အခန်း(၁၆၅) - ဒီလူက အရမ်းကြောက်ဖို့ကောင်းတာပဲ
နောက်ရက်အနည်းငယ်ကြာတော့ ရှောင်ဟန်ကျန့် စီရင်စုမြို့ကျောင်းက
အသွားအပြန်တိုင်း ဝူရှီရှီနှင့် ထောင်လျိုကို ရံဖန်ရံခါ ဆုံရသည်။
တစ်ကြိမ်တည်း ဖြစ်ရင် မတော်တဆဟု ယူဆနိုင်သော်လည်း အကြိမ်ကြိမ်
ဖြစ်လာပါက တမင်လုပ်တာ ဖြစ်သည်။
ဝူရှီရှီဟာလည်း ထောင်လျိုလို သူ့ဆီ လဲကျခြင်းမျိုး လုပ်ခဲ့သည်။
သူမရဲ့ အားနည်းပြီး မျက်ရည်ဝဲနေသည့်ပုံက ရှောင်ဟန်ကျန့်ကို
ရွံရှာစေခဲ့သည်။
သူက သည်းမခံနိုင်တော့ကာ ရှစ်မိသားစုရဲ့ စတုတ္ထသားကို ခေါ်ပြောခဲ့သည်။
ဝူရှီရှီက သူ့လက်ထဲ လဲကျဖို့ အကြိမ်များစွာ လုပ်ခဲ့သည့်အကြောင်း
ပြောပြခဲ့သည်။
သူက ရွာသားတွေ တစ်မျိုးထင်သွားကာ သူ့ဇနီးလေး စိတ်တိုအောင် စိတ်မသက်စရာတွေ
သွားပြောကြမှာကို စိုးရိမ်သည်။
ထို့ကြောင့် ရှစ်မိသားစုရဲ့ စတုတ္ထသားကိုခေါ်ပြောကာ သူ့ဇနီး
သူ ထိန်းခိုင်းလိုက်တာ အမြန်ဆုံးနည်းဖြစ်လိမ့်မည်။
ထိုကိစ္စက ရှစ်မိသားစု စတုတ္ထသားရဲ့ မျက်နှာကို အစိမ်းရောင်
ပြောင်းသွားစေခဲ့သည်။
သူ့မိန်းမ လင်ငယ်နေသွားသလိုတောင် ခံစားလိုက်ရသည်။
သူက ရှောင်ယွမ်ရှစ်ကို ဒေါသ မထွက်ရဲပေ။
အခု သူက ရှစ်ချင်းလျို့ကို ကြောက်သည်။
ထို့ကြောင့် သူက သူ့ဇနီးကို ထိန်းလိုက်မည်ဖြစ်ကြောင်းပြောကာ
မည်းမှောင်နေသည့် မျက်နှာထားဖြင့် အိမ်ပြန်သွားခဲ့သည်။
အိမ်ပြန်ရောက်ပြီးသည့်နောက် သူက ဝူရှီရှီကို ဆဲဆိုခဲ့သည်။
သူမရဲ့ ငြင်းဆိုချက်ကို လျစ်လျူရှုကာ သူမကို အိမ်မှာ သော့ပိတ်ပြီး
အပြင်ပေးမထွက်တော့ပေ။
ရှစ်မိသားစုရဲ့ စတုတ္ထသားက ထိုကိစ္စကို ဖုံးကွယ်မထားဘဲ ဝူရှီရှီက
ရှောင်ဟန်ကျန့်ကို မြူဆွယ်ဖို့လုပ်ခဲ့သည့်အကြောင်း အိမ်က တခြားလူတွေကို ပြောပြခဲ့သည်။
ရှစ်သခင်မကြီးနှင့် တခြားလူတွေက အလွန်ဒေါသထွက်ခဲ့သည်။
သူတို့က ဝူရှီရှီကို အပြင်ပေးမထွက်ရုံတင်မကဘဲ သူမကိုပါ အကြိမ်များစွာ
ဆဲဆိုခဲ့သည်။
ဝူရှီရှီက အလွန်ဒေါသထွက်နေသော်လည်း သူမ တတ်နိုင်တာ မရှိပေ။
သူမ ပြန်ပြောဆိုခဲ့တော့ ရှောင်သခင်မကြီးက သူမရဲ့ ချွေးမနှစ်ယောက်ကို
ခေါ်လာပြီး သူမ ယူလာသည့် ခန်းဝင်ပစ္စည်းတွေအကုန် ယူဆောင်သွားခဲ့သည်။
သူမ ခုခံခဲ့တော့ ပါးအရိုက်ခံခဲ့ရသည်။
ရှစ်မိသားစုအိမ်မှာ နေ့တိုင်းနီးပါး ကမောက်ကမ ဖြစ်ခဲ့သည်။
ထောင်လျိုက ပွဲကြည့်ရတာ ပျော်နေသည်။
တစ်ချိန်တည်းမှာပဲ ရှောင်ဟန်ကျန့်ကို ဆွဲဆောင်ဖို့ မလွယ်ကူကြောင်း
သိသွားခဲ့သည်။
တစ်နေ့မှာ ထောင်လျိုက ဆေးမှုန့်တစ်ထုပ်ကို သူမ အင်္ကျီလက် အိတ်ကပ်ထဲထည့်ကာ
ရှစ်မိသားစုရဲ့ အိမ်ကနေ ထွက်ခဲ့သည်။
သူမက ရှောင်မိသားစုရဲ့ အလုပ်ရုံကို သွားခဲ့သည်။
ရှောင်ဟန်ကျန့်က ကျောင်းကပြန်လာတိုင်း ရွာက သူ့ဇနီးကို နေ့တိုင်း
လာကြိုတတ်ကြောင်း သူမ သိသည်။
သူမက အားကျကာ မနာလိုဖြစ်ရသည်။
ရွာသူတစ်ယောက်က သူ့ဆီက ထိုသို့သော ဆက်ဆံမှုတွေနှင့် ထိုက်တန်ရဲ့လား။
တစ်ချိန်လုံး ကျရှုံးလာပြီးနောက် သူမ စိုးရိမ်စပြုလာခဲ့သည်။
ပုံမှန်အတိုင်း ရှောင်ယွမ်ရှစ်က သူ့ဇနီးကို အိမ်အဟောင်းမှာ
သွားကြိုခဲ့သည်။
ထောင်လျိုက အသီအရွက်အပြည့်ပါသည့်ခြင်းဖြင့် သူ့ဆီလျှောက်လာနေတာကို
သူတွေ့လိုက်သည်။
သူမကိုမြင်တော့ သူ အလွန်စိတ်အနှောက်အယှက်ဖြစ်သွားကာ အေးစက်သည့်
မျက်နှာထားဖြင့် လျှောက်သွားလိုက်သည်။
မမျှော်လင့်ထားစွာပင် ထောင်လျိုက သူ့အင်္ကျီလက်ထဲက ဆေးမှုန့်အိတ်ကို
ယူထုတ်ကာ သူ့ဆီ ပစ်ခဲ့သည်။
ရှောင်ဟန်ကျန့်က လျင်မြန်စွာ လက်ကိုမြှောက်ပြီး ဆေးမှုန့်အိတ်ကို
အင်္ကျီလက်ဖြင့် ပုတ်ထုတ်ခဲ့သည်။
သို့သော်လည်း ဆေးမှုန့်အများအပြားက သူ့အင်္ကျီလက်မှာ စွန်းထင်းခဲ့လေသည်။
သူက အင်္ကျီလက်ကိုမြှောက်ပြီး နှာခေါင်းဖြင့် အနံ့ခံကြည့်ခဲ့သည်။
သူ့မျက်လုံးက အေးစက်သွားကာ ထောင်လျိုကို ကြည့်ခဲ့သည်။
"ဘယ်လောက်ထိ အရှက်မရှိဘူးလဲဆိုတာ ကိုယ့်ဘာသာကိုယ် မသိဘူးပဲ။"
ဒီမိန်းမက သူ့ကို ဆေးခတ်ဖို့အထိ ရဲတင်းလွန်းသည်။
ဒီဆေးကို ရှူမိခဲ့တာနှင့် သူ သတိမေ့သွားနိုင်သည်။
သို့ပေမယ့် သူက ဆေးပညာဗဟုသုတရှိကာ အလွန်သတိထားနေတတ်သည့်လူဖြစ်တာကြောင့်
သူ့ကိုယ်မှာ ဖြေဆေးအိတ်လေး ချိတ်ကာ ဆောင်ထားတတ်သည်။
ထို့ကြောင့် ဒီဆေးလောက်က သူ့ကို အန္တရာယ် မဖြစ်စေပေ။
ရှောင်ဟန်ကျန့်က သတိမလစ်သွားသည့်အပြင် အရားအားလုံးကို ကောင်းကောင်းထိန်းချုပ်နိုင်နေလိမ့်မည်ဟု
ထောင်လျို မထင်မိခဲ့ပေ။
"နင်။" သူမ
ဘာပြောရမလဲ မသိတော့ပေ။
ရုတ်တရက်ကြီး အနောက်ကနေ အမျိုးသမီးတစ်ဦးရဲ့အသံထွက်လာသည်။
"အဟက် နင့်ရုပ်ရည်လောက်လေးနဲ့ ငါ့ယောက်ျားကို မြူဆွယ်ချင်တယ်ပေါ့လေ။"
ထောင်လျို လှည့်ကြည့်လိုက်တော့ လှပသည့် အမျိုးသမီးတစ်ဦးက သူမကို
မြူးထူးစွာ ကြည့်နေတာကို မြင်လိုက်လေသည်။
သူမက ရှစ်ချင်းလျို့ကို တစ်ခါမှ မမြင်ဖူးခဲ့ပေမယ့် သူမရဲ့ အကျင့်စရိုက်ဖြင့်
ခန့်မှန်းခဲ့မိသည်။
သူမ ရှစ်ချင်းလျို့ကို ကိုယ်တိုင်မြင်လိုက်ရသည့်အချိန်မှာပဲ
သံသယများစွာ ပျောက်သွားခဲ့သည်။
ရှောင်ဟန်ကျန့်က သူ့ရဲ့ ရွာသူဇနီးကို အလွန်ဂရုစိုက်နေတာလည်း
မဆန်းတော့ပေ။
ရှစ်ချင်းလျို့က နိုင်ငံနှင့် မြို့ကို ပြိုကျသွားစေမည့် အလှမျိုး
မဟုတ်သော်လည်း သူတစ်ပါးကို ထက်မြတ်ကာ သီးသန့်ဆန်သည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။
ရှစ်ချင်းလျို့ကို မျက်နှာချင်းဆိုင်လျက် သူက ကသိကအောက်ဖြစ်မှုများစွာကို
မဖော်ပြဘဲ ပြောခဲ့သည်။ "နင်က သူနဲ့ မတန်ဘူး။"
ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "နင်ပြောပုံအရဆိုရင်
နင်ကကော သူနဲ့ တန်တယ်လို့ ပြောချင်တာလား၊ ကောချွန်းရုက ပုပ်ပွနံဟောင်နေတဲ့မိန်းမပဲ၊
နင် ဘယ်လိုများ ငါ့ယောက်ျားနဲ့ တန်တယ်လို့ တွေးလိုက်တာလဲ။"
သူမက ထောင်လျိုကို အထက်အောက် အပြန်ပြန် အလှန်လှန် ကြည့်ခဲ့သည်။
"နင့်ကြည့်ရတာ မဆိုးပါဘူး၊ ဒါပေမဲ့ နင့်ကိုယ်ခန္ဓာက ညှို့ဓာတ်တွေက လုပ်ယူလေ့ကျင့်ထားတာလေ၊
ပုံမှန်အတိုင်း မဟုတ်ဘူး၊ နင့်ကိုယ်နင် ကောင်းကင်က ဆင်းသက်လာတဲ့ နတ်သမီးလို့ ထင်နေတာတော့
မဟုတ်ပါဘူးနော်။"
ထောင်လျိုက ဆို့နင်သွားခဲ့သည်။ "နင်…"
သူမရဲ့ မျက်လုံးတွေက ဒီလောက်ထိ စူးရှနေလိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။
သူမက တကယ်ပဲ လေ့ကျင့်ခံခဲ့ရကာ ညှို့ယူ ဆွဲဆောင်မှုရှိအောင်
သင်ယူခဲ့တာ ဖြစ်သည်။
ရှောင်ဟန်ကျန့်က အင်္ကျီလက်က ဆေးမှုန့်တွေခါချပြီး ရှစ်ချင်းလျို့ရဲ့
ဘေးကို သွားခဲ့သည်။
သူက ထောင်လျိုကို ရွံရှာစွာကြည့်ပြီး ပြောခဲ့သည်။ "ဒီဘဝမှာတော့
ငါ့ကံတရားကို ငါ့မိန်းမနဲ့ ချည်နှောင်ခဲ့ပြီးပြီ၊ မင်းက တော်တော်ယုံကြည်ချက်ရှိပါလား၊
မင်းက တန်လား မတန်လားဆိုတာ မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး။"
သူက ရွံရှာအထင်သေးစွာ ခနဲ့ခဲ့သည်။ "ငါ့အမြင်မှာတော့ မင်းက
ငါ့မိန်းမရဲ့ ခြေဖျားနဲ့တောင် ယှဥ်လို့မရဘူး၊ ငါမင်းကို ချစ်လာအောင် လုပ်နိုင်မယ်လို့ထင်တဲ့
ယုံကြည်ချက်တော့ ဘယ်ကနေ ရလာခဲ့လဲတော့ ငါမသိဘူး။"
ရှောင်ဟန်ကျန့်လို အေးတိအေးစက်နှင့် နူးညံ့သည့် အမျိုးသားက
ဒီလို ကြမ်းတမ်းသည့် စကားတွေ ပြောတတ်လိမ့်မည်ဟု ထောင်လျို မထင်မိခဲ့ပေ။
ရှောင်ဟန်ကျန့်က ရုတ်တရက် ရှေ့တိုးလာတာက ထောင်လျိုကို ပိုအံ့သြစေခဲ့သည်။
သူက လက်ဆန့်ထုတ်ကာ သူမ ပါးကို ထိပြီးနောက် ပါးစပ်ထဲ ဆေးတစ်လုံး ပစ်ထည့်ခဲ့သည်။
ထောင်လျိုက ဒီဆေးက ကောင်းသည့်ဆေး မဖြစ်နိုင်ကြောင်း သိကာ ထွေးထုတ်ဖို့
လုပ်ခဲ့သည်။
သို့ပေမယ့် ထိုဆေးက မြန်မြန်အရည်ပျော်သွားကာ ခါးသက်သက်ကနေ ချဥ်သည့်အရသာ
ပြောင်းသွားခဲ့သည်။
ထိုအချိန်မှာပဲ ရှောင်ဟန်ကျန့်က သူမကို လွှတ်ပေးခဲ့သည်။
ထောင်လျို ပိုမမျှော်လင့်ထားတာက ရှောင်ဟန်ကျန့်ရဲ့ မျက်လုံးတွေက
အလွန်စူးရှနေသည်။
ရှောင်ဟန်ကျန့်က သူမကိုကြည့်ရင်း လက်ကိုင်ပဝါကိုထုတ်ကာ လက်သုတ်ခဲ့သည်။
"ဒါက အဆိပ်ပဲ၊ မကြာခင် အဆိပ်ရဲ့ အာနိသင်ကို ခံစားရလိမ့်မယ်၊
သူများကို အကောက်ကြံချင်ရင် ကိုယ်လည်း တန်ပြန်ခံရဖို့လည်း ပြင်ဆင်ထားသင့်တယ်။"
ထောင်လျိုက သူ့ကို မကြည်လင်သည့် အမူအရာဖြင့် ကြည့်ခဲ့သည်။
သူ့မှာ ဒီလို အေးစက်သည့် ဘက်ခြမ်း ရှိလိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။
သူမ စကားပြောမည့်အချိန်မှာပဲ တစ်ကိုယ်လုံး ဖော်ပြမရအောင် နာကျင်ကိုက်ခဲလာခဲ့သည်။
နာကျင်မှုက တဖြည်းဖြည်း ပိုတိုးလာခဲ့သည်။
နောက်ဆုံးတော့ သူမက သူမဘာသာ ပွေ့ဖက်ပြီး မြေပေါ်ဒူးထောက်ကျခဲ့သည်။
နာကျင်မှုကြောင့် သူမ တစ်ကိုယ်လုံး တုန်ယင်နေသည်။
သူမက နှုတ်ခမ်းကိုကိုက်ထားရအောင်ထိ နာကျင်နေပြီး မြေပေါ်လူးလိမ့်ချင်နေသည်။
ထိုအချိန်မှာပဲ သူမ ရင်ထဲက ရှောင်ဟန်ကျန့်ရဲ့ ပုံရိပ်က လုံးဝပြိုကျသွားခဲ့သည်။
သူက ကျောက်စိမ်းလို နူးညံ့ပြီး ကြော့ရှင်းသည်။
ဒီအမျိုးသားက တကယ်ကို အကြင်နာမဲ့သည့် မကောင်းဆိုးဝါး ဖြစ်သည်။
"နာတယ် အရမ်းနာတယ်။"
နာကျင်မှုက အရိုးထဲထိ စိမ့်ဝင်နေကာ မရေတွက်နိုင်သည့် ပုရွက်ဆိတ်များစွာ
သူမကို ကိုက်ခဲနေသလို ခံစားနေရသည်။
ထောင်လျိုလို လေ့ကျင့်ရေးမျိုးစုံ ကြုံခဲ့ရသည့်လူတောင် တောင့်မခံနိုင်ပေ။
သူမက အော်ဟစ်နေပြီး ရှောင်ဟန်ကျန့်၏ ခြေထောက်ကို ဆွဲကာ သက်ညှာပေးဖို့တောင်းဆိုရန်
လုပ်ခဲ့သည်။ "မှားပါတယ်၊ ငါနင့်ကို မကြံစည်သင့်ပါဘူး၊ ကျေးဇူးပြုပြီး အဆိပ်ဖြေဆေးပေးပါ။"
ရှောင်ဟန်ကျန့်က သူ့ကို ဆွဲမည့်လက်ကို ရှောင်ခဲ့သည်။
"ငါ့ကို ရွံ့ရှာအောင် မလုပ်နဲ့။"
ထောင်လျိုက ဆွံ့အသွားခဲ့သည်။
ရှောင်ဟန်ကျန့်က မကောင်းဆိုးဝါးဖြစ်ရုံသာမက စိတ်ကူးယဥ်ဆန်မှုကိုတောင်
မသိသည့်လူဖြစ်သည်။
ရှောင်ဟန်ကျန့်က နူးညံ့အမျိုးသမီးအပေါ် လက်တင်ခဲ့ပေမယ့် သူ့ပါးစပ်ကတော့
အလွန်ကြမ်းတမ်းသည်။
သူက ထောင်လျိုကို ထိခဲ့သည့်လက်ကို လက်ကိုင်ပဝါဖြင့် အကြိမ်များစွာ
ပွတ်သုတ်ပြီးနောက် လက်ကိုင်ပဝါကို လွှင့်ပစ်ခဲ့သည်။
သူက ရှစ်ချင်းလျို့နား လျှောက်သွားကာ မေးခဲ့သည်။ "မိန်းမ
ကိုယ်တို့ သူ့ကို ဘယ်လိုလုပ်လိုက်ရမလဲ။"
သူက တခြားအမျိုးသမီးတွေအပေါ် နူးညံ့ကြင်နာယောင် မဆောင်ခဲ့ပေ။
"နာကျင်ပြီးသေသွားအောင်ထားလိုက်ရမလား ဒါမှမဟုတ်... ။"
သူက အလွန်ကြောက်ဖို့ကောင်းတာကြောင့် ထောင်လျိုက အသက်ရှူပင်အောင့်ထားမိသည်။
သူမ တကယ် ရှောင်ဟန်ကျန့်ကို ကြောက်သည်။
သူ့ကို မြူဆွယ်မည့် သူမ အတွေးတွေ အကုန်ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်မှာ ရှောင်ဟန်ကျန့်က နည်းနည်းတော့ စိတ်လှုပ်ရှားနေသည်။
သူ့ဇနီးလေးရှေ့မှာ သူ့ပုံစံကိုထုတ်ပြတာ ဒါက ပထမဆုံးအကြိမ် ဖြစ်သည်။
သို့ပေမယ့် သူ နောင်တတော့ မရခဲ့ပေ။
သူတို့က တစ်ဘဝလုံး အတူတူရှိရမည့် လူတွေ ဖြစ်သည်။
သူမ နားလည်ပေးကာ အရာရာတိုင်းကို လက်ခံပေးဖို့ သူမျှော်လင့်သည်။