အပိုင်း (၂၆)
“ကိုကိုက ကြောက်လို့ငိုနေတာလား”
ရှောင်ဖုန်းက သိချင်စိတ် ဖြစ်သွားသည်။
“ဟုတ်တယ်လေ။ ကြောက်တဲ့အခါ ငိုရတယ်”
ရှမြန်က သူ့ကို ချင်းပြုတ်ရည်
တစ်ဇွန်းတိုက်လိုက်သည်။
“ပျော်နေတဲ့အခါ၊ ကြောက်တဲ့အခါ၊ နာကျင်တဲ့အခါ၊ ဝမ်းနည်းတဲ့အခါ၊ ချင်းပြုတ်ရည်က
အရသာမရှိတဲ့အခါ ငိုလို့ရတယ်။ ငိုချင်တဲ့အချိန်တိုင်း ငိုလို့ရတယ်”
ရှောင်ဖုန်းသည် အမူအရာပြောင်းလဲမသွားဘဲ ချင်းပြုတ်ရေကို
မျိုချလိုက်ပြီး ရှမြန်ကို မော့ကြည့်လိုက်ကာ ပြောလိုက်လေသည်။
“ရှောင်ဖုန်းက လိမ္မာတယ်။ ရှောင်ဖုန်းက မငိုဘူး”
ရှောင်ဖုန်းက ငိုတဲ့အခါလူကြီးတွေက
သူ့ကိုကြမ်းကြမ်းတမ်းတမ်း ဆဲဆိုကြတယ်လေ။ ဒါပေမဲ့ သူက သူ့ရဲ့အန်တီလေးကို
ဒေါသမထွက်စေချင်ဘူး။
ရှမြန်သည် ဝမ်းနည်းသွားတော့သည်။
ကြည့်ရတာ ဘယ်သူမှ သူ့ကို မချစ်ဘူးလို့ သိထားလို့ ထင်တယ်။ ဒီတော့ သူက အရာအားလုံးကို
စောစောစီးစီး ပစ်ပယ်ထားလိုက်တာပဲ။ ဒါက ကလေးတစ်ယောက်အနေနဲ့ သူ့ရဲ့အကျင့်လို
ဖြစ်သွားတာ။
ရှမြန်သည် ကလေး၏နဖူးကိုနမ်းရှုံကာ
ပြောလိုက်လေသည်။
“ရှောင်ဖုန်းက ငိုရင်တောင်မှ လိမ္မာတဲ့ကလေးတစ်ယောက် ဖြစ်နေတုန်းပဲ”
တစ်နေ့ကျလျှင် သူမသည် သူ့ကို
အလိုလိုက်ထားသဖြင့် ဆိုးနွဲ့နေသည့် ကလေးတစ်ယောက်က ငိုယိုသည်အထိ သူ့ကို
အလိုလိုက်ရပေလိမ့်မည်။
ရှမြန်သည် ချင်းစွပ်ပြုတ်ကို
သောက်ပြီးနောက်တွင် ရှောင်ဖုန်းကလည် ချွေးများထွက်လာသည်။ ဆရာဝန်က သူတို့ကို
အိမ်ပြန်ခွင့်ပြုလိုက်၏။
ဆရာမမီ၏မိသားစုသည် ဒီနေ့ကိစ္စကြောင့်
အရှုပ်အထွေးများ ဖြစ်သွားတော့သည်။ ထို့ကြောင့် သူတို့သည် ရှောင်ဖုန်းနှင့်
ရှမြန်တို့ကို မနှောင့်ယှက်တော့ပေ။ ရှမြန်က ရှောင်ဖုန်းကို အပေါ်ထပ်သို့
မြန်မြန်ခေါ်ချီလာပြီး ရေနွေးဖြင့် ရေချိုးပေးလိုက်သည်။ ဆရာဝန်က ရှောင်ဖုန်းသည်
အခိုက်တန့်အတွင်း အဆင်ပြေသည်ဟု ပြောခဲ့သော်ငြားလည်း သူ့ကို ဂရုစိုက်ပေးဖို့ရန်
လိုအပ်သေးသည်။
အိပ်ရာပေါ်တွင် ရှောင်ဖုန်းကို
ဖက်ကာလဲလျောင်းရင်း ရှမြန်သည် ကျန်းမိသားစုမှ ထွက်ခွာမည့်အရေးကို သေသေချာချာ
စဉ်းစားလိုက်သည်။ အိမ်သို့ရောက်လာခဲ့သည့် ထိုလူမိုက် ၂ ယောက်နှင့်
တွေ့ကြုံပြီးနောက်တွင် သူမသည် ကျင့်ဝတ်၊ သိက္ခာကင်းမဲ့လှသည့် ကျန်းချီမင်ကို
အပြည့်အဝ နားလည်သွားတော့သည်။ သူမသည် မကြောက်သော်ငြားလည်း ရှောင်ဖုန်းက ရှိသေးသည်။
အန္တရာယ်ကို ရှောင်တိမ်းရမည့်ပြဿနာကို
ဘေးချိတ်ထားလျှင်ပင် သူသည် အခုမှအသက် ၄ နှစ်ခွဲသာရှိသေးသည်။ သူသည်
ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်တစ်ခုကို ပြောင်းနိုင်ခဲ့လျှင်
သူ၏စိတ်ပိုင်းဆိုင်ရာ ကြောက်လန့်မှုကို ကုသဖို့ရန် အခွင့်အရေးတစ်ခု ရသွားလိမ့်မည်။
ယန်မြို့သို့
တိုက်ရိုက်သွားဖို့ရန်ကလည်း လုံးဝမဖြစ်နိုင်ချေ။ သူတို့သည် တိုးတိုးတိတ်တိတ်
ထွက်ခွာကြမည်ဆိုလျှင်တောင် ၂ ယောက်စလုံးက အသက်မပြည့်သေးသည့်သူများ ဖြစ်နေသည်။
အကယ်၍ ကျန်းချီမင်နှင့် ရှ ဦးလေး(၂)တို့က ရဲခေါ်ခဲ့လျှင် သူတို့သည်
အဖမ်းခံရနိုင်ပြီး ပြန်ခေါ်လာခံရကာ ပြုသမျှနုရပေလိမ့်မည်။ ထို့ကြောင့် ပထမဦးဆုံး
ဖြေရှင်းရမည့်ကိစ္စမှာ ရှောင်ဖုန်း၏ အိမ်ထောင်စုစာရင်း ဖြစ်လေသည်။ ရှောင်ဖုန်းကို
သူမ၏ အိမ်ထောင်စုစာရင်းစာအုပ်ထဲသို့ ပြောင်းလဲနိုင်သည်နှင့် အနည်းဆုံးတော့ သူမသည်
ကလေးကို ပြန်ပေးဆွဲသည့် အခြေအနေဖြင့် ကျန်းချီမင်၏ အခွင့်အရေးယူခံရခြင်းမှ
ရှောင်ဖယ်ကာ ခေါ်သွားနိုင်ပေလိမ့်မည်။ စောင့်ရှောက်ခွင့် ကိစ္စကိုတော့ သူမက ဖြည်းဖြည်းချင်း
စီမံနိုင်သည်။
ရှမြန်သည် ကြီးမားသည့်ပစ္စည်း ၂
ခုမရှိတော့သည့်အတွက် အနည်းငယ် ဗလာကျင်းဖြစ်နေဟန်တူသည့် အပြင်ဘက်က
ဧည့်ခန်းအကြောင်းကို စဉ်းစားလိုက်မိသည်။ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့ခြင်းက
ထိုမျှလောက် ခက်ခဲလိမ့်မည်မဟုတ်ဟု ခံစားမိလေသည်။
ကျန်းချီမင်က မလိုလားလျှင်တောင်
ဟွမ်ရှောင်ကျွမ်းက ရှိသေးသည် မဟုတ်ပါလား။ ထိုထက်ပိုပြီးဆိုရလျှင် ဟွမ်မိသားစုလည်း
ရှိသေးသည်။
ဒါမှအဆင်မပြေသေးလျှင် သူမက
ဒီထက်ကြိုးစားကြည့်လို့ ရနိုင်သည်။
ရှမြန်သည်
အချိန်ကိုတွက်ချက်ကြည့်လိုက်ပြီး ကျန်းချီမင်က ၄ရက်နေပြီးလျှင် ပြန်လာလိမ့်မည်ဟု
သိလိုက်ရသည်။ သို့ဆိုလျှင် ဟွမ်ရှောင်ကျွမ်းက တံဆိပ်ခေါင်းအယ်လ်ဘမ်အတွက်
အပြစ်တင်ခံရလိမ့်မည်။
နောက်တနေ့မနက်ခင်းတွင် ရှောင်ဖုန်း၏
ကျန်းမာရေးအခြေအနေကို သေချာစစ်ဆေးပြီးနောက်တွင် ရှမြန်က ကလေးအတွက် လိုအပ်သည့် ပစ္စည်းတချို့ကို ဝယ်ရန် သူ့ကိုအပြင်သို့ ခေါ်ထွက်လာသည်။
နောက်ဆုံး မင်ရှီလို စီရင်စုမြို့ငယ်လေးက ပစ္စည်းများသည် မြို့ကြီးထဲက
ပစ္စည်းများလောက် ကောင်းလိမ့်မည်မဟုတ်ပေ။
ဟုတ်ပါသည်။ သူမသည် ရှောင်ဖုန်းကို
အိမ်ပြန်ခေါ်သွားဖို့ စဉ်းစားထားခဲ့သည်။ နောက်ဆုံး ကျန်းမိသားစုသည်
နောက်ပိုင်းတွင် မုန်တိုင်းများ အစီအရီ ရင်ဆိုင်ရလိမ့်မည်။ ထို့ကြောင့် သူတို့သည် ပါဝင်ပတ်သက်လို့ မဖြစ်ပေ။
သူတို့သည် သူမကို ပြန်လာစေချင်လျှင်
သူမကို လူကိုယ်တိုင်လာပြီး ဖိတ်ခေါ်ရပေမည်။
ခရီးမထွက်ခင် ညနေခင်းတွင်
နဉ်ရှောက်ယွင်သည် ဟော်ယွိချန်းကို အပေါ်ထပ်သို့ခေါ်လာကာ သူတို့ကို ကျေးဇူးတင်စကား
လာပြောသည်။ တစ်နေ့လုံး ကုန်ဆုံးသွားပြီး နဉ်ရှောက်ယွင်သည် နောက်ဆုံးတော့
သတိရလာသည်။ ဒီနေ့ သူမသည် နဉ်ရှောက်ပိုင်နှင့် အပြင်ထွက်ကာ သူတို့အတွက်
ပစ္စည်းအများကြီး ဝယ်လာခဲ့သည်။
နဉ်ရှောက်ယွင်သည် သူတို့၏ အခြေအနေအသေးစိတ်ကို သိသိသာသာ
နားလည်လေသည်။ ထို့ကြောင့် သူမက လိုအပ်မည့် လက်တွေ့ကျသည့်
ပစ္စည်းများကိုဝယ်လာခဲ့သည်။ ရှောင်ဖုန်းအတွက် သူမက အဝတ်အစား၊ ဖိနပ်၊ ကစားစရာ၊
ကလေးအာဟာရဖြည့်ပစ္စည်းများကို ၀ယ်လာပေးခဲ့ပြီး ရှမြန်အတွက်တော့ သူမအလွန်မှ
ကြိုက်နှစ်သက်သည့် ဝမ်းဆက်တချို့ကို ဝယ်လာပေးလေသည် ။နဉ်ရှောက်ယွင်သည် နတ်သမီးတစ်ပါး၏
အမြင်အာရုံအမှန်ပင်ရှိလေသည်။
စီဒီစက်တစ်ခုနှင့် အင်္ဂလိပ်ခွေ
တချို့လည်းပါသည်။ နဉ်ရှောက်ယွင်က နူးနူးညံ့ညံ့ဖြင့် ပြောလိုက်၏။
“နင်က အထက်တန်းကျောင်းသူလို့ ကြားထားလို့၊ ဒါက အင်္ဂလိပ်စာ
လေ့လာဖို့အတွက် အရမ်းအသုံးဝင်တယ်လေ”
ဒီအချိန်တွင် သူမသည် အနက်ရောင်လယ်သာ
ဖုန်းစာအုပ်တစ်အုပ်ကို ထုတ်လာပြီး လှမ်းပေးလိုက်သည်။
“ဒါက ငါ့ရဲ့လိပ်စာ။ ဖုန်းနံပါတ်နဲ့ ဆက်သွယ်ရမဲ့လိပ်စာ။ အကူအညီ
တစ်ခုခုလိုခဲ့ရင် အမြဲတမ်း ဆက်သွယ်လို့ရတယ်နော်”
ဒါသည် ရေရှည်ဆက်ဆံရေးအတွက်
စိတ်ရင်းကိုပြသနေသည့် လက္ခဏာတစ်ခုပင်။ ရှမြန်က စာအုပ်ကို ဝမ်းသာအားရ လှမ်းယူကာ
ပြောလိုက်၏။
“စိတ်မပူပါနဲ့အစ်မရယ်။ တကယ်လို့ ကျွန်မမှာ ကိစ္စတစ်ခုခု
ရှိလာတယ်ဆိုရင် အစ်မကို သေချာပေါက် လာရှာမှာပါ”
သူမသည် ဒီလိုမျှော်လင့်မထားသည့်
ရလဒ်မျိုးကို ထင်မထားခဲ့ချေ။ သူမသည် နောက်ပိုင်းတွင် ပြဿနာတစ်ခုခုရှိလာလျှင်
နတ်သမီးလေးကို သွားရှာနိုင်ပြီး နဉ်ရှောက်ပိုင်နှင့် ထပ်တွေ့ပြီး လိုက်လျောနေစရာ မလိုတော့ပေ။
နဉ်ရှောက်ယွင်က ပြုံးကာ
သူမ၏ခရီးဆောင်အိတ် ထုပ်ပိုးနေသည်ကို မြင်လိုက်ချိန်တွင် မေးလိုက်သည်။
“အပြင်သွားမလို့လား”
“ဟုတ်တယ်” ရှမြန်ကပြောလိုက်၏။
“ကျွန်မ ရှောင်ဖုန်းကို အိမ်ပြန်ခေါ်သွားပြီး နောက်ဆက်လုပ်ရမဲ့
ကိစ္စတွေကို တိုင်ပင်ဖို့အတွက် ဇာတိမြို့က လူကြီးတွေနဲ့ သွားတွေ့မလို့ပါ”
နဉ်ရှောက်ယွင်က ပြောလိုက်၏။
“ဟုတ်တယ်၊ ဒီကိစ္စကိုဖြေရှင်းဖို့ လူကြီးတစ်ယောက်က ရှေ့ထွက်လိုက်ရင်
ပိုပြီးတော့ကောင်းလိမ့်မယ်”
“ဒီတော့ နင်က ဘယ်တော့ပြန်မှာလဲ”
ဒါက ဟွမ်ရှောင်ကျွမ်း၏ ပြစ်မှု ပေါ်ပေါက်သွားမည့်အချိန်ပေါ်
မူတည်နေသည်။
သူမက နဉ်ရှောက်ယွင်ကို ပြောလိုက်၏။
“လူကြီးတွေ တိုင်ပင်မဲ့ကိစ္စကို ကြည့်ရဦးမယ်”
နဉ်ရှောက်ယွင်က ပြောလိုက်သည်။
“ငါ့အဖွားကလည်း ပြောသားပဲ။ နင်က ဟွားကန်းနံပါတတ်(၁) အလယ်အဆင့်
အထက်တန်းကျောင်းမှာ စာမေးပွဲဖြေလို့ရတယ်တဲ့”
“ဆရာမမီကို အရမ်းပဲ ကျေးဇူးတင်မိပါတယ်”
ရှမြန်က ကျေးဇူးတင်စကား
ဆက်ပြောလိုက်သည်။
“ဒါပေမဲ့လည်း ကျွန်မက ဒီကိစ္စကို စဉ်းစားဖို့လိုသေးတယ်။ တကယ်လို့
ကျွန်မတို့တွေက ညှိနှိုင်းလို့မရခဲ့ဘူးဆိုရင် ကျွန်မဒီမှာ ကျောင်းတက်နေတုန်း
ဟွမ်ရှောင်ကျွမ်းက ကျွန်မကို ဘာလုပ်မယ်ဆိုတာ မသိနိုင်ဘူးလေ။ အထက်တန်းကျောင်းကလည်း
အရမ်းကို အရေးကြီးတယ်။ တကယ်လို့ သူက ဒါကိုဖျက်ဆီးလိုက်ရင် ကရိကထများတာပဲ ရှိမယ်။
နောက်ပြီးတော့ရှောင်ဖုန်းလေ။ သူ့ကို ကျန်းမိသားစုမှာ တစ်ယောက်တည်း ထားခဲ့ဖို့
ကျွန်မတကယ်ပဲ စိတ်မချဘူး”
“နင်က အိမ်ပြောင်းပြီးတော့ သီးသန့်နေချင်တာလား”
နဉ်ရှောက်ယွင်က မေးလိုက်သည်။
“သူတို့မိသားစုကနေ ခွဲထွက်လိုက်တာက တကယ်ကောင်းတဲ့ အဖြေတစ်ခုပဲ။ ဒါပေမဲ့
ဒီကိစ္စက လူကြီးတွေ ဝင်ပါပေးဖို့ တကယ်ပဲ
လိုအပ်တယ်”
ရှမြန်က ခေါင်းညိတ်ပြလိုက်သည်။
ဟော်ယွိချန်းက သူ့အမေ၏လက်ကိုဆွဲလိုက်ကာ
“မေမေ အဲဒီနေ့က ညီလေးရော”
ကောင်ကလေးသည် ဒီနေ့တွင်
ချစ်စရာကောင်းသည့် အားကစားဝတ်စုံလေးကို ဝတ်ဆင်ထားလေသည်။ သူသည် ထိုနေ့ကလို
မငိုတော့ချေ။ သူ၏ စိတ်နေသဘောထားက တောက်ပနေပြီး
ဒီနေရာတွင်မြင်နေကျ တခြားကလေးများနှင့် လုံးဝကွဲထွက်နေသည်။
ရှောင်ဖုန်းသည် ရှမြန်နောက်တွင်
ပုန်းနေပြီး အနည်းငယ် ရှက်ရွံ့နေမိသော်လည်း လူများကို နှုတ်ဆက်ရမည်ဟု သူ၏အန်တီလေး
သင်ထားပေးသည့် အကြောင်းအရာကိုလည်း မှတ်မိနေသေးသည်။ သူက ခေါင်းလေးကိုထုတ်လိုက်ပြီး
တိုးတိုးလေးလှမ်းခေါ်လိုက်သည်။
“ကိုကို”
ထို့နောက်တွင်တော့ သူသည် ရှမြန်ကို
ကြည့်လိုက်လေသည်။
သူက တကယ်ပဲ မှတ်မိတယ်လေ။ သူက
ဒီအစ်ကိုငယ်လေးကို အမြဲတမ်း သတိရနေတာ။ ဒီအစ်ကိုငယ်လေးက အဲဒီတုန်းက အရမ်းကို
ဝမ်းနည်းပြီး သနားစရာ ကောင်းအောင်ငိုနေခဲ့တာလေ။
ဟော်ယွိချန်းသည် ရှောင်ဖုန်း၏စိတ်ထဲတွင်
သူသည် သနားစရာကောင်းသည့် အရာလေးဖြစ်နေမှန်း မသိခဲ့ချေ။ သူသည် အသက် ၆
နှစ်သာရှိသေးသည်။ သူ့မိသားစု၏ နှစ်သိမ့်ပေးခြင်း ခံရပြီးနောက်တွင် သူသည် ထိုနေ့က
စိတ်လှုပ်ရှားစရာကောင်းသည့် အတွေ့အကြုံကို မေ့လျော့သွားခဲ့ပြီးဖြစ်သည်။ သူသည်
အကြောင်းအရာတစ်ခုကိုသာ မှတ်မိလေသည်။
“ညီလေးက ဆေးထိုးလိုက်ရသေးလား”
နဉ်ရှောက်ယွင်က သူ့ခေါင်းလေးကို
ဘာမှမတတ်နိုင်သလို ထိကိုင်လိုက်ပြီး အကြောင်းအရာ မြန်မြန်ပြောင်းလိုက်သည်။
“ညီလေးက မဖျားဘူးလေ။ ဒါပေမဲ့ သူက အရုပ်တွေနဲ့ တစ်ခါမှ မကစားဖူးဘူး။ သားက သားရဲ့အရုပ်တွေနဲ့ သူ့ကို
ကစားနည်း သင်ပေးလိုက်ရင် ပိုမကောင်းဘူးလား”
ရှမြန်ကလည်း ရှောင်ဖုန်းကို
ပိုပြီးတက်ကြွကာ ရဲတင်းလာစေချင်သည်။ ထို့ကြောင့် သူမက သူ့ကို
ရှေ့သို့တွန်းပေးလိုက်ကာ ပြောလိုက်သည်။
“ဒါက ကိုကိုချန်းချန်းလေ။ သားကို အပြင်ခေါ်ဆော့ဖို့ ကိုကို့ကို
ခေါ်သွားခိုင်းလိုက်နော်။ ဟုတ်ပြီလား”
ရှောင်ဖုန်းက လိမ်လိမ်မာမာဖြင့်
ခေါ်လေသည်။
“ကိုကိုချန်းချန်း”
ချန်းချန်းသည် သူ့ရင်ဘတ်လေးကိုချက်ချင်း
ဆွဲဆန့်ထားလိုက်ပြီး ကျေနပ်သည့် အမူအရာတစ်ခုဖြင့် ရှောင်ဖုန်း၏ခေါင်းလေးကို
ထိကိုင်လိုက်သည်။
“ရှောင်ဖုန်း ငါ့ရဲ့ညီလေး”
ရှမြန်က အရုပ်တစ်ခုကို ကောက်ယူလိုက်ပြီး
ဆိုဖာပေါ်သို့ တင်ပေးလိုက်သည်။ သူမက ထရပ်လိုက်ပြီး ကလေး၂ယောက်အတွက် မုန့်တချို့ကို
လုပ်ပေးလိုက်သည်။
နဉ်ရှောက်ယွင်ကလည်း လာရောက်ကူညီပေးသည်။
ပထမအချက်က သူမသည် စိတ်ပိုင်းဆိုင်ရာ ကြောက်လန့်မှုတစ်ခု ရှိနေသေးသည်။ ချန်းချန်းကို သူမ၏မျက်စိအောက်က
အပျောက်မခံနိုင်ချေ။ ဒုတိယအချက်အနေဖြင့် သူမသည် တိတ်ဆိတ်သည့် အချိန်လေးတစ်ခု လိုချင်သည်။
“အိမ်နီးချင်းတွေက အရမ်းကို တက်ကြွတာပဲနော်”
နဉ်ရှောက်ပိုင်၏
သူဌေးသားလေးတစ်ယောက်ဖြစ်သည့် အထောက်အထားက ဖိအားဖြင့် ဖော်ထုတ်ခံလိုက်ရကာ
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ဆရာမမီ၏အိမ်သို့ အလည်လာသည့် မဆုံးနိုင်သည့်
လူတန်းကြီးရှိနေသည်ကို ရှမြန်က သဘောပေါက်လိုက်သည်။ ပြဿနာက ဆက်ပြီး ဖြစ်နေသည်။
“လူချမ်းသာတွေက အိမ်ယာအကြီးကြီးမှာ နေကြတာလား။ အဲဒီမှာ အခန်းပေါင်း
ဘယ်လောက်ရှိလဲ”
“ဒေါက်တာနဉ်ရဲ့ မိုဘိုင်းဖုန်းက ဘာဖြစ်လို့ အရမ်းသေးနေတာလဲ။ ဒါက
စျေးကြီးပြီးတော့ သုံးရတာ အဆင်ပြေရဲ့လား”
“ဒေါက်တာနဉ်က ယွမ်သန်းနဲ့ချီပြီးတော့ အမွေရနိုင်တာပေါ့နော်။
သူ့မိထွေးက လူတစ်ယောက်ကို သတ်ဖို့ တကယ်ပဲ လူငှားခဲ့တာလား”
...
အချိန်အများစုတွင် ဒါက
သိလိုစိတ်သက်သက်သာ ဖြစ်သော်ငြားလည်း လူကိုအနေရကြပ်အောင် အမြဲတမ်းလုပ်နေလေသည်။
ရှမြန်သည် သိလိုစိတ်များသည့်
မိန်းကလေးတစ်ယောက် ဖြစ်သော်ငြားလည်း အံ့ဩစရာကောင်းလောက်အောင် သူမသည် ဘာမေးခွန်းမှ
မမေးသဖြင့် နဉ်ရှောက်ယွင်မှာ စိတ်အေးရသလို ခံစားရလေသည်။
ရှမြန်ကတော့ လုံးဝ စိတ်မဝင်စားပေ။ မယားငယ်၊ မိထွေး၊
တရားမဝင်ကလေး၊ မိသားစုပိုင်ဆိုင်မှုအတွက်ရန်ပွဲ၊ ထိုအရာများသည်
ချမ်းသာသည့်မိသားစုအများစုတွင် ဖြစ်နေကျ အရာများဖြစ်လေသည်။ သူမသည် ထိုအကြောင်းကို
အများအပြား ကြားဖူးခဲ့ပြီးသားပင်။
ဆန့်ကျင်ဘက်အနေနှင့် သူမသည်
နဉ်ရှောက်ယွင်နှင့် အဝတ်အစားကိစ္စကို စကားပြောရသည်ကို အလွန်မှ သဘောကျလေသည်။
မကြာခဏဆိုသလို သူမသည် ကလေး၂ယောက်ကို
အကဲခတ်ဖို့ အချိန်ယူရသေးသည်။ ပြောရမည်ဆိုလျှင်တော့ ချန်းချန်းသည် အမှန်တကယ်
အစ်ကိုကြီးတစ်ယောက်လို ပြုမူနေပေသည်။
သူသည် သူဌေးသားလေးအကျင့်စရိုက်တစ်ခု
အနည်းအကျဥ်း ရှိသော်ငြားလည်း သူသည် တာဝန်လည်းယူတတ်ကာ အလွန်မှ လေးလေးနက်နက်
သင်ကြားပေးတတ်လေသည်။ ရှောင်ဖုန်းကလည်း လိမ်လိမ်မာမာဖြင့် သင်ယူတတ်ပြီး
နောက်ပိုင်းတွင်သူ၏မျက်လုံးလေးများက ပိုပြီးတောက်ပလာကာ နောက်ဆုံးတော့ ကလေးဆန်ဆန် ချစ်စရာကောင်းသည့်
အမူအရာတစ်ခုကို ပြသလာသည်။
ရှမြန်သည် ကလေး၂ယောက်အတွက်
နှစ်ထပ်နို့ပူတင်းနှင့် ငှက်ပျောပေါင်းမုန့်ကို ထုတ်ပေးလိုက်သည်။
ချန်းချန်းက မတ်မတ်လေးထိုင်ပြီး
ဇွန်းငယ်လေးကို ကိုင်ထားကာ အလွန်မှ ယဉ်ယဥ်ကျေးကျေးဖြင့် အကိုက်ငယ်လေးများ ကိုက်ကာ
စားသောက်နေပြီး လူရည်မွန်လေးတစ်ယောက်နှင့် အလွန်မှ ဆင်တူနေသည်။
ရှောင်ဖုန်း၏ စားသောက်သည့်အကျင့်ကလည်း
မဆိုးလှချေ။ သို့သော်ငြားလည်း သူသည် အစောပိုင်းက ဆာလောင်မှုကို တွေ့ကြုံခဲ့ရသည်။
ဘယ်သူကမှ စားသောက်ရမည်နည်းလမ်းကို သူ့ကို မသင်ပေးခဲ့ချေ။ ထို့ကြောင့် သူက
အစားအသောက်ကို အလွန်မှနှစ်ခြိုက်စွာ စားသောက်လေသည်။ သူသည် အစားအသောက်ကို
ပါးစပ်ထဲထည့်ချိန်တွင် အတိုင်းအတာတစ်ခုအထိ စိတ်အားတက်ကြွနေသည်။ သူ့ခေါင်းလေးက
ပန်းကန်ထဲသို့ နစ်မြုပ်လုနီးပါးဖြစ်နေသည်။
“အဲဒီလိုမစားရဘူးလေ” ချန်းချန်းက ရုတ်တရက် ပန်းကန်လုံးကို
ချထားလိုက်ပြီး အလေးအနက်ပြောလေသည်။
ရှောင်ဖုန်းက ခေါင်းလေးကိုမော့လိုက်ပြီး
အူကြောင်ကြောင်လေးဖြင့် ချန်းချန်းကိုကြည့်လိုက်သည်။
“ကိုကို”
နဉ်ရှောက်ယွင်က တစ်ခုခု ပြောတော့မည်ပြင်လိုက်စဉ် ရှမြန်က
လှမ်းတားလိုက်သည်။ သူမသည် ရှောင်ဖုန်းကို ကာကွယ်ပေးနေသော်ငြားလည်း သူသည်
ကိစ္စအများစုကိုတော့ ကိုယ်တိုင် ရင်ဆိုင်ကြုံတွေ့ရပေဦးမည်။ ရွှမ်းရွှမ်းလို
ဆိုးညံ့လှသည့်ကလေးတစ်ယောက်မှလွဲလျှင် သာမန်ကလေးများကြားက အငြင်းအခုံကိစ္စသည် သူတို့ကို
လောကကြီးအကြောင်း နားလည်လာအောင် အမှန်တကယ် သင်ကြားပေးလိမ့်မည်။
“မတ်မတ်ထိုင်။ ပြီးရင် ဇွန်းကိုသုံးပြီးတော့ အစားအသောက်ကို ပါးစပ်ထဲ
ထည့်ရတယ်” ချန်းချန်းက ပြောရင်းဆိုရင်း သူက သရုပ်ပြသည်။
တစ်ဇွန်းစားလိုက်ပြီးနောက်တွင် သူက ရှောင်ဖုန်းကို ပြောလိုက်၏။
“အခု စားလို့ရပြီ”
ရှောင်ဖုန်းက မတ်မတ်ထိုင်လိုက်ပြီး
ချန်းချန်း သရုပ်ပြသည့်အတိုင်း လိုက်လုပ်လေသည်။ စားလိုက်ပြီးနောက်တွင် သူက
ဇွန်းကို ပြန်ချလိုက်ပြီး ချန်းချန်းကို ကြည့်လိုက်သည်။
ချန်းချန်းက စိတ်ကျေနပ်စွာဖြင့်
ခေါင်းညိတ်ပြသည်။
“အရမ်းတော်တယ်၊ အဲဒီလိုပဲ စားကြမယ်”
ဒီလိုနှင့် ကလေး၂ယောက်သည်
မျက်နှာချင်းဆိုင်ထိုင်နေပြီး တစ်ယောက်က သင်ပြပေးဖို့ရည်ရွယ်ကာ
ကျန်သည့်တစ်ယောက်ကတော့ သင်ယူဖို့ စိတ်အားထက်သန်နေပြီး ၂ယောက်စလုံးသည်
လေးနက်သည့်အမူအရာဖြင့် သူတို့၏မုန့်များကို စားသောက်ကြလေသည်။
ပန်းကန်လုံးထဲက နှစ်ထပ်နို့ပူတင်းကို
စားသောက်ပြီးသွားသည့်နောက်တွင် ရှောင်ဖုန်းက ငှက်ပျောပေါင်းကို
စိတ်အားထက်သန်စွာဖြင့် လှမ်းကြည့်လိုက်ပြီး ချန်းချန်းက သူ့ကို
စားသောက်နည်းသင်ပေးမည်ကို စောင့်စားနေလေသည်။ တစ်စုံတစ်ယောက်က သူ့ကို ဒီလိုခေါ်ပြီး
ကစားသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး သူသည် အလွန်မှ ပျော်ရွှင်ရလေသည်။
ရှမြန်က ရှောင်ဖုန်း၏ လင်းလက်နေသော
မျက်နှာလေးကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
နဉ်ရှောက်ယွင်ကလည်း ရယ်မောလေသည်။
“ရှောင်ဖုန်းက ဉာဏ်ကောင်းလို့ပါ။ သူက တစ်ခါပဲ သင်ရသေးတယ်
တတ်သွားပြီလေ။ ချန်းချန်းကလည်း အိမ်မှာ သူ့ညီလေးရှိသားပဲ။ ဒါပေမဲ့ သူက
အဲ့လောက်အများကြီး စိတ်မရှည်ဘူး။ သူ့ညီလေးကို စောင့်ရှောက်ပေးရတာ မကြိုက်ဘူးလေ”
ဒီအချိန်တွင်တော့ သူမက နှမြောတသစွာ
ပြောလိုက်လေသည်။
“နင်က မနက်ဖြန် ပြန်တော့မယ်ဆိုတော့ နှမြောစရာပဲ။ ချန်းချန်းနဲ့
ရှောင်ဖုန်းတို့က တော်တော်လေး တည့်ရှု့တယ်လို့ ငါက ထင်ထားတယ်”
ရှောင်ဖုန်းအတွက်လည်း နွေရာသီတွင်
အနားယူဖို့ အနည်းငယ် နှမြောစရာကောင်းလေသည်။ ရှောင်ဖုန်းတွင် ကစားဖော်လေးတစ်ယောက်
ရှိလာဖို့က တော်တော်လေးကို ရှားပါသည်။ ဒါကြောင့်ပင် သူမက မြန်မြန်လေး
အခြေကျချင်သည်။
ကလေး၂ယောက်က အလွန်မှ ပျော်ရွှင်သည့်အချိန်ကို
ပိုင်ဆိုင်ခဲ့ကြသည်။ ချန်းချန်းက အိမ်ပြန်ဖို့ရန် ငြင်းဆန်နေသဖြင့် နဉ်ရှောက်ယွင်က သူ့ကိုချောမော့ရသည်။
“နောက်ကျနေပြီလေ၊ ညီလေးရှောင်ဖုန်းက အနားယူဖို့ လိုသေးတယ်”
ချန်းချန်းသည်
လင်းလက်နေသည့်မျက်လုံးများဖြင့် ညီလေးဖြစ်သူ ရှောင်ဖုန်းကို ကြည့်လိုက်ပြီး
မယုံမကြည်နှင့် ပြောလိုက်၏။
“မေမေ ၊ မေမေပဲ ပြောတယ် မဟုတ်လား။ မီးတွေ ပိတ်လိုက်တဲ့အချိန်ကျမှ သားတို့က
အနားယူရမှာဆို။ ညီလေးရဲ့အိမ်က မီးတွေကမှမပိတ်သေးဘဲ။ သားလည်း မအိပ်ချင်သေးဘူး”
သူ့စကားဆုံးသွားသည်နှင့် ဧည့်ခန်းထဲက
မီးလုံးသည် ၂ကြိမ်လောက် ဖြတ်ခနဲလက်သွားပြီး မှိတ်သွားတော့သည်။
ရှမြန် ...
ချန်းချန်းသည် နဉ်ရှောက်ယွင်၏
ဆွဲခေါ်သွားသည်ကို ခံလိုက်ရတော့သည်။
ရှောင်ဖုန်းကလည်း အိပ်ရာပေါ်တွင်
လဲလျောင်းနေရင်း အလွန်မှ စိတ်လှုပ်ရှားနေ၏။ သူက ရှမြန်ကို မော့ကြည့်ပြီး
ပြောလိုက်သည်။
“ကိုကိုချန်းချန်းက ပြောတယ်။ သူ့မှာ လေယာဉ်ပျံတစ်စီး ရှိတယ်တဲ့။
မနက်ဖြန်ကျရင် အဲဒီလေယာဉ်ပျံကို ယူလာပြီး အတူတူ ကစားကြမယ်တဲ့”
ရှမြန်သည် ကြိတ်ပြီးသက်ပြင်းချမိလိုက်ကာ
ပြောလိုက်၏။
“မနက်ဖြန်ကျရင် ရှောင်ဖုန်းက အန်တီလေးနဲ့အတူတူ အဘွားတို့အိမ်ကို
ပြန်ရမှာ။ အချိန်တော်တော်လေးကြာမှ ပြန်လာကြမှာ။ တကယ်လို့ ကိုကိုချန်းချန်းက
ဒီမှာရှိနေသေးတယ်ဆိုရင် ထပ်ပြီးတော့ အတူတူ ကစားလို့ရတာပေါ့။ တကယ်လို့
မရှိဘူးဆိုရင်တော့ ရှောင်ဖုန်းက မူကြိုကျောင်းတက်တဲ့အချိန်ထိစောင့်ပြီး အန်တီလေးက
ကိုကိုချန်းချန်းကို သွားရှာဖို့ သားကို ယန်မြို့ကို ခေါ်သွားပေးမယ်လေ။ ဟုတ်ပြီလား”
ရှောင်ဖုန်းက ကိုယ်ကိုလှိမ့်လိုက်ပြီး
ထထိုင်လိုက်ကာ ရှမြန်ကို ကြည့်လိုက်လေသည်။
“ကိုကိုချန်းချန်းရဲ့အိမ်ကလည်း ယန်မြို့မှာလား”
“ဟုတ်တယ်၊ ကိုကိုချန်းချန်းက ယန်မြို့ကလေ” ရှမြန်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ရှောင်ဖုန်းသည် မနက်ဖြန် ချန်းချန်းကို
တွေ့နိုင်မည့်အရေးကို စိတ်ပူနေခြင်းကို ချက်ချင်း ရပ်တန့်ထားလိုက်ပြီး
သူ၏မျက်နှာလေးက လင်းလက်သွားသည်။
“ဒါဆိုရင် နောက်ကျရင် သားတို့က ယန်မြို့ကိုသွားမှာပေါ့နော်”
“ဟုတ်တာပေါ့” ရှမြန်က ပြောလိုက်၏။
“ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ဒီကိစ္စကို သေချာပေါက်
လျှို့ဝှက်ထားရမယ်နော်။ ဘယ်သူမှ ဒီအကြောင်းကို သိလို့မဖြစ်ဘူး။ မဟုတ်ဘူးဆိုရင်တော့
အန်တီလေးတို့ သွားလို့ရမှာ မဟုတ်ဘူး”
ရှောင်ဖုန်း၏ အမူအရာသည် ချက်ချင်း
လေးနက်လာတော့သည်။ သူက သူ၏လက်လေးများဖြင့် သူ့ပါးစပ်ကို အုပ်ထားလိုက်ကာ
ခေါင်းခါပြလိုက်သည်။
“ရှောင်ဖုန်းက ဘယ်သူ့ကိုမှ မပြောပါဘူး”
“လိမ္မာလိုက်တာ” ရှမြန်က သူ၏နူးညံ့သောပါးလေးကို
ခပ်ကြမ်းကြမ်း နမ်းရှိုက်လိုက်သည်။
ရှမြန်သည် မပြန်ခင် ကျန်းမိသားစုထဲတွင်
ဖြစ်ပွားတော့မည့် မုန်တိုင်းကြီးတစ်ခုကို စတင် ပြုလုပ်ထားလိုက်သည်။
သူမသည် ကြိုးဖုန်းဘေးက ဖုန်းစာအုပ်ကို
လှန်လှောကြည့်လိုက်ပြီး ဟွမ်ရှောင်ကျွမ်း၏ အိမ်ဖုန်းနံပါတ်ကို ရှာကာ
ဖုန်းခေါ်လိုက်သည်။
“ဟွမ်ရှောင်ကျွမ်းကို ချက်ချင်း အိမ်ပြန်လာဖို့ ပြောပေးပါဦး။ သူက
လူတစ်ယောက်ရဲ့ဘဏ်စာအုပ်ကို ခိုးထားတယ်ဆိုပြီးတော့ တစ်ယောက်ယောက်က သတင်းပို့လာတယ်။
စာအုပ်ထဲမှာ ယွမ် ၃သောင်းကျော် ရှိတယ်တဲ့။ ဒါကပြင်းထန်တဲ့ ပြစ်မှုတစ်ခုတဲ့။ သူက
အနည်းဆုံးထောင်ဒဏ် ၅နှစ်လောက် ကျခံရနိုင်တယ်။ တကယ်လို့ ရှင်တို့တွေက သူ့ကို
ရှာမတွေ့ဘူးဆိုရင် သူ့ကို ဝရမ်းပြေးအဖြစ် သတ်မှတ်ကြလိမ့်မယ်။ ရှင်တို့တွေလည်း
နောက်ပိုင်းကျရင် နောက်ထပ်ပြစ်မှုတွေနဲ့ စွဲဆိုခံရလိမ့်မယ်။ တကယ်လို့ ရှင်တို့တွေက
သူ့ကို အိမ်မှာဆက်ပြီး နေခွင့်ပေးထားရင် သူ့ကို
ကာကွယ်ပေးထားတဲ့အတွက် ရာဇဝတ်သားကို လက်ခံထားတယ်လို့ စွပ်စွဲခံရလိမ့်မယ်”
“ဪ ဒါနဲ့လေ ကိစ္စတစ်ခုလောက် စုံစမ်းကြည့်ချင်လို့။ ဟွမ်ရှောင်ကျွမ်းက
ပြောတယ်။ သူတို့တွေက အိမ်တစ်လုံးဝယ်ဖို့ ရှင်တို့ဆီက ပိုက်ဆံချေးထားခဲ့တာတဲ့။
ယွမ်၄သောင်းကျော်ဆိုပဲ။ သူတို့တွေက ရှင့်ကို ဘယ်လောက်ပြန်ဆပ်ပြီးပြီလဲ။
ရှင်တို့မှာ အကြွေးစာရွက်ရှိလား။ အကြွေးစာချုပ် ရှိမှပဲ သူပြောတဲ့စကားက အမှန်ဆိုတာကို
သက်သေပြနိုင်မှာ”
ဖုန်းပြန်ဖြေသည့် အဘွားကြီးက
စိတ်အားတက်ကြွသည့် ယောက်ျားတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်ကို နားထောင်ရင်း
ရှမြန်က အလွန်မှ ဂရုတစိုက်ရှင်းပြလေသည်။
“ဟုတ်တယ်၊ သူပြောတာတော့ သူက ရှင်တို့ဆီက ငွေချေးထားတဲ့။ အကြွေးစာချုပ် ရှိမှပဲ သူပြောတဲ့စကားက အမှန်ဆိုတာကို
သက်သေပြပေးနိုင်မှာ”
ဒီအခြေအနေတွင် ဘာမှမဟုတ်သလို
ဆက်ပြောလိုက်သေးသည်။
“ရှင်တို့ကလည်းနော်၊ ဆွေမျိုးဖြစ်နေတယ်ဆိုရင်တောင်မှ
ဒီလောက်များပြားတဲ့ ငွေပမာဏကို ဘယ်လိုလုပ်ပြီး အကြွေးစာချုပ်တစ်ခု
မယူထားနိုင်ရတာလဲ။ နောက်ပြီးတော့ ရှင်တို့တွေကလည်း ဒီအကြွေးစာချုပ် ရှိမှသာ တရားရုံးမှာ ငွေကို
ပြန်တောင်းလို့ရမှာလေ”
“...”
“ဟုတ်တာပေါ့၊ တရားရုံးကလည်း အကြွေးစာရွက်ကိုပဲ ကြည့်မှာလေ။ နောက်ဆုံး
အကြောင်းမရှိဘဲနဲ့ ဘယ်သူက တစ်ယောက်ယောက်ရဲ့ အကြွေးစာချုပ်ကို ရေးပေးမှာလဲ။ တကယ်လို့ အကြွေးစာချုပ်ရှိတယ်ဆိုရင်
ငွေကို သေချာပြန်ဆပ်ရမှာ... အလို။ ဒီနေ့ခေတ်မှာ ငွေကိုချေးငှားတာနဲ့ ပတ်သက်လာရင်
ရှင်တို့တွေက ဘယ်လိုလုပ်ပြီးတော့ ရှင်တို့ရဲ့အသိစိတ်ပေါ်မှာပဲ မှီခိုအားထားနေကြတာတုံး”
ဖုန်းတစ်ဖက်က အသက်ရှူသံ
တဖြည်းဖြည်းပြင်းလာသည်ကို နားထောင်ရင်း ရှမြန်သည် ကျေနပ်စွာဖြင့်
ဖုန်းချလိုက်လေသည်။ ဒီနေ့ခေတ်တွင် အနည်းငယ်လောဘကြီးသည့်ဆွေမျိုးများ ဘယ်သူ့ဆီမှာ
မရှိဘဲနေပါမည်နည်း။
ဟွမ်ရှောက်ကျွမ်း၏မိဘများသည်
ဆင်းရဲကြပြီး သူတို့သည် ယောက်ျားလေးများကို မိန်းကလေးများထက် ပိုပြီး
ဦးစားပေးလေသည်။ ထို့ကြောင့် ဟွမ်ရှောက်ကျွမ်းတို့ ညီအစ်မအတွက် ဘဝက အမှန်တကယ် အလွန်ခက်ခဲခဲ့သည်။ သို့မဟုတ်လျှင်
ဟွမ်ရှောက်ကျွမ်းက ထိုမျှလောက် အရှက်မဲ့စွာ လက်မထပ်ခင် ကိုယ်ဝန်ယူ၊ မယားငယ်တစ်ယောက်
ဖြစ်လာပါမည်နည်း။
ထို့ကြောင့်ပဲ ကျန်းချီမင်က
ဟွမ်မိသားစုကို အလွန်မှ မုန်းတီးလေသည်။ ဒီလို အလားအလာအရှိဆုံး သမက်တစ်ယောက်ကို
မပြစ်မှားမိစေရန် အလို့ငှာ ဟွမ်မိသားစုသည် တော်တော်လေး
စကားနားထောင်ကြသည်။ သို့သော်ငြားလည်း ယွမ်၄သောင်း ရှိလာမည်ဆိုလျှင်တော့... ဟဲဟဲ ...
ဖုန်းချလိုက်ပြီးနောက်တွင် ရှမြန်က
၀က်သားတစ်ပိုင်းကို ထုတ်ယူလာပြီး ရှောင်ဖုန်း၏ ညစ်ပေနေသည့် မြွေရေခွံအိတ်လေးထဲသို့
ပစ်ထည့်လိုက်လေသည်။
နောက်ဆုံးတွင် သူမသည် အခုတော့
အများကြီးရှင်းလင်းသွားသည့် ဧည့်ခန်းကြီးကို ပတ်ကြည့်လိုက်ပြီးနောက်တွင်
အိတ်ကပ်ထဲသို့ အိမ်သော့ကိုထည့်ကာ ထွက်လာခဲ့တော့သည်။
ဒီလောက်ဉာဏ်ကောင်းပြီး
အရည်အချင်းရှိနေသည်ကို ပထမဦးဆုံး သိလိုက်ရသည့်အချိန်တွင် ရှမြန်သည် စိတ်ရွှင်လန်းစွာဖြင့်
သီချင်းလေးကို ညည်းညူရင်း ရှောင်ဖုန်းကို အောက်ထပ်သို့ ခေါ်ဆင်းလာတော့သည်။ သူမသည်
ကျန်းလင်မယား၏ အံ့သြသွားမည့်အမူအရာကို ကိုယ်တိုင် မတွေ့လိုက်ရသည်ကတော့
တစ်ခုတည်းသော နှမြောစရာကိစ္စပင်။
...