အပိုင်း ၁၈၀
Viewers 14k

 

 

အခန်း(၁၈၀) - တော်တော်များသွားပြီ

 

အရူးသုံးယောက်ရဲ့ လုပ်ရပ်ကြောင့် ရှစ်ချင်းလျို့ ကြက်သေ သေသွားခဲ့သည်။

 

မော့ချင်းလင်ရဲ့ မျက်နှာကြီး မည်းမှောင်သွားတာလည်း မဆန်းတော့ပေ။

 

မော့ချင်းလင်က ပြောင်းတွေကို လူတွေနှင့် စောင့်ခိုင်းထားပြီးနောက် ရှစ်ချင်းလျို့ကို မေးခဲ့သည်။ "ဒါတွေအကုန်လုံးက စိုက်ပျိုးလို့ရတာလား။"

 

ရှစ်ချင်းလျို့က ပြန်ဖြေခဲ့သည်။ "အကုန်မရဘူး၊ အခြောက်ခံပြီးရင် ပြည့်ဝိုင်းတဲ့အစေ့၊ လတ်ဆတ်တဲ့အစေ့၊ ပြောင်းစေ့ အရွယ်အစားကို ရွေးပေးရမယ်။"

 

တကယ်တော့ ပြောင်းတွေက စောစီးစွာ ရင့်မှည့်ခဲ့သည်။

 

သူမက မျိုးစေ့တွေကို အချိန်အနည်းငယ်ကြာအောင် ပိုထားချင်ခဲ့ချင်တာကြောင့် အခုတော့ သက်တမ်းရင့်ပြောင်းစေ့တွေ အဖြစ် ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

 

ဒါက သိပ္ပံ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ်မှာ စိုက်ပျိုးခဲ့သည့် ပထမမျိုးဆက် အမျိုးအစားစုံသည့် မျိုးစေ့တွေ ဖြစ်သည်။

 

ထိုမျိုးစေ့တွေက မျိုးစပ်မျိုးစေ့တွေ မဟုတ်ပေမယ့် သူမက နွေဦးစမ်းရည်ဖြင့် ပျိုးထောင်ပေးထားတာဖြစ်တာကြောင့် မျိုးစေ့တွေကို အချိန်ကြာမြင့်အောင် ထားခဲ့ပါကလည်း အထွက်နှုန်းလျော့မည် မဟုတ်ပေ။

 

အကယ်၍ မျိုးစပ်မျိုးစေ့တွေဆိုပါက သက်တမ်းရင့်မျိုးစေ့တွေကို တူညီသည့် အထွက်နှုန်းရအောင် စိုက်ပျိုးနိုင်မည် မဟုတ်ပေ။

 

"မြို့တော်က စိုက်ပျိုးရေးမှာ မျိုးစေ့ ရွေးထုတ်ဖို့ကို မင်းက တာဝန်ယူလိုက်ပါ။"

 

မော့ချင်းလင်က ရှစ်ချင်းလျို့ကို ယုံကြည်လာပြီဖြစ်သည်။ "ငါတို့မြို့တော်ကိုသွားတဲ့အခါ ရွေးချယ်ခြင်းနဲ့ ပျိုးထောင်ခြင်းအကြောင်း အသေးစိတ် သူတို့ကို ပြောပြလိုက်ပါ။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ကာ ပြောပြခဲ့သည်။ "ကိစ္စ မရှိဘူး။"

 

ပြောင်းတွေအကုန် ရိတ်သိမ်းပြီးနောက် မော့ချင်းလင်က သူ့လူတွေကို ခေါ်ပြန်ကာ ရုံးတော်မှာသာ ပြောင်းတွေကို အခြောက်ခံမည်ဖြစ်သည်။

 

အဓိက အကြောင်းအရင်းကတော့ ပြောင်းတွေကိုရွာမှာထားခဲ့ကာ အခြောက်ခံပါက ရှီလွေ့တို့အဖွဲ့ရဲ့ လက်ချက်မိသွားမှာစိုးလို့ ဖြစ်သည်။

 

နေ့လည်ကျတော့ ရှစ်ချင်းလျို့နှင့် ရှောင်ပိုင်လီက ငရုတ်သီးပါသည့် ဟင်းလျာတချို့ ချက်ပြုတ်ခဲ့သည်။

 

သူမရဲ့ လျှို့ဝှက်ဆန်းကြယ်သည့် နေရာလွတ်က ငရုတ်သီးက အလွန် စပ်တာ မဟုတ်ရင် အလယ်အလတ်လောက်သာ စပ်သည်။

 

ထို့ကြောင့် အသားနှင့်ငရုတ်သီးကြော်၊ တို့ဟူးကြော် ဟင်းလျာတို့က သိပ်မစပ်ပေ။

 

ငရုတ်သီးဖြင့် ချက်ထားသည့် ဟင်းလျာတွေကို စားရင်း သူမ အလွန်ကျေနပ်နေခဲ့သည်။

 

အစကတော့ လူတွေက စားရတာ အသားမကျဖြစ်နေခဲ့သည်။

 

နောက်တော့ သူတို့က ငရုတ်သီးဖြင့် ချက်ထားသည့် ဟင်းလျာတွေကို စကြိုက်လာခဲ့ကြသည်။

 

အထူးသဖြင့် ရှီလွေ့ဆိုရင် ထမင်းနှင့် ငရုတ်သီးတောင် စားနိုင်ခဲ့သည်။

 

"ဒီငရုတ်သီးက စားကောင်းလိုက်တာ။"

 

ငရုတ်သီးစားဖူးတာ ပထမအကြိမ် ဖြစ်တာကြောင့် ပူစပ်ကာ မျက်လုံးတွေ နီရဲနေပေမယ့် စားတာ ရပ်လိုက်ဖို့ မတတ်နိုင်ခဲ့ပေ။

 

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ကာ ပြောခဲ့သည်။ "ငရုတ်သီးအနှစ်လုပ်လိုက်ရင် ပိုတောင်စားကောင်းသေးတယ်၊ အထူးသဖြင့် တို့ဟူးစားတဲ့အခါ ပဲအနှစ်လေးနဲ့ ရောထည့်စားရင် ပိုကောင်းတယ်။"

 

သူမ ပြောခဲ့သည့်အရာကို စားလာအောင် လှုံ့ဆော်ခဲ့လေသည်။

 

ငရုတ်သီးတွေ ရိတ်သိမ်းဖို့အသင့်ဖြစ်လာသည့်အခါ ပဲအနှစ်တွေနှင့် ငရုတ်သီးအနှစ်မျိုးစုံကို များများလုပ်ပြီး တဖြည်းဖြည်းချင်း စားပစ်မည်ဖြစ်သည်။

 

 ရှီလွေ့ရဲ့ မျက်လုံးတွေက လင်းလက်သွားခဲ့သည်။ "ဒါဆို မင်း ငရုတ်သီးအနှစ်လုပ်ပြီးရင် ငါ့ကို ရောင်းဦး။"

 

လျန်ယို့ရှောင်ဟာလည်း အစပ်အရသာကို တော်တော်လေး လက်ခံနိုင်သူဖြစ်သည်။ "ငါလည်း နည်းနည်း လိုချင်တယ်။"

 

ရှီရုံကလည်း အစပ်စားရတာ ကြိုက်သည်။ "ငါလည်း လိုချင်တယ်။"

 

ဖေးယွီကျယ်ကနေ အစပ်အရသာကို ကြိုက်သည်လည်း မဟုတ် မကြိုက်တာလည်း မဟုတ်ပေ။

 

သူက မုန်းတီးနေတာမျိုး မဟုတ်ဘဲ အရမ်းနှစ်သက်နေတာမျိုးလည်း မဟုတ်ပေမယ့် သူက ပျော်ဖို့ကောင်းအောင် ဝင်ပါခဲ့သည်။ "ငါလည်း နည်းနည်းယူမယ်။"

 

ဆရာဟုန်က အသက်ကြီးနေပြီဖြစ်သော်လည်း ဟင်းခတ်အမွှေးအကြိုင် အာရုံခံနိုင်စွမ်းက အလွန်မြင့်သည်။

 

အစကတော့ သူက စားရတာ အသားမကျပေမယ့် စားရင်း စားရင်းဖြင့် သဘောကျလာခဲ့လေသည်။ "ငါ့ကိုလည်း ထည့်တွက်လိုက်။"

 

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "ကိစ္စမရှိပါဘူး၊ ကျွန်မ ငရုတ်သီးအနှစ် လုပ်ပြီးရင် အကုန်လုံးဆီ ပို့ပေးလိုက်ပါ့မယ်။"

 

အနာဂတ်မှာ ငရုတ်သီးတွေ ရိတ်သိမ်းပြီးပါက တာ့လျန်ကလူတွေအတွက် ဟင်းလျာတွေကို အရသာပြည့်စုံအောင် များစွာရောင်းချနိုင်တော့မည်ဖြစ်သည်။

 

ထမင်းစားပြီးနောက် ဆရာဟုန်က နေ့လည်နေ့ခင်း မအိပ်ခင် အစာကြေအောင် ခြံထဲလမ်းလျှောက်နေခဲ့သည်။

 

သူ့မှာ ပြန်ဖို့ အစီအစဥ် မရှိပေ။

 

ဟိုးတုန်းကတော့ သူ့တပည့်လေးက လာတည်းခိုဖို့ ဖိတ်ခေါ်ခဲ့ပေမယ့် သူက သူ့တပည့်လေးကို ဒုက္ခပေးမိမှာ စိုးရိမ်ခဲ့သည်။

 

သို့ပေမယ့် မနေ့က ရှောင်မိသားစုအိမ်က ဟင်းလျားတွေ စားသောက်ပြီး သန့်စင်ခန်း၊ ရေချိုးခန်း၊ ဆိုဖာနှင့် နူးညံ့သည့် အိပ်ရာတို့ကို အသုံးပြုရတာ သက်သောင့်သက်သာရှိတာကြောင့် မပြန်ချင်တော့ပေ။

 

သူက ရှောင်ဟန်ကျန့်ကို သူ့အိမ်စာတွေကို ပြန်ပြပေးခဲ့သည်။

 

နေ့လည် တစ်ရေးတစ်မောအိပ်ပြီးနောက် သူက ခြံထဲက သစ်ပင်ကြီးအောက်မှာ ထိုင်ခဲ့သည်။

 

သူက ကျောက်ထိုင်ခုံကြီးပေါ် ထိုင်ကာ ကုန်းဖူလက်ဖက်ရည်သောက်ရင်း တပည့်ဖြစ်သူ ရှောင်ဟန်ကျန့်ကို သင်ကြားပြသပေးခဲ့သည်။

 

သူက အရင်က ခံစားခဲ့ရတာထက် ပိုကာ စိတ်ပြေလက်ပျောက် ရှိခဲ့သည်။

 

ညကျတော့ အရသာ စုံလင်သည့် ဟင်းလျာများစွာ စားခဲ့ရသည်။

 

သူက သူ့တပည့်ရဲ့အိမ်စာတွေကို မကြာခဏ လာကြပ်မတ်သင်ပြပေးဖို့ ပြင်ခဲ့လေသည်။

 

ဒီတစ်ကြိမ်တော့ ဆရာဟုန်က သူတို့နှင့်အတူ မြို့တော်ကို လိုက်ပြန်ဖို့ ဆုံးဖြတ်ခဲ့သည်။

 

အဓိက အကြောင်းအရင်းကတော့ သူ့ရဲ့ ချစ်လှစွာသော တပည့်လေး ပြောင်းစေ့ ဆက်သတာကို တခြားလူတွေ မနာလိုဖြစ်မှာ စိုးရိမ်လို့ ဖြစ်သည်။

 

နောက်ကွယ်ကနေ မကောင်းကြံမှာ စိုးရိမ်လို့ ဖြစ်သည်။

 

ထို့ကြောင့် သူက ရှောင်မိသားစုအိမ်ကနေ ထွက်မသွားချင်သော်လည်း မြို့တော်ကိုလိုက်ဖို့ သူ့ပစ္စည်းတွေကို ထုပ်ပိုးဖို့အတွက် နှစ်ရက်လောက် စောကာ ပြန်သွားခဲ့လေသည်။

 

ဆရာဟုန် ပြန်သွားပြီးနောက် ချုပ်တည်းနေထိုင်ရသည့် ရှီလွေ့တို့အုပ်စုက ပျံတက်မက ထပ်ပြီး လျှောက်သွားကြလေတော့သည်။

 

ထိုနေ့က ရှစ်ချင်းလျို့က သူတို့နှင့် တောင်ပေါ် လိုက်မသွားသဖြင့် ရှီရုံကလည်း သူတို့နှင့် လိုက်မသွားခဲ့ပေ။

 

ရှစ်ချင်းလျို့က ပျားရည်ကနေ မျက်နှာပေါင်းတင်ဆေးလုပ်ပြီး အမေရှောင်၊ ရှောင်ပိုင်လီနှင့် ရှီရုံကိုခေါ်ကာ လိမ်းခိုင်းခဲ့သည်။

 

ဆရာဟုန်လည်း မရှိတော့တာကြောင့် သူတို့အခန်းထဲပြန်သွားနေဖို့ မလိုပေ။

 

ထို့ကြောင့် သူတို့က သစ်ပင်အောင်မှာထိုင်ပြီး မျက်နှာပေါင်းတင်ရင်း စကားပြောနေခဲ့သည်။

 

ရှီလွေ့နှင့် တခြားလူတွေ တောင်ပေါ်ကပြန်လာတော့ ခြံထဲက အမျိုးသမီးတွေကိုတွေ့ပြီး ကြက်သေ သေသွားခဲ့သည်။

 

ရှီလွေ့က မေးခဲ့သည်။ "သူတို့မျက်နှာတွေ ဘာဖြစ်လို့ စုတ်ပြတ်နေတာလဲ။"

 

သူတို့ပြန်လာတာတွေ့တော့ အမေရှောင်နှင့် ရှောင်ပိုင်လီက ရှက်သွားကာ မတ်တပ်ထရပ်ပြီးနောက် အခန်းထဲပြန်သွားခဲ့လေသည်။

 

ရှစ်ချင်းလျို့နှင့် ရှီရုံကတော့ ရှင်းပြဖို့ကျန်ခဲ့လေသည်။

 

ရှီရုံက သူ့ကို မျက်လုံးလည်ပြလေလိုက်သည်။ "နင့်မျက်နှာကြီးပဲ စုတ်ပြတ်သတ်နေလိုက်၊ ငါတို့က မျက်နှာပေါင်းတင်နေတာ။"

 

ဟိုးတုန်းကဆိုရင် ရှစ်ချင်းလျို့က မျက်နှာပေါင်းတင်လေ့ရှိသည်။

 

ထို့နောက် သူမ အသားအရေက အလွန်နူးညံ့လာသလို ခံစားလိုက်ရသည်။

 

ရှစ်ချင်းလျို့က ရှီရုံ မြို့တော်ကို ယူပြန်လို့ရအောင် သူမ အားသည့်အခါ ပေါင်းတင်ဖို့အတွက် ပေါင်းတင်ဆေးကို ကြွေပုလင်းလေးတွေဖြင့် လုပ်ပေးမည်ဖြစ်ကြောင်း ပြောခဲ့သည်။

 

နောက်ကျရင် ရှီရုံလည်း မျက်နှာပေါင်းတင်းဆေးလုပ်နည်းဖြင့် မျက်နှာပေါင်းတင်ဆေးလုပ်ကာ အလှကုန်ဆိုင်မှာ ရောင်းချနိုင်တော့မည်ဖြစ်သည်။

 

ရှီလွေ့က သိချင်စွာ မေးခဲ့သည်။ "မျက်နှာပေါင်းတင်ဆေးက ဘာလဲ။"

 

ရှီရုံက ပြန်ဖြေခဲ့သည်။ "မျက်နှာပေါင်းတင်ပေးရင် မျက်နှာကို ပိုဖြူပြီး နူးညံ့စေတယ်။"

 

ရှီလွေ့က မျက်လုံးပြူးသွားခဲ့သည်။ "တကယ်လား။"

 

မျက်နှာပေါင်းတင်ဆေးကို သူတို့အခုမှ ပထမဆုံးအကြိမ် ကြားဖူးတာဖြစ်သည်။

 

ဒါ့အပြင် အရင်က အမျိုးသမီးတွေ အသုံးပြုတာလည်း မတွေ့ဖူးခဲ့ပေ။

 

ရှစ်ချင်းလျို့က ပြုံးခဲ့သည်။ "ဒါပေါ့ အမှန်ပဲလေ၊ ရှီရုံမျက်နှာသစ်ပြီးရင် ရလာဒ်ကို သိလိမ့်မယ်။"

 

ထိုအရာက ပျားရည်ဖြင့် ပြုလုပ်ထားသည့် သဘာဝပေါင်းတင်ဆေး ဖြစ်သည်။

 

သူမက နွေဦးစမ်းရေလည်း ထည့်ခဲ့တာကြောင့်ရလာဒ်ကသိသာသည်။

 

ထိုပစ္စည်းကို သုံးပြီးသွားပါက အသားအရေက ပိုကြည့်ကောင်းသွားခဲ့သည်။

 

သို့ပေမယ့် နတ်ဆေးလိုတော့ အစွမ်းမထက်ပေ။

 

တဖြည်းဖြည်းဖြင့် အသားအရေကို အစိုဓာတ်ဖြည့်ပေးကာ အသားအရေကို စိုပြေစေသည်။

 

နွေဦးစမ်းရည်ထည့်ထားခြင်းကြောင့် အညစ်အကြေးတွေကို သန့်စင်ပေးကာ ပိုနူးညံ့စေသည်။

 

ထို့ကြောင့် သူမ ပထမဆုံး စရောက်ခါစကထက်စာရင် အသားလေးဖြူကာ ကြည်ကြည်စိုစိုလေး ဖြစ်နေခဲ့သည်။

 

ရှီရုံက ရှီလွေ့တို့အဖွဲ့နှင့် ပတ်သွားနေကြမလို့ သူမက မရှက်ပေ။

 

"အချိန်ကျပြီ၊ ငါမျက်နှာသွားသစ်ပြီးရင် နင်တို့ကို ပြမယ်။"

 

သူက ဒီလူတွေကို ပေးကြည့်ရမှာ တော်တော်ပျော်နေပြီး ပြီးရင်တော့ သူမရဲ့ အလှကုန်လုပ်ငန်းကို ထပ်တိုးချဲ့မည်ဖြစ်သည်။

 

ရှစ်ချင်းလျို့ကလည်း မျက်နှာပေါင်းတင်ဆေးကို ဆေးချပြီးနောက် သူမ လုပ်ခဲ့သည့် မျက်နှာအစိုဓာတ်ပေးသည့် ခရင်ကို လိမ်းခဲ့လေသည်။

 

အရင်က သူမက ရှီရုံကို နှစ်ပုလင်း ပေးခဲ့သေးသည်။

 

ရှီရုံပြန်ထွက်လာသည်နှင့် ရှီလွေ့က အနားကပ်သွားခဲ့သည်။

 

သူက ရှီရုံနှင့် ကစားနေကြမလို့ ကွာခြားချက်ကို သိသည်။

 

"မင်း ဒီကိုလာခါစထက်စာရင် အသားအရေ ပိုဖြူလာတာအပြင် ပိုကြည့်ကောင်းလာတယ်။"

 

ရှီရုံက မေးကိုဂုဏ်ယူစွာပင့်ခဲ့သည်။ "ဒါပေါ့၊ မျက်နှာပေါင်းတင်ဆေးနဲ့ အစိုဓာတ်ဖြည့်ခရင်တွေက ဘယ်သူလုပ်ထားတာ မလို့လဲ၊ မသေမျိုးဘုန်းတော်ကြီးရဲ့ တပည့် လျို့လျို့လေ၊ ဘယ်လိုလုပ် မကောင်းဘဲနေမှာလား။"

 

ထိုအချက်ကိုတော့ ရှီလွေ့က ထောက်ခံခဲ့သည်။ "ကောင်းတာပေါ့။"

 

အပြင်ထွက်လာသည့် ရှစ်ချင်းလျို့က သူတို့နှစ်ယောက်ရဲ့စကားကိုကြားတော့ ခြေကျင်းဝတ် လည်မတတ် ဖြစ်သွားခဲ့သည်။

 

ဒီနှစ်ယောက်တော့ ချီးကျူးတာ တော်တော်များသွားပြီ။

 

ရှစ်ချင်းလျို့ ထွက်လာတာမြင်တော့ ရှီလွေ့က ချက်ချင်းပြုံးကာ ပြောခဲ့သည်။ "ရှစ်ချင်းလျို့ ငါတို့က သူငယ်ချင်းကောင်းတွေပဲလေ၊ မင်းမှာ ဘယ်လိုမျက်နှာပေါင်းတင်ဆေးတွေရှိလဲ၊ မင်းက ရှီရုံကိုပဲပေးတယ်။"

 

လျန်ယို့ရှောင်ကလည်း ပြောခဲ့သည်။ "ဟုတ်တယ်၊ သူ့ကိုပဲ အလေးပေးနေတာ။"

 

ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။ "မျက်နှာပေါင်းတင်ဆေး ပေးတော့ကော ရှင်တို့က လိမ်းမှာလား။"

 

သူမ ခင်ပွန်းကတော့ မလိမ်းပေ။

 

ဒါ့အပြင် ရှေးခေတ်က အမျိုးသားတွေ မျက်နှာပေါင်းတင်ဆေး သုံးထားသည့်ပုံစံက မည်သို့ဖြစ်နေမည်ဆိုတာ သူမ မခန့်မှန်းနိုင်ပေ။