အခန်း(၁၆၆)
- သွေးဆောင်ဖျားယောင်းခြင်း
သူမ ခင်ပွန်းရဲ့
အပြုအမူကြောင့် သူမပါ ကြက်သေသေသွားခဲ့သည်။
သူက နှမ်းမည်းတွေအပြည့်ပါသည့်
ဘန်းကိတ်မဟုတ်ကြောင်း သူမ သိသွားခဲ့သည်။
သူက ရဲတင်းကာ
အကြင်နာမဲ့သည့်နည်းဗျူဟာတွေရှိသည်။
သူမက
ရှောင်ဟန်ကျန့်ကို ကြောက်ရွံ့တာကော ရွံရှာတာပါ မဖြစ်ဘဲ သူ့ကို မျက်လုံးတွေတောက်ပစွာ
ကြည့်ခဲ့သည်။
ချောမောပြီး
လန်းလိုက်တာ။
သူက သူ့မိသားစုနှင့်
လူ့လူတွေအပေါ်သာ နူးညံ့ပေမယ့် ရန်သူတွေအပေါ်တော့ သက်ညှာခြင်းမရှိ အကြင်နာမဲ့သည်။
သူမခင်ပွန်းရဲ့ဒီပုံစံကို
သူမ သဘောကျသည်။
သူမက
ရှောင်ဟန်ကျန့်ရဲ့လက်ကို အရင်ဆွဲကိုင်ခဲ့သည်။ "အစ်ကိုကျန့်က သိပ်မိုက်တာပဲ၊ သူက
နာကျင်ပြီး ဒီတိုင်းသေသွားရင် နှမြောစရာကြီး၊ သူ့ကို ကောင်းကောင်း အသုံးချကြမလား။"
ရှောင်ဟန်ကျန့်က
သူ့ဇနီးရဲ့ တောက်ပကာ လှပသည့် မျက်လုံးကိုမြင်မှ ရင်ထဲက တင်းကြပ်မှုက ချက်ချင်း ပြေလျော့သွားခဲ့သည်။
ထင်သည့်အတိုင်း
သူ့ဇနီးက တခြားလူတွေနှင့် မတူပေ။
သူမက
သူ့ရဲ့တစ်ဖက်ခြမ်းကို မကြောက်ပေ။
သူမလိုဇနီးရဲ့
လှုံ့ဆော်မှုကို သူ မခံနိုင်ဘဲ မနေနိုင်ပေ။
ထောင်လျိုကိုကြည့်ခဲ့သည့်
အေးစက်သည့်အကြည့်တွေ ပျောက်ကွယ်သွားကာ နွေးထွေးမှုတွေ အစားဝင်လာခဲ့သည်။
သူက ပြုံးကာ
မေးခဲ့သည်။ "ဘယ်လို အသုံးဝင်အောင် လုပ်ရမှာလဲ။"
ရှစ်ချင်းလျို့က
ပြုံးကာ ပြောခဲ့သည်။ "အဲ့မိန်းမက သူ့နဲ့ရှင့်ကို မြူဆွယ်ခိုင်းပြီး
ကျွန်မတို့နှစ်ယောက်ကို သွေးခွဲချင်နေတာ မဟုတ်လား၊ ဒီလက်ဆောင်ကို သူ့ဆီ ပြန်ပေးလိုက်ကြတာပေါ့။"
ရှောင်ဟန်ကျန့်က
ချက်ချင်း နားလည်သွားခဲ့သည်။ "သူ့ကို ကိုယ့်ဆန်ကုန်မြေလေးအဖေဆီ
ပေးမှာလား။"
ရှစ်ချင်းလျို့က
ခေါင်းငြိမ့်ပြခဲ့သည်။ "မှန်တယ်၊ အဲ့မိန်းမတစ်ယောက်ကသာ သူ့ကိုကိုးကွယ်ပြီး သူ့ကမ္ဘာမှာ အရေးအကြီးဆုံးလူအဖြစ် မှတ်ယူတဲ့ ထူးခြားတဲ့
အမျိုးသမီး တစ်ယောက် မဟုတ်ဘူးဆိုတာ ရှင့်အဖေ သိပါစေ၊ အဲ့မိန်းမကို
သူလုပ်ခဲ့တဲ့ အကျိုးဆက်ကိုပြန်ခံခိုင်းပြီး သူတို့တွေ ပြန်ရန်ဖြစ်ကြပါစေ၊ ဘယ်လောက်တောင်
ပျော်ဖို့ ကောင်းလိုက်မလဲ။"
ထိုအမျိုးသမီးက
သူ့ဆန်ကုန်မြေလေးအဖေရဲ့ တစ်ဦးတည်းသော ဇနီးဖြစ်ဖို့ ကြံရွယ်ထားတာ မဟုတ်လား။
သူက သဘောတူမလားဆိုတာ
ကြည့်ကြသေးတာပေါ့ ဟမ့်။
သူ့ဆန်ကုန်မြေလေးအဖေက
ဒီလိုဆက်ဆံရေးမှာ သိပ်အတွေ့အကြုံမရှိတာကြောင့် လေ့ကျင့်သင်ကြားပေးခံထားရသည့် ထောင်လျိုရဲ့ငါးစာကို
မဟပ်မိဖို့ဆိုတာ မဖြစ်နိုင်ပေ။
ရှောင်ဟန်ကျန့်က
အလိုလိုက်စွာပြုံးပြီး ပြောခဲ့သည်။ "ကောင်းပြီ၊ မင်းစိတ်တိုင်းကျဖြစ်စေရမယ်။"
ရှင်က
အကောင်းဆုံးပဲဟူသော အကြည့်ဖြင့် ရှစ်ချင်းလျို့က သူ့ကိုကြည့်ခဲ့သည်။
ထို့နောက်
သူမက သူ့ကိုလွှတ်ပြီး နာကျင်လွန်းသဖြင့် မြေပေါ်လူးလိမ့်ချင်နေသည့် ထောင်လျိုဆီ သွားလိုက်သည်။
သူမလက်တွေက
မြေကြီးကို ကုတ်ခြစ်ထားသဖြင့် သွေးတွေပင်ထွက်နေပြီဖြစ်သည်။
ရှစ်ချင်းလျို့က
သကြားခြင်း၊ ကြင်နာခြင်း မရှိဘဲ ဆောင့်ကြောင့်ထိုင်ခဲ့သည်။
သူမအသံထဲမှာ
စိတ်ခံစားချက်တွေ သိပ်မပါပေ။ "စောနက နင့်မျက်လုံးထဲမှာ စိတ်အားထက်သန်မှုတွေကို
မြင်ခဲ့ရတယ်၊ နင်က အခုလက်ရှိအခြေအနေကို မရောင့်ရဲဘဲ အမြင့်ကို ဆက်တက်ချင်တယ်မလား။"
ထောင်လျိုက
နာကျင်မှုကို သည်းခံရင်း ရှစ်ချင်းလျို့ကို မော့ကြည့်ခဲ့တော့ အေးစက်သည့် မျက်ဝန်းတစ်စုံဖြင့်
ဆုံခဲ့သည်။
ထိုအချိန်မှာ
သူမ တွေးမိသည့် တစ်ခုတည်းသောအရာက ဒီအမျိုးသမီးက သာမာန်ရိုးရှင်းသည့် ရွာသူ မဟုတ်သည့်အကြောင်းဖြစ်သည်။
ဒါ့အပြင်
သူမက အကြင်နာမဲ့လွန်းသည်။
သူမက
သူမရဲ့ ယောက္ခထီးကို မြူဆွယ်ခိုင်းပြီး စစ်သူကြီးရဲ့ဇနီးကို ရှင်းထုတ်ချင်တာဖြစ်သည်။
မကောင်းဆိုးဝါး
ရှောင်ဟန်ကျန့် သူမကို အလိုလိုက် ချစ်ခင်အောင် လုပ်နိုင်တာလည်း မဆန်းတော့ပေ။
နှစ်ယောက်လုံးက
အသွင်တူလို့ အိမ်သူဖြစ်ကြတာဖြစ်သည်။
ထိုအချိန်မှာပဲ
သူတို့ကိုရန်စမိခဲ့သည်ကို သူမ နောင်တရသွားခဲ့သည်။
သူမက
အသက်လုရှူကာ ပြောခဲ့သည်။ "သူက သူက သူက ကျွန်မကို ဖိအားပေးထားတယ်။"
သူမ အနည်းငယ်
ကြိုးစားချင်စိတ်ရှိကြောင်းကိုတော့ သူမ ဝန်ခံခဲ့သည်။
ဒီနှစ်ယောက်ထက်စာရင်
စစ်သူကြီးရဲ့ ဇနီးကိုသာ သူမ သွားတိုက်ခိုက်မည်ဖြစ်သည်။
သို့ပေမယ့်
သူမ သဘောတူလို့ မရပေ။
သူမရဲ့
ညီမလေးက ထိုမိန်းမရဲ့လက်ထဲမှာ ရှိနေသည်။
ဒါဟာ
ကမ္ဘာပေါ်မှာ သူမ အစိုးရိမ်ရဆုံးသောအရာဖြစ်သည်။
ထိုအချိန်မှာပဲ
ရှောင်ဟန်ကျန့်က ရုတ်တရက်ကြီး ပြောခဲ့သည်။ "မင်းညီမကို ငါတခြားလူနဲ့ကယ်ခိုင်းလို့ရတယ်၊
မင်းတို့ညီအစ်မကို အဲ့နေရာမှာ ရောင်းစားခဲ့တဲ့ မိဘတွေကို အမြဲလက်စားချေချင်နေခဲ့တာ
မဟုတ်ဘူးလား၊ မင်းသာ စစ်သူကြီးရှောင်ရဲ့ အာရုံစူးစိုက်မှုခံရအောင် လုပ်နိုင်မယ်ဆိုရင်
သူတို့ကို လက်စားချေဖို့ စိုးရိမ်စရာ မလိုတော့ဘူး မဟုတ်လား၊ ကောချွန်းရုက မကြာခင်ကမှ
ကိုယ်ဝန်ပျက်ကျထားတာကြောင့် ရှေ့လျှောက် ကိုယ်ဝန်ထပ်မဆောင်နိုင်လောက်တော့ဘူး။"
ရှောင်ဟန်ကျန့်ရဲ့
လေသံက နူးညံ့နေပေမယ့် မကောင်းသည့် အငွေ့အသက်တွေ ပါနေသည်။
"အကယ်၍
မင်းသာ စစ်သူကြီးရှောင်အတွက် ကလေးတစ်ယောက် မွေးပေးနိုင်ခဲ့မယ်ဆိုရင် စစ်သူကြီးစံအိမ်က
မင်းနဲ့ မင်းရဲ့ကလေး အပိုင်ဖြစ်လာလိမ့်မယ်။"
ထောင်လျို
ဒါကို တကယ်မသိခဲ့ပေ။
သူမ ညီမက
ထိုအမျိုးသမီးရဲ့လက်ထဲရှိနေသည့်အကြောင်း ရှောင်ဟန်ကျန့် သိနေလိမ့်မည်ဟုလည်း မထင်မိခဲ့ပေ။
မြူဆွယ်ဖျားယောင်းခြင်းက
အစကနေ အဆုံးအထိ သူ့မျက်လုံးထဲမှာ ဟာသ ဖြစ်နေတာလည်း မဆန်းတော့ပေ။
သူမက
ရုတ်တရက် ခေါင်းမော့ကာ ရှောင်ဟန်ကျန့်ကို ကြည့်ခဲ့သည်။ "ကျွန်မကို ကူညီပေးနိုင်မလား။"
ရှောင်ဟန်ကျန့်က
ခေါင်းခါပြကာ ခနဲ့ခဲ့သည်။ "မင်းကိုယ်တိုင် တိုက်ခိုက်ရမှာပေါ့၊ ဒါပေမဲ့ အရင်ဆုံး
မင်းအတွက် ဖြေဆေးပေးနိုင်တယ်၊ နောက်ကျရင် မင်းအတွက် ဖြေဆေး နှစ်လတစ်ကြိမ် လူလွှတ်ပြီး
ပို့ပေးမယ်၊ ဒီအဆိပ်က မင်း စစ်သူကြီးရဲ့ကိုယ်ဝန်ကိုဆောင်ဖို့ အန္တရာယ်မရှိဘူး။"
အရင်ဘဝက
ထိုအမျိုးသမီးက ထောင်လျိုကိုသုံးကာ သူ့အဖေရဲ့ ပြိုင်ဘက် စစ်သူကြီး တစ်ယောက်ကို မြူဆွယ်ခိုင်းခဲ့တာကြောင့်
သူက ထောင်လျိုအကြောင်းကို သိနေတာ ဖြစ်သည်။
ရလာဒ်အနေဖြင့်
ထိုလူက နယ်စပ်တိုက်ပွဲကို ရှုံးနိမ့်ခဲ့သည်။
တာ့လျန်က
မြို့နှစ်မြို့ ဆုံးရှုံးခဲ့ကာ ထိုမြို့မှာနေထိုင်သူတွေက ရန်သူတွေရဲ့ သတ်ဖြတ်ခြင်းကို
ခံခဲ့ရသည်။
ဆုံးရှုံးသွားသည့်
မြို့နှစ်မြို့ကို ပြန်မရသလို သေဆုံးသွားသည့်လူတွေ ပြန်မရှင်လာနိုင်သော်လည်း ဘုရင်ကြီးက
ထိုစစ်သူကြီးကို သတ်ခဲ့ကာ သူ့တစ်မိသားစုလုံးကို ပြည်နှင်ဒဏ်ပေးခဲ့သည်။
နောက်တော့
သူ့ဆန်ကုန်မြေလေးအဖေနှင့် ထိုအမျိုးသမီးကြားက ပြဿနာကို ရှာဖွေရင်းနဲ့မှ ထောင်လျိုက
ထိုအမျိုးသမီးရဲ့ လက်ကိုင်တုတ် ဖြစ်နေမှန်း သိခဲ့ရသည်။
ထောင်လျိုက
အဲ့လောက် အရေးကြီးသည့်အချိန်မှာ ထိုစစ်သူကြီးကို မူးအောင်လုပ်ပြီး တိုက်ခိုက်ရေးအချိန်
နှောင့်နှေးအောင် လုပ်ခဲ့ကြောင်းပါ ရှာတွေ့ခဲ့သည်။
ထိုကိစ္စကပဲ
ရန်သူတွေ မြို့ကိုသိမ်းပိုက်နိုင်သွားခဲ့တာဖြစ်သည်။
ထို့ကြောင့်က
သူက ဒီဂြိုလ်ဆိုးမကို အသက်မရှင်စေလိုပေ။
သို့ပေမယ့်
သူ့ဇနီးရဲ့ စကားက သူ့ကို သတိပေးခဲ့သည်။
ဒီအမျိုးသမီးက
ဂြိုလ်ဆိုး ဖြစ်နေမှတော့ သူ့ဆန်ကုန်မြေလေးအဖေ လင်မယားဆီ ပို့ပေးလိုက်မည်။
အဆိပ်ဖြေဆေးကို
တစ်ခါတည်း အကုန်ပျောက်သွားအောင် မပေးပေ။
ဒီအမျိုးသမီး
သူ့ကို သစ္စာမဖောက်အောင် အရင်ဘဝက အဖြစ်အပျက်တွေ ထပ်မဖြစ်အောင် တားဆီးဖို့ အဆိပ်ဖြေဆေးကို
နည်းနည်းချင်းသာပေးမည်။
ထောင်လျိုက
သူမ သဘောတူလိုက်ရင် ကျားတွေဖြင့် ကစားရတော့မှာကို သိသည်။
သို့ပေမယ့်
ဒီလိုကြီးမားသည့်ဖျားယောင်းမှုကို သူမ မငြင်းဆိုနိုင်ပေ။
ဒါထက်
သူမ မသေချင်သေးပေ။
ရှောင်ဟန်ကျန့်
ပြောခဲ့သလိုပဲ သူမရဲ့ မိဘတွေကို လက်စားချေချင်သေးသည်။
ဟိုးတုန်းက
ကပ်ဘေးဆိုက်တုန်းက ဘာဆက်ဖြစ်မလဲဆိုတာ မသိခဲ့ပေ။
သူမ မိဘအရင်းတွေက
အစားအသောက်တချို့နဲ့ငွေ၂၀အတွက် သူတို့ ညီအစ်မ နှစ်ယောက်ကို ရောင်းစားခဲ့သည်။
ဝယ်ယူသူက
သူတို့ကို ကျွန်အဖြစ် ဝယ်တာ မဟုတ်ဘဲ ညစ်ပတ်သည့် နေရာကို ရောင်းချဖို့ လုပ်ခဲ့သည်။
ကံကောင်းချင်တော့
သူမက ကြီးလေ လှလေ ဖြစ်ခဲ့သည်။
သူမကို
မွေးမြူသည့်လူက သူမကို အဆင့်အတန်းမြင့်သည့်လူဆီကို ရောင်းချင်ခဲ့သည်။
သူမက
အမျိုးသားတစ်ယောက်အိမ်မှာ ရောင်းချခံရတာ မဟုတ်ဘဲ စစ်သူကြီးရဲ့ဇနီးက သူမကို ဝယ်သွားခဲ့တာ
ဖြစ်သည်။
စစ်သူကြီးရဲ့
ဇနီးက သူတို့ညီအစ်မ နှစ်ယောက်လုံးကို ဝယ်သွားခဲ့သည်။
သို့သော်
စစ်သူကြီး၏ ဇနီးတွင် ကောင်းသည့် ရည်ရွယ်ချက် မရှိပေ။
ထိုအစား
သူမ ညီမကို ဖိအားအဖြစ် သုံးကာ သူမကို ဒီလိုအလုပ်ကို လုပ်ခိုင်းခြင်း ဖြစ်သည်။
သူမရဲ့
အလှကို သုံးကာ သူမ၏ လင်ပါသားရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးခိုင်းခဲ့သည်။
မရည်ရွယ်ပါဘဲနဲ့
သူမက အစေခံနှစ်ယောက်ရဲ့ ပြောစကားကို ကြားခဲ့ရသည်။
သူမ အောင်မြင်သွားရင်
သူမကို တခြားလူရဲ့လက်ထဲလွှဲပြောင်းပြီး စစ်သူကြီးရဲ့ဇနီး၏ သန်မာတဲ့လက်နက်အဖြစ် သုံးမည့်အကြောင်းဖြစ်သည်။
ထို့ကြောင့်
သူမက စစ်သူကြီးရဲ့ဇနီးကို ကျေးဇူးမတင်ဘဲ ပို၍ မုန်းတီးခဲ့သည်။
သူမကို
တိရိစ္ဆာန်လို ဟိုရွှေ့ဒီရွှေ့ပို့ကာ ကိုယ့်ကံတရားကို ထိန်းချုပ်ခွင့်မရတာကို မုန်းတီးသည်။
အခု ရှောင်ဟန်ကျန့်နှင့်
ရှစ်ချင်းလျို့က သူမကို တခြားရွေးချယ်စရာပေးလာပြီဖြစ်သည်။
"ကျွန်မ
ကျွန်မ ကတိပေးတယ်၊ အ...အရင်ဆုံး အဆိပ်ဖြေဆေး ပေးပါ။"
သူမက
နာကျင်လွန်းသဖြင့် တစ်ကိုယ်လုံး ချွေးတွေထွက်နေပြီဖြစ်သည်။
သူမ တကယ်ကို
သည်းမခံနိုင်တော့ပေ။
ရှောင်ဟန်ကျန့်က
စက္ကူအိတ်အသေးလေးထုတ်ပြီး ထောင်လျိုကို ပစ်ပေးလိုက်သည်။
ထောင်လျိုက
ယူပြီး ချက်ချင်း ဖောက်သောက်ခဲ့သည်။
ထိုဆေးက
ပါးစပ်ထဲပျော်ဝင်သွားကာ မခါးဘဲ ချိုမြမြ အရသာရှိသည်။
ထို့နောက်
သူမကိုယ်ခန္ဓာက နာကျင်မှုတွေ တဖြည်းဖြည်းလျော့သွားကာ မြေပေါ် အားနည်းစွာ လဲကျသွားခဲ့သည်။
သူမက
လရောင်လိုအဖြူရောင် ပိုးထည်ဝတ်စုံကိုဝတ်ထားသည့် ရှောင်ဟန်ကျန့်ကို သူမ ကြည့်လိုက်သည်။
သူက မသေမျိုးတစ်ဦးလို
ကျက်သရေရှိကာ ချောမောသည်။
သို့ပေမယ့်
ဒီလူက သိပ်ကြောက်ဖို့ကောင်းတာကို သူမ သိသည်။
သူမက
မေးခဲ့သည်။ "ကျွန်မ ညီမကို ကယ်ပေးမယ်ဆိုတာ သေချာလား။"
ရှောင်ဟန်ကျန့်က
သူမကို ရှင်းပြရမှာ သိပ်ပျင်းနေသည်။ "ယုံတာ မယုံတာ မင်းရဲ့သဘောပဲ။"
သူ့အမေ၊
သူ့ညီမနှင့် သူ့ဇနီးကလွဲရင် ကျန်သည့် အမျိုးသမီးတွေအပေါ် သူစိတ်မရှည်ပေ။