အပိုင်း (၂၄)
ရှမြန်သည်
အမှန်တကယ် အထိတ်တလန့် ဖြစ်သွားလေသည်။ အကြောင်းမှာ နဉ်ရှောက်ပိုင်က အလွန်မှ အရည်အချင်းရှိပြီး သူမက
ဘာတစ်ခုမှလုပ်ပေးရန် မလိုအပ်သည်ကို ရုတ်တရက် သဘောပေါက်သွားခြင်းကြောင့်ပင်။
လူတွေအများကြီးပဲ။
လူတွေအများကြီးပဲ။ ငါ့ရဲ့ နတ်သမီးပုံရိပ်လေးကတော့ သွားပါပြီ။
သူမ၏ဒူးအောက်က
လူငယ်လေးသည် ဆက်တိုက်ရုန်းကန်နေ၏။ ရှမြန်သည် အလွန်မှဒေါသထွက်သွားပြီး
သူမ၏ခွန်အားအားလုံးကို ထပ်ထည့်ထားလိုက်တော့သည်။ လူငယ်လေးမှာ အဆမတန် အော်ဟစ်ရင်း
ထပ်ပြီး မလှုပ်ရှားရဲတော့ချေ။
ရှမြန်သည် လန့်ဖျပ်သွားသလို ချက်ချင်းဟန်ဆောင်လိုက်ပြီး ရုတ်တရက် လွှတ်ပေးလိုက်သည်။
ကံအားလျော်စွာ လုံခြုံရေးအစောင့်က ရောက်လာပြီး သူ့ကိုချက်ချင်းထိန်းထားလိုက်သည်။
လုံခြုံရေးအစောင့်က
ပြောလိုက်၏။
“ကလေးမ အဆင်ပြေရဲ့လား။ မင်းက ကိုယ်ခံပညာတတ်တာလား “
ရှမြန်သည်
သူမ၏လက်ကို မြန်မြန်ခါပြလိုက်ပြီး
“ကျွန်မ ... ကျွန်မကလေ အလိုလိုတုံ့ပြန်မှု အရမ်းကောင်းလို့ပါ၊ သူ
ဓားကိုင်ထားတာကို မြင်လိုက်တော့ ကျွန်မလဲ အရမ်းစိုးရိမ်သွားတာ။ ကျွန်မကလေ ကျွန်မက
တကယ်တော့ ရန်ဖြစ်တဲ့နေရာမှာ အဲဒီလောက်ကြီး မတော်ပါဘူး “
လုံခြုံရေးခေါင်းဆောင်က
မေးခွန်းများကို ထပ်မေးလာမည်ကို စိုးရိမ်သဖြင့် သူမက နဉ်ရှောက်ပိုင်ကို
မြန်မြန်သွားပြီး တွဲထူလိုက်လေသည်။
“ဒေါက်တာနဥ် အဆင်ပြေရဲ့လား။ ရှင်လေ ခုနတုန်းက
ဓားနဲ့ထိုးခံရတော့မလို့”
တော်ပါသေးရဲ့။ ငါက
မြန်မြန်လေး သတိဝင်သွားပြီး သူ့ဒူးကို ကန်လိုက်ပေလို့ပဲ။
နဉ်ရှောက်ပိုင်သည်
သူ့ဒူးထဲက စူးရှသည့်နာကျင်မှုကို ခံစားလိုက်ရပြီး သူ့ကို ကယ်တင်လိုက်ရသဖြင့်
အလွန်မှဂုဏ်ယူ၀င့်ကြွားနေသည့် သူ့ရှေ့က ကြွက်စုတ်လေးကို မော့ကြည့်လိုက်ကာ
အံကြိတ်ထားလိုက်လေသည်။
“ ဒီတော့ ငါက မင်းကို ကျေးဇူးတင်ရမယ်ပေါ့”
ရှမြန်က
ပြောလိုက်၏။
“မလိုပါဘူး မလိုပါဘူး။ ကျွန်မတို့တွေက အိမ်နီးချင်းတွေပဲ။
အဲဒီလောက်အထိ အားနာနေစရာ မလိုပါဘူး”
နဉ်ရှောက်ပိုင် ...
အခုလေးတင်
လူစုကွဲသွားသည့်လူအုပ်ကြီးက တဖန် မြန်မြန်ဆန်ဆန် စုဝေးလာကြပြီး နဉ်ရှောက်ပိုင်၏
ကျန်းမာရေးအခြေအနေကို မေးမြန်းကြလေသည်။
“ဒေါက်တာနဉ် ဒဏ်ရာရသွားသေးလား”
“ကျွန်မရဲခေါ်လိုက်မယ်”
“ဒေါက်တာနဉ် ရှင့်ရဲ့ဒူးနာသွားသေးလား”
“အဟိ”
နဉ်ရှောက်ပိုင်သည်
ခေါင်းမော့လိုက်လေသည်။
ရှမြန်က
သူမ၏ရယ်ချင်စိတ်ကို ဖိနှိပ်ထားလိုက်ကာ ပြောလိုက်၏။
“ကျွန်မတောင်းပန်ပါတယ် ကျွန်မတောင်းပန်ပါတယ်။ ကျွန်မလေ ခုနတုန်းက
ရှင့်ရဲ့ဒူးကို ဒဏ်ရာရအောင် လုပ်မိလိုက်လား”
နဉ်ရှောက်ပိုင်က
အေးတိအေးစက်ပြောလိုက်သည်။
“မင်းကရော ဘယ်လိုထင်လဲ”
ကျွန်မကတော့
နာကျင်တယ်လို့ထင်တာပဲ။ ဒါပေမဲ့ ဒါက ရယ်စရာကောင်းတယ်လို့လဲ ထင်သေးတယ်။ ဟား ဟား ဟား
...
ရှမြန်သည်
သူမ၏ရယ်ချင်စိတ်ကို မျိုသိပ်ထားလိုက်ပြီး ဆွဲဆောင်မှုရှိလှသည့် လူငယ်လေးကို
ကြည့်လိုက်လေသည်။ လူငယ်လေးက ဆက်တိုက် ရုန်းကန်နေပြီး နဖူးပေါ်တွင် တမင်ချထားသည့် ရှေ့ဆံမြိတ်များ ရှိသည့် သူ၏ခေါင်းကို ဆက်တိုက်
ခါရမ်းနေလေသည်။ နောက်ပိုင်းမျိုးဆက်များတွင် ဒီလိုလူမျိုးကို အခြောက်ဟု
ခေါ်ကြသော်ငြားလဲ ယခုအချိန်တွင်တော့ သူတို့သည် ဒါကို အခြောက်ဆံပင်ဟု
ခေါ်ပါလိမ့်မည်လား။
ထိုဆံပင်ပိုင်ရှင်သည်
ရုန်းကန်နေပြီး နဉ်ရှောက်ပိုင်ကို အော်ဟစ်နေရာ သူ့အသံမှာ စူးရှလွန်းလှပြီး
တီဗီဇာတ်လမ်းတွဲများထဲက မိန်းမစိုးများနှင့် အနည်းငယ်တူနေသည်။ သူ့အသံကလဲ
ငိုရှိုက်ခြင်းဖြင့် ဆို့နင့်နေလေသည်။
“နဉ်ရှောက်ပိုင် သစ္စာမရှိတဲ့ယောက်ျား။ နင်ကဘယ်လိုလုပ်ပြီး ငါ့ကို
စွန့်ပစ်နိုင်ရက်တာလဲ”
အားလုံးသည်
ထိတ်လန့်စရာကောင်းသည့် သတင်းကြောင့် နေရာတွင်ပင် အေးခဲသွားတော့သည်။
နဉ်ရှောက်ပိုင်ကိုယ်တိုင်ကလဲ
အတော်လေး အလန့်တကြားဖြစ်သွားပြီး ဇဝေဇဝါနှင့်ပတ်ဝန်းကျင်ကို ကြည့်လိုက်မိသည်။
အားလုံးက သူ၏
စူးရှသည့်အကြည့်နှင့် တွေ့ဆုံလိုက်သည်တွင် သူတို့သည် အမှတ်တမဲ့ အကြည့်လွှဲလိုက်ကြပြီး
နောက်ပြန်ဆုတ်သွားရာ ရုတ်တရက်ဆိုသလို သူ့ဣန္ဒြေကို ပြန်ဆယ်ထားအောင် လုပ်နေတော့သည်။
သူသည် သူ့ရှေ့က
ထိတ်လန့်နေသည့်မျက်နှာတစ်ခုဖြစ်နေသည့် ရှမြန်ကို စိတ်မရှည်လက်မရှည်နှင့်
မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ သူက စကားပြောတော့မည့်ဆဲဆဲတွင်
သူမ၏ထိတ်လန့်မှုနှင့် လိုက်ဖက်နေသည့် လေသံတစ်ခုဖြင့် သူမပြောလိုက်သည့်စကားကို
ကြားလိုက်လေသည်။
“နဉ်ရှောက်ပိုင်၊ ရှင့်နာမည်က နဉ်ရှောက်ပိုင်လား”
နဉ်ရှောက်ပိုင် ...
နဉ်ရှောက်ပိုင်၏
ရင်ဘတ်ထဲတွင် စုစည်းလာသည့် ဒေါသများသည် ထိုအသံကြောင့် ရုတ်တရက်ဆိုသလို
ကွယ်ပျောက်သွားတော့သည်။
သူ့ကို
နဉ်ရှောက်ပိုင်လို့ ခေါ်ခံလိုက်ရတာများ ဘာမှားလို့လဲ။ အဲဒီလောက်ကြီး
အထိတ်တလန့်ဖြစ်စရာ လိုလို့လား။
ဒီကိစ္စအတွက်တော့
ဟုတ်ပါတယ်လေ။ လိုအပ်မှာပါ။
ဒါက
အဓိကဇာတ်လိုက်ရဲ့ နာမည်ကြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ဦးလေးပဲ။
အားလုံးသိထားကြတဲ့
အတိုင်းပဲလေ။ အထက်စီးဆန်တဲ့ စီအီးအို ဝတ္ထုတွေအားလုံးထဲမှာ အဓိကအမျိုးသားဇာတ်ကောင်မှာ
အဆင့်အတန်းမီတဲ့ ဆရာဝန်မိတ်ဆွေတွေ ၁၀ ယောက်လောက်
ရှိကြတာပဲ။ ဒီစာအုပ်ထဲမှာလဲ ဒါကိုထပ်ပြီးတော့ ဆန်းသစ်ပြီး ဖော်ပြထားတယ်လေ။ ဆရာဝန်
ဦးလေးတစ်ယောက်တဲ့။
ဒီဦးလေးက
အင်မတန်မှတော်တဲ့ ဆရာဝန်တစ်ယောက်ဖြစ်တဲ့အပြင် ဒီဇာတ်လိုက်ရဲ့ အရေးကြီးတဲ့ဘဝကို
လမ်းပြပေးတဲ့သူ၊သန်မာတဲ့ အထောက်အပံ့ပေးတဲ့သူဆိုလဲ ဟုတ်တယ်။
စာအုပ်ထဲမှာတော့
ဇာတ်လိုက်ရဲ့ဦးလေးအကြောင်းကို အများကြီးရေးထားတာ မတွေ့ဘူး။ အပြုသဘောဆောင်တဲ့
ဖော်ပြချက်တွေလဲ မပါဘူး။ ဒါပေမဲ့ အားလုံးကထုတ်ပြကြတဲ့
မြှောက်ပင့်တဲ့စကားလုံးတွေနဲ့ အံ့ဩတဲ့ပုံစံတွေအရဆိုရင် သူက အင်မတန်မှအစွမ်းရှိတဲ့
လူတစ်ယောက်ဖြစ်တယ်ဆိုတာကို မြင်နိုင်တယ်။
သူက
အဓိကဇာတ်လိုက်နဲ့တောင် ယှဉ်ပြိုင်နိုင်တဲ့ ချောမောလှပမှုကြီးကြောင့်
နာမည်ကြီးတယ်လေ။ သူ့ရဲ့ သာလွန်တဲ့ ဆေးပညာအရည်အချင်းနဲ့ အင်မတန်မှအမြင်ရှိတဲ့
ရင်းနှီးမြှုပ်နှံမှုကြောင့်ပဲ နာမည်ကြီးတယ်။
နောက်တစ်ချက်ကတော့
တကယ်ကိုပြိုင်ဖက်ကင်းတဲ့ သူ့ရဲ့ဒေါသကြောင့်ပဲ။
နောက်ဆုံးအချက်အတွက်ကတော့
ရှမြန်အနေနဲ့ ဒါက လူတွေ သူ့ကို မပြစ်မှားရဲအောင်
စကားအလှ သုံးထားတာပဲလို့ ထင်တယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ သူက တခြားလူတွေလုပ်တဲ့ အမှားတိုင်းကို
ရှာဖွေတွေ့ရှိနိုင်တဲ့ စိတ်ပုတ်တဲ့လူတစ်ယောက်ပဲပေါ့။
နောက်ဆုံးအချက်ကတော့
တကယ်ပဲမှန်တယ်။
ရှမြန်၏
စူးရှလှသည့်အကြည့်သည် မိန်းမဆန်ဆန်ရုပ်သွင်နှင့် ကလိမ်ကကျစ် စိတ်သဘောထား ပိုင်ဆိုင်ထားသည့် လူငယ်လေးဆီသို့
ကျရောက်သွားလေသည်။
စာအုပ်ထဲမှာတော့
နဉ်ရှောက်ပိုင်ရဲ့ လိင်စိတ်တိမ်းညွတ်မှုက အမျိုးသားဆိုပြီး သွယ်ဝိုက် ပြောပြထားသလိုပဲ။
ဒါက
အချစ်ဝတ္ထုတစ်ပုဒ်ဆိုတော့ စာအုပ်ထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ဦးလေးရဲ့ အချစ်နဲ့ပတ်သက်တဲ့
ဘဝအကြောင်းကို ဘယ်တော့မှ မပြောပြထားတာပဲဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ်ပါ၊
အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက်တို့က လက်ထပ်ကြပြီး ကလေး ရသွားတဲ့အချိန်မှာတောင် အသက်၄၀နီးပါး ဖြစ်နေတဲ့ နဉ်ရှောက်ပိုင်က စင်ဂယ်ပဲ
ဖြစ်နေတုန်းပဲလေ။
ဒါပေမဲ့ တကယ်လို့
သူ့ရဲ့လိင်စိတ်တိမ်းညွတ်မှုက ယောက်ျား ဖြစ်တယ်ဆိုရင်တောင် သူ့ရှေ့ကအခြောက်ကတော့
အတုပဲဖြစ်ရမယ်။ ဒါပေမဲ့ ဘော့စ်နဉ်ရဲ့ ကြေးများတဲ့မျက်လုံးနဲ့
ကြမ်းတမ်းတဲ့ စိတ်သဘောထားနဲ့ဆိုရင် တကယ်လို့ တစ်ယောက်ယောက်က သူ့အတွက်နဲ့
သူ့ဖိနပ်တွေကို သယ်ပေးမယ်ဆိုရင်တောင် သူကရှက်ရွံ့တယ်လို့ ခံစားနေရမှာပဲ။
သို့သော်ငြားလဲ
ကြည့်ရှုနေသူများကတော့ ထိုကဲ့သို့ မစဉ်းစားကြပေ။ သူတို့အများစုသည် ယောက်ျားတစ်ယောက်က
တခြားယောက်ျားတစ်ယောက်ကို ကြိုက်နှစ်သက်သည်ဟူ၍ သူတို့ဘဝတွင် ဘယ်တုန်းကမှ မကြားခဲ့ဘူးချေ။
သူတို့၏ဦးနှောက်များမှာ အလွန်မှအထိတ်တလန့်ဖြစ်သွားပြီး ဝန်ပိသွားကြတော့သည်။
သူတို့သည် ကြားလိုက်ရသည့်သတင်းကို နားလည်အောင် ကြိုးစားနေရဆဲ ဖြစ်ကာ ရောဂါပိုးတစ်ခု
ကူးစက်ခံရတော့မည်ကို ကြောက်ရွံ့နေသည့်အလား တစ်ဖက်လူထံမှ အလိုလို
ခပ်ခွာခွာနေလိုက်ကြလေသည်။
ဟုတ်ပါသည်။
ဒီလိုကြီးကျယ်သည့် အခွင့်အရေးကို ချက်ချင်း ဖမ်းဆုပ်နိုင်ခဲ့ကြသည့် ပါးနပ်ပြီး
ဖြတ်ထိုးညဏ် ကောင်းသည့် လူတချို့လဲရှိကြသည်။
“ရှင် ပေါက်ကရတွေ ပြောနေတာ”
စူးရှသည့်
အမျိုးသမီးအသံတစ်ခုက ဆူညံသံထဲတွင် ထိုးဖောက်ဝင်ရောက်လာပြီး အားလုံး၏ နားထဲသို့ဝင်ရောက်သွားကာ အားလုံးက
အမှတ်တမဲ့ မော့ကြည့်လိုက်ကြသည်။
လှလှပပ
မိတ်ကပ်လိမ်းခြယ်ထားသည့် သူနာပြုတစ်ယောက်သည် အရပ်မြင့်မြင့် ချောမောသည့်
လူငယ်လေးရှေ့တွင် ရပ်လိုက်ပြီး လက်ကိုလိမ်ချိုးခံထားရသည့် လူငယ်လေးကို
အော်ဟစ်လိုက်တော့သည်။
“ဒေါက်တာနဥ်က ဘယ်လိုလုပ်ပြီး ယောက်ျားတွေကို သဘောကျမှာလဲ”
အခြေအနေကို
သတိမထားမိကြသည့် လူအများစုကတော့ အမှတ်တမဲ့ စဉ်းစားလိုက်လေသည်။
ဟုတ်သားပဲ။ ဒီယောက်ျားဆရာဝန်က
ရုပ်လဲချောပြီး ဆေးပညာအရည်အချင်းလဲ ကောင်းမွန်တယ်။ သူက ဒီလှပတဲ့သူနာပြုလေးကို
ပစ်ပယ်ထားပြီး ရွံစရာကောင်းတဲ့ ဒီလူငယ်လေးကို ကြိုက်ပါ့မလဲ။
ဟွမ်ရှောင်ရှာ၏ သဘောထားကြောင့် ရှမြန်သည် သူတို့က
လိုက်ဖက်သည့် စုံတွဲတစ်ခုဖြစ်သင့်သည်ဟု ခံစားမိလိုက်လေသည်။
အကြောင်းမသင့်လေတော့
ဒေါက်တာနဥ်ကိုယ်တိုင်ကပင် သိပ်ပြီးတော့ သဘောမကျလေချေ။ သူသည် စိတ်အခြေအနေ
ဆိုးဝါးနေပြီဖြစ်ကာ အခုတော့သူက ခေါင်းငုံ့ထားလိုက်ပြီး ဗြုန်းစားကြီး ထပြောလိုက်၏။
“မင်းကဘယ်သူလဲ၊ နားညည်းလိုက်တာ”
ဟွမ်ရှောင်ရှာသည်
နဉ်ရှောက်ပိုင်၏ တုံ့ပြန်မှုကို မျှော်လင့်ထားခဲ့ဟန်တူသည်။
သူမသည် လုံး၀ကို ရှက်ရွံ့မသွားခဲ့ချေ။ ထိုအစား သူမက သူ့ကို အလန့်တကြားဖြင့်
ကြည့်လိုက်၏။
“သူပြောတဲ့စကားက အမှန်ပဲလား”
သူမ၏မျက်လုံးထဲက
အတွေးများက ရှင်းလင်းနေသည်။ အကယ်၍ သူက သူမကိုသဘောကျသည်ဟု ၀န်ခံခဲ့လျှင် သူက ယောက်ျားများကို
ကြိုက်နှစ်သက်ခြင်း မဟုတ်ကြောင်း သူမက
သက်သေ ပြပေးနိုင်လိမ့်မည်။
သို့မဟုတ်လျှင်တော့ ...
“ဒါ့ကြောင့်မလို့ ရှင်ကမကြိုက်...”
နဉ်ရှောက်ပိုင်သည်
ဒေါသထွက်ထွက်ဖြင့် ရုတ်တရက် အော်ရယ်မိတော့သည်။ ဘယ်သူက သူ့ကို ခြိမ်းခြောက်ရဲခဲ့ဖူးလို့လဲ။
သူ့မျက်နှာသည် ညိုမည်းသွားပြီး
ရုတ်တရက်ဆိုသလို ကြောက်စရာကောင်းသည့် အရောင်အဝါတစ်ခု ထုတ်လွှင့်လိုက်လေသည်။
“ထွက်သွား”
ဒါက ဟွမ်ရှောင်ရှာ
မျှော်လင့်မထားနိုင်သည့် တစ်စုံတစ်ခုဖြစ်နိုင်သည်။ သူတကယ်
ဒေါသထွက်သွားသည့်အခိုက်တွင် ဘာဖြစ်ဖြစ်တွယ်ကပ်နေရမည့် ဟွမ်ရှောင်ရှာ၏ ပြတ်သားသည့် ယုံကြည်မှုမှာ ရုတ်ခြည်းဆိုသလို
ကွဲကြေသွားပြီး သူမ၏ခန္ဓာကိုယ်ကလဲ သူမ၏စိတ်က မသိလိုက်ခင်မှာပင်
နောက်သို့ဆုတ်သွားခဲ့လေသည်။
မျက်စိစပါးမွှေးစူးစရာ
ထွက်သွားပြီးနောက်တွင် နဉ်ရှောက်ပိုင်က သူ၏အကြည့်ကို အခြောက်ကောင်လေးဆီသို့
ပြောင်းလိုက်ပြီး ခနဲ့ကာ မေးလိုက်လေသည်။
“မင်းကို ဒီကိုလာခိုင်းတဲ့သူက ငါ့ကို ချောက်ချရဲခဲ့မယ်ဆိုရင်
ဘာဖြစ်သွားမယ်ဆိုတာ ပြောပြသေးလား”
လူငယ်လေးသည်
သူ့အကြည့်နောက်ကို လိုက်သွားလိုက်ပြီး ဝင်လာသည့်ရဲအရာရှိကို ကြည့်လိုက်လေသည်။
သူ့မျက်နှာက မသိမသာ ပြောင်းလဲသွားပြီး
လက်မခံနိုင်စွာဖြင့် မြန်မြန်ပြောလိုက်သည်။
“နဉ်ရှောက်ပိုင် နင်က တခြားလူတွေကို အနိုင်ကျင့်ချင်တာပဲ မဟုတ်လား။
တကယ်လို့ နင့်မိသားစုက နင်က ယောက်ျားတွေကိုကြိုက်တဲ့ ရွံစရာကောင်းတဲ့သူ
တစ်ယောက်ဆိုတာ သိသွားရင် သူတို့တွေက နင့်ကို ဂရုစိုက်ဦးမှာတဲ့လား”
“ဒီကိစ္စအတွက်တော့ မင်း စိတ်ပူစရာမလိုပါဘူး”
နဉ်ရှောက်ပိုင်က
တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“မင်းက ယောက်ျားတွေကိုကြိုက်တဲ့ ရွံစရာကောင်းတဲ့လူ တစ်ယောက်အပြင်
လူသတ်သမားဆိုတာ မင်းမိဘ၊ မိသားစုတွေ
သိသွားမယ်ဆိုရင် သူတို့တွေက မင်းကို ဂရုစိုက်ဦးမလားဆိုတာကိုတော့
ဘာလို့မစဉ်းစားမိတာလဲ”
ရှမြန်က
ရယ်မောလိုက်လေသည်။
“တစ်စုံတစ်ယောက်က သူ့ဟာသူ ရွံစရာကောင်းတယ်လို့ခေါ်တာ
ပထမဦးဆုံးအကြိမ် ကြားဖူးတာပဲ။ သူက စွန့်ပစ်ခံလိုက်ရတဲ့ လူယုတ်မာတစ်ယောက်ပဲ။ ဘာကြွားစရာရှိလို့လဲ”
အားလုံးက
သတိပြန်ဝင်လာပြီး သဘောပေါက်သွားကြသည်။
ဟုတ်သားပဲ။
နဉ်ရှောက်ပိုင်က ယောက်ျားတွေကို ကြိုက်တယ်ဆိုရင်တော့ သူက ရွံစရာကောင်းတဲ့သူပဲပေါ့။ သူသာ ယောက်ျားတွေကို
မကြိုက်ဘူးဆိုရင် ဘယ်လိုလုပ်ပြီး စွန့်ပစ်ခံရမှာလဲ။
အခြောက်လေး၏မျက်နှာက
မသိမသာ ပြောင်းလဲသွားတော့သည်။ နဉ်ရှောက်ပိုင်က ရောက်လာသည့်ရဲအရာရှိကို
ကြမ်းပြင်ပေါ်တွင် ကျနေသည့် ထက်ရှလှသည့်ဓားကို လက်ညှိုးထိုးပြလိုက်ပြီး
“တစ်ယောက်ယောက်က လူတစ်ယောက်ကို တမင်တကာ သတ်ဖြတ်ဖို့
သူ့ကိုခိုင်းစေထားတယ်လို့ ကျွန်တော်တော့ သံသယရှိတယ်”
ဒါက တကယ်
ရက်စက်တာပဲ။ ရှမြန်သည် စိတ်ထဲတွင် သက်ပြင်းချလိုက်မိလေသည်။
တစ်ဖက်လူ၏ လုပ်ရပ်များက နဉ်ရှောက်ပိုင်၏နာမည်ကို
ဖျက်ဆီးဖို့ရန်လားဟု အားလုံးက
စဉ်းစားနေကြစဥ်တွင် နင်ရှောက်ပိုင်ကတော့ သူ့ကိုရည်ရွယ်ချက်ဖြင့်
လူသတ်မှုတစ်ခုအဖြစ် ချက်ချင်း စွပ်စွဲလိုက်သည်။ ဒါသည် လူသတ်ရန်
ကြိုးပမ်းမှုတစ်ခုဖြစ်ခဲ့လျှင် အမှု၏သဘာဝအရ အခြေခံအားဖြင့် ပြောင်းလဲသွားလိမ့်မည်။
အခြောက်လေး၏ မျက်နှာသည် အမှန်တကယ်
ပြောင်းလဲသွားပြီး သူက ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
“ငါသူ့ကို တမင်သတ်ခဲ့တာ မဟုတ်ဘူး။ ငါက သူ့ကို ဒီအတိုင်းပဲ
ခြောက်လှန့်ချင်တာ”
၁၀စက္ကန့်လောက်
တိတ်ဆိတ်ပြီးသွားသည့်နောက်တွင် သူသည် ခေါင်းမာမာဖြင့် ထပ်ပြောလိုက်သည်။
“ငါ့ကို
စွန့်ပစ်သွားဖို့ ဘယ်သူက မင်းကို
ပြောခဲ့လို့လဲ”
နဉ်ရှောက်ပိုင်က
မဲ့ရွဲ့လိုက်ပြီး သူ့ကို ခေါင်းအစခြေအဆုံး ကြည့်လိုက်ကာ သူသည် အမှိုက်တစ်စကို
ကြည့်နေသည်ဟန်ဖြင့် အထင်သေးစွာ ပြောလိုက်လေသည်။
“မင်းကို ထားခဲ့တယ် ဟုတ်လား။ လူတွေက မင်းကို ကြိုက်လိမ့်မယ်ဆိုပြီး
ဘယ်က ယုံကြည်မှုတွေ ရထားတာလဲ။ မင်းက ရုပ်ဆိုးလို့လား။ အဆင့်အတန်း
နိမ့်နိမ့်မွေးလာလို့လား။ ဒါမှမဟုတ် ပညာမတတ်လို့လား။ မင်းက ယောက်ျားတစ်ယောက်ဖြစ်နေလို့လား”
ရှမြန်သည်
လျှာစောင်းထက်လှသည့် ဒီယောက်ျားကို စုမင်ချန်က ဝင်စီးထားလေသလားဟု စဉ်းစားမိလေသည်။
သူမသည် ဒီအခြောက်လေးကို စုတချန်နှင့် မတော်တဆ တွဲကြည့်မိလိုက်ပြီး မနေနိုင်ဘဲ
အော်ရယ်မိလေတော့သည်။
အခြောက်လေးက
အလွန်မှဒေါသထွက်နေပြီဖြစ်သည်။ နဉ်ရှောက်ပိုင်က သူ့ကို သေချာပေါက်
လုပ်ကြံပြောဆိုနေသည်ဟု ထင်လိုက်လေသည်။ သူသည် ပညာကောင်းကောင်း မတတ်သော်ငြားလဲ
သေချာပေါက် ရုပ်ဆိုးနေသည်မဟုတ်ပေ။
သို့သော်
မိန်းမချောလေး၏ အကြင်နာမဲ့လှသည့် သရော်လှောင်ပြောင်မှုက သူ့ကို ရှက်ရွံ့စိတ်
ခံစားသွားစေမိပြီး လူအများအပြားကလဲ လိုက်ရယ်ကြလေသည်။
ထပ်ပြီးသည်းမခံနိုင်တော့သည့်
အားလုံး၏ ဦးနှောက်မှာ နောက်ဆုံးတော့ ပုံမှန်အတိုင်း ပြန်လည်ပတ်သွားတော့သည်။
ဟုတ်သားပဲ။
ဒေါက်တာနဉ်က ချောမောပြီး ကျက်သရေရှိတဲ့ ယောက်ျားတစ်ယောက်ပဲ။
သူက ယောက်ျားတွေကို ကြိုက်တယ်ဆိုရင်တောင် ဒီလိုဆန်ကုန်မြေလေး အခြောက်တစ်ယောက်နဲ့တော့
ဘယ်တော့မှ ပတ်သက်မှာ မဟုတ်ဘူး။
ဟွမ်ရှောင်ရှာသည် တစ်ဖန် ပြန်လည်တည်ငြိမ်သွားပြီး
မလိုလားဟန်ဖြင့် ပြောလိုက်လေသည်။
“ဒါဆိုရင် သူက ဘာဖြစ်လို့ ဒေါက်တာနဉ်ကိုပဲ လာရှာတာလဲ”
ရှမြန်က သူမကို
တအံ့တဩ ကြည့်လိုက်မိတော့သည်။
ဟွမ်ရှောင်ရှာသည်
အခြေအနေကို အခွင့်ကောင်းယူနိုင်ဖို့ရန်အတွက် အားလုံးက နဉ်ရှောက်ပိုင်ကို
လျစ်လျူရှုအောင် လုပ်နေသည့် အကြံဉာဏ်ကို သတိမထားမိခဲ့ချေ။ ဟွမ်ရှောင်ရှာက သူ့ကို အလွန်ချစ်ခဲ့သည့်အတွက်
မုန်းတီးမိနေပြီး သူမက သူ့ကို မပိုင်ဆိုင်ခဲ့ရလျှင် သူ့ကို ဖျက်ဆီးတော့မည်ဟုတောင် ရှမြန်က
ထင်မိလေသည်။
ရှမြန်က
မနေနိုင်တော့ဘဲပြောလိုက်လေသည်။
“ဒါကလဲ တကယ့်ကို အကောင်းကြိုက်လို့လေ။ တကယ်လို့ နင်က အားကျမခံရဘူးဆိုရင် နင်က သာမန်လူတစ်ယောက်ပဲ ဖြစ်နေလို့ပေါ့။
ဥပမာ တချို့လူတွေက တခြားလူတွေကို အမြဲတမ်း တွယ်ကပ်နေတာလေ။ ဒီတော့
ဒေါက်တာနဉ်တစ်ယောက်တည်းကိုပဲ ဘာဖြစ်လို့ တွယ်ကပ်နေပြီး တခြားလူတွေကိုကျတော့
မတွယ်ကပ်နေလဲ”
ဆရာဝန်များနှင့်
သူနာပြုများသည် မနေနိုင်ဘဲ တခစ်ခစ် ရယ်မောလိုက်ကြပြီး သရော်လှောင်ပြောင်သလိုပင်
ပြောလိုက်ကြသေးသည်။
“ဟုတ်တယ်လေ။ ရှောင်ရှာ... ဆေးဘက်ဌာနက နင့်လိုသူနာပြုတစ်ယောက်က ဒေါက်တာနဉ်ကို
တွေ့ဖို့ခွဲစိတ်ဌာနဆီကိုပဲ ဘာဖြစ်လို့ အမြဲတမ်းသွားနေတာလဲ”
ဒီအခြေအနေကိုကြည့်လျှင်
အားလုံးကသူမ၏ အရှက်မဲ့လှသည့် အပြုအမူကို လုံးဝသဘောမကျကြမှန်း မြင်တွေ့နိုင်လေသည်။
ဟွမ်ရှောင်ရှာ၏မျက်နှာက
အကျည်းတန်သွားပြီး နဉ်ရှောက်ပိုင်က ရှားရှားပါးပါး ရှမြန်ကို
လေးစားသည့်အကြည့်တစ်ခုဖြင့် လှမ်းကြည့်လိုက်သည်။
ရှမြန်သည်
အနည်းငယ်မြောက်တက်သွားတော့သည်။
အခြောက်လေးသည်
ရဲအရာရှိများ ခေါ်သွားခံရမည်ကို မလိုလားပေ။ သူက အသံကျယ်ကျယ်ဖြင့်
အော်ဟစ်လိုက်လေသည်။
“ငါက ယောက်ျားတစ်ယောက်မလို့လေ။ မင်းပဲ ပြောခဲ့တယ် မဟုတ်လား။ မင်းက
မိန်းမတစ်ယောက်နဲ့ဆိုရင် မမာနိုင်ဘူးဆို။ မင်းက ငါကလွဲရင် တစ်ခြားယောက်ျားတွေကို
မရှာနိုင်ဘူးဆို ... “
နဉ်ရှောက်ပိုင်၏မျက်နှာသည်
ယင်ကောင်တစ်ခုကို မျိုချလိုက်မိသလို
ရွံစရာကောင်းသည့်ရုပ် ဖြစ်သွားတော့သည်။ သူက တစ်ခုခုကို ပြောတော့မည်ဆဲဆဲတွင်
ရုတ်တရက်ဆိုသလို ဖုန်းမြည်သံတစ်ခုက ထွက်လာ၏။ အားလုံးသည် မှင်တက်အံ့ဩသွားကြပြီး အသံလာရာဘက်ကို ပတ်ကြည့်လိုက်ကြသည်။
ရှမြန်ကလဲ
အနည်းငယ်အံ့အားသင့်သွားသည်။ ဒါသည် ခေတ်အနောက်ကျဆုံး ဖုန်းမြည်သံတစ်ခုပင်။
မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်အရ မိုဘိုင်းဖုန်းတစ်လုံးရှိထားလျှင် ထိုခေတ်များတွင်
အားကျခံရဖို့ လုံလောက်လေသည်။ သို့သော်ငြားလည်း ဆဲလ်ဖုန်းကို ပေါ်ပေါက်သေးမဟုတ်ပေ။
သူမက
ထိုအကြောင်းကို စဉ်းစားနေစဉ် နဉ်ရှောက်ပိုင်သည် သူ့အိတ်ကပ်ထဲက
လက်ဖဝါးတစ်ခုစာသာရှိသည့် အပြာရောင် လေးထောင့်စကရင်တစ်ခုကို ဆွဲထုတ်လိုက်လေသည်။
အဲဒါက
မိုဘိုင်းဖုန်း မဟုတ်ဘူးလား။
အားလုံး၏မျက်လုံးများက
ထိုသေးငယ်သည့်အရာလေးပေါ်သို့ ချက်ချင်းကျရောက်သွားခဲ့သည်။ နဉ်ရှောက်ပိုင်က
ထိုပစ္စည်းကို နှိပ်လိုက်ပြီး အသံတစ်ခုက ချက်ချင်းပေါ်ထွက်လာသည်။ လူများသည်
အသက်ပင်ရဲရဲမရှူရဲဘဲ တအံ့တဩဖြင့် ထိုပစ္စည်းအသစ်လေးကို လေ့လာကြည့်နေကြသည်။
“ဟေ့ မင်းရဲ့မိထွေးကတော့ မင်းကယောက်ျားတွေကို ကြိုက်တာဆိုပြီး အားလုံးကို
လိုက်ပြီးပြောပြနေလေရဲ့”
ဆဲလ်ဖုန်း၏အရည်အသွေးက
သာမန်မျှသာ ဖြစ်သော်လဲ အထဲကလာသည့်
အသံတချို့ကိုတော့ ကြားနေရသည်။
နဉ်ရှောက်ပိုင်သည်
စကားဝိုင်းထဲက အကြောင်းအရာကိုကြားလိုက်ပြီး သူက စပီကာဖွင့်သည့်ခလုတ်ကို
နှိပ်လိုက်လေသည်။ သူက အခြောက်လေးကို လှမ်းကြည့်လိုက်ပြီး ဖုန်းထဲသို့
သရော်ဟန်ဖြင့် ပြောလိုက်သည်။
“ငါသာ မင်းသတိပေးနေတာကို စောင့်နေမယ်ဆိုရင် ပန်းတွေကတော့
အေးသွားဦးမှာပဲ”
“ဟေ”
တစ်ဖက်လူကပြောလိုက်၏။
“မင်းရဲ့မိထွေးက မင်းကို အော်ဟစ်ဆဲဆိုဖို့ ယောက်ျားတစ်ယောက် ရှာပေးလိုက်တာတော့ မဟုတ်ဘူးမလား”
“မဟုတ်ပါဘူး” နဉ်ရှောက်ပိုင်က ပြောလိုက်သည်။
“သူက ငါ့ကိုသတ်ဖို့ လူတစ်ယောက် ငှားပေးခဲ့တာ”
အခြောက်လေးက
စိုးရိမ်တကြီး၊ ဒေါသတကြီးအော်ပြောလေသည်။
“မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး”
သို့သော်ငြားလဲ
ဘယ်သူကမှသူ့ကို အာရုံမစိုက်ကြပေ။ သူတို့အားလုံးက ဖုန်းလေးထဲက လာသည့်အသံကိုသာ အာရုံစိုက်ပြီး
နားထောင်နေကြသေးသည်။
“သောက်ကျိုးနည်း သူက အရမ်းကို ရူးသွပ်သွားပြီမဟုတ်လား။ ဒါပေမဲ့လဲ
ဒါကသူလုပ်နိုင်တဲ့ကိစ္စပဲ”
“အဘိုးနင်က ပြောထားတယ်လေ။ နောက်လသူ့မွေးနေ့မှာ သူ့မြေးတွေ
အားလုံးကို ရှယ်ယာတွေ ပေးမယ်တဲ့။
သူ့ရဲ့ပိုင်ဆိုင်မှုထဲမှာ သန်းရာချီရှိတယ်လေ။ မင်းမိထွေးက တကယ်ဒေါသထွက်နေတာ။
သူကမင်းကို မသတ်နိုင်ဘူးဆိုရင်တောင် မင်းကို ဒုက္ခိတဖြစ်အောင်လုပ်ရတာကို
အောင်မြင်မှုတစ်ခုလို့ပဲ မှတ်မှာပဲ”
“သောက်ကျိုးနည်း ဒီမိန်းမက အရမ်းရက်စက်တာပဲ”
...
ဖုန်းချလိုက်ပြီးနောက်တွင်
နဉ်ရှောက်ပိုင်က ရဲအရာရှိကို ပြောလိုက်သည်။
“ခင်ဗျားလည်း ကြားလိုက်တယ်နော်။ ကျွန်တော်ရဲ့မိထွေးက
သူသားအရင်းအတွက် မိသားစုပိုင်ဆိုင်မှုကို လုယူဖို့ လူသတ်သမားတစ်ယောက် ငှားထားတယ်တဲ့”
“ရဲအရာရှိတို့ ကျေးဇူးပြုပြီးတော့ ကျွန်တော့်အတွက် သေသေချာချာလေး
စုံစမ်းပေးပါ။ ကျွန်တော်လည်း ယန်မြို့ကရဲဌာနကို ပူးပေါင်းဆောင်ရွက်ပေးဖို့
ဆက်သွယ်ထားလိုက်ပါ့မယ်။ ကျွန်တော်နောက်ကျမှ ထွက်ဆိုချက် လာပေးပါမယ်။
ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
အခြောက်လေးသည်
လူချမ်းသာမိသားစုတစ်ခု၏ အမွေဆက်ခံခြင်း အငြင်းပွားမှုတွင် လူသတ်မှုတစ်ခုနှင့်
ပါဝင်ပတ်သက်လိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ချေ။ သူသည် အလွန်မှ လန့်ဖျပ်သွားပြီး
အားလုံးကိုဝန်ခံလိုက်တော့သည်။
“ရဲမင်းကြီး မဟုတ်ပါဘူး။ ကျွန်တော်က ဘယ်သူ့ကိုမှ
သတ်ဖို့မရည်ရွယ်ခဲ့ပါဘူး။ အဲဒီလူက ကျွန်တော့်ကို သူ့ကို ခြောက်လှန့်စေရုံလောက်ပဲ
လုပ်စေချင်တာ။ ကျွန်တော်က ပြဿနာတစ်ခု ရှာနိုင်ခဲ့ရင် ၂၀၀၀ ပေးမယ်လို့ ကျွန်တော့်ကိုပြောခဲ့တယ်။ ကျွန်တော်ကလည်း
တစ်ယောက်ယောက်ကို သတ်ဖို့ တကယ်ပဲ မရည်ရွယ်ခဲ့ပါဘူး”
အမှန်တရားက
ထွက်လာခဲ့သော်ငြားလည်း အခြောက်လေးကတော့ ရဲအရာရှိ၏ ဖမ်းဆီးခြင်း ခံလိုက်ရလေသည်။ လူအများက
ချက်ချင်းဆိုသလို သူ့ကိုဝိုင်းရံထားလိုက်ကြပြီး သူ၏ချမ်းသာမှုနှင့်ပတ်သက်ပြီး
မေးမြန်းကြတော့သည်။ စိတ်မရှည်ကြတော့သည့် လူအများစုက သူတို့စိတ်ဝင်စားသည့်
ကိစ္စကိုသာ မြန်မြန်ဆန်ဆန် စကားလမ်းကြောင်းလွှဲလိုက်ကြသည်။
“မင်းမိသားစုက အဲဒီလောက်ချမ်းသာတယ်ပေါ့”
ပိုင်ဆိုင်မှုသန်းချီတယ်တဲ့။
၅သန်းလောက်ဆိုရင်တောင် ဒါက အင်မတန်မှကြီးမားတဲ့ ကိန်းဂဏန်းတစ်ခုလို့ သာမန်လူတွေက
ထင်ထားပြီးပြီလေ။
“ဒေါက်တာနဉ် အဲ့ဒါကဘာလဲ။ ဒါကဘာဖြစ်လို့ ဆဲလ်ဖုန်းတစ်ခုနဲ့ မတူတာလဲ။
ဒါက ဆဲလ်ဖုန်းတစ်ခုထက် အများကြီး ပိုပြီးပေါ့ပါးတဲ့ပုံပဲ။ အခုလူချမ်းသာတွေက
ဒါကိုသုံးကြတာလား။ ဒါကဘယ်လောက်တောင်ကျလဲ”
“မိုဘိုင်းဖုန်းတစ်ခုက သောင်းချီပြီးတော့ ရှိတယ်။ ဒီတစ်ခုဆိုရင်တော့ ၁သိန်း
တောင်ကျော်မယ်ထင်တယ်”
ရှမြန်သည်
သူ့ဘေးတွင် ရပ်နေသည့်အတွက်ကြောင့် ထိုတောက်လောင်နေသည့် အကြည့်များနှင့်
မလွန်ဆန်နိုင်သည့် စိတ်အားထက်သန်မှုများကို သေသေချာချာ ခံစားမိလေသည်။
ဒါကလည်း
မကောင်းသည့်ရည်ရွယ်ချက် မရှိလေရာ ငြင်းပယ်ဖို့က မဖြစ်နိုင်ချေ။ သို့သော်ငြားလည်း
ဒါကိုလက်ခံဖို့လည်း မဖြစ်နိုင်ချေ။ ထို့ကြောင့် အလွန်မှ စိတ်ရှုပ်မိတော့သည်။
နဉ်ရှောက်ပိုင်၏
မျက်နှာက မကောင်းချေ။ သူသည် ဘယ်သူ၏မေးခွန်းကိုမှ ပြန်မဖြေဘဲ
ဒီအတိုင်းပြောလိုက်တော့သည်။
“အားနာပါတယ် အားလုံးပဲ ကိုယ့်အလုပ်ကိုယ် သွားလုပ်ကြပါ။ ကျွန်တော် ဖြေရှင်းစရာ
ကိစ္စလေးတချို့ရှိသေးလို့”
ရှမြန်က
သူ့နောက်မှနေပြီး ဆေးရုံထဲကလိုက်ထွက်လာပြီး စိတ်အေးသွားကာ သက်ပြင်းတစ်ချက် ချမိလေသည်။
နဉ်ရှောက်ပိုင်က
ကိုယ်ကိုလှည့်လာပြီး အေးတိအေးစက် ပြောလိုက်၏။
“ဘာလဲ မင်းကလည်း ငါ့ကို မျက်နှာလုပ်ချင်နေတာလား”
နဉ်ရှောက်ပိုင်သည်
အလွန်မှဒေါသထွက်နေ၏။ သူသည် အဓိပ္ပာယ်မဲ့လှသည့် လူမှုရေးအလုပ်ကို မလုပ်လိုပေ။ သူသည်
သူ့ကို ဘယ်သူမှမသိကြသည့် ဒီမြို့ငယ်လေးဆီသို့ လာရောက်နေထိုင်သည်က အဆင်ပြေလှသည်။
သို့သော်ငြားလည်း ဒီနေ့ဖြစ်သွားသည့်ကိစ္စ ပြီးနောက်တွင်တော့ သူသည် ပြဿနာများ
ဖြစ်လာလိမ့်မည်ကို စိုးရိမ်မိလေသည်။
သူ့အဘိုးဖြစ်သူက ဒီနေရာတွင် သူ့တစ်သက်လုံး
နေလာခဲ့ခြင်းကြောင့်သာမဟုတ်လျှင် သူသည် ဒီအခြေအမြစ်မရှိလှသည့် ကောလာဟလများကြောင့်
လူကြီးများကို အရှက်မရစေလိုခဲ့လျှင် ဒီလောက်ကြီးမားသည့်
ရှင်းလင်းချက်တစ်ခုမျိုးကို လုပ်လိမ့်မည်မဟုတ်ပေ။
ဒီလိုစဉ်းစားလိုက်ပြီး
သူ့မျက်လုံးထဲတွင် အေးတိအေးစက် ခံစားချက်အပြည့်ဖြင့်
သိပ်မဝေးလှသည့်နေရာက ရဲကားကို လှမ်းကြည့်လိုက်သည်။
ရှမြန်သည်
မွန်းကြပ်စရာကောင်းလွန်းသည့် စိတ်အားထက်သန်မှုကို ခံစားမိခဲ့သည်။ အခုလေးတင်
ချောက်ချခံလိုက်ရတဲ့ခံစားချက်နဲ့ လိင်တူချစ်သူများအပေါ် ဖယ်ကြဉ်ကြတဲ့
လူတွေရဲ့ သဘောထားကြောင့် သူကတော့ သေချာပေါက်
နာကျင်ရမှာပဲ။
ထို့ကြောင့် သူမက
သဘောထားကြီးပေးဖို့ ဆုံးဖြတ်လိုက်ပြီး သူနှင့် အငြင်းမပွားတော့ချေ။ ခဏလောက်
စဉ်းစားလိုက်ပြီးနောက်တွင် သူမက သူ့ကို တီးတိုးလှမ်းပြောလိုက်သည်။
“ယောက်ျားတွေကို ကြိုက်တာကလည်း ဘာမှမဖြစ်ပါဘူး။
လိင်စိတ်တိမ်းညွတ်မှုဆိုတာ မွေးရာပါကိစ္စပဲ။ ဒါက ရှင့်အမှား မဟုတ်ဘူးလေ။ လူတွေက
အခုတော့ နားလည်ကြသေးမှာ မဟုတ်ဘူး။ နောက်ပိုင်းအနှစ်၂၀၊ ၃၀လောက် ရောက်သွားရင်တော့
လိင်တူတဲ့သူအချင်းချင်း လက်ထပ်လာနိုင်မှာပါ”
နဉ်ရှောက်ပိုင်...
သူက
ဒေါသထွက်ထွက်ဖြင့် အော်ရယ်လေသည်။
“မင်းရဲ့ မျက်နှာလုပ်တဲ့စကားကလေ တော်တော့်ကို ထူးခြားပါပေတယ်”
ရှမြန်က
သက်ပြင်းချလိုက်၏။ “ရှင်က မျက်နှာလိုမျက်နှာရ လုပ်တယ်လို့ ထင်တယ်ပေါ့။ တကယ်လို့
နောက်ပိုင်းကျရင် ရှင်စိတ်ဆင်းရဲရတဲ့အခါ ကျွန်မကို ပြောပြလို့ရပါတယ်။ ကျွန်မက
ရှင့်ကို မရယ်ပါဘူး။ တကယ်လို့ ကျွန်မတို့တွေချည်းပဲ ရှိတယ်ဆိုရင်
ကျွန်မတို့တွေအချင်းချင်း ညီအစ်မလို သဘောထားလို့ရသားပဲ...”
သောက်ကျိုးနည်း
ညီအစ်မတွေ။
နဉ်ရှောက်ပိုင်က
အံကြိတ်ထားကာ ပြောလိုက်လေသည်။
“ထွက်သွားစမ်း”
...