အပိုင်း (၂၇)
မင်မြို့သည် အမှန်တွင်တော့
မင်ရှီစီရင်စုမြို့နှင့် သိပ်ပြီး မဝေးကွာလှချေ။ နောက်ပိုင်းကာလများတွင်
အမြန်ရထားဖြင့် စီးလျှင် အချိန် ၁ နာရီသာ ကြာသည်။ အခုတော့ ဘတ်စ်ကားများက
လက်ချိုးရေ၍ ပင်ရသည်။
ရှမြန်က ရှောင်ဖုန်းကို
လက်ထဲတွင်ချီထားပြီး အမြန်လမ်းပေါ်တွင် ၅နာရီ၊ ၆နာရီကြာအောင် ရပ်လိုက်၊
သွားလိုက်လုပ်နေသည့် ခနော်နိခနော်နဲ့ အနီရောင် ဘတ်စ်ကားပေါ်တွင် ထိုင်နေသည်။
သူမသည် လဲကျတော့လု မတတ်ပင်။
မင်ရှီစီရင်စု၏ ကားရပ်နားစခန်းသို့
ရောက်လာသည်တွင် ရှမြန်သည် ရှောင်ဖုန်းကိုချီထားရင်း မနေနိုင်တော့ဘဲ ကားပေါ်မှ
ပြေးဆင်းရတော့သည်။ သူမသည် အသက်ပြင်းပြင်း ၂ ချက်လောက် ရှူလိုက်ပြီးမှ
အသက်ပြန်ရှင်လာလေသည်ဟု ခံစားလိုက်ရလေသည်။
ရှောင်ဖုန်းကလည်း
စိတ်အခြေအနေမကောင်းချေ။ ကောင်ကလေးက ကားမူးနေပြီး လမ်းပေါ်တွင်
စားထားသည့်ပန်းသီးကိုပင် ပြန်အန်ထုတ်လိုက်သည်။
သူမသည် ၂ယွမ်သုံးကာ ဆိုက်ကားတစ်စီးကို
ငှားရမ်းလိုက်ပြီး ရှမိသားစုသို့ ပြန်လာသည်။
ရှမိသားစုအိမ်သည်
မင်ရှီစီရင်စုအလယ်တန်းကျောင်း ဘေးတွင်ရှိသည်။ ကောင်းမွန်သည့် မြေနေရာ
အနေအထားတစ်ခုပေါ်တွင်ရှိသည့် ထိုအိမ်ကို အဘိုးရှ သက်ရှိစဉ်က အဘိုးရှနှင့်
အဖေရှတို့က ဆောက်လုပ်ထားခြင်းဖြစ်သည်။ အစပိုင်းကတော့ ထိုအိမ်သည်
အဓိကအခန်း၆ခန်းပါ၀င်သည့် ခြံ၀န်းအကြီးကြီးတစ်ခု ဖြစ်လေသည်။ အဘိုးရှသေဆုံးသွားပြီး
အဖေရှ နေမကောင်းဖြစ်သည်တွင် ဆိုးယုတ်လှသည့်ဦးလေးရှက
ဒီအခြေအနေကိုအခွင့်ကောင်းယူပြီး အိမ်ကို လုယူလိုက်ကာ အခန်း၂ခန်းသာ
ချန်ထားပေးခဲ့သည်။
ဒီအခန်း၂ခန်းကိုပင်
အမေရှဆုံးပါးသွားပြီးနောက်တွင် ဦးလေးရှက မျက်စိကျနေလေသည်။
ခြံ၀န်းတံခါးသည်
သံလက်ကိုင်တစ်ခုတပ်ထားသည့် သာမန်သစ်သားတံခါးတစ်ခုဖြစ်သည်။ သို့သော်ငြားလည်း
နံရံကတော့ မမြင့်ချေ။ အလွယ်တကူ ခုန်တက်၍ရနိုင်သည့် သိသာထင်ရှားသည့်
အမှတ်အသားရှိနေသည့် နေရာတစ်ခုတွင် ချိုင့်ခွက်ကြီးတစ်ခု ဖြစ်နေသည်။ ဒီအိမ်ကို
သူတို့၏အိမ်ပိုင်ဟု သတ်မှတ်ထားသည့်ရှမိသားစု၏ ဒုတိယအိမ်ထောင်စုကလွဲလျှင်
တခြားမရှိတော့ပေ။
ရှမြန်သည် တံခါးကို
ဖွင့်လိုက်ပြီးနောက်တွင် ခြံ၀န်းက အလွန်မှသန့်ရှင်းနေသည်ကို တွေ့လိုက်ရသည်။
ပုံမှန်ရှင်းလင်းနေခြင်း မဟုတ်ဘဲ ဓားပြများက ၀င်ရောက် မွှေနှောက်သွားသလို ဗလာအတိဖြစ်နေပြီး
ရှင်းလင်းနေခြင်းသာ ဖြစ်သည်။
ရှမြန်၏မှတ်ညဏ်ထဲတွင် မူလခန္ဓာ
ကိုယ်ထွက်သွားသည့် အချိန်တွင် မီးသွေးတချို့၊ ထင်းမီးဖိုတစ်ခု၊
ဆောက်လုပ်ထားခြင်းမှ ကျန်သည့် အုတ်အဟောင်းတချို့၊ ပုလင်းလွတ်တချို့ စသည်တို့သည်
ထောင့်တစ်ခုတွင် ကျန်ရှိနေသေးသည်။
ပုံမှန်ဆိုလျှင် မထင်ရှားသည့် တိုလီမုစလေးများကပင်
ဒီခြံလေးကို အိမ်ဟူသည့်ခံစားချက်ကို ပေးနိုင်လေသည်။
ယခုတော့ ခြံ၀န်းလေးသည်
အလွန်မှရှင်းလင်းနေပြီး သစ်ကိုင်းတစ်ကိုင်းပင် မရှိတော့ချေ။ ပစ္စည်းများကို
ယူသွားသည့်လူများသည် အုတ်ကြားထဲက ဟနေသည့် မြေဆွေးများကိုပင် ခြစ်ထုတ်ကာ စိုက်ပျိုး ရေးတွင်
အသုံးပြုရန်အတွက် ယူပြန်သွားလိုခြင်းဖြစ်သည်။
ရှမြန်သည် ဒေါသထွက်မိလွန်းသဖြင့်
အော်ရယ်မိလေသည်။ သို့သော်ငြားလည်း သူမသည် ဒီအခိုက်အတန့်တွင် ဒီလိုလုပ်ဖို့ရန်
အင်အားမရှိတော့ချေ။ ကံအားလျော်စွာ ပင်မအိမ်၏ တံခါးများနှင့်
ပြတင်းပေါက်များကိုတော့ သော့ခတ်ထားပြီး ထိကိုင်ထားခြင်းမရှိပေ။ ထို့ကြောင့်
တစ်ဖက်လူသည် ထိုသို့မလုပ်ရဲသည်က သိသာထင်ရှားနေသည်။
နောက်ဆုံး တစ်စုံတစ်ခုကို ခိုးယူခြင်းက
အကြောင်းအရာတစ်ခု ဖြစ်သော်ငြားလည်း အိမ်တစ်လုံးကို ထိုးဖောက်ခြင်းကတော့
ခိုးမှုဖြစ်လေသည်။ သူသည် ထိုသို့လုပ်ရဲခဲ့လျှင်ပင် သူတို့သည်
မိသားစုများဖြစ်သည့်တိုင် ရှမိသားစုဝင်များက သူ့ကို ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။
သူမသည် လေဝင်လေထွက်ရရန်
တံခါးနှင့်ပြတင်းပေါက်များကို ဖွင့်လိုက်ပြီး ဖုန်မတက်အောင် ဖုံးထားသည့် ပိတ်စကို ဖယ်ရှားလိုက်ကာ
ဇလုံတစ်ခုထဲတွင်ရေဖြည့်လိုက်ပြီး သစ်သားခုတင်နှင့် ဖျာကိုအကြမ်းဖျဉ်း
သုတ်လိုက်သည်။ ထို့နောက်တွင် ကလေးကို ခုတင်ပေါ်တွင် တင်ပေးလိုက်သည်။
“ခဏလောက် အိပ်လိုက်အုံး ဗိုက်ဆာနေပြီလား”
ရှောင်ဖုန်း၏မျက်နှာလေးက
အနည်းငယ်ဖြူဖျော့နေပြီး သူက စိတ်နှင့်ကိုယ်မကပ်သလို ပြောလိုက်လေသည်။
“ဗိုက်မဆာပါဘူး”
ရှမြန်သည်အိမ်နားက စတိုးဆိုင်ဆီသို့ သွားလိုက်ပြီး
ရေနွေးတချို့တောင်းယူလိုက်ကာ အရင်ဆုံး နို့မှုန့်၂ခွက်ကို ဖျော်လိုက်ပြီး
တစ်ယောက်တစ်ခွက် သောက်လိုက်ကြပြီးနောက်တွင် ၂ယောက်စလုံး အိပ်ပျော်သွားတော့သည်။
နိုးတစ်ဝက် အိပ်တစ်ဝက်အခြေအနေတွင်
ရှမြန်သည် ရုတ်တရက်ဆိုသလို ခုတင်ဘေးတွင် လှုပ်ရှားမှုတချို့ကို သတိထားမိလိုက်သည်။
သူမသည် အလန့်တကြားဖြစ်သွားပြီး သူခိုးတစ်ယောက်က ခိုးဝင်လာသည်ဟု ထင်လိုက်သည်။
နောက်ဆုံး သူမသည် မအိပ်ခင် တံခါးကို သော့ခတ်ခဲ့ခြင်းဖြစ်သည်။
သူမက မျက်လုံးများကို
မသိမသာဖွင့်လိုက်သည်တွင် ခုတင်ဘေးတွင်ဆောင့်ကြောင့်ထိုင်နေသည့်
ပုဝဝပုံရိပ်လေးတစ်ခုကို တွေ့လိုက်ရပြီး ထိုပုံရိပ်လေးက သူမယူပြန်လာခဲ့သည့်
အဝတ်အစားအိပ်ကို မွှေနှောက်နေလေသည်။
ရှမြန်က တစ်ချက်လှမ်းကြည့်လိုက်သည်တွင်
ဦးလေးရှ၏ အငယ်ဆုံးသား ရှပေါင်ဖြစ်နေသည်ကို
ချက်ချင်းမှတ်မိသွားသည်။
သူမသည် မျက်နှာကိုမဲ့ထားလိုက်ပြီး
ကလေးလေး မကြောက်လန့်စေရန် ရှောင်ဖုန်းကို အရင်ဆုံးဘေးသို့ တိတ်တိတ်လေး
တွန်းပေးလိုက်သည်။ ကလေးက အအိပ်ဆတ်ပြီး သူမက သူ့ကို တွန်းလိုက်သည့်အချိန်တွင်
ချက်ချင်းနိုးလာတော့သည်။ သူက ဘာမှမပြောရသေးခင်မှာပင် ရှမြန်က တိတ်တိတ်လေးနေဖို့
မြန်မြန်လက်ဟန်ပြလိုက်သဖြင့် ကလေးက သတိနှင့် သူ့ပါးစပ်လေးကို အုပ်ထားလိုက်သည်။
ထို့နောက်တွင် ရှမြန်သည်
ဘေးတွင်ချထားသည့် ပိတ်စကြီးတစ်ခုကို ကောက်ယူလိုက်ကာ ရုတ်တရက် ထရပ်လိုက်ပြီး
ထိုလူဝလေးအပေါ် အုပ်လိုက်ပြီးနောက်တွင် သူမဘေးက တံမြက်စည်းကို ကောက်ယူကာ သူ့ကိုနာနာလေး ရိုက်နှက်ရင်း
အော်ဟစ်ပြောဆိုလေသည်။
“သူခိုးကို ဖမ်းကြပါ။ သူခိုးကို ဖမ်းကြပါ။ သူက အိမ်ထဲကို
ထိုးဝင်လာပြီး နေ့ခင်းကြောင်တောင်ကြီး ပစ္စည်းကို လုယူနေပါတယ်”
ထိုလူသည် ရိုက်နှက်ခံလိုက်ရသဖြင့်
ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။ နောက်ထပ် ၃၊၄ချက်လောက်
ရိုက်ခံရပြီးနောက်တွင် နာကျင်မှုက ပျံ့နှံလာပြီး သူသည် စတင်ရုန်းကန်ကာ
ပိတ်စအောက်မှ အော်ဟစ်လေသည်။
“ငါပါ၊ ငါပါ။ ငါက ရှပေါင်။ ရှမြန် နင်ရူးနေလား”
ပေါက်ကရများကို နားမထောင်ချင်သဖြင့်
ရှမြန်က ထိုလူဝလေးကို ကန်ကြောက်လိုက်ပြီး တံမြက်စည်းကို လွှတ်ပစ်လိုက်ကာ
သူ့မျက်နှာနှင့်ဖင်ကို ခပ်နာနာလေး ရိုက်ဖို့ရန်အတွက် ပိုပြီးအဆင်ပြေသည့်
ကြက်မွှေးကို ကောက်ယူလိုက်တော့သည်။
ဒီနေရာတွင် နေထိုင်ကြသည့် ရှမိသားစု၏
ဆွေမျိုးများစွာ ရှိလေသည်။ သူတို့သည် ရှမြန်၏အသံကို ကြားလိုက်သည့် အချိန်တွင်
အလောတကြီး ပြေးထွက်လာကြပြီး သစ်သားတံခါးက အထဲဘက်မှ ပိတ်ထားသည်ကို မြင်လိုက်ကြသည်။
အထဲဘက်တွင် တော်တော်လေး ဆူညံပွက်လောရိုက်နေသည်။
သန်မာပြီးစိုးရိမ်သည့်
အသံတစ်ခုကထွက်လာသည်။
“မြန်မြန် အထဲမှာ မြန်မြန်လား”
“ကျွန်မပါ” ရှမြန်က ရိုက်နှက်ရင်း အော်ပြောလေသည်။
“ဦးလေးလား၊ ဦးလေး ကျွန်မ သူခိုးတစ်ယောက် ဖမ်းထားတယ်။ ကျွန်မ သူ့ကို
မလွှတ်ပေးရဲဘူး”
“မြန်မြန်လုပ်။ ရှောင်ဟယ်နဲ့ ရှောင်ချွမ်း အထဲကို တစ်ချက်လောက် သွားကြည့်ပါအုံး” ဦးကြီးရှက
မြန်မြန်ဆန်ဆန် အစီအစဉ်ဆွဲလိုက်လေသည်။
ချက်ချင်းဆိုသလို လူငယ်လေး၂ယောက်က
အုတ်တံတိုင်းကို ကျော်ဖြတ်လာပြီး တစ်ယောက်က တံခါးကိုဖွင့်ပေးကာ
လူအများဝင်လို့ရအောင် လုပ်ပေးလိုက်ပြီး ကျန်တစ်ယောက်ကတော့ အကူအညီပေးဖို့ရန်
အိမ်ထဲသို့ အရှိန်ဖြင့်ပြေးဝင်သွားလေသည်။
ရှချွမ်းသည် အခန်းထဲသို့ဝင်လာချိန်တွင်
တဒင်္ဂ မှင်တက်အံ့ဩသွားတော့သည်။ ဂါ၀န်ဝတ်ထားသည့် မိန်းမလှလေးတစ်ယောက်က
အပြာရောင်ပိတ်စဖြင့် ဖုံးအုပ်ခံထားရသည့် လူတစ်ယောက်ကို ဖိနှိပ်ထားပြီး ထိုပုံရိပ်က
တော်တော်လေးကြီးမားနေပြီး အကြမ်းပတမ်း ရုန်းကန်နေသည်။
ရှချွမ်းမှာ ရှမြန်၏အပြောင်းအလဲကို
အံ့အားသင့်ဖိုရန်အချိန်မရဘဲ အကူအညီပေးဖို့ ရှေ့သို့အမြန်ရောက်လာသည်။
ဒီနေ့ခေတ်တွင် လူများသည် ရဲဌာနကို
အကြောင်းမကြားကြပေ။ သူတို့သည် သူခိုးတစ်ယောက်ကို ဖမ်းမိလျှင် ထိုကိစ္စကိုဖော်ပြဖို့ရန်
စကားတစ်ခွန်းသာလိုလေသည်။ သူ့ကို ရိုက်နှက်ပစ်ရမည်။
ရှချွမ်းသည်
အသက်၂၀အရွယ်လူငယ်လေးတစ်ယောက်ဖြစ်ပြီး သူသည် အားကို ထိန်းချုပ်မထားခဲ့ချေ။ ရှပေါင်က
အော်ဟစ်ရုန်းကန်ရင်း ငိုကြွေးတော့သည်။
“ငါပါ၊ ငါပါ၊ ရှမြန် နင်နားကန်းနေလား”
ရှချွမ်းသည် ရှပေါင်၏အသံကို
ကြားလိုက်ချိန်တွင် ခဏလောက်ရပ်တန့်သွား၏။ သို့သော်ငြားလည်း ရှမြန်ကတော့ ထိုစကားကို
ကြားဟန်မတူဘဲ သူ့ကို သူခိုးတစ်ယောက်လို ဆက်ဆံနေလေသည်။ သူသည် ကြိတ်ပြီးရယ်မောမိကာ
သနားဟန်မပြမိတော့ချေ။
အဓိကအကြောင်းရင်းမှာ ဒီကလေးသည် အလွန်မှ
စုတ်ပဲ့လွန်းလှသောကြောင့်ပင်။ ဒီလို အရွယ်ငယ်ငယ်လေးနှင့် သူသည် သူ့မိဘဆီက မကောင်းသည့်အကျင့်အားလုံးကို
သင်ယူတတ်မြောက်လာပြီး တခြားသူအပေါ်တွင် အခွင့်အရေးယူတတ်ကာ ပစ္စည်းများကို ခိုးယူတတ်လေသည်။ သူသည် မိဘများထက်ပင်
ပိုပြီးတော်နေသေးသည်။
ကံဆိုးခြင်းတော့ ရှအဒေါ်၂သည်
ကျိုးကြောင်းသင့်သူ မဟုတ်ပေ။ ဆွေမျိုးများနှင့် မိတ်ဆွေများက ဘာမှမတတ်နိုင်ဘဲ
သူမကြောင့် ကြီးကြီးမားမား နစ်နာခဲ့ရလေသည်။
ဟုတ်ပါသည်။
အကြီးဆုံးနစ်နာရသည့်မိသားစုမှာ ထောက်ပံ့ပေးသည့် အိမ်ထောင်ဦးစီး မရှိသည့် ရှမြန်၏မိသားစုသာ ဖြစ်လေသည်။
သူ၏၀မ်းကွဲညီမလေးသည်
မြို့ကပြန်ရောက်လာပြီးနောက်တွင် အများကြီးပိုပြီး ပါးနပ်သွားလိမ့်မည်ဟု
ရှချွမ်းသည် မျှော်လင့်မထားခဲ့ချေ။
ရှမြန်က ပတ်၀န်းကျင်ကို ကြည့်လိုက်ပြီး
ထောင့်နားက လျှော်ကြိုးတစ်ခုကို ကောက်ယူလိုက်ကာ ရှပေါင်၏ပါးစပ်ကို
ပိတ်စများဖုံးလျက်သားဖြင့် ချည်နှောင်ထားလိုက်သည်။ ရှပေါင်သည် ပါးစပ်အဖွင့်သား
အော်ဟစ်နေပြီး ဒီတစ်ကြိမ်တွင်တော့ သူသည် အလယ်တွင် ချည်နှောင်ထားခံလိုက်ရလေသည်။ လျှော်ကြိုးချည်က
သူ့ပါးစပ်ကို ဖြတ်စည်းထားပြီး သူ့လျှာကို ဖိထားလေသည်။ သူသည် ညည်းညူသည့်
အသံတစ်ခုမှလွဲလျှင် ဘာတစ်ခုမှ မပြောနိုင်တော့ချေ။
ရှချွမ်းက ရှပေါင်၏ပြင်းထန်သည့်
အသက်ရှုသံကြောင့် ပိတ်စထဲက အပေါက်ကိုကြည့်လိုက်ပြီး အသက်မရှူနိုင်သဖြင့် ရှပေါင်
မွန်းကြပ်သွားမည်ကို စိုးလေသည်။ ထို့ကြောင့် သူက ရှပေါင် အသက်ရှူနိုင်ရန်အတွက်
ပိတ်စပေါ်တွင် လက်ချောင်းဖြင့်ဆွဲညှစ်ကာ အပေါက်လေး ဖောက်ပေးလိုက်သည်။ သူတို့၏မျက်လုံးထဲတွင်
ထုတ်ပြောစရာမလိုသည့် နားလည်မှုတစ်ခုရှိနေသည်။
လူအုပ်ကြီးတစ်အုပ်က နောက်မှနေ၍
လိုက်လာသည်။ ရှမြန်က တစ်စုံတစ်ယောက်ကို ချည်တုပ်ဖို့ ကြိုးစားနေသည်ကို မြင်လိုက်သည်တွင်
သူတို့သည် ချက်ချင်းရောက်လာပြီး အကူအညီပေးကြလေသည်။ ထို့နောက်တွင်
အပြေး၀င်လာသည့်လူငယ်လေးများသည် ဘာကိုမှ ဂရုမစိုက်တော့ဘဲ ထိုကောင်လေးကို
အရင်ဆုံးကန်ကျောက်လိုက်ပြီး အော်ဟ စ်ညည်းညူသံတစ်ခုကိုတောင် ပိတ်စအောက်မှကြား နေရသည်။
အသားညိုညို၊ ပိန်ပိန်ပါးပါး၊
အရပ်မြင့်မြင့်လူတစ်ယောက်က ၀င်လာသည်။ သူသည် အသက် ၅၀ ၀န်းကျင်ရှိဟန်တူပြီး
တောက်ပသည့်မျက်လုံးနှင့် မာထန်သည့်မျက်လုံးကို ပိုင်ဆိုင်ထားသည်။
“ဘာတွေဖြစ်နေတာလဲ”
ဒီလူသည် ရှမြန်အဖေ၏ ၀မ်းကွဲတစ်ယောက်ဖြစ်သည်။
ထို့ ကြောင့် ရှမြန်ကသူ့ကို ဦးကြီးဟုခေါ်သည်။ သူသည် သူတို့မိသားစု၏
ဆွေမျိုးရင်းတစ်ယောက်ဟု မှတ်ယူနိုင်သည်။
ဦးကြီးရှသည် ဖြောင့်မတ်ပြီး
တာ၀န်သိတတ်သူတစ်ယောက်ဖြစ်သည်။ သူ့ကို ရှမိသားစုတစ်ခုလုံး၏ အိမ်ထောင်ဦးစီးဟု
မှတ်ယူနိုင်သည်။ ဆွေမျိုးများက သူတို့အကြားတွင် ကိစ္စကြီးကြီးမားမားကို
ကိုင်တွယ်ဖြေရှင်းပြီး ဖြန်ဖြေပေးဖို့ရန်အတွက် သူ့ကိုတောင်းဆိုတတ်ကြသည်။ သူကလည်း
နှစ်ပေါင်းများစွာရှမိသားစု၏ သားအမိ၂ ယောက်ကို သေသေချာချာလေး
စောင့်ရှောက်ပေးခဲ့သည်။
ရှမြန်က ပြောလိုက်၏။
“ကျွန်မ ဒီနေ့ပဲ မင်မြို့က ပြန်လာတာ။ အရမ်းပင်ပန်းသွားပြီး
ချက်ချင်းပဲ အိပ်ပျော်သွားတယ်။ အဲ့ဒီ နောက်မှာတော့ တစ်ယောက်ယောက်က
ကျွန်မရဲ့ပစ္စည်းတွေကို ခိုးကြောင်ခိုးဝှက်လုပ်နေတာကို ခံစားလိုက်ရတယ်လေ။ ကျွန်မလည်း
အရမ်းကြောက်သွားပြီး သူ အိပ်ရာထဲကို ရောက်လာတဲ့အခါ ပိတ်စကြီးနဲ့
သူ့ကို အုပ်ထားလိုက်ရတာပဲ။ တော်ပါသေးရဲ့၊ ဦးလေးတို့တွေ မြန်မြန်ရောက်လာပေလို့ပဲ”
“ဒါက ဘယ်လိုလူမျိုးလဲ၊ အရမ်းကို အတင့်ရဲလို့ အုတ်တံတိုင်းကို
ကျော်တက်ရဲတယ်ပေါ့။ ပစ္စည်းခိုးဖို့ အိမ်ထဲကိုတောင် ခိုးကြောင်ခိုးဝှက်
၀င်လာရဲတယ်ပေါ့ “ လူငယ်လေးတစ်ယောက်က ပြောလိုက်သည်။
သူသည် ပိတ်စအောက်က လူကို
ထပ်ပြီးကန်ကျောက်လိုက်သည်။
“မင်းက တကယ်ပဲ၊ သေရမှာမကြောက်ဘူးပေါ့လေ။ ငါတို့ ရှမိသားစုက
အနိုင်ကျင့်ဖို့ လွယ်ကူသလားလို့ အရင်ဆုံး မေးကြည့်ပါအုံးလား”
နာကျင်မှုကြောင့် ညည်းညူနေသည့်အသံတစ်ခုက
ပိတ်စအောက်က ထွက်လာသည်။
ဦးကြီးရှက တင့်တယ်လှပသည့်မိန်းကလေးကို
အရင်ဆုံး ကျေနပ်စွာ ကြည့်လိုက်သည်။
“အင်း၊ ကြည့်ရတာ မြို့ကိုတက်တာက အကျိုးတွေရှိတဲ့ပုံပဲ။
အများကြီးပိုပြီး ကောင်းလာတယ်”
ရှမြန်က ရှက်ရှက်နှင့် သူမ၏ခေါင်းကို
ကိုင်လိုက်သည်။
“အင်း ကျွန်မက နောက်ဆိုရင် သေချာပေါက် စာကြိုးစားမှာပါ”
ဦးကြီးရှက စိတ်အေးသွားကာ
ခေါင်းညိတ်လိုက်သည်။ သူသည် ကြမ်းပြင်ပေါ်တွင် ပိတ်လှောင်ခြင်းခံထားရသည့်လူကို
ကြည့်လိုက်သည့်အချိန်တွင် တစ်ခုခုကို စဉ်းစားမိဟန်တူသည်။ သူက မျက်မှောင်ကြုတ်ကာ
ဒေါသတကြီးပြောလိုက်၏။
“ဒီကလေးက ဘယ်မိသားစုကလဲဆိုတာ ကြည့်ရသေးတာပေါ့။ သူ့ကို
ရဲစခန်းကိုပို့တာဖြစ်ဖြစ် စည်းကမ်းတွေနဲ့ဆုံးမဖို့ ဘိုးဘေးခန်းမကို ပို့တာဖြစ်ဖြစ်
လုပ်ရမယ်”
လူငယ်လေးများက သူ့ကိုအရင်ဆုံး
ထိုးနှက်ကန်ကျောက်လိုက်ကြသည်။ ထို့နောက်တွင်တော့ ကျိန်ဆဲရင်းက ကြိုးကို
စပြီးဖြည်ပေးလိုက်ကြလေသည်။
လူ၂ ယောက်သည် ရုတ်တရက်ဆိုသလို
တံခါးအပြင်ဘက်မှ ဒရောသောပါး ပြေး၀င်လာတော့သည်။
“ရှပေါင်” ရှေ့က၀င်လာသူသည် အသက် ၄၀ ၀န်းကျင်ရှိပြီး အရပ်မမြင့်သလို
အသားမဲမဲ၊ ပိန်ပိန်ပါးပါးဖြစ်သည်။ ရှမြန်မှာ စုန့်ရှောက်ပေါင်ကို
တွေ့လိုက်ရသည်ဟုပင် စဉ်းစားမိလေသည်။
နောက်မှလိုက်၀င်လာသည့် မိန်းမကြီးမှာ
၀၀ဖိုင့်ဖိုင့် အသားဖြူဖြူဖြစ်သည်။ သူမသည် ဒရောသောပါး ပြေး၀င်လာပြီး ပိတ်စကို
ချက်ချင်းမဖို့ ကြိုးစားလေသည်။ သို့သော်ငြားလည်း ရှမြန်က
လျှော်ကြိုးကိုတင်းကြပ်နေအောင် ချည်နှောင်ထားခဲ့သည်ဖြစ်ရာ ပိတ်စကို မ မနိုင်ဘဲ
ရှိနေတော့သည်။
သို့သော်ငြားလည်း ဒီလူ၂ ယောက်မှာ
နောက်ဆုံးမိဘအရင်းများ ဖြစ်ကြလေရာ
ကိုယ်ခန္ဓာပုံစံကို ကြည့်လိုက်ရုံနှင့်
သူတို့သည် သူတို့၏အချစ်ရဆုံးသော သားအငယ်ဆုံးဖြစ်နေသည်ကို
ချက်ချင်းမှတ်မိလိုက်လေသည်။
ရှအဒေါ်၂က မျက်ရည်များ
ဖြိုင်ဖြိုင်စီးကျလာကာ ပြောလေသည်။
“ဘုရားရေ ရှမြန်ရယ်၊ နင်က တကယ်ပဲ နင့်မောင်လေးကို ရိုက်ခဲ့တာပဲ။ နင်က
တကယ် စိတ်ပုတ်တဲ့သူပဲ”
အားလုံးက ချက်ချင်းနားလည်သွားကြသည်။
အကယ်၍ ဒါသည် ရှပေါင်ဖြစ်လျှင် ဒါက အဓိပ္ပာယ်ရှိပေသည်။
ရှမိသားစု၏ ဒုတိယအိမ်ထောင်စုသည်
ရှမိသားစုတစ်ခုလုံးကို ခေါင်းခဲစရာ လုပ်နေသည့် အဆိုးဆုံးမိသားစုတစ်ခု ဖြစ်လေသည်။
ရှဦးလေး၂သည် တခြားသူများအပေါ်
အမြတ်ထုတ်ရသည်ကို ကြိက်နှစ်သက်ပြီး သူသည် ငွေတစ်ပြားရလျှင်ပင် ပျော်နေတတ်လေသည်။
ရှအဒေါ်၂ကလည်း ပစ္စည်းများကို
ခိုးယူရသည်ကို ကြိုက်လေသည်။ သူမသည် ဘယ်အိမ်သို့သွားသွား သူမသည် ပစ္စည်းများကို
မျက်စိသာမှိတ်မထားခဲ့လျှင် အပ်တစ်ချောင်းပင်ဖြစ်စေ သူမ ပြန်ထွက်လာသည့်အချိန်တွင်
သေချာပေါက်တစ်ခုခုတော့ ပျောက်ဆုံးနေပေလိမ့်မည်။
သူတို့မိသားစုက ကလေး၃ယောက်ကလည်း
အနည်းနဲ့အများတော့ လွှမ်းမိုးမှုရှိကြသည်။ ရှပိုင်ကတော့ အများဆုံးလွှမ်းမိုးခံရသူ
ဖြစ်သည်။ ဒီကလေးသည် သူတို့၂ ယောက်လုံး၏ အရည်အချင်းအစစ်အမှန် ပေါင်းစပ်ထားခြင်းပင်။
ဒေါသထွက်စရာ အကောင်းဆုံးကိစ္စမှာ
ရှပေါင်သည် လုံး၀သတ္တိမရှိသော်ငြားလည်း အလွန်မှ အရှက်မဲ့လှသည်။ သူသည် ဆွေမျိုးများနှင့်
သူငယ်ချင်းများအပေါ် အထူးတလည် ပစ်မှတ်ထားတတ်သည်။ ထို့ကြောင့်
သူ့ကိုဖမ်းမိခဲ့လျှင်ပင် ရှဦးလေး၂က သနားစဖွယ် တောင်းပန်တိုးလျှိုးတတ်ပြီး
ရှအဒေါ်၂ကတော့ ပြသာနာရှာတတ်ကြလေရာ သူတို့သည် အမှန်စင်စစ် အရှုံးပေးရပေသည်။
ရှမြန်၏အဖေ
ဆုံးပါးသွားသည့်နောက်ပိုင်းတွင် ရှမြန်၏အမေက အနစ်နာရဆုံးဖြစ်လေသည်။ အကြောင်းမှာ
သူမသည် သိတတ်ပြီး စိတ်သဘောထားကောင်းမွန်ကာ မိသားစု၂ခုကလည်း နံရံတစ်ခုသာ
ခြားထားခြင်းကြောင့်ဖြစ်သည်။
သို့သော်ငြားလည်း ရှမြန်ကတော့ သူတို့ကို
မကြောက်ပေ။ သူမသည် လူမိုက်များကို လူမိုက်များထက် ဆိုးသည့်ပုံစံဖြင့် ဆက်ဆံမည်ဖြစ်ကာ
လူလိမ်၊ လူညစ်များကိုလည်း
ထို့ထက်ပိုဆိုးသည့်ပုံစံဖြင့် ဆက်ဆံပေလိမ့်မည်။
မည်သို့ဆိုစေ သူမသည် စာပေပိုင်းတွင်တော့
နတ်သမီးတစ်ယောက်ဖြစ်နိုင်သလို သိုင်းပညာဘက်တွင်တော့ လူရိုင်းတစ်ယောက်လည်း
ဖြစ်နိုင်ပေသည်။ သူမ၏အင်္ကျီအောက်တွင် နည်းလမ်းပေါင်းများစွာရှိပေရာ မည်သူက
မည်သူကို ကြောက်ရွံ့ရပါမည်နည်း။
“အဒေါ်၂၊ အဒေါ် ဘာတွေပြောနေတာလဲ” ရှမြန်က
ပြောလိုက်သည်။
“ကျွန်မ နေ့လယ်တုန်းကမှ ပြန်လာတာလေ။ ကျွန်မ မအိပ်ခင် တံခါးကို
သေချာပေါက် ခတ်ထားခဲ့တယ်။ အစ်ကိုရှချွမ်းကတောင် အထဲ၀င်ဖို့ အုတ်တံတိုင်းကို
ခုန်ကျော်လာရတာလေ။ သူက သူခိုးဆိုတာ သိသာနေရဲ့သားနဲ့”
ထို့နောက်တွင်တော့ သူမသည်
ထိုကောင်စုတ်လေးကို ထပ်ပြီးကန်ကျောက်ကာ ပြောလေသည်။
“နင်က ငါ့အိမ်ကပစ္စည်းကို ခိုးရဲတယ်ပေါ့လေ။ ငါ နင့်ကို
သေအောင်ရိုက်နှက်ပစ်မယ်”
ရှအဒေါ်၂သည် သူမကို ဒေါသဖြင့်
စိုက်ကြည့်ပြီး ရှမြန်ကို ရိုက်နှက်ဖို့ လှမ်းဆွဲလေသည်။
“နင်တမင် လုပ်တာမဟုတ်လား။ နင့်မှာ မကောင်းတဲ့စိတ်ကူးရှိတာ ငါသိသားပဲ။
နင်က စကားတစ်ခွန်းမှ မပြောဘဲ ပြန်လာတယ်။
ငါတို့တွေက အုတ်တံတိုင်းပဲ ခြားတာပဲ။ လာနှုတ်ဆက်လို့ရော ဘာဖြစ်သွားမှာမလို့လဲ”
နှုတ်ဆက်တယ်ဆိုတဲ့ စကားတစ်ခွန်းနဲ့ပဲ
နင်တို့တွေက ငါတို့ကို လာပြီးနှောင့်ယှက်လို့ရတယ်ပေါ့လေ။
ရှမြန်သည် ဦးကြီးရှ၏
နောက်တွင်၀င်ပုန်းလိုက်ကာ မျက်မှောင်ကြုတ်ထားပြီး အော်ဟစ်ပြောဆိုလေသည်။
“ဦးကြီးရေလုပ်ပါအုံး”
ရှအဒေါ်၂သည် ကြမ်းပြင်ပေါ်တွင်
ထိုင်ချလိုက်ကာ စတင်ငိုယိုပြီး သူမ၏အသံကို ဆွဲကာပြောလေသည်။
“အဲ့ဒီ သေချင်းဇိုးမလေး ရှမြန်က ငါတို့ကို အငြိုးအတေးထားနေတာ ... ... မြို့က သူ့ခဲအိုရဲ့အထောက်အပံ့နဲ့ သူကငါတို့မိသားစုကို အထင်သေးနေတာ။ ပြီးတော့ သူက ငါနဲ့
သူ့ရဲ့ဦးလေး၂ကို သက်သက်အနိုင်ကျင့်နေတာ ... ရှမိသားစုက ကျေးဇူးကန်းတဲ့
လူတစ်ယောက်ကို မွေးထုတ်ထားတာပဲ ... သူက သူ့ရဲ့ဆွေမျိုးတွေကိုတောင်မှ
အသိအမှတ်မပြုဘူးလေ...“
ဒါသည် သူမ၏မှတ်ညဏ်ထဲတွင်
ပုံမှန်ဖြစ်ရပ်တစ်ခု ဖြစ်သော်ငြားလည်း ကိုယ်တိုင် တွေ့ကြုံလိုက်ရသည်တွင်
ရှမြန်မှာအံ့ဩရဆဲပင်။
ထို့အပြင် ရှအဒေါ်၂၏အသံမှာ
ကျယ်လောင်ပြီး ဆက်တိုက်ထွက်နေရာ တစ်ယောက်ယောက်က ကြား၀င်ဖို့ရန် မဖြစ်နိုင်ချေ။
ဦးကြီးရှ၏မျက်နှာက ဖြူဆုတ်သွားလေသည်။
“ချန်းကျူ မင်းဒါကို ဂရုမစိုက်ဘူးလား”
ဟုတ်ပါသည်။ ရှဦးလေး၂က ဂရုမစိုက်နိုင်ပေ။
ရှပေါင်ကို ကြိုးဖြည်ပေးဖို့ရန်သာ စိတ်အားထက်သန်နေသည်။ ရှမြန်ကလည်း ကြိုးကို
မည်သို့ချည်တုပ်လိုက်သည်ကို မသိပေ။ ကြိုးက ပိုပိုပြီးတင်းကြပ်လာသည်။ ရှဦးလေး၂မှာ
အလွန်မှစိုးရိမ်လာပြီး သူသည် ချွေးများပျံလာတော့သည်။
ရှမြန်သည် ရှောင်ဖုန်းက မျက်နှာပေါ်တွင်
ကြောက်ရွံ့နေသည့်အကြည့်တစ်ခုနှင့် ထောင့်လေးတွင် ကုပ်နေသည်ကို မြင်လိုက်ရသည်တွင်
ခေါင်းကိုက်သွားတော့သည်။ သူမသည် ကြက်မွှေးကို ကောက်ယူလိုက်ပြီး
ရှေ့သို့အလျင်အမြန်ပြေးသွားကာ ရှပေါင်ကို ရုတ်တရက် ထပ်ရိုက်လိုက်လေသည်။
သူမက ရှအဒေါ်၂ကို ပြောလိုက်၏။
“တိတ်တော့၊ နောက်တစ်ခွန်း ထပ်အော်မယ်ဆိုရင် ကျွန်မ သူ့ကို
ထပ်တီးပစ်မှာနော်။ ရှင်ယုံ၊ မယုံ စမ်းကြည့်လိုက်”
ရှအဒေါ်၂သည် နှစ်ပေါင်းများစွာ
ပြိုင်ဘက်တစ်ယောက်ကို တစ်ခါမှမတွေ့ခဲ့ရချေ။ ထို့ကြောင့် သူမသည် အလွန်မှ ဒေါသထွက်သွားပြီး ရှမြန်၏လက်ထဲက
ကြက်မွှေးကို လုယူဖို့ ရှေ့သို့အရှိန်ဖြင့်ပြေး၀င်သွားကာ ထပ်ငိုဖို့ရန်
စိတ်မကူးတော့ချေ။
“ကောင်မစုတ်လေး နင်က အရမ်းကိုအာခံနေတယ်ပေါ့။ နင်က အကြီးအကဲတွေကို
လေးစားရကောင်းမှန်းရောသိရဲ့လား”
“စကား ၃ ခွန်း “ ရှမြန်သည်
သူမကဆဲရေးတိုင်းထွာပြီးသည့်အထိ စောင့်လိုက်ပြီး ရှပေါင်ကို ၃ချက်ဆင့်ရိုက်ကာ
နောက်သို့ခုန်ရှောင်လေသည်။
ရှပေါင်သည် သူ၏ပါးစပ်ကို
ကြိုးဖြည်ပြီးသွားသည့်နောက်တွင် အော်ဟစ်ကာ ဒေါသတကြီးနှင့် ပြောလေသည်။
“အမေ အမေ။ ကျေးဇူးပြုပြီးတော်ပါတော့”
“နင်...”
ရှအဒေါ်၂သည်
စကားပြောမည်ပြင်လိုက်စဉ်တွင် ရှမြန်ကလည်း ကြက်မွေးကို မြှောက်လိုက်လေသည်။
ရှအဒေါ်၂က မျက်နှာများနီရဲနေကာ
ပါးစပ်ကို ပိတ်ထားလိုက်သည်။ သို့သော်ငြားလည်း သူမသည် အလျော့ပေးဖို့ဆန္ဒ မရှိပေ။ သူမက
ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး လက်နက်တစ်ခုခုကို ရှာဖွေနေသည်မှာ သေချာလေသည်။
သို့သော်ငြားလည်း ရှချွမ်းနှင့် တခြားသူများက သူမကို
ဝိုင်းတားလိုက်ကြသည်။ သူတို့သည် သူမကို တိုက်ခိုက်ဖို့ရန် တွန့်ဆုတ်နေကြသော်လည်း
ရှမြန်က သူမကို ရိုက်နှက်နေသည်ကို မြင်ရသည်ကိုတော့ ဝမ်းသာလေသည်။
နောက်ဆုံးတွင် ရှဦးလေး၂နှင့် အဒေါ်၂တို့သည်
ဘာမှမတတ်နိုင်တော့ဘဲ ပွန်းပဲ့ဒဏ်ရာများနှင့် ယောင်ကိုင်းပြီး
ငိုယိုနေသည့်ရှပေါင်ကို တွဲထူကာ ထွက်သွားရတော့သည်။
“နေဦး”
ရှမြန်က ရှေ့သို့တစ်လှမ်းလှမ်းလိုက်ပြီး ရှပေါင်ပေါ်တွင် တွဲကျနေသည့် ပိတ်စနှင့် ရှအဒေါ်၂ကိုင်ထားသည့်
လျှော်ကြိုးကို လှမ်းဆွဲလိုက်ကာ
“ပစ္စည်းတွေကို ချထားခဲ့”
ရှအဒေါ်၂က ဒေါသတကြီး ပြောဆိုတော့သည်။
“နင် ဘာလုပ်နေတာလဲ၊ နင် ဒီပစ္စည်းတွေကို မလိုဘူးမဟုတ်လား။ နင်က
ရှပေါင်ကို ဒီလောက်အထိ ရိုက်ထားပြီးတော့
သူ့ကိုဖုံးထားဖို့ ဒီဟာလေးကိုတောင် မပေးနိုင်ဘူးလား”
“သူက တခြားသူတွေရဲ့ ပစ္စည်းကိုခိုးတဲ့အချိန်ကျတော့ ကိုယ့်ဟာကိုယ်
ဘာလို့မရှက်တတ်သလဲ”
ရှမြန်သည် သူမ၏ လက်ထဲတွင်အားကို
ထည့်လိုက်ပြီး ပစ္စည်းများကို ဆောင့်ဆွဲလိုက်လေသည်။
“ကျွန်မ ဒါတွေကို မလိုဘူး။ ဒါပေမဲ့လည်း ဒါတွေကို
လွှတ်ပစ်ရမယ်ဆိုရင်တောင် ဒီပစ္စည်းတွေကို ဦးလေးတို့ကို မပေးနိုင်ဘူး။ ဘာဖြစ်လဲ”
လွန်လွန်းတယ်။
ရှအဒေါ်၂သည် အလွန်မှဒေါသထွက်သဖြင့်
အော်ဟစ်တော့မည် ပြင်လိုက်သော်ငြားလည်း ရှမြန်က ကြက်မွှေးကို ထပ်မြှောက်ပြလေသည်။
ရှမိသားစု၏ ဒုတိယအိမ်ထောင်စုသည်
ဆဲဆိုကျိန်ဆဲရင်း ထွက်ခွာသွားကြလေသည်။ ရှချွမ်းကတော့ ရှမြန်ကို
လက်မထောင်ပြလိုက်သည်။
“မြန်မြန် နင်မြို့ကိုသွားပြီးမှ အများကြီးတိုးတက်လာတာပဲ”
ဦးကြီးရှသည် ထောင့်နားတွင်ရှိနေသည့်
ရှောင်ဖုန်းကိုကြည့်ကာ မေးလိုက်လေသည်။
“ဒီကလေးက ဘယ်ကလဲ”
ရှမြန်က အရေးယူနေစဉ် ရှောင်ဖုန်းသည်
ထောင့်နားတွင် ငြိမ်ငြိမ်ကလေးပုန်းနေပြီး စကားတစ်ခွန်းမှမ ပြောချေ။
အားလုံး၏အာရုံကလည်း ရှမိသားစု၏ ဒုတိယအိမ်ထောင်စုဆီသို့ ရောက်နေသဖြင့်
သူတို့သည်ကလေးကို မြင်လိုက်သည့်တိုင် မေးမြန်းဖို့ရန် အချိန်မရခဲ့ချေ။
ရှမြန်က လက်ကိုလှမ်းလိုက်ကာ
ကလေးကိုကောက်ချီလိုက်သည်။
“ဒါက ရှောင်ဖုန်းလေ။ အစ်မရဲ့ကလေး။ ရှောင်ဖုန်း ဒါက ဘိုးဘိုးကြီးလေ”
ရှောင်ဖုန်းက သူ့လက်သေးသေးလေးကို
ရှမြန်၏ လည်ပင်းတွင် သိုင်းဖက်ထားလိုက်ပြီး ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြောလေသည်။
“ဘိုးဘိုး”
ဦးကြီးရှသည် သူ၏အရေတွန့်နေသည့် မျက်နှာပေါ်တွင် အပြုံးတစ်ခုကို
အားယူကာလုပ်လိုက်ရ သော်ငြားလည်း သူ့အသံကတော့ အနည်းငယ်၀မ်းနည်းနေလေသည်။
“ချွန်းချွန်းရဲ့ ကလေးလား။ သူက အဲ့လောက်တောင် ကြီးနေပြီပေါ့”
ရှချွန်းသည် ရှမိသားစုတွင်
ရှမြန်တို့မျိုးဆက်အတွင်း၌ တစ်ဦးတည်းသော ကောလိပ်ကျောင်းသူ ဖြစ်လေသည်။ ကံဆိုးချင်တော့ သူမသည်
ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးခဲ့ရသည်။ ထိုနှစ်က ရှချွန်း၏ သေဆုံးမှုကို ကြားလိုက်သည့်အချိန်တွင် ဦးကြီးရှမှာ
နေမကောင်းဖြစ်သွားတော့သည်။
“ဘယ်နှစ်ရက်လောက် နေမှာလဲ” ဦးကြီးရှက
ပြောလိုက်သည်။
“ခဏနေကျရင် ညနေစာ လာစားလှည့်။ ကလေးကို ချန်ချန်နဲ့အတူတူ
လာကစားခိုင်းလိုက်”
“ဟုတ်ကဲ့၊ ကျွန်မ ပစ္စည်းလေးတွေကို သိမ်းပြီးရင် လာခဲ့ပါမယ်” ရှမြန်က အားမနာ နေတော့ချေ။
...