အပိုင်း(၁၅၀) - ခန့်မှန်း မရပေ
ကေချွန်းရုရဲ့ စကားက ကောချွန်းယီကို ကြက်သေသေသွားစေခဲ့သည်။
သူက မြန်မြန်ဆန်ဆန်ပဲ အသိစိတ်ပြန်ကပ်ကာ မေးခဲ့သည်။ "ရှီလွေ့ကိုနှောင့်ယှက်တဲ့ မိန်းမကို စီစဥ်ခဲ့တာ အစ်မလား။"
ရှီလွေ့၏ ဂုဏ်သတင်းက မကောင်းရာကနေ ပို၍ဆိုးရွားသွားပြီဖြစ်သည်။
သူ့မှာ အိမ်ထောင်မပြုရသေးခင် ကလေးတစ်ယောက်ရှိနေပြီဖြစ်သည်။
အနာဂတ်မှာ ကောင်းမွန်သည့်မိသားစု သို့မဟုတ် အာဏာကြီးမိသားစုတွေက
သူတို့သမီးကို သူနှင့် လက်ထပ်ခွင့်ပေးတော့မည် မဟုတ်ပေ။
ပြည်သူ့အုပ်ချုပ်ရေးမှူး စံအိမ်က ဒီကိစ္စက နားလည်မှုလွဲတာဖြစ်ကြောင်း
ပြောခဲ့သော်လည်း လူအနည်းစုကသာ ယုံခဲ့သည်။
ကောချွန်းယီက အရင်က ရှီလွေ့ရဲ့ ကံဆိုးမှုကို လှောင်ရယ်ခဲ့ပေမယ့်
သူ့အစ်မက ကြိုးကိုင်သူဆိုတာကိုတော့ သူ မတွေးမိခဲ့ပေ။
သူ ငယ်ငယ်ကတည်းက အနိုင်ကျင့်ခံရတိုင်း ထိုလူတွေရဲ့ အဆုံးသတ်က
မကောင်းခဲ့ပေ။
ဒီကိစ္စတွေရဲ့ နောက်ကွယ်က လူက သူ့အစ်မပဲဆိုတာ မမေးဘဲနဲ့ သူသိသည်။
သူ့အစ်မက အကြင်နာမဲ့လွန်းသည်ဟု သူ မထင်ပေ။ ထိုအစား သူ့အစ်မက
ကောင်းသည့် ကိစ္စလုပ်ခဲ့သည်ဟုသာ သူတွေးသည်။
သူက စိုးရိမ်စွာ မေးခဲ့သည်။ "အစ်မ စစ်သူကြီးရှောင် ဒီကိစ္စကို
သိလား။"
ရှီလွေ့ရဲ့ မိသားစုနောက်ခံကသိပ်ကြီးကာ သူ့အစ်မက သူ့အတွက်ကြောင့်နဲ့
ရှီလွေ့ကို အကောက်ကြံခဲ့သည်။
တကယ်လို့ စစ်သူကြီးရှောင်သာ ဒီကိစ္စကို သိသွားပါက သူစိတ်တိုလိမ့်မည်။
ကောချွန်းရုက ပြုံးခဲ့သည်။ "သေချာပေါက် မသိဘူးပေါ့။"
ရှီလွေ့သာ သူ့မောင်လေးရဲ့ လက်ကိုချိုးပြီး စုတ်တံနှင့် လက်နက်ကိုင်လို့
မရအောင် မလုပ်ခဲ့ပါက သူမလည်း ဒီလို လက်စားချေမည် မဟုတ်ပေ။
"ရှီမိသားစု ရှာတွေ့သွားရင် ဘယ်လိုလုပ်မလဲ။" ရှီမိသားစုသာ
ရှာတွေ့သွားပါက သူတို့ မလွယ်ပေ။
ကောချွန်းရုက သူ့ကို နှစ်သိမ့်သည့် အပြုံး ပြုံးပြခဲ့သည်။
"ငါသေချာစီစဥ်ပြီးသားပါ၊ သူတို့ကို လှည့်စားဖို့အတွက် လူတွေလွှတ်ပြီး
ဖုံးကွယ်ပြီးသား၊ ငါတို့ကို ရှာမတွေ့နိုင်ဘူး၊ စိတ်မပူနဲ့။"
ဒီလိုလုပ်ဖူးတာ အခုမှ ပထမဆုံးအကြိမ် မဟုတ်ဘဲ တစ်ခါမှလည်း မပေါ်ဖူးပေ။
ထိုစကားကြားမှ ကောချွန်းယီက စိတ်အေးသွားခဲ့သည်။ "ကောင်းပြီ။"
နောက်ဆုံးတော့ သူ့ဒေါသဖြေရာကိုတွေ့ခဲ့ပြီဖြစ်သည်။
စစ်မြေပြင်မှာ အောင်မြင်မှုရခဲ့သည့်အခါ ရှီလွေ့ကို သေချာပေါက်
နင်းချေပစ်မည်။
ရှာ့ရှီရွာရဲ့ ရှောင်မိသားစု အိမ်တွင်ဖြစ်သည်။
ရှောင်ဟန်ကျန့်က ဖေးစုန့်ကျွင်းရဲ့ သွေးခုန်နှုန်း
စမ်းသပ်ပြီးသည့် အချိန်မှာပဲ ရှစ်မိသားစုရဲ့ တတိယသားနှင့် သူ့ဇနီးက
အိမ်ကို ရောက်လာခဲ့သည်။
သူတို့ ထိုင်ပြီးသည့် အချိန်မှာ ရှစ်ချင်းလျို့က သူတို့အတွက်
အချိုရည်ငှဲ့ထည့်ပေးခဲ့သည်။
ရွာက လူအများစုက လက်ဖက်ရည် မကြိုက်ကြတာကြောင့် သူတို့က ဧည့်သည်ကို
အချိုရည်ဖြင့် ဧည့်ခံကြသည်။
ရှစ်ချင်းလျို့က မေးခဲ့သည်။ "ကိစ္စရှိလို့လား။"
တာအိုဘုန်းကြီးကျောင်းကို နေ့တိုင်းသွားကာ သားဆုပန်တာကလွဲလို့
ရှစ်မိသားစုရဲ့ တတိယသားက များသောအားဖြင့် သူမကို လာရှာလေ့ မရှိပေ။
ဒီနေ့ သူတို့ ဒီကိုလာသည်ဆိုကတည်းက သေချာပေါက် ကိစ္စ တစ်ခုခုရှိရမည်။
ဖေးယွီကျယ်က သူ့တူလေးကိုခေါ်ကာ အခန်းပြန်မည့်အချိန်မှာပဲ သူမရဲ့
အမေးကိုကြားတော့ မပြန်တော့ဘဲ ဆက်ထိုင်ဖို့ ဆုံးဖြတ်ခဲ့လေသည်။
ရှစ်ချင်းလျို့က သူတို့ကို မမောင်းထုတ်တာကြောင့် ဒီစကားတွေကို
သူတို့နားထောင်လို့ရသည့် အဓိပ္ပာယ်ဖြစ်သည်။
ဒါ့အပြင် ဟိုးတစ်ခါတုန်းကလည်း ရှစ်ချင်းလျို့က လျန့်ယိုရှောင်ကို သူတို့ရဲ့ စကားဝိုင်းကို ပေးနားထောင်ခဲ့သည်။
ထို့ကြောင့် မြို့တော်က သခင်လေးနှစ်ယောက် ထွက်မသွားခြင်းအပေါ်
ရှစ်မိသားစုရဲ့ တတိယသားက ကျင့်သားရနေပြီ ဖြစ်သည်။
"လူတစ်ယောက်က မင်းအမေနဲ့ ငါ့ကို လာရှာတယ်။"
ရှစ်မိသားစုရဲ့ တတိယသားက ဆက်ပြောခဲ့သည်။ "မင်းကို ဒုက္ခပေးဖို့
ငွေ ၃၀၀ ပေးမယ်ပြောတယ်၊ မင်းရဲ့ ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာကို ဖျက်စီးနိုင်ရင် နောက်ထပ်
ငွေ ၂၀၀ ထပ်ပေးမယ်တဲ့။"
ဟိုးအရင်တုန်းကဖြစ်ခဲ့မယ်ဆိုရင်တော့ ငွေ ၅၀၀က သူတို့ရင်ကို
လှုပ်ခတ်စေနိုင်သည်။
သို့ပေမယ့် အခုတော့ ပထမအနေဖြင့် သူတို့က သားတစ်ယောက် လိုချင်နေတာကြောင့်
မလုပ်နိုင်ပေ။
ဒုတိယကတော့ သူတို့က သူတို့ သမီးကို ကြောက်တာကြောင့် မလုပ်ရဲတာ
ဖြစ်သည်။
အမျိုးသမီးနျိုကတော့ အစက ဆွဲဆောင်ခံလိုက်ရပေမယ့် ရှစ်မိသားစုရဲ့ တတိယသားရဲ့ စကားတွေကြောင့် လက်လွှတ်လိုက်တာ ဖြစ်သည်။
အခုက သူတို့မှာ သားတစ်ယောက်တောင် မရှိတာကြောင့် ပိုက်ဆံအများကြီး
မလိုကြောင်း ပြောခဲ့လေသည်။
ဒီပိုက်ဆံတွေကလည်း တူဖြစ်သူအတွက်သာ သုံးရင်း ကုန်သွားနိုင်သည်။
အမျိုးသမီးနျိုကလည်း အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသည်။
အခု အရေးအကြီးဆုံးက သားတစ်ယောက် ရရန် ဖြစ်သည်။
မသေမျိုးဘုန်းတော်ကြီး ကိုယ်ထင်ပြကတည်းက ရှစ်ချင်းလျို့က သူတို့ကို သားတစ်ယောက် ချီးမြှင့်ခံရအောင်
ကူညီတောင်းဆိုပေးနိုင်လိမ့်မည်ဟု သူမ ယုံကြည်ခဲ့သည်။
သူမက ပြောခဲ့သည်။ "ဟုတ်တယ်။ ငါ့ကို နင့်ကို အပြင်ချော့ခေါ်ခိုင်းပြီး
နင့်ကို ဖျက်စီးဖို့ လမ်းသရဲတစ်ယောက်ကို ရှာခိုင်းတာ၊ ပြီးရင် အဲကိစ္စကို သူများတွေမြင်အောင်
သူတို့က တမင်လုပ်မှာ။"
အမျိုးသမီးနျိုက သူမ သမီးကို ကြည့်လိုက်တော့ သမီးဖြစ်သူက အလွန်တည်ငြိမ်နေသည်။
ဆန့်ကျင်စွာပင် သမက်ဖြစ်သူရဲ့ မျက်နှာကတော့ မည်းမှောင်နေခဲ့သည်။
သူ့ကိုယ်ခန္ဓာက အေးစက်သည့်လေကို ထုတ်လွင့်နေဟန်ရကာ သူမကိုပင်
အနည်းငယ် ကြောက်ရွံ့စေသည်။
ထင်သည့်အတိုင်း ထိုမိန်းကလေးနှင့် အတူတူရှိနိုင်သည့်လူဟာလည်း
လူကောင်း မဟုတ်ပေ။
ရှစ်ချင်းလျို့က မေးခဲ့သည်။ "သူ့ကို ဘယ်သူပို့လိုက်တာလဲ
သိလား။"
အမျိုးသမီးနျိုက ပြောခဲ့သည်။ "ငါမေးခဲ့ပေမယ့် သူက ဘာမှ
မပြောဘူး။"
ရှစ်မိသားစုရဲ့ တတိယသားက ပြောခဲ့သည်။ "သူတို့ရဲ့ လေသံအရတော့
မြို့တော်ကဖြစ်မယ်။"
အမျိုးသမီးနျိုက ဆက်ပြောခဲ့သည်။ "နင့်ယောက္ခထီး လက်ထပ်ထားတဲ့
မိန်းမ ဖြစ်ဖို့များတယ်၊ သူတို့ကလွဲရင် နင့်ရဲ့ အပြစ်ကင်းဖြူစင်မှုကို ဖျက်စီးဖို့
ဘယ်သူက ပိုက်ဆံအဲလောက် အများကြီး အကုန်ခံမှာလဲ၊ ဟိုတစ်ခါကလည်း သူတို့ ပိုက်ဆံတွေ အများကြီး
သုံးပြီး ဆေးဆရာရှစ်ကို လာဘ်ထိုးပြီး နင့်ယောက်ျားကို အန္တရာယ် ပေးခဲ့တယ်မလား၊ သူက
သူ မမွေးရသေးတဲ့ ကလေးကိုတောင် တမင်ပျက်ကျအောင်လုပ်ပြီး နင့်ယောက္ခမကို အပြစ်ဖို့ခဲ့တာမလား၊
သူ့ကိုယ်သူတောင် အဲလောက် ရက်စက်နိုင်မှတော့ တခြားလူအပေါ်ကိုဆိုရင် ပိုတောင် ရက်စက်နိုင်ဦးမယ်။"
အမျိုးသမီးနျိုက သူမကိုယ်သူမ လူကောင်းလို့ မခံယူထားပေမယ့် ရှောင်ယွမ်ရှစ်
လက်ထပ်ယူထားသည့် အမျိုးသမီးက ပိုရက်စက်ကြောင်း သူမ ယုံကြည်သည်။
ထိုအမျိုးသမီးက နောက်ကွယ်ကလူဆိုတာ ရှစ်ချင်းလျို့ များများစားစား
စုံစမ်းစရာ မလိုပေ။
"အင်း အရင်က သူ အများကြီး ထိခိုက်ပျက်စီးအောင် ကျွန်မ
လုပ်ခဲ့တာကြောင့် သူက ကျွန်မကို ဘယ်အလွတ်ပေးပါ့မလဲ။"
သူမက ရှစ်မိသားစုရဲ့ တတိယသားနှင့် အမျိုးသမီးနျိုကို
ကြည့်ပြီး ခပ်ဖွဖွပြုံးကာ မေးခဲ့သည်။ "ရှင်တို့ ဘာလုပ်ကြမှာလဲ။"
ရှစ်မိသားစုရဲ့ တတိယသားနှင့် အမျိုးသမီးနျိုက သူမ အကြည့်ကြောင့် ဒုက္ခရောက်ခဲ့လေသည်။
အမျိုးသမီးနျိုက ကို့ရို့ကားယား ပြုံးခဲ့သည်။ "ငါတို့
နင့်ကို လာပြန်ပြောတယ်မလား၊ သူတို့စကားကို နားမထောင်တာ သေချာပေါက်ပေါ့။"
ထို့ကြောင့် သူမ ငွေ ၅၀၀ ဆုံးရှုံးခဲ့ကာ ရင်နာနေရသည်။
ရှစ်မိသားစုရဲ့ တတိယသားက ပိုဉာဏ်ကောင်းသည်။ သူက ပြန်မေးခဲ့သည်။
"ငါတို့ ဘာလုပ်သင့်လဲ။"
ရှစ်ချင်းလျို့က ခဏလောက် တွေးခဲ့သည်။ "ရုံးတော်ကိုသွားပြီး
တိုင်ကြားလိုက်။"
ရှစ်မိသားစုရဲ့ တတိယသားက ဆွံ့အသွားခဲ့သည်။ "တိုင်ကြားရမယ်။"
ရှစ်ချင်းလျို့က ပြောခဲ့သည်။ "ကျွန်မ ယောက်ျားရဲ့ အဖေဟောင်းရဲ့
ဇနီးအသစ်က ရှင်တို့နဲ့ ကျွန်မကို အန္တရာယ်ပြုခိုင်းပြီး ကျွန်မရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးခိုင်းတယ်လို့
ပြောလိုက်ချေ။"
ရှစ်မိသားစုရဲ့ တတိယသားက ရှုပ်ထွေးစွာ ပြောခဲ့သည်။ "ဒါပေမဲ့
လာပြောတဲ့လူက ရှောင်ယွမ်ရှစ်ရဲ့ မိန်းမက ညွှန်ကြားတယ်လို့မှ မပြောခဲ့တာလေ။"
ရှစ်ချင်းလျို့က သူ့ကို ရူးနှမ်းလိုက်တာ ဟူသော အကြည့်ဖြင့်
ကြည့်ခဲ့သည်။ "ရှင်တို့က တိုင်ကြားမယ့်လူပဲ၊ ရှင်တို့ ယုံအောင် ပြောတတ်မယ်လို့
ကျွန်မ ယုံကြည်တယ် ဟုတ်ပြီလား၊ ပြီးတော့ ဒါက ကြံစည်ပြီး ပြောတာမှ မဟုတ်တာ၊ အဲမိန်းမက
မကောင်းတာလုပ်ဖို့ ကြံစည်နေတာ သေချာတာပဲ၊ ရှင်တို့က တရားမျှတမှုအတွက် လုပ်တာပဲ၊ ဒီကိစ္စကို
အတွင်းကျကျ စုံစမ်းဖို့ မဖြစ်နိုင်ဘူး၊ နန်ရှီစီရင်စုမြို့က တရားသူကြီးမင်းက မြို့တော်က
စစ်သူကြီးရဲ့ ဇနီးကို မစစ်ဆေးနိုင်ဘူး၊ ဒီကိစ္စကို လူအများသိအောင်ပဲ လုပ်ချင်တာ၊ သူ
ထောင်ကျအောင် လုပ်ချင်တာ မဟုတ်ဘူး။"
ဤနည်းဖြင့် ထိုမိန်းမ၏ ကြောင်သူတော် ကြွက်သူခိုး ပုံစံကို လူတွေ
အရင်သိသွားအောင် ဖော်ထုတ်ပြချင်တာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် နန်ရှီစီရင်စုမြို့က လူတွေက သူမဘက်က ရှိလိမ့်မည်။
အချိန်ကျရင် ဒီသတင်းက နန်ရှီစီရင်စုမြို့မှာ ပြန့်နေလိမ့်မည်။
ဝေးကွာသည့် နေရာတွေကိုလည်း သတင်းပြန့်ဖို့ဆိုတာ သိပ်မကြာပေ။
အနာဂတ်မှာ ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေနှင့် သူ့ဇနီးကို
သင်ခန်းစာ ပေးပြီးသွားပါက သူတို့ အစီအစဥ်တွေကို ဟန့်တားမည့်လူ များများစားစား မရှိနိုင်တော့ပေ။
ဒီကောင်မလေးက ထိုအမျိုးသမီးရဲ့ ဂုဏ်သတင်းကို ဖျက်စီးချင်ကြောင်း
ရှစ်မိသားစုရဲ့ တတိယသားက နားလည်သွားခဲ့သည်။
"ကောင်းပြီ မနက်ဖြန်ပဲ တိုင်ကြားလိုက်မယ်။" သူ့သမီးရဲ့
အကြံကို သူ တကယ်လေးစားမိသည်။
ဒါ့အပြင် သူမက ခန့်မှန်း မရပေ။ သူမရဲ့ နောက်ထပ် လှုပ်ရှားမှုက
ဘာဖြစ်မလဲဆိုတာ မသိနိုင်ပေ။
ဖေးယွီကျယ်နှင့် ဖေးစုန့်ကျွင်းတောင်
ရှစ်ချင်းလျို့ ဒီလို ပြန်တိုက်ခိုက်လိမ့်မည်ဟု မထင်ခဲ့ပေ။
သို့ပေမယ့် သေချာပြန်စဥ်းစားကြည့်တော့သူမက ထိုအမျိုးသမီးအတွက်
သေတွင်း အရင်တူးပေးချင်တာ ဖြစ်သည်။
အနာဂတ်မှာ သေချာပေါက် အသုံးဝင်လာနိုင်သည်။
ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "ဒီနေ့ရွေးချယ်မှုအတွက်
တစ်နေ့ကျရင် ရှင်တို့ သေချာပေါက် ကျေးဇူးတင်လိမ့်မယ်၊ ရှင်တို့ ကိုယ်ဝန်ရနိုင်လားဆိုတာ
ကျွန်မ ယောက်ျားက သွေးခုန်နှုန်း စမ်းပေးလိုက်မယ်။"
ပြဿနာကောင်တွေကို ကိုင်တွယ်သည့်အခါ အမြဲခြိမ်းခြောက်နေလို့မရဘဲ
ချော့တစ်ခါ ခြောက်တစ်လှည့် လုပ်ရသည်။
ရှောင်ဟန်ကျန့်က အံ့ဖွယ်သမားတော်ရဲ့ တပည့်ဆိုတာ
ရှစ်မိသားစုရဲ့ တတိယသားက သိသည်။
ထို့ကြောင့် သူတို့နှစ်ယောက်က စိတ်လှုပ်ရှားနေကြသည်။
"ကောင်းပြီ။"
ရှောင်ဟန်ကျန့်က ဒေါသကို ထိန်းချုပ်ပြီး ရှစ်မိသားစုရဲ့
တတိယသားနှင့် အမျိုးသမီးနျိုရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ခဲ့သည်။
"ယောက္ခထီးရဲ့ ကျန်းမာရေးက မဆိုးပါဘူး၊ ပြဿနာ မရှိဘူး၊
ယောက္ခမရဲ့ ကျန်းမာရေးက မကြာခင်က သိပ်မကောင်းတော့ အခု ကိုယ်ဝန်မဆောင်နိုင်သေးဘူး။"
သူတို့ရဲ့ အမူအရာတွေ ပြောင်းသွားတော့ သူက စကားလမ်းကြောင်းပြောင်းခဲ့သည်။
"ဒါပေမဲ့ ဆေးသောက်ပြီး ကိုယ်ခံအားကောင်းအောင်နေမယ်ဆိုရင် နှစ်ဝက်လောက် ဆေးသောက်ပြီးရင်
အဆင်ပြေပါပြီ။"