အပိုင်း ၁
Viewers 279

အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး

အပိုင်း ၁

 

 

ဝမ်ယွီထုံ တစ်ယောက် ကလေးငိုသံကြောင့် လန့်နိုးလာခဲ့သည်။

 

 

အိပ်မှုံစုံမွှားနှင့် သူမဘေးကို လှည့်ကြည့်လိုက်တော့ သူမအောက်မှာ လှုပ်ရှားနေသည့် တစ်ခုခုရှိနေသည်။

 

 

ဝမ်ယွီထုံ လန့်ဖြန့်သွားကာ ချက်ချင်းထကြည့်လိုက်၏။သူမရှေ့မှာ မြင်ရလိုက်ရသည်က မျက်ရည်တွေနဲ့ မျက်နှာသေးသေးလေးဖြစ်နေ၏။ တစ်နှစ်ခွဲလောက်သာ ရှိဦးမည့် ကလေးပေါက်စနလေးက သူ့လက်သီးလေးကို ဝေ့ယမ်းကာ ငိုယိုနေရှာ၏။

 

 

သူမက သူ့ရဲ့ ခြေထောက်သေးသေးလေးတစ်ဖက်ကို ဖိထားနေမိတာဖြစ်သည်။

 

 

ဝမ်ယွီထုံ လည်း အိပ်ရာကနေ အမြန်ထလိုက်ပြီး ကုတင်ပေါ်က ဘောလုံးလေးကို စိုးရိမ်တကြီး ကြည့်လိုက်၏။

"နာသွားလား ကလေးလေး တောင်းပန်တယ်နော် မင်းကို နာအောင်လုပ်မိလို့ တောင်းပန်တယ်နော်"

ကလေးငယ်လေးက ရင်ကွဲမတတ် အော်ငိုလေတော့၏။

 

 

ဝမ်ယွီထုံလည်း သူသိသည့် ကလေးချီနည်းအတိုင်း ကုတင်ပေါ်က ကလေးလေးကို ကောက်ချီလိုက်ကာ ရင်ခွင်ထဲ ထည့်ထားလိုက်၏။ ကလေးငယ်လေးက ဝမ်ယွီထုံ သူ့ကို ဖက်တာ မကျေနပ်သည့်ပုံဖြင့် နှာ တရှုံ့ရှုံ့လုပ်ကာ သူမ လက်ထဲမှာ ရုန်းကန်နေသည်။

 

 

ဝမ်ယွီထုံလည်း ကလေးကို သူမနဲ့ မျက်နှာချင်းဆိုင်ချီလိုက်ကာ အချင်းချင်း မျက်လုံးချင်း ဆုံစေလိုက်၏။ကလေးငယ်လေးက မျက်ရည်တွေနဲ့ ရုန်းကန်နေသေး၏။ သူ့ပါးမှာလည်း မျက်ရည်စီးကြောင်းတွေနဲ့ နှာခေါင်းလေးလည်း နီရဲနေကာ နှုတ်ခမ်းက တစ်တောင်လောက် ဆူနေ၏။ ဝမ်ယွီထုံလည်း ငါးမိနစ်လောက် ချော့မော့လိုက်မှ ကလေးက ပြုံးလာတော့၏။

 

 

ကလေးအငို တိတ်တော့မှ  ဝမ်ယွီထုံလည်း စိတ်သက်သာရာရပြီး သက်ပြင်းလေးချလိုက်ကာ သူမပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ သူမလုံးဝ မရင်းနှီးသည့်အိပ်ခန်းထဲရောက်နေသည်ကို သိလိုက်ရသည်။

 

 

အိပ်ခန်းကို တစ်ချက်ကြည့်လိုက်သည်နှင့် ငွေကြေးချမ်းသာသည့်သူ အိပ်သည့်အိပ်ခန်းနှင့် တူလေသည်။ ဝမ်ယွီထုံလည်း ကလေးကို ချီထားကာ အိပ်ခန်းထဲ ပတ်ကြည့်လိုက်၏။ အနားယူသည့်နေရာ၊ ရေချိုးခန်းအကျယ်ကြီးနှင့် အဝတ်အစားထားသည့်အခန်းအကျယ်ကြီးတွေလည်း ပါကာ ရှုခင်းလှလှ ကိုလည်း မြင်ရသေး၏။

 

 

အခန်း၏ အလင်းရောင် ဝင်ရောက်မှုပုံစံနှင့် အခန်းတွင်း သုံးထားသည့်ပစ္စည်းတွေက ဖက်ရှင်ကျကာ စနစ်တကျဖြစ်ပြီး အကောင်းစားတွေချည်းဖြစ်၏။

 

 

ဒါက လုံးဝကို အမျိုးသမီးစူပါစတားတစ်ယောက်ရဲ့ အခန်းပုံစံပဲဟု ဝမ်ယွီ‌ထုံ မျက်လုံးပြူးကြည့်ရင်း တွေးလိုက်သည်။

 

 

ထိုစဉ် ရုတ်တရက်ကြီး သူမခေါင်းထဲမှာ အီလက်ထရောနစ်အသံလိုမျိုး အသံတစ်ခုကြားလိုက်ရ၏။

 

 

စနစ် - [သင် တွေးတာမှန်ပါတယ်… ဝမ်ယွီထုံ သင်ကိုယ်တိုင်ဟာ နာမည်ကြီး စတားတစ်ယောက်ပါ]

 

 

ဝမ်ယွီထုံ စိတ်ထဲ အနည်းငယ်ပျော်သွားသော်လည်း သတိရှိရှိဖြင့် ချက်ချင်းမေးလိုက်၏။

 

 

"နင်က ဘယ်သူလဲ"

 

 

စနစ် -[ တင်းးး ဂုဏ်ပြုပါတယ် သင်ဟာ ကလေးပျိုးထောင်ခြင်းစနစ် ၈၈၈၈ နဲ့ ချိတ်ဆက်မိသွားပါပြီ။ အရင်ဘဝက သင်ဟာ စာမေးပွဲအတွက် စာ အကြိုးစားလွန်ပြီး နှလုံးရပ်ကာ သေဆုံးသွားပါပြီ။အခုတော့ သင်ဟာ " ဆိုးသွမ်းတဲ့ဥက္ကဌကြီးးး ကျေးဇူးပြူပြီး လွှတ်ပေးပါ" ဆိုတဲ့အချစ်ဝတ္ထုထဲကို ရောက်နေတာပါ။ သင့်လက်ထဲက ကလေးက အဓိကဇာတ်လိုက်မင်းသား ကျိုးရှောင်ယွီ ပါ! သင်ကတော့ အဓိက ဇာတ်လိုက်မင်းသားရဲ့ မွေးစားအဖေကို လွန်ခဲ့တဲ့အပတ်ကမှ လက်ထပ်ထားတဲ့ မိထွေးဖြစ်ပါတယ်]

 

 

စနစ်က ပြောပြသည့် တော်စပ်ပုံကို ကြားမိသည့်ဝမ်ယွီထုံ မျက်မှောင်ကြုံ့မိသွား၏။ မွေးစားအဖေနဲ့ မိထွေးဆ်ိုတော့ အဖေအမေ အရင်းက ဘယ်မှာလဲ?

 

 

စနစ် - [ "အဓိက ဇာတ်လိုက်တိုင်းရဲ့ ရင်နင့်သနားစရာ ဘဝနောက်ကြောင်းက ကျိုးရှောင်ယွီအတွက်လည်း ခြွင်းချက်မဟုတ်ခဲ့ဘူးလေ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲတုန်းက ကျိုးရှောင်ယွီ အမေက သူ့ကို မွေးရင်း ‌မီးတွင်းထဲမှာ ဆုံးသွားခဲ့ရှာတယ်။ သူ့အဖေဖြစ်တဲ့ ကျိုးကျီခိုင်းကလည်း သူ့မိန်းမစိတ်နဲ့ အရက်တွေသောက်ပြီး ကားမောင်းတာ အက်စီးဒန့်ဖြစ်ပြီး ဆုံးသွားတယ်လေ။ ဒါနဲ့ သူ့အဖေရဲ့ ညီဖြစ်တဲ့ သူ့ဦးလေး ကျိုးကျီယွဲ့က ကျိုးရှောင်ယွီကို မွေးစားခဲ့ရတာပေါ့]

 

 

ဝမ်ယွိထုံ - "ဒါဆို ကျွန်မတို့က ဘယ်လိုလုပ် လက်ထပ်ဖြစ်သွားတာလဲ"

 

 

စနစ် - [သူ့အစ်ကို ဆုံးပြီးနောက် ကျိုးကျီယွဲ့က ကျိုးလုပ်ငန်းစု ကို လက်လွဲယူခဲ့ရတယ်။ ဒါပေမယ့် သူက ငယ်သေးပြီး အတွေ့အကြုံမရှိသေးတာမို့လို့  တစ်ခြား လုပ်ငန်းစုတွေကို မယှဉ်နိုင်ခဲ့ဘူး။ ဒါနဲ့ ကျိုးလုပ်ငန်းစုက တစ်ခြား ဝံပုလွေနဲ့ ကျားလို ရက်စက်တဲ့ လုပ်ငန်းစုတွေလက်ထဲ ထိုးအပ်ရတော့မလို အ‌ခြေအနေ ဖြစ်လာတယ်။ သင့် အမေရဲ့ လုပ်ငန်းစု ဖြစ်တဲ့ ဝမ်လုပ်ငန်းစုက ကျိုးလုပ်ငန်းစု ရင်ဆိုင်ရတဲ့ အခက်အခဲပြသနာတွေကို ဖြေရှင်းပေးမယ်။ အခြေအနေ တစ်ခုအနေနဲ့ သမီးဖြစ်တဲ့ ဝမ်ယွီထုံ သင့်ကို လက်ထပ်ရမယ် ဆိုပြီး ကမ်းလှမ်းလာခဲ့တယ်လေ]

 

 

ဝမ်ယွီထုံလည်း စနစ်က ပြောပြသည့်အကြောင်းအရာကို နားထောင်ပြီး ချောင်းအနည်းငယ် ဟန့်လိုက်သည်။

"ဒါနဲ့ စောနက ပြောတော့ ကျွန်မက နာမည်ကြီး အမျိုးသမီး စူပါစတားဆိုတာ တစ်ကယ်လား"

 

 

 စနစ်က ခတ္တ ရပ်တန့်သွား၏။ အတော်လေးကြာမှ အင်းး ဟု ပြန်ပြောလာသည်။

 

 

ဝမ်ယွီထုံလည်း အပျော်လွန်သွား၏။ သူမ အရင်ဘဝတုန်းက မျက်ကွင်းညိုတဲ့အထိ စာပဲ ကြိုးစားနေခဲ့ရကာ ပိုက်ဆံရှာပြီး ပျော်စရာတွေရှာဖို့အချိန် မရှိခဲ့ပေ။ အခုတော့ သူမက နာမည်ကြီး စူပါစတားတစ်ယောက်ဖြစ်ရုံမက ချမ်းသာတဲ့ မိထွေးတစ်ယောက်တောင် ဖြစ်နေသေးသည်။ ထို့ကြောင့် အပျော်လွန်နေမိ၏။

 

 

စနစ် - [" ဟုတ်ပါတယ် သင်က နာမည်ကြီး စူပါစတားတစ်ယောက်တစ်ကယ်ကို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကိစ္စတစ်ချို့ကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက အလုပ်ကနေ အနားယူလိုက်ခဲ့ပါပြီ။ အဲ့ဒီအကြောင်းကို နောက်ပိုင်းကျရင် တစ်ဖြည်းဖြည်း သိလာပါလိမ့်မယ်။ကျွန်ုပ်သိပ်ပြီး မပြောချင်ပါ]

 

 

'အော် စနစ်က သူမကို လာနောက်နေတာလားးး'

ဝမ်ယွီထုံ နှုတ်ခမ်းစေ့ထားကာ ဆက်မပြောတော့ပေ။

 

 

စနစ် - [ဒီနေ့ အဓိက ပြောချင်တာက အာ့အကြောင်းမဟုတ်ဘူး။ အနာဂတ်အကြောင်းပဲ]

 

 

ဝမ်ယွီထုံ - " အနာဂတ်?"

 

 

စနစ် -[ ဟုတ်တယ် ဒီဝတ္ထုက သင့်ရဲ့ကဏ္ဍက မိထွေးပါ။ကျိုးကျီယွဲ့နဲ့ လက်ထပ်ပြီး ဇာတ်လိုက်မင်းသား အငယ်လေး ကျိုးရှောင်ယွီကို အနိုင်ကျင့်ပြီး ဇာတ်လိုက်ကို ငယ်ဘဝ စိတ်ဒဏ်ရာတွေပေးရမှာပါ။ ကျိုးကျီယွဲ့က သူ့သားကို အနိုင်ကျင့်နေတာကို သိသွားတော့ သင့်ကိုအိမ်ကနေ နှင်ထုတ်လိုက်ပြီး စိတ္တဇဆေးရုံမှာ တစ်သက်လုံးနေသွားရအောင် လုပ်လိုက်မှာပါ]

 

 

ဝမ်ယွီထုံ - [" ဘယ်လို ဘယ်လို? ကျွန်မကြားလိုက်တာက ချမ်းသာတဲ့ စူပါစတား သူဌေးကတော်အကြောင်း မဟုတ်ပဲ အသေဆိုးနဲ့သေခဲ့ရတဲ့ ရက်စက်တဲ့မိထွေးအကြောင်းလား]

 

 

စနစ် - [သင်ဟာ အလွန်ပါးနပ်တဲ့သူပါလားး ဇာတ်လမ်းကို လုံးဝ နားလည်လိုက်တာပဲ]

 

 

ဝမ်ယွီထုံ သူမလက်ထဲက မျက်တောင်တွေခတ်ပြီး သူမကို ကြည့်နေသည့် ကျိုးရှောင်ယွီကို တစ်ချက်ကြည့်လိုက်ကာ စိုးရိမ်စွာပြောလိုက်၏။

 

 

"ဒါဆိုလည်း ကျွန်မ ကျိုးကျီယွဲ့နဲ့ ချက်ချင်း ကွာရှင်းလိုက်မယ်။ ချမ်းသာတဲ့ မိထွေးမလုပ်တော့ဘူး။ ခုကတည်းက အဝေးကြီးမှာ သွားပုန်းနေလိုက်ရင်ကော?"

 

 

စနစ် - [ဒီလိုလုပ်တာက ပြသနာကိုဖြေရှင်းရာမကျပါဘူး။သင့်ရဲ့ ဇာတ်ကောင်ကိုက ကံမကောင်းတဲ့ဇာတ်ကောင်ပါ။ ဒီအခြေအနေကနေ ရှောင်ရှားနိုင်ရင်တောင် အနာဂတ်မှာ ကြံကမ္မာဆိုးနဲ့ ကြုံရဦးမှာပါ]

 

 

ဝမ်ယွီထုံ လန့်သွား၏။ "ဒါဆို ကျွန်မ ဘယ်လိုလုပ်ရမလဲ"

 

 

စနစ် - [ဒီစနစ်ကနေ ရုန်းထွက်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းက ဒီကမ္ဘာပေါ်က ကံအကောင်းဆုံးသူနဲ့ နေဖို့ပါပဲ။သူကသင့်ကို ချစ်နှစ်သက်ပြီး သင့်အပေါ်မှီခိုနေသရွေ့ သူ့ကံကောင်းခြင်းတွေကို ပွတ်သပ်ပြီး သင့်ကံကြမ္မာကို ပြောင်းလဲနိုင်ပါတယ်။ ဒီကမ္ဘာရဲ့ ကံကောင်းခြင်းသားတော်ကတော့ သင့်လက်ထဲက အဓိကဇာတ်လိုက် ကျိုးရှောင်ယွီပါပဲ။ညကြည့်လိုက်ပါ။ဘစနစ်ထဲမှာ သင့်ရဲ့ကံကောင်းခြင်းကိုပြတဲ့ စက်ဝိုင်းပုံအညွှန်းရှိပါတယ်။ စက်ဝိုင်းအညွှန်းလေးက ရွှေရောင်ကျောက်တွေနဲ့ပြည့်သွားရင် သင့်ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ပါပြီ]

 

 

ဝမ်ယွီထုံလည်း သူ့မစိတ်ထဲက စနစ်ကို ဖွင့်ကြည့်လိုက်စဉ် စက်ဝိုင်းပုံ အညွှန်းကိန်းတစ်ခုကို မြင်လိုက်ရ၏။ ထိုအရာက မီးခိုးရောင်ဖြစ်နေသည်။ အစွန်းနားမှာ ရွှေရောင်လေး နည်းနည်းကို တော့မြင်နေရ၏။

 

 

သူမ ခေါင်းငုံ့ကာ လက်ထဲမှ ကလေးကို ကြည့်လိုက်စဉ် ကလေးက ပြုံးပြ၏။ ဝမ်ယွီထုံ သူမလက်ထဲက အဓိက ဇာတ်လိုက်လေးကို နမ်းလိုက်၏။ ကလေးရဲ့ နှုတ်ခမ်း နူးနူးညံ့ညံ့လေးက လူတိုင်းကို မချစ်ပဲ မနေနိုင်အောင် လုပ်နေ၏။ ဝမ်ယွီထုံလည်း ကလေးကိုကြည့်နေရင်း သူမမျက်လုံးက အချစ်တွေပြည့်နှက်လာ၏။

"ဒီကလေးက အရမ်းချစ်ဖို့ကောင်းတာပဲ။ သူ့အနားမှာပဲ အမြဲ နေချင်လာတယ်"

 

 

စနစ် - [ ကလေးကို ထပ်နမ်းမယ် ဆိုရင် ကျေးဇူးပြုပြီး နှုတ်ခမ်းနီ ဖျက်ပေးပါလား‌]

 

 

ဝမ်ယွီထုံ - " ဟင် ဘယ်သူက အိမ်နေရင်း နှုတ်ခမ်းနီ ဆိုးလို့လဲ"

 

 

ဝမ်ယွီထုံလည်း မယုံနိုင်၍ မှန်တင်ခုံမှာ ပြေးကြည့်လိုက်တော့ နှုတ်ခမ်းနီဆိုးထားရုံတင်မက သူမမျက်နှာက မိတ်ကပ်အပြည့်နှင့် မျက်တောင်အတုပါ တပ်ထားလိုက်‌သေး ၏။

 

 

သူမ၏ရုပ်ရည်သွင်ပြင်က အရင်ဘဝက ရုပ်ရည် အတိုင်းသာဖြစ်၏။ တိကျပြတ်သားသည့်မျက်နှာကျနှင့် မျက်လုံးအစွန်းများက အပေါ်ကို အနည်းငယ် တက်နေကာ မျက်ဆံနှင့် ဆံပင်က အညိုရင့်ရောင် ဖြစ်နေ၏။

 

 

သူမမျက်နှာက သံသယရှိစရာမလိုအောင်ပင် လှလေရာ ဒီလိုမျိုး မိတ်ကပ်များပင် လိမ်းရန်မလိုအပ်ပေ။ထို့ကြောင့် ကျိုးရှောင်ယွီကို ပုခက်ထဲ ထည့်သိပ်လိုက်သည်။ ကလေးက ရှိုက်သံနှစ်ခါပေးသော်လည်း ငိုတော့မငိုချေ။ သူမလည်း ရေချိုးခန်းကို အမြန်ပြေးကာ မိတ်ကပ်တွေကို သေချာဖျက်လိုက်လေသည်။

 

 

စနစ် - [စနစ် ထဲမှာ ကလေးထိန်းနည်းလမ်းညွှန်စာအုပ် နှစ်အုပ်လောက်ထည့်ထားတယ် အချိန်အားရင် ဖတ်ထားလိုက်။ ဒါနဲ့ စကားမစပ် ကျိုးမိသားစုရဲ့ ပျက်ကပ်ကြီးကျော်လွှားနိုင်ပြီး ကံကောင်းခြင်းအမှတ်တွေ စုထားနိုင်ခဲ့ရင် ကျိုးကျီယွဲ့က လျော်ကြေးအများကြီးပေးပြီး ကွာရှင်းလောက်တယ် နော်]

 

 

ဝမ်ယွီထုံ စနစ်က ပြောသည်ကြိ ဆတ်ကနဲ နားစွင့်လိုက်၏။ "လျော်ကြေးအများကြီးး?"

 

 

စနစ် - [ ဟီးဟီး တစ်သက်လုံး သုံးမကုန်နိုင်မယ့် ပိုက်ဆံတွေလေ]

 

 

ကျိုးမိသားစုက အေမြို့တော်မှာ ထိပ်သီးမိသားစုဖြစ်၍  လတ်တလောကြုံနေရသည့် ပြသနာကလည်း တစ်ခဏသာဖြစ်ပြီး အလျင်အမြန် ကျော်လွှားနိုင်မည်သာဖြစ်၏။

 

 

ဝမ်ယွီထုံလည်း ချက်ချင်း ပျော်ရွှင်မှုတွေနှင့် ပီတိဖြစ်သွားသည်။ "တစ်သက်လုံး သုံးမကုန်နိုင်တဲ့ ပိုက်ဆံတွေရေ ငါလာပြီဟေ့ "

 

 

သူမမျက်နှာ မှ မိတ်ကပ်များကို အမြန်ဖျက်လိုက်ပြီး ကလေးပုခက်ဆီ အမြန်သွားလိုက်သည်။ ကျိုးရှောင်ယွီက နှုတ်ခမ်းမဲ့နေကာ ထပ်ငိုတော့မည့်ပုံပေါက်နေသည်။

 

 

ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီကို အမြန်ကောက်ချီလိုက်စဉ် ကလေးလေးက ဝမ်ယွီထုံ၏ ရင်ဘတ်ကို သူ၏ လက် ဖောင်းဖောင်းလေးများဖြင့် ထုနေ၏။ ကလေး၏ မျက်လုံးများမှာ အနက်ရောင် တောက်နေကာ ဆံပင်ကလည်း ကောက်ကောက်ခွေခွေလေးနှင့် အလွန်ကြည့်ကောင်း၏။ နေရောင်အောက်မှာ ဆိုလျင် သူ၏ ဆံပင် အနက်ရောင်က ရွှေဝါရောင် ပြေးနေသည်ဟုပင် ထင်ရသည်။

 

 

ဝမ်ယွီထုံလည်း မနေနိုင်တော့ပဲ သူမလက်ဖြင့် ကလေးလေး၏ နူးညံ့သည့်ဆံပင်ကို ပွတ်သပ်ကိုင်လိုက်၏။ကျိုးရှောင်ယွီ၏ ဆံပင်လေးက နူးညံ့နေကာ ကိုင်လို့ကောင်းလေသည်။

 

 

"ကျိုးရှောင်ယွီ မင်းမှာ အိမ်နေရင်း နာမည်မရှိဘူးလားး ဆံပင်ကောက်လေးလို့ ဘယ်သူမှ မခေါ်ကြဘူးလား"

 

 

ကျိုးရှောင်ယွီက မကြိုက်သည့်အလား သူ၏ နှုတ်ခမ်းများ ဆူ ထော်လာ၏။

 

 

" ဟုတ်ပါပြီ ရှောင်ယွီလို့ခေါ်ရင်ကော အဆင်ပြေလား ရှောင်ယွီ ရှောင်ယွီ ဟုတ်ပြီနော်?" ဝမ်ယွီထုံက ကလေး နှင့် အဆင်ပြေနိုင်အောင် ပြုံးရီကာ စကားပြောနေ၏။

 

 

ကျိုးရှောင်ယွီလည်း သူ့ရှေ့က အမျိုးသမီး ဘာပြောနေလဲ နားမလည်ပေမယ့် သူ့ရှေ့မှာ အလွန်ကြိုးစားပြနေ၍ သူကလည်း ပြန်ပြုံးဖြီးပြလိုက်၏။

 

 

" ဆိုတော့ ရှောင်ယွီလို့ ခေါ်တာကို ကြိုက်တယ်ပေါ့။ ဒါဆို နောက် ရှောင်ယွီလို့ခေါ်မယ်နော်"

 

 

လူကြီးနဲ့ ကလေးက နာမည်ရွေးနေကြစဉ် ဝမ်ယွီထုံ၏ ဦးနှောက်ထဲဝယ် စနစ်၏ အသံထပ်ကြားလိုက်ရသည်။

 

 

"Host အခုချိန်က ကလေးနို့တိုက်ရမယ့် အချိန်ပါ။ စနစ်ထဲမှာ တစ်နှစ်ခွဲကလေးရဲ့ အချိန်ဇယား လုပ်ထားပေးတယ် ကိုယ့်အတွေ့အကြုံကို အသုံးချပြီး ရှောင်ယွီလေးကို အရင် ပြုစုကြည့်လိုက်ပါ။ နောက်မှ ကလေး အခြေအနေကို လိုက်ပြီး လိုအပ်သလို ပြောင်းလိုက်လို့ရပါတယ်"

 

 

ဝမ်ယွီထုံလည်း ရှောင်ယွီလေး၏ အိပ်ချိန် စားချိန်များကို သေချာ ကြည့်လိုက်သည်။

 

 

[၅:၀၀ နာရီမှာ နို့သောက်မည်။ ပြီးလျင် အိပ်ရမည်။

၈:၀၀ နာရီမှာ နို့သောက်/ဖြည့်စွက်စာစားမည်။

၉:၀၀ နာရီမှာ ခြံထဲ လမ်းခေါ် လျှောက်မည်။

၁၀:၃၀ နာရီမှာ တစ်ရေးအိပ်မည်။

၁၂:၀၀ နာရီမှာ နို့သောက် /ဖြည့်စွက်စာစားမည်။

နေ့လည် ၁:၀၀ နာရီမှာ တစ်ရေးအိပ်ရမည်။

မွန်းလွဲ ၄:၀၀ နာရီမှာ နို့သောက်/ဖြည့်စွက်စာ စားမည်။

၄:၃၀ နာရီမှာ အိမ်အပြင်ခြံထဲ လမ်းခေါ်လျှောက်ရမည်။

ညနေ ၆:၀၀ နာရီမှာ တစ်ရေးအိပ်ရမည်။

၇:၃၀ နာရီမှာ ရေချိုးပေးရမည်။

၈:၀၀ နာရီမှာ နို့သောက်မည်။

၉:၀၀ နာရီမှာ အိပ်မည်။]

 

 

ဝမ်ယွီထုံ နံရံပေါ်က ဒီဂျစ်တယ် နာရီကိုကြည့်လိုက်ရာ ရှောင်ယွီလေးကို မွန်းလွဲစာ ကျွေးရမည့် ၃:၄၅ မိနစ်ပင်ရှိပြီဖြစ်၏။

 

 

စနစ် - [ နို့မှုန့်နဲ့ နို့ဘူးတွေက ကလေးရဲ့ အခန်းထဲမှာ ရှိတယ်။ဘမသိတာရှိရင်လည်း အိမ်တော်ထိန်းကို မေးလို့ရတယ်]

 

 

ကျိုးအိမ်တော်ကြီး တစ်ခုလုံးမှာ အိမ်တော်ထိန်းရယ် စားဖိုမှုးနှစ်ယောက်ရယ် သန့်ရှင်းရေး အလုပ်သမားအချို့သာကျန်ခဲ့၏။ ကျိုးကျီယွဲ့ က M နိုင်ငံကို အလုပ်ခရီးသွားနေတာဖြစ်ပြီး အရင်က ရှောင်ယွီလေးကို ထိန်းခဲ့သည့် ကလေးထိန်းတွေက ဝမ်ယွီထုံရဲ့ မကောင်းကြောင်းတွေ ကွယ်ရာမှာ ပြောကြတာမို့လို့ မနေ့က အကုန် အလုပ်ထုတ်ပစ်ကြောင်းကိုလည်း စနစ်က ပြောပြသေးသည်။

 

 

ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီကို ချီပြီး အခန်း အပြင်ဘက်ကို လျှောက်လာကာ ကျိုးအိမ်တော်ကို ပတ်ကြည့်လိုက်သည်။ ဝမ်ယွီထုံ အိမ်ကို မချီးကျုးပဲ မနေနိုင်ပါ။ အရင်ဘဝတုန်းက ဒီလို စံအိမ်တွေကို ဇာတ်လမ်းတွဲတွေမှာပဲ မြင်ဖူးခဲ့တာဖြစ်သည်။

 

 

ကျိုးစံအိမ်က ငါးလွှာရှိကာ တစ်အိမ်လုံးကို အိတလီစတိုင် အနက်နဲ့ ရွေရောင် ကွပ်ထားတာဖြစ်သည်။အထက်တန်းစား အိမ် ခံစားချက်ကို ပေးစွမ်းနိုင်ကာ မြင်မြင်သမျှကလည်း ပိုက်ဆံတွေ ချည်းသာဖြစ်၏။တစ်နိုင်ငံလုံးရဲ့ ဝင်ငွေတွေနဲ့ ဆောက်ထားတဲ့ ကိုးရီးယားဇာတ်လမ်းတွဲတွေထဲက စံအိမ်ကြီးတွေလို ဖြစ်နေ၏။

 

 

ဝမ်ယွီထုံ အိမ်ကို ပတ်ကြည့်ရင်း တတိယအထပ်မှာ ကလေးရဲ့ အခန်းကို တွေ့လိုက်သည်။ ကလေးရဲ့ အခန်း အပြင်အဆင်က အပြင်နဲ့ မတူပဲ ချစ်စရာကောင်းသည်။အခန်းကို သစ်သားအရောင်နဲ့ ခရင်မ် အရောင် သုတ်ထားကာ ကလေးပုခက်၊ ကလေးဆော့မည့်နေရာ၊ကလေးပုံပြင် စာအုပ်စင်၊ ကလေးနို့မှုန့်နို့ဘူးနှင့် ကလေးအိမ်သာတို့ စုံစုံလင်လင်ပါ၏။ မြင်မြင်သမျှ အရာ အားလုံးက ကလေးအသုံးအဆောင် ပစ္စည်းများသာဖြစ်၏။

 

 

ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီကို ပုခက်ထဲ ထည့်လိုက်ရာ ကလေးက ချက်ချင်း သူ့ခြေလက်တွေ ဝေ့ယမ်းပြီး မျက်နှာနီလာကာ မျက်ရည်တွေ ဝဲလာ၏။

 

 

ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီ၏ မျက်ရည် ဗျူဟာကို မြင်လိုက်တော့ ချက်ချင်း ကလေးကိုပြန်ကောက်ချီလိုက်သည်။ ကျိုးရှောင်ယွီလေးက ရှိုက်သံလေးပေးကာ အငိုရပ်သွားသည်။ ဒါပေမယ့် ကလေးရဲ့ မျက်လုံးအစုံက မျက်ရည်တွေဝဲနေကာ သနားစရာကောင်းလှ၏။ထို့ကြောင့် ဝမ်ယွီထုံလည်း ကလေးကို ပုခက်ထဲ ထပ်မထားချင်တော့‌ပဲ ချီထားလိုက်၏။

 

 

"ကျွန်မ ဘယ်လို လုပ်ရမလဲ။ ကလေးက ဒီလိုငိုနေရင် နို့မှုန့် ဖျော်ဖို့ အချိန်မှ မရတော့တာ"

 

 

စနစ် - [ အခုချိန်က သင့်ရဲ့ အကြားအာရုံနဲ့ လက်ရဲ့ အမြန်နှုန်းကို စစ်ဆေးတဲ့ အချိန်ပါ။ ၄၅°အပူချိန်ရှိတဲ့ ရေနွေးနဲ့ နို့မှုန့် သုံးဇွန်းနဲ့ရောပြီး ၁၈၀မီလီလီတာ ရှိတဲ့ နို့ အမြန်ဖျော်ပါ။ နို့မှုန့်ဖျော်တာကို တစ်မိနစ် သို့မဟုတ် နှစ်မိနစ်အတွင်း ပြီးအောင် လုပ်ပါ]

 

 

"ကျွန်မရဲ့ အကြားအာရုံကို စစ်ဆေးတယ်ဆိုတာ ဘာကို ပြောတာလဲ"

 

 

စနစ်က ခဏရပ်သွားကာ ပြောပြလာသည်။

 

 

[အဟမ်းးအဟမ်းး အကြားအာရုံကို စစ်ဆေးတယ်ဆိုတာက ကလေးငိုသံကို နားယဉ်လာအောင်လို့ပါ။ကလေးထိန်းတာ ကြာလာရင် ကလေးငိုသံကို နားခံနိုင်ရေ ရှိလာပြီး သင့် နှလုံးသား ကြည်လင်လာပြီး နတ်တစ်ပါးလို ဖြစ်လာလိမ့်မယ်။ ပြီးတော့ ကလေးငိုတာကလည်း အဆုတ်ကို ကြီးလာစေပြ ချွေးထွက်စေတယ် ဆိုတော့ ကလေးအတွက်လည်း ခန္ဓာကိုယ် လေ့ကျင့်ခန်းဖြစ်စေတာပေါ့]

 

 

ဝမ်ယွီထုံ - "…………"