အခန်း(၁၄၃) - အဲ့တာကို ရှင်သိပါတယ်
ရှစ်ချင်းလျို့ရဲ့ စကားက လျန့်ယိုရှောင်ကို
အနည်းငယ် နောင်တ ရသွားစေခဲ့သည်။
သူက အဲလောက် အသိဉာဏ် မမဲ့ပေ။
ထို့ကြောင့် သူက ဖဲချပ်တွေကို ချလိုက်သည်။ "ကောင်းပြီ
ဒါဆိုလည်း ယူသွားပြီး ဆက်ကစားမယ်။"
သူ နေသည့် အဆောင်ကို ပြန်ရောက်ရင်တော့ သူက သူ့လက်ထောက်ကို သင်ခိုင်းပြီး
အတူတူ ကစားမည်။
သူက သိချင်စွာ မေးလိုက်သည်။ "မင်းပြောတဲ့ မာကျောက်ကကော
ဖဲလို ကစားလို့ ကောင်းလား။"
ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ဂိမ်းတိုင်းက သူ့စည်းမျဥ်းသူ
ရှိတာပဲ၊ ရှင့်အကြိုက်ပေါ်ပဲ မူတည်မှာပဲ၊ တကယ်လို့ ရှင်လောင်းကစားရုံ ဖွင့်ချင်တယ်ဆိုရင်
ဖဲကစားနည်းတွေ အများကြီး ရှိတယ်၊ နောက်ရက်အနည်းငယ်နေရင် ကစားနည်းတွေ ကျွန်မ သင်ပေးမယ်။"
ကျားကျင်ဟွား၊ studကစားနည်း၊ ပွိုင့်၁၀၀၀၊ ပေါင်သဲခွိုက် စသည်ဖြင့်
ကစားနည်း မျိုးစုံရှိသည်။
လျန့်ယိုရှောင်ရဲ့ မျက်လုံးတွေက လက်သွားခဲ့သည်။ "ဒါပေါ့ ဒီလိုကစားနည်းတွေ ရှိသင့်တာပေါ့။"
အကယ်၍ အခုသာ အချိန်စောနေသေးမည်ဆိုပါက သူ ရှစ်ချင်းလျို့ကို
သင်ခိုင်းမည် ဖြစ်သည်။
ဖေးယွီကျယ်လည်း ရှစ်ချင်းလျို့ ပြောသည့်
ကစားနည်းတွေနှင့် မာကျောက်ကစားနည်းကို မျှော်လင့်နေသည်။
သူတို့နှစ်ယောက် ပြန်သွားပြီးနောက် ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့က
သန့်စင်ပြီးနောက် အနားယူခဲ့သည်။
ရှစ်ချင်းလျို့ ထင်သည့်အတိုင်း လျန့်ယိုရှောင်နှင့်
ဖေးယွီကျယ်က သူတို့ အစေခံတွေကိုခေါ်ကာ ညလုံးပေါက် ဖဲကစားခဲ့လေသည်။
မနက်စာ စားပြီးနောက် သူတို့က ခဏထပ်အိပ်ခဲ့သည်။
ဒီနေ့လည်း သူတို့နှစ်ယောက် ညလုံးပေါက် နေလိမ့်မည်ဟု ရှစ်ချင်းလျို့
ထင်နေသည်။
မာကျောက်က သာမာန်ဂိမ်း မဟုတ်ပေ။
သူမက မာကျောက်နှင့် ဖဲကစားနည်းတွေကို မစွဲလမ်းဘဲ ရံဖန်ရံခါ
သူငယ်ချင်းတွေနှင့် စုဝေးဖြစ်မှသာ ကစားလေ့ရှိသည်။
သို့ပေမယ့် သူမက မာကျောက် ပရိသတ် တချို့ကိုသိသည်။
သူတို့က ရက်အနည်းငယ်လောက် မာကျောက် မကစားရရင် သက်သောင့်သက်သာ
ရှိမနေကြပေ။
မျှော်လင့်ထားသည့်အတိုင်း ရှောင်ချင်းစွေ ညနေကျတော့ မာကျောက်အစုံ
လာပို့ပြီးနောက် ရှစ်ချင်းလျို့က လျန့်ယိုရှောင်နှင့် ဖေးယွီကျယ်ကို
စည်းမျဥ်းတွေ ရှင်းပြလိုက်ပြီးနောက် သူတို့နှစ်ယောက်က ထပ်စွဲလမ်းသွားခဲ့ပြန်သည်။
ထို့နောက် ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်က လျန့်ယိုရှောင်နှင့် ဖေးယွီကျယ်ဆီက ငွေ၁၀၀ကျော် အနိုင်ရခဲ့လေသည်။
သူတို့တွေကို မောင်းထုတ်ပြီးနောက် ရှစ်ချင်းလျို့က ရှောင်ဟန်ကျန့်ကို
မျက်စိတွေလက်လက်ထကာ ကြည့်ခဲ့သည်။ "ရှင်က မာကျောက် ကစားတာ တော်သားပဲ။"
သူက သင်ယူနှုန်း မြန်ရုံသာမက သူမ ထက်ပင်တော်သေးသည်။
ရှောင်ဟန်ကျန့်က ခပ်ဖွဖွရယ်ကာ ပြောခဲ့သည်။ "၁၀ပွဲကျော်လောက်ကစားပြီး
ပုံစံတချို့ကို ရှာတွေ့ခဲ့တာလေ၊ ဒါကြောင့် နိုင်တာ။"
သူက တကယ့် အင်အားကြီးပုဂ္ဂိုလ်ပဲဟု ရှစ်ချင်းလျို့က တွေးလိုက်သည်။
သူမက ရှောင်ဟန်ကျန့်ရင်ခွင်ထဲ ပစ်ဝင်လိုက်လေသည်။ "သိပ်တော်တာပဲ
အစ်ကိုကျန့်။"
ရှောင်ဟန်ကျန့်က သူ့ဇနီးလေးကို ဖက်လိုက်သည်။ "မိန်းမရဲ့
ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ။"
တစ်ဖက်ခြံထဲမှာလည်း သူတို့ရဲ့ ဧည့်သည်တွေက တစ်ညလုံး မာကျောက်
ကစားခဲ့လေသည်။
နောက်သုံးရက်ကျတော့ ရှစ်ချင်းလျို့က သူမ သိသည့်ဖဲကစားနည်းတွေနှင့်
မာကျောက်ကစားနည်းတွေကို ဖေးယွီကျယ်နှင့် လျန့်ယိုရှောင်ကို သင်ပေးခဲ့လေသည်။
နှစ်ရက်ကြာပြီးနောက် ရှစ်ချင်းလျို့က လျန့်ယိုရှောင်ကို
မကျေမချမ်းကြည့်ခဲ့သည်။ "ရှင် ကျွန်မ အိမ်မှာ ဘယ်လောက်ကြာကြာ ထပ်နေဦးမှာလဲ။"
ဒီလူက မကြာသေးမီက မာကျောက်ကို ပျော်ပျော်ရွှင်ရွှင် ကစားနေကာ
အိမ်ကိုမပြန်ချင်တော့ပေ။
လျန့်ယိုရှောင်က ရှက်ကိုးရှက်ကန်း ပြုံးခဲ့သည်။ "လောင်းကစားရုံဖွင့်ဖို့အတွက် ငါလုပ်နေတာပါ၊
အရင်ဆုံး ကောင်းကောင်း သင်ယူရမှာလေ။"
ဖဲကစားတာထက်စာရင် မာကျောက် ကစားရတာကို သူပိုကြိုက်သည်။
မြို့တော်ကိုပြန်သည့် လမ်းမှာ ကစားလို့ မရတာကိုတွေးမိရင်း သူ
မပြန်ချင်တာဖြစ်သည်။
ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "ရှင်ကောင်းကောင်း
သင်ယူပြီးပါပြီ၊ အရေးကြီးတဲ့ အလုပ်လုပ်ဖို့
မနက်ဖြန် မြို့တော်ကို မြန်မြန် ပြန်တော့၊ မဟုတ်ရင်တော့ နောက်ထပ် ပျော်စရာကောင်းတာတွေ
ရှင့်ကို မပြတော့ဘူး။"
ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေကို
သင်ခန်းစာ ကောင်းကောင်း ပေးလိုပါက လျန့်ယိုရှောင်က မြို့တော်ပြန်ပြီး
ရှီလွေ့နှင့် ပူးပေါင်းဖို့လိုသည်။
လျန့်ယိုရှောင်က ရွေးချယ်စရာ မရှိတော့ပေ။ "ကောင်းပြီ မနက်ဖြန်ပဲ မြို့တော်ကို ပြန်လိုက်ပါ့မယ်၊
ရှေ့လျှောက် ပျော်ဖို့ကောင်းတာလေးတွေရှိရင် ငါ့ကို ချက်ချင်း အသိပေးရမယ်နော်။"
သူမ နောက်ကိုလိုက်ပါက ပျင်းဖို့မကောင်းတော့ဘူးဟု သူထင်သည်။
ပိုက်ဆံရှာဖို့ အကြံကောင်းတွေလည်းရှိသည်။
ဒီတစ်ခါတော့ စကိတ်ဘုတ်ပြား၊ စကူတာ၊ ဖဲကစားနည်း၊ မာကျောက်ကစားနည်းတွေ ယူပြန်မည်။
သူက မြို့တော်မှာ မီးမောင်းထိုးပြခံရသူ ဖြစ်လာနိုင်သည်။ သူက ဟိတ်ဟန်ထုတ်ရတာ
သဘောကျသည်။
အမှန်ပြောရရင် မြို့တော်က မျိုးရိုးမြင့်မိသားစုတွေက ပျော်ပါးရတာကြိုက်ကြသည်။
ရှစ်ချင်းလျို့က ရယ်ကာ ပြောခဲ့သည်။ "ကိုယ့်အလုပ်ကိုယ်သာ
ကောင်းကောင်းလုပ်၊ အခုကစပြီး ရှင်က မြို့တော်မှာ မျက်စိကျိန်းဖို့ အကောင်းဆုံးလူငယ်ဖြစ်စေရမယ်လို့
ကျွန်မ အာမခံတယ်။"
သူက ပျော်ပါးရတာကို ကြိုက်ရုံသာမက ရေပန်းစားခံရတာလည်း သဘောကျမှန်း
ရှစ်ချင်းလျို့ သိသည်။
သူက ဟိတ်ဟန်ပြချင်သည့် သာမာန် လူငယ် မဟုတ်ပေ။
လျန့်ယိုရှောင် ရယ်ခဲ့သည်။ "မှန်တယ်၊ ငါမြို့တော်ကို ပြန်ပြီးရင် အတောက်ပဆုံး လူငယ် ဖြစ်နေစေရမယ်။"
ရှီလွေ့နှင့် တခြားလူတွေ သူ့ကို မနာလို၊ အားကျအောင် လုပ်ရမည်။
ထိုသို့ တွေးကြည့်ရုံဖြင့် သူ့ကို စိတ်လှုပ်ရှားစေသည်။
သူက ချက်ချင်းပဲ အတောင်ပေါက်ကာ မြို့တော်ကို ပျံပြီးသာ မြန်မြန်ပြန်ချင်တော့သည်။
ရှစ်ချင်းလျို့က သူ့အမူအရာကို ကြည့်ကာ မျက်မှောင်ကြုတ်ခဲ့သည်။
သူမက ထပ်ပြောခဲ့သည်။ "ကစားဖို့ပဲ အာရုံစိုက်ပြီး ဒီကိစ္စကို
မေ့မနေနဲ့ဦး။"
လျန့်ယိုရှောင်က သူ့ရင်ဘတ်ကို ပုတ်ပြီး ကတိပေးခဲ့သည်။ "ငါတာဝန်ယူလိုက်ရင် မင်းစိတ်ပူစရာ
မလိုပါဘူး။"
ငါတကယ်စိတ်ပူတယ်ဟု ရှစ်ချင်းလျို့က တွေးလိုက်သည်။
သူမက ထပ်ပြောခဲ့သည်။ "မာကျောက် ကအချိန်မရွေး ကစားလို့ရတယ်၊
ပွဲကြီးပွဲကောင်းကြည့်ရဖို့က ရှားတယ်၊ အဲ့တာကို ရှင်သိပါတယ်။"
လျန့်ယိုရှောင် ယုတ်မာစွာ ပြုံးလိုက်သည်။ "သိတယ် သိတယ်။"
သူလည်း ရှောင်ယွမ်ရှစ်ရဲ့ ပွဲကြီးပွဲကောင်းကို ကြည့်ချင်သည်။
စိတ်လှုပ်ရှားဖို့ကောင်းကာ ပျော််ဖို့ကောင်းတာကြောင့် သူမေ့မည်
မဟုတ်ပေ။
ရှောင်မိသာစုအိမ်မှာ နောက်ဆုံးနေရသည့်ညမှာပဲ လျန့်ယိုရှောင်က ဖေးယွီကျယ်ကို ဆွဲပြီး တစ်ညလုံး မာကျောက် ထပ်ကစားခဲ့သည်။
နောက်တစ်နေ့ကျတော့ မရပ်မနား သန်းဝေပြီး မြင်းရထားလုံးပေါ်တက်ကာ
မြို့တော်ပြန်သည့် လမ်းတစ်လျှောက် အိပ်ခဲ့လေသည်။
ရက်အနည်းငယ် ကြာပြီးနောက် ရှစ်မိသားစုနှင့် ဝူမိသားစုက သဘောတူညီမှု
လုပ်ခဲ့သည်။
သူတို့နှစ်ယောက်က နောက်လမှာ လက်ထပ်မှာဖြစ်သည်။
ဒါက အလွန် အလောကြီးနေသည်။
အဓိက အချက်က ရှစ်မိသားစုက ဝူမိသားစုကို မြန်မြန်ရိုက်ချပြီး
သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းချင်နေတာ ဖြစ်သည်။
ရလာဒ် အနေဖြင့် သူတို့က ဝူမိသားစုကို နည်းလမ်းပေါင်းစုံဖြင့်
ခြိမ်းခြောက်ပြီး မကျေနပ်သော်လည်း သဘောတူအောင် အတင်းလုပ်ခဲ့သည်။
ထို့ကြောင့် စီရင်စုမြို့က လူတချို့က ဝူမိသားစုက တရားမဝင်သမီးက
ရှစ်မိသားစုက စတုတ္ထသားနှင့် ကိုယ်ဝန်ရနေလို့များလားဟု ထင်ကြေးပေးကြလေသည်။
မဟုတ်ပါက ဘာကြောင့် မြန်မြန်ဆန်ဆန် လက်ထပ်မည်နည်း။
ထိုစကားတွေ ဝူမိသားစုဆီ ပေါက်ကြားသွားတော့ သခင်ကြီးဝူနှင့်
တခြားလူတွေက ဒေါသအလိပ်လိုက်ထွက်ခဲ့လေသည်။
မြို့တော်က စစ်သူကြီး စံအိမ်တွင် ဖြစ်သည်။
ကောချွန်းရုက အခုလေးတင်ပဲ ရှောင်သခင်မကြီးကို ပြုစုပေးပြီးကာ
သူမရဲ့ အဆောင်ကို ပြန်ခဲ့သည်။
စစ်သူကြီးရှောင်က ထိုလူတွေကို နေရာချမည့်နေရာကို စီစဥ်ထားခဲ့သည်။
ကောချွန်းရုက သူမ လွတ်လပ်ဖို့ နောက်ထပ်တစ်လ၊ နှစ်လလောက်သာ လိုကြောင်း
သေချာနေသည်။
သူမရဲ့ အစေခံမလေးက သူမရဲ့ ပုခုံးကို နှိပ်ပေးနေသည်။
ကောချွန်းရုရဲ့ အရှေ့မှာ မျက်နှာကဓားရာနှင့် သက်လတ်ပိုင်း အမျိုးသား
တစ်ဦးရှိနေသည်။
"ဝူမိသားစုရဲ့ အစီအစဥ် မအောင်မြင်ပါဘူး၊ သူတို့ရဲ့ တရားမဝင်
သမီးက ရှောင်ဟန်ကျန့်နဲ့ လက်မထပ်ရတဲ့အပြင် ရှောင်ဟန်ကျန့် မိန်းမရဲ့ စတုတ္ထဦးလေးနဲ့တောင်
လက်ထပ်ရပါတော့မယ်။"
ထိုလူက ပန်းဧည့်ခံပွဲက ကိစ္စနှင့် မကြာခင်က ဖြစ်ခဲ့သည့် ရှစ်မိသားစုနှင့်
ဝူမိသားစုကြားက ကိစ္စတွေကို ကောချွန်းရုကို ပြန်ပြောပြခဲ့သည်။
ကောချွန်းရုရဲ့ မျက်နှာက မည်းမှောင်သွားပြီး လက်ထဲက လက်ဖက်ရည်ခွက်ကို
မြေပေါ် ပစ်ခွဲခဲ့သည်။ "ငတုံးတွေ။"
ဝူမိသားစုကကျရှုံးခဲ့ပြီး ထိုတာဝန်လေးတောင် မလုပ်ဆောင်နိုင်ပေ။
ထိုမိန်းမပျက်က မသေသလို ရှောင်ဟန်ကျန့်ရဲ့ ဂုဏ်သတင်း မပျက်စီးသွားသည့်
အတွက်လည်း သူမ မပျော်ရွှင်ပေ။
သူမက ဒေါသကို ဖိနှိပ်ကာ မေးခဲ့သည်။ "ဝူမိသားစုရဲ့ တရားမဝင်သမီးက
နောက်လထဲ ရှစ်မိသားစုကလူနဲ့လက်ထပ်တော့မယ် ဟုတ်လား။"
သက်လတ်ပိုင်း အမျိုးသားက ပြန်ဖြေခဲ့သည်။ "ဟုတ်ပါတယ်၊ ရက်တောင်
သတ်မှတ်ပြီးပါပြီ။"
သူက မေးခဲ့သည်။ "သခင်မကြီး ဖျက်စီးချင်လား။"
ကောချွန်းရုက သူမရဲ့ လက်သည်းတွေကို ကစားနေသည်။ "ဘာလို့ဖျက်စီးရမှာလဲ၊
သူရှစ်မိသားစုနဲ့လက်ထပ်တဲ့အခါ ဝူမိသားစုက မိန်းကလေးအတွက် အစေခံမလေးတစ်ယောက် လက်ဖွဲ့မယ်၊
မနက်ဖြန် သူ့ကို ဝူမိသားစုဆီပို့ပြီး အမျိုးသမီးဝကို သူ့စကားနားထောင်ခိုင်းလိုက်၊ ဒါမှ
အနာဂတ်မှာ ဝူမိသားစုက ကောင်းကျိုးတွေကို သူခံစားရယူနိုင်မှာ။"
ကံကောင်းချင်တော့ ဝူမိသားစုအပေါ်ထားသည့် သူမရဲ့ မျှော်လင့်ချက်တွေကို
ပြန်မရုတ်သိမ်းခဲ့ပေ။
သူမတွင် နောက်ထပ် အစီအစဥ် ရှိနေပါသေးသည်။
အပြင်ကမ္ဘာကို မမြင်ဖူးသည့် ရှောင်ဟန်ကျန့်က သူမ ပြင်ထားသည့်
မိန်းမလှလေးတွေကို မြင်သည့်အခါ သူ့ကိုယ်သူ ထိန်းချုပ်နိုင်မည်ဟု သူမ မယုံပေ။
ရှစ်ချင်းလျို့ အတွက်ကတော့...
သူမက မျက်လုံးကို မှေးကျဥ်းပြီး အမိန့်ပေးခဲ့သည်။ "ရှောင်ဟန်ကျန့်ရဲ့
ယောက္ခမတွေနဲ့ ဆက်သွယ်ဖို့ နောက်ထပ် လူရှာလိုက်၊ သူတို့ ရှစ်ချင်းလျို့ကို ပြဿနာရှာအောင်
မက်လောက်စရာ မက်လုံးတွေပေးပြီး သွေးဆောင်လိုက်၊ တကယ်လို့ အလုပ်မဖြစ်သေးရင် အဲကောင်မရဲ့
ဖြူစင်ရိုးသားမှုတွေကို ဖျက်စီးဖို့ပြင်လိုက်။"
သူမ ပြင်ထားသည့် မိန်းမလှလေးကြောင့် ရှောင်ဟန်ကျန့်က ထိုကိစ္စကို
သုံးကာ သူမကို ကန်ထုတ်ပြီး နောက်မိန်းမ ယူနိုင်သည်။
ရှောင်ဟန်ကျန့်သာ လင်ငယ်ထားသည့် မယား၏ ယောက်ျားဖြစ်သွားပါက
စီရင်စု တစ်မြို့လုံးက သူ့ကို လှောင်ပြောင်နိုင်သည်။
မိန်းမလှလေးတွေကို စွဲလမ်းပြီး သူ့ရဲ့ဂုဏ်သတင်း ပျက်သွားသည့်အခါ
တော်ဝင်စာမေးပွဲဖြေဖို့ သူ စိတ်ဝင်စားတော့မည် မဟုတ်ပေ။
ရှစ်ချင်းလျို့က စင်ကြယ်မှုတွေ ဖျက်စီးခံလိုက်ရသည့်အခါ အသက်ဆက်ရှင်နိုင်ပါ့မလား။
"ဟုတ်ကဲ့ ဒီကိစ္စကို ဖြေရှင်းဖို့ ကျွန်တော် ကိုယ်တိုင်
မနက်ဖြန်ပဲ နန်ရှီစီရင်စုမြို့ကို သွားလိုက်ပါ့မယ်။" ဒီသခင်မက ရုပ်ရည်လို နူးညံ့ကြင်နာတတ်သည့်လူ
မဟုတ်မှန်း သက်လတ်ပိုင်း အမျိုးသားက သိသည်။
ဒီအစီအစဥ်က အနည်းငယ် ရက်စက်ပေမယ့် အောင်မြင်သွားပါက အလွန်အသုံးဝင်နိုင်သည်။