အပိုင်း ၁၇၇
Viewers 14k

အခန်း(၁၇၇) - မင်းရဲ့မိန်းမက ငါ့ထက်တောင် ဖြုန်းတီးသေးတယ်

 

သူတို့အိမ်ပြန်ရောက်သည့် အချိန်မှာတော့ ရှစ်ချင်းလျို့က ရှောင်ပိုင်လီကို မီးဖိုးခန်းထဲ ဆွဲခေါ်သွားခဲ့သည်။

 

ရှောင်ပိုင်လီက အပျိုလေးဖြစ်တာကြောင့် လျန်ယို့ရှောင်နှင့် ရှီလွေ့က သူတို့လည်း ပါဝင်ချင်သည့်စိတ်ကို ထိန်းချုပ်ထားလိုက်ကြသည်။

 

ရှီရုံကတော့ စည်းစောင့်ထိန်းစရာ မလိုတာကြောင့် ချက်ချင်း ဝင်ပါသွားခဲ့သည်။

 

လျန်ယို့ရှောင်နှင့် ရှီလွေ့ရဲ့ မျက်နှာထက်မှာ မနာလို အားကျမှုတွေ ပြည့်နေခဲ့သည်။

 

ဖေးယွီကျယ်က သူတို့နှစ်ယောက်ရဲ့ အမူအရာကိုကြည့်ပြီး တော်တော်လေးကို ရူးနှမ်းကြတာပဲဟု တွေးလိုက်လေသည်။

 

ဒီနှစ်ယောက်ကို သူ မသိပေ။

 

ရှစ်ချင်းလျို့က ပြောင်းဖူးက အစေ့လေးတွေကို ယူပြီး ကြိတ်လိုက်သည်။

 

လူတိုင်းက ပြောင်းဖူးအရသာကို စားချင်နေတာကြောင့် တခြားအရာတွေ မထည့်ခဲ့ပေ။

 

အိမ်မှာ ဝက်နံရိုးတွေ ရှိနေသေးတာကြောင့် ပြောင်းဖူးနှင့်လည်း နှပ်ခဲ့သေးသည်။

 

ညစာ အဆင်သင့် မဖြစ်သေးခင်မှာပဲ မော့ချင်းလင်နှင့် ဆရာဟုန်က ရှောင်မိသားစုအိမ်ကို မြင်းရထားလုံးဖြင့် ရောက်လာခဲ့သည်။

 

မော့ချင်းလင်က ဘုရင်ကြီးကစာကို ရပြီးသားဖြစ်သော်လည်း ထိုလူတွေကို မြင်လိုက်တော့ ခေါင်းကိုက်သွားခဲ့သည်။

 

ရှစ်ချင်းလျို့မလို့ သူတို့အုပ်စုကို ကိုင်တွယ်နိုင်တာဖြစ်သည်။

 

မဟုတ်ပါက သူတို့သာ စီရင်စုမြို့ကိုသွားခဲ့ရင် ဘာတွေဖြစ်သွားမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

 

"အစ်ကိုလင်။" လျန်ယို့ရှောင်၊ ဖေးယွီကျယ်၊ ရှီလွေ့နှင့် ရှီရုံတို့က တစ်ယောက်ပြီးတစ်ယောက် မော့ချင်းလင်ကို နှုတ်ဆက်ခဲ့ကြသည်။

 

ဘာပဲဖြစ်ဖြစ် မော့ချင်းလင်ကလည်း မြို့တော် အပျော်အပါးမက်သည့် အထက်တန်းလွှာက သခင်လေးတွေထဲက တစ်ယောက် ဖြစ်သည်။

 

သူက ရုတ်တရက်ကြီး ရည်မှန်းချက် ကြီးမားခဲ့ကာ သူ့ဘဝကို တိုးတက်အောင်ကြိုးစားခဲ့သော်လည်း ထိုလူတွေက သူ့ကို သူတို့နှင့်တန်းတူသာ ဆက်ဆံနေဆဲ ဖြစ်သည်။

 

မော့ချင်းလင်ရဲ့ အေးစက်သည့်မျက်နှာက အပြုံးတစ်ခုဖြစ်ပေါ်ခဲ့သည်။ "မင်းတို့တွေက နန်ရှီစီရင်စုမြို့ကိုတောင် ခိုးထွက်လာရဲသေးတယ်၊ ဘုရင်ကြီးကိုတောင် အထိတ်တလန့် ဖြစ်သွားစေခဲ့သေးတယ်။"

 

လျန်ယို့ရှောင်က ချက်ချင်းအပြစ်ဖို့ခဲ့သည်။ "ရှီလွေ့က အိမ်ကပြေးဖို့လုပ်နေတာ၊ ကျွန်တော်ကလည်း သူတစ်ယောက်တည်း လျှောက်သွားရင် အန္တရာယ်ဖြစ်မှာစိုးလို့ အဖော်လိုက်ခဲ့ပေးတာ၊ ရှီရုံကတော့ ကျွန်တော်တို့နဲ့ မဆိုင်ဘူးနော်၊ သူက ရှီလွေ့နဲ့ အတင်း အိမ်ပြေးမယ်ဆိုပြီး လုပ်နေခဲ့တာ။"

 

ဒီမျိုးမစစ်က သူငယ်ချင်းတွေကို တမင်ရောင်းစားနေတာပဲဟု ရှီလွေ့က တွေးလိုက်လေသည်။

 

ရှီရုံကလည်း လျန်ယို့ရှောင်ကို စိုက်ကြည့်ခဲ့သည်။ "စကားဘယ်လိုပြောရမလဲဆိုတာ နင်မသိဘူးလား။"

 

သူမကပဲ ရှီလွေ့ကို အလွန်သဘောကျပြီး ကပ်တွယ်ချင်နေသည့်လူနှင့် တူနေသည်။

 

ရှီလွေ့လိုလူမျိုးက သူမအတွက် လက်ဆောင်ဆိုရင်တောင် မလိုချင်ပေ။

 

ဒါ့အပြင် သူတို့က ဝမ်းကွဲမောင်နှမတွေ ဖြစ်သည်။

 

သူမက ရှီလွေ့ထက် တစ်နှစ်ကြီးသည်။

 

မော့ချင်းလင်က ရယ်ရမလား ငိုရမလား မသိတော့ပေ။ "ကောင်းပြီ ထိုင်ကြ၊ ပြောင်းသီးနှံစိုက်ပျိုးရေး အောင်မြင်ရင် မင်းတို့ နှစ်ယောက်လုံး ငါနဲ့ မြို့တော်ပြန်လိုက်ရမယ်။"

 

သူက ပြောင်းဖူးကို အလွန်အလေးထားသည်။

 

အမှန်တကယ်သာဆိုရင်တော့ နန်ရှီစီရင်စုမြို့ရဲ့ တရားသူကြီးမင်းဖြစ်သည့်သူက ပြောင်းသီးနှံ ဆက်သဖို့ ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ကို ခေါ်သွားရမည်။

 

သူက အကျိုးအမြတ် ယူချင်လို့ မဟုတ်ဘဲ ဒါက သူ့တာဝန် ဖြစ်သည်။

 

မကြာမီက ထွက်နေသည့်အတိုင်း ကောင်းကင်ဘုံကနေ ချီးမြှင့်သည့် အစေ့တွေဆိုတာ တကယ်ဖြစ်ပါက တာ့လျန်ကလူတွေလည်း ကောင်းချီးပေးခံရတာ ဖြစ်သည်။

 

လျန်ယို့ရှောင်နှင့် တခြားလူတွေက မငြင်းခဲ့ပေ။ "ကောင်းပြီ။"

 

ဒီကိစ္စကို ပထမဆုံးမြင်တွေ့သည့် လူအုပ်တွေအနေဖြင့် သူတို့လည်း မြို့တော်ကို ပြန်လိုက်ရမည်ဖြစ်သည်။

 

ဒီလိုပျော်ဖို့ကောင်းသည့် အခါသမယကို ဝင်ပါခွင့်ရတာ မဆိုးပေ။

 

သူတို့ထိုင်ပြီး မကြာခင်မှာပဲ ရှစ်ချင်းလျို့နဲ့ ရှောင်ပိုင်လီက ညစာ ပြင်လို့ ပြီးသွားခဲ့သည်။

 

ပြောင်းဖူးအပြင် သူတို့က တခြားဟင်းလျာတွေလည်း ပြင်ဆင်ထားခဲ့သည်။

 

ထိုအချိန်မှာ လူတိုင်းရဲ့ အာရုံက ပြောင်းဖူးအပေါ်မှာသာ ရှိသည်။

 

"ဒါက ပြောင်းဖူးပြုတ်၊ ဒီတိုင်းတစ်ခါတည်း စားလို့ရတယ်၊ ဒါက ပြောင်းဖူးအနှစ်ကနေ လုပ်ထားတဲ့ ပြောင်းဖူးချပါတီ၊ ဒါက ပြောင်းဖူးနဲ့ ဝက်နံရိုးနှပ်၊ ပြောင်းဖူးတွေကို အခြောက်လှန်း အစေ့တွေကို အမှုန့်ကြိတ်ပြီးရင် ပြောင်းဖူးပေါင်မုန့်၊ ပြောင်းဖူးပန်ကိတ် စတာတွေ လုပ်လို့ ရတယ်လို့ ကျွန်မ ဆရာက ပြောပြခဲ့တယ်။"

 

ရှစ်ချင်းလျို့က မိတ်ဆက်ပေးပြီးသည်နှင့် ဆက်ပြောခဲ့သည်။ "ကျွန်မ အရင်မြည်းကြည့်မယ်၊ ဒါက အဆိပ်မဟုတ်ကြောင်း အာမခံတယ်။"

 

ထို့နောက် သူမက တစ်ခုချင်းစီ မြည်းပြခဲ့သည်။

 

ထိုအချိန်မှာပဲ ဒမ်ဘီလည်း ရောက်လာကာ သူ့ခေါင်းဖြင့် ရှစ်ချင်းလျို့ကို ပွတ်သပ်ခဲ့သည်။

 

ရှစ်ချင်းလျို့က သူမ ဘဲငန်းကို အလွန်ချစ်သည်။

 

သူမက ချက်ချင်း ပြောင်းဖူးပြုတ်ကို ဇွန်းအပြည့် ကော်ခပ်ပြီး ဒမ်ဘီကို မြေကြီးပေါ် ချကျွေးခဲ့သည်။

 

သူမက ပြောင်းဖူးကို အချောင်းလိုက် ပြုတ်မထားခဲ့ပေ။

 

ဆရာဟုန်ရှိနေတာကြောင့် လူတိုင်းက ပြောင်းဖူးပြုတ်ကို တန်းယူစားလိုက်ဖို့ မသင့်လျော်ပေ။

 

စာသင်သားတွေအကုန်လုံးက သူတို့ပုံရိပ်ကို ထိန်းသိမ်းကြရသည်။

 

ရှစ်ချင်းလျို့က ဘဲငန်းကို ပြောင်းဖူးတွေ ကော်ကျွေးနေတာကို တွေ့တော့ လူတိုင်းက စိတ်ဖိစီးသွားခဲ့ကြသည်။

 

ဒမ်ဘီက မြန်မြန်ဆန်ဆန်ပဲ ပျော်ရွှင်စွာ စားသောက်ပြီးနောက် ထပ်တောင်းခဲ့သည်။

 

ရှစ်ချင်းလျို့က ပြုံးပြီး နောက်တစ်ဇွန်း ခပ်ကျွေးခဲ့သည်။

 

လျန်ယို့ရှောင်က မနေနိုင်စွာ ပြောခဲ့သည်။ "မင်းလည်း ဒီလိုပဲ လက်ဖွာတာလား၊ ငါတို့တောင် မစားရသေးဘူး သူကတော့ နှစ်ဇွန်းအပြည့် စားပြီးသွားပြီ။"

 

ဒမ်ဘီက လူစကား နားလည်သည်။

 

သူက ချက်ချင်း မပျော်မရွှင်ဖြစ်သွားခဲ့သည်။ ဒီခြေနှစ်ချောင်းနဲ့ မကောင်းဆိုးဝါးက ထပ်ပြီး စိတ်အနှောက်အယှက်ပေးနေတာပဲ။

 

သူက လျန်ယို့ရှောင်ကို ခက်ထန်စွာ မော့ကြည့်ပြီး အတောင်ခတ်ကာ တိုက်ခိုက်တော့မတတ် ဖြစ်နေသည်။

 

ထိုအချင်းအရာကိုမြင်တော့ ရှစ်ချင်းလျို့က အမြန် နှစ်သိမ့်ပေးခဲ့သည်။ "ဘဲငန်းလေး သူနဲ့ ရန်မဖြစ်နဲ့နော်၊ ငါတို့ထပ်စားရင် တခြားလူတွေ စားဖို့ မကျန်ဘဲ နေမှာပေါ့။"

 

သူမရဲ့ ဘဲငန်းက ပြောင်းဖူးလေး နှစ်ဇွန်းစားတာကို ကျန်သည့်လူတွေ စိုက်ကြည့်နေကြတာ သနားစရာကောင်းလွန်းလှသည်။

 

သူ့ကို ထပ်ကျွေးဖို့လည်း သူမ ကသိကအောက်ဖြစ်သွားခဲ့သည်။

 

အစက ဒမ်ဘီက ထပ်လိုချင်သေးသော်လည်း သူ့အမေရဲ့ စကားကိုကြားလိုက်တော့ ထပ်မရနိုင်တော့တာကို သိသွားခဲ့လေသည်။

 

ထို့ကြောင့် သူက သနားစဖွယ် အော်ဟစ်ပြီး ရှစ်ချင်းလျို့ကို သနားစဖွယ်ဟန်ဖြင့် ပွတ်သပ်နေခဲ့သည်။

 

ကျန်သည့်လူတွေက ကြက်သေ သေသွားခဲ့သည်။ ဒီဘဲငန်း မှင်စာအဖြစ်များ ပြောင်းသွားခဲ့တာလား။

 

ရှစ်ချင်းလျို့က ရင်နာသွားခဲ့သည်။ သူမက အိတ်လေးထဲကနေ ဘဲငန်းအတွက် အထူးပြုလုပ်ထားသည့် ဘဲငန်းစာကို ချက်ချင်း ထုတ်ကာ ကျွေးလိုက်လေသည်။ "ဒါလေးစားပြီး စိတ်ဖြေလိုက်နော်၊ အနာဂတ်ကျမှ ပြောင်းတွေ အများကြီးစိုက်ပြီး မင်းကို ဝအောင် ကျွေးမယ်။"

 

ထိုအခါမှ ဒမ်ဘီလည်း စိတ်မပါစွာ အသံပြုခဲ့ပြီး စိတ်မပျော်စွာ ဘဲငန်းစာကို စားခဲ့လေသည်။

 

လူတိုင်းက သက်ပြင်းချခဲ့သည်။ ဒီဘဲငန်းက ရှစ်ချင်းလျို့ အလိုလိုက်တာ တော်တော်ခံထားရတာပဲ။

 

ပြီးတော့ ဒီဘဲငန်းက အများကြီး စားတော့ကော ဘာကောင်းကျိုးရှိမှာမလို့လဲ။

 

ထိုသို့တွေးလိုက်တော့ သူတို့တွေက ရင်နာသွားခဲ့သည်။

 

ရှီလွေ့က ရှောင်ဟန်ကျန့်ကို မပွင့်တပွင့်ပြောခဲ့သည်။ "မင်းရဲ့မိန်းမက ငါ့ထက်တောင် ဖြုန်းတီးသေးတယ်။"

 

ရှောင်ဟန်ကျန့်က ရယ်ရမလား ငိုရမလား မသိတော့ပေ။ "ကျွန်တော့် မိန်းမ မှာက အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ပဲရှိတာကို၊ ဒါကြောင့် နည်းနည်း ပိုအလိုလိုက်တာ ပုံမှန်ပါပဲ၊ သူ လက်ဖွာလည်း ရပါတယ်၊ သူ ပျော်ရင် ပြီးတာပါပဲ။"

 

အာရုံစိုက်ခံရအောင် ဒီဘဲငန်းက သူနှင့် မကြာခဏ ယှဥ်ပြိုင်ပြီးနောက် သူ ဘဲငန်းရဲ့ ပိုင်ရှင်ကို ချစ်သလို ဘဲငန်းကိုလည်း ချစ်ပေးဖို့သာ ကျန်တော့သည်။

 

ရှီလွေ့နဲ့ တခြားလူတွေက ကြက်သေ သေသွားခဲ့သည်။ ဘဲငန်းက်ု အိမ်မွေးတိရိစ္ဆာန်လိုမွေးတာ သူတို့ အခုမှ ပထမဆုံး ကြားဖူးတာ ဖြစ်သည်။

 

ရှစ်ချင်းလျို့က တကယ့် အံ့ဖွယ် ဖြစ်သည်။

 

ဒါ့အပြင် ရှောင်ဟန်ကျန့်ကလည်း ရှစ်ချင်းလျို့ကို သိပ်အလိုလိုက်သည်။

 

သူမ ခင်ပွန်းက လူအများရှေ့မှာ သူမကို ကာကွယ်ပေးပြီး အလိုလိုက်တာမြင်ရတော့ ကျေနပ်ပီတိဂွမ်းဆီထိနေလေသည်။

 

ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "လာကြ လာကြ၊ ပြောင်းဖူး လာစားကြ၊ အရမ်းစားကောင်းတယ်။"

 

မြည်းကြည့်ပြီးနောက် သူမနှင့် ဒမ်ဘီက ဘာမှ မဖြစ်တာမလို့ လူတိုင်းက မြည်းစမ်းခဲ့လေသည်။

 

သူတို့က အရင်ဆုံး ပြောင်းဖူးပြုတ်ကို မြည်းခဲ့သည်။ အရသာက မဆိုးပေ။

 

ပြောင်းဖူးချပါတီကတော့ တော်တော်လေး စားကောင်းသည်။

 

ပြောင်းဖူးနှင့်ဝက်နံရိုးနှပ်ကတော့ ချိုကာ မွှေးနေသည်။

 

ဆရာဟုန်က ခွဲမြည်းကြည့်ခဲ့ပြီး စိတ်လှုပ်ရှားမှုတွေ ပြည့်နေခဲ့သည်။ "ပြောင်ဖူးအရသာက တကယ်ကောင်းတယ်၊ အစားအသောက်အဖြစ် သုံးလို့ ရတယ်။"

 

သူက ရှစ်ချင်းလျို့ကို ကြည့်ကာ မေးခဲ့သည်။ "မြေဧရိယာ တစ်မူမှာ အလေးချိန်ကျင်း တစ်ထောင် လောက်ထွက်နိုင်တယ်လို့ ကျင်းယွီဆီက ကြားခဲ့တယ် ဟုတ်လား။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒါက ကျွန်မရဲ့ ခန့်မှန်းချက်ပါ၊ တိကျမလားဆိုတာတော့ မသိပါဘူး၊ ရိတ်သိမ်းပြီးမှပဲ ချိန်ကြည့်ရမှာပဲ။"

 

ဆရာဟုန်က ပြောခဲ့သည်။ "အလေးချိန် ကျင်း တစ်ထောင်လောက် ထွက်မယ်ဆိုရင်တော့ တာ့လျန်ကလူတွေ ဆာလောင်ရမှာ မပူရတော့ဘူး။"

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "အနည်းဆုံးတော့ လူအများစုက မငတ်မွတ်တော့ပါဘူး။"

 

ပြောင်းဖူးကိုပဲမှီတည်ပြီး လူတိုင်းအစာအိမ်ကို ဖြည့်တင်းနိုင်မည်ဆိုတာကတော့ လက်တွေ့မဆန်ပေ။

 

အနာဂတ်မှာ အခွင့်အရေးရှိရင် အာလူးနှင့် ကန်စွန်းဥတွေလည်း သူမ မျှဝေပေးမည်။

 

မော့ချင်းလင်လည်း အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။ "လူအများစု မငတ်မွတ်ရတော့ရင်ပဲ အံ့သြဖို့ကောင်းနေပြီ၊ ပြောင်းဖူးရဲ့ အရသာက မဆိုးဘူး၊ ဖွဲနုတွေ စပါးဖွဲကြမ်းတွေ စားရတာထက်တော့ ပိုကောင်းတာပေါ့။"

 

သူက မေးခဲ့သည်။ "ပြောင်းတွေက ရိတ်သိမ်းပြီးပြီလား။"

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ဟင့်အင်း၊ ကျွန်မခင်ပွန်းက ရှင့်ရုံးတော်က လူတွေနဲ့ ရိတ်ခိုင်းပြီး မြေဧရိယာ တစ်မူရဲ့ အထွက်နှုန်းကို မှတ်ထားတာက ပိုကောင်းမယ်လို့ ကျွန်မ ယောက်ျားက ပြောခဲ့ပါတယ် တရားသူကြီးမင်းမော့။"

 

မော့ချင်းလင်က ပြုံးကာ ပြောခဲ့သည်။ "ဒါဆို အကြံကို လက်ခံလိုက်ပါ့မယ်။"

 

နန်ရှီစီရင်စုမြို့ရဲ့ တရားသူကြီးမင်းအနေနှင့် ကောင်းကင်ဘုံကချီးမြှင့်သည့် ပြောင်းစေ့တွေ ရိတ်သိမ်းခြင်းကို သူကြည့်ရှုဖို့လိုသည်။

 

သူတို့က ဘုရင်ကြီးကို ဆက်သမည်ဖြစ်ကာ လိမ်လည်လို့ မရပေ။

 

ဘုရင်ကြီးနှင့် လူထုအတွက် သူတာဝန်ယူရမည်။

 

တစ်ချိန်တည်းမှာပဲ ရှစ်ချင်းလျို့နှင့်ရှောင်ဟန်ကျန့်ကို ယုံကြည်လေးစားသည်။

 

သူတို့နေရာမှာ တခြားလူဆိုပါက တရားသူကြီးကို ကျော်လွှာပြီး သူတို့ကိုယ်တိုင် တိတ်တဆိတ် ဘုရင်ကြီးကို သွားဆက်သကြမည်ဖြစ်သည်။

 

ဆရာဟုန်က သူ့တပည့်ကို ဂုဏ်ယူစွာ သဘောတူခဲ့လေသည်။

 

သူ့တွင် အရာရှိဖြစ်ဖို့ တကယ့်ကိုအရည်အချင်းရှိသည်။