အပိုင်း ၂
Viewers 288

အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး

 

အပိုင်း ၂

 

 

“ ဝါးးး ဝါးးး ဝါးးး"

နားစည်ကွဲမတတ် ကလေးအော်ငိုသံကိုကြားလိုက်ရတော့ ဝမ်ယွီထုံ စိတ်လှုပ်ရှုားကာ လက်များပင်တုန်လာ၍ ဇွန်းထဲက နို့မှုန့်ဖိတ်ကျသွား၏။ သူမ အသက်ကို ပြင်းပြင်း ပြန်ရှုလိုက်ပြီး နို့ဘူးထဲကနေ နို့မှုန့် ကို ဇွန်းဖြင့် အပြည့် ပြန်ခပ်လိုက်ကာ ခွက်ထဲထည့်လိုက်သည်။ နောက် ၄၅°အပူချိန်ရှိသည့် ရေနွေးကို ထည့်ရန်ပြင်လိုက်စဉ် စနစ်က ကျယ်လောင်စွာ သတိပေးလာသည်။

 

 

[ပုံစံခွက်ဇွန်းကို အမောက်အလျှံမထည့်ရဘူး။ နို့ဘူးဘေးမှာ ဇွန်းထဲက နို့မှုန့်အမောက်အလျှံကို ခြစ်ချဖို့ ဇွန်းရှိတယ်။ နို့မှုန့်ထည့်ပြီးသွားရင် နို့မှုန့်ဘူးထဲမှာ ပြန်ထည့်ထားပါ] ဟု စနစ်က ကျယ်လောင်စွာ သတိပေးလာ၍ ဝမ်ယွီထုံ အံကြိတ်လိုက်ကာ နို့မှုန့်ပြန်ထည့်လိုက်သည်။အမှားအယွင်းမရှိ လုပ်ပြီးခါမှ နို့ဘူးကို ပိတ်လိုက်ပြီး လှုပ်ခါလိုက်သည်။ နောက် နို့ဘူးကို စားပွဲပေါ်တင်လိုက်ပြီး ပုခက်ထဲက ကလေးကို လှမ်းချီလိုက်သည်။

 

 

"မဒမ် သခင်လေးက ဘာလို့ငိုနေတာလဲ"

ခေါင်းဖြူဖြူနှင့် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးက စိုးရိမ်သည့်ခြေလှမ်းတွေနဲ့ ကလေးအခန်းထဲကို ဝင်လာသည်။

 

 

"မဒမ် အဆင်ပြေပါရဲ့လား"

 

 

ဝမ်ယွီထုံက ဒေါသထွက်နေသည့် ကျိုးရှောင်ယွီကို ကောက်ချီထားရာ ကလေးက ငိုယိုနေပြီး သူ၏ လက်သီးလေးများဖြင့် သူမ၏ ကျောကို ထုနေ၏။ ဝမ်ယွီထုံကလည်း လက်မောင်းဖြင့်ချီထားရင်း ကျောကို ပုတ်ပေးကာ အငိုတိတ်စေရန် ချော့‌မြူလိုက်သည်။

 

 

"ကလေးက ဗိုက်ဆာနေတာ"

ဝမ်ယွီထုံသည် ကလေးပါးစပ်ထဲကို နို့ဘူးထည့်ပေးလိုက်ရာ ကလေးက ချက်ချင်းအငိုတိတ်သွားပြီး နို့သောက်နေတော့သည်။

 

 

အိမ်တော်ထိန်းစိန်၏ မျက်လုံးထဲဝယ် အံ့အားသင့်မှုဖြစ်သွားသည်။ မနေ့က ဝမ်ယွီထုံ အိမ်အလုပ်သမား အတော်များများကို အလုပ်ထုတ်ပစ်ကတည်းက အိမ်တော်ထိန်းစိန်က စိတ်ပူနေခဲ့တာဖြစ်သည်။ 'အာ့အလုပ်သမားတွေက ကလေးကို သေချာဂရုစိုက်တတ်တာ မဟုတ်ပါဘူးလေ။'

 

 

ယနေ့မနက်ခင်းမှာလည်း ကလေးထိန်းထပ်ခန့်ဖို့ လူခေါ်လာတော့ ဝမ်ယွီထုံက အားလုံးကို ငြင်းပစ်ခဲ့တာဖြစ်သည်။ ခန့်လိုက်တဲ့ အလုပ်သမားတွေ ကလေးထိန်းတွေ တော်တော်များများက ကွယ်ရာမှာ သူမ မကောင်းကြောင်းပြောတတ်၍ ဖြစ်သည်။

 

 

ဒါပေမယ့်အခု သခင်လေး အပေါ်ဝမ်ယွီထုံ၏ ဂရုစိုက်မှုက အတုအယောင်ပုံစံ ဟုတ်မနေပေ။ ကလေးကို နို့ဘူးတိုက်သည့်ပုံစံကလည်း ကျွမ်းကျင်သည့်ပုံပေါက်‌နေ၍ သူ့ရင်ထဲက လေးလံသည့် ကျောက်တုန်းကြီး ကျသွားသလိုခံစားလိုက်ရသည်။

 

 

ဝမ်ယွီထုံ ဆိုဖာပေါ်ထိုင်ကာ သူမလက်ထဲက ကလေး နို့ အားရပါးရသောက်နေသည်ကို သေချာကြည့်လိုက်သည်။ သူမ လှုပ်လိုက်သည်နှင့် ကလေးငိုမည်စိုး၍ တောင့်တောင့်ကြီးဖြစ်နေကာ လှုပ်ပင်မလှုပ်ရဲပေ။

 

 

ဒီအမျိုးသမီးက အိမ်တော်ရောက်တာ တစ်ပတ်လောက်ရှိနေပြီဖြစ်ပေမယ့် အပြင်က ကောလဟာလတွေလောက်မဆိုးဘူး ဟု တွေးမိကာ သက်ပြင်းချလိုက်သည်။ ဒီအကြောင်းတွေကို M နိုင်ငံရောက်နေသည့် သူဌေးကို သတင်းပို့ရန် တိတ်တိတ်လေး စိတ်ထဲမှာ မှတ်ထားလိုက်သည်။

 

 

"ရှောင်ယွီက အရမ်းတော်တာပဲ" ကျိုးရှောင်ယွီသည် ၁၈၀မီလီမီတာရှိသည့်နို့ဘူး အကုန်သောက်ပစ်ကာ ဗိုက်ပြည့်သွား၍ ကျေနပ်နေသည့်ပုံစံဖြင့် လေချဉ်ပင် တက်လိုက်သေးသည်။ညကလေးက ဆက်ပြီး ရုန်းနေ ငိုမနေတော့ပဲ ဝမ်ယွီထုံ လက်ထဲမှာ ငြိမ်ငြိမ်လေး ထိုင်နေသည်။

 

 

နို့တိုက်ပြီးတော့ ဝမ်ယွီထုံသည် ပုဝါလေးဖြင့် ကလေး၏ နို့ပေနေသည့်ပါးစပ်တစ်ဝိုက်ကို သုတ်ပေးလိုက်သည်။

 

 

စနစ် - [Host က သေချာလေး လုပ်နိုင်ခဲ့တာပဲ။ Host ဆီမှာ ကလေးထိန်းနိုင်မယ့် အရည်အချင်း ရှိမယ် လို့တောင် မထင်ခဲ့ဘူး။ ဒီလိုလေးသာ ဆက်သွားနိုင်ရင် နှစ်ဝက်အတွင်း ကောင်းကင်ကြီးကို ဆန့်ကျင်ပြီး ကံကြမ္မာကို ပြောင်းလဲနိုင်မယ့် ကံကောင်းမှုတွေကို စုဆောင်းနိုင်လိမ့်မယ်]

 

 

စနစ်၏ ချီးကျူးစကားကြောင့် ဝမ်ယွီထုံတစ်ယောက် မာန်တက်သွား၏။

 

 

ကျိုးရှောင်ယွီ၏ ကျောလေးကို အသာအယာပွတ်ပေးလိုက်ရာ ‌ကလေးက ကြောင်ပေါက်လေးလို သူမ လက်မောင်းကို ပြန်ဖက်ထားသည်။ ကလေး၏ ဆံပင် ကောက်ကွေးကွေးတွေက သူမရင်ဘတ်ကို  ထိနေရာယားကျိကျိဖြစ်နေစေသည်။

 

 

စနစ် - [နို့တိုက်ပြီးရင် ကလေးကိုခေါ်ပြီး ခြံဝန်းထဲ လမ်းလျှောက်ပေးရမယ့်အချိန် ရောက်ပြီနော်။ အိမ်မှာလည်း ကလေးဖြည့်စွက်အစာတွေ မရှိတော့ဘူးဆိုတော့ ကလေးအသက်အရွယ်နဲ့ ကိုက်မယ့် ဖြည့်စွက်အစာတွေကို ဝယ်‌ပေး ဖို့အတွက် အိမ်တော်ထိန်းစန်ကို မေးလိုက်ပါ]

 

 

"ဒါဆို ဈေးဝယ်သွားလိုက်မယ်လေ။ တစ်ခါတည်းနဲ့ ကလေးကိုလည်း အပြင်ခေါ်သွားလို့ရတာပေါ့။ ဝယ်ရမှာက ဘာတွေလဲ" ဝမ်ယွီထုံက တက်ကြွစွာပြောလိုက်သည်။

 

 

စနစ်ကလည်း ကလေးဖြည့်စွက်အစာ ဇယားကို ဝမ်ယွီထုံအားပြလိုက်သည်။ ဝမ်ယွီထုံလည်း ကလေးကို ချီကာ ကျောကို အသာအယာပုတ်ပေးရင်း ကလေးဖြည့်စွက်အစာဇယားကို သေချာဖတ်ကြည့်နေလိုက်သည်။

 

 

[ခြောက်လအရွယ်ကလေးများကို ဖြည့်စွက်အစာကျွေးလျင် လိုက်နာရမည့်အချက်များ]

 

 

[ခြောက်လအရွယ်ကလေးများကို မည်သည့်ဖြည့်စွက်အစာများ စကျွေးရမည်နည်း?]

 

 

[ကလေးခြောက်လအရွယ်ရောက်လျှင် ကလေးရဲ့ခန္ဓာကိုယ်ထဲက သံဓာတ်များအားလုံးနီးပါး သုံးပြီးသားဖြစ်နေ၍ သံဓာတ်လိုအပ် ပါလိမ့်မည်။ ထို့ကြောင့် ကလေးအားဖြည့်စွက်အစာ အနေဖြင့် သံဓာတ်ပါဝင်မှုနှုန်းများသည့် ဆန်ခေါက်ဆွဲကို စ ကျွေးသင့်ပါသည်။]

 

 

ကလေးဖြည့်စွက်အစာ အစဉ်အလိုက် နောက်တိုးများ - သံဓါတ်ပါဝင်မှုနှုန်းမြင့်သည့် ဆန်ခေါက်ဆွဲ၊ ရိုင်ဇုမ်း၊  အသီးအရွက်များ၊ သစ်သီးများ၊ အသားငါး၊ ခေါက်ဆွဲ၊ ဆန်ပြုတ်]

 

 

[ဖြည့်စွက်အစာစကျွေးလျင် နို့တိုက်တာ လျော့သင့်ပါသလား?

ကလေးတစ်ဦး၏ တစ်နေ့တာ နို့လိုအပ်ချက်မှာ၆၀၀မီလီလီတာထက် မနည်းသင့်ပါ။ တစ်နှစ်အရွယ်ကလေးကို ဆားနှင့် တစ်ခြားဟင်းခတ်မှုန့်များမကျွေးသင့်သေးပါ။ သဘာဝသစ်သီးဝလံများ၏ အရသာကိုသာ မြည်းစမ်းခိုင်းသင့်ပါသည်။]

 

 

သိသင့်သည်များကို ဖတ်ပြီးနောက် ဝမ်ယွီထုံလည်း အဖြူရောင် ရှပ်အင်္ကျီအပွနှင့် လီနင်ဘောင်းဘီအတိုကို အဝတ်အစားအခန်းထဲမှ ယူလဲ လိုက်သည်။ နောက် သူမ ဆံပင်လှိုင်းကောက်ကိုလည်း စည်းလိုက်ကာ မျက်နှာဘေးတစ်ဖက်တစ်ချက်စီမှာ ဆံမြိတ်တစ်ချို့ချလိုက်သည်။ သူမပုံစံက ရိုးရိုးရှင်းရှင်းလေးသာဖြစ်သည်။

 

 

ဝမ်ယွီထုံ အောက်ခံမိတ်ကပ်ပါးပါးလေးကိုအမြန် လိမ်းကာ သစ်ကြံ့ပိုးခေါက်လက်ဖက် ဂျယ်လီအရောင်နှုတ်ခမ်းနီကို ဆိုးလိုက်တော့ သိမ်မွေ့ကာ လှပသည့်ပုံပေါက်သွား၏။

 

 

မိတ်ကပ်ပြင်ပြီးနောက် သူမကိုယ်သူမ မှန်ထဲမှာ ကျေနပ်စွာကြည့်လိုက်သည်။ နောက် ကျိုးရှောင်ယွီ၏ ဒိုင်ပါကို လဲပေးလိုက်ပြီး အိမ်တော်ထိန်းစန်ကို မြို့တော်A ထဲက အစုံလင်ဆုံး ကလေးပစ္စည်းရောင်းသည့်ဆိုင်ကိုပို့ပေးရန် ကားစီစဉ်ခိုင်းလိုက်သည်။

 

 

ဝမ်ယွီထုံလည်း သူမ၏ အ‌နေအထားက သည်လောက်ခမ်းနားမည်မှန်း မထင်ထားခဲ့ပေ။ Rolls-Royce Phantom ကားပေါ်ထိုင်ရပြီး သူမတို့ကားနောက်မှာလည်း အစောင့်အရှောက်ကားနှစ်စီးက ကပ်လိုက်လာသေးသည်။ ဒိီပုံစံအတိုင်းဆိုရင် ရှော့ပင်းမောထဲကို အစောင့်ဘော်ဒီဂတ် ၆ယောက်၇ယောက်လောက်နဲ့ ဈေးဝယ်ရမည့်ပုံပေါ်သည်။

 

 

အိမ်တော်ထိန်းစန်ကလည်း သူမဖြစ်စေ သခင်ငယ်လေးဖြစ်စေ အပြင်သွားမည်ဆိုလျင် လုံခြုံရေးအတွက် အစောင့်အရှောက်များ ထည့်ပေးရန် မှာကြားခဲ့ကြောင်းရှင်းပြလေသည်။

 

 

ဝမ်ယွီထုံတစ်ယောက် အစောင့်အရှောက်နဲ့ဈေးဝယ်ထွက်ရတာ အဆင်မပြေသော်လည်း အိမ်အပြင်ရောက်တော့မြို့အနေအထားကြောင့် အာရုံပြောင်းသွားသည်။စာအုပ်ထဲက မြို့တော်A က သူမ ရောက်ဖူးတဲ့ တစ်ခြားမြို့တွေထက် ပိုကြွယ်ဝကာ အထပ်မြင့်အဆောက်အအုံတွေ ကားတွေရှုပ်နေ သည့်လမ်းမကြီး၊ အလျင်အမြန်လမ်းလျှောက်နေကြသည့် ရုံးဝန်ထမ်းတွေနှင့် လမ်းတစ်ဖက်ခြမ်းမှာ ဆော့ကစားနေကြသည့်ကလေးတွေကိုလည်း တွေ့ရရာ အားလုံးက ကိုယ့်ဘဝနှင့်ကိုယ် ပျားပန်းခတ် လှုပ်ရှားသွားလာနေကြသည်။

 

 

သူမနေခဲ့သည့် အရင်ကမ္ဘာနှင့် တူညီမှုများကြောင့် စာအုပ်ထဲက ကမ္ဘာကို ပြောင်းသွားတယ်လို့ပင် မခံစားရပဲ တစ်ကယ့်အပြိုင်ကမ္ဘာအစစ်ကို ပြောင်းသွားသည်ဟု ခံစားလိုက်ရသည်။

 

 

အရင်ကမ္ဘာမှာ ကျန်ခဲ့သည့် သူမမိဘတွေလည်း သူမကိုမေ့နိုင်ပြီး ပျော်ပျော်နေသွားကြရန် မျှော်လင့်မိရင်း မျက်ရည်များဝဲလာခဲ့သည်။ နောက် သူမကိုယ်သူမ အားပြန်တင်းကာ ဒီထူးဆန်းသည့်ကမ္ဘာကြီးထဲမှာ ရပ်တည်နိုင်ဖို့ ကြိုးစားရဦးမည်ဟု တွေးလိုက်သည်။

 

 

"အာဂူးးး"

 

 

သူမအကြောင်းပြန်တွေးနေရင်း ဝဲလာသည့်မျက်ရည်တွေကို မျက်လုံးထောင့်မှ သုတ်လိုက်ကာ သူမဘေး ကလေးထိုင်ခုံမှာ ထိုင်နေသည့် ကောင်းကလေးဘက်လှည့်လိုက်သည်။

 

 

"အာဂူးးး"

 

 

ကျိုးရှောင်ယွီကို အန္တရာယ်ကင်းစေရန် ကလေးထိုင်ခုံမှာ  သေချာချည်ထားတာဖြစ်၍ လက်နှစ်ဖက်နှင့် ခြေထောက်နှစ်ဖက်သာ လှုပ်ရှားနိုင်လေရာ ကလေးက စိတ်မရှည်သည့်ပုံဖြစ်နေ၏။

 

 

"ငါးကလေးရေ ရောက်တော့မယ်နော်" ဝမ်ယွီထုံက ကလေးကို ‌ပြောလိုက်ပြီး သူမအိတ်ထဲမှ ချိုချဉ်ပုံပလုတ်တုတ်လေးကို ထုတ်လိုက်သည်။

 

 

ပလုတ်တုပ်လေးကို ကလေးရှေ့မှာ ရမ်းလိုက်ရာ သာယာဖွယ် ခေါင်းလောင်းသံလေးထွက်လာသည်။ ပုံမှန်ဆိုလျင် တစ်နှစ်ခွဲအရွယ် ကလေးတစ်ယောက်ကို အာရုံပြောင်းဖို့က လွယ်ကူပါသည်။ သို့သော်ကျိုးရှောင်ယွီကတော့ ပလုတ်တုပ်နှင့် ဆော့လာတာကြာလို့ ညဉ်းငွေ့သွား၍လား အရုပ်ကို မကြိုက်၍လားမသိ သူ့လက်သီးဆုပ်သေးသေးလေးနှင့် ချက်ချင်းပုတ်ထုတ်လိုက်ပြီး စိတ်ရှုပ်နေသည့်ပုံဖြင့် နှုတ်ခမ်းလေးကိုစေ့ကာ မျက်မှောင်ကြုံ့နေ၏။

 

 

ဝမ်ယွီထုံလည်း ကလေး၏ အမူအရာကြောင့် ဆွံ့အသွားသည်။ "လူက သေးသေးလေးပေမယ့် ဒေါသကတော့ မသေးဘူးပဲ"

 

 

ကလေး ဆူညံနေတာ တိတ်အောင်လို့ ဘာလုပ်ပြရမလဲ စဉ်းစားလိုက်သည်။ "ဒါဆို သီချင်းဆိုပြမယ်နော်"

 

 

ဝမ်ယွီထုံတစ်ယောက် ဒရိုင်ဘာ၏ ရယ်ချင်နေသည့်ပုံစံကို လျစ်လျူရှုလိုက်ကာ သူမ အလွတ်ရနိုင်မည့်ကလေးသီချင်းများကို စဉ်းစားလိုက်သည်။

 

 

"ဖေဖေ့ရဲ့ ဖေဖေကို ဘယ်လိုခေါ်သလဲ?

ဖေဖေ့ရဲ့ဖေဖေကို ဖိုးဖိုးလို့ခေါ်ပါတယ်

ဖေဖေ့ရဲ့ မေမေကို ဘယ်လိုခေါ်သလဲ

ဖေဖေ့ရဲ့ မေမေကို ဖွားဖွားလို့ခေါ်ပါတယ်"

 

 

ကျိုးရှောင်ယွီလေးက သီချင်းဆိုပြသည်ကို အမှန်ပင်စိတ်ဝင်စားသွားကာ ဝမ်ယွီထုံ၏ ပါးစပ်လှုပ်ပုံကို စိတ်ဝင်တစား အသေအချာလိုက်ကြည့်ကာ သွားရည်တွေကျလာ၏။ ကျိုးရှောင်ယွီသွားရေကျနေတာကိုမြင်တော့ ဝမ်ယွီထုံတစ်ယောက် ရယ်လိုက်မိကာ သီချင်းဆိုတာ ကီးချော်မလိုပင်ဖြစ်သွားသည်။

 

 

နာရီဝက်လောက်အကြာမှာတော့ သီချင်းဆိုပြသံရပ်သွားကာ အသေးလေးနဲ့ အကြီးကြီးတို့၏ လိုရာခရီးကို ဆိုက်ရောက်လာတော့၏။

 

 

ဝမ်ယွီထုံလည်း ကလေးလက်တွန်းလှည်းကို တွန်းပြီး အနက်ရောင်ဝတ်အစောင့် ခြောက်ယောက်ခြံရံကာ ရှော့ပင်းမောထဲ ဝင်သွားလိုက်သည်။ အစောင့်အရှောက်နဲ့ သွားရတာ အသားမကျသေး၍ ဝမ်ယွီထုံတစ်ယောက် မျက်နှာပူပူနှင့် ကလေးပစ္စည်းဆိုင်တစ်ခုထဲကို အလျင်အမြန် ဝင်သွားလိုက်သည်။

 

 

"ကျွန်မတို့ကို ဆိုင်အပြင်ကနေပဲ စောင့်ပေးပါ။ ဆိုင်ထဲလှည့်ပတ်ကြည့်ရုံပါပဲ။ ရှင်တို့တွေ တစ်ပြုံတစ်ခေါင်းကြီးနဲ့ဆိုရင် သူများစီးပွားရေးကို လာနှောက်ယှက်သလိုဖြစ်လိမ့်မယ်" ဝမ်ယွီထုံက မျက်နှာထားတည်တည်နှင့် အနက်ရောင်ဝတ်တစ်ယောက်ကို ပြောလိုက်ရာ ဘော်ဒီဂတ်တွေ အချင်းချင်း ကြည့်လိုက်ကြပြီး ဆိုင်ပေါက်ဝ မှာပဲ စောင့်ခဲ့ကြသည်။

 

 

ဘော်ဒီဂတ်တွေ လိုက်မလာတော့ အတော်လေး စိတ်သက်သာရာရသွားကာ ကျိုးရှောင်ယွီနှင့်အတူ ဖြည့်စွက်အစာတန်းဘက်ကို သွားလိုက်သည်။ ကျိုးရှောင်ယွီကလည်း ငိုယိုဂျီကျခြင်း မရှိ လိမ္မာနေကာ ပတ်ဝန်းကျင်ကို စိတ်ဝင်တစားကြည့်နေ၏။

 

 

ဖြည့်စွက်အစာ စင်ပေါ်မှာက ဆန်ခေါက်ဆွဲများ၊ သကြားကင်းလွတ်ဒိန်ချဉ်၊ ပေါက်စီအသေးလေး၊ဒိန်ခဲချောင်း၊ နို့မှုန့်များ၊ ဆားမပါသည့် ရေညှိများစသည့်အမျိုးအစားများ မျိုးစုံကိုတွေ့ရသည်။

 

 

ဝမ်ယွီထုံလည်း များပြားလှသည့် အမျိုးအစားများကိုကြည့်ရင်း ခေါင်းကိုက်လာသည်။ "အော်ဂဲနစ်ဆန်မှုန့်၊ ငှက်ပျောသီးဆန်မှုန့်၊ မုန်လာဥနီဆန်မှုန့် ၊ဆန်မှုန့်အမျိုးအစားတွေကလည်း များလိုက်တာ"

 

 

စနစ် - [ကလေးအတွက်က အခု သံဓာတ်မြင့်မားတဲ့ ဆန်ခေါက်ဆွဲကို စကျွေးလို့ရတယ် နောက်တစ်ခြား အစာပြေမုန့်တွေလည်း ကျွေးလို့ရတယ်]

 

 

ဝမ်ယွီထုံလည်း အမျိုးအစားမတူသည့် ဆန်ခေါက်ဆွဲထုပ်တွေကို ကောက်ယူကာ ပါဝင်ပစ္စည်းတွေကို စစ်လိုက်သည်။

 

 

"ဒါယူလိုက်မယ် ဒီတံဆိပ်မှာက သံဓာတ် ၅.၈မီလီဂရမ်တောင်ပါတယ် တစ်ခြားဟာတွေထက် ပိုများတယ်"

 

 

ကလေးဖြည့်စွက်စာဆန်ခေါက်ဆွဲတွင် ဆန်မှုန့် ၉၈%ပါဝင်ပြီး ကျန်တာက ကယ်လ်စီယမ်၊ သံဓာတ်၊ ဇင့် နှင့် တစ်ခြား ဗီတာမင်ဓါတ်များပါ၏။

 

 

စနစ်က လည်း သူ၏ Host ကို ဤကဲ့သို့ပါးနပ်လိမ့်မည်ဟု မထင်ချေ။ "ဟုတ်တယ် ပါဝင်ပစ္စည်းတွေ စစ်ပြီး ကလေးနဲ့ မတည့်တာ ရှိမရှိ ကြည့်ပြီးမှ ဝယ်သင့်တယ်။ဒါမှ ကလေးလည်း စိတ်ချလက်ချ စားနိုင်မယ်"

 

 

ဝမ်ယွီထုံလည်း သံဓာတ်အများကြီးပါသည့် ဆန်ခေါက်ဆွဲကို ဈေးဝယ်လှည်းထဲ အထုပ်တစ်ချို့ထည့်လိုက်ကာ နောက်ထပ် ကြိတ်ချေထားသည့် အသီးအနှံ အနှစ် (puree)တစ်ချို့ ထပ်ဝယ်ရန် ကြည့်နေစဉ် အနီရောင်အဝတ်အစားနှင့် အရောင်းဝန်ထမ်းက ရောက်လာကာ မေးလိုက်သည်။

 

 

"မင်္ဂလာပါ ဘာများဝယ်ချင်လို့ပါလဲရှင်"

 

 

ဝမ်ယွီထုံလည်း အသံလာရာကို မော့ကြည့်လိုက်ရာ ချိုသာ‌နေသည့် အရောင်းဝန်ထမ်း၏ မျက်နှာကရုတ်တရက်ပြောင်းသွားသည်။

 

 

"ဝမ်ယွီထုံလားး??"

 

 

ဝမ်ယွီထုံလည်း အနည်းငယ် အံ့ဩသွား၏။ "ရှင် သတိထားမိသွားပြီပေါ့"

 

 

သူမ အနုပညာလောက က ထွက်သွားတာ နှစ်ဝက်ခန့်ကြာပြီဟု စနစ်က ပြောထားသော်လည်း တစ်ချက်ကြည့်ရုံနှင့် မှတ်မိသည့်သူရှိနေသောကြောင့် အနည်းငယ် အံ့ဩမိသည်။

 

 

စနစ်က သူမကို နာမည်ကျော်အနုပညာရှင်ဖြစ်သည်ဟု ပြောတုန်းက နောက်နေသည်ဟု ထင်ကာ မယုံခဲ့ပေ။ဝင်ငွေမြင့်တဲ့ အလုပ်အကိုင်ရှိနေတာကို တစ်ကယ့်အရွယ်ကောင်း အသက် ၂၂နှစ်မှာ အနုပညာလောက က အနားယူလိုက်တယ် တဲ့လား။ မယုံနိုင်ပေါင်။

 

 

အရောင်းဝန်ထမ်း၏ အကြည့်တွေထဲမှာ ထူးဆန်းမှုတွေပါနေသော်လည်း အမြန်ဖုန်းကွယ်နိုင်လိုက်ကာ ကလေးတွန်းလှည်းထဲက ကျိုးရှောင်ယွီကို ကြည့်လိုက်သည်။

 

 

"ကလေးက ဒီအရွယ်ရောက်ပြီဆိုရင်တော့ အသီးအနှံအနှစ် (puree)စကျွေးလို့ရပါပြီရှင့်။ ကျွန်မတို့ဆိုင်က နာမည်ကြီးတဲ့ puree တွေက ပန်းသီးအနှစ်၊ ငှက်ပျောကီဝီအနှစ်၊ ဘလူးဘယ်ရီနဲ့ စတော်ဘယ်ရီ အနှစ်တွေပါ။အကုန်လုံးထဲမှာမှ ပန်းသီးအနှစ်က အကောင်းဆုံးပါ။ကလေးအစာအိမ်အတွက် ကောင်းပါတယ် ဝမ်းပိတ်တာတွေ မဖြစ်စေပါဘူး"

 

 

"ဟုတ်ပြီ ကျေးဇူးပါ။ ခြောက်လအရွယ်ကလေး ကို အသီးအနှံအနှစ်(puree) အပြင် ကျွေးလို့ရတဲ့ နောက်ထပ် စားစရာတွေရှ်ိသေးလား" ဝမ်ယွိထုံက ပြုံးကာမေးလိုက်ရာ သူမပုံစံက နူးညံ့သိမ်မွေ့ပြီး အမှတ်တစ်ကယ်သိလို၍ မေးသည့်ပုံဖြစ်နေသည်။

 

 

အရောင်းဝန်ထမ်းလည်း ဝမ်ယွီထုံ အပြုံးမှာ ကျရှုံးသွားပြီး အပြုံးလေးနှင့် ပြန်ဖြေလာသည်။

 

 

"လက်နဲ့ ကိုင်လို့ရနိုင်မယ့် အစားအသောက်တွေစမ်းကျွေးလို့ရပါပြီရှင်။ ဆန်မှုန့်ခရပ်ကာနဲ့ မုန့်လုံးးတွေဆိုရင် သူတို့ ပါးစပ်ထဲ ထည့်ဖို့ လွယ်ပါတယ်။ ကလေးက သွားပေါက်ပြီလားရှင်။ မပေါက်သေးဘူးဆိုရင်တော့ သူသွားယားရင်ကိုက်ဖို့ ဆီလီကွန်လေးတွေ ဝယ်ပေးသင့်တယ်ရှင့်။ အာ့တာလေးတွေ ကိုက်ရင် ကလေးလည်း သွားယားသက်သာပါတယ်"

 

 

"ဟုတ်ကဲ့ပါ" ဝမ်ယွီထုံလည်း အရောင်းဝန်ထမ်းပြောတာကို နားထောင်ပြီး သူပြောသည့် ကလေးဖြည့်စွက်အစာတွေနဲ့ တစ်ခြားပစ္စည်းတွေကို ဈေးဝယ်လှည်းထဲ ထည့်လိုက်သည်။

 

 

"ကလေးကို ဒီမုန့်တွေကျွေးတဲ့အခါမှာ အုပ်ထိန်းသူတွေတော့ ကြည့်နေပေးရပါမယ်ရှင့်" အရောင်းဝန်ထမ်းလေးက သတိပြုရမည့်အချက်ကို ပြောပြပြီး ဝမ်ယွီထုံကို မရေမရာ တစ်ချက်ကြည့် လိုက်ပြီး တစ်ခြားဝယ်သူတွေကို ပြန်ညွန်ပြပေးနေသည်။

 

 

အိမ်အပြန်မှာတော့ ကျိုးရှောင်ယွီသည် သူ့အတွက် ဝမ်ယွီထုံဝယ်လာပေးသည့် ပိတ်စဖြင့် လုပ်ထားသည့် သုံးဖက်မြင် တိရစ္ဆာန်ရုပ်ပြ စာအုပ်ကို လိမ်လိမ်မာမာလေးထိုင်ကာ ကြည့်ပြီး ဆော့နေ၏။

 

 

ကလေးငြိမ်နေတော့ ဝမ်ယွီထုံလည်း ကိုယ်ပိုင်အချိန်လေးရသွား၍ Weibo app ကို ဖွင့်ကြည့်လိုက်ရာ Hot Search မှာ ပေါ်နေသည့် အကြောင်းအရာကို တွေ့ပြီး ကြောင်အသွားမိသည်။

 

 

[နှစ်ဝက်လောက်အကြာမှ အရည်အချင်းမရှိတဲ့ ဝမ်ယွီထုံတစ်ယောက် ကလေးတစ်ယောက်နဲ့ လူထုကြားမှာ ပြန်ပေါ်လာတယ်! ]

 

 

ဖျော်ဖြေရေး အတင်းအဖျင်းအကောင့်တစ်ခုက သူမ ကျိုးရှောင်ယွီကို တွန်းလှည်းပေါ်တင်တွန်းရင်း ကလေးပစ္စည်းဆိုင်ထဲ ဝင်သွားသည့်ပုံကို လွန်ခဲ့သည့် ၅၅မိနစ်ခန့်က တင်ထားတာဖြစ်သည်။ ထိုသတင်းထဲဝင်ကြည့်လိုက်ရာ မှတ်ချက်ကွန်မန့်တွေကိုကြည့်ရင်း သွေးအန်လိုက်မိ၏။

 

 

[ဝမ်ယွီထုံက အနုပညာလောကကနေ အနားယူလိုက်ပြီမလား? မျက်နှာပြရဲသေးတယ်နော်။ သူ့လိုအရှက်မရှိပုံမျိုးနဲ့ဆို အိမ်အပြင်တောင် ထွက်မလာသင့်ဘူး ]

 

 

 [အလှပန်းအိုးလေးကို အထင်မသေးနဲ့နော်! ရေနွေးပူဖြစ်ရပ်နဲ့ အစ်ကိုစုဟန်နဲ့ အကြောင်းလည်း မေ့မနေကြနဲ့ဦး]

 

 

[ ကလေးက ဘယ်က ပေါ်လာတာလဲ? စုရုပ်ရှင် အင်ပါယာကြီးက ငြင်းလိုက်တော့ ကလေးရဖို့ တစ်ခြားသူကိုရှာလိုက်တာလား မြန်လိုက်တာနော် ]

 

 

[ ရုပ်ရည်လေးက လှနေတော့လည်း အသုံးဝင်သေးတာပေါ့ အစ်ကိုစုဟန် ဆိုရင် ပြောင်းပြန်ကြည့်ရင်တောင် အတော်ခန့်တာ ]