အပိုင်း(၁၃၈) - သူမ ဒီလောက်ထိ အကျင့်ယုတ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး
ဒီတစ်ခါတော့ ရှစ်သခင်မကြီးနှင့် တခြားလူတွေကို ဝူမိသားစုက အိမ်ထဲဆွဲခေါ်သွားကာ
ချော့ပြောခဲ့ကြသည်။
အိမ်ထဲရောက်ပြီးသည့် အချိန်မှာတော့ သူတို့တွေ အကုန်လုံးက သွက်လက်တက်ကြွနေကြသည်။
တံခါးအပြင်မှာလို အနိုင်ကျင့်ခံရသည့် သနားစဖွယ် ဟန်ပန်တွေ မရှိတော့ပေ။
ထိုအချင်းအရာကိုမြင်တော့ ဝူမိသားစုက သူတို့ကို ကန်ထုတ်ပစ်ချင်နေကြသည်။
သို့ပေမယ့် ဒီတစ်ခါတော့ သူတို့က သည်းခံဖို့ သင်ယူထားကြသည်။
ရှစ်သခင်မကြီးက သူမ၏ မိသားစုကို ခေါ်ထုတ်ပြီး ထပ်ပြဿနာရှာမှာကို ကြောက်နေကြသည်။
သူတို့က ပြဿနာတွေ ရှာခဲ့ပြီးပြီမလို့ ထိုသို့ အဖြစ် မခံနိုင်တော့ပေ။
ထို့ကြောင့် အိမ်ထဲရောက်သည်နှင့် သခင်မကြီးဝူက ခေါင်းကိုက်သည်ဟုဆိုကာ
အရင်ထွက်သွားခဲ့ပြီး အမျိုးသမီးဝူကို လွှဲပေးခဲ့သည်။
ရှစ်သခင်မကြီးကြောင့် သူမက ရွံရှာနေကာ အခုက ရေသွားချိုးပြီး
အဝတ်အစား သွားလဲတာ ဖြစ်သည်။
အမျိုးသမီးဝူကလည်း ရှစ်သခင်မကြီးနှင့် အဆက်အဆံမပြုချင်သော်လည်း
ရွေးစရာ မရှိတာကြောင့် ကျန်ခဲ့ရလေသည်။
သူမက လက်ဖက်ရည်ခွက်ကိုင်ကာ သောက်မည့်အချိန်မှာပဲ ရှစ်သခင်မကြီးက
စကားပြောရင်း စင်သည့် တံတွေးက သူမ လက်ဖက်ရည် ခွက်ထဲ ကျခဲ့လေသည်။
အမျိုးသမီးဝူက အလွန်ရွံရှာသွားပြီး လက်ဖက်ရည်ခွက်ကို ချက်ချင်း
အောက်ချခဲ့သည်။ "...." ဒီအဖွားကြီး တမင်သက်သက် လုပ်တာ ဖြစ်မယ်။
ဝူမိသားစုက သူတို့နှင့် ခမည်းခမက် တော်ရမှာကို တွေးမိလိုက်တော့
သူမ ညစာ စားချင်စိတ်ပင် မရှိတော့ပေ။
ရှစ်သခင်မကြီးက တကယ် တမင်သက်သက် လုပ်တာ ဖြစ်သည်။ ဒီအမျိုးသမီးဝူကို
ဘယ်သူက သူမကို အထင်သေးခွင့်ပေးလို့လဲ။
သူမက တောင်းဆိုခဲ့သည်။ "ခန်းဝင်ကြေး ငွေ ၁၀၀၀ ကျွန်မသားကို
လျော်ကြေးပေးရမယ်၊ အစားအစာ၊ အဝတ်အစားနဲ့ ကုန်ကျစရိတ်အတွက်လည်း ရှင်တို့ဘက်က ပေးရမယ်။"
သူတို့ အိမ်ထောင်ပြုပြီးပါက ငွေ ၁၀၀၀ကို သူတို့၏ မိသားစုပိုင်အဖြစ်
သိမ်းယူမည် ဖြစ်သည်။
အစားအသောက်နှင့် အဝတ်အထည် ထောက်ပံ့မှုကိုလည်း လုယူမည် ဖြစ်သည်။
ချွေးမ ဖြစ်သူရဲ့ အတွင်းပစ္စည်းတွေကို အရှက်မဲ့စွာ ခိုးယူရခြင်းအပေါ်
ရှစ်သခင်မကြီးနှင့် တခြားလူတွေက ဘယ်လိုမှ မနေပေ။
ပိုက်ဆံနှင့် အစားအစာတွေ ရှိနေမှတော့ အရှက်မရှိတော့ကော ဘာအရေးလဲ။
အမျိုးသမီးဝူက တကယ် စိတ်ကုန်သွားခဲ့သည်။ "ကောင်းပြီ။ ငွေ၁၀၀၀
အပြင် တခြား ခန်းဝင်ပစ္စည်းတွေပါ ထည့်ပေးလိုက်မယ်။"
သူတို့ရဲ့ ကျက်သရေ မရှိသည့် ချွေးမကို သူမ၏ အဆောင်က ပစ္စည်းတွေ
အကုန်သိမ်းဆည်းပေးပြီး ထည့်ပေးလိုက်မှ နောက်ကျရင် သူတို့ မျက်စိနောက်စရာ မဖြစ်တော့မှာ
ဖြစ်သည်။
ရှစ်သခင်မကြီးက ကျေနပ်စွာ ခေါင်းငြိမ့်ပြကာ ပြုံးခဲ့သည်။
"အမျိုးသမီးဝူက သဘောထားကြီးသားပဲ၊ ဒါပေမဲ့ ကျွန်မ ချွေးမရဲ့ အဆောင်က ပစ္စည်းတွေကို
မထိပါနဲ့၊ ဒါမှ သူတို့လင်မယား နောက်ကျရင် ဝူမိသားစုကို ပြန်လာရင် အဆင်ပြေမှာပေါ့။"
ဒါက ရှစ်ချင်းလျို့ သူတို့ကို သင်ပေးခဲ့တာ ဖြစ်သည်။
ဝူရှီရှီရဲ့ အဆောင်က ပစ္စည်းတွေကို ခန်းဝင်ပစ္စည်းအဖြစ် အသိမ်းမခံဘဲ
အဆောင်ခြံဝန်းကို ပြန်မသိမ်းအောင် ဝူမိသားစုကို တားမြစ်ဖို့ သူမ ပြောခဲ့သည်။
နောက်ကျရင် သူမသား ဝူမိသားစုဆီ ပြန်လာပါက သူနေစရာ နေရာ မရှိကြောင်း
ဝူမိသားစုက အကြောင်းပြကာ နှင်လွှတ်နိုင်သည်။
အမျိုးသမီးဝူက ရုတ်တရက် အန်ထွက်ခဲ့သည်။ "...." ဒီမိန်းမက
သူ တွေးနေတာကို ဘယ်လိုလုပ် သိတာလဲ။
သူမက ဒုက္ခရောက်ဟန်ဆောင်လျက် ပြောခဲ့သည်။ "ဒါတော့ မကောင်းဘူးမလား၊
ကျွန်မတို့ မိသားစုက လက်ထပ်ပြီးတဲ့ သမီးတိုင်းရဲ့ အဆောင်ကို ပြန်ယူတာပါ။"
သူမက ရှစ်မိသားစုကို ထပ်မမြင်ချင်သလို ရှစ်စာသင်သားက သူ့မိန်းမကို
ခေါ်လာပြီး သူတို့ကို စိတ်ရှုပ်အောင် ထပ်လာလုပ်မှာကို မလိုလားပေ။
ရှစ်သခင်မကြီးရဲ့ မျက်နှာက ချက်ချင်း မည်းမှောင်သွားခဲ့သည်။
"ရှင့် သမီးအရင်း ပြန်လာတဲ့အခါ သူ နေထိုင်ဖို့ အဆောင်က မရှိတော့ဘူးလား။"
ကံကောင်းချင်တော့ သူမက ထိုမိန်းကလေးရဲ့ စကားကို နားထောင်ကာ ပြောခြင်း ဖြစ်သည်။
အမျိုးသမီးဝူက မကျေမနပ် ပြန်ပြောခဲ့သည်။ "ကျွန်မ သမီးအရင်းက
တရားဝင်သမီးပါ။"
ဆိုလိုတာက ဝူရှီရှီက ကိုယ်လုပ်တော်ရဲ့ သမီး ဖြစ်တာကြောင့် သူမ
လုပ်ပိုင်ခွင့် မရှိဘူးဟု ဆိုလိုတာ ဖြစ်သည်။
ကိုယ်လုပ်တော်ရဲ့ သမီးက မျက်စိဆံပင်မွေး ဆူးစရာကောင်းသည်ဟု
သူမ အမြဲထင်ခဲ့သည်။ လက်ထပ်သွားသည့်လူက ပြန်လာပြီး သူမအပေါ်ကို အမြတ်ထုတ်ခွင့် မပေးနိုင်ပေ။
ရှစ်သခင်မကြီးက မပျော်ရွှင်တော့ပေ။ သူမက စားပွဲကို လက်ဖက်ရည်ခွက်ဖြင့်
ဆောင့်ချကာ ပြောခဲ့သည်။ "ဒါဆို လက်မထပ်တော့ဘူး။"
သူမက မတ်တပ်ရပ်ကာ ရှစ်မိသားစုရဲ့စတုတ္ထသားကို ပြောခဲ့သည်။
"သား နင့်လက်ထဲက သခင်လေးဝူ နင့်ကို ပေးခဲ့တဲ့ ဆေးပုလင်းကို တရားသူကြီးမင်းဆီ ပေးလိုက်တော့။"
အမျိုးသမီးဝူက အလွန် ဒေါသထွက်ကာ အနောက်ကို ယိုင်သွားခဲ့သည်။
သူမက လက်မြှောက်လိုက်ပေမယ့် တုန်ယင်နေသည်။ "နင်.. နင်။"
ဒီဟာတွေက တကယ် အရှက်မရှိပေ။ သူမကိုတောင် ထပ်ခြိမ်းခြောက်နေသေးသည်။
ရှစ်သခင်မကြီးက ခေါင်းမော့ ရင်ကော့ကာ ယုံကြည်ချက်ရှိရှိ ပြောခဲ့သည်။
"ငါက ဘာဖြစ်လို့လဲ။"
သူမက တံတွေးထွေးပြီး ထပ်ပြောခဲ့သည်။ "ထွီး ယောက်ျားတိုင်းက
ရှင်တို့အိမ်က သမီးကို မိန်းမပျက်လို ကြည့်နေတဲ့အချိန်မှာ ကျွန်မတို့ မိသားစုက ဘယ်လောက်
ရှားပါးလိုက်သလဲ၊ ရှင်တို့ မျက်နှာကြောင့် တင်တောင်းငွေ ၂ပြားတောင် ပေးခဲ့တယ်၊ ကျွန်မ
သားရဲ့ ကြင်နာမှုနဲ့ နူးညံ့မှုကြောင့်သာ မဟုတ်ရင် ဒီလက်ထပ်ပွဲကို ကျွန်မ သဘောမတူပါဘူး၊
ပြောလိုက်စမ်းပါ၊ ရှင်တို့ သဘောတူမှာလား၊ မဟုတ်ရင်တော့ ဆေးပုလင်းကို တရားသူကြီးမင်းဆီ
ပို့ပေးရမှာပဲ။"
အမျိုးသမီးဝူက ဒေါသကြောင့် တုန်ယင်နေသည်။ ဒီလို လှောင်ပြောင်ကာ
ခြိမ်းခြောက်ခံရတာ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
တရားသူကြီးမင်းသာ သူမရဲ့ သားက ဆေးဝယ်သူဆိုတာ ရှာတွေ့သွားမှာကိုသာ
မကြောက်ရင် သူတို့ကို မောင်းထုတ်လိုက်ပြီ ဖြစ်သည်။
ဒါ့အပြင် ဝူမိသားစုရဲ့ သမီးတွေကို အိမ်ထောင်ပြုပေးဖို့ ပျိုးထောင်ခဲ့တာ
ဖြစ်သည်။
အကယ်၍ ရှစ်မိသားစုသာ သူမကို လက်ထပ်လိုက်ရင် ခန်းဝင်ပစ္စည်းတွေ
ရမှာ ဖြစ်သည်။ ဒါကိုတောင် ရှစ်မိသားစုက ဟိတ်ဟန်ထုတ်နေဆဲ ဖြစ်သည်။
မသိရင် ဝူမိသားစုကပဲ လက်ထပ်ဖို့ ကမ်းလှမ်းတာနှင့် တူနေသည်။
သူမက ဝူရှန်းကို စိတ်ထဲက ကျိန်ဆဲလိုက်သည်။ ဒါတွေအကုန်လုံးက
ထိုငတုံးရဲ့ အမှားတွေ ဖြစ်သည်။
သူတို့နှစ်ယောက်သာ အတူတူ လိမ်လည်ခဲ့ပါက ရှစ်မိသားစုရဲ့ စတုတ္ထသားကသာ
သူတို့ကို ဖိအားပေးခဲ့ကြောင်း ပြောလို့ ရသေးသည်။ ဝူမိသားစုက အပြင်မှာ ထွက်ငိုပြီး မင်္ဂလာပွဲအတွက်
ငြင်းဆန်လို့ ရသည်။
သို့ပေမယ့် နောက်ဆုံးတော့ အရှက်မရှိသည့် တိရိစ္ဆာန်မက ရှစ်မိသားစုရဲ့
စတုတ္ထသားကို အရင်ဖက်ခဲ့ပြီး မဖယ်ပေးခဲ့ပေ။ လူအများမြင်အောင်တောင် သူမ လုပ်ခဲ့သည်။
သူတို့မှာ ပါးစပ်ပေါက် ၁၀၀ ရှိရင်တောင် ရှင်းပြလို့ မရတော့ပေ။
ထိုအချက်က ဒီအုပ်စုရဲ့ မှားယွင်းစွပ်စွဲချက်တွေအတွက် အသက်ကယ်ပေါက်
ဖြစ်ခဲ့သည်။
သူမကို ဒေါသ အထွက်စေဆုံးဖြစ်ရပ်ကတော့ ဒီကိစ္စကြောင့် ငြိစွန်းပြီး
သူမ သမီးအငယ်ရဲ့ မင်္ဂလာပွဲ ဖျက်သိမ်းလိုက်ရတာ ဖြစ်သည်။
သူမက မူလက ရှောင်ဟန်ကျန့်ကို ယူပြီး ရှစ်မိသားစုကို ပွဲကြီးပွဲကောင်းလုပ်ဖို့
ပြင်ဆင်ခဲ့သည်။
သို့ပေမယ့် ဒီလူယုတ်မာတွေရဲ့ လက်ထဲ သက်သေရှိနေကာ သူတို့ကို
ခြိမ်းခြောက်လာမည်ဟု မထင်မိခဲ့ပေ။ သူတို့လည်း ရွေးစရာ မရှိတော့ ယာယီစိတ်ထိန်းကာ သဘောတူလိုက်ရသည်။
သူမ သေမတတ် ဒေါသထွက်နေရသည်။
ဘေးမှာ ထိုင်နေသည့် သခင်လေးဝူက သူ့အမေ အလွန်ဒေါသထွက်လာတာကို
တွေ့လိုက်လေသည်။ သူက ရှစ်သခင်မကြီးနှင့် တခြားလူတွေကို ရိုးတွင်းချဥ်ဆီထဲ အထိ မုန်းတီးနေသည်။
သူက စိတ်မရှည်စွာ ပြောလိုက်သည်။ "ဝူရှီရှီခြံထဲက ခန်းဝင်ပစ္စည်းတွေ
အဆောင်ခြံဝန်းကို သူ့အတွက် ချန်ထားပေးစေချင်တာလား။"
အခု သူ အလိုချင်ဆုံးက ဒီလူတွေကို မြန်မြန် မောင်းထုတ်ချင်တာ
ဖြစ်သည်။ ကြည့်ရတာ အလွန် စိတ်ဒုက္ခရောက်သည်။
ထိုအခါမှ ရှစ်သခင်မကြီးက ပြန်ထိုင်ခဲ့သည်။ "ကြည့်ရတာ ဝူမိသားစုမှာ
ဉာဏ်အကောင်းဆုံးက သခင်လေးဝူဆိုတာ အမှန်ပဲကို။"
ထို့နောက် မိသားစုနှစ်စုကထိုင်ပြီး မင်္ဂလာပွဲနှင့် ခန်းဝင်ပစ္စည်းတွေအကြောင်း
ဆက်ဆွေးနွေးခဲ့သည်။
တစ်ဖက်က လက်ဖက်ရည်ဆိုင်က သီးသန့်အခန်းတွင် ဖြစ်သည်။
လျန့်ယိုရှောင်က ရှစ်ချင်းလျို့ကို ကြည့်ကာ မေးခဲ့သည်။ "မင်း သူတို့ကို သင်ပေးခဲ့တာမလား။"
မနေ့ညနေက ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့် ရှစ်မိသားစုအိမ်ကို
သွားခဲ့တာ သူသိသည်။
ရှစ်ချင်းလျို့က ပွင့်ပွက့်လင်းလင်း ဝန်ခံခဲ့သည်။ "ဟုတ်တယ်။
မဟုတ်ရင် သူတို့က ဘယ်လိုလုပ် ဝူမိသားစုကို ယှဥ်နိုင်မှာလဲ။"
လျန့်ယိုရှောင်၊ "...."
သူက ဝူမိသားစုအတွက် ဖယောင်းတိုင်ထွန်းကာ စိတ်ထဲက ဆုတောင်းပေးလိုက်ပေမယ့်
သူက ပွဲကြည့်ရတာ ကြိုက်သည်။
"တင်တောင်းငွေ ၂ပြား ဆိုတာကိုလည်း မင်းသင်ပေးခဲ့တာမလား။"
ဒီလို စက်ဆုပ်ဖွယ် အကြံတွေကို ဒီအမျိုးသမီးသာ တွေးနိုင်သည်။
ဝူမိသားစုက သမီးက ငွေ ၂ပြားသာ တန်သည် ဟူသော သတင်းက စီရင်စုမြို့တစ်ခုလုံး
ပျံ့နှံ့နေလိမ့်မည်ဟု သူယုံကြည်သည်။
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ အဲမိန်းမက
ကျွန်မ ယောက်ျားနဲ့ အိပ်ချင်ရုံသာမက ကျွန်မကိုပါ ဖယ်ထုတ်ချင်နေတာလေ၊ ဝူမိသားစုနဲ့ သူ့ကို
အရှက်မခွဲရရင် ကျွန်မ အိပ်ပျော်မှာ မဟုတ်ဘူး။"
လျန့်ယိုရှောင်၊ "..."
သူ တကယ် ဆွံ့အ သွားခဲ့သည်။
သို့သော်လည်း ရှစ်ချင်းလျို့ရဲ့ ဗီဇနှင့် လုပ်ရပ်တွေကို သူ
သဘောကျသည်။
သူလည်း အတူတူ ဖြစ်သည်။ တစ်ယောက်ယောက်က သူ့ကို အကောက်ကြံပါက
နှစ်ဆ ပြန်ပေးဆပ်ရအောင် လုပ်မည်ဖြစ်သည်။
အမေရှောင်နှင့် ရှောင်ပိုင်လီကလည်း သဘောတူဟန် ကြည့်ခဲ့သည်။
"ချင်းလျို့/ အစ်မ လုပ်ခဲ့တာ မှန်တယ်။"
သူတို့နှစ်ယောက်က ရှစ်ချင်းလျို့ရဲ့ ဦးဆောင်သည့်လမ်းကို လျှောက်လှမ်းကာ
အရင်လို မတုံးအတော့ပေ။
ဒီနေ့ ရှစ်မိသားစုရဲ့ ပြဿနာကောင်တွေရဲ့ ပြဿနာရှာနိုင်စွမ်းကို
တွေ့တော့လည်း သူတို့နှစ်ယောက် ကြက်သေ သေသွားခဲ့သည်။
သို့ပေမယ့် တစ်ချိန်တည်းမှာပဲ သူတို့ ရှစ်ချင်းလျို့ကို ပိုမို
လေးစား မှီခိုလာခဲ့သည်။
ရှစ်မိသားစုရဲ့ ပြဿနာကောင်တွေ ဘယ်လောက်ပဲ လုပ်နိုင်စွမ်းရှိပါစေ
နောက်ဆုံးတော့ ဝူမိသားစု အလျော့ပေးအောင် လုပ်ခဲ့ရသည်။ နောက်ဆုံးတော့ သူတို့က သူမ ချွေးမရဲ့
တင်းတင်းကြပ်ကြပ် ထိန်းချုပ်ခြင်းကို ခံထားရတာ ဖြစ်သည်။
ဒီမတော်တဆမှုကြောင့် ရှစ်ချင်းလျို့အပေါ်ထားသည့် ဖေးယွီကျယ်တို့
တူဝရီးရဲ့ အမြင်တွေဟာလည်း ပြောင်းလဲသွားခဲ့သည်။
သူမ ဒီလောက်ထိ အကျင့်ယုတ်လိမ့်မည်ဟု သူ မထင်မိခဲ့ပေ။
သို့ပေမယ့် စက်ဆုပ်ရွံရှာတာမျိုး မခံစားရဘဲ သူမကို လေးစားသည်။
ဒါ့အပြင် သူမ စီစဥ်သည့် ဒီခွေးချင်းကိုက်သည့်ပွဲကနေ သင်ယူစရာ
တချို့ ရလိုက်သည်။
လျန့်ယိုရှောင်က လက်မထောင်ပြခဲ့သည်။ "မင်းက တကယ့်အံ့ဖွယ်ပဲ၊ အခုဆိုရင် ဝူမိသားစုရဲ့ ဂုဏ်သိက္ခာက
လုံးဝ ကျဆင်းသွားပြီ။"
နန်ရှီစီရင်စုမြို့ရဲ့ နံပါတ် ၁ မိသားစုက ပျက်စီးတော့မည်။
ဒါတွေက ဝူမိသားစုရဲ့ ကိုယ်ပိုင် အမှားသာ ဖြစ်သည်။ သူတို့က အကျင့်ယုတ်သည့်
အမျိုးသမီးကိုမှ ရန်စမိခဲ့တာ ဖြစ်သည်။