အပိုင်း (၂၅)
ရှမြန်သည် သူက စိုးရိမ်နေမည်ဟု စဉ်းစားလိုက်ပြီး သူနှင့်ဆက်ပြီး ငြင်းခုံမနေတော့ဘဲ တခြားအကြောင်းအရာများကို ပြောလိုက်လေသည်။
“ရှင့်မှာ တူလေးတစ်ယောက် ရှိတာလား။ သူက
ဒီနှစ်ဆိုရင် အသက်ဘယ်လောက်လဲ”
နဉ်ရှောက်ပိုင်သည် သူမ၏
ရုတ်တရက်မေးခွန်းကြောင့် အံ့သြသွားသော်ငြားလည်း ပြန်ဖြေလိုက်သေးသည်။
“ရှိတယ် ၆နှစ်
ဘာဖြစ်လို့လဲ”
ရှမြန်က
မျက်မှောင်ကြုတ်လိုက်သည်။
“ရှင့်အစ်မမှာရော
ဆဲလ်ဖုန်းတစ်ခုရှိလား။ ရှင်သူနဲ့ အဆက်သွယ်ရလား”
နဉ်ရှောက်ပိုင်က
သူ့မျက်ခုံးများကို ပင့်ထားလိုက်ကာ
“မင်းက ဆဲလ်ဖုန်းအကြောင်း သိတယ်ပေါ့”
ရှမြန်က မနေနိုင်တော့ဘဲ
မျက်စောင်းထိုးလိုက်တော့သည်။
ငါက သိတဲ့အပြင် ကောင်းကောင်းတောင် သုံးတတ်သေးတယ်။
“တကယ်လို့ ရှင်အစ်မက ဆဲလ်ဖုန်းသုံးတယ်ဆိုရင် သူ့ကို ဆက်သွယ်လိုက်တာ ပိုကောင်းမယ်။ ရှင့်မိထွေးက ရှင့်ကို
ဒီလိုလုပ်ရပ်တွေ လုပ်တယ်ဆိုတော့
ရှင်အစ်မကိုလည်း ဂရုစိုက်ပေးသင့်တယ်”
နဉ်ရှောက်ပိုင်သည်
တစ်ခုခုကိုစဉ်းစားမိလိုက်ပြီး သူ့အမူအရာက လေးနက်လာသည်။ သူက ချက်ချင်းဆိုသလို သူ့ဖုန်းကိုထုတ်ယူပြီး နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်သည်။
ရှမြန်သည် ထိုအခြင်းအရာကို မြင်လိုက်မှ စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။
နဉ်ရှောက်ပိုင်က
အဓိကဇာတ်ကောင်၏ ဦးလေးဖြစ်နေသည်ကို သိလိုက်ပြီးနောက်တွင် ရှမြန်သည် ရုတ်တရက်ဆိုသလို
အရေးကြီးသည့် ဇာတ်အိမ်တစ်ခုကို သတိရသွားသည်။
ဇာတ်လိုက်ကလေးဘဝတုန်းက
သူ့အမေနဲ့ အဖေက ရန်ဖြစ်ကြတယ်။ အဲဒီမှာ
သူ့အမေကသူ့ကို အိမ်ကနေ ခေါ်ထုတ်လာပြီး သူ့ဦးလေးကို
သွားရှာမယ်ဆိုပြီး သူ့အဘွားကြီးရဲ့အိမ်ကို ထွက်လာခဲ့တယ်။
လမ်းမှာ ပြန်ပေးဆွဲခံလိုက်ရပြီး လက်ချောင်း တော်တော်များများလည်း
ဖြတ်ထုတ်ခံလိုက်ရပြီး သူ့မှာဒုက္ခိတ တစ်ယောက်ဖြစ်လာတယ်။
နောက်ပိုင်းကျတော့ သူ့ကို မိသားစုကနေ
စွန့်ပစ်လိုက်ကြပြီး သူက အမြဲတမ်းသုန်မှုန်ပြီး
သံသယလွန်ကဲတဲ့ စရိုက်တစ်ခုရှိလာခဲ့တယ်။
ဒီကိစ္စကြောင့်
သူ့မိဘတွေကလည်း အချင်းချင်း ခွင့်မလွှတ်နိုင်
ဖြစ်သွားကြတယ်။ သူတို့တွေက ကွာရှင်းပြီးတဲ့နောက်မှာတောင် သူတို့ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းတစ်ခုလုံး
အချင်းချင်း မုန်းတီးရင်းနဲ့
နေသွားခဲ့ရတယ်။
နောက်ပိုင်းကျတော့
မိသားစုပိုင်ဆိုင်မှုကို တိုက်ခိုက်ဖို့အတွက် နဉ်မိသားစုနဲ့ ဟော်မိသားစုကြားမှာ
စိတ်သဘောထား ကွဲလွဲအောင်လုပ်နေတာက
နဉ်မိသားစုရဲ့ မယားငယ်ဖြစ်နေတာကို တွေ့လိုက်ရတယ်။
ဒါပေမဲ့ တရားခံက သနားစရာကောင်းတဲ့ ဇာတ်သိမ်းတစ်ခု ဖြစ်သွားခဲ့တယ်ဆိုရင်တောင်
ဇာတ်လိုက်ရဲ့ ပျော်စရာကောင်းတဲ့ မိသားစုက
အပိုင်းပိုင်းအစစပြိုလဲသွားပြီး အရင်တုန်းကပုံစံကို ဘယ်တော့မှ ပြန်မသွားနိုင်ခဲ့ဘူး။ ဇာတ်လိုက်ရဲ့ အမေကလည်း သူ့ကိုယ်သူ အပြစ်တင်ရင်းနဲ့ သေဆုံးခဲ့ရတယ်။
အသေးစိတ်ဖော်ပြထားတာမရှိပေမဲ့
ဇာတ်လိုက်က မိုးရွာနေတဲ့ နွေရာသီနေ့တစ်နေ့ အသက်၆နှစ်အရွယ်မှာ ပြန်ပေးဆွဲခံရတယ်လို့
စာအုပ်ထဲမှာ အကြိမ်ကြိမ်ဖော်ပြထားတယ်။
ရှမြန်သည် ဇာတ်အိမ်ကို
ပါဝင်ပတ်သက်ရန် ရည်ရွယ်ချက်မရှိပေ။ သို့သော်ငြားလည်း အသက်၆နှစ်အရွယ် ကလေးတစ်ယောက်က ဒီလိုဆိုးဝါးလှသည့် ရာဇဝတ်မှုတစ်ခုကို ခံစားရမည်ကို
မမြင်ရက်ပေ။ သူမ၏သတိပေးချက်က နဉ်ရှောက်ပိုင်ကို နဉ်ရှောက်ယွင်နှင့်
အဆက်အသွယ်ရအောင်လုပ်နိုင်ပြီး ကြီးကြီးမားမားပြဿနာ ဖြစ်မလာဖို့ရန်သာ သူမက
ရည်ရွယ်လေသည်။
သူမသည် ထိုအကြောင်းကို စဉ်းစားလာမိသော်ငြားလည်း အခြေအနေက
ထိုမျှလောက်မြန်မြန်ဆန်ဆန် ဖြစ်သွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
နောက်တစ်နေ့တွင် သူမသည် ပြန်ပေးဆွဲနေသည့် မြင်ကွင်းတစ်ခုနှင့်
မမျှော်လင့်ဘဲ တွေ့ကြုံခဲ့ရလေသည်။
ထိုနေ့က
မနက်စာစားပြီးနောက်တွင် ရှမြန်သည် ရာသီဥတုကအေးမြပြီး
လမ်းလျှောက်ဖို့ရန် သင့်တော်သည်ဟု မြင်သဖြင့်
သူမက ရှောင်ဖုန်းကိုခေါ်ကာ မြို့လယ်က ဟွားကောဘဏ်သို့သွားပြီး
တံဆိပ်ခေါင်းအယ်လ်ဘမ်ကို သိမ်းဆည်းဖို့ရန် မီးခံသေတ္တာတစ်ခုကို
ငှားရမ်းလိုက်လေသည်။
သူမသည်
ကျန်းမိသားစုအိမ်တွင်နေစဉ် ကိုယ်ပိုင်လွတ်လပ်မှုက မရှိသလောက် ဖြစ်နေသည်ကတော့ ပြောနေရန်ပင်မလိုပေ။ သူမ၏ပစ္စည်းများကို
အလုံခြုံဆုံးနေရာတွင် ထားရှိသည်က ပိုပြီးကောင်းပေလိမ့်မည်။
ရှမြန်သည် အနည်းငယ်
သံသယဖြစ်မိလေသည်။ ကျန်းချီမင်သည် စဉ်းစားတွေးတောတတ်သည့်
လူတစ်ယောက်ဖြစ်သော်ငြားလည်း သူသည် အတွေ့အကြုံအလွန်မှ နည်းပါးလေရာ ဘဏ်တစ်ခု၏ မီးခံသေတ္တာလိုအရာမျိုး ရှိသည်ကို သူက မသိခဲ့ပေ။
အလုပ်ပြီးသွားသည်တွင်
ရှမြန်က ရှောင်ဖုန်းကို
တိရစ္ဆာန်ဥယျာဉ်သို့ ခေါ်လည်မည်ဟု စဉ်းစားလိုက်သည်။ ကလေးသည် ငယ်ငယ်လေးကတည်းက
အပြင်ထွက်ပြီးကစားဖို့ရန် အခွင့်အရေးမရှိခဲ့ပေ။
ရလဒ်အနေဖြင့် သူတို့သည်
လမ်းတစ်ဝက်အရောက်တွင် မိုးကသည်းထန်စွာ ရွာသွန်းလေသည်။ လမ်းဘေးကဆိုင်များသည်
သေးငယ်သည့် တံစက်မြိတ်များရှိရာ လူများက ရုတ်တရက်ဆိုသလို စုပြုံလာသည်။ ရှမြန်က ရှောင်ဖုန်းကို ပွေ့ဖက်ထားပြီး အနီးအနားက ရထားဘူတာဆီသို့
ပြေးသွားလိုက်သည်။
သူမက လမ်းကြားလေးတစ်ခုကို
ဖြတ်သွားချိန်တွင် ရုတ်တရက် အော်သံတစ်ခုကို ကြားလိုက်ရသည်။
“ရှင် ဘာလုပ်တာလဲ”
ထိုအသံနောက်တွင်
ကလေးများနှင့်အမျိုးသမီးများ၏ အော်ဟစ်သံများ ပါလာလေသည်။
ရှမြန်သည် အင်မတန်မှ သိသာထင်ရှားလွန်းသည့် ဒေါသသံတစ်ခု ဆွဲဆောင်ခြင်းကို
ခံလိုက်ရသည်။ သူမသည် ဒီလောက်လှပသည့် အသံတစ်ခုကို
နဉ်ရှောက်ပိုင်ထံမှလွဲလျှင် မည်သည့်နေရာမှာမှ မကြားခဲ့ဘူးချေ။
ရှမြန်က
ပြန်လှည့်လာချိန်တွင်တော့ ယောက်ျား၃၊၄ ယောက်သည် ကလေးတစ်ယောက်နှင့်
အမျိုးသမီးတစ်ယောက်ကိုဆွဲကာ သိပ်မဝေးလှသည့်နေရာက ကားထဲသို့ ဆွဲထည့်နေသည်ကို
မြင်လိုက်ရလေသည်။
၂ယောက်စလုံးသည်
သူတို့၏ပါးစပ်များကို တင်းကြပ်နေအောင် ပိတ်ဆို့ခံထားရသည်။ အမျိုးသမီးက
လက်၂ဖက်စလုံးသုံးကာ ကလေး၏ခါးကို တင်းနေအောင် ဆွဲဖက်ထားပြီး ကားတံခါးကို
ကန်ကျောက်နေကာ ကားပေါ်သို့တက်ဖို့ ငြင်းဆန်နေလေသည်။ သိပ်မဝေးလှသည့်နေရာတွင်
အရပ်မြင့်မြင့် လူငယ်တစ်ယောက်သည် နောက်ထပ်ယောက်ျား ၄၊ ၅ယောက်၏
ဝိုင်းရံထားခြင်းခံရပြီး သူ့အနားသို့ လုံးဝမကပ်နိုင်ပေ။
ဒီလူအုပ်ကြီးက အင်မတန်မှ
အတွေ့အကြုံရှိသည်မှာ သိသာထင်ရှားလေသည်။ ဒီခေတ်ကာလတွင် ရထားဘူတာ၌
လုံခြုံရေးကင်မရာများ မရှိပေ။ စီးနင်းလိုက်ပါသူများကလည်း နာမည်အရင်း မလိုအပ်ပေ။
ဒါသည် လူအမျိုးအစား အများအပြား ရှိနေသည့်နေရာ ဖြစ်နေသည်။
လူကိုကားထဲသို့
ထည့်နိုင်သည်နှင့် ချက်ချင်း မောင်းထွက်သွားနိုင်သည်။ အသည်းအသန် ရွာချနေသည်မိုးက
သူတို့ကို အရာအားလုံး ဖုံးကွယ်ထားပေးလိမ့်မည်။
အခြေအနေက
အရေးပေါ်ဖြစ်နေသည်ကို မြင်လိုက်ရသည့်အချိန်တွင် ရှမြန်သည် ဘာကိုမှ
ဂရုမစိုက်နိုင်တော့ဘဲ ရုတ်တရက် အော်ဟစ်လိုက်လေသည်။
“ရဲဘော် ဒီမှာတစ်ယောက်ယောက်က ကလေးကို
ပြန်ပေးဆွဲနေပါတယ်”
မိန်းကလေး၏ ထူးခြားလှသည့်
စူးရှသည့်အော်သံက အလွန်မှ ကျယ်လောင်လေရာ ထိုလူများမှာ ကြောက်လန့်တကြား
ဖြစ်သွားလေသည်။
ထိုချီတုံချတုံအခြေအနေက
နဉ်ရှောက်ယွင်နှင့် နဉ်ရှောက်ပိုင်တို့ကို အခွင့်အရေးတစ်ခု ရသွားတော့သည်။ သူတို့ ၂
ယောက်သည် ချောချောမွေ့မွေ့ ကိုယ်ကိုပြန်လှည့်လာနိုင်ပြီး ကလေးကို အလယ်မှာ ထားကာ
ကာကွယ်ပေးထားလိုက်ကြတာ အသက်ရှူဖို့ အခွင့်အရေးတချို့ရလာသည်။
ပြေးလွှားနေကြသည့်
ဖြတ်သွားဖြတ်လာ လူများကလည်း အခြေအနေကို စောင့်ကြည့်ဖို့ရန် ရပ်လိုက်ကြသည်။
တစ်ဖက်က ပြန်ပေးဆွဲသူသည်
အလန့်တကြားဖြစ်သွားပြီး ဥဩဆွဲသံကိုတော့ မကြားခဲ့ပေ။ သူသည် လှည့်စားခံလိုက်ရသည်ကို
ချက်ချင်း သဘောပေါက်သွားပြီး အမျိုးသမီး၏လက်မောင်းထဲက ကလေးကိုလုယူဖို့ အလျင်အမြန်
ဆက်လုပ်လိုက်သည်။
သို့သော်ငြားလည်း
နဉ်ရှောက်ပိုင်က ပြင်ဆင်ထားပြီးဖြစ်သည်။ သူတို့သည် အရေအတွက် မမျှသော်ငြားလည်း
ထိုလတ်တလော အချိန်အတွင်းတွင် တစ်ဖက်သူကို ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ပေ။ ကလေးက
ကြောက်လန့်တကြားဖြင့် အကျယ်ကြီးအော်ငိုနေသည်။ နဉ်ရှောက်ယွင်ကလည်း အော်ဟစ်ပြီး
အကူအညီ စတင်တောင်းခံလေသည်။
စိတ်အားထက်သန်လှသည့်
ဖြတ်သွားဖြတ်လာတစ်ယောက်က ရပ်လိုက်ပြီး အော်ဟစ်လိုက်သည်။
“ရပ်လိုက် မင်းတို့ဘာလုပ်နေတာလဲ”
သံတုတ်တစ်ခုကို
ကိုင်ထားသည့် အသားမည်းမည်း တောင့်တင်းသည့် ယောက်ျားတစ်ယောက်က ဖြတ်သွားဖြတ်လာကို
လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်သည်။
“မင်းက ဘာကိုကြည့်နေတာလဲ။ ဒါက
ငါ့အစ်ကိုအကြီးဆုံးရဲ့ မိန်းမနဲ့သား။ သူတို့တွေက ကောင်လေးတစ်ယောက်နဲ့
ထွက်ပြေးနေတာ။ ကိုယ့်အလုပ်ကိုယ်လုပ် ကောင်လေး”
ဖြတ်သွားဖြတ်လာက
အခိုက်အတန့် ချီတုံချတုံဖြစ်သွားလေသည်။
“ကျွန်မ အဲ့ကလေးကို သိတယ်။ သူက ကျွန်မတို့ဆေးရုံက။
သူတို့တွေက မိန်းမနဲ့ကလေးတွေကို လူကုန်ကူးနေတဲ့သူတွေ”
ရှမြန်က ပြောလိုက်သည်။
“အစ်ကို ကျေးဇူးပြုပြီးတော့ ရဲကို သွားခေါ်ပေးပါ”
အသားမည်းမည်းနှင့်လူက
ရှမြန်ကို ဒေါသတကြီး လှမ်းကြည့်လိုက်ပြီး ခြိမ်းခြောက်လေသည်။
“ကလေးမ တခြားလူတွေရဲ့အလုပ်ကို ဝင်မရှုပ်နဲ့။
မဟုတ်လို့ကတော့ မင်းပါ ကားပေါ် ရောက်သွားမယ်နော်”
ဖြတ်သွားဖြတ်လာက
ဖုန်းရုံထဲသို့ ပြေးသွားသည်ကို မြင်လိုက်သည်တွင် ပြန်ပေးဆွဲသူများသည်
ထိုလူနောက်သို့ လိုက်ရန် လူတစ်ယောက်ကို လွှတ်လိုက်လေသည်။ ဖြတ်သွားဖြတ်လာသည်
တစ်ဖက်လူက လက်ထဲတွင် လက်နက်တစ်ခုကို ကိုင်ထားသည်ကို မြင်လိုက်သည့်အခါ
ကြောက်လန့်ပြီး ထွက်ပြေးသွားတော့သည်။
ပြန်လှည့်လာသည့်
ပြန်ပေးဆွဲသူများနှင့် အသားမည်းသည့်လူက ရှမြန်ကို ရှေ့နှင့်နောက်မှ
ပိတ်ဆို့ထားလိုက်သည်။
ရှမြန်က ကလေးကို ချထားလိုက်ပြီး
အုတ်တုံးတစ်ခုကို ကောက်ယူလိုက်သည်ကို မြင်လိုက်သည်တွင် သူသည် မနေနိုင်ဘဲ
အော်ရယ်လေသည်။
“ ဪ၊ မင်းက ဒါနဲ့ လူကို ကယ်ချင်တယ်ပေါ့။ မင်းက တော်တော်လေးကို
ဖြောင့်မတ်တဲ့ မိန်းကလေးတစ်ယောက်ပဲ။ နောက်ပြီးတော့ မင်းက ငါတို့ကို
လက်ဆောင်လေးတစ်ခုလည်း ပေးချင်သေးတယ်ပေါ့”
သူတို့၏မျက်လုံးများသည်
ရှောင်ဖုန်းထံသို့ ကျရောက်သွားပြီး သူတို့၏လေသံမှာ ကြောက်စရာကောင်းနေလေသည်။
သူတို့သည် နောက်ထပ်လှုပ်ရှားမှုတစ်ခုကို လုပ်ဖို့စီစဉ်နေသည်က သိသာထင်ရှားလေသည်။
ရှမြန်သည် သူမ၏ အတိတ်ဘဝတွင်
ကလေး မရှိခဲ့သော်ငြားလည်း သူမသည်
လူကုန်ကူးသူများကို အမှန်ပင် မုန်းတီးလေသည်။ အထူးသဖြင့် ဒီနေ့လိုတွင် သူမသည်
တစ်ခုခုလုပ်ဖို့ ဖိအားပေးခံနေရသည်။ သူမသည် ဒီအကြောင်းကို စဉ်းစားလေလေ
ပိုပြီးဒေါသထွက်လာလေလေပင်။ သူမက အသံကုန်သုံးကာ အော်ဟစ်လိုက်သည်။
“လူကုန်ကူးတဲ့သူတွေကို ဖမ်းပေးပါ။ ကားကို
မောင်းမပြေးနိုင်အောင် တားပေးတဲ့သူတွေက ယွမ်၂၀ ရမယ်၊ လူဖမ်းပေးတဲ့သူတွေက ယွမ် ၁၀၀
ရမယ်”
သူမသည်
ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် ရှေ့ကဦးဆောင်ကာ ဗင်ကား၏ရှေ့မှန်ကို
အုတ်တုံးဖြင့် ထုရိုက်လိုက်တော့သည်။
ပြန်ပေးဆွဲသူ ၂ ယောက်သည်
သူမ၏လုပ်ရပ်ကြောင့် လုံးဝ သတိလက်လွတ်ဖြစ်သွားပြီး အခိုက်အတန့်အတွင်း
ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူတို့ပတ်ဝန်းကျင်က လူများကလည်း ငွေရှာနိုင်မည်ဟု
ကြားလိုက်သည်တွင် မြန်မြန်သတိဝင်လာကြသည်။ လူငယ်လေးတစ်ယောက်က အသိရလာပြီး
အတည်ပြုလိုက်သည်။
“မင်းတကယ်ပြောတာလား။ ငါ့ကိုငွေပေးမှာလား”
ရှမြန်သည် သူမ၏အိတ်ထဲက
ငွေစက္ကူတစ်ထုပ်ကို ဆွဲထုတ်ပြီး ချက်ချင်းပြောလိုက်သည်။
“လူအယောက်၂၀စာပဲ ရှိတယ်နော်။ ကိုယ့်ဟာကိုယ်
ရေကြည့်ကြ။ လူအယောက် ၂၀ ပဲ ဆိုရင်တော့ ရမယ်၊ တကယ်လို့ ပိုသွားရင်တော့ ငွေက လောက်တော့မှာ မဟုတ်ဘူး”
ရှမြန်၏စကားဆုံးသွားသည်နှင့်ချက်ချင်း
လူ၁၂ယောက်ကျော်သည် အရပ်မျက်နှာတိုင်းမှ ပေါ်ထွက်လာလေသည်။
မတိုက်ခိုက်နိုင်ကြသူများက အုတ်တုံးများကို ကောက်ယူကာ ရှမြန်ကဲ့သို့ ကားကို
ထုရိုက်ကြသည်။ ကိုယ်ခံပညာတချို့ရှိသူများကတော့ နဉ်ရှောက်ပိုင်ကို ကူညီပေးကြသည်။
အစောပိုင်းက
လူတစ်ယောက်နောက်သို့ လိုက်နေရသည့် ပြန်ပေးဆွဲသူသည် အလွန်မှ ဒေါသထွက်သွားပြီး
ဓားတစ်ချောင်းဖြင့် ရှမြန်ဆီသို့ အရှိန်နှင့်ပြေးဝင်လာသည်။ သူသည် သူမကို
သာမန်မိန်းကလေးတစ်ယောက်ဟု သဘောထားကာ သတိမထားမိချေ။ ထို့ကြောင့် ရှမြန်က ဓားကို
အလွယ်တကူ လုယူနိုင်လိုက်ပြီး အညှာတာမဲ့စွာ သူ၏အရွတ်ကို ဖြတ်တောက်လိုက်တော့သည်။
ကျောချမ်းဖွယ်အော်သံများက
မိုးရေထဲတွင် ပျံ့နှံ့သွားပြီး ပြန်ပေးဆွဲသူ၏စိတ်များကို တုန်လှုပ်သွားစေတော့သည်။
နဉ်ရှောက်ပိုင်က သံတုတ်တစ်ခုကို ဖမ်းဆုပ်လိုက်ပြီးနောက်တွင် သူသည်
ရက်စက်ကြမ်းကြုတ်လှပြီး နောက်ထပ်လူ ၂ ယောက်ကို အလဲထိုးလိုက်ကာ ပြန်ပေးဆွဲသူများမှာ
လုံးဝ ထွက်ပြေးသွားကြတော့သည်။
သို့သော်ငြားလည်း ရှမြန်၏
ကြီးမားလှသည့် ဆုလာဘ်အောက်တွင် သူတို့သည်
ပြန်ပြေးဖို့ရန် လမ်းမရှိပေ။ ယိုင်နဲ့နဲ့ဗင်ကားသည် လူ၁၂ယောက်ကျော်၏
ကျောက်တုံးလက်နက်အောက်တွင် ပျက်စီးလုနီးပါး ဖြစ်သွားလေသည်။ အမည်မသိ
ဉာဏ်ကြီးရှင်တစ်ယောက်က လက်တစ်ဆုပ်စာ သံချောင်းများကို ထုတ်လာပြီး
ကားပတ်ဝန်းကျင်တွင် ဖြန့်ကြဲထားလိုက်လေသည်။
နောက်ဆုံးတွင်
ဥဩသံကိုကြားလိုက်ရပြီး ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြသည့်လူများသည်
ကားပေါ်မှခုန်ဆင်းပြီး ပြောလိုက်လေသည်။
“ရဲတွေရောက်လာပြီ”
၇ယောက်၊ ၈ယောက်လောက်ရှိသည့်
ပြန်ပေးဆွဲသမားများကို ရဲကားက ခေါ်သွားတော့သည်။ နဉ်ရှောက်ယွင်သည် ကလေးကို
ပွေ့ချီထားကာ မြေကြီးပေါ်တွင် လဲကျသွားပြီး ကလေးနှင့်အတူ အော်ငိုမိနေတော့သည်။
ရဲစခန်းက ထွက်လာချိန်တွင်
ညနေခင်း ရောက်နေပြီဖြစ်သည်။ ကြီးကျယ်ခမ်းနားလှသည့် ဆည်းဆာချိန်တိမ်များသည်
အနောက်ဘက်ကောင်းကင်ကို အုပ်မိုးထားသော်ငြားလည်း သူတို့ထဲမှ တစ်ယောက်ကမှ ထိုအရာကို
ခံစားလိုစိတ်မရှိခဲ့ကြပေ။ နဉ်ရှောက်ယွင်၏မျက်လုံးများသည် နီရဲနေပြီး သူမသည် ကြောက်ရွံ့စိတ်ဖြင့်
ဟော်ယွိချန်းကို တင်းနေအောင် ဖက်ထားလေသည်။ ရှောင်ချန်းချန်းကလည်း ငိုရှိုက်နေသည်။
နဉ်ရှောက်ယွင်က ရှမြန်ကို
ကျေးဇူးတင်စကားပြောလိုက်၏။
“ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
ရှင့်ကြောင့်သာ မဟုတ်ဘူးဆိုရင် ... ကျွန်မလေ ဒီအကြောင်းကို စဉ်းတောင်
မစဉ်းစားရဲတော့ဘူး ... ရှင်က ကျွန်မတို့ရဲ့ကယ်တင်ရှင်ပါ”
သူမသည် ပြောရင်းဆိုရင်း
မျက်တောင်များမှ မျက်ရည်များ ဝေ့တက်လာလေသည်။
အစောပိုင်းက မိုးသည်းထန်စွာ
ရွာနေသည်ဖြစ်ရာ အားလုံးက ရေနစ်ထားသည့်ကြွက်စုတ်များလို ဖြစ်နေတော့သည်။ ရှမြန်ကတော့
ဒေါက်တာနဉ်၏ အစ်မဖြစ်သူသည် ပိန်သွယ်ပြီး ပြီးပြည့်စုံသည့်ခန္ဓာကိုယ်တစ်ခု
ပိုင်ဆိုင်ထားသည်ကိုသာ သိလေသည်။ ဒီအခိုက်အတန့်တွင် မိတ်ကပ်မလိမ်းခြယ်ထားဘဲ နူးညံ့သိမ်မွေ့နေသည့်
မျက်နှာလေးကို ကြည့်လိုက်ပြီး သူမသည် သူမ၏လေးစားမှုကို ပြသဖို့ရန်မနေနိုင်ဘဲ
တံတွေးများကို မျိုချမိတော့သည်။
သူက အရမ်းလှတာပဲ။
အမျိုးသားဇာတ်လိုက်ကို မွေးဖွားပေးတဲ့ သူတစ်ယောက် ဖြစ်ထိုက်ပါပေတယ်။
မျက်ရည်ဝဲနေသည့်
မိန်းမလှလေးနှင့် ရင်ဆိုင်လိုက်ရသည်တွင် ရှမြန်သည် မနေနိုင်တာ့ဘဲ သူမ၏အသံကို တိုးထားမိလေသည်။
“ရပါတယ် အစ်မရဲ့၊ အဲဒီလို လူကုန်ကူးတဲ့လူတွေကို
လူတိုင်းက ပြစ်တင်ရှုတ်ချကြပါတယ်။ နောက်ပြီး ဒါက
ကျွန်မလုပ်သင့်တဲ့ကိစ္စပါ။ နောက်ပြီးတော့ ဆရာမမီနဲ့ကျွန်မကလည်း အိမ်နီးချင်းတွေလေ”
နဉ်ရှောက်ပိုင်သည် သူ၏ပခုံးကို
လက်ဖြင့်အုပ်ထားပြီး စိတ်ရင်းဖြင့် ပြောလေသည်။
“ကျေးဇူးတင်ပါတယ်”
ရှမြန်သာ မနေ့တုန်းက သူ့ကို သတိမပေးခဲ့ဘူးဆိုရင်
သူကလည်းပဲ ကိုယ့်ဟာကိုယ် အစ်မဖြစ်သူကို ဆက်သွယ်လိမ့်မိမှာ မဟုတ်ဘူး။ နောက်ပြီးတော့
အစ်မဖြစ်သူက ဟော်ရွှယ်၀မ်နဲ့ ရန်ဖြစ်စကားများပြီး သူ့ဆီလာဖို့ ရထားလက်မှတ်ကို
တိတ်တိတ်လေး ၀ယ်ခဲ့မယ်ဆိုတာကိုလည်း သိလိမ့်မှာ မဟုတ်ဘူး။
သူသာ
လာပြီးမကြိုပေးခဲ့ရင်တော့ ...
နဉ်ရှောက်ပိုင်သည်
နောက်ဆက်တွဲရလဒ်ကို မစဉ်းစားရဲတော့ချေ။
“ငါ ဒီကျေးဇူးကို မှတ်ထားမှာပါ”
နဉ်ရှောက်ပိုင်က
ပြောလိုက်သည်။
“နောက်ပိုင်းကျရင် မင်းအကူအညီ တစ်ခုခုလိုတယ်ဆိုရင်
ငါ့ကိုသာပြောလိုက်ပါ”
ရှမြန်မျက်လုံးများမှာ
လင်းလက်သွားတော့သည်။
“တကယ်လား”
နဉ်ရှောက်ပိုင် ...
“ကျိုးကြောင်းသင့်တဲ့ တောင်းဆိုမှုတော့ ဖြစ်ရမယ်”
ရှမြန်က အပြုံးတုတစ်ခုကို
ဆောင်ထားလိုက်သည်။
“ဒီနတ်သမီးက ပြစ်မှုတစ်ခုကျူးလွန်မဲ့သူနဲ့များ
တူနေလို့လား”
နဉ်ရှောက်ပိုင်သည် ရှမြန်က
အုတ်ခဲတုံးကို ကျွမ်းကျွမ်းကျင်ကျင်
ဝှေ့ရမ်းနေသည့်ပုံကို ပြန်စဉ်းစားမိလိုက်ပြီး အင်တင်တင်ဖြင့်
ခေါင်းညိတ်လိုက်လေသည်။
“အဲဒီလို မဟုတ်ပါဘူး။ မင်းက ဥပဒေကိုလိုက်နာတဲ့
နတ်သမီးတစ်ယောက်ပါ။ မင်းက ရန်ဖြစ်ရတာကို မကြိုက်ဘူးလေ”
ရှမြန်သည်
သူမ၏နှုတ်ခမ်းများကို တင်းနေအောင် စေ့ထားလိုက်ပြီး နဉ်ရှောက်ယွင်ကို ဣန္ဒြေရရဖြင့်
ပြုံးပြလိုက်သည်။ တကယ်လို့များ လူတွေရဲ့အရွတ်ကို ဖြတ်တောက်ဖို့ ဓားကို
ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တဲ့သူမကို မျက်စိနဲ့သာ တပ်အပ်မမြင်ခဲ့ဘူးဆိုရင်
သူမရဲ့ချစ်စရာကောင်းပြီး လိမ္မာတဲ့ ရုပ်သွင်လေးကလည်း တော်တော်လေးခြိမ်းခြောက်စရာ
ဖြစ်နေမှာမဟုတ်ဘူး။
“ရှောက်ပိုင် နင့်ရဲ့လက်မှာ ဘာဖြစ်သွားသေးလဲ”
နဉ်ရှောက်ယွင်၏
မျက်လုံးများက နဉ်ရှောက်ပိုင်ဆီသို့ ကျရောက်သွားကာ စိုးရိမ်တကြီး ပြောလိုက်လေသည်။
“အရင်ဆုံး ဆေးရုံကိုသွားရအောင်”
နဉ်ရှောက်ပိုင်က
သူမကိုကြည့်ပြီးပြောလိုက်သည်။
“အစ်မ နင်ရော ဒဏ်ရာရသွားတဲ့ နေရာရှိသေးလား”
ထို့နောက်တွင်
သူသည်ရှေ့သို့ လျှောက်သွားလိုက်ပြီး ဟော်ယွိချန်းကို လှမ်းဆွဲကာ သူ့အခြေအနေကို
စစ်ဆေးပေးလိုက်သည်။ သူသည် ဒီအတိုင်း မြန်မြန်ဆန်ဆန် စစ်ဆေးပေးလိုက်သော်ငြားလည်း
စိုးရိမ်စိတ်ကတော့ အနည်းငယ် ဖြစ်နေသေးသည်။ ဟော်ယွိချန်းသည် ဒီအချိန်တွင်
ကလေးငယ်လေးတစ်ယောက်သာ ဖြစ်နေသေးပြီး သုန်မှုန်ကာ ခေါင်းမာတတ်သည့်
အရိပ်အယောင်မရှိသေးချေ။ သူက ငိုရှိုက်ကာ ပြောလိုက်လေသည်။
“လက်မောင်းတွေ နာတယ်”
နဉ်ရှောက်ပိုင်က
လက်မောင်းကို မြန်မြန်စစ်ဆေးပြီး ပြောလိုက်လေသည်။
“ဒါက ဖမ်းဆွဲခံလိုက်ရလို့ပါ”
“ဘာပဲဖြစ်ဖြစ် ဆေးရုံကို အရင်သွားကြရအောင်”
နဉ်ရှောက်ပိုင်သည်
ဟော်ယွိချန်းကို စစ်ဆေးပေးပြီးနောက်တွင် လက်ကိုဆန့်လိုက်ပြီး ရှောင်ဖုန်း၏
နဖူးလေးကို ထိလိုက်လေသည်။
“မင်းလည်း ရှောင်ဖုန်းရဲ့ကျန်းမာရေးကို
ဂရုစိုက်သင့်တယ်။ စစ်ဆေးပေးဖို့ အားလုံးကိုခေါ်လာလိုက်”
သူသည် ဂျစ်ကားတစ်စီးကို
မောင်းထွက်လာပြီး အလွန်မှလျှ င်မြန်သည့်အရှိန်ဖြင့် ပြည်သူ့ဆေးရုံဆီသို့
သွားလိုက်လေသည်။
ဟော်ယွိချန်းက
နဉ်ရှောက်ပိုင်၏ လက်မောင်းကို စိုးရိမ်တကြီး
ကြည့်လိုက်၏။
“ဦးလေးရဲ့လက်မောင်းက သွေးထွက်နေတာလား”
နဉ်ရှောက်ပိုင်က
လက်ကိုလှမ်းကာ သူ့ခေါင်းလေးကို သပ်ပေးလိုက်သည်။
“စိတ်မပူပါနဲ့ ဘာမှမဖြစ်ပါဘူး”
သူ့စကားဆုံးသွားသည်နှင့်
ချက်ချင်းရှမြန်သည် သူ၏အဖြူရောင်ရှပ်အင်္ကျီတွင် စွန်းထင်းနေသည့် သွေးများကို
မတတ်သာဘဲကြည့်မိနေသည်...
ဟော်ယွိချန်းကလည်း ဒါကို သေချာပေါက်မြင်လိုက်သည်။
“ဦးဦး သွေးတွေ”
သူက
မျက်မှောင်ကြုတ်လိုက်ပြီး စိတ်မကောင်းသလို ပြောလိုက်သည်။
“ဦးဦးကတော့ ကားမောင်းနိုင်တော့မှာ မဟုတ်ဘူး”
“စိတ်မပူပါနဲ့” နဉ်ရှောက်ပိုင်က
ရယ်မောလိုက်ကာ ...
“ခုနတုန်းက ဒီနေရာကို ကားမောင်းလာတာလည်း
မင်းရဲ့ဦးလေးပဲလေ”
၅ မိနစ်ကြာပြီးနောက်တွင်
လက်မောင်းကို
ပတ်တီးနှင့်သိုင်းထားရသည့် နဉ်ရှောက်ပိုင်သည် ရဲစခန်းသို့ ရောက်သွားပြီး
သူတို့ကိုပြန်ပို့ပေးဖို့ ရဲအရာရှိတစ်ယောက်ကို အကူအညီ တောင်းလိုက်ရတော့သည်။
ကားနောက်ခန်းထဲတွင်
နဉ်ရှောက်ယွင်၏ လက်မောင်းထဲတွင် ရှိနေသည့် ဟော်ယွိချန်းက သူ၏ခေါင်းလေးကို
ထောင်လိုက်ပြီး ပြောလိုက်သည်။
“ရဲအရာရှိက ဘာဖြစ်လို့ ကားမောင်းပေးနေတာလဲ။
သားတို့တွေက အန္တရာယ်များရှိလို့လား ... “
နဉ်ရှောက်ယွင်သည်
ကျန်သည့်စကားလုံးများကို ဖြည့်ပြောပေးလိုက်ရတော့သည်။
“လိမ္မာတယ်နော်၊ ရဲအရာရှိက အမေတို့ကို ကူညီပေးဖို့
ရောက်လာခဲ့တာ။ ဘာအန္တရာယ်မှမရှိပါဘူး”
ရှမြန်ကလည်း စိတ်အေးသွားကာ
သက်ပြင်းချလိုက်မိသည်။ သူမသည် အယူသည်းခြင်းတော့ မဟုတ်ပေ။ သို့သော်လည်း ကောင်ကလေးက
ပါးစပ်ဆိုးတစ်ခုကို ပိုင်ဆိုင်ထားဟန်တူသည်။ အစောပိုင်းက ဂျစ်ကားကို မောင်းနှင်လာပြီး
ရဲကားနောက်က အောင်အောင်မြင်မြင် ပြန်လိုက်လာသည့် နဉ်ရှောက်ပိုင်သည် ဟော်ယွိချန်း
စကားပြောပြီးသည့်နောက်တွင် သူသည်ကားထဲသို့ ၀င်လိုက်ချိန်တွင်
သူ၏နမော်နမဲ့လက်မောင်းက ကား၏စတီယာရင်တိုင်ကို မတော်တဆ ရိုက်မိသွားပြီး
ဒဏ်ရာရသွားကာ လက်ကို မမနိုင်တော့ချေ။ ရှောင်ဖုန်းသည် ရှမြန်၏ လက်မောင်းထဲတွင်
မှီထားပြီးခေါင်းလေးကို တိတ်တိတ်လေး ထုတ်လိုက်ကာ ဟော်ယွိချန်းကို သိလိုစိတ်ဖြင့်
ကြည့်လိုက်လေသည်။ ရှမြန်ကလည်းမနေနိုင်ဘဲ တစ်ချက်ခိုးကြည့်လိုက်မိသည်။
၀တ္ထုထဲက
အဓိကဇာတ်လိုက်တစ်ယောက်အနေနဲ့ ဒီလောက်ငယ်ရွယ်တဲ့ အသက်လေးမှာတောင် သူ့ရဲ့အနာဂတ်က
ချောမောလှပတဲ့ပုံစံလေးကို ကြိုပြီးမြင်နေရပါလား။ သူ့ရဲ့မျက်လုံးဝိုင်းတွေကလည်း
တလက်လက်ဖြစ်နေပြီး သူ့ရဲ့မျက်တောင်တွေကလည်း ယပ်တောင်ငယ်လေးတွေလိုပဲ။ သူက ငါ့ရဲ့ ရှောင်ဖုန်းလိုတောင်
ချစ်စရာကောင်းနေသေးတယ်။ ဒါပေမဲ့ သူက သူ့ရဲ့ပါးစပ်ကို ဆက်တိုက်ပိတ်ထားရင်
ပိုပြီးတော့ကောင်းတယ်။
ကားသည် လျှပ်စီးအလင်းဖြင့်
ပြည်သူ့ဆေးရုံဆီသို့ မောင်း၀င်သွားလေသည်။ ဟော်ယွိချန်းသည် အဖြူရောင်ကုတ်အင်္ကျီ
၀တ်ဆင်ထားသူများ ၀င်လာသည်ကို မြင်လိုက်သည်တွင် နဉ်ရှောက်ယွင်၏ လည်ပင်းကို
ချက်ချင်းဖက်ထားပြီး ပြောလိုက်လေသည်။
“အမေ သား ဆေးမထိုးချင်ဘူးနော်”
နဉ်ရှောက်ယွင်က
သူ့ကိုနှစ်သိမ့်ပေးသည်။
“အမေတို့တွေက ဆေးထိုးမှာ မဟုတ်ပါဘူး”
ဟော်ယွိချန်းလေးက
အရူးလုပ်ဖို့ မလွယ်ကူချေ။
“သားက ဆေးခါးတွေလည်း မသောက်ဘူးနော်”
“သားက ဆေးခါးတွေလည်း သောက်စရာမလိုပါဘူး”
နဉ်ရှောက်ယွင်က
ချော့မော့လေသည်။
“သားက နာနေတယ်ဆိုတော့ ဆေးတချို့လိမ်းရုံပါပဲ။
ထပ်ပြီး မနာတော့ဘူး”
ဟော်ယွိချန်းသည်
ငယ်ငယ်လေးကတည်းက သတိထားတတ်သည့်
ကလေးတစ်ယောက်ဖြ စ်လေသည်။ သူ့မျက်လုံးများက
ရှောင်ဖုန်းဆီသို့ကျသွားသည်။
“ညီလေး ညီလေးကရော နာနေလားဟင်”
“ညီလေးက မနာပါဘူး။ သူက မိုးပဲမိထားတာလေ၊ သူ
အအေးမိမှာပဲ စိုးရိမ်ရတာ” နဉ်ရှောက်ယွင်က စိတ်ရှည်ရှည်ဖြင့် ရှင်းပြသည်။
ဟော်ယွိချန်းက
ချက်ချင်းဆိုသလို ကိုယ်ချင်းစာသည့် အမူအရာလေးဖြစ်လာသည်။
“အအေးမိရင် ဆေးခါးကြီး သောက်ပြီး
ဆေးလည်းထိုးဖို့လိုတယ်”
နဉ်ရှောက်ပိုင်နှင့်
ရှမြန်တို့သည် မသိမသာအမူအရာ ပြောင်းလဲသွားတော့သည်။
နာရီ၀က်ကြာပြီးနောက်တွင်
ရှမြန်က ရှောင်ဖုန်းကို လက်ပေါ်တွင် ချီထားပြီး ဆေးခန်းထဲက ဟော်ယွိချန်း၏
နှလုံးကွဲမတတ် အော်ငိုနေသံကို နားထောင်နေရလေသည်။
“သားက ဆေးမထိုးချင်ဘူး၊ မေမေ လိမ်တယ်”
ရှမြန်ကတော့ ရှောင်ဖုန်းကို
ပူရှိန်းရှိန်း ချင်းစွပ်ပြုတ် တိုက်လိုက်လေသည်။
ကျီးကန်းပါးစပ်လေးက
အာနိသင်ပြသေးသည်။ သို့သော်ငြားလည်း သူမ၏ရှောင်ဖုန်းက တန်ပြန်သက်ရောက်နိုင်သည့်
အရည်အချင်းရှိဟန်တူသည်။
ရှောင်ဖုန်း၏
ရုပ်ပိုင်းဆိုင်ရာအခြေအနေက မျှော်လင့်မထားဘဲ ကောင်းမွန်နေသည်။ ထိုအချိန်တွင်
အခြေအနေက အရေးပေါ်ဖြစ်နေသဖြင့် ရှမြန်သည် ရှောင်ဖုန်းကို ဂရုမစိုက်နိုင်ဘဲ သူသည်
မိုးစိုခဲ့ရပြီး ရှောင်ဖုန်းက ဟော်ယွိချန်းပြောသလို အအေးမိပြီး ဖျားတော့မည်ဟု သူမက
ထင်လိုက်သည်။
ထိုအခိုက်အတန့်တွင်
ဘာလက္ခဏာမှ မပြသသဖြင့် အရင်ဆုံး
အအေးမိပျောက်အောင် လုပ်ဖို့ရန်သာ လိုအပ်သည်။ သို့သော်ငြားလည်း
ဟော်ယွိချန်း၏အဖျားကတော့ မကျသွားချေ။
ထို့နောက် ဆရာမမီနှင့်
အင်ဂျင်နီယာချန်းတို့က သတင်းကို ကြားလိုက်ပြီး အပြေးအလွှားရောက်လာကာ ဓာတ်ဘူးထဲတွင်
ချင်းစွပ်ပြုတ်ကိုလည်း ထည့်လာပေးလေသည်။ ရှောင်ဖုန်းက
မျက်မှောင်မကြုတ်ဘဲ ဇွန်းတိုင်းကိုသောက်နေသည်ကို မြင်လိုက်ရသည်တွင် ရှမြန်ကလည်း
အရသာကို မြည်းကြည့်လိုက်မိပြီး ချက်ချင်းဆိုသလို စုတ်သံတစ်ချက် ထွက်သွားတော့သည်။
သူမသည် ဂျင်းပြုတ်ရည်၏အရသာကို မုန်းတီးနေသေးလေသည်။
ရှောင်ဖုန်းက
စိုးရိမ်တကြီးဖြင့် ဆေးခန်းဘက်သို့ ကြည့်လိုက်သည်။
“အန်တီလေး အစ်ကိုက ငိုနေသေးတယ်”
ရှမြန်က သူ့ခေါင်းလေးကို
ထိကိုင်ပေးလိုက်ပြီး ပြောလိုက်သည်။
“ဒီနေ့ အစ်ကို့ကို လူဆိုးတွေက ဖမ်းခေါ်သွားတော့မလို
ဖြစ်သွားတာလေ။ အခုသူက ဆေးထိုးရမှာ၊ သူက နာမှာ ကြောက်နေတာလေ”
“အမေက လူလိမ်၊ ဦးဦးက လူဆိုး “ ဟု ဒေါသတကြီး အော်သံတွေ
ရောနှောနေသည့် ဟော်ယွိချန်း၏ ငိုသံလေးကို နားထောင်ရင်း ရှမြန်သည် စာအုပ်ထဲက
သုန်မှုန်ပြီး အေးစက်စက်နိုင်သည့် ဇာတ်လိုက်တစ်ယောက်နှင့်သူ့ကို
တွဲပြီးမမြင်မိနိုင်တော့ချေ။
...