖြင့် တားထားလိုက်ပြီး ပြောလိုက်၏။
“သွားကြပါတော့၊ အားလုံး ညနေစာကို
နောက်ကျမခံကြပါနဲ့”
အားလုံးသည် ရှမြန်အကြောင်းကို ချက်ချင်း
မေ့လျော့သွားကြပြီး အပြုံးနှင့် သူ့ကို နှုတ်ဆက်ကာ အိမ်ပြန်သွားကြတော့သည်။
ရှမြန်က ထိုလူများကို
မိသားစုအိမ်ရာဝင်းဂိတ်ဆီသို့ ခေါ်လာပြီး အနည်းငယ် ချောင်ကျသည့် ထောင့်တစ်ခုကို
ရှာလိုက်သည်။ သူမ၏အမူအရာက ချက်ချင်း ပြောင်းလဲသွားပြီး ဒေါသထွက်ထွက်နှင့်
ပြောလိုက်၏။
“နင်တို့တွေ ဘာဖြစ်နေကြတာလဲ၊
နင်တို့တွေက သူများဒုက္ခရောက်မှ စိတ်ချမ်းသာတဲ့သူတွေလား၊ နောက်ပြီး နင် ငါ့ကို
အရှက်ခွဲခဲ့တာပဲ”
အစ်ကိုကျီးထိုမှာ ဘယ်သူက
အရှက်ခွဲခံရတာလဲဟု အမှန်ပင် ပြန်မေးချင်သော်လည်း သူက မမေးရဲချေ။ သူသည်
မကျေမနပ်ဖြင့်သား ပြောနိုင်တော့သည်။
“မင်း ဘာလုပ်ချင်တာလဲ”
ရှမြန်က ပြောလိုက်၏။
“ပိုက်ဆံပြန်ပေးလာခဲ့၊ ငါ နင့်ဆီက ထပ်မလိုချင်တော့ဘူး၊ ၂၀၀ပဲပေး၊ မြန်မြန်”
အစ်ကိုကျီးထိုသည် ငိုချင်သွားသော်လည်း
မျက်ရည်က မထွက်ချေ။ “ငါက ဒီလောက်များတဲ့ ပိုက်ဆံကို ဘယ်က ရနိုင်မှာလဲ”
ရှမြန်က ဇဝေဇဝါဖြစ်သွားပြီး
“ကျန်းချီမင်က နင့်ကို လုပ်ခိုင်းထားတာလေ၊ ဒါပေမဲ့ သူက နင့်ကို ၂၀၀
မပေးဘူးဟုတ်လား”
အစ်ကိုကျီးထိုက ပြောလိုက်လေသည်။
“ငါ့ကို ၄၀ပဲပေးတာ”
“၄၀ ဟုတ်လား” ရှမြန်က ဒေါသတကြီး
ပြောတော့သည်။
“ငါ့နာမည်က ၄၀ပဲ တန်တာပေါ့ဟုတ်လား”
အစ်ကိုကျီးထို:...
“ကျန်းချီမင်က အရမ်းကပ်စေးနဲတာ၊
လူဆိုးတစ်ယောက်အနေနဲ့ နင့်နာမည်က လူတစ်ယောက်ရဲ့ အနာဂတ်ကို ဖျက်ဆီးနေတာနဲ့အတူတူပဲ၊
ဒါက လူသတ်မှု၊ မီးရှို့မှုတို့နဲ့ အတူတူနီးပါးပဲ၊ သူက ဘာလို့
ဒီလောက်ငွေနည်းနည်းလေးပဲ ပေးတာလဲ”
ရှမြန်က ဒေါသထွက်ထွက်နှင့် ပြောလေသည်။
“ဒါကြောင့် ငါ နင့်ကိုပြောတာပေါ့၊
စာကြိုးစားပါဆိုမှ၊ နင်က တော်ထက်တဲ့လူမိုက်တစ်ယောက်တောင် မဖြစ်နိုင်တော့ဘူး၊ နင်
တခြားသူတွေရဲ့ လှည့်စားတာခံနေရတာကို အသာစီးရောက်နေပြီးလို့ ထင်နေတာပဲ၊ ငတုံး”
ဘုံရန်သူတစ်ယောက်ကို
သာမန်အမုန်းတရားတစ်ခု မျှဝေပေးနေသည့် တစ်ဖက်လူ၏သဘောထားက အစ်ကိုကျီးထိုကို သူမ
ပြောလိုက်သည့် စကားက အဓိပ္ပာယ်ရှိသည်ဟု ခံစားမိသွားစေတော့သည်။ ငွေ ၄၀က သူ သည်နေ့
ဆုံးရှုံးခဲ့ရသည့် ဂုဏ်သိက္ခာကို မည်သို့ ပြန်ဝင်နိုင်ပါမည်နည်း။
သို့သော်လည်း သူသည် ရှမြန်၏
အထင်သေးခြင်းကို အမှန်ပင် မခံလိုချေ။ ထို့ကြောင့် သူက သူ့သိက္ခာကို ဆယ်ဖို့
ကြိုးစားလိုက်၏။
“ငါ နင့်ကို အရင်ဆုံး ၄၀ ပေးထားမယ်၊
နောက်ပြီး နောက်ထပ် ၄၀ကိုတော့ အလုပ်ပြီးသွားရင် ပေးမယ်၊ စုစုပေါင်း ၈၀ပေါ့”
“၈၀က များနေလို့လား” ရှမြန်က သူ့ကို
ဝါးစားမတတ် ကြည့်လိုက်သော်လည်း သူနှင့် ဆက်ပြီး
မငြင်းချင်တော့ရာ သူမက လက်ဖြန့်လိုက်ပြီး ပြောလိုက်တော့သည်။
“ဟုတ်ပြီလေ၊ ၈၀ဆိုတော့လဲ ၈၀ပေါ့”
အစ်ကိုကျီးထို:...
သူသည် သူ့ကိုယ်သူ
ပါးပြန်မရိုက်နိုင်အောင် ဖြစ်သွားပြီး အရူးဟုသာ ခေါ်ခံချင်လိုက်တော့သည်။
အစ်ကိုကျီးထိုက သူ့ညီငယ်များနှင့်အတူ
ခြစ်ကုတ်ပြီး ဆွဲထုတ်လာရသည့် ယွမ်၈၀နှင့် ရှမြန်သည် ဈေးဝယ်ထွက်ရန်
စိတ်ကြည်လင်စွာဖြင့် အနီးနားက အသီးအရွက်ဈေးသို့ သွားလိုက်တော့သည်။
ဝယ်လိုအားက သည်ရက်ပိုင်းတွင်
တော်တော်လေး များနေသည်။ သူမသည် ငွေ ၅၀ကျော်လေးနှင့် ကြက်ဥတစ်ကတ်၊ နို့၊ အသား၊
အသီးနှင့် ဟင်းသီးဟင်းရွက်ကို ဝယ်ခဲ့ရသည်။ ရှမြန်သည် သင်ခန်းစာ မယူဘဲ ထပ်ပြီး ငွေမပြတ်လပ်ချင်လျှင်တော့
သူမသည် ထပ်ပြီး ဝယ်ယူရလိမ့်မည်။
နောက်လာမည့် ရက်အနည်းအငယ်တွင်
စိတ်အေးပြီး သက်သောင့်သက်သာ နေနိုင်မည့် ဘဝကို စဉ်းစားလိုက်ပြီး ရှမြန်၏
ခြေလှမ်းများမှာ ပိုပြီး ပေါ့ပါးလာလေသည်။ ကျန်းချီမင် အိမ်တွင် မရှိတုန်း သူမသည် ရှောင်ဖုန်းကို
ကောင်းကောင်း အနားယူစေချင်သည်။
သူမ ပြန်ရောက်လာချိန်တွင် အောက်ထပ်၌
လူအများကြီး ရှိနေကြပြီး အားလုံးက သည်နေ့ဖြစ်နေသည့် ကိစ္စကို ပြောနေကြသည်။
နောက်ဆုံး ဒါသည် ဟွမ်ရှောင်ကျွမ်းက ကလေးတစ်ယောက်ကို နှိပ်စက်ညှဉ်းပန်းခြင်းကြောင့်
ရဲစခန်းရောက်သွားသည်က ထိတ်လန့်စရာ ဖြစ်နေပြီးဖြစ်သော်လည်း တီဗီစီးရီးများထက်ပင်
ပိုပြီး စိတ်ဝင်စားစရာကောင်းသည့် နောက်ဆက်တွယ်လုပ်ကြံမှုတစ်ခု ရှိနေလိမ့်မည်ဟု
ထင်မထားခဲ့ကြပေ။
သိသိသာသာ ပြောင်းလဲသွားသည့် ရှမြန်၏
အသွင်ပြင်ကို မြင်လိုက်ရပြီးနောက်တွင် အားလုံးက အံ့ဩသွားကြပြီးနောက်
သူမ၏အခြေအနေကို စတင် မေးမြန်းလာကြသည်။ သံသယတချို့ ရှိနေသေးသော်လည်း
သူတို့အများစုကတော့ ဟွမ်ရှောင်ကျွမ်းကို လွန်ကျူးသည့် အပြုအမူကြောင့် အထင်းသေးရှုတ်ချကြလေသည်။
ဆရာမမီသည် ရှမြန်က ပတ်ဝန်းကျင်ကို
ကြည့်နေသည်ကို မြင်လိုက်ပြီး အပြုံးတစ်ခုနှင့် ပြောလိုက်၏။
“ရှောင်ဖုန်းက အိမ်ကို ရှောင်ပိုင်နဲ့
လိုက်ပြန်လာတယ်လေ၊ ကလေးတွေက ပုံမှန်ဆိုရင် ရှောင်ပိုင်ကို ကြောက်ကြတယ်၊ ဒါပေမဲ့
ရှောင်ဖုန်းကတော့ သူ့ကို အရမ်းတွယ်ကပ်နေမယ်လို့ မထင်ထားဘူး”
တစ်စုံတစ်ယောက်က အော်ရယ်ပြီး
ပြောလိုက်၏။ “ဒါက ကြောက်တာမဟုတ်ပါဘူး၊ လေးစားတာပါ၊ ရှင်တို့ ဒေါက်တာနဉ်က အရမ်းကို
တည်ကြည်တာပဲ၊ နောက်ဆုံး သူက နိုင်ငံခြားက ပြန်လာတာလေ၊ ဒီတော့ သူက ကျွန်မတို့နဲ့
ကွာတာပေါ့”
သည်နေ့ခေတ်တွင် နိုင်ငံခြား၌
ကျောင်းသွားတက်နိုင်သူများသည် ထူးချွန်သည့်လူများကြားက ထူးချွန်သူများပင်။
သူတို့သည် ပင်လယ်လိပ်များကြောင်း ပြောကြချိန်တွင် ရွှေရောင်အလင်းတန်း တစ်ခုက
အလိုလို ထွက်လာကြလေသည်။
ရှောင်ဖုန်းက ဒေါက်တာနဉ်နောက်
သွားလိုက်ခဲ့သဖြင့် ရှမြန်လည်း အနည်းငယ် အံ့ဩမိသည်။
ဒါပေမဲ့ ခန့်မှန်းမိလိုက်ပါတယ်။
ကောင်လေးက ဒီလူတွေကို ကြောက်နေတာပဲ ဖြစ်လောက်တယ်။ နောက်ဆုံး ဒီလူတွေက ပြောကြတယ်လေ။
ဒေါက်တာနဉ်မှာ သီးခြားနေတတ်တဲ့ အကျင့်တစ်ခုရှိတယ်တဲ့။ သူ့ဘေးမှာဆိုရင် တော်တော်လေး
တိတ်ဆိတ်နေမှာပဲ။ ဒီတော့ ငါ့မှာ သူ့ကို နှုတ်ဆက်ရင်တောင် အရမ်းသတိထားနေရတယ်။
“ပေါင်ပေါင်း အန်တီလေး ပြန်လာပြီ” ရှမြန်က တံခါးဘက်သို့ အော်လိုက်ပြီး ဆရာမမီ၏
အိမ်တံခါး ခန်းဆီးကို မလိုက်လေသည်။
ရာသီဥတုက ပူပြင်းနေပြီး ဆရာမမီ
အိမ်တံခါးက မပိတ်ထားဘဲ အသက်ရှူသာသည့် ဇာခန်းဆီးတစ်ခုသာ ချိတ်ဆွဲထားသည်။ ရှမြန်သည်
ရှောင်ဖုန်းက စာပွဲငယ်လေးနားတွင် လိမ်လိမ်မာမာ
ထိုင်နေကာ ဒေါက်တာနဉ်နှင့် အင်ဂျင်နီယာချန်းတို့က စစ်တုရင် ကစားနေသည်ကို
ကြည့်နေလေသည်။
ရှမြန်၏အသံကို ကြားလိုက်ချိန်တွင်
ရှောင်ဖုန်းက ချက်ချင်း လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများကလည်း တောက်ပနေသည့်
ကြယ်ပွင့်လေးများ အပြည့်ဖြစ်သွား၏။ “အန်တီလေး”
သူ၏ဆံပင်ထိပ်က ဆံပင်အစုလေးက ဝမ်းသာအာရ
ထောင်တက်သွားသည်။
ချန်းကုန်းက ပြုံးကာ ပြောလိုက်၏။
“ဒီကောင်ကလေးအတွက် ခက်ခဲမှာပဲ”
သူသည် ဒေါက်တာနဉ်၏အဘိုး၊ ဟွားကန်း
အထက်တန်း အင်ဂျင်နီယာတစ်ယောက် ဖြစ်သည်။ ဆရာမမီကဲသို့ပင် သူသည် ရည်မွန်ပြီး လွတ်လပ်ပေါ့ပါးကာ
သူ့စကားလုံးများက နွေးထွေးပြီး အားသစ်ဖြစ်စေသည်။
“မင်္ဂလာပါ အင်ဂျင်နီယာချန်း” ရှမြန်က
ပြောလိုက်၏။ “ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ဒုက္ခမများပါဘူး၊ ဒုက္ခမများပါဘူး”
မစ္စတာချန်းက ရှောင်ဖုန်းကို အလွန်သဘောကျပုံရသည်။
“ဒီလေးက ဉာဏ်ကောင်းတယ်၊ ရှောင်ဖုန်း၊
အချိန်ရရင် အဘိုးဆီ ထပ်လာ ကစားနော်”
ရှောင်ဖုန်းက ရှမြန်၏စကပ်ကို
လှမ်းဆွဲလိုက်ပြီး နာနာခံခံ ခေါင်းညိတ်ပြလေသည်။
“ဟုတ်ကဲ့”
ရှမြန်က စစ်တုရင်ခုံကို အေးအေးလူလူ
ကြည့်နေသည့် လူကို ကြည့်လိုက်ပြီး အပြုံးတစ်ခု ဆောင်ထားလိုက်ကာ ပြောလိုက်တော့သည်။
“ဒီနေ့ ဒေါက်တာနဉ်ကို ကျေးဇူးအများကြီး
တင်ပါတယ်”
နဉ်ရှောင်ပိုင်က နောက်ဆုံးတော့
ခေါင်းမော့လာပြီး သူမလက်ထဲက အိတ်ကြီးနှစ်လုံးကို လှမ်းကြည့်လိုက်ကာ
မပြုံးတပြုံးဖြင့် ပြောလိုက်သည်။
“မင်း လုယက်မှု အောင်မြင်ခဲ့တာလား”
မစ္စတာချန်း၏ အံ့ဩသွားသည့် အမူအရာကို
ကြည့်လိုက်ပြီး ရှမြန်သည် သူမ၏မျက်လုံးများကို မှိတ်ထားလိုက်ကာ
အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြုံးကာ တီးတိုးပြောလိုက်၏။
“ဒါက ကျွန်မရဲ့
စိတ်ပိုင်းဆိုင်ထိခိုက်မှုအတွက် သူတို့တွေက ကျွန်မကို ပေးခဲ့တဲ့ လျော်ကြေးပါ”
ငါ့ပုံရိပ်ကို မဖျက်ဆီးစမ်းပါနဲ့ဟဲ့။
“ဪ” နဉ်ရှောင်ပိုင်းကလည်း သူမ၏လေသံကို
လိုက်အတုခိုးလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်လေသည်။
“အဲဒီလူမိုက်တွေက တော်တော် အသိတရားရှိတာပဲ”
ရှမြန်သည် အသက်ပြင်းပြင်းသာ
ဆက်တိုက်ရှူနေရသည်။ သူမသည် မသိစိတ်က ခံစားနေမိ၏။ ကျန်းချီမင်နှင့်
ဟွမ်ရှောင်ကျွမ်းပြီးလျှင် သည်လူသည် သည်လောကတွင် နတ်သမီးဂုဏ်ဒြပ်ကို ရယူရာတွင်
အဓိကအတားအဆီး ဖြစ်လာလောက်သည်။
သူမ၏အလေ့အကျင့် မပျက်စီးရန် ရှမြန်သည်
သူ့ကို ဆက်ပြီး အာရုံစိုက်ဖို့ စိတ်ကူးမရှိတော့ချေ။ သူမသည် ရှောင်ဖုန်းကို
ခေါ်လိုက်ပြီး ပြန်တော့မည်ပြင်လိုက်စဉ် ရုတ်တရက် အပြင်ဘက်မှနေ၍ ရင်းနှီးလှသည့် အသံချိုချိုလေးတစ်ခုကို ကြားလိုက်ရ၏။
“မင်္ဂလာပါ၊ ဆရာမမီ၊ ဒေါက်တာနဉ်
အိမ်မှာရှိလားရှင့်”
ရှမြန်သည် မည်သူဖြစ်ကြောင်း
စဉ်းစားမရနိုင်ခင်မှာပင် ရှောင်ဖုန်းက သူမ၏ခြေထောက်ကို တင်းနေအောင်
ဖက်ထားနှင့်ပြီး ဖြစ်ကာ သည်အမူအရာက သူမကို
သတိပေးလိုက်တော့သည်။
ရှမြန်က နဉ်ရှောင်ပိုင်ကို
ထပ်ကြည့်လိုက်ချိန်တွင် သူမ၏ဒေါသအားလုံးက သနားစရာအသွင် ပြောင်းသွားတော့သည်။
ထားလိုက်ပါလေ။ ဒီလိုမျက်ကန်းတစ်ယောက်ကြောင့် ဘာလို့ စိတ်ရှုပ်ခံနေမှာလဲ။ နောက်ဆုံး
ဒီလိုရည်းစားတစ်ယောက်ရှိနေတာကပဲ သနားစရာကောင်းနေပြီ။
ပြန်ဖို့ရန် ပြင်ဆင်နေရင်း ရှမြန်သည်
သူ့ကို သတိမပေးဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။
“အင်း၊ ဒေါက်တာနဉ် လူငယ်တွေကလေ မိတ်ဆွေဖွဲ့ကြတဲ့အခါ
လူကြီးတွေရဲ့ သဘောထားကို နားထောင်တာက အမြဲတမ်းကောင်းမွန်တဲ့ စိတ်ကူးပါပဲ”
မစ္စတာချန်းနဲ့ ဆရာမမီတို့ရဲ့
ဉာဏ်ပညာနဲ့ဆိုရင် သူတို့တွေက သူ့ကို လူတွေကို မှားယွင်းအကဲခတ်တာ မဖြစ်မိအောင် ကာကွယ်ပေးနိုင်မှာပဲလေ။ ဟုတ်တယ်မလား။
နဉ်ရှောင်ပိုင်: ...
မင်းက ငါ့အကြိုက်ကို လာစော်ကားနေတာတော့
လွန်သွားပြီနော်။
“ကျွန်မက ဟွမ်ရှောင်ကျွမ်းရဲ့ ညီမလေး
ဟွမ်ရှောင်ရှာပါ၊ ကျွန်မကို ရှောင်ရှာလို့ပဲ ခေါ်လို့ရပါတယ်”
ချိုသာသည့်အသံက မြောက်ပင့်နေသည်မှာ
သိသာလွန်းနေသည်။ “ဒေါက်တာနဉ်က ကျွန်မခဲအိုရဲ့ ဇနီးဟောင်းမိသားစုက လူမိုက်ရဲ့
အရိုက်ခံလိုက်ရတယ်လို့ ကြားလို့ပါ၊ ကျွန်မ တစ်ချက်လောက် လာကြည့်တာ”
ရှမြန်: ဘာရယ်...
နဉ်ရှောင်ပိုင်က ပြုံးသည်။
“လူမိုက်လေးတဲ့လား”
ရှမြန်က ဒေါသတဝင်းဝင်းဖြင့်
ကြည့်လိုက်ပြီး “ရှင် အရိုက်ခံခဲ့ရတာလား”
နဉ်ရှောင်ပိုင်က သူ့ခါးအောက်ပိုင်းကို
ပွတ်သပ်လိုက်ပြီး ညည်းညူလိုက်ကာ
“အရမ်းနာလိုက်တာ၊ ငါ့အရိုး
ကျိူးသွားတာလား မသိဘူး၊ ငါ မနက်ဖြန် ဆေးရုံသွားမှဖြစမယ်...”
ရှမြန်သည် အပြစ်ရှိသလို ခံစားလိုက်ရပြီး
ရေရွတ်လိုက်၏။
“ရှင့်ဟာရှင်
အမြင်အာရုံမကောင်းဘဲနဲ့...”
အပြင်ဘက်က စကားဝိုင်းက ဆက်ပြောနေသည်။
ရှမြန်က ဆက်ပြီး နှုတ်ဆိတ်နေလိုက်ကာ ဟွမ်ရှောင်ရှာက သူမအပေါ်တွင် မည်သို့သော
မျက်ရည်စက်မျိုးကျပြမည်ကို နားထောင်ချင်သွားလေသည်။
ဆရာမမီက ယဉ်ယဉ်ကျေးကျေး ပြောလိုက်၏။
“အဲလိုမဟုတ်ပါဘူး၊ ရှောင်ပိုင်က
အရွယ်ရောက်ပြီးသား လူတစ်ယောက်ပါ၊ သူက ဘယ်လိုလုပ်ပြီး အရိုက်ခံရမှာလဲ၊ သူ
ငယ်ငယ်တုန်းက သူ့အဖေက သူ့ကို လေ့ကျင့်ရေးဆင်းဖို့ စစ်တပ်ကို ပို့ပေးခဲ့တာလေ၊ သူက
တိုက်ခိုက်ရည်ခိုက် အရမ်းကျွမ်းကျင်ပါတယ်”
“အယ်.. ကျွန်မ မှားသွားတယ်”
ဟွမ်ရှောင်ရှာက အလိုက်သင့် သဘောတူလိုက်ပြီး “ဒေါက်တာနဉ်ကို ပြစ်မှားခဲ့တဲ့
အဲဒီလူမိုက်လေးပဲ၊ ဘာပဲဖြစ်ဖြစ် သူ မှားနေတယ်လေ၊ ကျွန်မတို့မှာလဲ တာဝန်ရှိပါတယ်၊
ကျွန်မ ဒီနေ့ ရောက်လာတာက ကျွန်မရဲ့အစ်မကိုယ်စား ဒေါက်တာနဉ်ကို
တောင်းပန်ချင်လို့လား”
အဘွားလျိုက ဆက်ပြီး သည်းမခံနိုင်တော့ဘဲ
အပြုံးတစ်ခုနှင့် ပြောလိုက်တော့သည်။
“နင် ဘာလို့ ရောက်နေတာလဲ၊ နင့်အစ်မနဲ့
ခဲအိုတို့ရော၊ သူတို့တွေက အပေါ်ထပ်နဲ့ အောက်ထပ်ရဲ့ အိမ်နီးချင်းတွေပဲ၊ နင်
လာစရာမလိုပါဘူး”
ဟွမ်ရှောင်ရှာသည် နင်သွားပြီး ချက်ချင်း
ရှင်းပြလိုက်၏။
“ကျွန်မခဲအိုက အလုပ်ခရီးသွားပြီး
ကျွန်မအစ်မကလည်း လူမိုက်ခေါ်လာတဲ့ လူတွေကြောင့် လန့်ပြီး ထွက်ပြေးသွားခဲ့ရလို့ပါ”
“ကျွန်မ ကြားတာတော့ သူတို့တွေက
ကျွန်မရဲ့အစ်မကို ပညာပြပြီး ရွှမ်းရွှမ်းကို ခေါ်သွားမလို့တဲ့၊ ကျွန်မအစ်မလည်း
လန့်ပြီး ထွက်ပြေးသွားတာ” ဟွမ်ရှောင်ရှာက သက်ပြင်းချလိုက်ပြီး “အဲလောက် ငယ်သေးတဲ့
ရွှမ်းရွှမ်းလို ကလေးတစ်ယောက်က ဘာမှားလို့လဲ၊ သူတို့တွေက ကလေးတစ်ယောက်ကို
ဘယ်လိုလုပ်ပြီး လုပ်ရပ်တာလဲ”
အဘွားလျိုက ရွဲ့ပြောလိုက်၏။
“ရှောင်ဖုန်းကရော ဘာမှားခဲ့လို့လဲ၊ နင့်အစ်မက အရမ်းရက်စက်တာပဲ”
ဟွမ်ရှောင်ရှာက ချက်ချင်း ဝမ်းနည်းသလို
ပြောလိုက်လေသည်။
“ကျွန်မအစ်မ အဲလို ဖြစ်နေလိမ့်မယ်လို့
မထင်ခဲ့မိတာပါ... ဟုတ်ပါတယ်၊ ကျွန်မအစ်မလည်း ပြောပါတယ်၊ သူ ကိုယ့်ဟာကို
မထိန်းချုပ်နိုင်ခဲ့တာပါတဲ့၊ ကျွန်မ ဆရာဝန်ကို မေးကြည့်တော့ သူက ကလေးမွေးပြီး
နောက်ဆက်တွဲ စိတ်ကျရောဂါ ဖြစ်နေတာ ဖြစ်လောက်တယ်တဲ့”
ရှမြန်က စိုက်ကြည့်နေမိ၏။
ဟွမ်ရှောင်ရှာက အားစိုက်ထုတ်မှု
အများကြီး လုပ်နေရသည်မှာ ထင်ရှားလေသည်။
ထို့အပြင်...။ ရှမြန်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။ မီးဖွားပြီး နောက်ဆက်တွဲ
စိတ်ကျရောဂါက စိတ်ရောဂါတစ်ခုကို သတ်မှတ်လို့ရတယ်မလား။ ဟွမ်ရှောင်ကျွမ်းက ကိစ္စကို
ရှောင်ရှားဖို့ ဒါကို ဆင်ခြေတစ်ခုကို သုံးဖို့ စဉ်းစားနေတာလား။
“ဟား ဟား ကလေးကို နှိပ်စက်ဖို့
အတွေးအခေါ်ကို မထိန်းနိုင်တော့ဘူးပေါ့လေ၊ နင်တို့ ရူးနေကြတာလား” အဘွားလျိုသည်
မီးဖွားပြီးနောက်ပိုင်း စိတ်ကျရောဂါကို မကြားဖူးချေ။ ထို့ကြောင့် သူမက ဒါကို
ဆင်ခြေပေးနေသည်ဟု ထင်လေသည်။
သူမက ပြန်ချေပလိုက်၏။
“နင်တို့က ရှောင်ဖုန်းကိုကျမှ
စိတ်မထိန်းနိုင်တာလဲ၊ ရွှမ်းရွှမ်း မဟုတ်ဘဲနဲ့လေ၊ ဒီမှာလာပြီး ဟန်လုပ်မနေနဲ့၊
ငါတို့တွေက နင့်အစ်မ ဘယ်လိုလူလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီးပြီ”
ဟွမ်ရှောင်ရှာ၏ မျက်လုံးများက ချက်ချင်း
နီရဲသွားတော့သည်။ “အဲဒါက ကျွန်မအစ်မလေ၊ ကျွန်မက ဘာတတ်နိုင်မှာလဲ၊ နောက်ပြီးတော့
ကျွန်မ ရှိနေတုန်းကတော့ ကျွန်မအစ်မက ရှောင်ဖုန်းအပေါ် အရမ်းကောင်းပါတယ်၊
ကျွန်မတောင် သူ့ကို ချီကူလိုက်သေးတယ်၊ ကလေးက တော်တော်လေး လိမ္မာပါတယ်၊ ကျွန်မလည်း
သူ့အတွက် စိတ်မကောင်းဖြစ်ရတာပါပဲ... ကျွန်မက ကျွန်မအစ်မကိုယ်စား သူ့ကို
ပြန်ပေးလျော်ချင်ပါတယ်...”
သူမသည် ပြောရင်းဆိုရင်
စတင်ငိုယိုတော့သည်။
ဒီကောင်မလေးက တကယ် ရက်စက်တာပဲ။
သူ့ကိုယ်သူ ထုတ်ကြွားဖို့ ဇာတ်လမ်းထဲမှာတောင် သူ့အစ်မကို ဆွဲထည့်လိုက်သေးတယ်...။
ဒါပေမဲ့ ဒါက တကယ် ထိရောက်မှုတချို့တော့
ရှိပါတယ်လေ။ နောက်ဆုံး ကလေးမလေးက ငိုနေတော့ သူတို့တွေက တခြားဘာပြောနိုင်မှာလဲ။
နဉ်ရှောင်ပိုင်က ရုတ်တရက် ထရပ်လိုက်ပြီး လျှောက်ထွက်သွားကာ ရှောင်ဖုန်းကို
လက်တွဲလိုက်ပြီး တံခါးကို တွန်းလိုက်လေသည်။
ရှောင်ဖုန်းက ရှမြန်ကို
မော့ကြည့်လိုက်ပြီး သူမက ခေါင်းညိတ်ပြသည်ကို မြင်လိုက်သည်တွင် သူက
လိမ်လိမ်မာမာနှင့် လက်ပိုက်ထားလိုက်၏။
နဉ်ရှောင်ပိုင်က ပြုံးလိုက်မိသယောင်
ကိုယ်ကို ကုန်းပြီး ကလေးကို ကောက်ချီလိုက်သည်။ ရှမြန်ကလည်း သူ ဘာလုပ်မည်ကို
သိချင်သွားသဖြင့် သူ့နောက်မှ လိုက်သွားလိုက်သည်။
ဟွမ်ရှောင်ရှာက မျက်နှာသာရဖို့
ရှောင်ဖုန်းကို တကယ်အသုံးချနေတာပဲ။ အသက်ရှင်လျက် ဘယ်လိုအရေခွံဆုတ်မလဲဆိုတာ ငါ
နင့်ကို ပြရအုံးမယ်။
ဟွမ်ရှောင်ရှာက အဘွားလျိုကို ဖိနှိပ်ရန်
သူမ၏ အထူးကွက်ကို အသုံးချလိုက်ပြီး
မျက်လုံးနီများနှင့် ဆရာမမီကို ဆက်ပြောလေသည်။
“ဒေါက်တာနဉ် ရှိလားဟင်၊ ကျွန်မ သူ့ကို
လာကြည့်ရုံပါ”
သူမက ထိုသို့ပြောလိုက်ပြီး သူမ၏လက်ထဲက
တော်တော်လေး များလှသည့် ပစ္စည်းများကို ထုတ်ကြွားလိုက်ကာ စိတ်ရင်းအပြည့်ပင်။
ဆရာမမီကလည်း ဒွိဟဖြစ်သွားသည်။ သူမသည်
သည်ကောက်ကျစ်လှသည့် မိန်းကလေးကို သဘောမကျချေ။ သို့သော်လည်း သူမကို တိုက်ရိုက်
တားမြစ်ဖို့ရန်က သူမ၏အလေ့အကျင့်နှင့် မကိုက်ညီနေချေ။
“အဘွား”
နဉ်ရှောင်ပိုင်က စင်္ကြံအပြင်ဘက်သို့
လျှောက်လာ၏။ အားလုံးက သူ့လက်ပေါ်က ကလေးနှင့် သူ့နောက်မှ လိုက်လာသည့် ရှမြန်ကို
မြင်လိုက်ရသောအခါ သူတို့၏မျက်လုံးများသည် ဟွမ်ရှောင်ရှာဖက်သို့ မရောက်ဘဲ
မနေနိုင်အောင် ဖြစ်သွားကြသည်။ အခုတော့ စိတ်လှုပ်ရှားစရာ ပွဲတစ်ခု ရှိလာပြီ။
ဟွမ်ရှောင်ရှာက လူအုပ်၏အကြည့်များကို
လုံးဝသတိမထားမိချေ။ သူမသည် သည်အခိုက်တန့်တွင် ဘယ်သူ့ကိုမှ မမြင်တော့ချေ။ သူမက
တောက်ပနေသည့် မျက်လုံးများဖြင့် နဉ်ရှောင်ပိုင်ဆီသို့ ခပ်သွက်သွက်
လျှောက်သွားလိုက်ပြီး
“ဒေါက်တာနဉ်၊ နောက်ဆုံးတော့
ရောက်လာပြီပေါ့နော်”
သူမ၏လေသံက ဒေါက်တာနဉ်သည် သူမနှင့်
သိနေသည့်လူတစ်ယောက်လို။ အထူးသဖြင့် အဆုံးက ဆို့နင့်နေသည့်အသံက သူမသည် ကြီးမားသည့်
မတရားမှုကို ခံစားခဲ့ရသယောင်။
ရှမြန်က သက်ပြင်းချလိုက်၏။
ဘယ်ခေတ်မှာဖြစ်ဖြစ် ကြာပန်းဖြူတွေက တကယ်မရှားတာပဲ။
...