အခန်း(၁၄၄) - ရွေးချယ်စရာမရှိတာကြောင့် ယုံကြည်ခဲ့ရခြင်း
တာအို ဘုန်းကြီးကျောင်းက အသင့်ဖြစ်နေပြီဖြစ်သည်။
ရှစ်ချင်းလျို့က ဆရာလီရဲ့ အကြံပြုချက်အတိုင်း ရွာသားတွေကို
အသိပေးဖို့ အခွင့်ရေးကောင်းကို စောင့်နေတာ ဖြစ်သည်။
လူတိုင်းကို တာအို ဘုန်းကြီးကျောင်းမှာ အမွှေးတိုင်လာပူဇော်ဖို့
ဖိတ်ခေါ်ခဲ့သည်။
ရှောင်ဟန်ကျန့်က စီရင်စုမြို့ကိုသွားပြီး တာအို ဘုန်းကြီးကျောင်း
ပြန်လည်ဖွင့်လှစ်ခြင်းအတွက် ဆရာလီကို သွားဖိတ်ကြားခဲ့သည်။
ရှစ်ချင်းလျို့ကို အံ့သြသွားစေတာက ရှာ့ရှီရွာတင် သာမက အနီးအနားရွာက
မိသားစုတိုင်းနီးပါး လာရောက်ခဲ့ခြင်း ဖြစ်သည်။
စီရင်စုမြို့က လူတွေလည်း အများကြီးရှိကာ တခြားနေရာက လူတွေလည်း
ပါဝင်ကြသည်။
ရှစ်မိသားစုရဲ့ တတိယသားက အမျိုးသမီးနျိုကို ခေါ်လာခဲ့သည်။
အရုဏ်မတက်ခင်ကတည်းက သူတို့က တာအို ဘုန်းကြီးကျောင်းရှေ့မှာ
စောင့်နေခဲ့သည်။
တံခါးဖွင့်လိုက်သည်နှင့် သူတို့က ပြေးဝင်ပြီး ဒီနေ့ရဲ့ ပထမဆုံး
အမွှေးတိုင်ကို ပူဇော်ကာ သားဆုပန်ခဲ့သည်။
အမျိုးသမီးနျိုက သူမ သမီးဖြစ်သူကို မကျေနပ်သော်လည်း တာအိုဘုန်းတော်ကြီးရဲ့
ကမ္ဗည်းတိုင်းကို အမွှေးတိုင်ပူဇော်ရာမှာတော့ အလွန်တည်ကြည်နေသည်။
လူတွေက တာအို ဘုန်းကြီးကျောင်း တိုးဝင်လာကာ ရိုသေလေးစားစွာ
ဖယောင်းတိုင် ထွန်းညှိပူဇော်နေတာကို ရှစ်ချင်းလျို့ တွေ့သည်။
လူအုပ်ကြီးကိုမြင်တော့ သူမက မော်ဒန်ခေတ်က အားလပ်ရက်မှာ ခရီးထွက်သလို
ခံစားလိုက်ရလေသည်။
သူမက ထောင့်လေးမှာ ရပ်ကာ သက်ပြင်းချခဲ့သည်။ "လူတွေ ဒီလောက်လာမယ်လို့
မထင်မိခဲ့ဘူး။"
ရှောင်ဟန်ကျန့်က ဒီနေ့ ကျောင်းကို ခွင့်ယူခဲ့သည်။ "လူတိုင်းက
မင်းရဲ့ဆရာကို မသေမျိုးလို့ ထင်နေလို့ တာအို ဘုန်းကြီးကျောင်း ပြန်ဖွင့်တာနဲ့ လာရောက်
ပူဇော်ချင်ကြတာလေ။"
ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "ဒါလည်း ကောင်းတာပဲ၊
လျှို့ဝှက်ဆန်းကြယ်တာတွေ ပိုဖြစ်လေလေ၊ ပိုကောင်းတာတွေ ရလေပေါ့။"
ပြောင်းတွေက နောက်လကုန်လောက်ကျရင် ရိတ်သိမ်းလို့ ရပြီဖြစ်တာကြောင့်
သူမရဲ့ ဆရာသခင်ဟာလည်း မကြာခင် သူ့ရဲ့ ဝိဉာဥ်စွမ်းအားကို ပြနိုင်တော့မည်ဖြစ်သည်။
ရှောင်ဟန်ကျန့်က သူမရဲ့ ဆိုလိုရင်းကို သဘောပေါက်သည်။
သူက ခပ်ဖွဖွရယ်ကာ မေးခဲ့သည်။ "အရင် မင်းရဲ့ဆရာကို အရင်ဆုံး
ဝိဉာဥ်စွမ်းအား ပြခိုင်းမှာလား။"
ရှစ်ချင်းလျို့က သိတယ် ဟူသောအကြည့်တစ်ချက်ပေးလိုက်လေသည်။
"ဒါပေါ့၊ ကောင်းမွန်တဲ့အစဖြစ်ဖို့ လိုအပ်တယ်လေ။"
သူတို့တွေ စကားပြောနေတုန်း ရွာသူကြီးများစွာက ရှစ်ချင်းလျို့နှင့်
ရှောင်ဟန်ကျန့်တို့ အနား ကပ်လာခဲ့ကြသည်။
"တာ့လျန်ရဲ့ဇနီး ကျုပ်တို့ကို မသေမျိုးဘုန်းတော်ကြီးကို
အမွှေးတိုင် ပူဇော်ဖို့ ခေါ်သွားပေးနိုင်မလား။"
မကြာမီက ရှစ်ချင်းလျို့ကြောင့် ရွာသားတွေရဲ့ စားဝတ်နေရေးက တဖြည်းဖြည်း
ပိုကောင်းလာခဲ့သည်။
လူတိုင်းက ရှစ်ချင်းလျို့ကို အရမ်းကျေးဇူးတင်ကြပြီး သူမကို
သင်ကြားပေးခဲ့သည့် မသေမျိုးဘုန်းတော်ကြီးကိုလည်း လေးစားကြသည်။
သူမက သူမရဲ့ဆရာကို ဘယ်လို ဝိဉာဥ်အစွမ်းပြခိုင်းရင်ကောင်းမလဲလို့
တွေးနေတုန်း ရွာသူကြီးတွေက သူမရဲ့အကြံကို အကောင်အထည်ဖော်ရအောင် သူတို့ဘာသာရောက်လာခဲ့ကြသည်။
လူကောင်းတွေ ရှိသားပဲ။
သူမက ခေါင်းငြိမ့်ပြကာ ပြုံးခဲ့သည်။ "ဒါပေါ့။"
ထို့ကြောင့် သူမက စားပွဲပေါ်က အမွှေးတိုင် လက်တစ်ဆုပ်စာယူပြီး
တစ်ယောက်ကို သုံးချောင်းစီ ပေးပြီးနောက် ပိုသည့်ဟာများကို ပြန်ထားခဲ့သည်။
သူမက ခလုတ်လေးကိုထိရင်း အနည်းငယ် စောင်းနေသည့် အမွှေးတိုင်ပူဇော်ခွက်ကို
ပြန်တည့်မှတ်လိုက်သည်။
အမွှေးတိုင်ပူဇော်ခွက်ရဲ့အနောက်မှာ လျှို့ဝှက်ကုတ်ထည့်သည့်
အပြားလေးလို ခလုတ်ကိုးခု ပါရှိသည်။
ရှစ်ချင်းလျို့က လျှို့ဝှက်ဂဏန်း၆လုံး ထည့်ထားခဲ့သည်။
ထိုဂဏန်း၆လုံးကို နှိပ်ထည့်မှသာ စက်က အသက်ဝင်မှာ ဖြစ်သည်။
မှားယွင်းသည့် ဂဏန်း၆လုံးနှိပ်ခြင်း သို့မဟုတ် နံပါတ် အစဥ်လိုက်
မဟုတ်ပါက စက်က အသက်ဝင်မည် မဟုတ်ပေ။
ရှောင်မူတို့သားအဖက သူမ လိုချင်တာကို လုပ်ပေးခဲ့လို့ သူမ အလွန်ပျော်နေသည်။
ရှောင်မူက သူ့စွမ်းရည်တွေကို သူ့ရဲ့ လက်မှုဆရာဆီကနေ ပညာအမွေဆက်ခံခဲ့သည်။
သူက လက်မှုပညာကောင်းရုံသာမက စက်မှုပစ္စည်းတွေလည်း ကောင်းကောင်း
လုပ်နိုင်သည်။
ထို့ကြောင့် သူမက သူမရဲ့ အကြံတွေကို ရှောင်မူနှင့် သူ့သားဆီ
မျှဝေခဲ့သည်။
သူမက သူတို့ကို မကြာခဏလည်း အကြံပြုချက်တွေ ပေးခဲ့သည်။
သူတို့နှစ်ယောက်က တကယ်ပဲ လုပ်နိုင်ခဲ့သည်။
စက်ကို အသက်သွင်းပြီးနောက် ရှစ်ချင်းလျို့က အမွှေးတိုင်တချို့ကို
ထွန်းညှိပေးပြီး ကမ္ဗည်းတိုင်ရှေ့က ရှိခိုးသည့် အခင်းလေးမှာ ဒူးထောက်ချခဲ့သည်။
"ဆရာ ကျွန်မ ဒီနေ့ပဲ တာအိုဘုန်းကြီးကျောင်း ပြန်ဆောက်လုပ်ပြီးခဲ့ပြီး
ဒီမှာ ကမ္ဗည်းတိုင် တည်ထားခဲ့ပါတယ်၊ လူတိုင်းက ဆရာ့ရဲ့ တင့်တယ်မှုကို ဖူးမျှော်ချင်နေကြတယ်၊
ဆရာ ပျော်လို့ချင်ရင် ကျေးဇူးပြုပြီး အစွမ်းပြပေးပါ၊ ဒီလိုဆိုရင် နောက်ကျရင် တာအိုဘုန်းတော်ကြီးမှာ
အမွှေးတိုင် ပူဇော်မှုတွေ ပိုများလာတာပေါ့။"
အခု ကြည့်ရှုသူတွေ အများကြီး ရှိနေသည်။
လူတိုင်းက ရှစ်ချင်းလျို့ရဲ့ စကားကြောင့် ကြက်သေသေနေကြသည်။
မသေမျိုးဘုန်းတော်ကြီးက အစွမ်းပြတယ်။ တကယ်လား။
ကြည့်ရှုသူ အများစုက မယုံကြည်ပေ။
ဖေးယွီကျယ်က ပျော်ရအောင်လို့ ဖေးစုန့်ကျွင်းကိုပါ
ခေါ်လာခဲ့သည်။
မသေမျိုးဘုန်းတော်ကြီးက အလွန်လျှို့ဝှက်ဆန်းကြယ်ကြောင်း ရွာသားတွေဆီကနေ
သူတို့ ကြားသိခဲ့ရသည်။
သို့ပေမယ့် သူတို့မှာ သံသယတချို့ရှိနေသေးကာ အလုံးစုံ မယုံသေးပေ။
ရှစ်ချင်းလျို့က အလွန်သိပြီး အလွန်ဉာဏ်များတာကြောင့် အယုံသွင်းထားတာဖြစ်မည်ဟု
ထင်နေကြသည်။
သူမမှာ တခြားအမျိုးသမီးတွေမှာ မရှိသည့် ဉာဏ်ထက်မှုတွေ ရှိနေသည်။
မသေမျိုးဘုန်းတော်ကြီး ဝိဉာဥ်အစွမ်းပြမှာကိုတော့ မဖြစ်နိုင်ပေ။
ရှစ်မိသားစုရဲ့ တတိယသား တစ်ယောက်ရဲ့ မျက်လုံးထဲမှာပဲ အယူသန်ခြင်းတွေ
ထင်ဟပ်နေသည်။ မသေမျိုးဘုန်းတော်ကြီး ထပ်ပေါ်လာဦးမှာလား။
ဒါဆို သူစောနက သားဆုပန်တဲ့အကြောင်း မသေမျိုးဘုန်းတော်ကြီး
ကြားပြီးပြီမလား။
ထို့နောက် လူတိုင်းက ခေါင်းပေါ်မှာ လေပြင်းဖြတ်တိုက်သွားမှုကို
ခံစားလိုက်ရသည်။
လူတိုင်း မော့ကြည့်လိုက်တော့ ခန်းမအထက်မှာ ရုတ်တရက် ရွှေရောင်အလင်းတန်း
လက်သွားတာကို မြင်လိုက်ရလေသည်။
မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားခဲ့သော်လည်း ဘုန်းကြီးကျောင်းမှာရှိသည့်
လူတိုင်း မြင်တွေ့ခဲ့ရသည်။
"မ... မသေမျိုးဘုန်းတော်ကြီး တကယ်
ပေါ်လာခဲ့တာပဲ။"
ထစ်ငေါ့နေသည့် စကားသံတွေက တိတ်ဆိတ်နေသည့် ခန်းမထဲမှာ ထွက်ပေါ်လာခဲ့သည်။
လူအများစုက ဒူးထောက်ချပြီး ပူဇော်ခဲ့ကြလေသည်။
သူတို့အကုန်လုံးက ရိုသေကိုင်းရှိုင်းမှုဖြင့် စိတ်လှုပ်ရှားနေကြသည်။
သူတို့က မသေမျိုးဘုန်းတော်ကြီး တကယ်ရှိလိမ့်မည်ဟု
မမျှော်လင့်မိခဲ့ပေ။ သူက တကယ်ပဲ အစွမ်းပြခဲ့သည်။
သူတို့ဘဝမှာ ထိုအရာကို မြင်တွေ့နိုင်ခြင်းက ကောင်းချီးပေးခံရခြင်းဖြစ်သည်။
ဖေးယွီကျယ်နှင့် ဖေးစုန့်ကျွင်းက မယုံနိုင်ခြင်းများစွာဖြင့်
မျက်လုံး ပြူးနေကြသည်။
ဖေးယွီကျယ်က တူဖြစ်သူကို မရေရာစွာကြည့်ပြီး မေးခဲ့သည်။
"ရွှေအလင်းတန်းနဲ့ လေတိုက်သွားခဲ့တာလား။"
ဒီကမ္ဘာမှာ တကယ်ပဲ လျှို့ဝှက်ဆန်းကြယ်မှုတွေ ရှိနေတာလား။
ဖေးစုန့်ကျွင်းကလည်း အသိပြန်ကပ်လာကာ ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ ကျွန်တော်လည်း ခံစားမိပြီး
မြင်လိုက်တယ်။"
"ရှစ်ချင်းလျို့က တကယ်ပဲ မသေမျိုးဘုန်းတော်ကြီးရဲ့
တပည့်ပဲ။" အခု သူအပြည့်အဝ ယုံကြည်သွားပြီဖြစ်သည်။
ဖေးယွီကျယ်လည်း ယုံကြည်သွားခဲ့ရသည်။
ခန်းမ အပေါ်မှာ ပြတင်းပေါက်လည်း မရှိတာကြောင့် အပေါ်ကနေ လေတိုက်တာတော့
မဖြစ်နိုင်ပေ။
ဒါ့အပြင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ဖြစ်သွားခဲ့သေးသည်။
ဒါက ကိုယ်ထင်ပြတာ မဟုတ်ပါက တခြားဘာဖြစ်နိုင်ဦးမည်နည်း။
ထိုအချိန်အတွင်းမှာ ဘယ်သူမှ ရှစ်ချင်းလျို့ လိမ်နေတယ်ဟု မထင်မိခဲ့ကြပေ။
ရှစ်ချင်းလျို့နောက်ကနေ အမွှေးတိုင် ကိုင်ထားသည့် ရွာသူကြီးတွေက
ပိုမိုအံ့သြဆွံ့အနေကြသည်။
ထို့နောက် သူတို့က စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်ပြီးတစ်ယောက်
ဒူးထောက်ခဲ့ကြသည်။ "မသေမျိုးဘုန်းတော်ကြီး ကျေးဇူးပြုပြီး
ကျွန်တော်တို့ကို ကောင်းချီးပေးပါ၊ နေ့တိုင်း အမွှေးတိုင် ထွန်းညှိပူဇော်ပေးပါ့မယ်။"
အမွှေးတိုင်တွေ ဦးညွှတ်ပူဇော်ပြီးနောက် သူတို့ရဲ့ မျက်နှာထက်မှာ
အယူသည်းမှုတွေ ဖြစ်တည်နေလေသည်။
ရွာသူကြီးရှောင်က မေးလိုက်သည်။ "တာ့လျန်ရဲ့ ဇနီး မသေမျိုး
ပေါ်လာတာက ငါတို့ကို စိတ်ကျေနပ်လို့မလား။"
တခြားရွာသူကြီးတွေက ရှစ်ချင်းလျို့ကို ကြည့်နေသည်။
ရှစ်ချင်းလျို့က အသံတိတ်နေခဲ့သည်။ ရှင်တို့ကို ကျေနပ်ရဲ့လားဆိုတာ
ကျွန်မက ဘယ်သိမှာတုန်း။
သူမက ပြုံးလိုက်သည်။ "ကျေနပ်မှာပါ၊ မဟုတ်ရင် ဆရာက ပေါ်လာမှာ
မဟုတ်ဘူးလေ၊ ကျွန်မတို့ရွာနဲ့ အနီးအနားက ရွာတွေက ပိုတိုးတက်လာပြီး ဒီမှာ လူတွေများတော့
ဆရာက ပျော်နေတာဖြစ်မယ်။"
ဆရာရေ ကျွန်မ ဒီလိုပြန်ဖြေလိုက်လို့ နောက်ကျရင် လာရောက်ပူဇော်သူတွေ
ပိုများလာလိမ့်မယ်။
ဒါလေးကို ကျေနပ်ပေးပြီး နောက်ကျရင် အပြစ်တွေအများကြီး လွှဲချခံရရင်
ဗွေမယူပါနဲ့နော်။
သူမရဲ့ အဖြေက ရွာသူကြီးရှောင်နှင့် တခြားလူတွေကို ပိုစိတ်လှုပ်ရှားသွားစေခဲ့သည်။
သူတို့က မျက်နှာတွေနီကာ လေးစားစွာ ခေါင်းငြိမ့်ပြခဲ့သည်။
"အင်း ရှေ့လျှောက် ကျွန်တော်တို့ ရွာကို ပိုတိုးတက်အောင် လုပ်မှာပါ၊ မသေမျိုးဘုန်းတော်ကြီးကို စိတ်မပျက်စေရပါဘူး။"
ရှစ်ချင်းလျို့က အသံတိတ်နေခဲ့သည်။ ရှင်တို့ အတွေးလွန်နေပြီ။
မသေမျိုးဘုန်းတော်ကြီးက ရှင်တို့ဆီကနေ ဘာမှ မမျှော်လင့်ထားပါဘူး။
ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြကာ ပြုံးခဲ့သည်။ "မဆိုးပါဘူး
ရွာသူကြီးတို့ အလုပ်ဆက်လုပ်ကြတာပေါ့။"
မသေမျိုးဘုန်းတော်ကြီးရဲ့ တွန်းအားဖြင့် ရွာသူကြီးတွေက ရှေ့လျှောက်
ရွာတွေကို ပိုတိုးတက်အောင် လုပ်ကြလိမ့်မည်။
ထို့နောက် သူမနှင့် သူမ ခင်ပွန်းရဲ့စကားတွေကလည်း ပိုအာဏာသက်ရောက်မှု
ရှိလာလိမ့်မည်။
မသေမျိုးဘုန်းတော်ကြီးရဲ့ ကိုယ်ထင်ပြမှုကြောင့် အနောက်က လူအုပ်ကြီးကလည်း ရှေ့တိုးလာကာ အမွှေးတိုင်တွေ
ပူဇော်ခဲ့ကြသည်။
အရှေ့မှာရပ်နေသည့် ဖေးယွီကျယ်တို့ တူဝရီးနှစ်ယောက်တောင် ဒီတိုင်း
မနေနိုင်တော့ဘဲ အမွှေးတိုင်းထွန်းညှိ ပူဇော်ခဲ့ကြသည်။
ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က မြန်မြန်လေး ခန်းမထဲက
ထွက်ခဲ့ကြသည်။
သူတို့နှစ်ယောက်က ခြံအနောက်ကိုသွားကာ ပြောင်းဖူးနှင့် ငရုတ်သီးပင်တွေကို
သွားကြည့်ခဲ့သည်။
အမွှေးတိုင်ပူဇော်နေသည့် လူတွေကော နောက်မှအမွှေးတိုင်းပူဇော်ဖို့
ကြံစည်ထားပြီး တာအိုဘုန်းကြီးကျောင်းထဲ ပတ်ကြည့်နေသည့် လူတွေပါ အခုဆိုရင် မသေမျိုးဘုန်းတော်ကြီး
ကိုယ်ထင်ပြသည်ဟူသော သတင်းကြောင့် ပင်မ ခန်းမဆောင်ကို သွားကုန်ကြလေသည်။
ဘေးမှာ ဘယ်သူမှ မရှိသည့် အချိန်မှ ရှောင်ဟန်ကျန့်က အသံတိုးတိုးဖြင့်
မေးခဲ့သည်။ "ရွှေအလင်းတန်းက ဘယ်လို ပေါ်လာတာလဲ။"
ရှစ်ချင်းလျို့က ပြုံးကာ ပြန်ဖြေခဲ့သည်။ "ဒါ ဘုရင်ကြီး
ကျွန်မတို့ကို ချီးမြှင့်ခဲ့တဲ့ ရွှေချောင်းတွေရဲ့ ကျေးဇူးကြောင့်ပေါ့၊ အလင်းပြန်ထွက်အောင်လို့ ရွှေချောင်းတွေနားမှာ မှန်တချို့ ထားလိုက်တာလေ။"
သူမက ကျောင်းမှာ သင်ကြားခဲ့ရသည့် အလင်း၏ ဂုဏ်သတ္တိများကို အသုံးချခဲ့တာ
ဖြစ်သည်။
ရှောင်ဟန်ကျန့်က ခပ်ဖွဖွ ရယ်ခဲ့သည်။ "ကိုယ့်မိန်းမက တကယ်ဉာဏ်ထက်တာပဲ။"