အခန်း(၁၇၅)
- ငိုယိုကာ သွေးအန်သည်အထိခံရဖို့ စောင့်ဆိုင်းနေသင့်သည်
ဆယ်ရက်ကြာပြီးတဲ့နောက်မှာတော့
ရှစ်ချင်းလျို့က သူမမှာရှိသည့် ပျားအုံတွေအကုန် ပို့လို့ပြီးသွားပြီဖြစ်သည်။
မော့ချင်းလင်
အပြင်ကနေ ယူလာမည့် ပျားအုံတွေရမှသာ ထပ်ပို့ရမည်ဖြစ်သည်။
သူမနှင့်
ရှောင်ဟန်ကျန့်က တာအိုဘုန်းကြီးကျောင်းရဲ့ အနောက်က စိုက်ခင်းကို သွားကြည့်ခဲ့သည်။
ပြောင်းဖူးတွေက
ရိတ်သိမ်းဖို့ အသင့်ဖြစ်နေပြီဖြစ်သည်။
ရှစ်ချင်းလျို့က
ပြောင်းဖူးတစ်ဖူး ချိုးခဲ့သည်။ "အဖိုးကြီးရှောင် ဒီနေ့ ပြောင်းဖူးပြုတ်စားရအောင်။"
ရှောင်ဟန်ကျန့်က
နဖူးကို ကိုင်မိမတတ် ဖြစ်သွားခဲ့သည်။ "မိန်းမ ကိုယ်တို့တွေအကုန်လုံး တစ်ယောက်
တစ်ဖူးပဲ စားရအောင်၊ ကျန်တာကိုတော့ စိုက်ပျိုးဖို့ ချန်ထားတာပေါ့။"
ရိတ်သိမ်းဖို့ပြောင်းတွေက
များပုံရပေမယ့် စိုက်ပျိုးဖို့နှင့် ဖြန့်ဖြူးဖို့တော့ မလုံလောက်ပေ။
ရှစ်ချင်းလျို့က
ပြောင်းဖူးလေးကို ကိုင်ထားရင်း သူမက နောက်နှစ်အတွက် သိုလှောင်မည့် ပြောင်းသီးနှံတွေကို
အများကြီး စားသုံးလိုက်သလို ခံစားရကာ စိတ်မသက်မသာဖြစ်နေသည်။
သူမက
သက်ပြင်းချခဲ့သည်။ "ဒါဆို တစ်ယောက် တစ်ဖူး မစားဘဲ၊ တစ်ယောက် တစ်ဝက်ပဲ စားရအောင်။"
ပြောင်းဖူးကို
အကန့်အသတ်ဖြင့် မစားလိုပါက နောက်နှစ်ထိ စောင့်ဖို့ လိုအပ်သည်။
ပြောင်းဖူးတွေကို
လူထုကိုသိအောင် လုပ်ပြီးပါက မြေနေရာအကျယ်ကြီးမှာ လူတွေငှားကာ စိုက်ပျိုးလို့ရပြီဖြစ်သည်။
သူမက
ပြောင်းကိတ်၊ ပြောင်းဘန်းမုန့် စသည်တို့ကို အများကြီး စားချင်သည်။
ရှောင်ဟန်ကျန့်က
သူ့ဇနီးလေးရဲ့ အမူအရာကိုကြည့်ပြီး ခပ်ဖွဖွရယ်ကာ ပြောခဲ့သည်။ "အပြစ်မကင်းသလို ခံစားနေစရာ
မလိုပါဘူး၊ ဒါ့အပြင် ကိုယ်တို့မိသားစုက ပြောင်းတွေ အများကြီး သိမ်းထားလို့ မရဘူးလေ၊
ဒါကြောင့် ကိုယ်တို့ပြောင်းဖူးကို လွတ်လွတ်လပ်လပ် စားသုံးချင်ရင် နောက်နှစ်ထိ စောင့်ရမယ်။"
ဘုရင်ကြီးက
မျိုးစေ့တွေကို ချွေချွေတာတာသုံးရင်တောင် သူတို့အတွက် ဘာကြောင့်သီးသန့်ဖယ်ပေးမည်နည်း။
ရှစ်ချင်းလျို့က
ခဏလောက် တွေးပြီးနောက် ရှောင်ဟန်ကျန့်ကို စိုက်ကြည့်ခဲ့သည်။ "ခံစားချက်တွေကို
လာဖျက်စီးနေတယ်။"
ရှောင်ဟန်ကျန့်က
အသံထွက်အောင်ရယ်ပြီး ခေါင်းငုံ့ကာ သူမကိုနမ်းဖို့လုပ်ခဲ့သည်။ "ကိုယ်တို့ နည်းနည်းလောက်
ဝှက်ထားကြမလား။"
သူ့ဇနီးလေးကို
တကယ် မနှိပ်စက်ချင်ပေ။
ရှစ်ချင်းလျို့က
ရှောင်ဟန်ကျန့်ကို အလွန်အံ့အားသင့်စွာကြည့်ခဲ့သည်။ "ရှောင်ဟန်ကျန့် ရှင်က ဒီလိုကို၊
ရှင်ရဲ့ အမြော်အမြင်ရှိမှုတွေ ဘယ်လိုဖြစ်သွားတာလဲ။"
ရှောင်ဟန်ကျန့်က
ပြုံးခဲ့သည်။ "မင်းရဲ့ ဆန္ဒပြည့်ဝဖို့ကလွဲရင် ကျန်တာ အရေးမပါ ပါဘူး။"
သူ့အတွက်တော့
သူ့ဇနီးလေးက အရာရာတိုင်းအတွက် အရေးကြီးသည်။
ပြောင်းအနည်းငယ်လောက်ကတော့
ပြဿနာ မရှိပေ။
ဒါ့အပြင်
သူ့ဇနီးလေးက ပြောင်းဖူးကို စစိုက်ပျိုးခဲ့သူ ဖြစ်သည်။
ရှစ်ချင်းလျို့က
ကိုယ်ကိုလှည့်ကာ ရှောင်ဟန်ကျန့်ကို ဖက်ခဲ့သည်။ "ကျန့်ကျန့် ရှင်က သိပ်ကောင်းတာပဲ၊
ရှင့်ကို မထားခဲ့ချင်တော့ဘူး။"
ရှောင်ဟန်ကျန့်က
ကြက်သေ သေသွားခဲ့သည်။ မင်းက ကိုယ့်ကို ထားခဲ့ချင်နေသေးတယ်ပေါ့လေ။
သူက သူ့ဇနီးလေးကို
တင်းကြပ်စွာ ဖက်ခဲ့သည်။ "ဒါဆိုလည်း မင်းရဲ့ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံး ကိုယ့်ဘေးမှာနေတော့
ပိုကောင်းတာပေါ့။"
ရှစ်ချင်းလျို့ရဲ့
နှလုံးသားက ပျားရည်လေးလို ချိုမြနေခဲ့သည်။ "ထားပါတော့၊ မဝှက်ထားတော့ပါဘူး၊ ဘုရင်ကြီးသိသွားရင်လည်း
မကောင်းဘူး၊ ကျွန်မတို့ စားတဲ့အချိန်တိုင်းလည်း စိတ်မလုံဖြစ်နေလိမ့်မယ်၊ အလကား စိတ်မပျော်မရွှင်ဖြစ်နေရလိမ့်မယ်၊
နောက်နှစ်မှပဲ လွတ်လွတ်လပ်လပ် စားကြတာပေါ့။"
သူ့ဇနီးက
ပူပန်ကြောင့်ကြမဲ့ဟန်ရပေမယ့် နှလုံးသားက သိပ်နူးညံ့တာကို ရှောင်ဟန်ကျန့်သိသည်။
"ကောင်းပါပြီဗျာ၊
စကားနားထောင်ပါ့မယ်။"
ရှစ်ချင်းလျို့က
ရှောင်ဟန်ကျန့်ကိုလွှတ်ပေးလိုက်ပြီး မေးခဲ့သည်။ "ဒါဆို ကျွန်မတို့က ပြောင်းစေ့တွေကို
သွားဆက်သမှာလား၊ ဒါမှမဟုတ် မော့ချင်းလင်ကို အရင်အသိပေးမှာလား၊ ပြီးမှ သူ့လူတွေနဲ့ ပြောင်းခင်းကိုကြည့်ခိုင်းပြီး
ယုံကြည်အောင်လုပ်မှာလား။"
သူတို့ဘာသာ
ပြောင်းတွေကို ရိတ်သိမ်းခဲ့ပါက မျက်မြင်မရှိသည့်အခါ ယုံကြည်ကြမည် မဟုတ်ပေ။
ရှောင်ဟန်ကျန့်က
ဒီအကြောင်းကိုတွေးပြီးသားဖြစ်သည်။ "မော့ချင်းလင်ကို အရင်အသိပေးရအောင်၊
ကိုယ့်ဆရာကို ဒီအကြောင်းပြောပြပြီး သူ့အမြင်ကို မေးကြည့်လိုက်မယ်၊ ပြီးရင် ဆရာ၊ မော့ချင်းလင်၊
ရှီလွေ့နဲ့ တခြားလူတွေကို ပြောင်းရိတ်သိမ်းတာကို မျက်မြင်သက်သေလုပ်ခိုင်းမယ်၊ သူတို့ရှိနေတော့
လိမ်ပြောတာမျိုး အထင်မခံရတော့ဘူးပေါ့။"
ရှစ်ချင်းလျို့က
ခေါင်းငြိမ့်ပြခဲ့သည်။
သူမ ခင်ပွန်းက
အတွေးအခေါ်ရှိသည့် လူတစ်ယောက်ဖြစ်သည်။ "မှန်တယ်၊ မော့ချင်းလင်နဲ့ ဘီလစ်စာရေးကြီးတွေကို
ပြောင်းခင်းပြပြီး ရိတ်သိမ်းခိုင်းမှာမလား။"
ရှောင်ဟန်ကျန့်က
ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ်။"
သူက ထပ်ပြောခဲ့သည်။
"ဒါပေမဲ့ ဒီနေ့ မသေမျိုးဘုန်းတော်ကြီးက ကိုယ်ထင်ပြ အချက်ပေးသလို လုပ်ရမယ်၊ ဒီလိုနည်းနဲ့ကိုယ်တို့က
ပြောင်းဖူးမှည့်ပြီး စားလို့ရတာကို သိခဲ့တဲ့ပုံစံ ပြသရမယ်။"
ဒါကို
မှော်ဆန်ဆန်လေးလုပ်ပြလိုက်တာ ပိုကောင်းသည်။
ဒါက သူတို့ကို
ကာကွယ်မှုလည်း ပေးနိုင်သည်။
ဤနည်းဖြင့်
လူတိုင်းရဲ့ အာရုံက မသေမျိုးဘုန်းတော်ကြီးနှင့်ပြောင်းဖူးအပေါ် ကျရောက်သွားကာ သူတို့ကို
အာရုံစိုက်မည်မဟုတ်တော့ပေ။
သူ့မျက်လုံးတွေက
အေးစက်သွားခဲ့သည်။ "ကိုယ့်ဆန်ကုန်မြေလေးအဖေက လုပ်ကြံဖို့အတွက် လူရှာပြီး နန်းရှီမြို့ကို
လွှတ်လိမ့်မယ်၊ သူတို့က အချိန်မရွေး ဆောင်ရွက်ဖို့အသင့်ဖြစ်နေတယ်၊ ကိုယ့်လူတွေက သူတို့ထဲက
တစ်ယောက်ကို ဖမ်းမိပြီး တိတ်တဆိတ် စစ်မေးနေတယ်၊ အဲ့လူတွေက နန်ရှီမြို့ကို
ရည်ရွယ်ချက်နှစ်ခုနဲ့ လာတာလို သိခဲ့ရတယ်၊ တစ်ခုက မင်းကိုသတ်ဖို့ဖြစ်ပြီး နောက်တစ်ခုက
ကိုယ့်ရဲ့စာရေးတဲ့လက်ကို ချိုးဖို့ပဲ။"
အနာဂတ်မှာ
တူနဲ့ ထမင်းသာ စားနိုင်ပြီး စာလုံးလှလှလေးတွေကိုတော့ ရေးနိုင်စွမ်းမရှိတော့မည် မဟုတ်ပေ။
သူ့မှာ အဲ့လိုလုပ်ဖို့ ခွန်အားမရှိပေ။
ရှစ်ချင်းလျို့က
ဆွံ့အသွားခဲ့သည်။ "ရှင့်ဆန်ကုန်မြေလေးအဖေက တကယ် ရက်စက်တာပဲ၊ ရှင့်ကိုကောင်းမွန်တဲ့အနာဂတ်
မရှိစေချင်သလို လက်စားမချေအောင်လည်း တားချင်နေတာ၊ သူအဲ့မိန်းမကို
ချစ်မိသွားတာလည်း မဆန်းတော့ပါဘူး၊ သူတို့နှစ်ယောက်လုံးက လူကောင်းမှ မဟုတ်တာ။"
သူမက
တွေးလေလေ ဒေါသပိုထွက်လာခဲ့သည်။ "ဘယ်အချိန် အဲ့လိုလုပ်မှာတဲ့လဲ။"
သူတို့က
လူလွှတ်ကာ သူမကိုသတ်ပြီး သူမခင်ပွန်းရဲ့လက်ကိုချိုးကာ အနာဂတ်ကို ဖျက်စီးဖို့ လုပ်နေတာကိုသိသွားတော့
ရှစ်ချင်းလျို့က မကျေနပ်နိုင်ပေ။
ရှောင်ဟန်ကျန့်က
ပြန်ဖြေခဲ့သည်။ "ရှီရုံက ဘုရင်ကြီးရဲ့ လျှို့ဝှက်အစောင့်တွေ စောင့်ရှောက်တာ ခံထားရတယ်လေ၊
သူတို့နန်ရှီမြို့က ပြန်မှပဲ စလှုပ်ရှားကြလိမ့်မယ်။"
သူ့မျက်လုံးတွေက
ထပ်မံ အေးစက်သွားခဲ့သည်။ "သေချာပေါက်ကို ကိုယ်တို့ဒီတိုင်း လွှတ်ထားလိုက်လို့
မရဘူး၊ ကိုယ်တို့ပြောင်းစေ့တွေ သွားဆက်သဖို့သွားတဲ့လမ်းမှာ သူတို့လှုပ်ရှားမှရမယ်၊
ကိုယ့်ဆန်ကုန်မြေလေးအဖေက အရမ်း သိုသိပ်ပေမယ့် သူလုပ်ရင်တော့ ခြေရာလက်ရာ ကျန်မှာပဲ၊
အချိန်ကျရင် ဘုရင်ကြီးကို ကောင်းကင်ဘုံက ချီးမြှင့်တဲ့ မျိုးစေ့တွေ ဆက်သဖို့သွားတဲ့
လူတွေကို လုပ်ကြံတဲ့အတွက် သူတာဝန်ယူရအောင်လုပ်မယ်။"
ရှစ်ချင်းလျို့ရဲ့
မျက်လုံးတွေက လက်သွားခဲ့သည်။ "ဒါဆိုရင် ဘုရင်ကြီးက သူ့ကို သာမာန်ပြည်သူ ဒါမှမဟုတ်
တစ်ခုခုအဖြစ် ရာထူးချပစ်မှာလား။"
ရှောင်ဟန်ကျန့်က
ရယ်လိုက်မိလေသည်။ "အဲ့လောက် မရိုးရှင်းဘူး၊ နယ်စပ်က အခု
မတည်ငြိမ်သေးတော့ ဘုရင်ကြီးက သူ့ကို လိုအပ်သေးတယ်၊ ဒါပေမဲ့ ဘုရင်ကြီးက သူ့ကို ခေါ်ယူသတိပေးပြီး
သူ့အပေါ် အမြင်မကောင်းရာကနေ ပိုဆိုးသွားမှာလေ၊ ဒါ့အပြင် ကိုယ် ဒီလိုလုပ်ရတဲ့ရည်ရွယ်ချက်က
သူ့ရဲ့ လျှို့ဝှက်ဖဲကို စောစောထုတ်စေချင်လို့ပဲ။"
သူ့ဆန်ကုန်မြေလေးအဖေက
သူ့ဇနီးကို အန္တရာယ်ပြုချင်ပါက သွေးအန်ဖို့အထိ ပြင်ဆင်ထားဖို့လိုသည်။
ရှစ်ချင်းလျို့က
သိချင်စွာ မေးခဲ့သည်။ "ဘာလျှို့ဝှက်ဖဲလဲ။"
ရှောင်ဟန်ကျန့်က
ပြန်ဖြေခဲ့သည်။ "အရင်ဘုရင်ကြီး ဒီနိုင်ငံကိုသိမ်းပိုက်ခဲ့တုန်းကရခဲ့တဲ့ ရတနာမြေပုံကို
သူသိမ်းထားတယ်၊ အနာဂတ်မှာ သူက အကျိုးခံစားခွင့်ရဖို့အတွက် အဲ့ရတနာမြေပုံကို
အသုံးပြုခဲ့ပြီး မြို့စားမင်းရာထူးကိုယူမှာ၊ သူ့ရဲ့ အရာရှိအသက်မွေးဝမ်းကြောင်း အဆုံးမသတ်စေဖို့အတွက်
အဲ့ဝှက်ဖဲကို အစောကြီး ထုတ်သုံးလိမ့်မယ်၊ သူ့ကို ဖိအားပေးပြီး
ရတနာမြေပုံကို ဘုရင်ကြီးဆီ စောစောဆက်သအောင်လုပ်ခဲ့မယ်ဆိုရင် ဘုရင်ကြီးက ဒီကိစ္စကို
အပြစ်လျှော့ပေးလိမ့်မယ်၊ မြို့စားမင်းဖြစ်ဖို့ အခွင့်အရေးလည်း မရှိတော့ဘူးပေါ့။"
ရှောင်ဟန်ကျန့်ရဲ့
ဆန်ကုန်မြေလေးအဖေက ရှင်းထုတ်ဖို့မလွယ်ဘဲ သူ့တွင် ဝှက်ဖဲတွေ ရှိနေတာကိုလည်း ရှစ်ချင်းလျို့
သဘောပေါက်သွားခဲ့သည်။
သို့ပေမယ့်
သူ့ထက်သူမ ခင်ပွန်းက ပိုတော်သည်။
သူမက
ပန်းပွင့်လေးလိုပြုံးခဲ့သည်။ "ဒါက သူ့အတွက် သူ ထုတ်သုံးရမှာမို့ သွေးအန်မတတ် ဒေါသထွက်နေမှာပဲ။"
ရှောင်ဟန်ကျန့်က
အဓိပ္ပာယ်ပါပါပြုံးခံ့သည်။ "အနာဂတ်မှာလည်း သူ မကြာခဏ သွေးအန်ရမယ့်ကိစ္စတွေရှိတယ်။"
သူ့ဆန်ကုန်မြေလေးအဖေကို
အရင်ဘဝကလို အန္တရာယ်မပြုဘဲ ဖြည်းဖြည်းချင်း ညှင်းပန်းနှိပ်စက်သွားမည်ဖြစ်သည်။
သူ့အစီအစဥ်တွေ
တစ်ခုပြီးတစ်ခု ကျရှုံးအောင်လုပ်မည်။
သူ့ဆန်ကုန်မြေလေးအဖေက
ပိုအာဏာကြီးဖို့ နီးလာပြီဖြစ်ကာ ထိုထက်အနည်းငယ်အမြင့်ကိုရောက်သွားမှ သူအဆုံးသတ်အောင်လုပ်
မည်။
ကောင်းကင်ဘုံကနေ
ငရဲကိုပြုတ်ကျအောင်လုပ်မည်။
ဒီလိုနည်းဖြင့်
လက်စားချေရမှ သူ့ရင်ထဲက အမုန်းတရားတွေကို ပယ်ဖျက်နိုင်မည်ဖြစ်သည်။
ဒါတွေဟာ
အရင်ဘဝကအမုန်းတရားတွေသာမက သူ့ဆန်ကုန်မြေလေးအဖေက လူတွေလွှတ်ကာ သူ့ဇနီးကို အန္တရာယ်ပြုဖို့လုပ်တာကြောင့်လည်း
ပါသည်။
ဒါကို
သူသည်းမခံနိုင်ပေ။
"အစ်ကိုကျန့်က
အံ့သြဖို့ကောင်းလိုက်တာ။" ရှစ်ချင်းလျို့က သူ့ကို အပြုံးဖြင့် ချီးကျူးခဲ့သည်။
သူမက
ရင်ထဲကနေ ဖယောင်းတိုင်ထွန်းကာ ဆန်ကုန်မြေလေးအဖေကို ဆုတောင်းပေးလိုက်သည်။
မကောင်းသည့်
အကြံတွေရှိသည့် သူမ ခင်ပွန်းကို ရန်စပြီးမှတော့ ဆန်ကုန်မြေလေးအဖေက ငိုယိုကာ သွေးအန်သည်အထိခံရဖို့
စောင့်ဆိုင်းနေသင့်သည်။