အပိုင်း ၂၈
Viewers 412

အပိုင်း (၂၈)

မင်ရှီစီရင်စုတွင် အချက်အပြုတ်အများစုကို ရွှံ့မီးဖိုများနှင့်သာ ချက်ပြုတ်ကြသည်။ သူမ ပြန်ရောက်လာချိန်တွင် မီးဖိုနှင့် အိုးများက အေးစက်နေပြီး အိမ်တွင် အလွတ်ကြီးဖြစ်နေသည်။ အဓိကအချက်မှာ ခြံဝင်းထဲတွင်ချန်ထားခဲ့သည့် မဖြစ်စလောက်ထင်းများနှင့်မီးသွေးများကို ရှဦးလေး၂က ယူသွားသောကြောင့်ဖြစ်လေသည်။ ထို့ကြောင့် သူမက လုပ်ချင်လျှင်ပင် တတ်နိုင်တာ ဘာမှမရှိပေ။

အားလုံးက လူစုခွဲလိုက်ကြသည်။ ရှမြန်နှင့် ရှောင်ဖုန်းက အဝတ်အစားများကို လဲလိုက်ပြီး ခဏလောက် အနားယူလိုက်ကြသည်။ သူတို့သည် ဟွမ်ရှောင်ရှာက ဆရာမမီမိသားစုအား ပေးထားသည့်လက်ဆောင်များကို ထုတ်ယူလာကြသည်။ လူကြီးများအတွက် သင့်တော်သည့် ပစ္စည်းအများအပြား ပါရှိပြီး ဒါက အသုံးဝင်လာသည်။

ဦးကြီးရှ၏အိမ်သည် အခန်း၆ခန်းပါဝင်သည့် ကြီးမားသည့်ခြံဝင်းတစ်ခုဖြစ်သည်။ ရှမြန်က ရှောင်ဖုန်းကို ခေါ်ဝင်လာချိန်တွင် အသီးအရွက်စျေးတစ်ခုလို အထဲဘက်တွင် စည်ကားနေလေသည်။

အသက်၅၀ဝန်းကျင် အမျိုးသမီးတစ်ယောက်က ဘေးအခန်းက မီးဖိုခန်းမှထွက်လာပြီး အပြုံးတစ်ခုဖြင့် ရှမြန်ကိုနှုတ်ဆက်သည်။

မြန့်မြန်နဲ့ ရှောင်ဖုန်း ပြန်လာကြပြီပဲ။ ခဏနေကျရင် ထမင်းအဆင်သင့်ဖြစ်တော့မယ်

ဒါကလည်း သူမ၏အဒေါ်ကြီး ဖြစ်လေသည်။ သူမသည် အမြဲတမ်းသိမ်သိမ်မွေ့မွေ့ ကြင်ကြင်နာနာဖြင့် စကားပြောတတ်သည်။ လူများကို အလွန်မှ သက်သောင့်သက်သာရှိသလို ခံစားရအောင် လုပ်ပေးနိုင်သည်။ ဒီလိုနှုတ်ဆက်ခြင်းနှင့်ပင် ရှမြန်ကို ဒါက သူတို့အိမ်ဟု အလိုလို ခံစားမိလေသည်။

တခြားဘက်တွင်တော့ ရှချွမ်းက စားပွဲရှည်ကြီးတစ်လုံးနှင့် ခုံတန်းရှည်ကြီးများကို ပြင်ဆင်ထားပြီးဖြစ်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

အပြင်ထွက်ပြီးတော့ ဖက်ထုတ်သွားစားကြရအောင်။ ပြန်လာမှ ခေါက်ဆွဲစားကြမယ်။ ငါ့အမေက ဒီနေ့ နင်တို့အတွက် ချက်ပြုတ်ပေးနေတာ။ ငါတို့အားလုံးက ဝက်သားခေါက်ဆွဲမျှင်ကို စားကြမှာ

ရှမြန်သည် ထိုစကားကိုကြားလိုက်ချိန်တွင် သူမ၏သွားရည်များက အလိုအလျောက် စီးကျလာတော့သည်။ သူမ၏မှတ်ဉာဏ်ထဲတွင် သူမဒေါ်ကြီး၏ လက်လုပ်ခေါက်ဆွဲသည် အလွန်ပင်ထူးခြားပြီး အင်မတန်မှအားစိုက်ထုတ်ရလေသည်။ နောက်ပိုင်းတွင် သူမသည် လက်ကောက်ဝတ် နာကျင်လာပြီး သူမ၏မိသားစုက သူမကို ခေါက်ဆွဲမလုပ်ခိုင်းတော့ချေ။ ဒီနေ့တွင်တော့ ရှမြန်ကို ကြိုဆိုဖို့ရန်အတွက် သူမ၏အဒေါ်ကြီးကို ခေါက်ဆွဲကို ပြန်လုပ်ပေးလေသည်။ ရှဦးကြီး၏မိသားစုထဲက သားအကြီးဆုံးဖြစ်သည့် ရှဟိုင်က မြေကြီးပေါ်လဲလျောင်းပြီး ဂေါ်လီလုံးလှိမ့်ကာ ဆော့နေသည့် သူ့သားကို ကောက်ချီလိုက်ပြီး သူ၏ကြီးမားလှသည့်လက်ဝါးများဖြင့် ကလေး၏ကုပ်ပေါ်က ဖုန်မှုန့်များကို ခါချပေးလိုက်ရင်း သူသည် ကလေးကို ခေါင်းအုံးတစ်လုံးကိုင်ထားသလို လုပ်နေသည်။

ညစ်ပတ်နေတာပဲ။ ညစ်ပတ်နေတာပဲ။ တစ်နေ့ပြီးတစ်နေ့ မင်းခဏလောက် သန့်သန့်ရှင်းရှင်းလေး နေလို့မရဘူးလား

သန့်ရှင်းအောင်လုပ်ပေးနိုင်သမျှ အားလုံးကို လုပ်ပေးပြီးနောက်တွင် သူသည် ကလေးကို ရှောင်ဖုန်း၏ ရှေ့တွင် ချပေးလိုက်ကာ ပြောလိုက်လေသည်။

ဒါက မင်းရဲ့ညီလေး ရှောင်ဖုန်းတဲ့။ မင်း သူ့ကို မှတ်ထားအုံး။ ခဏနေကျရင်ကစားဖို့ သူ့ကိုလည်း ခေါ်သွားပေးလိုက်။ နားလည်လား

မြန်မြန် ကလေး၂ယောက်ကို လက်ဆေးပေးဖို့ ခေါ်သွားပေးပါအုံး။ အစားအသောက်က ခဏနေရင် ရတော့မယ်

ယဉ်ကျေးလှသည့် နှုတ်ဆက်ခြင်းမျိုး မဟုတ်သော်ငြားလည်း ရှမြန်သည် သူမ၏နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရပြီး သူမ၏မိသားစုကို အနည်းငယ် လွမ်းဆွတ်သွားတော့သည်။

ညစ်ပတ်နေသည့် လက်လေးတစ်ဖက်က သူမကိုင်ထားသည့်ပစ္စည်းကို လှမ်းဆွဲလိုက်လေသည်။ ရှမြန်သည် သူမ၏လက်ထဲမှပစ္စည်းလေးမှာ လွတ်ထွက်သွားမလို ဖြစ်သွားတော့သည်။ သူမက ဆိုးသွမ်းလှသည့်မျောက်ကလေးကို ငုံ့ကြည့်ပြီးမေးလိုက်၏။

နင် ဘာလုပ်တာလဲ

ချန်ချန်က ချွဲနွဲ့သည့်အသံလေးတစ်ခုဖြင့် သံရှည်ဆွဲကာပြောလေသည်။

ဒေါ်လေးမြန့်မြန်~~ ဒါက ဒေါ်လေး မင်မြို့ကနေယူပြန်လာတဲ့ အရသာရှိတဲ့မုန့်တွေလား။ အထဲမှာဘာတွေလဲ သားကိုပြပါဦး~”

အသက်၇နှစ်အရွယ် ကလေးတစ်ယောက်သည် အားလုံးက မုန်းရသည့်အသက်အရွယ်ဖြစ်လေသည်။

ရှမြန်က သူ၏ညစ်ပတ်လှသည့်လက်များကို သုတ်ပေးလိုက်ပြီး ရွံရှာသလိုပြောလိုက်၏။

သကြားလုံးတချို့ရယ်၊ ဘီစကစ်တွေရယ်၊ နို့မှုန့်တွေရယ် ယူပြန်လာတာ။ အများကြီးပဲ သန့်ရှင်းတဲ့ကလေးတွေကိုပဲ ပေးမှာ

အိုး ... ရေ၊ အိုး ... ရေ “ ချန်ချန်သည် ချက်ချင်းဆိုသလို လက်ဆေးဇလုံဘက်သို့ ပြေးထွက်သွားပြီး လက်ဆေးနေသည့် သူ၏ဒုတိယဦးလေး ရှဟယ်ကို ဘေးသို့တွန်းထုတ်လိုက်ရာ ရေများက နေရာတိုင်းသို့ စင်သွားတော့သည်။ သူသည် လက်ဆေးနေသည်ဟု မသိကြသူများကတော့ သူက ရေကူးနေသည်ဟု ထင်ကြလိမ့်မည်။

ရှဟယ်မှာ မနေနိုင်တော့ဘဲ သူ၏ခြေထောက်ကိုမြှောက်ကာ ချန်ချန်၏ ဖင်ကို ကန်လိုက်လေသည်။

သေသေချာချာ ဆေးစမ်း၊ မင်းထပ်ပြီး ပြဿနာရှာမယ်ဆိုရင် ငါမင်းကို ရိုက်တော့မယ်နော်

သူက ကိုယ်ကိုလှည့်ကာ ရှမြန်ကိုကြည့်ပြီး မေးလိုက်သည်။

ဘာဖြစ်လို့ ပစ္စည်းအများကြီးသယ်လာတာလဲ

ရှမြန်ကပြုံးကာပြောလိုက်၏။

ဒါတွေအားလုံးက မြို့ကအိမ်နီးချင်းတွေ ပေးလိုက်တာပါ။ တချို့က လူကြီးတွေအတွက် သင့်တော်တဲ့ အာဟာရဖြည့်စွက်စာတွေလေ။ ဒါပေမဲ့ ကျွန်မ ဒါကို စားလို့မရဘူး။ ဒါကြောင့်မလို့ ဦးကြီးနဲ့ဒေါ်ကြီးတို့အတွက် ယူလာပေးတာ

နင်ကလည်း အရမ်းအားနာနေပြန်ပါပြီ

ရှဟယ်သည် အပြုံးတစ်ခုဖြင့် ပြောလိုက်ပြီး သူ့မျက်လုံးများကသန့်ရှင်းပြီး လိမ်လိမ်မာမာလေး ရှိလှသည့် ရှောင်ဖုန်းဆီသို့ကျရောက်သွားကာ ရုတ်ခြည်းဆိုသလို ဝမ်းသာအားရ ပြောလိုက်လေသည်။

ဒါက ရှောင်ဖုန်းလား။ သားက အစ်မချွမ်းရဲ့ သားလို့မပြောရဘူး လိမ္မာလိုက်တာ

ရှောင်ဖုန်း ဒါကသားရဲ့ဦးလေး ရှဟယ်လေ

သားက ကိုယ့်ဟာကိုယ် လက်ဆေးချင်လား။ ဒါမှမဟုတ် ဦးလေးက သားကိုလက်ဆေးပေးရမလား

ရှောင်ဖုန်းသည် ရှမြန်၏ခြေထောက်ကို တင်းနေအောင် ကပ်ထားလေသည်။ ရှမြန်ကသူ့ကို အားပေးသလို ကြည့်နေသည်ကို မြင်လိုက်သည်တွင် ရှောင်ဖုန်းက တိုးတိုးလေး ပြောလိုက်သည်။

သားကိုယ့်ဟာကိုယ် ဆေးတတ်ပါတယ်

ဟုတ်ပြီ ဦးလေးက သားအတွက် လက်ဆေးဇလုံအသစ် သွားယူပေးမယ်။ ဟိုကရွှံ့တွေနဲ့ ပေနေတဲ့မျောက်နဲ့ အတူတူမဆေးနဲ့။ အရမ်းညစ်ပတ်တယ်

ဦးလေးကမှ ရွှံ့တွေပေနေတဲ့မျောက်၊ ဦးလေးကမှ ရွှံ့တွေပေနေတဲ့မျောက်နော်

ချန်ချန်သည် လက်ဆေးရင်းက တစ်ကိုယ်လုံးစိုရွှဲ သွားလေသည်။ သူသည် ရှဟယ်ပေါ်သို့ ခုန်တက်လိုက်သဖြင့် ရှဟယ်က ဒေါသထွက်သွားပြီး သူ့ကို ၂ချက်လောက် ဆင့်ရိုက်လိုက်သည်။

ရှမြန်သည် ခေါင်းကိုငုံ့လိုက်ချိန်တွင် ရှောင်ဖုန်း၏မျက်နှာက အနည်းငယ်ဖြူဆုတ်သွားသည်ကို တွေ့လိုက်ရတော့သည်။

ရှမြန်သည် သူမ၏နမော်နမဲ့နိုင်မှုကို အနည်းငယ် နောင်တရသွားတော့သည်။ စီရင်စုမြို့ငယ်လေးက ကလေးများအားလုံးကို ဒီလိုပင် ထိန်းကျောင်းလာကြခြင်းပင်။ ရန်ဖြစ်ပြီး ငြင်းခုံကြလိမ့်မည်။ အားလုံးက ဒါကို ကျင့်သားရနေပြီးသား ဖြစ်သော်လည်း ရှောင်ဖုန်းကတော့ မတူချေ။ သူသည် လူကြီးများ၏နှိပ်စက်မှုကို တွေ့ကြုံခဲ့ရပြီး ဒီကိစ္စနှင့်ပတ်သက်ပြီး စိတ်ဒဏ်ရာရခဲ့သည်။

ရှမြန်က သူ့ကို မြန်မြန်ကောက်ချီကာ ပြောလိုက်၏။

မကြောက်နဲ့နော် ဦးလေးရှဟယ်က ကိုကိုချန်ချန်ကို တကယ်ရိုက်တာ မဟုတ်ဘူး။ သူက ကိုကိုချန်ချန်နဲ့ အလကား စနောက်နေတာ

ရှဟယ်သည် အခိုက်အတန့် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။ သူသည် ဒါက ကလေးကို ခြောက်လှန့်မိလိမ့်မည်ဟု မထင်ထားခဲ့ချေ။ သူသည် ကလေးက အလွန်မှနူးညံ့သိမ်မွေ့လေသလားဟု စဉ်းစားမိသွားခဲ့သည်။

ရှမြန်က သူ့ကို မျက်တောင်ခတ်ပြလိုက်၏။ ရှဟယ်က ပြုံးကာ ပြောလိုက်လေသည်။

ဦးလေးက ချန်ချန်ကိုပဲရိုက်တာ၊ သူက မလိမ္မာဘူးလေ။ ရှောင်ဖုန်းက အရမ်းလိမ္မာတယ်။ ဦးလေးက ရှောင်ဖုန်းကို ဘယ်လိုလုပ်ပြီး ရိုက်ရက်မှာလဲ

ရှောင်ဖုန်းသည် သူ၏ပါးစပ်လေးကို တင်းနေအောင်စေ့ထားပြီး သူ၏မျက်လုံးထဲက မျက်ရည်များကို ကြိုးစားထိန်းချုပ်ထားလိုက်ကာ ကြောက်ကြောက်ရွံ့ရွံ့လေး ပြောလိုက်လေသည်။

ရှောင်ဖုန်းက လိမ္မာတယ်

ရှဟယ်သည် သူ၏ဆိုးသွမ်းလှသည့် တူလေးကိုသာ မြင်နေကြဖြစ်လေသည်။ ဒီလိုလိမ္မာလှသည့် ကလေးတစ်ယောက်ကို မြင်လိုက်ရသည့်အချိန်တွင် နှလုံးသားမှာ အရည်ပျော်သွားတော့သည်။

ဦးလေး သိတာပေါ့၊ ဦးလေးက ရှောင်ဖုန်းကို မရိုက်ပါဘူး။ ဦးလေးက သားအတွက် ရေနည်းနည်း သွားခပ်ပေးမယ်နော်။ ဦးလေးတို့ လက်ဆေးပြီးရင် ညစာစားကြမယ်

ထို့နောက်တွင် ရှဟယ်သည် သူ့မိသားစုကို တစ်ခုခုပြောခဲ့သည်ဟု ခန့်မှန်းလိုက်လေသည်။ ဦးကြီးရှအိမ်တွင် ထမင်းစားပွဲ၌ ကလေးများကို မရိုက်ရသည်က ရှားပါးလေသည်။ ချန်ချန်သည် အရူးလေးတစ်ယောက်လို ကြွားလုံးထုတ်နေပြီး ရှဟိုင်က သူ့ကို အကြိမ်ကြိမ်လက်ဝါးဖြင့် ရိုက်လိုက်ပြီးသည့်နောက်တွင် သူသည် ဒါကို အမှန်တကယ် ထိန်းချုပ်ထားရဟန်တူနေတော့သည်။

ရှမြန်သည် သဘောကျမိသလို စိတ်ထဲ၌လည်း နွေးထွေးမိလေသည်။ သို့သော်ငြားလည်း သူမက ရှောင်ဖုန်းကို လက်ထဲတွင်ချီထားဆဲပင်။ သူတို့၂ယောက်သည် အတူတူကပ်ပြီး ထိုင်လိုက်ကြကာ ရှောင်ဖုန်းက ချန်ချန်၏ပန်းကန်လုံးငယ်လေးနှင့်စားသောက်လေသည်။

ချန်ချန်အတွက်ကတော့ သူသည် လူကြီးတစ်ယောက်ဖြစ်နေပြီဟု အော်ဟစ်ပြောဆိုနေသဖြင့် သူက ပန်းကန်လုံးကြီးနှင့် စားပြီး ပန်းကန်လုံးငယ်နှင့် စားနေသည့်သူ၏ညီလေးကို အလွန်မှဂရုစိုက်ပြနေသည်။

ဒေါ်ကြီးလုပ်ထားသည့် ခေါက်ဆွဲမှာ အလွန်မှမွှေးပျံ့နေပြီးအရသာရှိလေရာ ရှမြန်မှာမနေနိုင်တော့ဘဲ တံတွေးကိုမျိုချမိလေသည်။ ရှောင်ဖုန်းသည် ဒီနေ့အတွက် ဘာတစ်ခုမှ ကောင်းကောင်းမစားရသေးချေ။ အခုတော့ အရသာ ရှိလှသည့်ခေါက်ဆွဲက သူ၏ပါးစပ်ထဲသို့ ဝင်သွားသည်တွင် သူသည် တဖြည်းဖြည်း စိတ်လက်ပြေပျောက်လာပြီး နောက်ဆုံးအလုတ်လေးကိုပင် အမြတ်တနိုးစားသောက်ကာ ပန်းကန်လေးကို မချချင်ချချင်ဖြင့်ချလိုက်လေသည်။

ဒေါ်ကြီးက သူ့ကိုကြည့်ပြီး ပြုံးလိုက်၏။

စားလို့ကောင်းလား ရှောင်ဖုန်း။ နောက်တစ်ပန်းကန် လိုချင်သေးလား

ရှောင်ဖုန်းက သူ၏အစာအိမ်လေးကို ကြည့်နေသည့်ရှမြန်ကို မော့ကြည့်ကာပြောလိုက်သည်။

ရှောင်ဖုန်းက ပန်းကန်တစ်ဝက်လောက် စားနိုင်သေးတယ်

ရှောင်ဖုန်းသည် နှုတ်ခမ်းများကို စူထားလိုက်ပြီး ဒေါ်ကြီးကို ခေါင်းညိတ်ပြလိုက်သည်။ သူ၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုအပြည့်ဖြစ်နေသည်။ သူ၏ခြေသလုံးလေးများက လှုပ်ရမ်းနေလေသည်။

အိမ်တွင်ချန်ချန်လို ကလေးဆိုးလေးတစ်ယောက်ရှိနေလျှင် လူကြီးအားလုံးက အရာအားလုံးကို မြင်နိုင်လေသည်။ သူ၏သဘာဝကို ဖိနှိပ်ဖုံးကွယ်ထားရပြီး အလွန်မှ လိမ္မာရေးခြားရှိသည့် ကလေးတစ်ယောက်ကတော့ ကြီးမားသည့်မတရားမှုကို သေချာပေါက်ခံစားခဲ့ရပေမည်။

ဒေါ်ကြီးက ရှောင်ဖုန်းကို နောက်ထပ်တစ်ပန်းကန် ထည့်ပေးလိုက်ပြီး ပန်းကန်လုံးလေးကို ချပေးလိုက်ပြီးနောက်တွင် သူမက ကလေး၏အင်္ကျီကို အသာအယာလေး ပင့်ကြည့်လိုက်သည်။ လှမ်းကြည့်လိုက်ကြသည့် စားပွဲနားက လူကြီးများအားလုံးသည် သူတို့၏အမူအရာများ ပြောင်းလဲလုနီးပါး ဖြစ်သွားတော့သည်။

ရှောင်ဖုန်း၏ ဒဏ်ရာများသည် အများကြီး သက်သာလာသော်ငြားလည်း သူ၏နှင်းလိုဖြူဖွေးနေသည့် အရေပြားလေးပေါ်တွင် အနီရောင်၊အဝါရောင် ပြောက်ကျားဖြစ်နေသည့်အရာများက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်ထားမတတ်ပင်။

အဖေတစ်ယောက်အနေနှင့် ရှဟိုင်သည် မနေနိုင်တော့ဘဲ အသံတိုးတိုးဖြင့် ကျိန်ဆဲလိုက်တော့သည်။

သေချင်းဆိုးတွေ

ဦးကြီးရှက သူ့ကို ဒေါသဖြင့် လှမ်းကြည့်လိုက်သည်။ ရှဟိုင်က ဆက်မပြောတော့သော်ငြားလည်း သူသည် ဒေါသထွက်နေဆဲပင်။ သူသည် သူ့ကိုယ်သူ မည်သို့ဖော်ပြရမည်ကို မသိသဖြင့် သူက အသားတုံးကြီးတစ်ခုကို ဒီအတိုင်းကောက်ယူလိုက်ပြီး ရှောင်ဖုန်းကို လှမ်းထည့်ပေးလိုက်ကာ လေသံကို ပျော့ပျောင်းအောင်ကြိုးစားပြီး ပြောလိုက်လေသည်။

လိမ္မာတဲ့ကလေး ပိုစားနော်

ချန်ချန်ကို အခုလေးတင် ရိုက်ခဲ့သည့်သူများထဲမှ တစ်ယောက်ဖြစ်နေသဖြင့် ရှောင်ဖုန်းသည်သူ့ကို အနည်းငယ် ကြောက်ရွံ့သော်ငြားလည်း ဒီဦးလေးက သူ့ကို အရသာရှိသည့် အစားအသောက် ပေးနေသဖြင့် သူသည် အနည်းငယ် မစဉ်းစားတတ်အောင်ဖြစ်နေသည်။

ရှမြန်က ရှောင်ဖုန်း၏ကျောလေးကို သပ်ပေးကာပြောလိုက်၏။

ဒါက ဦးလေးရှဟိုင်လေ။ ကိုကိုချန်ချန်ရဲ့အဖေ။ ကိုကိုချန်ချန်ကဆိုးတယ်။ ဒါကြောင့်သူ့အဖေက သူ့ကို ဆုံးမနေတာပေါ့။ ရှောင်ဖုန်းက အရမ်းလိမ္မာတယ်လေ။ အားလုံးက ရှောင်ဖုန်းကို အရမ်းချစ်ကြတယ်

ဟုတ်တယ်၊ ဦးလေးတွေက ရှောင်ဖုန်းကို အရမ်းချစ်ကြတာ

ရှဟယ်ကလည်း တူဖြင့် ကြက်ဥတစ်လုံးကို ကောက်ယူလိုက်ပြီး ပြောလိုက်လေသည်။

ရက်ပိုင်းလောက် စောင့်ပေးနော်။ ဦးလေးရှဟယ်က သားကို ငါးဖမ်းဖို့ ခေါ်သွားပေးမယ် ဟုတ်ပြီလား။ ဒါက ငါတို့ရှောင်ဖုန်းကို အားတွေအများကြီးဖြစ်အောင် လုပ်ပေးမှာ

အနေအထားသည် နွေးထွေးပြီး စိတ်ပြေပျောက်ရစေသည်။ ရှောင်ဖုန်းသည် တဖြည်းဖြည်း စိတ်ပြေလာပြီဖြစ်သော်ငြားလည်း ရှမြန်ဆီကတော့ ထွက်မသွားရဲသေးချေ။

ကလေးရှေ့တွင် ဘယ်သူကမှ ဘာမှမမေးရဲချေ။ ထို့ကြောင့် ညစာစားပြီးနောက်တွင် ဒေါ်ကြီးက ချန်ချန်ကိုခေါ်ပြီး ရှမြန်က ရှမိသားစုအိမ်သို့ ပြန်လာလေသည်။

ရှောင်ဖုန်းသည် ခြံဝင်းထဲသို့ ပြန်လာပြီးနောက်တွင် အများကြီး စိတ်ပြေလျော့သွားလေသည်။ ဒါသည် သူ့အန်တီလေး၏အိမ် ဖြစ်ပြီး ထိုအိမ်လေးထဲတွင် သူတို့၂ယောက်သာရှိမှန်း သူ သိသည်။ မကြာခဏဆိုသလို သူသည် ချန်ချန်နှင့်အတူ ခြံထဲတွင်ပတ်ပြေးရဲလာသည်။

ဒေါ်ကြီးက အိမ်ကို ပိုးမွှားများသန့်စင်အောင် မီးခိုးမှိုင်းတိုက်ပေးဖို့ သစ်နံကိုင်းကို မီးရှို့လိုက်ပြီး သူမက မီးခိုးမှိုင်းတိုက်ပေးနေစဉ် အခြေအနေကို မေးမြန်းလေသည်။ ရှမြန်ကလည်း ဖြစ်ပျက်ခဲ့သည့် အရာများကို သူမထံ ပြောပြလိုက်၏။

ရှမြန်က ထိုမိန်းမကို အသေအကြေရိုက်နှက်ခဲ့သည်ဟု ကြားလိုက်သည်တွင် သိမ်မွေ့လှသည့် အမျိုးသမီးက ပြောလိုက်၏။

လုပ်တာကောင်းတယ် နောက်တစ်ခါ နင် ပြန်သွားရင် နင့်ရဲ့အစ်ကို ရှချွမ်းကိုလည်း ခေါ်သွားလိုက်။ နင့်လို မိန်းကလေးတစ်ယောက်က ဒီလိုလုပ်တာတော့ အဆင်မပြေလှဘူး။ နောက်ပြီးတော့ ဒါက နာမှာမဟုတ်ဘူးလေ

ရှောင်ဖုန်းကို ကူညီရေချိုးပေးနေစဉ် ဒေါ်ကြီးသည် ကလေး၏ခန္ဓာကိုယ်ကို သေသေချာချာ စစ်ဆေးပေးလိုက်ပြီး မနေနိုင်ဘဲ ငိုကြွေးမိလေသည်။

၀ဋ်ကြွေးပဲဟယ်။ သူတို့တွေက ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရက်တာလဲ

ရှောင်ဖုန်းက သူမကို သိလိုစိတ်ဖြင့် ကြည့်ကာ သူ၏မျက်လုံးဝိုင်းဝိုင်းလေးများက ကြည်လင်ပြီး တောက်ပနေလေသည်။

ဒေါ်ကြီးက သူမ၏မျက်လုံးက မျက်ရည်များကိုသုတ်ကာ ပြောလိုက်၏။

နင်တို့ ပြန်လာတာကောင်းတယ် တကယ်တမ်းကျတော့ နင်တို့ဦးကြီးကလည်း အစကတည်းက နင်တို့ကို မြို့ပေါ်သွားစေချင်တာ မဟုတ်ဘူး

အဲဒီက အခြေအနေက ကောင်းပါတယ်။ ဒါပေမဲ့ ကျန်းချီမင်က လက်ထပ်သွားပြီးတော့ ကလေးလည်း ရှိနေပြီလေ။ သူက ဘယ်လိုလုပ်ပြီးတော့ နင်တို့တွေကို တကယ်တမ်း ဂရုစိုက်ပေးနိုင်မှာလဲ။ ဆိုရိုးစကားတောင်ရှိတယ် မဟုတ်လား အိမ်နဲ့တူတဲ့နေရာ တခြားဘာမှ မရှိဘူးတဲ့။ တကယ်လို့ အဲဒီမှာ နင်တို့တွေ တစ်ခုခုဖြစ်လာရင် ငါတို့တွေကလည်း နင်တို့ကို ကူညီစောင့်ရှောက်ပေးနိုင်မှာ မဟုတ်ဘူးလေ

နင့်ရဲ့ဦးလေး၂မိသားစုကတော့…”

ဒေါ်ကြီးက မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။

စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒါပေမဲ့ သူတို့တွေကလည်း တစ်ယောက်ယောက်ကို တကယ်တမ်း ထိခိုက်နာကျင်အောင် မလုပ်ရဲပါဘူး။ အခု နင်ကလည်း နင့်မိသားစုထဲမှာ တစ်ဦးတည်းသော ကျန်ရစ်တဲ့သူလေ။ တကယ်လို့ သူက နင့်ကို တစ်ခုခုမကောင်းတာ လုပ်ရဲတယ်ဆိုရင် ငါတို့ဆီကို သာလာခဲ့။ နင့်ရဲ့ဦးကြီးက သူ့ကို ဘယ်တော့မှ ခွင့်လွှတ်မှာမဟုတ်ဘူး

ဟုတ်ကဲ့” ရှမြန်သည် ရှဦးလေး၂ကို ကိုင်တွယ်ဖို့ရန် နည်းလမ်းပေါင်းများစွာ ရှိလေသည်။ သို့သော်ငြားလည်း သူမသည် သူမဒေါ်ကြီး၏ စေတနာကို မပစ်ပယ်နိုင်ပေ။

ကျန်းမိသားစုအတွက်ကတော့ ရှောင်ဖုန်းရဲ့အိမ်ထောင်စုစာရင်းကို ပြောင်းရွှေ့လာဖို့နည်းလမ်းတစ်ခု စဉ်းစားလိုက်ချင်တယ်

သူမသည် ဒီကိစ္စနှင့်ပတ်သက်ပြီး သေချာ မသိထားသေးချေ။ သူမသည် အိမ်ထောင်စုဇယား လုပ်ရသည့်စာရင်းနှင့် အရင်ခေတ်၏လုပ်ငန်းစဉ်များကို သေချာမသိပေ။

ဦးကြီးရှသည် မင်ရှီစီရင်စုတွင် အဆက်အသွယ် တချို့ရှိပြီး အကူအညီတောင်းခံနိုင်လိမ့်မည်။ နောက်ဆုံး သူမသည် အုပ်ထိန်းသူတစ်ယောက်လိုအပ်သည့် အရွယ်ဖြစ်နေသည်။ ရှောင်ဖုန်းကို သူမ၏ အိမ်ထောင်စုဇယားထဲသို့ ပြောင်းရွှေ့ဖို့ အဆင်ပြေပါ့မလားတော့ မသိချေ။

ဒေါ်ကြီးက စကားပြောမည်ပြင်လိုက်ပြီးမှ ရပ်လိုက်လေသည်။ ဒေါ်ကြီးက သက်ပြင်းချကာ ပြောလိုက်၏။

ဟုတ်ပါပြီ၊ ဘာပဲဖြစ်ဖြစ်ပါ ကလေးကို ပြန်ခေါ်လာတာမှန်တယ်။ သူက ငါတို့အိမ်မှာဆိုရင် ကောင်းကောင်းစားပြီး ကောင်းကောင်းဝတ်ရမှာပဲ။ ဒါက နေ့တိုင်းအရိုက်ခံရတာထက်တော့ ပိုပြီးတော့ကောင်းသေးတယ်

သူမလို အရွယ်မရောက်သေးသူတစ်ယောက်က  ကလေးတစ်ယောက်ကို ကိုယ့်ဟာကိုယ် ပျိုးထောင်ပေးနိုင်မည် မဟုတ်ဟု သူမ၏ဒေါ်ကြီး စိတ်ပူနေသည်ကို ရှမြန်က သိနေသည်။ သို့သော်ငြားလည်း ဤကိစ္စက ရှင်းပြဖို့ရန် ခက်ခဲသည်။ ထို့ကြောင့် ရှမြန်က အများကြီး မပြောလိုက်တော့ချေ။ နောက်ဆုံး သူမ၏ဒေါ်ကြီးက ကောင်းမွန်သည့်စိတ်ရင်းများ ရှိနေပေသည်။

နောက်တစ်နေ့ မနက်ခင်းတွင် ရှမြန်နှင့် ရှောင်ဖုန်းတို့သည် ဘေးအိမ်က အော်ဟစ်ကျိန်ဆဲသံများဖြင့် နိုးလာလေသည်။ တစ်ညတာ အိပ်စက်အနားယူပြီးနောက်တွင် ရှပေါင်သည် အလွန်မှနာကျင်ရသဖြင့် အိပ်ရာမှ မထနိုင် ဖြစ်နေသောကြောင့်ဖြစ်သည်။

ရှမြန်သည်ပတ် ဝန်းကျင်ကို ကြည့်လိုက်သော်လည်း လှေကားကိုရှာမတွေ့ချေ။ ရှမြန်၏အမေက ရှဦးလေး၂မိသားစုကို အမှန်ပင် မုန်းတီးလေသည်။ ကျန်သည့်အခန်း၄ခန်းကို လုယူခံလိုက်ရပြီးနောက်တွင် ခြံဝင်းပတ်ပတ်လည်ကို မြင့်မားသည့်အုတ်တံတိုင်းတစ်ခု တည်ဆောက်လိုက်ပြီး အကျဉ်းထောင်တစ်ခုလို လုပ်ထားလိုက်တော့သည်။

မမြင်ရ၊ စိတ်ထဲတွင် မထားရသော်ငြားလည်း အသံကိုတော့ ပိတ်ဆို့မထားနိုင်ချေ။ မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် သူမ၏သမီးက ဒါကိုနေသားကျနေပြီးဖြစ်ကာ မကြားသလို နေနိုင်သော်ငြားလည်း ရှမြန်ကတော့ ထိုမျှလောက် သဘောမကောင်းလှချေ။

သူမက အပြင်သို့ထွက်လိုက်ပြီး ကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်ကာ အိမ်၏ခြံတံခါးဝတွင် ရပ်လိုက်သည်။

အဒေါ်၂ တိတ်လိုက်တော့နော်။ ကျွန်မက အိပ်ရအုံးမှာလား

အိပ်ဦးမယ် ဟုတ်လား၊ နင်က ဘယ်လိုလုပ်ပြီး အိပ်နိုင်တာလဲ။ ငါ့သားကို ဒီလိုဖြစ်အောင်လုပ်ထားပြီးမှ နင့်မှာ အသိစိတ်လေးတောင် မရှိဘူးလား...”

ရှမြန်က ကျောက်တုံးတစ်တုံးကို ချိန်ရွယ်ကာပြောလိုက်၏။

ကျွန်မမှာ အသိစိတ်ရှိတယ် မရှိဘူးဆိုတာ အဒေါ်က ကောင်းကောင်း မသိဘူးပေါ့လေ ဟုတ်လား။ အဒေါ် မတိတ်ဘူးဆိုရင် ကျွန်မ ပစ်လိုက်တော့မှာနော်

လုပ်လေ ပစ်လိုက်စမ်းပါ။ နင်မပစ်ရဲဘူးဆိုရင်...”

ခွမ်းခနဲ မြည်သံနှင့်အတူ ရှအဒေါ်၂၏အသံသည် ကောင်းကင်တွင် ပဲ့တင်ထပ်သွားတော့သည်။

ရှဦးလေး၂သည် ပြေးထွက်လာပြီး စိတ်ပျက်နေသည်ရုပ်ဖြင့် ပြောလိုက်သည်။

ငါ့ရဲ့ပြတင်းပေါက်မှန်ကို ခွဲတဲ့သူတိုင်း ပြန်လျော်ရမယ်နော်

ရှမြန်က သူမ၏လက်ထဲမှကျောက်တုံးကို ပစ်ပေါက်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။

အဒေါ်၂က ကျွန်မကို အဲ့ဒီလိုလုပ်ခိုင်းတာလေ။ ဦးလေး မကြားလိုက်ဘူးလား သူက ကျွန်မကို မှန်ကို ခွဲလိုက်လို့ ပြောတယ်။ အဒေါ်၂က ကျွန်မကို ဒီလိုတောင်းဆိုတာ ပထမဦးဆုံးအကြိမ် ကြားဖူးတာပဲ

ရှမြန် နင်နော်... မလုပ်နဲ့

ရှဦးလေး၂၏ ဒေါသထွက်နေသည့် စကားလုံးများသည် ရှမြန်က ကျောက်တုံးကို တစ်ဖန် ချိန်ရွယ်လိုက်သည့်အချိန်တွင် အလောတကြီး ရပ်တန့်သွားရတော့သည်။

အခု ကျွန်မတို့တွေ တိတ်တိတ်နေလို့ရပြီလား

ရှမြန်က ခေါင်းလေးကိုစောင်းကာ အတည်ပြုလိုက်လေသည်။

ရှအဒေါ်၂က တခုခုပြောတော့မည့်ဆဲဆဲတွင် ရှဦးလေး၂က သူမကို ပြန်ဆွဲထားလိုက်၏။

မင်းဘာဖြစ်နေတာလဲ... အေးပါ၊ အေးပါ...တော်လောက်ပြီ တော်တော့...”

ထို့နောက်တွင် ရှမြန်သည် သူမ၏လက်ထဲကကျောက်တုံးကို ပစ်ချထားလိုက်ပြီး သတိပေးလိုက်၏။

ဒါက နောက်ဆုံးအကြိမ်ပဲနော်။ တကယ်လို့ ဆက်ပြီးတော့ ဆူညံနေမယ်ဆိုရင် ကျွန်မက ပြတင်းပေါက်မှန်တွေ အားလုံးကို ခွဲပစ်ရလိမ့်မယ်

ရှဦးလေး၂ကပြောလိုက်၏။

အေးပါ ငါတို့တွေ ထပ်ပြီးတော့ မငြင်းခုံကြတော့ဘူး။ မင်းက မှန်ပြတင်းပေါက်တွေအတွက် ငါတို့ကို ပြန်လျော်ပေးစရာ ရှိလို့လား

ရှမြန်က ပခုံးတွန့်ပြလိုက်ပြီး ပြောလိုက်သည်။

ဒါကတော့ ဦးလေးတို့ရဲ့ လုပ်ဆောင်ချက်အပေါ်မှာ မူတည်တယ်လေ

ထို့နောက်တွင် သူမသည် လှည့်ထွက်သွားတော့သည်။

ရှဦးလေး၂က နောက်မှ လှမ်းပြောလိုက်သည်။

နင် ဒီမှာရောက်နေပြီပဲ၊ နင့်အဘွားကို ဘာလို့ သွားမတွေ့တာလဲ။ သူက နင့်ကို အစောကြီးကတည်းက သတိရနေတာ

နောက်ဆုံးတွင် သူသည် သူ၏ရည်ရွယ်ချက်ကို မထုတ်ပြဘဲ မနေနိုင်တော့ချေ။

နင့်အဘွားက အိုနေပြီ၊ လူကြီးသောက်တဲ့နို့မှုန့်တချို့ကို သောက်ချင်မှာပဲ။ ငါ့ကိုထည့်ပေးလိုက်၊ ငါယူသွားပေးလိုက်မယ်

သူသည် မနေ့က သူမ ဦးကြီးရှမိသားစုကို ပေးလိုက်သည့် ပစ္စည်းများအကြောင်းကို ကြားခဲ့ပြီးဖြစ်ရမည်။

ရှမြန်က မျက်စောင်းဖြင့်ကြည့်လိုက်၏။

အဘွားရှက မင်ရှီစီရင်စုမှာ မရှိတာကို မပြောနဲ့အုံး။ သူသာ ရှိတယ်ဆိုရင်လည်း လူတွေက သူ့ကို ပစ္စည်းတွေ သွားပို့ပေးစရာတောင် မလိုဘူး။ အဘွားကြီးက သူ့ဟာသူ အရမ်းဂရုစိုက်တာလေ။ ဘယ်သူ့ကိုမှ ဘယ်တုန်းကမှ ဒုက္ခပေးမှာ မဟုတ်ဘူး

ရှအဒေါ်၂သည် အပေါ်စီးက နေရသည်ကို အကျင့်ပါနေပြီ ဖြစ်သည်။ သူမက ထိုစကားကို မယုံခဲ့ချေ။ မနက်ခင်းတွင် သူမသည် သည်းမခံနိုင်တော့ဘဲ နောက်တစ်ကြိမ် ပြဿနာရှာလေသည်။ ဒီတစ်ကြိမ်တွင်တော့ သူမက ရှမြန်ကို ဆဲဆိုခြင်း မဟုတ်ပေ။

သူမသည် ရှမိသားစု၏ဘိုးဘေးများကို တိုက်ရိုက် ကျိန်ဆဲလေသည်။ လိုရင်းကို ပြောရလျှင် အဓိပ္ပာယ်မှာ ဘိုးဘေးများက မကြင်နာတတ်သဖြင့် မိသားစုသည် ကံဆိုးရသည်။ လူဆိုးတစ်ယောက် မိသားစုထဲတွင် ပေါ်လာပြီး သူသည် မကောင်းသည့် ကိစ္စလုပ်ခဲ့သည့်အတွက် မည်သို့ လျော်စားပေးရမည်ကိုပင် မသိဟုဆိုသည်။ ရှောင်ဖုန်း၏ ကြောက်ရွံ့နေသည့် ရုပ်ကလေးကို မြင်လိုက်သည်တွင် ရှမြန်သည် အင်မတန်မှ ဒေါသထွက်သွားတော့သည်။

သူမသည် သကြားလုံးလက်တစ်ဆုပ်စာကို ဆွဲယူလိုက်ပြီး တံခါးနားတွင် ရပ်ပြီးစောင့်ကြည့်နေသည့် ဦးလေးရှရှေ့က တံခါးတွင် ကစားနေကြသည့်ကလေးများကို လှမ်းပေးလိုက်သည်။

နင်တို့တွေ သူတို့ကျိန်ဆဲနေတာကို ကြားရင် သူတို့ပြတင်းပေါက်ကို ရိုက်ခွဲပစ်လိုက်။ တကယ်လို့ နင်တို့တွေက ပြတင်းပေါက်တစ်ခုကို ခွဲနိုင်ရင် သကြားလုံး လက်တစ်ဆုပ်စာ ရလိမ့်မယ်

နင်တို့တွေ ကျောက်တုံးတွေကို အတူတူပစ်ကြနော်။ လူအများကြီးဆိုရင် ဘယ်သူက ပစ်လိုက်တယ်ဆိုတာ သိမှာ မဟုတ်တော့ဘူး။ သူကလည်း နင်တို့မိဘတွေကို သွားရှာလို့ မရတော့ဘူး

ဒါက နေ့တိုင်းနော်

ရှာဦးလေး၂သည် အလွန်မှ စိုးရိမ်ပူပန်သွားပြီး ရှမြန်ကို ဆဲဆိုချင်လိုက်သော်ငြားလည်း သကြားလုံးရသည့် ကလေးများက အလွန်မှတက်ကြွသွားပြီး ခွမ်းကနဲ မြည်သံတစ်ခုကို ကြားလိုက်ရတော့သည်။

နောက်ဆုံးတွင်ဘေးအိမ်သည် တိတ်ဆိတ်သွားတော့သည်။ ရှမြန်ကလည်း ကျေနပ်သွားသည်။ 

သို့သော်ငြားလည်း အဝေးက မင်မြို့ကြီးတွင် ရှိနေသည့် ဟွမ်ရှောင်ကျွမ်းကတော့ လုံး၀မကျေနပ်နိုင်ချေ။

...