အခန်း(၁၄၅) - ဒါက လိုအပ်တယ်
တာအို ဘုန်းကြီးကျောင်းက ပင်မ ခန်းမဆောင်က လူတိုင်းက အမွှေးတိုင်
ပူဇော်ဖို့ရောက်နေပြီး ရှစ်မိသားစုလည်း ပါဝင်သည်။ ရှစ်သခင်မကြီးက သူမ သားဖြင့် လမ်းရှင်းခိုင်းပြီး
မိသားစုဝင်တွေနှင့်အတူ မြန်မြန်လေး အမွှေးတိုင်ထွန်းညှိ ပူဇော်ခဲ့သည်။
သူမက သူမရဲ့ မိသားစုဝင်တွေကို ထပ်ပြောလိုက်သည်။ "အနာဂတ်မှာ
အဲကောင်မလေးနဲ့ အဆက်အသွယ်ပြုပြီး သူ့စကား နာခံရမယ်၊ ဒါဟာ မမှားဘူး။"
အရင်ကတော့ ရှစ်မိသားစုက လူတချို့က သဘောမတူပေ။
အခုဆိုရင် အမျိုးသမီးနျိုတောင် အနည်းငယ် ပူပန်နေပြီဖြစ်သည်။
အခုတော့ မသေမျိုးဘုန်းတော်ကြီး ကိုယ်ထင်ပြအောင်လုပ်နိုင်တာက
သူမ ဖြစ်နေသည်။
ဒါဟာ မသေမျိုးဘုန်းတော်ကြီးက တပည့်ဖြစ်သူကို အလွန်သဘောကျကြောင်း
သိသာသဖြင့် ရှစ်ချင်းလျို့ကို သူမ မကောင်းမကြံနိုင်တော့ပေ။
သူတို့တွေ အကုန်လုံးက ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်ကဲ့။"
အရင်တုန်းကတော့ စီရင်စုမြို့နှင့် တခြားနေရာကလာသည့်လူတွေက ဒီကိစ္စကို
သိပ်မယုံခဲ့ကြပေမယ့် အခုတော့ ယုံကြည်သွားကြလေသည်။
ဒါတွေက သတင်းပျံ့နေသည့်အတိုင်းဖြစ်သည်။
မသေမျိုးဘုန်းတော်ကြီး ကိုယ်ထင်ပြသည့်သတင်းကို စီရင်စုမြို့ကလူတွေသာ
သိသွားရုံတင်သာမက တခြားနေရာက လူတွေပါ သတင်းတွေ စတင်ကြားခဲ့ကြသည်။
ရှစ်ချင်းလျို့က သူမ လူတွေကို တာအိုဘုန်းကြီးကျောင်း တံခါးပိတ်ခိုင်းလိုက်ပြီး
ညစာ မစားခင် ပြန်ခဲ့ကြသည်။
မြေပေါ်မှာ အသီးခွံတွေနှင့် တခြားအမှိုက်တွေ ပြန့်ကျဲနေကာ အများသုံး
အိမ်သာဟာလည်း မသန့်ရှင်းတော့ပေ။
သူမက ဒီကိစ္စကို မေ့သွားကြောင်း အမှတ်ရခဲ့လေသည်။
"မနက်ဖြန်မှ သတိပေးစာရေးပြီး တံခါးမှာ ကပ်ထားကြတာပေါ့၊
ပြန့်ကျဲမနေအောင်၊ အနောက်ခြံက ပြောင်းနဲ့ ငရုတ်သီးတွေကိုလည်း လူတွေ ခူးထားတဲ့ ပုံစံမျိုး
တွေ့တယ်။"
ငရုတ်သီးနှင့် ပြောင်းက စားလို့ရတယ်ဆိုတာ သိလို့ ခူးတာ မဟုတ်ဘဲ
သဘာဝပေါက်နေသည့် အပင်တွေ၊ ပန်းတွေ အမှတ်ဖြင့် ခူးယူခဲ့ကြတာ ဖြစ်သည်။
ကံကောင်းချင်တော့ ရှစ်ချင်းချို့က ဒီမနက် ခြံထဲလူတွေဝင်သွားတာ
သိလိုက်ပြီး ဒမ်ဘီကို စောင့်ခိုင်းခဲ့သည်။
ထို့ကြောင့် အများကြီး မဆုံးရှုံးသွားသော်လည်း နောက်နောင် မဖြစ်ရအောင်
တားဆီးရမည်။
သူမရဲ့ ဘဲငန်းကို မှီခိုပြီးပဲ တစ်ချိန်လုံး အမြဲတမ်း စောင့်ကြည့်ခိုင်းလို့
မရပေ။
"တာအိုဘုန်းကြီးကျောင်းနဲ့ အနောက်ခြံက ပြောင်းနဲ့ ငရုတ်ခင်းကို
စောင့်ဖို့ လူငှားရမယ်။"
ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့ လုပ်ရမှာပေါ့။"
သူက ထပ်ပြောခဲ့သည်။ "ရွာထဲနဲ့ စီရင်စုမြို့က လူတွေကို
ရှာပြီး စောင့်ကြပ်ခိုင်းလို့ရတယ်။"
ရှစ်ချင်းလျို့က ခဏလောက် တွေးခဲ့သည်။ "အရင်ဆုံး ကျွန်မတို့ရွာက
ရှာကြတာပေါ့၊ မိသားစုမရှိဘဲ အလုပ်ကြိုးစားတဲ့ သက်ကြီးရွယ်အိုတွေ ရှိတယ်မလား၊ သူတို့ကို
တာအိုဘုန်းကြီးကျောင်း စောင့်ခိုင်းရင် ဘယ်လိုလဲ၊ နေ့တိုင်း တာအိုဘုန်းကြီးကျောင်းကို
တံခါး အဖွင့်အပိတ်နဲ့ သန့်ရှင်းရေး လုပ်ပေးပြီး အနောက်ခြံက အပင်တွေကို ရေလောင်းပြီး
ပေါင်းပင်တွေ နှုတ်ပေးရုံပါပဲ၊ ကျွန်မတို့က သူတို့ကို စားစရာနဲ့နေရာထိုင်ခင်းပေးပြီး
လတိုင်း ထိုက်သင့်တဲ့ လစာလည်း ပေးမယ်လေ။"
ရွာထဲမှာ သနားစရာကောင်းသည့် သက်ကြီးရွယ်အိုတွေကို သူမ မြင်ခဲ့သည်။
စားဝတ်နေရေးအတွက် လယ်ယာလုပ်နေရပေမယ့် သူတို့ရဲ့ ခွန်အားက နေ့တိုင်း
တောင့်မခံနိုင်ပေ။
အစားအစာရဖို့အတွက် တခြားရွာသားတွေဆီမှာ လဲလှယ်ကြပြီး ဗိုက်ဖြည့်ဖို့အတွက်
သစ်ဥသစ်ဖုတွေ တူးစားရသည်။
မော်ဒန်ခေတ်မှာက သက်ကြီးရွယ်အို စောင့်ရှောက်ရေးစခန်းတွေ ရှိသည်။
သို့ပေမယ့် ဒီက သက်ကြီးရွယ်အိုတွေကတော့ သေဖို့သာ စောင့်နေကြရသည်။
အိမ်မှာနေရသည့် သက်ကြီးရွယ်အိုတွေကျတော့လည်း အလုပ်မလုပ်နိုင်တာကြောင့်
သူတို့ရဲ့ သမီးတွေက အထင်သေးကြသည်။ ထို့ကြောင့် သူတို့သာ စာရိတ္တကောင်းပါက အနာဂတ်မှာ
သူမ အလုပ်ရုံမှာ အရမ်းမပင်ပန်းသည့် အလုပ်ပေးဖို့ စီစဥ်ထားခဲ့သည်။
သက်ကြီးရွယ်အိုတွေကို အထင်မသေးဖို့ သူမ အဖိုးက အမြဲသင်ပြပေးခဲ့သည်။
အိုမင်းခြင်းဆိုတာ လူတိုင်းကြုံရမည့် ဘဝခရီးထဲကတစ်ခုဖြစ်သည်။
အမြော်အမြင်ရှိစွာ နေထိုင်နေသည့် သက်ကြီးရွယ်အိုတွေကို သူမ
လေးစားသည်။
အတိတ်တုန်းက ရှစ်ချင်းလျို့က ကျွမ်းကျင် လယ်သမားအိုကြီးများထံမှ
အကူအညီတွေ ရခဲ့သည်။ ဒါ့အပြင် သူမက အဖိုးအဖွားရဲ့ ပျိုးထောင်ခြင်းကို ခံခဲ့ရတာကြောင့်
သက်ကြီးရွယ်အိုတွေကို ဂရုဏာပိုသည်။
တချို့သက်ကြီးရွယ်အိုတွေက စက်ဆုပ်စရာကောင်းတာကို မငြင်းဆိုနိုင်ပေမယ့်
'အသက်ကြီးလာလို့ အကျင့်ယုတ်လာတာ မဟုတ်ဘဲ အကျင့်ယုတ်တဲ့လူတွေက အသက်ကြီးလာတာ'ဖြစ်ကြောင်းကို
သူမ သဘောတူမည်ဖြစ်သည်။
မိဘမဲ့တွေလည်း ရှိသည်။
သူမ တတ်နိုင်သလောက် မိဘမဲ့တွေကိုလည်း မွေးစားမည်။
သို့ပေမယ့် လက်လွတ်စပယ် မမွေးစားပေ။
သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်တာက ပြဿနာ မရှိပေမယ့် မိဘမဲ့တွေကို
မွေးစားလိုက်ပါက လူ့အသိုင်းအဝိုင်းကို ဆန့်ကျင်သည့် လူတွေဖြစ်အောင် ပျိုးထောင်ပေးမိသွားမှာ
စိုးရိမ်သည်။
ရှေးခေတ်မှာ ပန်းတိုင်တစ်ခုတည်းက အရာအားလုံးကို အောင်မြင်မှု
မရနိုင်ပေ။
တစ်ဆင့်ချင်းဆီ သွားရမည်ဖြစ်သည်။
သူမက သူမကို ဖက်ထားသည့် ရှောင်ဟန်ကျန့်ကို သူမရဲ့ အတွေးတွေ
မျှဝေခဲ့သည်။
"ဒါဆိုလည်း ဆန္ဒရှိသလို လုပ်ပါ၊ ရွာပြန်ရောက်ရင် သက်ကြီးရွယ်အိုတွေကို
တာအိုဘုန်းကြီးကျောင်း စောင့်ရှောက်ခိုင်းမယ့်အကြောင်း ရွာသူကြီးကို ပြောလိုက်မယ်၊
ရွာက မိဘမဲ့ကလေးတွေကိုလည်း တာအိုဘုန်းကြီးကျောင်းမှာ ပျိုးထောင်လို့ရတာပဲ၊ မသေမျိုးဘုန်းတော်ကြီးအတွက် ကောင်းချီးတွေ စုဆောင်းပေးချင်တာလို့ ပြောလို့ရတာပဲ။"
သူ့ဇနီးလေးက မကောင်းသည့်လူတွေကို ကြမ်းတမ်းစွာ ရှင်းထုတ်တတ်ပြီး
သူ့ရင်ကို လှုပ်ခတ်စေသည့် ဖြူစင်သည့် နှလုံးသားလေးကလည်း ရှိသေးသည်။
ရှစ်ချင်းလျို့က သူ့လက်မောင်းကို မှီတွယ်ခဲ့သည်။ "ကောင်းပြီ
ဒီကိစ္စ ရှင့်ကိုအပ်လိုက်ပြီ။"
သူမက မေးခဲ့သည်။ "စာလုပ်ဖို့ လက်ထောက် ရှာချင်သေးလား။"
သူမ ခင်ပွန်းက မကြာခင် တော်ဝင်စာမေးပွဲ ဖြေရတော့မည်ဖြစ်သည်။
သူ့အတွက် စာလုပ်ဖို့ လက်ထောက် သို့မဟုတ်အစေခံကောင်လေး တစ်ယောက်၊
နှစ်ယောက်လောက် မရှိရင် အဆင်မပြေပေ။
ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည် ။ "ကိုယ် ပွဲစားတစ်ယောက်ကို
သွားတွေ့ပြီး အစေခံကောင်လေး နှစ်ယောက် ဝယ်ခိုင်းလိုက်မယ်၊ ကိုယ်တို့အိမ်အတွက်လည်း မိန်းမငယ်လေး
ဒါမှမဟုတ် အိမ်ထောင်ရှိအမျိုးသမီး အနည်းငယ် ဝယ်ကြတာပေါ့။"
မကြာမီက သူတို့မိသားစုက အလွန်အလုပ်များလာတာကြောင့် လူအင်အား
ထပ်ထည့်ဖို့ လိုအပ်သည်။
ကျွန်စာချုပ်ဖြင့်ဆိုပါက သူတို့ကို ထိန်းကြောင်းပေးတာ ပိုစိတ်ချရသည်။
"ကောင်းပြီ ဒီကိစ္စလည်း ရှင်ပဲ ဖြေရှင်းလိုက်ပါ။"
ရှေးခေတ်မှာ ကျွန်အဖြစ်ပြုခြင်းက တရားဝင်ကြောင်း ရှစ်ချင်းလျို့
သိသည်။
ဒီကိစ္စကို သူမ သိပ်သဘောမတွေ့သော်လည်း သူတို့အိမ်က လူအင်အား
လိုအပ်နေသည်။
အကယ်၍ သူတို့ခေါ်လာသည့်လူက အလုပ်ကြိုးစားကာ သစ္စာရှိပါက ကျွန်စာချုပ်ဖျက်ပေးပြီး
လွတ်လပ်ခွင့်ပြန်ပေးမှာ ဖြစ်သည်။
ယခု လက်ရှိအခြေအနေအရ လူကုန်ကူးခြင်းကို သူမ ပြောင်းလဲနိုင်သည့်
အစွမ်းမရှိသေးပေ။
သူ့ဇနီးလေးက ကျွန်ဝယ်သည့်ကိစ္စကို စိတ်မဝင်စားတာ ရှောင်ဟန်ကျန့်သိသည်။
"ကောင်းပြီ ကိုယ်သွားကြည့်လိုက်ပါ့မယ်။"
သူတို့နှစ်ယောက်က အိမ်မပြန်ခင် ပြောင်းတွေ ငရုတ်ပင်တွေကို ရေလောင်းခဲ့သည်။
ညစာ စားပြီးနောက် ရှောင်ဟန်ကျန့်က ရွာသူကြီးအိမ်ကို သွားခဲ့သည်။
သူ့စကား ကြားပြီးနောက် သူကြီးရဲ့ မျက်နှာထက်မှာ စိတ်အေးမှု၊
ကျေးဇူးတင်ခြင်းတွေ ပြည့်နေသည်။ "မင်းတို့လင်မယားက တကယ်တော်တယ်။"
သူလည်း ရွာထဲက သက်ကြီးရွယ်အိုတွေရဲ့ စားဝတ်နေရေးကို သနားမိသည်။
သူလည်း တတ်နိုင်သလောက် ကူညီပေးပေမယ့် နေ့တိုင်းတော့ လိုအပ်သမျှကို
မထောက်ပံ့ပေးနိုင်ပေ။
အခု ရှောင်ဟန်ကျန့်နှင့် သူ့မိန်းမက သက်ကြီးရွယ်အိုနှင့် မိဘမဲ့ကလေးတွေကို
အလုပ်ပေးပြီး နေစရာ စားစရာပေးကာ လစာလည်း ပေးမည့်အစီအစဥ်က တခြားဘယ်မှာမှ မရနိုင်သည့်
တကယ်ကောင်းသည့် ကိစ္စ ဖြစ်သည်။
"ကောင်းပြီ ငါစီစဥ်လိုက်မယ်။"
ရွာသူကြီးက ဒီကိစ္စကို တာဝန်ယူလိုက်သည်။ "ဘဝကို အလေလိုက်ပြီး
ပျင်းရိစွာ နေထိုင်တဲ့လူတွေကိုတော့ သနားစရာ မလိုဘူး။"
ရှောင်ဟန်ကျန့်ကလည်း အဓိကက ဒါပြောချင်တာ ဖြစ်သည်။ "ကျေးဇူးတင်ပါတယ်
သူကြီး။"
ရွာသူကြီးက ချစ်ခင်စွာ ပြုံးခဲ့သည်။ "ရွာက မှီခိုစရာ မရှိတဲ့
သက်ကြီးရွယ်အိုတွေအစား ငါကလည်း မင်းတို့လင်မယားကို ကျေးဇူးတင်ပါတယ်။"
သူက မေးခဲ့သည်။ "ဘယ်အချိန် အလုပ်စရမှာလဲ။"
ရှောင်ဟန်ကျန့်က ပြောလိုက်သည်။ "မနက်ဖြန်ပါ။"
ရွာသူကြီးက ခေါင်းငြိမ့်ကာ ပြောခဲ့သည်။ "ဒါဆို ငါအခုပဲ
သွားမေးလိုက်မယ်။"
"ဟုတ်ကဲ့ပါ၊ ဒါဆိုလည်း သူကြီးကိုပဲ ဒုက္ခပေးရမှာပဲ။"
ရှောင်ဟန်ကျန့် အိမ်ပြန်သွားပြီးနောက် ရွာသူကြီးလည်း သက်ကြီးရွယ်အိုတချို့၏အိမ်ကို
သွားခဲ့သည်။
ဆွေးနွေးပြီးနောက် သူက လူ ၆ယောက်ကို စာရင်းယူခဲ့သည်။
ထို့နောက် သူကြီးက သူတို့ထံ ပြန်သွားခဲ့သည်။
ထိုသတင်းကြားတော့ သက်ကြီးရွယ်အို ခြောက်ယောက်က စိတ်လှုပ်ရှားနေကြသည်။
ဒီလို အခွင့်အရေးရလိမ့်မယ်ဟု မမျှော်လင့်ထားတာကြောင့် သူတို့က
မတုံ့မဆိုင်း သဘောတူခဲ့သည်။
ဒီသတင်းက ရွာထဲမှာ မြန်မြန်ဆန်ဆန် ပြန့်သွားခဲ့သည်။
လူတွေက ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့တို့ရဲ့ ဖြောင့်မတ်မှုကို
ချီးကျူးခဲ့ကြသည်။
တခြားရွာကလူတွေကလည်း ရှာ့ရှီရွာကို အားကျနေခဲ့သည်။
ရှာ့ရှီရွာက တူးဖော်ရောင်းနိုင်သည့် ယမ်းစိမ်းတွင်း ရှိရုံသာမက
ဘိလပ်မြေစက်ရုံကလည်း အလွန်နာမည်ကြီးသည်။
ထို့ကြောင့် နန်ရှီစီရင်စုက မိသားစု အများစုက သူတို့သမီးတွေကို
ရှာ့ရှီရွာသားဖြင့် လက်ထပ်စေချင်နေကြသည်။
ရှာရှီရွာက လူနှင့် လက်မထပ်နိုင်ရင်လည်း အနီးအနားရွာက လူတွေနှင့်
လက်ထပ်နိုင်သည်။ ရှစ်ချင်းလျို့က ရွာကို ကြီးပွားအောင် ဦးဆောင်ရင်း ရွာက လူပျိုအများစုက
စျေးတက်လာတာကိုသူမ မသိပေ။
တချို့ဆိုရင် မိသားစုအများစုက သူတို့သမီးတွေကို လက်ထပ်ယူဖို့
အမျိုးသားတစ်ယောက်ကို တောင်းပန်တာမျိုးတောင် ရှိသည်။
နောက်တစ်ရက်ကျတော့ ရွာသူကြီးက သက်ကြီးရွယ်အိုခြောက်ယောက်ကို
တာအိုဘုန်းကြီးကျောင်းသို့ ခေါ်သွားခဲ့သည်။
သူတို့က ဖာထေးထားသည့် အဝတ်တွေ ဝတ်ထားသော်လည်း သန့်ရှင်း သပ်ရပ်နေသည်။
တစ်ချက်ကြည့်ရုံဖြင့် သူတို့က အလုပ်ကြိုးစားမည့်လူတွေမှန်း
ရှစ်ချင်းလျို့သိသည်။ ရွာသူကြီးက အလုပ် ကောင်းကောင်းလုပ်ခဲ့၏။