အခန်း(၁၈၁)
- ထင်ပေါ်ကျော်ကြားမှုကို ခိုးယူချင်ခြင်း
သို့သော်လည်း
ရှီလွေ့နှင့် လျန်ယို့ရှောင်ကတော့ စိတ်ထဲမထားပေ။
"ဘာလို့
မသုံးရမှာလဲ၊ ဒီလောက်ကောင်းတဲ့ ရလာဒ်ကို ငါတို့လည်း လိုချင်တာပေါ့။"
သူတို့နှစ်ယောက်က
အမြဲတမ်း တောက်တောက်ပြောင်ပြောင်နေသည်။
ဒါ့အပြင်
လူတွေကလည်း ရုပ်ရည်ကိုပိုပြီး အာရုံစိုက်လာကြသည်။
တော်ဝင်စာမေးပွဲဝင်ဖြေခဲ့သော်လည်း
ရုပ်ဆိုးပါက အခြေခံအားဖြင့် ထိပ်တန်းစာသင်သား သုံးဦးထဲ ပါမည် မဟုတ်ပေ။
ရုပ်ရည်ချောမောခြင်းက
အလုပ်ရဖို့နှင့် အရာရှိဖြစ်ဖို့ စာရင်းထဲ ပါနိုင်သည်။
ထို့ကြောင့်
သူတို့နှစ်ယောက်က တုံ့ဆိုင်းမနေဘဲ မျက်နှာပေါင်းတင်ဆေးကို တောင်းခဲ့ကြလေသည်။
ရှစ်ချင်းလျို့က
ပင့်သက်ရှိုက်လိုက်လေသည်။ "ကောင်းပြီ၊ ရှင်တို့ သုံးမယ်ဆိုရင်လည်း ရှင်တို့အတွက်
လုပ်ပေးမယ်။"
ထို့နောက်
သူမက ဖေးယွီကျယ်တို့ တူဝရီးကိုကြည့်ကာမေးခဲ့သည်။ "ရှင်တို့နှစ်ယောက်ကကော ဘယ်လိုလဲ။"
ထိုပစ္စည်းက
အမျိုးသမီးတွေအတွက် သီးသန့်ဖြစ်သည်ဟု ဖေးယွီကျယ်က ခံစားခဲ့ရသည်။
ဒီလို
ထူးဆန်းသည့်အရာကို သူတို့ မလုပ်ပေ။ "မယူတော့ပါဘူး။"
ထိုစကားကြားတော့
စမ်းကြည့်ချင်နေသည့် ဖေးစုန့်ကျွင်းကလည်း ခေါင်းသာခါပြခဲ့ရလေတော့သည်။
"မလိုပါဘူး။"
ထို့ကြောင့်
ရှစ်ချင်းလျို့ မျက်နှာပေါင်းတင်ဆေး နှစ်ယောက်စာ လုပ်ပေးခဲ့ပြီး ရှီလွေ့နှင့် လျန်ယို့ရှောင်ကို အသုံးပြုနည်း သင်ပေးခဲ့သည်။
ခဏနေတော့
ရှစ်ချင်းလျို့က သူတို့ကို မျက်နှာ သစ်ခိုင်းခဲ့သည်။
လျန်ယို့ရှောင်က ဘဝင်ခိုက်စွာ
သူ့မျက်နှာသူ ထိတွေ့ခဲ့သည်။ "ဒီမျက်နှာပေါင်းတင်ဆေးက တော်တော်ကောင်းတာပဲ၊ သုံးပြီးသွားတော့
ချက်ချင်း ချောမွတ်သွားတာပဲ။"
ရှီလွေ့ကလည်
ပြုံးကာ ပြောခဲ့သည်။ "ငါလည်း ပိုဖြူလာသလိုပဲကွာ။"
ရှစ်ချင်းလျို့က
နဖူးကို ကိုင်လိုက်လေသည်။
ချောမွတ်လာတာမှန်ပေမယ့်
ဒီလိုမျိုး မြန်မြန်ကြီးတော့ ဖြူမသွားပါဘူး။
ဖေးယွီကျယ်က
ရှေ့တိုးလာကာ သူတို့နှစ်ယောက်ကို ကြည့်ခဲ့သည်။ "တကယ်ကြည့်ကောင်းတာပဲ။"
စောနက
မတောင်းဆိုမိခဲ့တာကိုပင် သူက ချက်ချင်း နောင်တရသွားခဲ့သည်။
လျန်ယို့ရှောင်က ရှစ်ချင်းလျို့ကိုကြည့်ပြီး
ပြုံးကာပြောခဲ့သေးသည်။ "ချင်းလျို့ မျက်နှာ ပေါင်းတင်ဆေးတွေ ထပ်လုပ်ပေးပါဦး၊
အိမ်က လူကြီးတွေကို ပေးချင်လို့။"
သူ့အတွက်
နှစ်ပုလင်း သိမ်းထားမည်ဖြစ်သည်။
ရှီလွေ့က
ရှုံ့မဲ့ခဲ့သည်။ "လူကြီးတွေကို ပေးမယ်လို့ပြောပြီး မင်းပဲ သုံးမှာ မဟုတ်လား၊ ငါကတော့
ရိုးသားတယ်၊ ငါ့အတွက် နှစ်ပုလင်း သိမ်းထားပြီး ကျန်တာကို လူကြီးတွေကိုပေးမှာ။"
သူက ဂုဏ်ယူစွာ
ဆက်ပြောခဲ့သည်။ "ဒါတွေသုံးပြီးတာနဲ့ မင်းတို့တွေ ပြောသလို ငါက မြို့တော်မှာ အချောဆုံး
ဖြစ်တော့မှာ။"
ထိုစကားက
ရှစ်ချင်းလျို့စကားဖြစ်ကာ သူက လျန်ယို့ရှောင်ဆီက ကြားခဲ့တာ ဖြစ်သည်။
ဘာပဲဖြစ်ဖြစ်
ကောင်းသည်။ သူက မြို့တော်မှာ အချောဆုံးဖြစ်သည်။
လျန်ယို့ရှောင်က မျက်လုံးလည်ပြခဲ့သည်။
"မြို့တော်မှာ အချောဆုံး ဟုတ်လား၊ အဲ့တာ ချင်းလျို့က ငါ့ကိုပြောတာ၊
လစ်စမ်းပါ။"
ရှစ်ချင်းလျို့က
သက်ပြင်းချခဲ့သည်။ ဒီနှစ်ယောက်ကိုတော့ သူမ မနိုင်ပေ။
သူမ ခင်ပွန်းကသာ
အချောဆုံးဖြစ်ဟု သူမက တွေးလိုက်လေသည်။
ဝေနှင့်ကျင်းမင်းဆက်ကလို
အခုခေတ်အမျိုးသားတွေလည်း ရုပ်ရည်ပိုင်းဆိုင်ရာကို အာရုံစိုက်လာကြပြီဖြစ်သည်။ ဟိုးရှေးခေတ်တုန်းက
အမျိုးသားတွေက ပေါင်ဒါတောင် မလိမ်းဘူးဆိုတာ ဇာချဲ့ပြောဆိုတာ မဟုတ်ပေ။
တရားမျှတမှုကို
လက်ကိုင်ထားသူတွေအနေနှင့် ရုပ်ပိုင်းဆိုင်ရာကို ဂရုစိုက်တာ ပြဿနာ မရှိပေ။
သူမက
ပြောခဲ့သည်။ "ရတာပေါ့၊ ရှင်တို့ကို အလကားပေးမှာပါ၊ ရှီရုံကို လက်ဆောင်ထည့်ပေးဖို့
လုပ်မှာဆိုတော့ ရှင်တို့အတွက်လည်း ခရင်တွေ ပေါင်းစပ်ပေးပြီး ပေးပါ့မယ်။"
လျန်ယို့ရှောင်ရဲ့ အဖေက
သူ့ရဲ့ သားတွေ၊ ချွေးမတွေနှင့် သူ့ဇနီး မျက်နှာပေါင်းတင်ဆေးသုံးတာကို မြင်သည့်အခါ ပေးပြုပြင်ပါ့မလားတော့
သူမ မသိပေ။
လျန်ယို့ရှောင်နှင့်
ဖေးယွီကျယ်က ပျော်ရွှင်သွားခဲ့သည်။ "မင်းက သိပ်သဘောကောင်းတာပဲ။"
ဒီတစ်ခါတော့
ဖေးယွီကျယ်လည်း ရှေ့တိုးလာကာပြုံးပြီးပြောခဲ့သည်။ "ချင်းလျို့ ငါ့အတွက်လည်း နည်းနည်းလောက်ပေးပါ၊
လူကြီးတွေအတွက် ယူသွားပေးမလို့။"
"အော့။"
ထိုစကားက ရှီလွေ့နှင့် လျန်ယို့ရှောင်ကို သည်းမခံနိုင် ဖြစ်သွားစေခဲ့သည်။
"မင်း သုံးချင်တာ မဟုတ်ဘူးလား၊ ဟန်ဆောင်နေသေးတယ်။"
ဖေးယွီကျယ်က
အသံတိတ်နေခဲ့သည်။
ဒီခွေးမသားနှစ်ယောက်ကို
သူ မသိပေ။
သိနေရင်လည်း
တိတ်တိတ်နေပါ့လား။
ရှစ်ချင်းလျို့က
ရယ်ရမလား ငိုရမလား မသိတော့ပေ။ "ကောင်းပြီ၊ လူတိုင်း ရစေရမယ်။"
နောက်တစ်နေ့ကျတော့
ရှစ်ချင်းလျို့က ပျားရည်၊ တရုတ်ဆေးမြစ်တချို့၊ ပန်းအဆီအနှစ်၊ ရှားစောင်းလတ်ပတ်တွေကိုသုံးပြီး
မျက်နှာပေါင်းတင်ဆေး လုပ်ခဲ့လေသည်။
ထိုအရာတွေကို
ကြွေပုလင်းထဲ ထည့်ပိတ်ထားလိုက်ပြီး အနည်းဆုံး ၃လအထိ အထားခံနိုင်သည်။
ပုလင်းတစ်ခုဆီမှာ
စာရွက်လေးဖြင့် အသုံးပြုပုံတွေကို ရေးပေးထားခဲ့သည်။
အသက်အရွယ်ပေါ်
မူတည်ပြီး ခရင်ပြုလုပ်ပုံကလည်း ကွာခြားသွားခဲ့သည်။
ရှီရုံက
သူမရဲ့ ပုလင်းတချို့ကို ဖက်ပြီး ရှစ်ချင်းလျို့ကို နမ်းပစ်ချင်နေသည်။
"လျို့လျို့
နင်က စွယ်စုံရတဲ့လူပဲ၊ ငါသာ ယောက်ျားလေးဆိုရင် နင့်ကိုယူမှာ။"
ယောက်ျားလေး
မဖြစ်သည့် သူမကိုယ်သူမ မုန်းသည်။
ရှစ်ချင်းလျို့ရဲ့
ဘေးမှာ ထိုင်နေသည့် ရှောင်ဟန်ကျန့်ရဲ့ မျက်နှာက ချက်ချင်း မည်းပုပ်သွားခဲ့သည်။
"မင်းက ယောက်ျားလေးဖြစ်ရင်တောင် ငါ့မိန်းမကို လက်ထပ်လို့ မရပါဘူး။"
ဒီအမျိုးသမီးက
ဘာတွေ တွေးနေတာလဲ။
သူတို့ဘေးမှာထိုင်ရှီလွေ့နှင့်
တခြားလူတွေကလည်း ရှောင်ဟန်ကျန့်သာ မရှိပါက သူတို့ရှစ်ချင်းလျို့ကို လက်ထပ်ယူမည့်အကြောင်း
တွေးလိုက်လေသည်။
ရှီရုံက
ရှောင်ဟန်ကျန့်ကို မျက်စောင်းထိုးကြည့်ခဲ့သည်။ "လျို့လျို့က ချုံရှီပွဲနဲ့ ရောက်လာတဲ့အကြောင်း
ငါမသိဘူးများ ထင်နေတာလား၊ ငါသာ ယောက်ျားလေးဆိုရင် သူ့ကို လက်ထပ်ယူပစ်တာကြာပြီ၊ နင့်ကို
ဒီလို အလှပန်းလေးနဲ့ လက်ထပ်ခွင့် ပေးမနေပါဘူး။"
ရှောင်ဟန်ကျန့်က
ရယ်ပြီး ဂုဏ်ယူစွာ ပြောခဲ့လေသည်။ "မင်းက ဝါနုပါသေးတယ်၊ အရင်ကတည်းက ငါ့မိန်းမက
ငါ့ကိုအရင်ချစ်ခဲ့ပြီး လက်ထပ်ယူဖို့ လုပ်ခဲ့တာလေ။"
ထို့ကြောင့်
သူ့မှာ ချောမောသည့်မျက်နှာ ရှိနေခြင်းအပေါ် ဂုဏ်ယူမိသည်။
ထိုအချက်ကိုတော့
ရှစ်ချင်းလျို့ကလည်း သဘောတူခဲ့လေသည်။ "ဟုတ်တယ်၊ ငါ့ယောက်ျားက သိပ်ချောတာ၊ တခြားဘယ်သူ့ကို
သူက လက်ထပ်ရမှာလဲ။"
သူမက
ရှောင်ဟန်ကျန့်ရဲ့ အမေသာရှိသည့် ကိစ္စက သူမအတွက် အသွားအလာ လွယ်ကူစေမည့်အကြောင်းကို
တမင်လျစ်လျူရှုခဲ့လေသည်။
သူ့ဇနီးရဲ့
စကားကိုကြားတော့ ရှောင်ဟန်ကျန့်ရဲ့ မည်းမှောင်နေသည့် မျက်နှာက ချက်ချင်း ဝင်းလက်သွားခဲ့လေသည်။
သူက ဘာကိုမှ
ဂရုမစိုက်တော့ဘဲ သူမရဲ့ လက်ကို ဆုပ်ကိုင်ခဲ့လေသည်။
ရှီရုံက
အသံတိတ်သွားကာ မနာလိုဖြစ်နေသည်။
ရှောင်ဟန်ကျန့်က
သူ့ရဲ့ ချောမောတဲ့မျက်နှာနဲ့တင် လျို့လျို့ကို တကယ်ပဲသိမ်းပိုက်သွားနိုင်ခဲ့တာပဲ။
သူတို့လည်း
ရုပ်မဆိုးပါဘူးဟု ရှီလွေ့နှင့် လျန်ယို့ရှောင်က တွေးလိုက်လေသည်။
ရှောင်ဟန်ကျန့်က
ဘာလို့ ကံကောင်းတာလဲ။
သူတို့က
မနာလိုဖြစ်နေခဲ့သည်။
သူ့ဇနီးလေးကို
သူပိုင်ဆိုင်ထားရလို့ တခြားလူတွေ သူ့ကို မနာလိုအားကျစွာကြည့်နေတာကို
ရှောင်ဟန်ကျန့် သဘောကျသည်။
သူတို့မှာ
သူ့ဇနီးလေးကို ရယူဖို့ အခွင့်အရေး မရှိတော့ပေ။
ရက်အနည်းငယ်ကြာပြီးနောက်
မော့ချင်းလင်က ဘုရင်ကြီးဆီက အရေးတကြီးအမိန့်စာကို ရခဲ့လေသည်။
ဘုရင်ကြီးက
သူ့ကို ကောင်းကင်ဘုံကချီးမြှင့်သည့် မျိုးစေ့တွေ မြို့တော်ကို ယူလာခိုင်းတာ ဖြစ်သည်။
ဒါ့အပြင်
ပြောင်းစေ့တွေ ဆက်သမည့် ရှောင်ဟန်ကျန့်နှင့် ရှစ်ချင်းလျို့ကိုပါ မြို့တော်ကို ခေါ်လာခိုင်းခဲ့သည်။
အခု တော်ဝင်ညီလာခံက
အာမခံချက်လိုနေပြီဖြစ်သည်။
ထို့ကြောင့်
မော့ချင်းလင်က ရှောင်မိသားစုဆီ လာခဲ့လေသည်။
သူက ရှောင်ဟန်ကျန့်နှင့်
ရှစ်ချင်းလျို့ကိုကြည့်ကာ ပြောခဲ့သည်။ "မနက်ဖြန်ကျရင် မြို့တော်ကို အတူတူသွားရအောင်၊
ရေကြောင်းခရီး မရောက်ခင် ငါတို့က မြင်းရထားလုံးကို အရှိန်မြင့်ပြီး သွားလိုက်မယ်။"
ရှစ်ချင်းလျို့က
ခဏလောက်တွေးပြီး ပြောခဲ့သည်။ "ကျွန်မက ရေလှိုင်းမူးတတ်တယ်၊ နည်းနည်းနောက်ကျမှရောက်လို့ရမလား၊
ရှင်တို့က ပြောင်းတွေယူပြီး အရင်သွားနှင့်လေ၊ ကျွန်မတို့ အဲ့ကို
မြင်းရထားလုံးနဲ့ပဲ ရောက်အောင် လာခဲ့မယ်။"
သူတို့သာ
ခွဲမသွားပါက ရှောင်ဟန်ကျန့်ရဲ့ ဆန်ကုန်မြေလေးအဖေ လွှတ်ထားသည့် လုပ်ကြံသူတွေ မည်သို့ပေါ်လာတော့မည်နည်း။
မော့ချင်းလင်က
ကြက်သေ သေသွားခဲ့သည်။ "နောက်ကျမှ လာမှာလား။"
ဒီနှစ်ယောက်က
သူ အမြတ်ထုတ်သွားမှာကို မကြောက်ဘူးလား။
သူက ထိုသို့
မလုပ်ဘူးဆိုပေမယ့်လည်း သက်ပြင်းချလိုက်လေသည်။
ဒီနှစ်ယောက်က
သိပ်သဘောထားကြီးတာပဲ။
ရှောင်ဟန်ကျန့်က
ပြုံးကာ ပြောခဲ့သည်။ "ကျွန်တော့် ဆရာလည်း မြို့တော်ကိုသွားမှာလေ၊
အလျင်စလိုခရီးနှင်ရင် သူအဆင်မပြေမှာစိုးလို့ပါ။"
သူ့ဆရာကလည်း
လျှို့ဝှက်အစောင့်တွေရဲ့ ကာကွယ်ပေးခြင်းခံထားရသည်။
ဒါ့အပြင်
သူနှင့် သူ့ဇနီးကလည်း တိုက်ရေးခိုက်ရေးသိထားတာကြောင့် လုံခြံရေးအတွက် စိုးရိမ်စရာ မရှိပေ။
ထိုစကားကြားတော့
မော့ချင်းလင်က သူပြောမည့်စကားတွေကို ပြန်မျိုချလိုက်လေသည်။ "ကောင်းပြီ၊ ဒါဆို
ပြောင်းစေ့တွေ ယူသွားပြီး မြို့တော်ကို အရင်သွားနှင့်မယ်၊ မြင်းရထားလုံးနဲ့ အရမ်းတော့
နောက်မကျနဲ့နော်။"
သူက ရှီလွေ့နှင့်
တခြားလူတွေကို ကြည့်ကာ မေးခဲ့သည်။ "မြို့တော်ကို ငါနဲ့ ပြန်လိုက်မှာလား၊ ကျင်းယွီတို့နဲ့
ပြန်လိုက်မှာလား။"
သူတို့က
စကားပြောဖို့ ပြင်လိုက်သည်။ တစ်နေ့ တစ်နေ့ ပိုပျင်းဖို့ကောင်းလာသည့် မော့ချင်းလင်နှင့်
သူတို့ မပြန်ချင်ပေ။
ရှစ်ချင်းလျို့က
အရင်ပြောလိုက်သည်။ "ရှင်တို့ တရားသူကြီးမင်းမော့နဲ့ မြို့တော်ကိုအရင်ပြန်ကြပါ၊
ရှင်တို့က ပြောင်းအထွက်နှုန်းကောင်းတာလည်း မြင်ခဲ့ပြီး အရသာလည်း
မြည်းခဲ့ဖူးတယ်လေ၊ ပြောင်းစေ့တွေကို အကုန်အတူတူဆက်သသင့်တယ်၊ လူတိုင်းကိုလည်း စားကောင်းတဲ့အကြောင်း
ပြောပြလို့ရတာပေါ့။"
သူတို့က
ထင်ရှားကျော်ကြားရတာကို သဘောကျတာကြောင့် သေချာပေါက် သဘောတူလိမ့်မည်။
မဟုတ်ပါက
ဆန်ကုန်မြေလေးအဖေ ပြင်ဆင်ထားသည့် လုပ်ကြံသူတွေက မလှုပ်ရှားဘဲ နေလိမ့်မည်။
သူတို့
မြင်းရထားလုံးထဲမှာ အထီးကျန်မနေချင်ပေ။
မျှော်လင့်ထားသည့်အတိုင်း
သူတို့တွေက ချက်ချင်း ပြန်ဖြေခဲ့သည်။ "ကောင်းပြီ ဒါဆိုလည်း အစ်ကိုလင်နဲ့ သွားတာပေါ့။"
လျန်ယို့ရှောင်က ပြုံးကာ
သက်ပြင်းချခဲ့သည်။ "ငါတို့လက်ထဲမှာ အရေးကြီးတာဝန်ရှိနေပြီတူတယ်။"
ရှီလွေ့ကလည်း
ပြောခဲ့သည်။ "ဟုတ်တယ် ငါတို့ မပါဘဲ ပြောင်းစေ့တွေ ဆက်သလို့ မရဘူး။"
ဖေးယွီကျယ်ကလည်း
ပြုံးကာပြောခဲ့သည်။ "ငါတို့တွေထွက်လာတာကြာပြီ၊ အခု ချုံကျွင်းကို ပြန်ခေါ်သွားဖို့
အချိန်ကျပြီ။"
မင်းတို့ကောင်တွေ
ထင်ပေါ်ကျော်ကြားမှုကိုခိုးယူချင်နေတာကို ငါမသိဘူးများထင်နေတာလားဟု မော့ချင်းလင်က တွေးလိုက်လေသည်။