အပိုင်း ၁၇၈
Viewers 14k

 

အခန်း(၁၇၈) - အပြစ်လွှဲချတဲ့လူ မဟုတ်ဘူး

 

ညစာ စားပြီးနောက် ဆရာဟုန်နှင့် မော့ချင်းလင်က မပြန်သေးပေ။

 

သူတို့က ရှောင်ဟန်ကျန့်ရဲ့ဇနီးကို တာအိုဘုန်းကြီးကျောင်းက ပြောင်းစိုက်ခင်းဆီ ခေါ်သွားခိုင်းခဲ့သည်။

 

လျန်ယို့ရှောင်နှင့် ကျန်လူတွေကလည်း ပျော်ပျော်ကြီး ထပ်လိုက်သွားခဲ့လေသည်။

 

တာအိုဘုန်းကြီးကျောင်း ခြံနောက်က စိုက်ပျိုးထားသည့် ပြောင်းခင်းတွေကိုမြင်ပြီးနောက် မော့ချင်းလင်နှင့် ဆရာဟုန်က ထပ်ပြီး စိတ်လှုပ်ရှားခဲ့ကြသည်။

 

အထွက်နှုန်းက မနည်းပေ။

 

မော့ချင်းလင်က မေးခဲ့သည်။ "မြေ တစ်မူ အတွက် ပြောင်းစေ့ ဘယ်လောက်လိုလဲ။"

 

သူက စီရင်စုမြို့ရဲ့ တရားသူကြီးမင်းဖြစ်လာပြီးနောက် လူထုရဲ့စားဝတ်နေရေးကို လေ့လာခဲ့သည်။

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "အလေးချိန် ၅ကျင်းလောက် လိုအပ်တယ်။"

 

ထိုစကားကိုကြားတော့ ရှောင်ဟန်ကျန့်မှလွဲ၍ ကျန်သည့်လူတွေ ကြက်သေ သေသွားခဲ့သည်။ "ဘာရယ်။"

 

မော့ချင်းလင်ရဲ့ အသက်ရှူသံတွေ ပိုမြန်လာခဲ့သည်။ "အလေးချိန် ၅ကျင်းလောက်က ပြောင်းအလေးချိန် ကျင်း တစ်ထောင်အထိ ထုတ်နိုင်တယ်လို့ ပြောတာလား။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်ပါတယ်။"

 

မျိုးစေ့အထွက်နှုန်းကောင်းအောင် စိုက်ပျိုးနည်းကို သူမက သိပ္ပံစိုက်ပျိုးရေး တက္ကသိုလ်ကနေ သင်ယူခဲ့တာဖြစ်သည်။

 

ဓာတုဓာတ်မြေသြဇာနှင့် စိုက်ပျိုးရေးပစ္စည်းတွရှိပါက ဒီထက်ပိုပြီး အထွက်နှုန်း ပိုတိုးနိုင်သည်။

 

လျန်ယို့ရှောင်က တံတွေးမျိုချခဲ့သည်။ "မိုက်လိုက်တာ။"

 

ရှီလွေ့က ပြောခဲ့သည်။ "ဒါကြောင့် ကောင်းကင်ဘုံက ပေးပို့ခဲ့တဲ့ မျိုးစေ့တွေဖြစ်နေတာကို။"

 

အခုတော့ မသေမျိုးဘုန်းတော်ကြီး တကယ်တည်ရှိကြောင်းကို လုံးဝယုံကြည်သွားပြီဖြစ်သည်။

 

မော့ချင်းလင်က သူ့ကိုယ်သူ မနည်းတည်ငြိမ်အောင် လုပ်နေရသည်။ "အခု အကုန်လုံး ရင့်မှည့်နေပြီလား။"

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "ဟုတ်ပါတယ်။"

 

သူမက ထပ်ပြောခဲ့သည်။ "မြို့တော်ကို ပြောင်းအစိုအတိုင်း ပို့မယ်ဆိုရင် အဆင်မပြေပါဘူး၊ မြို့တော်ကိုရောက်တဲ့အချိန်ဆိုရင် ပုပ်ကုန်လိမ့်မယ်၊ ဒါကြောင့် ရိတ်သိမ်းပြီးရင် ပြောင်းဖူးတွေကို အခြောက်ခံရပါမယ်၊ အခြောက်ခံပြီးတာနဲ့ စားလို့ ရတဲ့  ပြောင်းစေ့တွေကိုခြွေပြီး အမှုန့်ဖြစ်အောင်ကြိတ်ရပါမယ်၊ ပြောင်းရိုးကိုတော့ မီးထည့်ရာမှ ထင်းအဖြစ် သုံးစွဲလို့ ရပါတယ်။"

 

ဤနည်းဖြင့် အလဟသ မဖြစ်တော့ပေ။

 

မော့ချင်းလင်က ခေါင်းငြိမ့်ပြခဲ့သည်။ "ဒီနေ့ပဲ စာရေးပြီး မြို့တော်ကို အဆောတလျင်ပို့လိုက်မယ်၊ မနက်ဖြန်ကျရင် ရိတ်သိမ်းဖို့ လူတွေလွှတ်လိုက်မယ်။"

 

တကယ်လို့ နေသာမဝင်သေးဘူးဆိုရင်တော့ သူ မနက်ဖြန်အထိ စောင့်နေမည်မဟုတ်ပေ။

 

ရှစ်ချင်းလျို့က ပြုံးကာ ပြောခဲ့သည်။ "ဟုတ်ကဲ့ပါ ဒါဆိုရင် တရားသူကြီးမင်းမော့ကိုပဲဒုက္ခပေးပါရစေ။"

 

မော့ချင်းလင်က လက်ခါယမ်းပြခဲ့သည်။ "မင်းကို လူထုကိုယ်စား ကျုပ်ကသာ ကျေးဇူးတင်ရမှာပါ။"

 

ရှစ်ချင်းလျို့က ချက်ချင်း အပြစ်လွှဲချလိုက်သည်။ "ကျွန်မရဲ့ ဆရာက ချန်ခဲ့တာမလို့ သူ့ကိုသာ ကျေးဇူးတင်သင့်ပါတယ်။"

 

သူမက အောင်မြင်မှုနည်းနည်းသာ လိုချင်သည်။ သူမ အသက်ရှည်ရှည်နေချင်သေးသည်။

 

မော့ချင်းလင်က ကြက်သေသေသွားပြီးမှ ရှောင်ဟန်ကျန့်တို့ လင်မယားက အလွန်ထူးခြားသည့်လူတွေဆိုတာ သဘောပေါက်သွားခဲ့သည်။

 

သူက ပြုံးကာ ပြောခဲ့သည်။ "ဒါဆိုရင်တော့ ဘုန်းတော်ကြီးကို တကယ်ကျေးဇူးတင်ပါတယ်၊ မသေမျိုးဘုန်းတော်ကြီးကို အမွှေးတိုင်ပူဇော်ချင်လို့ ရမလား။"

 

မူလက မသေမျိုးဘုန်းတော်ကြီး ရှိတာကို သူ မယုံခဲ့ပေမယ့် ဒီနေ့လည်း မသေမျိုးဘုန်းတော်ကြီး ကိုယ်ထင်ပြတာကို လူအများစုထပ်မြင်ခဲ့ကြောင်း ကြားခဲ့ရတော့ တစ်ဝက်လောက် ယုံကြည်လာကာ သံသယ အနည်းငယ်လျော့သွားခဲ့သည်။

 

ဆရာဟုန်မှာလည်း တူညီသည့် အတွေး ရှိနေခဲ့သည်။ "ငါလည်း မသေမျိုးဘုန်းတော်ကြီးကို အမွှေးတိုင် ပူဇော်မယ်။"

 

ဒီမျိုးစေ့တွေကို မသေမျိုးဘုန်းတော်ကြီးက ချန်ထားပေးခဲ့တာ ဖြစ်သည်။

 

ထိုအရာက နိုင်ငံနှင့် လူမျိုးကို အကျိုးရှိစေသည်။

 

သူလည်း မသေမျိုးဘုန်းတော်ကြီးကို အမွှေးတိုင်ပူဇော်သင့်သည်။

 

ထို့ကြောင့် ရှစ်ချင်းလျို့က သူတို့ အမွှေးတိုင်ပူဇော်ဖို့ ခေါ်သွားပေးခဲ့သည်။

 

သို့သော်လည်း ဒီတစ်ခေါက်တော့ မသေမျိုးဘုန်းတော်ကြီး ကိုယ်ထင်ပြအောင်တော့ သူ မလုပ်ခဲ့ပေ။

 

မကြာခဏ ထိုသို့လုပ်နေပါက သသယံဝင်ခံရနိုင်သည်။

 

အထူးသဖြင့် ဆရာဟုန်လိုလူက မတော်တဆ ရှာတွေ့သွားနိုင်သည်။

 

မော့ရှင်းလင်သည်လည်း မရိုးရှင်းပေ။

 

သူတို့နှစ်ယောက် အမွှေးတိုင် ပူဇော်ပြီးနောက် ရှီလွေ့က မေးခဲ့သည်။ "အခုကျတော့ မသေမျိုးဘုန်းတော်ကြီးက ဘာလို့ မပေါ်လာတာလဲ။"

 

ရှီလွေ့က လူကောင်းလေးပဲဟု ရှစ်ချင်းလျို့က တွေးခဲ့သည်။

 

"ကျွန်မဆရာက အလုပ်များတယ်၊ ဘယ်လိုလုပ် တစ်ချိန်လုံး ကိုယ်ထင်ပြနေရမှာလဲ၊ သူ တစ်ခါ ကိုယ်ထင်ပြပြီးတာနဲ့ လုံလောက်နေပြီ။"

 

ရှီလွေ့က ခဏလောက်တွေးပြီးနောက် ပြန်ပြောခဲ့သည်။ "ဟုတ်သားပဲ။"

 

သူက အနားကပ်လာကာမေးခဲ့သည်။ "မင်းယောက်ျားရေးတဲ့ မသေမျိုးဝတ္ထုက သိပ်ကောင်းတာပဲ၊ ဒါကော မင်းရဲ့ ဆရာ အိပ်မက် ပေးခဲ့တာလား။"

 

သူနှင့်တခြားအထက်တန်းလွှာ သခင်လေးတွေ မြို့တော်မှာရှိတုန်းက မသေမျိုးဝတ္ထုကို စွဲလမ်းကြီးစွာ လိုက်ဖတ်ခဲ့သည်။

 

ရှောင်မိသားစုအိမ်ကိုရောက်မှပဲ ရှောင်ဟန်ကျန့်က စာရေးသူဖြစ်နေမှန်း သူသိခဲ့သည်။

 

ထို့ကြောင့် လွန်ခဲ့သည့် နှစ်ရက်က သူနှင့် လျန်ယို့ရှောင်က မထုတ်ဝေရသေးသည့် စာအုပ်ကို ကြိုဖတ်ရဖို့အတွက် ရှောင်ဟန်ကျန့်ကို မှီခိုခဲ့သည်။

 

သူတို့က ထိုဝတ္ထုထဲက ကျင့်ကြံနည်းမျိုးစုံနှင့် ရတနာတွေကို ဖတ်ရတာ သဘောကျသည်။

 

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "ခန့်မှန်းကြည့်လေ။"

 

ဒီမေးခွန်းကိုဖြေဖို့အတွက် သူမအတွက်မလွယ်ကူပေ။

 

သူမက ဆရာဖြစ်သူကို အပြစ်များစွာ ပုံချပြီးပြီဖြစ်တာကြောင့်  ဒီကိစ္စမှာတော့ ထပ်မဆွဲထည့်တော့တာ ပိုကောင်းမည်။

 

သူမက ဖြေဖို့ငြင်းခဲ့တာကြောင့် ရှီလွေ့က သူထင်တာမှန်ကြောင်း တွေးခဲ့လေသည်။ "ဒီလိုဖြစ်မယ်လို့ထင်သားပဲ၊ ဇာတ်ကွက်တွေက အစစ်နဲ့ တူနေတာလည်း မဆန်းတော့ပါဘူး၊ မင်းရဲ့ ဆရာက ကိုယ်တိုင် ကြုံတွေ့ခဲ့ရတာတွေကိုး။"

 

ရှစ်ချင်းလျို့က အသံတိတ်သွားခဲ့သည်။

 

ရှီလွေ့က အလွန်စိတ်ကူးယဥ်ဆန်တတ်သည့်လူမှန်း သူမ သိသွားခဲ့လေသည်။

 

ဒီတစ်ကြိမ်တော့ လျန်ယို့ရှောင်ပါ မနေနိုင်စွာ မေးမိခဲ့လေသည်။ "တကယ်ကြီးလား၊ မတူညီတဲ့ကျင့်ကြံစဥ်အဆင့်တွေ၊ မှော်ရတနာတွေ၊ ခင်းကျင်းမှုပုံစံတွေ၊ မှော်သားရဲတွေ အကြောင်း ဘယ်လိုများသိတာလည်းလို့ အံ့သြနေတာ၊ မသေမျိုးဘုန်းတော်ကြီးက အိပ်မက်ပေးခဲ့တာကို၊ အစစ်နဲ့ တူနေတာလည်း မဆန်းကြယ်တော့ပါဘူး။"

 

ဆရာဟုန်နှင့် တခြားလူတွေဟာလည်း ထိုဝတ္ထုကို ဖတ်ကြသည်။

 

အရင်ကတော့ သူတို့ ဒီလိုမတွေးမိခဲ့ပေမယ့် သူတို့စကားတွေကိုကြားပြီးနောက် သူတို့က တွေးလေလေ တကယ်ဖြစ်နိုင်ကြောင်း ပိုခံစားခဲ့ရသည်။

 

ရှောင်ဟန်ကျန့်က ကူကယ်ရာမဲ့သွားကာ မရှင်းပြနိုင်ခဲ့ပေ။

 

ဒီလိုထင်သွားတာလည်း ကောင်းသည်။ ဤနည်းဖြင့် လူတွေက သူ့ကိုအာရုံစိုက်ကာ ကျင့်ကြံဖူးလား၊ ရတနာကို ဘယ်လိုရှာတွေ့ခဲ့တာလဲ စသည့် မေးခွန်းတွေ ထုတ်တော့မည် မဟုတ်တော့ပေ။

 

ရှစ်ချင်းလျို့က သူမ ဆရာဖြစ်သူထံ ထပ်ပြီး အမွှေးတိုင်ထပ်သွားပူဇော်သင့်ကြောင်း ခံစားလိုက်ရလေသည်။

 

သူမက အပြစ်ဖို့တဲ့လူ မဟုတ်ဘဲ ထိုလူတွေက သူတို့ဘာသာ လုပ်ခဲ့တာ ဖြစ်သည်။

 

သူမရဲ့ တာအိုဘုန်းတော်ကြီးက သူများအတွက် အပြစ်ခံရသူ တကယ်ဖြစ်နေခဲ့သည်။

 

"ရှင်တို့ အဲ့လိုထင်ရင်လည်း အဲ့လိုပဲပေါ့။" သူမ ဘာပြောနိုင်ဦးမည်နည်း။ သဘောတူရုံသာ ရှိသည်။

 

သူမရဲ့ ပြန်ဖြေသံကြားတော့ ရှီလွေ့နှင့် တခြားလူတွေက မသေမျိုးဘုန်းတော်ကြီးအပေါ် ပိုအမြင်ကောင်းလာကြသည်။

 

သူတို့က နောက်ပြန်လှည့်ပြီး ထပ်ပြီး အမွှေးတိုင် ပူဇော်ခဲ့ကြလေသည်။

 

ရှီလွေ့က တောင်းပန်ခဲ့သည်။ "မသေမျိုးဘုန်းတော်ကြီး ခင်ဗျ၊ တပည့်တော်ကို မှော်သားရဲတစ်ကောင် ချီးမြှင့်ပေးပါ။"

 

လျန်ယို့ရှောင်ကလည်း ပြောခဲ့သည်။ "ကျွန်တော်မျိုးလည်း တစ်ကောင်လောက် လိုချင်ပါတယ်။"

 

ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။ အလယ်တန်းကျောင်းသားနှစ်ယောက်ကို ဒဏ်ရာရအောင်လုပ်ဖို့ သူမ မတတ်နိုင်ပေ။

 

မကြာမီက သူမ ခင်ပွန်းက စျေးထဲက ကြောင်ဖြူလေး ဝယ်ခဲ့သည့် အမျိုးသားဇာတ်ကောင်အကြောင်း ရေးခဲ့သည်။

 

သို့ပေမယ့် မှော်အစွမ်း ပိုင်ဆိုင်ထားသည့် ကျားဖြူတစ်ကောင်က ကြောင်ဖြူလေးရဲ့ ကိုယ်ထဲမှာ ပိတ်မိနေသည့် အကောင်ကို မွေးမြူမိကြောင်း မသိခဲ့ပေ။

 

ထို့နောက် သူက မိုးပြာရောင်နဂါး၊ ကျားဖြူ၊ မီးနဂါးငှက်နှင့် ကုန်းလိပ်မည်းကြီး စသည့် မှော်သားရဲလေးကောင်အကြောင်းရေးခဲ့လေသည်။

 

ထိုဇာတ်ကွက်ကြောင့် မြို့တော်က လူငယ်တွေကြားမှာ ကြောင်ဖြူလေးတွေ မွေးမြူတာ ရေပန်းစားခဲ့ကြောင်း ရှစ်ချင်းလျို့ မသိခဲ့ပေ။

 

ပင်မခန်းမဆောင်ကထွက်ပြီးနောက် ရှီလွေ့က မေးစေ့ပွတ်ကာ ပြောခဲ့သည်။ "ငါမွေးခဲ့တဲ့ ကြောင်ဖြူလေးက မှော်ကျားဖြူကြီးဖြစ်နေမလား မသိဘူး။"

 

လျန်ယို့ရှောင်က ပြောခဲ့သည်။ "မင်းရဲ့ ကြောင်ကိုကြည့်ရတာ ဉာဏ်ကောင်းပုံလည်း မရပါဘူးကွာ၊ အနောက်တိုင်း ကုန်သည်ဆီက ငါဝယ်ခဲ့တဲ့ ပါရှားကြောင်ကမှ ကျားဖြူနဲ့ ပိုတူသေးတယ်။"

 

ထိုစကားတွေကြားတော့ ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။ "ရှင်တို့က ဝတ္ထုထဲက မှော်ကျားဖြူကြောင့် ကြောင်ဖြူတွေဝယ်မွေးခဲ့တာလား။"

 

ရှီလွေ့နှင့် လျန်ယို့ရှောင် ပြောခဲ့သည်။ "ဟုတ်တယ်၊ ငါတို့ပဲ မဟုတ်ဘူး၊ မြို့တော်က လူအများစုလည်းမွေးကြတယ်။"

 

လျန်ယို့ရှောင်က ထပ်ပြောခဲ့သည်။ "ရစ်ငှက်တွေဖမ်းပြီး တစ်နေ့ကျရင် မှော်မီးနဂါးငှက်ဖြစ်သွားအောင် မွေးနေတဲ့လူတွေတောင်ရှိတယ်၊ တချို့ကလည်း မှော်ကုန်းလိပ်မည်းကြီးဖြစ်အောင် လိပ်မွေးနေတဲ့လူတွေလည်း ရှိတယ်၊ တချို့ကျတော့လည်း မြွေတွေမွေးပြီး တစ်နေ့ကျရင် ချိပ်စည်းပျက်ပြီး မှော်အစိမ်းရောင်နဂါးအဖြစ် ပြောင်းလဲသွားဖို့ မျှော်လင့်နေကြတာလေ။"

 

ရှစ်ချင်းလျို့ တကယ်ကို ဆွံ့အသွားခဲ့သည်။

 

အထူးသဖြင့် ရစ်ငှက်ကနေ မှော်မီးနဂါးငှက်ဖြစ်ဖို့ ဘယ်ဉာဏ်ကြီးရှင်က ဒီလိုအကြံရခဲ့တာလဲ။

 

သူတို့ရဲ့ ထူးဆန်းလှသည့် အကြံတွေကြောင့် တခြားလူတွေဟာလည်း ဆွံ့အနေခဲ့သည်။

 

ဒီအဖွဲ့နှင့် ရောနှောမနေတော့တာ ကံကောင်းသွားတယ်ဟု မော့ချင်းလင်က တွေးလိုက်လေသည်။

 

သူက အနီရောင်အသီးတွေကို ညွှန်ပြကာ မေးခဲ့သည်။ "အဲ့တာ ဘာသီးတွေလဲ။"

 

ထိုစကားကြားတော့ ရှစ်ချင်းလျို့ငိုချင်သွားလေသည်။

 

နောက်ဆုံးတော့ တစ်စုံတစ်ယောက်က သူမကို အာရုံစိုက်လာခဲ့ပြီဖြစ်သည်။