အပိုင်း ၁၇၃
Viewers 14k

 

အခန်း(၁၇၃) - လုံလောက်နေပြီ

 

ရှောင်ဟန်ကျန့်က တော်ဝင်မိသားစုတွေအကြောင်း အများကြီးသိသည်။

 

"ဒါကြောင့် အရင်ဘုရင် မသေခင်က မိဖုရားကြီးကမွေးတဲ့ လက်ရှိဘုရင်ကို အိမ်ရှေ့စံအဖြစ် ခန့်အပ်ခဲ့တာ၊ အိမ်ရှေ့စံ ထီးနန်းတက်ပြီးရင် သူချစ်ရတဲ့ အဲ့ဒီ မင်းသား လက်စားမချေအောင်လို့ ကိုယ်တို့ရဲ့ လက်ရှိဘုရင်ကို အိမ်ရှေ့စံခန့်အပ်ပြီးတာနဲ့ အဲ့မင်းသားကို နယ်စပ်နဲ့နီးတဲ့ ကုန်းမြေကို အုပ်ချုပ်ခွင့်ပေးအပ်ခဲ့တယ်၊ သူ မသေဆုံးခင်မှာ အိမ်ရှေ့စံကို ကာကွယ်ဖို့ အလွှာအနေနဲ့ သူ့ကို ကုန်းမြေချီးမြှင့်ခဲတာ။"

 

သူက ခဏလောက် တွေးကာ ပြောခဲ့သည်။ "အဲ့မင်းသားက အမြဲ လက်မခံနိုင်ဖြစ်နေပြီး သူကသာ ထီးနန်းဆက်ခံသူဖြစ်သင့်တယ်လို့ထင်နေတာ၊ သူက ရည်မှန်းချက် အရမ်းကြီးပြီး ထီးနန်းသိမ်းဖို့ အမြဲ ကြိုးပမ်းနေတာ၊ ဘုရင်ကြီးဆုံးသွားတဲ့နေ့က သူက နန်းတော်ထဲတောင် လာပြီး စျာပနာအခမ်းအနား မတက်ခဲ့ဘူး၊ အဲ့အစား သူက သူ့ကုန်းမြေမှာ လူတွေစုပြီး ဘုရင်ကြီးကို မလေးမစားလုပ်ခဲ့တယ်။"

 

ရှစ်ချင်းလျို့က မဲ့ပြုံးပြုံးခဲ့သည်။ "တာ့လျန်က အတွင်းအပြင် ပြဿနာ နှစ်ခုလုံးနဲ့ ကြုံနေရတာပဲ။"

 

ပြည်သူအများစုက အခြေကျလုနီးပါးဖြစ်သွားခဲ့သော်လည်း မကြာခင်က ပြီးခဲ့သည့်စစ်ပွဲကြောင့် သူတို့တွေ အများစုက ဆင်းရဲစွာ နေထိုင်နေရသေးသည်။

 

ထို့ကြောင့် သူတို့က သူများရဲ့ လှုံ့ဆော်ခံရကာ ခြယ်လှယ်ခံရဖို့ လွယ်ကူနေခဲ့သည်။

 

အိမ်နီးချင်းနိုင်ငံက သူတို့ကို သားကောင်ကိုချောင်းသည့်ကျားလို စောင့်ကြည့်နေခဲ့သည်။

 

ဒါ့အပြင် သူတို့နိုင်ငံအတွင်းမှာပဲ အချိန်မရွေးပုန်ကန်မှု ပြုလုပ်မည့် တပ်သားစုဆောင်းထားသည့် မင်းသားကလည်း ရှိနေသေးသည်။

 

ရှောင်ဟန်ကျန့်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်၊ နန်းတော်ရဲ့ ပြင်ပရော အတွင်းမှာပါ ပြဿနာတွေများတယ်၊ ကံကောင်းချင်တော့ လက်ရှိဘုရင်က လုံ့လဝီရိယရှိစွာ အုပ်ချုပ်နေလို့ပေါ့၊ သူက လုပ်နိုင်စွမ်းရှိပြီး ရည်မှန်းချက်ပြင်းတယ်၊ သူ့သည်းခံနိုင်စွမ်းကလည်း အရမ်းသန်မာတယ်။"

 

အတိတ်တုန်းက သူက ဘုရင်ကြီး၏လူဖြစ်ခဲ့တာကြောင့် နန်းတွင်းသူ နန်းတွင်းသား အများစု မသိသည့် အကြောင်းတွေကို သူသိသည်။

 

တစ်ချိန်တည်းမှာပဲ သူက ဘုရင်ကြီးကို ဂရုတစိုက် လေ့လာခဲ့သည်။

 

သူက ဘုရင်ကြီးအကြောင်း ကောင်းကောင်းသိကာ သူလုပ်သည့်ပုံစံတွေကိုလည်းသိသည်။

 

ရှစ်ချင်းလျို့က သိချင်စွာ မေးခဲ့သည်။ "အနာဂတ်မှာ ဘုရင်ကြီးက အဲ့မင်းသားကို ဖျက်စီးပြီး သူ့ကုန်းမြေကို ပြန်ယူနိုင်ခဲ့လား။"

 

ရှောင်ဟန်ကျန့်က ခါးသက်စွာပြုံးခဲ့သည်။ "ငါးနှစ်ကြာပြီးတဲ့နောက် အဲ့မင်းသားက သူ့တပ်တွေကိုသုံးပြီး ပုန်ကန်ခဲ့ပြီး သူကသာ နိုင်ငံရဲ့ဘုရင်ဖြစ်ကြောင်း ကြေငြာဖို့လုပ်ခဲ့တယ်၊ တော်ဝင်ခုံရုံးက အကုန်ပြင်ဆင်ခဲ့ပေမယ့် တိုက်ခိုက်မှုတွေကြောင့် အများစု ထိခိုက်ဒဏ်ရာရခဲ့တယ်၊ ခုနှစ်နှစ်ကြာတဲ့အထိ မငြိမ်မသက်မှုတွေဖြစ်ခဲ့တယ်၊ ဒါက ရန်သူတွေ ဝင်တိုက်ဖို့အတွက် အခွင့်အရေးပါဖြစ်ခဲ့တယ်လေ၊ တာ့လျန်က မြို့နှစ်မြို့ ဆုံးရှုံးခဲ့ပြီး အဲ့မြို့ကလူတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတယ်၊ ပြီးတော့ အဲ့ကိစ္စတွေရဲ့ ကြိုးကိုင်သူက ထောင်လျိုလေ။"

 

သူ ပြန်လည်ဝင်စားကြောင်း သူ့ဇနီးလေးက ခန့်မှန်းမိထားတာကို သူသိတာကြောင့် ရှောင်ဟန်ကျန့်က ဖုံးကွယ်မထားတော့ပေ။

 

သူမ သိချင်တာမှန်သမျှကို သူအကုန်ပြောပြခဲ့သည်။

 

ရှစ်ချင်းလျို့က အလွန်အံ့သြသွားခဲ့သည်။ "အာ ဒါတွေက ထောင်လျိုနဲ့ သက်ဆိုင်နေတာလား။"

 

ကောချွန်းရုက ထောင်လျိုကို သူ့ဆန်ကုန်မြေလေးအဖေရဲ့ ပြိုင်ဘက်ဆီပို့ပြီး တိုက်ပွဲအချိန်နှောင့်နှေးအောင်လုပ်ပြီး မြို့နှစ်မြို့ ဆုံးရှုံးအောင်လုပ်ခဲ့သည့်အကြောင်းကို ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို ပြောပြခဲ့သည်။

 

ရှစ်ချင်းလျို့က မျက်မှောင်ကြုပ်ခဲ့သည်။ "အဲ့မိန်းမက အကျင့်မကောင်းတဲ့လူပဲ၊ သူ့ဆန္ဒအတွက် တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်နိုင်ငံအတွက်တောင် မတွေးပေးခဲ့ဘူး။"

 

ရှောင်ဟန်ကျန့်က ပြောခဲ့သည်။ "မှန်တယ်၊ အဲ့စစ်သူကြီး ခေါင်းဖြတ်ကွပ်မျက်ခံခဲ့ရတော့ ကိုယ့်ဆန်ကုန်မြေလေးအဖေက နောက်ထပ် တိုက်ပွဲအတွက်  မပြင်ဆင်ရသေးခင်အထိ စစ်ဆင်ရေးကိစ္စတွေကို တိတ်တဆိတ် လက်လွှဲယူခဲ့တယ်လေ။"

 

ရှစ်ချင်းလျို့က သိချင်စွာ မေးခဲ့သည်။ "ရှင့်ဆန်ကုန်မြေလေးအဖေ နိုင်ခဲ့လား။"

 

ရှောင်ဟန်ကျန့်က ခေါင်းခါပြခဲ့သည်။ "ဟင့်အင်း ဘုရင်ကြီး အမိန့်မထုတ်ပြန်ရသေးခင်မှာပဲ သူရယ်၊ ဟိုမိန်းမရယ်နဲ့ ရှောင်မိသားစုက ပြဿနာကောင်တွေ အကုန်သေသွားခဲ့တယ်။"

 

ထိုအချိန်တုန်းက သူ့ရဲ့ ကျန်းမာရေးအခြေအနေက ဆိုးရွားနေခဲ့သည်။

 

နယ်စပ်အထိ ခရီးသွားကာ သူ့ဆန်ကုန်မြေလေးအဖေကိုသတ်ဖို့ဆိုတာ သူ့အတွက် မဖြစ်နိုင်ခဲ့ပေ။

 

ထို့ကြောင့် သူ မသေခင် သူ့ဆန်ကုန်မြေလေးအဖေနှင့် တခြားလူတွေကို စာရင်းရှင်းနိုင်ခဲ့သည်။

 

ထို့ကြောင့် တော်ဝင်ခုံရုံးအတွက် သူအပြစ်မကင်းသလို မခံစားခဲ့ရပေ။

 

သူ အရင်က ရှာတွေ့ခဲ့သည့် အချက်အလက်တွေအရ သူ့ဆန်ကုန်မြေလေးအဖေက တစ်ခုခု မှားယွင်းနေကြောင်း သိခဲ့ပြီး သူက စစ်မြေပြင်မှာ စစ်တပ်ကိုဦးဆောင်ဖို့အတွက် မသင့်လျော်ကြောင်း သိခဲ့သည်။

 

အကယ်၍ သူသွားခဲ့ပါက တာ့လျန်က ကပ်ဘေးကြီးဆိုက်မည်ဖြစ်သည်။

 

ဒါ့အပြင် တော်ဝင်ခုံရုံးမှာ သူ့ဆန်ကုန်မြေလေးအဖေထက် ပိုတော်သည့် လူတွေရှိတာကြောင့် သူက တုံ့ဆိုင်းခြင်းမရှိ ပြုလုပ်ခဲ့တာ ဖြစ်သည်။

 

ထိုစကားတွေကြားလိုက်တော့ သူမခင်ပွန်းက ကြီးလေးသည့်တာဝန်တွေ ထမ်းဆောင်ထားခဲ့ရကြောင်း ရှစ်ချင်းလျို့က သိခဲ့သည်။

 

သူ့အဖေ စစ်မြေပြင် မထွက်ခင် သူမ ခင်ပွန်းက သူ့တစ်မိသားစုလုံးကို ငရဲကိုဆွဲချသွားကြောင်း အကြမ်းဖျင်း ခန့်မှန်းခဲ့သည်။

 

သူမက ရင်ဘတ်တွေနာကျင်ကာ ရှောင်ဟန်ကျန့်ကို တင်းကြပ်စွာ ဖက်ထားခဲ့သည်။ "အခု ကျွန်မတို့မှာ ကောင်းကင်ဘုံကပေးတဲ့ မျိုးစေ့တွေရှိနေပြီပဲ၊ အတူတူ ကြိုးစားရအောင်၊ ဒီလိုမျိုး ထပ်မဖြစ်တော့ပါဘူး။"

 

ကောချွန်းရုကြောင့် မြို့နှစ်မြို့က နေထိုင်သူတွေက အစုလိုက် အပြုံလိုက် သတ်ခံခဲ့ရသည်။

 

သူ့အဖေက နောက်ကွယ်က ကြိုးကိုင်သူဖြစ်ကာ အကုန်သေဖို့ ထိုက်တန်သည်။

 

ရှောင်ဟန်ကျန့်က ရှစ်ချင်းလျို့ကို တင်းတင်းဖက်ပြီး သူမခေါင်းကို မေးစေ့ဖြင့်ပွတ်ခဲ့သည်။ "အင်း အဲ့လိုထပ်မဖြစ်တော့ဘူး။"

 

သူနိုးထလာကတည်းက သူ့မှာဇနီးရှိနေပြီဖြစ်ကာ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။

 

သူ့မိသားစုဝင်တွေက အသက်ရှင်နေသေးပြီး၊ သူ့ကိုယ်ခန္ဓာကလည်း အဆိပ်ကြောင့် မထိခိုက်ခဲ့သလို ရှောင်မိသားစုဟောင်းကြောင့် သူ့ရဲ့ တော်ဝင်စာမေးပွဲဖြေဆိုမည့် လမ်းကြောင်းလည်း မပျက်စီးခဲ့ပေ။

 

သူတို့က သူ့ဆန်ကုန်မြေလေးအဖေနှင့် ထိုအမျိုးသမီးတို့၏ ကြားဝင်နှောင့်ယှက်မှု၊ ကြံစည်မှုများကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကာ သူတို့ကို အန္တရာယ်ပြုဖို့ ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေကို ပို့ပေးနိုင်ခဲ့သည်။

 

ဒါတွေအကုန် ပြောင်းလဲသွားခဲ့မှတော့ တော်ဝင်ခုံရုံးနှင့် တာ့လျန်ရဲ့ အနာဂတ်ဟာလည်း သေချာပေါက် ပြောင်းလဲသွားနိုင်သည်။

 

ခဏနေတော့ ရှောင်ဟန်ကျန့်က မသေမျိုးဘုန်းတော်ကြီး၏ လက်ရေးစာကို ရှာတွေ့ခဲ့ကာ စူးစမ်းခဲ့သည်။

 

ထို့နောက် သူက မသေမျိုးဘုန်းတော်ကြီး၏ နောက်ဆုံးဆန္ဒလို သဘောရသည့်စာကိုရေးပြီး ကောင်းကင်ဘုံက လက်ရှိဘုရင်ကို မျိုးစေ့တွေ ချီးမြှင့်ခဲ့ကြောင်းကို အသားပေး ဖော်ပြရေးသားခဲ့သည်။

 

ထို့နောက် သူက မသေမျိုးဘုန်းတော်ကြီး နတ်ပြည်မတက်လှမ်းခင် ရှစ်ချင်းလျို့ကို ဇူလိုင်လမှာ မျိုးစေ့စိုက်ခိုင်းပြီး အောက်တိုဘာလမှာ ရိတ်သိမ်းပြီး ဆက်သဖို့ မှာကြားခဲ့ကြောင်း သွယ်ဝိုက်ပြောဆိုသည့် စာတစ်ပုဒ် ထပ်ရေးခဲ့သည်။

 

ဒါက ရှစ်ချင်းလျို့က ဘာကြောင့် ဘုန်းတော်ကြီး သေဆုံးပြီး တစ်နှစ်ပြည့်ခါနီးမှ စိုက်ပျိုးခဲ့လဲဆိုသည့်အကြောင်းကိုပါ ရှင်းပြပြီးသားဖြစ်မည်။

 

ရှစ်ချင်းလျို့ကလည်း ရှီရုံဖြင့် အလုပ်ပူပေါင်းလုပ်ကိုင်ဖို့အကြောင်း သွားဆွေးနွေးခဲ့သည်။

 

အလှကုန်ပစ္စည်းတွေလုပ်ဖို့အတွက် သူတို့က ပျားဖယောင်း ပမာဏများစွာ လိုအပ်သည်။

 

တာ့လျန်တစ်နိုင်ငံလုံးက ဝယ်ယူဖို့အတွက် ရှစ်ချင်းလျို့က လူထုကို ပျားမွေးမြူရေးပါ သင်ကြားပေးဖို့ ပြင်ထားခဲ့သည်။

 

သူမက ထိုအကြာင်းကို သိပ္ပံစိုက်ပျိုးရေးတက္ကသိုလ်မှာ သင်ကြားခဲ့တာ ဖြစ်သည်။

 

အခု သကြားတွေ စျေးကြီးနေတာကြောင့် ပျားရည်ကလည်း စျေးမပေါနိုင်ပေ။

 

ပြည်သူတွေ ပျားမွေးမြူပါက ပျားရည်နှင့် ပျားဖယောင်းကို ရောင်းချကာ ငွေရှာနိုင်သည်။

 

အချိန်ကျသည့်အချိန်ကျရင် နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် စာချုပ်ကိုချုပ်ဆိုနိုင်သည်။

 

ရှစ်ချင်းလျို့ရဲ့အစီအစဥ်တွေကို နားထောင်ပြီးနောက် ရှီရုံက သူမကို လေးစားအားကျသွားခဲ့သည်။ "နင်က တကယ်တွေးတောတတ်တာပဲ၊ တာ့လျန်မှာ ပျားမွေးမြူတဲ့ အိမ်ထောင်စု အများကြီး မရှိဘူး၊ ပျားရိုင်းပျားဖယောင်းကိုပဲ မှီခိုပြီး နှုတ်ခမ်းနီနဲ့ တခြားပစ္စည်းတွေလုပ်ဖို့ မလုံလောက်ဘူး။"

 

ရှစ်ချင်းလျို့နှင့် ပိုစကားပြောလေလေ သူမက သာမာန်မဟုတ်ဘူးဆိုတာ သိလာရလေလေဖြစ်သည်။

 

သူမက ရှစ်ချင်းလျို့ကို မျက်လုံးတောက်တောက်ဖြင့်ကြည့်ခဲ့သည်။ "နင်က သိပ်အံ့သြဖို့ကောင်းတာပဲ၊ ပျားဘယ်လိုမွေးရမလဲဆိုတာတောင်သိတယ်။"

 

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "နင်က ငါ့ကို နေ့တိုင်း ချီးကျူးနေတော့ ရှက်တောင်ရှက်လာပြီ။"

 

မင်းရှက်နေတယ်လို့လည်း မတွေ့မိပါဘူးကွာဟု ရှီလွေ့နှင့် တခြားလူတွေက တွေးလိုက်လေသည်။

 

လျန်ယို့ရှောင်က နှာခေါင်းပွတ်ရင်း ရှေ့တိုးသွားခဲ့သည်။ "ငါ့ကို ဘာလို့ မခေါ်ကြတာလဲ၊ ငါက မင်းတို့ကို ကူညီပေးနိုင်တယ်နော်။"

 

ဟိုတစ်ခါကတည်းက သူက ပျားဖယောင်းကိစ္စ တွေးပြီးသား ဖြစ်သည်။

 

သူတို့နှစ်ယောက်တည်း လုပ်ဆောင်မည့် အလှကုန်ဆိုင်တွေက အကန့်အသတ်ရှိတာကြောင့် နှမြောဖို့ကောင်းသည်ဟု သူတွေးလိုက်မိသည်။

 

အခုရှစ်ချင်းလျို့က လူတွေဖြင့် ပျားမွေးမြူခိုင်းမည့်အကြောင်း ကြားလိုက်တော့ သူတို့က ပျားဖယောင်းအတွက် စိုးရိမ်စရာ မလိုတော့ပေ။

 

ဒါက အကျိုးအမြတ် အကြီးကြီးဆိုတာ သူသိသည်။

 

အမျိုးသမီးတွေဆီက ငွေရဖို့လည်းလွယ်သည်။

 

အမျိုးသမီးတွေက လှလှပပ နေထိုင်ဝတ်စားဖို့အတွက် ပိုက်ဆံဖြုန်းဖို့ ဆန္ဒရှိကြသည်။

 

သူ့အမေနှင့် တခြားလူတွေက ဥပမာပင်ဖြစ်သည်။

 

ရှီရုံနှင့် ရှစ်ချင်းလျို့က တစ်ခါတည်းလှည့်ကြည့်ခဲ့သည်။ "မရဘူး။"

 

လျန်ယို့ရှောင်က အသံတိတ်သွားခဲ့သည်။ ရှစ်ချင်းလျို့ကလည်း ကျားရိုင်းမဆီက သင်ယူခဲ့တာပဲ။

 

မဟုတ်ဘူး သူတို့နှစ်ယောက်လုံးက ကျားရိုင်းမတွေပဲ။

 

တစ်ယောက်က ကျားရိုင်းမလေးဖြစ်ပြီး နောက်တစ်ယောက်က ကျားရိုင်းမကြီးလေ၊ ဟမ့်…။

 

ရှီလွေ့က အူမြူးစွာရယ်ခဲ့သည်။ "ဟားဟား မင်းမှာလည်း ဒီလိုနေ့ရက်မျိုးရှိလာခဲ့ပြီပဲ။"

 

သူက ရှေ့တိုးသွားကာ ပြောခဲ့သည်။ "မင်းတို့ငါ့ကို မပါခိုင်းစေချင်ရင်လည်း နှုတ်ခမ်းနီတွေလုပ်ပြီးရင် ငါ့ကိုနည်းနည်းပေး။"

 

သူပြန်သွားသည့်အခါ အဖွား၊ အမေနှင့် ပြည်သူ့အုပ်ချုပ်ရေးစံအိမ်က အမျိုးသမီးတွေကို ချော့ဖို့လိုသည်။

 

ရှစ်ချင်းလျို့က ရှီလွေ့ကိုကြည့်ခဲ့သည်။ "ကိစ္စမရှိပါဘူး၊ ရှင်က သိပ်သိတတ်နေမှတော့ နှုတ်ခမ်းနီတွေကို အလကားပေးမယ်၊ ရှင့်အတွက် အသက်အရွယ်အလိုက် လက်ဆောင်ဘူးတွေ ပြင်ဆင်ပေးပါ့မယ်။"

 

ရှီလွေ့အမေနှင့် ကျန်အမျိုးသမီးတွေက မြို့တော်က အဆင့်အတန်းအမြင့်ဆုံး အမျိုးသမီးတွေ ဖြစ်သည်။

 

သူတို့ကို ထုတ်ကုန်ကိုယ်စားပြုတွေအဖြစ် ရထားမည်ဆိုပါက အလှကုန်လုပ်ငန်း ကောင်းကောင်း မဖြစ်ထွန်းမှာကို စိုးရိမ်စရာလိုပါဦးမလား။

 

ကြေငြာခပေးစရာမလိုတာကြောင့် နှုတ်ခမ်းနီတချို့ အလကားပေးရရုံက ဘာမှမဟုတ်ပေ။

 

ရှစ်ချင်းလျို့ရဲ့ ချီးကျူးစကားကြားတော့ ရှီလွေ့က ရင်ကော့ခဲ့သည်။ "ဒါပေါ့ ငါက မြို့တော်မှာ အသိတတ်ဆုံးသားလေ။"

 

လျန်ယို့ရှောင်နှင့် ဖေးယွီကျယ်က ဆွံ့အသွားခဲ့သည်။ မြေနိုးလေး မင်းက ဒီစကားပြောရဲသေးတယ်နော်။

 

မင်းက ရှစ်ချင်းလျို့ ရောင်းစားတာခံရတာကို ဂုဏ်ယူနေသေးတယ်။ ငါကတော့ လုံလောက်နေပြီ။