အခန်း(၁၇၆)
- တကယ်ကြီးလား
သူတို့နှစ်ယောက်
စကားပြောနေတုန်း အမဲလိုက်သွားသည့် ရှီလွေ့နှင့် တခြားလူတွေ ပြန်ရောက်လာခဲ့သည်။
ရှစ်ချင်းလျို့က
ပြောင်းဖူးအတိုလေးတွေကို ယူပြီး တာအိုဘုန်းကြီးကျောင်းရဲ့ ခန်းမဆီ သွားခဲ့သည်။
ဘုန်းတော်ကြီး၏
ဂုဏ်သတင်းကို သိပြီးသူများ၊ အရင်က နှစ်ကြိမ်မျှ အစွမ်းပြခဲ့ခြင်းကြောင့် လူတွေ ချောင်းပေါက်မတတ်
နေ့တိုင်းလာကာ ပူဇော်ကြသည်။
အခု ပင်မခန်းမဆောင်ထဲမှာ
အမွှေးတိုင် ပူဇော်ဖို့ စောင့်ဆိုင်းနေသူတွေ အယောက် ၂၀ကျော်လောက်ရှိသည်။
သူတို့က
စီရင်စုမြို့က လာတာ သာမက တခြားနေရာတွေက လာသူတွေလည်း ရှိသည်။
ရှစ်ချင်းလျို့
ဝင်သွားတော့ အမွှေးတိုင် ပူဇော်နေသည့် လူအများစုက သူမကို မှတ်မိသည်။
"အမျိုးသမီးရှစ်
ရောက်လာပြီကို။"
"အမျိုးသမီးရှစ်
ဆရာ့ကို အမွှေးတိုင် လာပူဇော်တာလား။"
ရှစ်ချင်းလျို့က
ပြုံးကာ ပြောခဲ့သည်။ "ဟုတ်ပါတယ်၊ ဆရာ့ကို အမွှေးတိုင်လာပူဇော်တာပါ။"
မူလက
အမွှေးတိုင်ပူဇော်နေသည့်လူတွေက ဘေးကို လမ်းဖယ်ပေးခဲ့လေသည်။ "အမျိုးသမီးရှစ် အရင်ပူဇော်လိုက်ပါ။"
ရှစ်ချင်းလျို့က
ဟိတ်ဟန်ထုတ်မနေတော့ပေ။ "ဒါဆိုရင် အားမနာတော့ဘူးနော်၊ ကျေးဇူးတင်ပါတယ်။"
ထို့နောက်
သူမက ရှေ့တိုးသွားပြီး ပြောင်းဖူးကို စားပွဲပေါ် တင်ပေးလိုက်ပြီး အမွှေးတိုင်သုံးချောင်း
ထုတ်ယူလိုက်သည်။
သူမက
စားပွဲပေါ်က ဖယောင်းတိုင်ဖြင့် အမွှေးတိုင်ကို မီးငြိကာ ပြောခဲ့သည်။
"ဆရာ
တပည့်ကိုစိုက်ခိုင်းထားတဲ့ ပစ္စည်း ရင့်မှည့်ပါပြီ၊ ဒီပြောင်းဖူးလို့ခေါ်တဲ့အရာက စားလို့ရတယ်လို့
ပြောခဲ့တယ်နော်၊ ဒီတပည့်က မသေချာလို့ ထပ်မေးကြည့်ချင်ပါတယ်၊ ဒါကို တကယ်ပဲ အစားအသောက်အဖြစ်
သုံးလို့ ရပါသလား၊ ရတယ်ဆိုရင်တော့ ဒီတပည့်ကို အစွမ်းပြပြီး ညွှန်ကြားပေးဖို့ တောင်းဆိုပါရစေ။"
သူမက
စကားပြောပြီးသည်နှင့် စားပွဲရဲ့ အတွင်းပိုင်းဘက်ကို လက်ဖြင့် ထိခဲ့သည်။
အစွမ်းပြအောင်လို့
အမွှေးတိုင်ခွက်ကိုပဲ အမြဲ မထိပေ။
ရှေးခေတ်ကလူတွေဟာလည်း
ငတုံးတွေ မဟုတ်ပေ။
အမွှေးတိုင်ပူဇော်ခွက်ကိုပဲ
မကြာခဏ ထိနေပါက ဉာဏ်ကောင်းသည့်လူတွေက အမွှေးတိုင်ခွက်မှာ တစ်ခုခု မှားယွင်းနေတာကို
သိသွားနိုင်သည်။
သူမက
စကားပြောပြီးသည်နှင့် အမွှေးတိုင်ကို အမွှေးတိုင်ပူဇော်ခွက်ထဲ စိုက်ပြီး ဦးသုံးကြိမ်
ပြုခဲ့သည်။
သူမ ဦးညွှတ်နေတုန်းမှာပဲ
သူမ ဘေးမှာ လေတွေ တိုက်လာခဲ့သည်။
မသေမျိုးဘုန်းတော်ကြီးရဲ့
ကမ္ဗည်းတိုင်မှာ ရွှေရောင်ဖျော့ဖျော့ ရောင်ခြည်တော်စက်ဝန်း ထင်ဟပ်သွားပုံက အလွန်ထိတ်လန့်စရာကောင်းသည်။
အစွမ်းပြဖို့
နည်းလမ်း ပြောင်းလဲတာက သူမရဲ့ ဝှက်ဖဲ ဖြစ်သည်။
သူမက
အချိန်တိုင်း သူမခေါင်းအထက်မှာ လေတိုက်ကာ ရောင်ခြည်တော်စက်ဝန်း ထုတ်လွှင့်ခိုင်းမည်
မဟုတ်ပေ။
ဒီတစ်ခါလည်း
အလင်းပြန်ခြင်းနိယာမကို အသုံးပြုခဲ့တာ ဖြစ်သည်။
သို့ပေမယ့်
ကမ္ဗည်းပြားဆီ အလင်းပြန်တောက်ပခဲ့တာဖြစ်သည်။
ရောင်ခြည်တော်စက်ဝန်းက
မှေးမှိန်သော်လည်း သူမ ဘေးက လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။
ဖေးယွီကျယ်က
မသေမျိုးဘုန်းတော်ကြီး ကိုယ်ထင်ပြတာကို တစ်ခါမြင်ဖူးခဲ့သည်။
သူက ထပ်ပြီး
ထိတ်လန့်သွားခဲ့သော်လည်း တည်ငြိမ်စွာ လက်ခံနိုင်ခဲ့သည်။
သို့ပေမယ့်
ရှီလွေ့နှင့် တခြားလူတွေအတွက်တော့ ဒီလို တွေ့ဖူးတာ ပထမဆုံးအကြိမ် ဖြစ်သည်။
သူတို့တွေက
တစ်ပြိုင်တည်း မျက်လုံးတွေ ပြူးကျယ်သွားခဲ့သည်။
သူ့ပါးစပ်ထဲ
ဥဝင်ဥလို့ရသည်အထိ ရှီလွေ့က ပါးစပ်အဟောင်းသားဖြစ်နေခဲ့သည်။ "မသေမျိုးက တကယ်ရှိတာပဲ။"
ရှီရုံကလည်း
မယုံကြည်နိုင်စွာ ကြည့်ခဲ့သည်။ "လျို့လျို့ရဲ့ ဆရာက တကယ် မသေမျိုးပဲ။"
နောက်ဆုံးအနေနဲ့ကတော့
မြို့တော်က ပြန်ရောက်လာသည့် လျန်ယို့ရှောင်က ကြက်သေသေသွားခဲ့သည်။
"ဖေးယွီကျယ် ငါ့ကိုလိမ်ပြောတာလို့ ထင်ခဲ့တာ။"
သူ မယုံကြည်ခဲ့ပေ။
ဘယ်လိုဖြစ်နိုင်မှာလဲ။
အခု သူက
မျက်နှာကို ခပ်မြန်မြန်ပဲ ပါးရိုက်ခဲ့မိသည်။
ထို့နောက်
ဖေးယွီကျယ်က သူ့ကို ဖြည်းညင်းစွာ တို့ထိခဲ့သည်။ "မသေမျိုးဘုန်းတော်ကြီးရှေ့မှာ
ပေါက်ကရတွေ မပြောနဲ့။"
အရင်ကတော့
မသေမျိုးဘုန်းတော်ကြီးအကြောင်း သူ မယုံခဲ့ပေမယ့် အခုတော့ မျက်လုံးဖြင့် နှစ်ကြိမ် တပ်အပ်မြင်ခဲ့တာကြောင့်
ယုံကြည်လိုက်ရတော့သည်။
လျန်ယို့ရှောင်က လက်ဆန့်ထုတ်ပြီး
သူ့ပါးစပ်ကို ရိုက်ခဲ့သည်။
ထို့နောက်
သူက ကမ္ဗည်းတိုင်ကို အရိုအသေပေးခဲ့သည်။ "ဟုတ်ပါတယ်၊ ကလေးပဲရှိသေးလို့ ကျေးဇူးပြုပြီး
ခွင့်လွှတ်ပေးပါ၊ မသေမျိုးဘုန်းတော်ကြီး တပည့်တော်ကို ခွင့်လွှတ်ပေးဖို့
မျှော်လင့်ပါတယ်။"
တခြားလူတွေက
သူ့ကို ကြည့်ခဲ့သည်။ ဒီလောက်ကြီးသည့် ကလေးမျိုး အခုမှ တွေ့ဖူးတာ ဖြစ်သည်။
ရှီလွေ့နှင့်
တခြားလူတွေက လျန်ယို့ရှောင်ကို ရွံရှာသလိုကြည့်ပြီး ခပ်ဝေးဝေး
ဆုတ်သွားခဲ့သည်။
ဒီအရူးကြီးကို
သူတို့ မသိပေ။
ရှစ်ချင်းလျို့
အမွှေးတိုင်ပူဇော်ပြီးနောက် တခြားလူတွေကလည်း အလျင်စလို လာရောက်ပူဇော်ခဲ့ကြသည်။
အမွှေးတိုင်းလာရောက်ပူဇော်သည့်လူတွေက
မသေမျိုးဘုန်းတော်ကြီး ကိုယ်ထင်ပြတာကို တပ်အပ်မြင်ခဲ့တာကြောင့် ပိုပြီး ရိုသေကိုင်းရှိုင်းသွားခဲ့ကြသည်။
ထို့နောက်
ရှစ်ချင်းလျို့က ပြောင်းဖူးကို ပြန်ယူခဲ့သည်။
ဖေးယွီကျယ်က
အရာရှိလုပ်မည့်လူဖြစ်တာကြောင့် သူ့တုံ့ပြန်မှုက ပိုမြန်သည်။
ခန်းမထဲကထွက်လာပြီးနောက်
သူက ရှစ်ချင်းလျို့ လက်ထဲက ပြောင်းဖူးကိုညွှန်ပြကာ ပြောခဲ့သည်။ "ရှစ်ချင်းလျို့
ဒါက စားလို့ရတယ်လို့ ပြောခဲ့တာမလား။"
ရှစ်ချင်းလျို့က
ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်တယ် ကျွန်မ ဆရာက စာထဲမှာ သူ့နောက်ဆုံးစကားအဖြစ် လက်ရှိဘုရင်က
ရွေးချယ်ခံထားရတဲ့ဘုရင်ဖြစ်ကြောင်း ရေးသားထားခဲ့တယ်၊ သူထွက်သွားပြီးရင် သူချန်ခဲ့တဲ့
မျိုးစေ့ကို ဒီနှစ် ဇူလိုင်လမှာ စိုက်ပျိုးဖို့ မှာခဲ့တယ်၊ ရွှေရောင်ပြောင်းဖူးတွေကို
ရိတ်သိမ်းနိုင်မယ်ဆိုရင် ဒါက ကောင်းကင်ဘုံက ချီးမြှင့်တဲ့ မျိုးစေ့တွေဖြစ်ကြောင်း ပြောခဲ့တယ်၊
တစ်မူဆိုရင် ကျင်း တစ်ထောင် ထွက်တဲ့ အထိ သူ့အထွက်နှုန်းက
သိပ်ကောင်းတာ။"
လျန်ယို့ရှောင်က မေးခဲ့သည်။
"ဘယ်လောက်အထိ ထုတ်နိုင်လဲ။"
ရှစ်ချင်းလျို့က
ပြန်ဖြေခဲ့သည်။ "တစ်မူကို အလေးချိန် ကျင်း
တစ်ထောင် အထိ ထုတ်နိုင်တယ်။"
ဒီပြောင်းစေ့တွေက
သူမရဲ့ လျှို့ဝှက်ဆန်းကြယ်သည့် နေရာလွတ်က မြေနေရာကောင်းမှာ စိုက်ပျိုးခဲ့သည့် အရည်အသွေးမြင့်
မျိုးစေ့တွေဖြစ်သည်။
အထွက်နှုန်းကောင်းတာ
အရသာရှိသည်။
အဓိကအချက်မှာ
သူတို့ ကြီးထွားဖို့ အထူးကောင်းမွန်သည့် မြေနေရာ မလိုအပ်တာ ဖြစ်သည်။
လျန်ယို့ရှောင်နှင့်
ဖေးယွီကျယ်က မယုံကြည်နိုင်စွာ မေးခဲ့သည်။ "ဘာ၊ အဲ့လောက်တောင်များလား၊
တကယ်ကြီးလား။"
သူတို့က
အမျိုးအစားမတူသည့် ဂျုံစပါးတွေရဲ့ အထွက်နှုန်းကို မသိရသည်အထိ
တုံ့အသည့် အထက်တန်းလွှာ သခင်လေးတွေ မဟုတ်ပေ။
အနည်းဆုံးတော့
သူတို့စံအိမ်ရဲ့ တစ်မူမှာ ဂျုံစပါးတွေ ဘယ်လောက်ထွက်လဲဆိုတာ သူတို့
သိသည်။
ရှီလွေ့နှင့်
ရှီရုံကတော့ တကယ်မသိလို့ အံ့သြဆွံ့အနေခဲ့သည်။
သို့ပေမယ့်
အလေးချိန်ကျင်း တစ်ထောင်ကျော် ထုတ်နိုင်မည့်အကြောင်းကြားတော့
ဒါက များပြားလွန်းသည့် ပမာဏဆိုတာ သိလိုက်သည်။
ရှစ်ချင်းလျို့က
ပုခုံးတွန့်ပြလိုက်သည်။ "ဒီပြောင်းတွေကို ခြံနောက်မှာ စိုက်ခဲ့တာလေ၊ ရှင်တို့ကို
လိမ်ပါ့မလား။"
ရှစ်ချင်းလျို့ရဲ့
အမှုမထားသည့် အမူအရာကိုတွေ့တော့ လျန်ယို့ရှောင်နှင့်ဖေးယွီကျယ်က
ဆွံ့အသွားခဲ့သည်။
"ပြောင်းခင်း
သွားကြည့်ရအောင်။" သူတို့နှစ်ယောက်လုံးက အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
ထို့ကြောင့်
အကုန်လုံး ခြံနောက်ကို ရောက်ခဲ့ကြသည်။
ရှစ်ချင်းလျို့က
ရှောင်ဟန်ကျန့်ကို လက်ထဲက ပြောင်းဖူး ပေးခဲ့ပြီး ခြံထဲက ဟာတွေကို ဆက်ခူးခဲ့သည်။
သူမက
ပြောင်းဖူးကို သေးသေးလေးဖြစ်အောင် လုပ်တာမြင်တော့ လျန်ယို့ရှောင်က
အမြန်တားပြီး မေးခဲ့သည်။ "ဘာလုပ်နေတာလဲ။"
ရှစ်ချင်းလျို့က
သူ့ကို နားလည်ရခက်စွာကြည့်ခဲ့သည်။ "သူတို့ကို သေးသေးလေးတွေ ခြွေပြီး ဒီည အိမ်ယူပြန်ပြီး
စားမှာလေ။"
ဖေးယွီကျယ်က
မေးခဲ့သည်။ "ဒါ ဖြုန်းတီးရာ မကျဘူးလား။"
ရှစ်ချင်းလျို့က
ခဏလောက်တွေးကာ ပြောခဲ့သည်။ "ရှင်တို့ ပြောင်းဖူးအရသာကို မြည်းချင်တယ်မလား၊ ဒါ
စားလို့ ရလားဆိုတာ သိချင်တယ်မလား။"
လျန်ယို့ရှောင်နှင့်
ဖေးယွီကျယ်က ခဏလောက် တွေးကာ အတူတကွ ဖြေခဲ့သည်။ "စားကြည့်ချင်တယ်။"
လျန်ယို့ရှောင်က ပြောခဲ့သည်။
"မသေမျိုးဘုန်းတော်ကြီးက တကယ့်အံ့ဖွယ်ပဲ၊ သူက စားလို့ရတယ်လို့ပြောမှတော့
တကယ်စားလို့ရတာပဲပေါ့။"
ငါက သူ့တပည့်လား
ရှင်က သူ့တပည့်လားဟု ရှစ်ချင်းလျို့က တွေးလိုက်လေသည်။
သူမက
ပြောခဲ့သည်။ "သေးသေးလေးတွေ လုပ်ပြီး စားကြည့်မယ်၊ စားလို့ရတယ်ဆိုရင် ဘုရင်ကြီးကို
ဆက်သမယ်။"
ကျန်သည့်လူတွေက
ကတိုက်ကရိုက် ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါပေါ့။"
ရှစ်ချင်းလျို့က
ပြောင်းဖူးကို ချိုးနေပြီး ကျန်သည့်လူတွေက ဘေးကနေ အာရုံစိုက်ကာ ကြည့်နေခဲ့သည်။
သူမက
ပြောင်းဖူးချိုးနေရင်း အပြစ်ရှိသလို ခံစားခဲ့ရသည်။
ဒီနေ့ညက
တစ်နှစ်အတွင်း ပြောင်းဖူးစရမည့် တစ်ခုတည်းရက်ဖြစ်ကြောင်း သူမ သိသဖြင့် ပိုခူးခဲ့သည်။
ဟင်း
ပြောင်းဖူးလေးနည်းနည်းစားရတာဟာလည်း ဇိမ်ခံမှုတစ်မျိုးဖြစ်မည်ဟု သူမ မထင်မိခဲ့ပေ။
ပြောင်းဖူးတွေချိုးပြီးနောက်
တောင်အောင်ဆင်းသည့်အချိန်မှာ ရှောင်ဟန်ကျန့်က ပြောခဲ့သည်။ "ကိုယ် စီရင်စုမြို့ကိုသွားပြီး
ပြောင်းဖူးရဲ့အရသာကိုမြည်းစမ်းဖို့ တရားသူကြီးမင်းမော့နဲ့ ကိုယ့်ဆရာကို သွားခေါ်လိုက်မယ်။"
ဒီတစ်ညသာ
ပြောင်းဖူး စားရဖို့ ၉၀ ရာခိုင်နှုန်း သေချာကြောင်း သူလည်း ခံစားမိခဲ့သည်။
ရှစ်ချင်းလျို့ကလည်း
ခေါင်းငြိမ့်သဘာတူခဲ့သည်။ "ကောင်းပြီ၊ ဖိတ်ခေါ်လိုက်၊ ဒီည ပြောင်းဖူးပြုတ်နဲ့
ပြောင်းဖူးချပါတီ လုပ်စားကြတာပေါ့။"
ရှောင်ဟန်ကျန့်က
ခေါင်းငြိမ့်ပြခဲ့သည်။ "ကောင်းပြီ။"
လျန်ယို့ရှောင်နှင့်
တခြားလူတွေကလည်း မော့ချင်းလင်နှင့် ဆရာဟုန်ကို ဖိတ်ခေါ်တာကို မငြင်းပယ်နိုင်ခဲ့ပေ။
ပြောင်းဖူးဟာ
တကယ်စားလို့ရပြီး အရသာရှိကာ အထွက်နှုန်းကောင်းပါက အကျိုးအမြတ်များစွာ
ရမှာကို သူတို့သိသည်။
အဓိက
အချက်က တာ့လျန်ကလူတွေ ဆာလောင်ငတ်မွတ်ရတော့မည် မဟုတ်ပေ။
ထို့သို့တွေးလိုက်တော့
စားသောက်ပျော်ပါးဖို့သာသိသည့် ရှီလွေ့ပင် စိတ်လှုပ်ရှားခဲ့သည်။
သူတို့တွေက
မသေမျိုးဘုန်းတော်ကြီး ကိုယ်ထင်ပြတာကို မျက်မြင်တွေ့ခဲ့ရသလို ပြောင်းဖူးရဲ့အရသာကို
မြည်းစမ်းရမည့် ပထမဆုံး လူအုပ်လည်းဖြစ်သည်။
ထိုသို့တွေးလိုက်ရုံဖြင့်
သူတို့ကို စိတ်လှုပ်ရှားစေခဲ့သည်။