အပိုင်း(၁၄၆) - ဘယ်လောက် အံ့သြဖို့ကောင်းလဲဆိုတာ သိပြီမလား
သူမက စိတ်လှုပ်ရှားနေသည့် သက်ကြီးရွယ်အို ခြောက်ယောက်ကို ကြည့်ခဲ့သည်။
ရှစ်ချင်းလျို့က နူးညံ့စွာ ပြုံးခဲ့သည်။ "အခုကစပြီး ဘကြီးတို့
အကုန်လုံး ဒီမှာနေရမယ်၊ ကျွန်မရဲ့ အိမ်အဟောင်းက လူတစ်ယောက်က နေ့တိုင်း စားစရာတွေ လာပို့ပေးလိမ့်မယ်
မဟုတ်ရင်လည်း အိမ်အဟောင်းမှာ သွားစားချင်ရင်လည်း စားလို့ရတယ်။"
သူမက သက်ကြီးရွယ်အိုတွေ နေရမည့် နေရာကို ခေါ်သွားပေးရင်း ရှင်းပြခဲ့သည်။
"နှစ်ဖွဲ့ခွဲပြီး အလှည့်ကျ လုပ်ရမယ်၊ သုံးယောက်က တာအိုဘုန်းကြီးကျောင်း
တံခါးစောင့်ပြီး သန့်ရှင်းရေးလုပ်နေတဲ့အချိန် နောက်သုံးယောက်ကတော့ ခြံနောက်က စိုက်ခင်းကို
ဂရုစိုက်ပေးရမယ်၊ ကျွန်မက သစ်သီးပင်တချို့နဲ့ အနီးအနားမှာ မှိုတွေစိုက်ပျိုးထားတယ်၊
အဲ့တာတွေကို ဂရုစိုက်ပေးဖို့ အဘတို့ကိုပဲ ဒုက္ခပေးပါရစေ၊ အကယ်၍
လိုအပ်တာရှိရင် အားမနာတမ်း ကျွန်မကို လာပြောလို့ ရပါတယ်။"
အလုပ်က အားသိပ်မစိုက်ရသော်လည်း အလွန်ဇိမ်ကျတာမျိုးလည်း မဟုတ်ပေ။
ထို့ကြောင့် သက်ကြီးရွယ်အိုတွေကို သူတို့က ဝန်ထုပ်ဝန်ပိုးကြီး
တစ်ခုဟု မထင်မိအောင် ကာကွယ်ပေးနိုင်ခဲ့သည်။
အဖိုးအိုတစ်ယောက်က ပြုံးကာ ပြောခဲ့သည်။ "ဘာလို့ ဒုက္ခဖြစ်ရမှာလဲ၊
အဘတို့အရွယ်နဲ့ ဒီမှာ အလုပ်ရတာကိုပဲ ကောင်းချီးမင်္ဂလာ တစ်ပါးပါပဲ၊ ဒီတာဝန်တွေကို အဘတို့ကို
လွှဲထားလိုက်ပါ။"
တခြားလူတွေကလည်း ခေါင်းငြိမ့် သဘောတူခဲ့သည်။ "ဟုတ်တယ်
ဟုတ်တယ်။"
သက်ကြီးရွယ်အို အဖိုးတွေက သူတို့နေရမည့် နေရာမှာ အိပ်ရာခင်းတွေ၊
ဗီရိုတွေ၊ စားပွဲတွေနှင့် စောင်တွေပါ သေသေချာချာရှိနေတာ တွေ့လိုက်ရတော့ မျက်လုံးတွေ
လင်းလက်သွားခဲ့သည်။
ဒါ့အပြင် အကုန်လုံးက အသစ်တွေဖြစ်ကာ သက်သောင့်သက်သာရှိပုံရသည်။
သေလို့ အမြှုပ်ခံရရင်တောင် ဒီလိုနေရဖို့ မသေချာသည့် အဖိုးအိုတစ်စုက
အခု အသက်ရှင်လျက်ဖြင့် ဒီလိုအိမ်ကောင်းတစ်လုံးမှာ ကောင်းကောင်းမွန်မွန်နေရဖို့ မမျှော်လင့်မိခဲ့ပေ။
မနေ့က မသေမျိုးဘုန်းတော်ကြီး ကိုယ်ထင်ပြလိုက်တာကြောင့်
ဒီနေ့ လာရောက်ပူဇော်သူတွေ များနေသည်။
ရှစ်ချင်းလျို့က သက်ကြီးရွယ်အိုတွေကို ဒီမှာ အလုပ်ပေးကာ နေရာထိုင်ခင်းပါ
ပေးတာကို သူတို့ မြင်လိုက်ကြလေသည်။
လစဥ်လစာအပြင် အစားအစာပါ စီစဥ်ပေးသေးသည်။
"နေထိုင်ဖို့အဆင်တယ် ငါလည်း အလုပ်လုပ်ချင်တယ်။"
"အပေါက်စောင့်ပြီး စိုက်ခင်း ကြည့်ပေးရုံပဲ မပင်ပန်းဘူး။"
"ရှောင်မိသားစုက စားစရာတွေလည်း သိပ်ကောင်းတာ၊ နေ့တိုင်းရဲ့
နေ့လည်စာတိုင်း အသားပါတယ်၊ ထမင်းဖြူနဲ့ ပေါက်စီပါသေးတယ်၊ နေ့လည်စာက အလျှံအပယ်ပဲ။"
"မိန်းကလေးရှီနဲ့ ရှောင်ဟန်ကျန့်က တကယ့်ကို ရွာက သက်ကြီးရွယ်အိုတွေကို
တမင်တကာကို စောင့်ရှောက်ပေးတယ်။"
"မသေမျိုးဘုန်းတော်ကြီးရဲ့ တပည့်ဆိုတဲ့အတိုင်း သူက သိပ်ကြင်နာထောက်ထားတတ်တယ်။"
"ရှောင်မိသားစုရဲ့ အလုပ်ရုံက လူခေါ်သေးလား၊ ငါ့သားကို
ထည့်ချင်လို့ပါ။"
"ရှင်ကောပဲလား၊ လူအများစုက ရှောင်မိသားစုရဲ့ အလုပ်ရုံကို
စိတ်ဝင်စားနေတာ၊ တကယ်လို့ အရည်အချင်း မရှိရင်တော့ တန်းစီစောင့်ပြီး ကိုယ့်အလှည့်ကျအောင်
စောင့်နေလိုက်ချေ။"
"ဟုတ်တယ်၊ ငါလည်း လုပ်ချင်တယ်၊ အစားအသောက်ကိုပဲကြည့်ဦး၊
ငါတို့အိမ်ထက် ကောင်းတယ်။"
"ဒီအဖိုးအိုတွေတော့ ကောင်းချီးပေးခံရတာပဲ၊ အနာဂတ်မှာ သူတို့မှာ
စားစရာနဲ့နေစရာ ရရုံသာမက မသေမျိုးဘုန်းတော်ကြီးရဲ့ ကာကွယ်စောင့်ရှောက်မှုကိုပါ ခံရမှာကွ။"
"အမှန်ပဲ၊ သူတို့က တာအိုဘုန်းကြီးကျောင်းမှာ နေကြရမှာ။"
လူတိုင်းက အတွေးတွေ မျှဝေပြီး အားကျနေကြသည်။ အဖိုးအိုတွေကလည်း
ထိုစကားတွေကြားကာ ပျော်နေကြသည်။
ဒီမှာ အလုပ်လုပ်ခွင့်ရတာ သူတို့ ဂုဏ်ယူသည်။
ရှောင်ဟန်ကျန့်တို့ လင်မယား နှစ်ယောက်ကို ကျေးဇူးဆပ်ဖို့ ကောင်းကောင်း
အလုပ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
တာအိုဘုန်းကြီးကျောင်းနှင့် စိုက်ခင်းကို မျက်လုံးများစွာက
ကြည့်ရှုစောင့်ရှောက်ပေးမှာဖြစ်တာကြောင့် ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့တို့လည်း
ပိုစိတ်သက်သာရာ ရသွားခဲ့သည်။
အဖိုးအိုတွေက အလုပ်ကို အလွန်တိတိကျကျ လုပ်သည်။
နေ့တိုင်း တာအိုဘုန်းကြီးကျောင်းတံခါးကို လူတွေလာရောက် ပူဇော်နိုင်ရန်
အရုဏ်တက်ချိန်တွင် ဖွင့်သည်။ ပင်မခန်းမဆောင်က စားပွဲကို အကြိမ်များစွာ သန့်ရှင်းရေးလုပ်ခဲ့ပြီး
အမွှေးတိုင်ထွန်းသည့် ခွက်ထဲက ပြာတွေကိုလည်း ရှင်းခဲ့သည်။
အများသုံးအိမ်သာကိုလည်း သန့်ရှင်းအောင်ထားပြီး စွန့်ပစ်ပစ္စည်းတွေကို
မြောင်းသွယ်ကာ သစ်သီးပင်တွေအတွက် သဘာဝဓာတ်မြေသြဇာအဖြစ် သုံးခဲ့သည်။
ခြံနောက်က စိုက်ခင်းကိုလည်း သေချာ ထိန်းသိမ်းခဲ့သည်။
ရှစ်ချင်းလျို့က အကုန်လုံး လက်မလွှဲခဲ့ခင် ရက်အနည်းငယ် စောင့်ကြည့်ခဲ့သည်။
ဒီသက်ကြီးရွယ်အိုတွေက သူမ ထက်ပင်ပို၍ တာအိုဘုန်းကြီးကျောင်းကို
စောင့်ရှောက်ခဲ့သည်။
ရွာသူကြီးက မိဘမဲ့ကလေးတချို့ကိုလည်း တာအိုဘုန်းကြီးကျောင်းဆီ
ခေါ်ခဲ့သည်။
ကလေးကြီးတွေက အငယ်လေးတွေကို စောင့်ရှောက်ပေးပြီး သက်ကြီးရွယ်အိုတွေကိုလည်း
တက်တက်ကြွကြွ ကူညီခဲ့သည်။
သူတို့က အလွန်စဥ်းစားချင့်ချိန်တတ်သည့် ကလေးတွေဖြစ်သည်။
ရှစ်ချင်းလျို့က အိမ်ဟောင်းက သူမ အလုပ်သမားတွေကို နေ့တိုင်းနွားနို့ကျိုခိုင်းပြီး
သက်ကြီးရွယ်အိုတွေနှင့် ကလေးတွေဆီ ပို့ပေးခိုင်းခဲ့သည်။
အခု သူမမှာ အချိန်ပိုတွေ အများကြီးရှိနေကာ သူမက သစ်သီးပင်တချို့
ထပ်စိုက်ဖို့နှင့် တောင်ပေါ်က မှိုတွေ ရိတ်သိမ်းဖို့ လူတချို့ငှားခဲ့သည်။
ပင်ပျိုအများစုက နိုင်ငံခြား ကုန်သည်တွေဆီက လာတာတဖြစ်သည်။
သူမက သူမရဲ့ လျှို့ဝှက်ဆန်းကြယ်သည့် နေရာလွတ်လေးက 'တရားမဝင်
ကုန်ပစ္စည်း' တွေယူကာ ဒီမှာ စိုက်ပျိုးခဲ့သည်။
မြို့တော်တွင် ဖြစ်သည်။
၁၀ရက်ကျော်လောက် ခရီးနှင်ပြီးနောက် လျန့်ယိုရှောင်
မြို့တော်ကို ပြန်ရောက်ပြီဖြစ်သည်။
သူက ပင်လယ်ခရီးသွားရတာ သိပ်ပျင်းနေသည်။
သို့ပေမယ့် လှေပေါ်မှာ သူ့အစေခံ ကောင်လေးတွေဖြင့် မာကျေက် ကစားခဲ့တာကြောင့်
အချိန်ကုန်တာ မြန်ခဲ့သည်။
သူမြို့တော်ကို ပြန်ရောက်ပြီးနောက် အိမ်ပြန်ခဲ့သည်။
သူ့အဖိုးနှင့် အဖေက ရုံးတော်ကိုသွားပြီဖြစ်သည်။
ထို့ကြောင့် သန့်ရှင်းရေးလုပ်ပြီးနောက် လျန့်ယိုရှောင်က
မာကျောက်တွေယူကာ အနောက်ဆောင်ကို ထွက်ခဲ့သည်။
အမျိုးသမီးတွေက လျန်သခင်မကြီးကို လက်တိုလက်တောင်း လုပ်ပေးနေဆဲဖြစ်ကာ
အခန်းထဲက မထွက်သွားသေးပေ။ လျန်သခင်မကြီးက သူမ မြေးပြန်လာတာတွေ့တော့ မျက်စောင်းထိုးကြည့်ကာ
ပြုံးခဲ့သည်။ "မင်း အိမ်ပြန်လာဖို့ သိသေးတယ်ပေါ့။"
သူမရဲ့ မြေးက ထိန်းလို့ကို မနိုင်ပေ။
ဟိုတစ်ခါက သူက စီးပွားရေးလောကထဲဝင်ချင်ခဲ့သေးသည်။
သူမနှင့် တခြားလူကြီးတွေသာ သူ့ကို မကာကွယ်ပေးခဲ့ပါက သူမ ခင်ပွန်းနှင့်
သားဖြစ်သူရဲ့ ရိုက်နှက်အပြစ်ပေးမှုကို သူခံနေရလောက်ပြီဖြစ်သည်။
ဟိုးတစ်ခါက လျန်သခင်ကြီးက ဒီကောင်စုတ်လေးကို သူ့အဆောင်ကိုပြန်ခိုင်းပြီး
နံရံကိုမျက်နှာမူကာ ကိုယ့်ဘာသာကိုယ် သုံးသပ်စေခဲ့သည်။
သို့ပေမယ့် ဒီကောင်လေးက တိတ်တိတ်လေး ခိုးကာ ထွက်ပြေးသွားလိမ့်မည်ဟု
မထင်မိခဲ့ပေ။
သူက ထွက်သွားပြီး တစ်လကြာမှ ပြန်လာတာဖြစ်သည်။
သူမက အလွန်ဒေါသထွက်ခဲ့ကာ မြေးဖြစ်သူကို စည်းကမ်းတင်းကြပ်ရမည်ဟု
တွေးခဲ့သည်။
အကြီးဆုံးလျန်သခင်မက သူမ သားကို စိုးရိမ်သော်လည်း ရိုက်ခံသင့်သည်ဟု
တွေးမိသည်။
လျန့်ယိုရှောင်က ဒါတွေကို ကြိုတင်မျှော်လင့်ပြီးသားဖြစ်တာကြောင့် ပြုံးဖြဲဖြဲဖြင့်
ပြောခဲ့သည်။ "ကျွန်တော်က အဖွားအတွက် ပျော်စရာလေးရှာရင်းမို့ ကြာသွားတာပါ။"
ဒီလိုပြောလိုက်တော့ သူမက ကြည်နူးပျော်ရွှင်သွားခဲ့သည်။
အပြင်ပန်းမှာတော့ သူမက မပျော်မရွှင် ပြောခဲ့သည်။ "ဆိုတော့ကား
ရှာတွေ့ပြီလား၊ လိမ်လို့ကတော့ နင့်အဖိုးနဲ့အဖေ ရုံးတော်က ပြန်လာရင် သင်ခန်းစာ ကောင်းကောင်း
ပေးခိုင်းလိုက်မှာနော်။"
လျန့်ယိုရှောင်က ချက်ချင်း ဆက်ပြောခဲ့သည်။ "ဒါပေါ့၊ ကျွန်တော် တွေ့ခဲ့ပါတယ်။"
ထို့နောက် သူက ရတနာဆက်သသလို မာကျောက်အတုံးလေးတွေပါသည့် သေတ္တာကို
ဖွင့်ခဲ့သည်။ "ဒီမှာပါ။"
သူမ အတွက်တော့ ဒါဟာ သစ်သားတုံးလေးတွေ အများကြီးပါသည့် သေတ္တာဖြစ်နေသည်။
ဒီကောင်စုတ်လေးက ကြီးကြီးကျယ်ကျယ်တွေပြောပြီး သစ်သားတုံးတွေနဲ့
ချွေးသိပ်ဖို့ လုပ်နေတယ်ဟု သူမက တွေးလိုက်သည်။
အကြီးဆုံးလျန်သခင်ရဲ့ ပထမဇနီးနှင့် ဒုတိယဇနီးက ထွက်မသွားသေးပေ။
အကြီးဆုံးလျန်သခင်ရဲ့ ဒုတိယဇနီးက သေတ္တာအနားကပ်ကြည့်ကာ အထဲက
ပစ္စည်းတွေကို တွေ့တော့ သူမက ပါးစပ်အုပ်ကာ ရယ်ခဲ့သည်။ "ယို့အာ ဒါအဖွားအတွက်
ရှာပေးခဲ့တဲ့ပစ္စည်းလား၊ ငါတို့မိသားစုက သစ်သား အပိုင်းအစတွေ ချို့တဲ့နေလို့လား။"
တခြားလူတွေကလည်း ပါးစပ်အုပ်ကာ ရယ်ခဲ့ကြသည်။ အကြီးဆုံးလျန်သခင်မက
ပြောခဲ့သည်။ "ယို့အာ အဖွားကို စနောက်မနေနဲ့။" သူမရဲ့
အငယ်ဆုံးသားက အစသန်သည်။
သစ်သားအတိုအစတွေပါသည့် သေတ္တာကို ရတနာသေတ္တာလို ဆက်သနေတာတွေ့တော့
သူမ ခေါင်းကိုက်သွားခဲ့သည်။
သို့ပေမယ့် သူမက သားအငယ်ဆုံးလေးကို အလိုအလိုက်ဆုံးဖြစ်ကာ အစိုးရိမ်ဆုံးဖြစ်သည်။
လျန့်ယိုရှောင်က သူတို့အတွေးတွေကို သိပေမယ့် ဂရုမစိုက်ပေ။
ထိုအစား သူက အဖွားဖြစ်သူကိုကြည့်ကာ ပြောခဲ့သည်။ "အဖွား
ဒီသေတ္တာကို အထင်မသေးနဲ့၊ ဒါက အဖွားကို အပျင်းပြေစေလိမ့်မယ်၊ ကျွန်တော်နဲ့ကစားရင် ဒါက
ကောင်းတယ်ဆိုတာ အဖွား သိလိမ့်မယ်။"
လျန်သခင်မကြီးက သိတတ်ကာ စကားတတ်သည့် ဒီမြေးလေးကို အလွန် ချစ်ခင်သည်။
ဒီသေတ္တာတုံးတွေက သူမရဲ့ ပျင်းရိမှုကို ဖြေဖျောက်ပေးနိုင်မလားဆိုတာ သံသယဝင်ပေမယ့် အလိုလိုက်ခဲ့သည်။
"ကောင်းပြီ၊ နင်ပြောတာမှန်လားဆိုတာ ဒီနေ့ကြည့်တာပေါ့။"
လျန့်ယိုရှောင်ကို သူမရဲ့အလိုလိုက်ကာကွယ်ပေးမှုက သူ့ရဲ့မိထွေးကို မသက်မသာဖြစ်စေခဲ့သည်။
သူတို့ရဲ့ သားတွေအကုန်လုံးက အောင်မြင်နေသော်လည်း လျန်သခင်မကြီးက
ဒီကောင်လေးကို သဘောအကျဆုံး ဖြစ်သည်။ တော်တော်လေး ဒေါသထွက်ဖို့ကောင်းတယ်။
သို့ပေမယ့် သူတို့က ထုတ်မပြောရဲပေ။
ထို့နောက် လျန့်ယိုရှောင်က သူ့အဖွား၊
အမေနှင့် စတုတ္ထအဒေါ်တို့ကို ဦးဆောင်ကာ မာကျောက် ကစားခဲ့သည်။ အကြီးဆုံးလျန်သခင်ရဲ့
ဒုတိယဇနီးက အထင်အမြင်သေးနေကာ အကြီးဆုံးလျန်သခင်ရဲ့ တတိယဇနီးက ဒီလိုအပျော်အပါးကိစ္စတွေကို
ဂရုမစိုက်ပေ။
သူတို့သုံးယောက်က အမြန်ပဲ ဂိမ်းစည်းမျဥ်းတွေကို ကျွမ်းဝင်သွားခဲ့သည်။
ထို့နောက် သူ့ရဲ့ တတိယအဒေါ်က သူ့ကိုဖယ်ထုတ်ပြီး
သူ့ကို အစားထိုးချင်နေသည်။
အစောပိုင်းက အထင်သေးသလိုကြည့်နေသည့် သူ့ဒုတိယအဒေါ်က
တတိယအဒေါ်လုပ်တာကိုကြည့်ပြီး စိတ်ဝင်စားစရာကောင်းတာတွေ့တော့ သူမ
ဘေးကို ဝင်ထိုင်ကာ ကြည့်ခဲ့သည်။
"ဒီတစ်ပါးကို ဖယ်ထုတ်သင့်တာ။"
"အိုက်ယား ဘာလို့ ဒီအပြားကို ဖယ်လိုက်တာလဲ၊ ဒါ အကွက်မှားတယ်။"
"ဒါက သုံးခုပြည့်စေမှာ။"
သူမက အကြီးဆုံးလျန်သခင်ရဲ့ တတိယဇနီးဘေးမှာထိုင်ကာ အကြံတွေ ဆက်ပေးခဲ့သည်။
တတိယဇနီးက ခေါင်းလှည့်ကာ ပြောခဲ့သည်။ "အရင် မပြောနဲ့၊ ကျွန်မ ဘာသာ ကစားတတ်ပါတယ်။"
လျန့်ယိုရှောင်က လက်ဖက်ရည် တစ်ခွက်ကိုင်ကာ ဘေးကနေ ကြည့်ခဲ့သည်။
စောနကပဲ ဒါက သစ်သားတုံးတွေလို့ ပြောခဲ့တယ်လား။
အခုတော့ ပျော်ရွှင်စွာ အော်ဟစ်နေကြတာ ဒါ ဘယ်လောက်တောင် အံ့သြဖို့ကောင်းလဲဆိုတာ
အခုသိပြီမလား ဟမ့်။