အပိုင်း(၁၃၉) - ထင်တဲ့အတိုင်းပဲ
ပွဲကြည့်ပြီးနောက် ရှစ်ချင်းလျို့က ရှောင်အာ့လန်အား သူဖုန်းစားတွေကို
ပိုက်ဆံ အနည်းငယ် ပေးခိုင်းပြီး ဝူမိသားစုရဲ့ အပေါက်ဝမှာ ဖြစ်ခဲ့သည့် ကိစ္စတွေကို စီရင်စုမြို့တစ်ခုလုံး
ပျံ့နှံ့သွားအောင် သတင်းဖြန့်ခိုင်းခဲ့သည်။
သတင်းရဲ့ အဓိက အကြောင်းအရာက ဝူမိသားစုက သူတို့ရဲ့ တရားမဝင်သမီးကို
တင်တောင်းငွေ အများအပြားဖြင့် ရှစ်မိသားစုရဲ့ စတုတ္ထသားကို ဖိအားပေး လက်ထပ်ယူစေခြင်း
ဖြစ်သည်။
သူတို့က ရှစ်မိသားစုဆီကနေ တင်တောင်းငွေ ၁၀၀၀ တောင်းတာ ဖြစ်သည်။
ပိုက်ဆံ မရှိပါက အိမ်နှင့် မြေကို ရောင်းခိုင်းခဲ့သည့် အကြောင်း
ဖြစ်လေသည်။
ရှစ်မိသားစုက သဘောမတူဘဲ မင်္ဂလာပွဲ ကမ်းလှမ်းဖို့ မလုပ်ခဲ့တော့ပေ။
သို့ပေမယ့် ဝူမိသားစုက သဘောမတူဘဲ ဖိအားပေးခဲ့သည်။
နောက်ဆုံးတော့ ဝူမိသားစုက သူတို့သမီးကို တင်တောင်းငွေ ၂ပြားဖြင့်
စေ့စပ်ကြောင်းလမ်းဖို့ သဘောတူခဲ့သည်။
ဝူမိသားစုက ခန်းဝင်ကြေးအဖြစ် ငွေ ၁၀၀၀ ပေးဖို့ သဘောတူသည့် အကြောင်းကိုတော့
သတင်းလွှင့်သည့် အထဲ ဖယ်ချန်ခဲ့သည်။
ရှောင်အာ့လန်ရဲ့ တာဝန် ပြီးဆုံးသွားပြီးသည့်နောက် သူတို့ အကုန်လုံးက
မြင်းရထားလုံး စီးပြီး အိမ်ပြန်ခဲ့ကြသည်။
မျှော်လင့်ထားသည့်အတိုင်း ထိုသတင်းက စီရင်စုမြို့တစ်ခုလုံး
မြန်မြန်ဆန်ဆန် ပြန့်သွားခဲ့သည်။
တစ်မြို့လုံးမှာ ဝူမိသားစုရဲ့ အပုပ်အပွ သတင်းတွေ ပြည့်နေခဲ့သည်။
လူတိုင်းက ဝူမိသားစုကို ဓားပြတွေလို့ ပြောဆိုခဲ့ကြသည်။
သေချာပေါက် မော့ချင်းလင်ဟာလည်း ထိုသတင်းကို သတိပြုမိခဲ့သည်။
သူက ရယ်ခဲ့သည်။ "ကျင်းယွီရဲ့ ဇနီးက တကယ် သာမာန် မဟုတ်ဘူးပဲ။"
သူမက ဝူမိသားစုကို ရှင်းထုတ်ဖို့ နည်းလမ်းကို တကယ် တွေးနိုင်သည်။
ရှစ်မိသားစုကတော့ ဒီအကြံတွေကို သူတို့ဘာသာ မတွေးနိုင်တာ သူယုံကြည်သည်။
သူ အရင်က ရှစ်မိသားစုရဲ့ စတုတ္ထသားနှင့် ဆုံခဲ့ဖူးရာ သူက ဤမျှလောက်
ဉာဏ်ကောင်းပုံလည်း မပေါ်ပေ။
သူ့လူယုံတော်က ကြက်သေ သေနေသည်။ "သခင်ကြီး ရှစ်ချင်းလျို့က
သူ့မိသားစုကို သင်ပေးခဲ့တာလို့ ပြောတာလား။"
မော့ချင်းလင်က ခေါင်းငြိမ့်ပြခဲ့သည်။ "ကြိုးကိုင်သူက သူဖြစ်ဖို့များတယ်၊
သူက လိုအပ်ရင် သဘောထားကြီးနိုင်သလို သဘောထားသေးတဲ့အခါကျရင်လည်း အပ်ပေါက်လေးလောက်ကို
သေးတာ။"
အကြိမ်ရေ အနည်းငယ်လောက် အဆက်အသွယ်ပြုပြီးနောက် သူ ရှစ်ချင်းလျို့ရဲ့
အကြောင်းကို နည်းနည်း သိလာခဲ့သည်။
သူက မျက်လုံးကို မှေးကျဥ်းခဲ့သည်။ "စောင့်ကြည့်နေလိုက်၊
ဒီကိစ္စ ဒီမှာ မပြီးဘူး၊ မကြာခင် ဝူမိသားစု အရှင်းခံရလိမ့်မယ်။"
သူ နန်ရှီစီရင်စုမြို့ရဲ့ တရားသူကြီးမင်း ဖြစ်လာပြီးနောက် ဝူမိသားစုက
သူ့ကို ဒုက္ခများစွာ ပေးခဲ့သည်။
အခုတော့ သူတို့ကို သင်ခန်းစာပေးရမည့် အချိန်ကျပြီဖြစ်သည်။
ရွာမပြန်ခင် ရှစ်ချင်းလျို့က အမေရှောင်၊ ရှောင်ပိုင်လီနှင့်
ရှောင်အာ့လန်ကိုခေါ်ပြီး စျေးဝယ်ထွက်ခဲ့သည်။
ပွဲကြည့်ပြီးနောက် အောင်ပွဲခံဖို့ ဟင်းပွဲကောင်းကောင်း စားသောက်ရန်
လိုအပ်သည်။
အိမ်ပြန်ရောက်ပြီးနောက် လျန့်ယိုရှောင်က
သိချင်စွာ မေးခဲ့သည်။ "ဒါက ပြီးပြီလား၊ ဝူမိသားစုက မင်းရဲ့ ယောက်ျားကို အကွက်ချပြီး
မင်းကို အန္တရာယ်ပြုဖို့ ကြံစည်တာကို မဖော်ထုတ်တော့ဘူးလား။"
ဝူမိသားစုကို ဒီလို လွယ်လွယ် မလွှတ်ပေးသင့်ဘူးမလား။
ဖြစ်နိုင်ပါ့မလားဟူသော အကြည့်ဖြင့် ရှစ်ချင်းလျို့က သူ့ကို
ကြည့်ခဲ့သည်။ "ရှင့်မှာ ဘာအစီအစဥ်ရှိလဲ၊ ကြီးကြီးမားမား မခံစားရခိုင်းခင် အရင်
ဒုက္ခခံခိုင်းလိုက်တာ မကောင်းဘူးလား၊ မဟုတ်ရင် သူတို့ကို လွယ်လွယ် လွှတ်ပေးသလို ဖြစ်သွားမှာပေါ့။"
သူမ ခင်ပွန်းက ဝူမိသားစုကို ရှောင်ယွမ်ရှစ် သို့မဟုတ် သူ့ဇနီးက
သွေးထိုးထားတာကို သက်သေရှိမလား ဟူ၍ တိတ်တဆိတ် လူလွှတ်ကာ စုံစမ်းခိုင်းထားသည်။
အခုအကယ်၍ ဒီကိစ္စသာ ပေါ်သွားရင် စုံစမ်းလို့ရတော့မည် မဟုတ်ပေ။
သူတို့သာ သက်သေရှာနိုင်မည် ဆိုပါက နောက်ကျရင် ရှောင်ယွမ်ရှစ်ကို
ဆွဲချဖို့ ပိုလွယ်ကူသွားမည် ဖြစ်သည်။
ဒါ့အပြင် ရှစ်ချင်းလျို့က ဝူမိသားစုကို ဒီလို လွယ်လွယ် လွှတ်ပေးပြီး
လွယ်လွယ် သေခွင့် မပေးနိုင်ပေ။
ပြည်နှင်ဒဏ် မပေးခံရခင် ထိုပြဿနာကောင်တွေရဲ့ မမေ့နိုင်ဖွယ်
အတွေ့အကြုံပေးခြင်းကို အရင် ခံစားခိုင်းဦးမည်။
ထိုမှသာ လုံလောက်စွာ စိတ်ကျေနပ်နိုင်မည်။
"ထင်တဲ့အတိုင်းပါပဲ။" လျန့်ယိုရှောင်က
ရယ်ခဲ့သည်။
သူမ ဝူမိသားစုကို ဘာကြောင့် လွယ်လွယ် လွှတ်ပေးလိုက်တာလဲဟု သူ
သိချင်နေတာ ဖြစ်သည်။
ဖြစ်ချင်တော့ သူတို့အတွက် နောက်ထပ် အစီအစဥ် ရှိနေတာ ဖြစ်သည်။
သူက ခဏလောက် တွေးပြီးနောက် ပြောခဲ့သည်။ "အော် ဟုတ်သား၊
နောက်ရက်အနည်းငယ်နေရင် ရှီလွေ့ဆီ လူလွှတ်ပြီး စာပို့ခိုင်းတော့မလို့၊ မင်းရဲ့ အရုပ်
လုပ်ပြီးပြီလား။"
ရှစ်ချင်းလျို့က အပြုံးဖြင့် ပြန်ဖြေခဲ့သည်။ "ပြီးခါနီးပါပြီ၊
မနက်ဖြန် ပေးမယ်။"
စကိတ်ဘုတ်ပြားကို အကောင်းစား သစ်သားဖြင့် လုပ်ထားပေမယ့် သစ်သားဘီးတွေက
သိပ်ချောချောမွေ့မွေ့ မရှိပေ။
မြန်မြန် ပျက်လွယ်နိုင်သည်။
ထို့ကြောင့် ရှောင်မူနှင့် ဆွေးနွေးပြီးနောက် သူမက စီရင်စုမြို့ကို
သွားကာ သံဘီးတွေ မှာယူခဲ့သည်။ စကိတ်ဘုတ်ပြားနှင့် ဘီးကို ဆက်သည့် နေရာကိုလည်း သံဖြင့်
ပြုလုပ်ထားသည်။
လျန့်ယိုရှောင်ရဲ့ မျက်လုံးတွေက လက်သွားခဲ့သည်။ "ကောင်းပြီ။ မနက်ဖြန်မှ ကြည့်မယ်။"
စိတ်ဝင်စားပြီး ပျော်ဖို့ ကောင်းရင် သူလည်း တစ်ခု မှာမည်။
ရှစ်ချင်းလျို့ရဲ့ အကြံပြုချက်ဖြင့် ရှောင်ပိုင်လီက စားပွဲအပြည့်
ဟင်းတွေ ပြင်ဆင်ခဲ့သည်။
ရှောင်မိသားစုမှာ အိမ်ထောင်မပြုရသေးသည့် အမျိုးသမီးရှိနေပြီး
ဘေးအဆောင်မှာလည်း မီးဖိုချောင်ရှိတာကြောင့် ဧည့်သည်သုံးယောက်က သူတို့ ခေါ်လာသည့် အစေခံတွေကိုသာ
ချက်ပြုတ်ခိုင်းခဲ့သည်။
ရံဖန်ရံခါ ရှောင်မိသားစုက သူတို့ကို စားကောင်းသောက်ဖွယ်များ
ဝေမျှခဲ့သည်။
ဒီနေ့တော့ ရှောင်ဟန်ကျန့်က ညစာစားဖို့ သူတို့ကို ဖိတ်ခေါ်ခဲ့သည်။
ရှောင်ဟန်ကျန့် ချက်ပြုတ်သည့် ဟင်းလျာတွေက အပြင်မှာ မရနိုင်သည့်
ဟင်းလျာတွေ ဖြစ်တာကြောင့် သူတို့က ခေါင်းမဖော်တမ်း စားသောက်နေကြသည်။
ညစာ စားပြီးနောက် ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က ဒမ်ဘီကိုခေါ်ကာ
လမ်းလျှောက်ထွက်သွားခဲ့သည်။
လျန့်ယိုရှောင်ကလည်း အစာကြေဖို့ လမ်းလိုက်လျှောက်ချင်သော်လည်း သူတို့ရဲ့ ဘဲငန်းက သူ့ကို ရန်လိုနေကာ
လိုက်ခွင့် မပြုခဲ့ပေ။
ထို့ကြောင့် သူ့မှာ ဖေးယွီကျယ်ကိုသာ ဆွဲခေါ်ပြီး လမ်းလျှောက်ခဲ့ရသည်။
လမ်းခဏလျှောက်ရင်း ဖေးယွီကျယ်က မေးခဲ့သည်။ "ဘယ်အချိန်မှ
မြို့တော်ကို ပြန်မှာလဲ။"
လျန့်ယိုရှောင်က သူ့ဗိုက်ပူပူကို ပွတ်ခဲ့သည်။ "ဒီမှာ ပတ်ဝန်းကျင်ကောင်းပြီး သဘာဝရှုခင်းကလည်း
အမိုက်စားပဲလေ၊ တော်တော်လေးကောင်းတယ်လို့ထင်တယ်၊ နောက်ထပ် နည်းနည်းလောက် ထပ်နေရအောင်။"
ဖေးယွီကျယ်က အသံတိတ်နေခဲ့သည်။ သဘာဝရှုခင်း လှတာက အတုအယောင်ဖြစ်ပြီး
ရှောင်မိသားစုက ချက်ပြုတ်သည့် ဟင်းပွဲတွေကို နေ့တိုင်း ပျော်ပျော်ကြီး စားသောက်နိုင်တာကမှ
အမှန် ဖြစ်သည်။
သူက အကြံပြုခဲ့သည်။ "မင်း ရှီလွေ့ဆီ စာပို့ပေးမနေဘဲ ကိုယ်တိုင်ပြန်ပြီး
ပွဲသွားကြည့်ပါလား။"
လျန့်ယိုရှောင်နှင့် ရှစ်ချင်းလျို့က ရှောင်ယွမ်ရှစ်ကို ဘယ်လို အကောက်ကြံရမလဲဆိုတာ ဆွေးနွေးနေတာကို
သူသိသည်။
လျန့်ယိုရှောင်က ရှစ်ချင်းလျို့ရဲ့ အစီအစဥ်ကို အဆုံးသတ် ပေးနေကြောင်း သူကြားလိုက်ရတော့ ကြက်သေ
သေသွားခဲ့သည်။
ဒီလိုဖြစ်လိမ့်မည်ဟု သူ တကယ် မထင်မိခဲ့ပေ။
လွန်ခဲ့သည့် ရက်အနည်းငယ်က သူ အမေရှောင်နှင့် ရံဖန်ရံခါ စကားပြောခဲ့သည်။
သူမက နူးညံ့ကြင်နာကာ ရိုးရှင်းသည့်ဘဝကို ဖြတ်သန်းနေသည့် အမျိုးသမီးမှန်း
သိလိုက်ရသည်။
သူမက နူးညံ့ကြင်နာယောင်ဆောင်သည့် အမျိုးသမီး မဟုတ်ပေ။
မိန်းမနှင့် ကလေးတွေကို စွန့်ပစ်ခဲ့သည့် ရှောင်ယွမ်ရှစ်ကို
သူ တကယ် ရွံရှာသည်။
ရှောင်ယွမ်ရှစ်နှင့် သူ့ဇနီးက ဝူမိသားစုဖြင့် ရှောင်ဟန်ကျန့်ကို
ဖျက်စီးခိုင်းကာ ရှစ်ချင်းလျို့ကို သတ်ခိုင်းခဲ့သည်။
ထိုကိစ္စက သူ့ကိုပိုပြီး ရွံရှာစေခဲ့သည်။
ထို့ကြောင့် ဒီအစီအစဥ် အကောင်အထည် ဖော်ဆောင်ခြင်းကို သူ အလွန်
မျှော်လင့်နေမိသည်။
အကယ်၍ အစီအစဥ်သာ အောင်မြင်သွားပါက အလွန် စိတ်လှုပ်ရှားဖို့ကောင်းသည်။
ကံဆိုးချင်တော့ သူက သူ့တူဖြစ်သူ၏ ဆေးကုသမှုအတွက် အဖော်ပြုပေးရမည်ဖြစ်ကာ
ပြန်လို့ မရသေးပေ။
အစီအစဥ်က စိန်ခေါ်မှုတစ်ရပ်ဖြစ်ကာ အရာအားလုံးက ရှီလွေ့ ထောက်ပံ့ပေးမှုအပေါ်
မူတည်သည်။
ပွဲကြည့်မည့် လျန့်ယိုရှောင် ပြန်သွားမည်ဆိုပါက
အောင်မြင်နိုင်ချေများသည်။
သူ့ထံတွင် မကောင်းသည့် အကြံများစွာ ရှိသည်။
သေချာပေါက် ထိုရှုထောင့်မှာတော့ ရှစ်ချင်းလျို့က လျန့်ယိုရှောင်နှင့် ရှီလွေ့ထက် ပိုသာသည်။
ထိုစကားက လျန့်ယိုရှောင်ရဲ့ရင်ကို တရွရွဖြစ်သွားစေခဲ့သည်။
"ဒါပေမဲ့ ရှစ်ချင်းလျို့နဲ့ အများကြီး အပြန်အလှန် အဆက်အသွယ်လုပ်ပြီး လုပ်ငန်းစပ်တူလုပ်ဖို့
အများကြီး တပ်တူးဆွချင်သေးတယ်။"
သူ့ရဲ့ စီးပွားရေးကို ဘယ်တော့မှ လက်မလျော့တာ ဖေးယွီကျယ် သိသည်။
"ဒီအစီအစဥ် အောင်မြင်ပြီး ရှစ်ချင်းလျို့ ပျော်သွားရင်
မင်းအတွက် အကျိုးအမြတ် နည်းပါ့မလားကွ။"
သူမ ပျော်နေသည့်အချိန်ဆို သဘောထား ပိုကြီးလိမ့်မည်။
ဒါ့အပြင် တစ်ခါတစ်လေ သူမက လက်ပေါက်ကပ်ပေမယ့် သူမရဲ့ ပင်ကိုယ်စရိုက်က
အဆင်ပြေသည်။
မကောင်းသည့်လူနှင့် ရန်သူတွေကို ရှင်းထုတ်သည့်အခါမှာတော့ သူမက
အကြင်နာမဲ့သည်။
အကယ်၍ ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်သာ သူတို့ရဲ့ ရန်သူကို
သက်ညှာစွာ ဆက်ဆံပါက သူတို့နှင့် နီးကပ်ဖို့ သူပြင်ဆင်ခဲ့မည် မဟုတ်ပေ။
သူတို့ရဲ့ အစီအစဥ်တွေက သူ့အကြိုက်ဖြစ်သည်။
သူက ထပ်ပြောခဲ့သည်။ "ဒီပွဲကို လွတ်သွားရင် နှမြောစရာ ကောင်းမှာနော်။"
လျန့်ယိုရှောင်က မေးစေ့ပွတ်ခဲ့သည်။ "ဟုတ်တယ်၊ ဒီပွဲကို ငါတို့ ကိုယ်တိုင် မကြည့်ရရင် နှမြောဖို့
ကောင်းနေမှာ အမှန်ပဲ။"
သူက သူ့သူငယ်ချင်းကောင်းကို မျက်ခုံးပင့်ပြပြီး မေးခဲ့သည်။
"မင်းငါ့ကို အရင်ပြန်ခိုင်းနေတာ လျှို့ဝှက်အကြံအစည်များ ရှိနေတာလား။"
ဖေးယွီကျယ်က သူ့ကို မျက်လုံးလည်ပြခဲ့သည်။ "ဘာရှိရမှာလဲ၊
ပွဲပြီးတဲ့အခါ မင်းငါတို့ဆီ စာမြန်မြန်ပို့ပြီး ပြန်ပြောပြစေချင်လို့လေ။"
သူက ကိုယ်တိုင် ပွဲမကြည့်ရပေမယ့် ကိစ္စရပ်တွေ ပေါ်သွားပြီး
နောက်ဆုံး ဘယ်လိုဖြစ်သွားလဲဆိုတာ သိချင်သည်။
တကယ်ကို မတတ်နိုင်ပေ။
လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက မြို့တော်က အလွန်ပျင်းစရာ ကောင်းနေခဲ့သည်။
ဒီလို စိတ်လှုပ်ရှားဖို့ကောင်းသည့် ပွဲကို သူ လက်လွှတ်ခံလို့ ဖြစ်ပါ့မလား။
လျန့်ယိုရှောင်က အော်ရယ်ခဲ့သည်။ "ကောင်းပြီ၊ ရက်အနည်းငယ်အတွင်း ပွဲကြည့်ဖို့ ငါမြို့တော်ကို
ပြန်လိုက်မယ်။"
သူက ထပ်ပြောခဲ့သည်။ "ပွဲကြည့်ပြီးရင်တော့ ငါကိုယ်တိုင်
ပြန်လာပြီး မင်းကို ပြောပြမယ်၊ စာပို့တာက ငါပြန်ပြောပြတာလောက် စိတ်လှုပ်ရှားဖို့ ကောင်းမှာ
မဟုတ်ဘူး။"
ဖေးယွီကျယ်က အသံတိတ်နေခဲ့သည်။ "...."
တကယ်တော့ မင်း ပြန်လာစရာ မလိုပါဘူး။
ငြိမ်ငြိမ် မနေတတ်သည့် ရှစ်ချင်းလျို့နှင့် သူသာ အတူတူရှိနေပါက
နောက်ထပ် ဘာဖြစ်မလဲဆိုတာ မသိနိုင်ပေ။
ဒီလူက ထိုမကောင်းဆိုးဝါးနှင့် မြို့တော်ကို အတူတူ ပြန်သွားမှာကိုပဲ
ကြောက်နေတာ ဖြစ်သည်။
အကယ်၍ သူတို့သုံးယောက်သာ အတူတူရှိနေပါက နောက်တစ်ခါကျရင် ဘာဖြစ်မလဲဆိုတာ
ကြိုမြင်နိုင်ဖို့ တကယ်ခက်မည်။