အပိုင်း
(၃၀)
သူမသည်
အောက်ထပ်သို့ ရောက်လာသည်နှင့်ချက်ချင်း နိုင်ငံခြားဖြစ်ကား၏တံခါးက ပွင့်လာသည်ကို မြင်လိုက်ကာ
အရပ်မြင့်မြင့် လူတစ်ယောက်က ယာဉ်မောင်းထိုင်ခုံမှ ဆင်းလာလေသည်။ သူသည် သပ်ရပ်ပြီး
ဆံပင်ကိုနောက်သို့ လှန်ဖြီးထားကာ
တွန့်ကြေရာ
တစ်စက်ကလေးမှမပါသည့် သန့်ပြန့်နေသော ရှပ်အင်္ကျီကို ဝတ်ဆင်ထားသည်။ သူသည်
ရှင်းမပြတတ်သည့် အရောင်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။
ကြည့်ရှုနေကြသည့်
အိမ်နီးချင်းများက သူတို့၏အသံကို နှိမ့်ချလိုက်သည်တွင် သူတို့သည် ဒေါက်တာနဥ်က
ကားနောက်ခန်းမှ ဆင်းလာသည်ကို တွေ့လိုက်ရ၏။
အရင်ကဆိုလျှင်
သူတို့သည် ဒေါက်တာနဉ်က လူအများ မချဥ်းကပ်ရဲသည့် တစ်စုံတစ်ယောက်ဟု
ထင်ခဲ့ကြသော်ငြားလည်း အခုတော့ ဒါသည် ဒေါက်တာနဉ်က သူ့ကိုယ်သူ
ထိန်းချုပ်ထားခဲ့ဟန်တူသည်။ အခုတော့ သူ၏ယောက်ဖနှင့် ယှဉ်လျှက်ရပ်နေချိန်တွင် သူသည်
ယောက်ဖထက် အရောင်အဝါ မနိမ့်ကျသည့်အပြင် သူ၏ရုပ်အသွင်နှင့် သဘောထားတို့က ပို၍ပင်
သာနေသေးသည်။
ဒေါက်တာနဥ်၏
အစ်မနှင့် ကလေးက
ကားပေါ်မှဆင်းလာချိန်တွင် အားလုံးသည် ဒီမိသားစုကမည်မျှ
ရုပ်ရည်ချောမောလိုက်ပါသနည်းဟု တအံ့တအားဖြင့် မနေနိုင်ဘဲ ပြောဆိုကြတော့သည်။
ရှမြန်သာ
ဒီနေရာတွင်ရှိခဲ့လျှင် သူမသည် ထိုလူများ၏ခံစားချက်ကို နားလည်ပေလိမ့်မည်။ ဒါသည်
နောက်ပိုင်းမျိုးဆက်များမှာ မိန်းမငယ်လေးများက သူတို့၏အိုက်ဒေါအဖွဲ့ကို
တွေ့လိုက်ရသည်နှင့် အတူတူပင်။
သူတို့သည်
ဘာမှမလုပ်နေသည့်တိုင် သူတို့၏ရုပ်ရည်လေးကို ကြည့်ရုံမျှဖြင့် လူအများအား
ပျော်ရွှင်စေလေသည်။
အစပိုင်းတွင်
နားမလည်နိုင်ဖြစ်နေသည့် ဟွမ်ရှောင်ကျွမ်းမှာ အခုတော့ ရှင်းရှင်းလင်းလင်း
နားလည်သွားတော့သည်။ အကယ်၍ သူမသည် ဒီမိသားစုနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်လျှင်
သူမကို ကြီးမားသည့်အကျိုးအမြတ်များ သေချာပေါက် ယူလာပေးလိမ့်မည်။
သို့သော်ငြားလည်း
ဒီလိုမိသားစုတစ်ခုနှင့် မျက်နှာချင်းဆိုင် လိုက်ရသည်တွင် သူမသည် အလောတကြီး
မပြုမူရဲချေ။ သူမသည် အနည်းဆုံးတော့ ရှမြန်လုပ်ခဲ့သည့်အရာကို အရင်ဆုံး
သိရှိအောင်လုပ်ရလိမ့်မည်။
ပတ်ဝန်းကျင်ကို
ကြည့်လိုက်သည်တွင် ဒေါက်တာနဉ်ကို မျက်နှာလိုမျက်နှာရ လုပ်ချင်ကြသည့် လူသားများစွာ
ရှိနေကြသော်လည်း ဒီလူများသည် သူမကိုတော့ အထင်သေးကြလေသည်။ သူမသည် မစဥ်းမစား
ရှေ့သို့တိုးသွားခဲ့လျှင် သေချာပေါက် အနိုင်ကျင့်ခံရလိမ့်မည်။
ရှမြန်လို
လူမိုက်လေးတစ်ယောက်က တစ်စုံတစ်ယောက်ကို ကယ်တင်ပေးလိုက်မည်ဟု ဟွမ်ရှောင်ကျွမ်းက
မယုံကြည်ပေ။ သူမသည် ထိုကလေးမက အခြေအနေကို အခွင့်ကောင်းယူပြီး
ကျေးဇူးပြန်ဆပ်ခိုင်းမည်ကို သေချာပေါက်တားမြစ်ရလိမ့်မည်။
သို့သော်သူမ၏ညီမငယ်
ဟွမ်ရှောင်ရှာက ပိုပြီးတော့ မျှော်လင့်ချက်ရှိသည်။
ဆရာမမီ၏
အိုက်ဒေါအဖွဲ့က တစ်ယောက်ပြီးတစ်ယောက် အိမ်ထဲသို့ ဝင်သွားပြီးနောက်တွင် အားလုံးသည် နောက်ဆုံးတော့
ဟွမ်ရှောင်ကျွမ်းကို ဂရုစိုက်ဖို့အချိန်ရလာသည်။
“ဟော ရှောင်ဟွမ် အစောကြီးပြန်လာတာပဲ”
အပေါ်ထပ်က
အဒေါ်ကျောက်က သရော်သလိုပြောလေသည်။ “ဘာလဲ အခုကျတော့ နင်က လူမိုက်တွေကို
မကြောက်ဘူးပေါ့”
“နင်က ဘာကို ကြောက်နေတာလဲ။
အဲဒီလူမိုက်တွေအားလုံးက နင်တို့ရဲ့အမိန့်ကိုပဲ နာခံကြတဲ့ဟာကို”
ဟွမ်ရှောင်ကျွမ်း၏ ရင်မှာ
တစ်ချက်ခုန်သွားပြီးနောက်တွင် သူမသည် လီရှင်းမေ၏ရယ်မောသံကို ကြားလိုက်ရ၏။
“ဒါက တခြားလူရဲ့အိမ်ပဲ။ ဘာလို့ပြန်လာလို့
မရရမှာလဲ။ ရှောင်ကျွမ်း နင်တော့ ခရီးမှာပင်ပန်းလာပြီ။ ပြန်ပြီးတော့
အနားယူလိုက်ဦးလေ”
လူများသည်
ထိုစကားကို ကြားလိုက်ပြီးနောက်တွင် ရယ်မောကြလေသည်။ ဟွမ်ရှောင်ကျွမ်းက သူတို့ရဲ့ သိပါတယ်ကွာ ဟူသည့်မျက်လုံးများကို ကြည့်လိုက်ပြီး သူတို့က သူမကို
တစ်ခုခုဖုံးကွယ်ထားသည်ဟု ခံစားလိုက်ရသည်။
သူမသည်
ဒီနေရာတွင် ရယ်စရာအလုပ် မခံလိုချေ။ ထို့ကြောင့် သူမက သူမ၏ခရီးဆောင်အိတ်များကို
မြန်မြန်သယ်လိုက်ကာ ရွှန်းရွှမ်းနှင့်အတူ အပေါ်ထပ်သို့တက်လာလိုက်သည်။
ရလဒ်အနေဖြင့်
သူမသည်အိမ်တံခါးကို အချိန်တော်တော်ကြာ မဖွင့်နိုင်ခဲ့ပေ။
သူမသည်
မတတ်နိုင်တော့ဘဲ အောက်ထပ်သို့ဆင်းကာ ဆရာမမီ၏အိမ်သို့ သွားရောက် မေးမြန်းရလေတော့သည်။
ဒါသည် သေချာပေါက် သူမ၏အိမ်ဖြစ်လေရာ အဘယ်ကြောင့်များ သူမကတံခါးကို
ဖွင့်လို့မရနိုင်ပါသနည်း။
“ဪ စကားမစပ်”
လီရှင်းမေက
အောက်ထပ်မှနေ၍ လှမ်းအော်လေသည်။
“ရှောင်ကျွမ်း နင်တို့အိမ်တံခါးကလေ
သော့ပြောင်းသွားပြီ။ နင့်ရဲ့သော့အဟောင်းနဲ့ဆိုရင် ဖွင့်လို့ရမယ် မထင်ဘူး”
ဟွမ်ရှောင်ကျွမ်းသည်
စိတ်မရှည်သလိုခံစားလိုက်ရပြီး သော့အိမ်က ပြောင်းလိုက်ပြီဟု
ကြားလိုက်သည့်အချိန်တွင် သူမသည် မနေနိုင်ဘဲမေးလိုက်တော့သည်။
“အားလုံးက အဆင်ပြေနေတဲ့ဟာကို သူတို့တွေကဘာလို့
သော့အိမ်ကို ပြောင်းလိုက်တာလဲ”
အောက်ထပ်ကလူများ၏
လှောင်ပြောင်သရော်နေသည့် ရယ်သံတစ်ခုက ပွင့်ထွက်လာသည်။
“နင်က သော့ပြောင်းသွားတာကိုတောင်
ဘာဖြစ်လို့မသိရတာလဲ”
“နင်က အရမ်းရယ်ရတာပဲ။ နင်က ကလေး(၂)ယောက်ကို
သော့ကို ပေးမသွားဘဲနဲ့ ထွက်သွားတယ်။ သူတို့တွေက သော့အိမ်ကို မပြောင်းရင်
ဘယ်လိုလုပ်ပြီး အထဲဝင်လို့ရမှာလဲ”
“နင်ဟာလေ တကယ့်ကိုရက်စက်တဲ့
စိတ်သဘောထားရှိတဲ့သူပဲ”
အဒေါ်လီ၏ ချွေးမက
တံတွေးကိုတစ်ချက်ထွေးထုတ်ကာ ပြောလိုက်၏။
“မှောင်မည်းနေတဲ့ အခန်းငယ်လေးထဲမှာ အိပ်ရင်
နှိပ်စက်ခံရတယ်လို့ ပြောမှာစိုးလို့ သူက ကလေးတွေကို လမ်းပေါ်မှာ အိပ်ခိုင်းတာလေ”
ဟွမ်ရှောင်ကျွမ်းသည်
အလွန်မှ ဒေါသထွက်သွားပြီး
သူမ၏စိတ်များက လွတ်ထွက်သွားတော့မလို ဖြစ်ကာ လွှတ်ခနဲ ထုတ်ပြောလိုက်မိလေသည်။
“ရှမြန်မှာ သူငယ်ချင်းတွေ အများကြီးပဲ။ သူက
ဘယ်လိုလုပ်ပြီး သွားစရာနေရာ မရှိရမှာလဲ”
ဒီစကားကို
ပြောလိုက်လျှင် အားလုံးက ရှမြန်ကို ရွံရှာသွားကြလိမ့်မည်ဟု သူမကထင်လိုက်သည်။
သို့သော်ငြားလည်း အားလုံးက သူမကို ပိုပြီးရွံရှာသွားဟန်တူသည်။
“ဖွီ... ရှမြန်က အခုမှ ဒီကိုရောက်လာတာပဲ။ သူက
ဘယ်ကို သွားရမှာလဲ။ နင်က ငါတို့တွေကို နင့်လို့မကောင်းတဲ့အတွေးမျိုး ရှိနေတယ်လို့
မြင်နေတာလား”
“နင်က ငါတို့တွေကို အရူးလို့ သဘောထားနေတာပဲ”
“ထားလိုက်ပါ။ သူက ရွံစရာကောင်းတာပဲ။ သူက
စကားပြောတဲ့ အချိန်တိုင်း ရွံစရာကောင်းတဲ့ စကားလုံးတွေကိုပဲ အမြဲတမ်း သုံးလာတာ။ သူ
လုပ်ချင်တာ ပေးလုပ်ထားလိုက်”
ဟွမ်ရှောင်ကျွမ်းသည်
ဒေါသလည်းထွက်ရသလို စိုးရိမ်စိတ်လည်း ဖြစ်လာတော့သည်။ ဒီသောက်ကျိုးနဲ ရှမြန်က
ဒီလူများကို လှည့်စားဖို့ရန် မည်သို့သောမှော်ဆေးရည်ကို သုံးခဲ့ပါသနည်း။
သူမ
ထိုသို့စဉ်းစားလိုက်ပြီး ကိုယ်ကိုလှည့်ကာ တံခါးကို တဒုန်းဒုန်း စတင်ထုတော့သည်။
ရှမြန်က သူမကို လက်စားချေဖို့ရန်
တံခါးကို တမင်ဖွင့်မပေးဘဲ နေသည်ဟုထင်လိုက်သည်။ ထို့ကြောင့် သူမက လေကို
အပြည့်ရှုသွင်းလိုက်ပြီး အော်ခေါ်လိုက်တော့သည်။
“ရှမြန် တံခါးဖွင့်စမ်း။ နင်က အဆင်ပြေနေတာပဲ။
ဒါနဲ့များ ရဲကို ဘာဖြစ်လို့ ဖုန်းထပ်ဆက်ရသေးတာလဲ”
နဉ်ရှောက်ယွင်သည်
အသံကိုကြားလိုက်ပြီး အပြင်ကိုထွက်လာကာ တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် မေးလိုက်၏။
“ဒါက ရှောင်ဖုန်းကို နှိပ်စက်ပြီးတော့
ရှမြန်ကိုချောက်ချခဲ့တဲ့ ဟွမ်ရှောင်ကျွမ်း ဆိုတာလား”
“အဲ့လိုပဲပြောရမယ်...“
အားလုံးသည်
တစ်ဖန်စပြီး စကားစမြည်များ ပြောကြပြန်သည်။ ဒေါက်တာနဥ်၏အစ်မက သူတို့နှင့်
စကားပြောလေ့မရှိချေ။ သို့သော်ငြားလည်း သူမသည် ဒီအခိုက်တွင် စိတ်ကောင်းဝင်နေလေရာ
သူတို့သည် သူမကို ဟွမ်ရှောင်ကျွမ်းအား ပြောချင်သလိုပြောခွင့် ပေးထားလေသည်။
ဟွမ်ရှောင်ကျွမ်းသည်
တစ်နေ့လုံးနီးပါး ခရီးဆောင်အိတ်ကို သယ်ကာ ရွှမ်းရွှမ်းနှင့် လမ်းလျှောက်လာခဲ့ရသည်။
အခုတော့ သူမသည် ပင်ပန်းကာ ဆာလောင်နေလေသည်။ ရွှမ်းရွှမ်းသည် သူ၏အိမ်တံခါးထဲသို့
၀င်လို့မရသည်ကိုမြင်လိုက်သည်တွင် စတင်ပြီးငိုယိုတော့သည်။
နောက်ဆုံးတော့
အလွန်မှစိတ်ရှုပ်လာသည့် ဘေးအိမ်မှ အဘွားလျိုက တံခါးကို ဖွင့်ကာပြောလိုက်၏။
“အော်မနေနဲ့ ရှမြန် မရှိဘူး”
ဘာလို့
အခုမှပြောတာလဲ။
ဟွမ်ရှောင်ကျွမ်းသည်
ထိုစကားကို ကြားလိုက်သည့်အချိန်တွင် အံကြိတ်ထားလိုက်တော့သည်။
ဒီ
သောက်ကျိုးနဲ အဘွားကြီးက ငါ့ကို တမင်လုပ်နေတာပဲ။
သို့သော်ငြားလည်း
သူမသည် သူမ၏ ဒေါသကို ပြန်လည်မျိုသိပ်ထားရဆဲဖြစ်ကာ ပြောလိုက်ရတော့သည်။
“ရှမြန် ဘယ်သွားတာလဲ”
အဘွားလျိုက
တအံ့တဩဖြင့် သူမကိုကြည့်လိုက်ကာ ”နင်တို့တွေက သူ့ကို ဒီလိုမောင်းထုတ်လိုက်ကြတာဆိုတော့ သူက သူ့ရဲ့ဇာတိမြို့ကို ပြန်သွားရတော့မှာပေါ့။ ဧကန္တ သူက အိမ်မှာပဲ
အရှက်မရှိ ဆက်နေပြီးတော့ နင်တို့တွေက နေ့တိုင်း သူ့ကိုအပြင်မှာ ပိတ်ထားတာကို
စောင့်နေရမတဲ့လား”
“ဒါဆိုရင် တံခါးသော့ကရော”
ဟွမ်ရှောင်ကျွမ်းသည်
လက်သီးများကို တင်းနေအောင် ဆုပ်ထားလိုက်ပြီး အံကြိတ်ထားလိုက်ကာ”သူ သော့ချန်ခဲ့လား”
အဘွားလျိုက
ပြောလိုက်သည်။
“ငါ မသိဘူးလေ။ ဟိုတုန်းကတော့ ကလေးမရှမြန်က
ရှောင်ဖုန်းကို ကောင်းကောင်း စောင့်ရှောက်နိုင်သားပဲ။ နင့်လို လူကြီးတစ်ယောက်က
ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှမလုပ်နိုင်တာတော့ မဖြစ်နိုင်ဘူးလေ။ ဟုတ်တယ်မလား”
လက်စားချေနေတာ။
ဒါက သေချာပေါက် ရှမြန်က လက်စားချေနေတာ။
ဟွမ်ရှောင်ကျွမ်းသည်
အင်မတန် ဒေါသထွက်သွားပြီး မူးဝေသလို ခံစားလိုက်ရလေသည်။ သို့သော်ငြားလည်း
ရွှမ်းရွှမ်းက ဗိုက်ဆာနေပြီဟု ဆက်တိုက်အော်ဟစ်ကာ အကျယ်ကြီး ငိုယိုနေတော့သည်။
ဟွမ်ရှောင်ကျွမ်းသည်
မတတ်သာတော့ဘဲ သူမ၏ခရီးဆောင်အိတ်ကို သယ်ကာ ရွှမ်းရွှမ်းကို လက်တွဲပြီး
သော့ပြောင်းပေးသည့်လူကို သွားရှာလိုက်လေသည်။ သို့သော်ငြားလည်း ဆိုင်ပိတ်ချိန် ရောက်နေပြီဖြစ်သဖြင့်
သော့ပြောင်းပေးသည့်လူကလည်း ဆိုင်ပိတ်ကာ ပြန်သွားပြီဖြစ်သည်။
ဟွမ်ရှောင်ကျွမ်းမှာ
လဲကျချင်သလို ဖြစ်သွားတော့သည်။ သူမက ငိုယိုနေသည့်ရွမ်းရွှမ်းကို
ကန်လိုက်ပြီးပြောလိုက်၏။
“တိတ်စမ်း”
ရွှမ်းရွှမ်းသည်
အချိန်တိုလေးအတွင်း တိတ်သွားပြီးနောက်တွင် ပိုပြီးကျယ်လောင်စွာ
အော်ငိုလေတော့သည်...
နောက်ဆုံးတွင်
ဟွမ်ရှောင်ကျွမ်းသည် ရွေးချယ်စရာမရှိတာ့ဘဲ ရွှမ်းရွှမ်းကိုခေါ်ကာ ဟိုတယ်တစ်ခုတွင်
တည်းခိုလိုက်ရတော့သည်။ သူမသည် ရှမြန်က သူမ၏ဘဏ်စာအုပ်ထဲတွင် ချန်ထားသည့် ယွမ်၁
ထောင်ကို သုံးလိုက်ရသည်။ ဒီတစ်ကြိမ်တွင် သူမသည် သူမ၏မိဘအိမ်သို့ ပြန်သွားချိန်က
ငွေအားလုံးကို ထုတ်ခဲ့သည်။ အခုတော့
သူမသည် သူမ၏ကိုယ်ပိုင်ငွေကို အသုံးပြုနေရသည်ဖြစ်ရာ သူမမှာ အလွန်မှ
စိတ်ဓာတ်ကျနေတော့သည်။
သူမသည်
ဟိုတယ်သို့ ရောက်လာသည်နှင့်
ဒေါသတကြီးဖြင့် ကျန်းချီမင်ကို ဖုန်းဆက်ကာ ရှမြန်က သူမကိုဖမ်းရန် ရဲကိုခေါ်ခဲ့ပြီး
အိမ်သော့ကိုလည်း လဲသွားကာ လူမိုက်များနှင့်ပတ်သက်သည့် အိမ်နီးချင်းများ၏
သဘောထားအမြင်များကိုလည်း ပြောပြလိုက်လေသည်။
သူမက
အလွန်မှစိုးရိမ်နေသည်။ သို့သော်ငြားလည်း ကျန်းချီမင်က နားထောင်ပြီးပြောလိုက်၏။
“ရဲတွေက မင်းကို ရှာနေတယ်လို့ ဆေးရုံက
တစ်ယောက်ယောက်က ကြားခဲ့လို့လား”
ဟွမ်ရှောင်ကျွမ်းသည်
ကြောင်အမ်းအမ်းဖြစ်သွားတော့၏။ ဒီလိုကိစ္စမျိုး အမှန်တကယ်မရှိခဲ့ချေ။
“အဲဒီဖုန်းက ရှမြန်က သူ့ဟာသူ ခေါ်လာတာနေမှာပေါ့”
ကျန်းချီမင်က
အေးဆေးသည့်လေသံဖြင့် ပြောလိုက်၏။
“နင်တို့ ဟွမ်မိသားစုက တကယ့်ကို ဘာမှမသိတာပဲ။
ဒါနဲ့များ နင်တို့က တစ်စုံတစ်ယောက်ကိုဖမ်းဖို့၊ ရဲကို အသိပေးဖို့ ဘာလို့
ဖုန်းမခေါ်ခဲ့သေးလဲ”
ဟွမ်ရှောင်ကျွမ်းကလည်း
သတိပြန်ဝင်လာတော့သည်။
“မဟုတ်လို့လား တကယ်လို့ ရှမြန်သာ
ရဲကိုခေါ်ခဲ့တယ်ဆိုရင် သူက မိသားစုအိမ်ယာဝင်းထဲမှာ ရှိတဲ့ အားလုံးကို
အသိပေးစေချင်မှာပဲလေ။ ဒါပေမဲ့ ဘယ်သူကမှ ဒီအကြောင်းကို မပြောကြဘူးဘဲ။ ဒီတော့...“
“ဒီတော့ သူ့မှာပြဿနာတချို့ သေချာပေါက်ရှိနေလို့
နင့်ကိုရှာဖို့ လောနေတာ ဖြစ်မှာပေါ့။ ဒါပေမဲ့ ဒီကလေးမလေးက ဒါကို သည်းမခံနိုင်လို့
မစောင့်နိုင်တော့ဘဲ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးသွားတာဖြစ်မှာပေါ့”
ကျန်းချီမင်သည်
စိတ်ကောင်းဝင်နေဟန်တူသည်။
“အဲဒီ လူမိုက်တွေအတွက်တော့ သူ
ပြောချင်ရာပြောပါစေ။ အခုအချိန်ကစပြီး သူက သူပြောခဲ့တဲ့စကားအတိုင်း
ပြန်ပြီးခံစားရလိမ့်မယ်”
“ဟုတ်နေသားပဲ”
ဟွမ်ရှောင်ကျွမ်း၏
မျက်လုံးများမှာ လင်းလက်သွားလေသည်။
“အဲ့ကလေးမက သေချာပေါက် ဒုက္ခဖြစ်နေတာပဲဖြစ်ရမယ်။
အဲလိုမှ မဟုတ်ဘူးဆိုရင် သူက ဒေါက်တာနဥ်ရဲ့တူလေးကို အသက်ကယ်ဆယ်ပေးခဲ့တဲ့သူပဲ။
ဘာဖြစ်လို့ ထွက်ပြေးသွားတာလဲ။
ငါတို့တွေမှာ
သူနဲ့ပတ်သက်ပြီး သက်သေတွေရလာတာနဲ့ ငါတို့တွေက သူ့ကို ငါတို့ပြောစေချင်တဲ့အတိုင်း
ပြောခိုင်းလို့ရပြီ”
ဟွမ်ရှောင်ကျွမ်း၏
စိတ်အခြေအနေမှာ နောက်ဆုံးတော့ ကြည်လင်သွားလေသည်။
ဝမ်းနည်းစရာက
ထိုစိတ်ခံစားချက်သည် မကြာရှည်ခဲ့ပေ။
နောက်တစ်နေ့တွင်
ဟွမ်ရှောင်ကျွမ်းသည် သော့အိမ်ကို လဲဖို့ရန်အတွက် လူတစ်ယောက်ကို
သွားရောက်ရှာဖွေခဲ့ပြီး တံခါးပြင်ပေးသည့်လူကလည်း တော်တော်လေးကို ရိုးသားလေသည်။
“ခင်ဗျားတို့အိမ်က ဘာဖြစ်နေတာလဲ။ ကျွန်တော်ဆိုရင်
နှစ်လအတွင်း ကျွန်တော့်ရဲ့အိမ်သော့ကို ပြောင်းတာ မဟုတ်ဘူး။ ဒါပေမဲ့
ခင်ဗျားတို့ကတော့ တစ်ပတ်တောင်မပြည့်သေးဘူး။ နှစ်ခါတောင် လဲနေပြီ”
ဟွမ်ရှောင်ကျွမ်းက
ရှမြန်ကို ပူညံပူညံဆဲဆိုတော့မည် ပြင်လိုက်စဉ် တိုက်တိုက်ဆိုင်ဆိုင်
မျက်နှာချင်းဆိုင်တံခါးက အဘွားလျိုက ထွက်လာပြီး သူမပြောလိုက်သည့်
စကားကိုကြားလိုက်၏။ သူမက ပြုံးကာ ပြောလိုက်လေသည်။
“အင်း ဒီမိသားစုက စိတ်စေတနာကောင်းတယ်လေ။
ရှင့်အတွက် ဝင်ငွေတွေကို အထူးတလည် ဖန်တီးပေးနေတာပေါ့”
ဟွမ်ရှောင်ကျွမ်းသည်
အဘွားလျို၏ ရှေ့တွင်
ရှမြန်၏မကောင်းကြောင်းကို မပြောရဲတော့ချေ။ သူမက ရင်နာနာနှင့်
ငွေကိုပေးချေလိုက်ပြီးနောက်တွင် သူမ၏အမူအရာဖြင့် မကျေနပ်ချက်များကို ဖော်ပြရန်
တံခါးကိုဆောင့်ပိတ်လိုက်တော့သည်။
အဘွားလျိုကလည်း
သရော်ကာ သူမ၏ချွေးမကို ပြောလိုက်တော့သည်။
“အခုမှ အစပဲ ရှိသေးတယ်။ သူတို့တွေက ဒေါသထွက်နေပြီ။
စောင့်ကြည့်လိုက်ပါဦး။ ခဏနေကြရင် သူ ငါ့ကိုထပ်လာရှာလိမ့်မယ်”
“ဒါဆိုရင်လည်း သူ့ကို လျစ်လျူရှုထားလိုက်ပေါ့”
လီရှင်းမေက
မနေနိုင်ဘဲ အော်ရယ်လေသည်။
“ရှမြန်ဟာလေ တကယ်အံ့သြစရာကောင်းတာပဲ”
“သန်မာမှ ရမယ်လေ။ အဲ့လိုမဟုတ်ဘူးဆိုရင်
ဒီလိုတိရစ္ဆာန်တွေနဲ့ တွေ့တဲ့အခါ ဘယ်ထွက်ပြေးနိုင်ပါတော့မလဲ”
အဘွားလျိုက
ပြောလိုက်၏။ “သူ့မှာလည်း သူ့အကြောင်းနဲ့သူ ရှိသေးတာကို”
ဒီအချိန်တွင်
အဘွားကြီး၏မျက်လုံးများသည် သဘောကျနေသည့် အရိပ်အယောင်အပြည့် ဖြစ်သွားတော့သည်။
“သူ ရူးသွပ်သွားတော့မှာကို ငါတော့
ကြည့်ချင်သေးတယ်”
လီရှင်းမေကလည်း
အော်ရယ်လိုက်သည်။
ဟုတ်ပါသည်။
စက္ကန့်ပိုင်းလေးအတွင်းတွင် ဟွမ်ရှောင်ကျွမ်းသည် စိုးရိမ်တကြီး အပြင်သို့ ပြေးထွက်လာကာ
မျက်နှာချင်းဆိုင်လမ်းက လူများနှင့် ဆိုးဆိုးညစ်ညစ် ဖြေရှင်းရမည့်ကိစ္စကို
မေ့လျော့သွားပြီး စိုးရိမ်တကြီး ပြောလိုက်လေသည်။
“အဒေါ်လျို ကြည့်ရတာ ကျွန်မအိမ်ထဲကို
သူခိုးဝင်သွားတဲ့ပုံပဲ။ ရောင်စုံတီဗီနဲ့ အပ်ချုပ်စက်ကြီး မရှိတော့ဘူး”
“သူခိုး၀င် မဝင်တော့ ငါမသိဘူး”
အဘွားလျိုက
ပြောလိုက်သည်။
“ဒါပေမဲ့ ရှမြန်ကတော့ ရောင်စုံတီဗီနဲ့
အပ်ချုပ်စက်ကြီးကို ပေါင်လိုက်တယ်လေ”
“အဲဒါတွေကို ပေါင်လိုက်တယ် ဟုတ်လား”
ဟွမ်ရှောင်ကျွမ်း၏
ပထမဦးဆုံးတုံ့ပြန်မှုမှာ ရှမြန်ကရောင်စုံတီဗီကို စက်ကမ်းဟန်း ပစ္စည်းအဖြစ်
ရောင်းချလိုက်ခြင်းကြောင့်ပင်။ ထို့နောက်တွင် သူမသည် မနေနိုင်တော့ဘဲ
အော်ဟစ်တော့သည်။
“သူက အတင့်ရဲလှချည်လား”
“နင်က ဘာတွေ အော်ဟစ်နေတာလဲ”
အဘွားလျိုက
နားမလည်သလိုနှင့် မေးလိုက်လေသည်။
“နင်တို့ရဲ့ ရှောင်ကျန်းကပဲ သူ့ဟာသူ
ပြောခဲ့တယ်မဟုတ်လား။ ရှမြန်ကို ကိုယ့်ဟာကိုယ် အရင်ဆုံး ဖြေရှင်းထားလိုက်ဆို။
သူပြန်လာမှ နောက်က လိုက်ရှင်းပေးမယ်ဆို။ ငါတို့တွေအားလုံး ကြားခဲ့သားပဲ”
“နောက်ပြီးတော့ ရှမြန်က ဒါတွေကို ပေါင်ရုံပဲ
ပေါင်လိုက်တာ။ တကယ်လို့ နင်တို့တွေက တစ်လအတွင်း ပြန်ရွေးမယ်ဆိုရင် အတိုးက
၁၀ယွမ် လောက်ပဲပိုပေးရမှာလေ”
အဘွားလျိုက
ပြောလိုက်၏။
“နင် ကလေး(၂)ယောက်ကို ငတ်သေခိုင်းမလို့လား”
အပေါ်ထပ်က
အစ်မဝမ်ကလည်း ခေါင်းလေးကို ထုတ်ကာပြောလိုက်၏။
“အေးလေ နင်တို့က တစ်ယောက်ယောက်ကို
အပြစ်တင်ချင်တယ်ဆိုရင်တော့ သေသေချာချာလေး မစဉ်းစားတတ်တဲ့ နင်နဲ့ရှောင်ကျန်းကိုပဲ
အပြစ်တင်ရလိမ့်မယ်။ ငါတို့တွေက အပေါ်ထပ်နဲ့ အောက်ထပ်က အိမ်နီးချင်းတွေပဲ။ တကယ်လို့
နင်တို့သာ ငါတို့ဆီမှာ သော့နဲ့ငွေတချို့ကို ထားခဲ့မယ်ဆိုရင် ငါတို့က နင်တို့ကို
လိမ်လည်နေမှာမလို့လား”
အဘွားလျိုကလည်း
ပြောလိုက်သည်။
“တကယ်ပါပဲအေ။ တော်ပါသေးရဲ့ ကလေးမလေးရှမြန်က
အရည်အချင်းရှိလို့ပဲ။ သူသာ ဘာအတွေ့အကြုံမှ မရှိဘူးဆိုရင် ဒီကလေးက ဘယ်လိုလုပ်ပြီး
အသက်ရှင်နိုင်မှာလဲ...“
၂ယောက်သားသည်
ပြောရင်းဆိုရင်း ရှမြန်ကို စတင်ချီးကျူးနေကြလေသည်။
ဟွမ်ရှောင်ကျွမ်းမှာ
ရှုံ့တွနေသည့် မျက်နှာတစ်ခုဖြင့်
ပြန်လည်၀င်သွားတော့သည်။ အဘွားလျိုနှင့် အစ်မ၀မ်တို့သည် အချင်းချင်းကြည့်လိုက်ကာ
ပြုံးလိုက်ကြပြီး နှစ်ယောက်စလုံးက စိတ်အေးသွားသလို ခံစားလိုက်ရလေသည်။
ဟွမ်ရှောင်ကျွမ်းသည်
ဒေါသအလွန်ထွက်သွားပြီး သူမသည် ပြန်ရွေးရမည့်ပြေစာကို ရှာဖွေတော့သည်။ ထိုပြေစာကို
ထိုကလေးမက တမင်တကာ ဝှက်ထားလိုက်မည်ဟု စိုးရိမ်နေမိသည်။ ကံအားလျော်စွာ ရှမြန်က
ထိုသို့လုပ်ရန် သတ္တိရှိဟန်မတူချေဟု သူက စဉ်းစားမိပြန်သည်။
ဟွမ်ရှောင်ကျွမ်းသည်
ဖုန်းဘေးတွင် အလွန်မှသိသာထင်ရှားသည့် အပြာရောင် ပြန်ရွေးရမည့်ပြေစာကို
ရှာတွေ့သွားသော်ငြားလည်း ထိုပစ္စည်းကို ရှာတွေ့ပြီးနောက်တွင် သူမ၏စိတ်အခြေအနေမှာ
အများအပြား တိုးတက်လာခြင်းမရှိပေ။
စာပေါ်တွင်
ရေးထားသည့်စကားလုံးများက တစ်ဖက်လူကဲ့သိုပင် မောက်မာထောင်လွှားလွန်းနေသည်။
[အံ့ဩသွားတယ်
မဟုတ်လား၊ နင် အံ့ဩသွားတယ် မဟုတ်လား]
[နင်ထပ်ပြီးတော့
မျှော်လင့်ထားလိုက်အုံး]
ဟွမ်ရှောင်ကျွမ်းသည်
ယွမ် ၁၂၀၀ ပေးချေရန် ဟု ရေးထားသည့် ပြန်ရွေးရမည့် ပြေစာကိုကြည့်လိုက်ပြီး အလွန်မှ
ဒေါသထွက်သွားကာ တစ်ကိုယ်လုံး တုန်ယင်သွားတော့သည်။
ရှမြန်!!
…