အပိုင်း ၅
Viewers 289

အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး

 

အပိုင်း ၅

 

 

 

ကျိုးကျီယွဲ့ အသက် ၂၂နှစ် အရွယ်ကတည်းက ကျိုးလုပ်ငန်းစုမှာ ဦးဆောင်လာကာ ဆယ့်ငါးနှစ်အကြာမှာ ကျိုးလုပ်ငန်းစုကို ထိန်းချုပ်နိုင်ခဲ့ကာ အနှောက်အယှက်မျိုးစုံကိုလည်း ကြုံတွေ့ခဲ့ရဖူးသည်။

 

 

ထိုအကြောင်းအရာမျိုးစုံထဲမှ သူ့ကို စိတ်ထိခိုက်စေသော အရာမှာ သူ့ရှေ့က ငွေရောင်ဆံပင်နှင့် ကောင်လေးး၊ သူ့၏သား ကျိုးရှောင်ယွီဖြစ်သည်။ ကျိုးရှောင်ယွီသည် ရန်ဖြစ်၊ မူးယစ်ရမ်းကား၊ ပြိုင်ကားမောင်းပြီး အတန်းတွေလည်း ပျက်ကာ ကျောင်းထုတ်ခံရလုနီးပါးဖြစ်နေသည်။

 

 

ဘာလို့ ကျိုးမိသားစုရဲ့မျိုးဆက်က ဘာလို့ ဒီလို စာမေးပွဲကျတဲ့ရလဒ်စာရွက်ကို လာကမ်းပေးနေရတာလဲ ဆိုတာ ကျိုးကျီယွဲ့ နားမလည်နိုင်ဖြစ်ရသည်။ ကျိုးကျီယွဲ့ နှင့် ကျိုးကျီခိုင်းတို့ ညီအစ်ကို နှစ်ယောက်စလုံးက ဉာဏ်ကောင်းပြီး ကျောင်းမှာလည်း အမြဲတမ်း အဆင့် ထိပ်ဆုံးမှာရခဲ့ကြသူများဖြစ်သည်။

 

 

ကျိုးကျီယွဲ့၏ နှလုံးသားထဲဝယ် စွမ်းအားမရှိသလို ခံစားလိုက်ရသည်။ သူဘယ်လောက် အောင်မြင်မှု ရခဲ့ရခဲ့၊ သူ့ကို လူတွေ ဘယ်လောက် ချစ်ခင်လေးစားကြောက်ရွံ့ကြပေမယ့် လတ်တလောအခိုက်အတန့်မှာတော့ သူလုံးဝ ကျရှုံးသွားသလို ခံစားလိုက်ရသည်။

 

 

သူ့အစ်ကိုက သူ့ကို ကျိုးမိသားစု၏ အမွေခံကို အပ်ထားခဲ့ကာ သူက ပျိုးထောင်ခဲ့ရသော်လည်း ကျရှုံးခဲ့ရသည်။

အကယ်၍ နောက်ထပ် အခွင့်အရေးတစ်ကြိမ်ထပ်ရှိခဲ့လျှင် ဤကလေးကို ပျိုးထောင်ရာမှာ အလုံးစုံ အာရုံစိုက်ပြီး ကလေး၏ တိုးတက်မှုဖြစ်စဉ်နှောင့်နှေးစေမည့်အရာအားလုံးကို ဖယ်ရှားကာ သေချာပျိုးထောင်ပေးမည်ဖြစ်သည်။

 

 

"မစ္စတာကျိုး!! မစ္စတာကျိုး!! သတိရလာပြီပဲ"

မစ္စတာချိန်၏ မျက်လုံးများပင် မျက်ရည်ဝဲလာကာ စိတ်လှုပ်ရှားမှုကြောင့် အသံပင် တုန်ယင်လာ၏။

 

 

"မစ္စတာကျိုး ခင်ဗျား သတိမေ့နေတာ ခြောက်ရက်တောင်ရှိပြီ"

 

 

ကျိုးကျီယွဲ့ မျက်လုံးကို အသာအယာဖွင့်ကာ ငြိမ်သက်နေ၏။ ယခု ဘယ်အချိန်ရှိနေပြီမှန်းလဲ သူ မသိပါ။သူ ထထိုင်ရန်ကြိုးစားကြည့်သော်လည်း  သူ့ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်ကိုက်ခဲနေပြီး ညာ‌ခြေထောက်ကိုလည်း ချက်ချင်း လှုပ်မရခဲ့ပါ။

 

 

"ဘုရားမလို့ နိုးလာတာပဲ တော်သေးတာပေါ့။မစ္စတာလျန်က နေ့လည်ပိုင်းကျရင် မြို့တော်Aရဲ့ ဆင်‌ခြေဖုန်းရပ်ကွက်က စက်ရုံပြန်ပြင်တဲ့ လေလံကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်နေတာ။ အာ့ကိစ္စက ပြဿနာတက်တော့မလို့" ဟု မစ္စတာချိန်က ကျိုးကျီယွဲ့ကို ပြောလိုက်သည်။

 

 

"ဆင်‌ခြေဖုန်း ရပ်ကွက်က စက်ရုံပြန်ပြင်ဖို့ကိစ္စ???" ကျိုးကျီယွဲ့ မျက်မှောင်ကြုံ့ရင်း ပြောလိုက်သည်။

"အာ့ပရောဂျက်က လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က ပရောဂျက်မဟုတ်ဘူးလား"

 

 

"မစ္စတာကျိုး မမှတ်မိဘူးလား။ လွန်ခဲ့တဲ့ အပတ်က မာရီယာလမ်းမပေါ်မှာ  ကားအက်စီးဒန့်ဖြစ်ပြီး တစ်ပတ်လောက် မေ့‌မြောနေခဲ့တာလေ။ အစက ဒီနေ့ကို မြို့တော်A ဆီပြန်ပြီး  စက်ရုံပြန်ပြင်ဆင်ဖို့ပရောဂျက်လေလံ ကိစ္စဆွေးနွေးမယ် ဆိုပြီး စီစဉ်ထားခဲ့တာ။ အာ့ဒီလေလံ ပရောဂျက်ကို ကျိုးလုပ်ငန်းစုတင်မကဘူး တစ်ခြား လုပ်ငန်းစုတွေကပါ မျက်စိကျနေကြတာ" ဟု မစ္စတာချိန်က ကူရာမဲ့သည့်ဟန်ဖြင့်ပြောပြလိုက်သည်။

 

 

ကျိုးကျီယွဲ့ စိတ်ထဲမှာ တုန်လှုပ်နေပေမယ့် သူ့မျက်နှာမှာတော့မပေါ်ပါ။

 

 

အတော်လေးကြာတော့မှ သူ မရှင်းသည့်အရာကို မေးလာသည်။

 

 

"အခုက ဘယ်နှစ်ခုနှစ်လဲ"

 

 

ချိန်ကျုံးကျူ့ - ကျိုးကျီယွဲ့တစ်ယောက် အက်စီးဒန့်ဖြစ်ပြီး အတိတ်မေ့သွားတာတော့ မဟုတ်လောက်ပါဘူးနော်။ ဆန်းပြားတဲ့ ဇာတ်ကွက်တွေနဲ့ အချစ်ဝတ္ထုတွေထဲမှာဆို ဒီလိုမြင့်မြတ်ပြီးချောမောတဲ့ ဥက္ကဌကြီးလိုမျိုးပုဂ္ဂိုလ် မျိုးက အတိတ်မေ့တဲ့အဖြစ်မျိုးကြုံတတ်တယ်မလား။

 

 

ထို့ကြောင့် စိုးရိမ်တကြီး ပြန်‌ဖြေလိုက်သည်။ "၂၀၂၃ ခုနှစ်ပါ"

 

 

ကျိုးကျီယွဲ့ ခေတ္တ ကြက်သေသေသွားပြီး ဘာမှ ပြန်မပြောနိုင်ဖြစ်သွားသည်။ သူ၏မျက်လုံးကလည်း အနည်းငယ် ကြောင်သွားကာ ဆေးရုံအခန်း၏ မျက်နှာကျက်အဖြူရောင်ကို မော့ကြည့်နေမိတော့သည်။

 

 

ထိုအချိန်မှာတော့ ဝမ်ယွီထုံတစ်ယောက်ကတော့ ပျော်ရွှင်စွာဆော့နေသည့် ကလေးကို ခြေထောက်လေးချိတ်ကာ စောင့်ကြည့်နေသည်။

 

 

ကျိုးရှောင်ယွီလေးကတော့ သူ့ဘဝရဲ့ အရေးကြီးဆုံးကိစ္စလုပ်နေသည့်ပုံဖြင့် ခေါင်းငုံ့ကာ အလုပ်တစ်ခုကို သဲကြီးမဲကြီး အာရုံစိုက်နေသည်။

 

 

သူက တစ်ရှုးတွေကို ဆုတ်ဖြဲနေတာဖြစ်သည်။

 

 

ဝမ်ယွီထုံကတော့ အိမ်အလုပ်သမား ပြင်ဆင်ပေးသည့် ဈေးကြီး ကော်ဖီသောက်နေကာ ကျိုးရှောင်ယွီကတော့ အသံတိတ် တစ်ရှုးဖြဲနေ၏။

 

 

ဝမ်ယွီထုံကတော့ ကျိုးရှောင်ယွီ အသံတိတ်နေ၍ လိမ္မာသည်ဟု တွေးနေတုန်းမှာပဲ ကလေးက တစ်ရှုးတွေ အကုန် ဆွဲဖြဲကာ သူ၏ တွားသွားသည့်ကူရှင်အခင်းပေါ် ရှုပ်ဖွထားသည်ကို မြင်လိုက်ရ၍ မျက်ခုံးပင့်လိုက်မိသည်။ အခင်းတစ်ခုလုံးလည်း တစ်ရှုးစတွေနှင့် ရှုပ်ပွကုန်သည်။

 

 

စနစ် - [ကလေးက ထူးထူးဆန်းဆန်း တိတ်ဆိတ်နေလျှင် သူက ဆိုးရွားတာ တစ်ခုခု လုပ်နေတာပဲ] ဟုသတိပေးလိုက်မှ ဝမ်ယွီထုံလည်း ကလေးကို တစ်ရှုးတွေ မဖြဲရန် တားရန်ပြင်လိုက်စဉ် စနစ်က ထပ်ပြောလာသည်။

 

 

[တစ်ရှုးတွေအကုန်တောင် ဆုတ်ဖြဲပြီးပြီဆိုတော့ အခု မှတား လဲ ဘာထူးတော့မှာလဲ။ ကောင်းတဲ့ ဘက်ကတွေးလိုက်ရင်တော့ ကလေးရဲ့ လက်ချောင်းလေးတွေ လေ့ကျင့်ခန်း လုပ်သလို ဖြစ်သွားတာပေါ့]

 

 

ဝမ်ယွီထုံ ကြောင်အသွားသည်။ "လက်ချောင်း လေ့ကျင့်ခန်း??"

 

 

စနစ် - [ကလေးကို လက်ချောင်း လေ့ကျင့်ခန်းတွေ လုပ်ပေးရင် ကလေးရဲ့ အသိဉာဏ်ဖွံ့ဖြိုးမှုလည်း တိုးတက်လာနိုင်တယ်လေ]

 

 

ဝမ်ယွီထုံလည်း စနစ်က ပြသည့် ရုပ်ပုံတွေနှင့် အချက်အလက်တွေကို ဖတ်လိုက်သည်။

 

 

လှုပ်ရှားမှု လေ့ကျင့်ခန်းတွင် လက်နှင့်မျက်လုံးပေါင်းစပ်လှုပ်ရှားခြင်း၊ လက်ချောင်းများ အလွယ်တကူ ကွေးဆုပ်နိုင်ခြင်းနှင့် ဖြန့်နိုင်ခြင်း၊ လက်ချောင်းထိပ်များ ထိတွေ့ခံစားမှူ တိုးတက်လာခြင်းတို့ပါဝင်သည်။

 

 

လက်လှုပ်ရှားနိုင်မှုသည် အနာဂတ်တွင် ကလေး၏ သင်ယူမှု လမ်းစဉ်တွင်လည်း အကျိုးသက်ရောက်မှုရှိ၏။

 

 

ထို့ကြောင့် ၆-၇လ ကလေးများကို လေ့ကျင့်ခန်းများ ခေါ်လုပ်ပေးသင့်သည်။

 

 

[လက်ချောင်းလေ့ကျင့်ခန်း - မြေပဲ အခွံ ခွာခြင်း၊ ဘယ်ရီ‌သီးများ ကောက်ခြင်း၊ဘလော့တုံးများဆော့ခြင်းတို့လုပ်ပေးနိုင်သည်။ သို့သော် ပါးစပ်ထဲ ထည့်မိမည်ကို စိုးရိမ်ရ၍ စောင့်ကြည့်မှု အောက်မှာသာ လုပ်ခိုင်းရမည်]

 

 

[တိပ်ခွာခြင်း - ခုံပေါ်မှာ တိပ်ကပ်ထားပြီး ကလေးကို ခွာခိုင်းခြင်း။]

 

 

[လက်ဆောင်ထုပ်ဖွင့်ခိုင်းခြင်း - "ငါ့အမေ ငါ့ကို ဘာလက်ဆောင်ပေးတာပါလိမ့်။ ဘာလဲ သိရအောင် လက်ဆောင်ထုပ်ကို အမြန်ဖွင့်မှ" ဤကဲ့သို့ ခံစားမှုမျိုးကလေးကို ပေးနိုင်သည်။]

 

 

[ဘလော့တုံး စီခြင်း - သီချင်းသံနှင့်အတူ အမြင့်ဆုံး စီနိုင်လေလေ ကလေးက ယုံကြည်မှု ရှိလာကာ တိုးတက်လာလေလေဖြစ်သည်။]

 

 

ဝမ်ယွီထုံလည်း စနစ်က ပြသည့် စာများကို ဖတ်ပြီး ကလေး၏ လက်လှုပ်ရှားမှုကို ဂရုတစိုက်ကြည့်လိုက်ရာ ကလေး၏ လက်ချောင်း ဆယ်ချောင်းလေးသည် တစ်ရှုးစက္ကူစတွေကို သေးငယ်သည့် အစိတ်အပိုင်းများဖြစ်အောင် ဆုတ်ဖြဲထားနိုင်သည်ကို တွေ့လိုက်ရ၍ သက်ပြင်းလေးချလိုက်ပြီး ရှုပ်ဖွထားသည့် တစ်ရှုးစတွေကို သန့်ရှင်းရေးလုပ်လိုက်သည်။

 

 

၅မိနစ်လောက်ကြာတော့ ကလေးက တစ်ရှုးတွေနဲ့ ဆော့ရတာ ပျင်းလာပြီး တွားသွားကူရှင်အခင်းပေါ် လက်နှင့်ရိုက်ပြီး စိတ်မရှည်သည့်အသံဖြင့် အော်နေ၏။

 

 

ဝမ်ယွီထုံက ကလေး၏ ဆံပင်ကောက်လေးများကို လက်ဖြင့် ပွတ်သပ်ပေးလိုက်ပြီး "ဒါဆိုရင် အပြင်ခဏလမ်းလျှောက်ရအောင်လေ ဟုတ်ပြီလား?"

 

 

ကျိုးရှောင်ယွီကလည်း နားလည်သည့်ဟန်ဖြင့် သူ၏စပျစ်သီးကဲ့သို့ မျက်လုံးရွဲကြီးများ ကွေးညွှတ်သည်အထိ ပြုံးပြလေ၏။

 

 

ဤတစ်ခေါက် အပြင်ထွက်ခါနီးတော့ ဝမ်ယွီထုံ ဉာဏ်ကောင်းစွာဖြင့် တတ်နိုင်သမျှ လူသတိမထားမိစေရန် သူမ၏ဆံပင်ရှည်ကို ထုံးလိုက်ကာ မီးခိုးဖျော့အားကစားဝတ်စုံ၊ လျှာထိုးဦးထုပ်နှင့် Mask အဖြူ ရောင်  တပ်လိုက်သည်။

 

 

သူမ၏ဝတ်စားဆင်ယင်ပုံက ယခင်က သူမ၏ပုံစံနှင့်ကွဲထွက်နေကာ မည်သူမျှ သူမကို မှတ်မိနိုင်မည်မဟုတ်ချေ။

 

 

ကျိုးရှောင်ယွီက သူမ Maskအဖြူရောင်တပ်ထားသည်ကို ငေးစိုက်ကြည့်နေသည်။

 

 

" ဂူးး"

 

 

ဝမ်ယွီထုံလည်း ကလေးစိုက်ကြည့်နေသည့် Mask ကို လက်ညိုးထိုးပြလိုက်ကာ "ရှောင်ယွီလေးရေ ဒါက Mask လို့ခေါ်တယ်။ ကလေးတွေ အအေးမိရင် ဝတ်ကြတဲ့ဟာလေ။ လူကြီးတွေကတော့မျက်နှာ သူများကို မမြင်စေချင်တဲ့အခါကျရင် ဝတ်ကြတယ်"

 

 

"အာာဂူးးး"

 

 

ကျိုးရှောင်ယွီကတော့ သူ့အမေ Mask တပ်ထားတာကို ကြိုက်ပုံမရပေ။ Mask တပ်လိုက်လျင် ထူးဆန်းသွားကာ တစ်ခြားအမေ တစ်ယောက်လိုဖြစ်သွား၍ ဖြစ်သည်။

 

 

"သွားကြစို့ ဒီနေ့တော့ ပန်းခြံကိုသွားရအောင်"

 

 

ဝမ်ယွီထုံ ကလေးလက်တွန်းလှည်းကို တွန်းကာအိမ်က ထွက်လာလိုက်သည်။ အရင်က လိုက်ခဲ့သည့် ဘော်ဒီဂတ်၆ယောက်ကနေ သုံးယောက်သာ လိုက်ခဲ့ခိုင်းသည်။သူတို့ကို အမဲရောင်ဝတ်စုံတွေ မဝတ်ခိုင်းတော့ပဲ သာမန် ထသွားထလာ ဝတ်စုံကိုသာ ဝတ်ခိုင်းခဲ့ကာ သူတို့နောက်က လိုက်လာသည့်ပုံစံကို အတတ်နိုင်ဆုံး လျော့ချခဲ့သည်။

 

 

နောက်ထပ် သူများတွေ သတိထားမိကာ ရှာဖွေမှု အများဆုံးနေရာကို မရောက်ချင်တော့ပေ။

 

 

ကျိုးမိသားစု အိမ်ရာရှိသည့် ဗီလာက တောင်တန်းတွေ မြစ်တွေနဲ့ ဝန်းရံနေကာ သန့်စင်သည့်သဘာဝ ပတ်ဝန်းကျင်လေထုကလည်း Aမြို့၏ ထိပ်တန်းအဆင့်တွင် ရှိကာ ငွေဖြင့်ဝယ်ယူရန်မလွယ်လှသည့် ဖုန်းရွှေရတနာ‌မြေဖြစ်၏။

 

 

ဗီလာ၏ ကပ်ရပ်မှာတော့ ဂေဟစနစ်ဥယျာဉ်တစ်ခုရှိသည်။ ဝမ်ယွီထုံသည် ကလေးလက်တွန်းလှည်း လေးကို ကျောက်တုံးစီထားသည့် လမ်းလေးအတိုင်း တွန်းလာကာ ပန်းခြံဥယျာဉ်ကို ကြည့်ရင်း ကျေနပ်သ‌ဘောကျနေမိ၏။

 

 

ဂေဟစနစ်ဥယျာဉ်လေး က ပန်းမျိုးစုံနှင့် ဒေသမျိုးရင်း တိရစ္ဆာန်တွေပါရှိပြီး သေသေချာချာ ဂရုစိုက်ကာကွယ်ထားပြီး ကလေးကစားကွင်း၊ သိပ္ပံပြတိုက်၊ ရေကန်ရှုခင်းနှင့် ငှက်မျိုးစုံ ပန်းမျိုးစုံကိုလည်း ကြည့်ရှုနိုင်ရာမိသားစုလာလည်ရန် အလွန်သင့်တော်သည့်နေရာဖြစ်သည်။ လမ်းပေါ်က လူအများစုသည် မိသားစုအများစုသာဖြစ်ကြသည်။

 

 

ကျိုးရှောင်ယွီလေးကတော့ ဥယျာဉ်ထဲ ဝင်လာသည်နှင့် မျက်လုံးတွေ တောက်ပကာ အလွန်စူးစမ်းနေ၏။

 

 

"ရှောင်ယွီရေ သား ဥယျာဉ်ထဲ လာလည်တာ ပထမဆုံးဖြစ်မယ်ထင်တယ်"

 

 

ဝမ်ယွီထုံက ကလေးတွန်းလှည်းကို တွန်းရင်း ကလေးကို စကားပြောနေ၏။

 

 

"အိမ်တော်ထိန်းစန်ပြောတာတော့ သားဖေဖေက အရမ်းအလုပ်များလွန်းလို့ သားကို အပြင်တောင် ခေါ်မလည်နိုင်ဘူးဆို။ သားက ၆လကျော်ထဲတောင် ရောက်နေပြီဆိုတော့အိမ်အပြင်ကို အလည်ထွက်သင့်တယ်။ အိမ်က ဘယ်လောက်ကြီးကြီး အိမ်ထဲမှာပဲတော့ တစ်နေကုန် နေလို့ မရဘူး"

 

 

ထိုစဉ် စနစ်က လည်း ကြားဖြတ်ဝင်ပြောလာသည်။

"ဟုတ်တယ်။ အိမ်တွင်း လှုပ်ရှားမှုတွေက အိမ်ပြင်ပ လှုပ်ရှားမှုတွေကို အစားထိုးလို့မရနိုင်ပါဘူး။ ကလေးတွေ အနေနဲ့ အိမ်ပြင်ပ လမ်းလျှောက်ထွက်တာမျိုး လှုပ်ရှားမှုမျိုးတစ်နေ့ကို ၂နာရီလောက်ရှိသင့်ပါတယ်။ကလေးကို အပြင် လမ်းလျှောက်ခေါ်ထွက်တာက ကလေးရဲ့ အာရုံကြောစနစ်ကို တိုးတက်စေပြီး ကိုယ်ခံအားကိုလည်းတိုးစေပြီး ပိုစားဝင် အိပ်ပျော်စေပါတယ်"

 

 

ရေကန်ဘေးရောက်တော့ ဝမ်ယွီထုံသည် ကျိုးရှောင်ယွီကို တွန်းလှည်းပေါ်မှ ထုတ်ချီလိုက်သည်။

 

 

ကျိုးရှောင်ယွီက ကန်ဘေးမှာ ထိုင်နေသည့် သက်ရှိ ဘဲငန်းတွေကို သူ့ဘဝမှာ ပထမဆုံး တွေ့လိုက်ရ၍ စိတ်လှုပ်ရှားစွာ နှုတ်ဆက်လိုက်သည်။

 

 

"ဝူးးးကူးးး"

 

 

ဘဲငန်းလေး - "ကွက်! ကွက် !"

 

 

ဝမ်ယွီထုံ - "???" လူကလေးနဲ့ ဘဲငန်းကလေးက စကားပြောနေကြတာလား။

 

 

" မေမေ အာ့မောင်လေးက အရမ်း အ တာပဲ။ ဘဲငန်းနဲ့တောင် စကားပြောနေတယ်" သူမတို့နောက်ဘက်မှ ကောင်မလေးတစ်ယောက်၏ အသံထွက်လာသည်။

 

 

ဝမ်ယွီထုံ လှည့်ကြည့်လိုက်တော့ လှပသည့်သားအမိနှစ်ယောက်ကို ကန်ဘေးမှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

 

 

"မောင်လေးက မအ ပါဘူး သူက ချစ်စရာလေးပါ" ဟု ကလေးမလေးအမေက အားနာစွာပြုံးရင်း ပြန်ဖြေပေး၏။

 

 

ကလေးမ လေးက ပန်းရောင် မင်းသမီး ဝတ်စုံနှင့်တောက်ပနေ၏။

 

 

"ဟမ့် သူ အ တာက အတာပဲ" သမီးဖြစ်သူ၏ စကားကြောင့် အမေက သူ့သမီး ပါးစပ်ကို ပိတ်ပစ်ချင်နေ၏။

 

 

ဝမ်ယွီထုံလည်း မျက်လုံးကို မှေးရင်း ပြုံးလိုက်ကာ " ဟုတ်တာပေါ့ မောင်လေးက မမလောက် မတော်ဘူး" ဟု ပြောလိုက်ရာ ကလေးမ လေးက ဝမ်ယွီထုံကို မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ် နှင့်ကြည့်လာသည်။

 

 

"သမီးက အရမ်းတော်တာ။ အင်္ဂလိပ်သီချင်းတွေလည်း ဆိုနိုင်တယ်"

 

 

ကလေးမ လေးက ရုတ်တရက် "Jingle Bells"သီချင်းကို ထဆိုကာ ကပြ ဖျော်ဖြေလာသည်။ သူမ၏ ခေါင်းပေါ်မှ သရဖူလေးက နေရောင်အောက်မှာ တောက်ပနေ၍  တစ်ကယ့် မင်းသမီး လေးလို ဖြစ်နေသည်။

 

 

ကျိုးရှောင်ယွီလေးကလည်း ဝမ်ယွီထုံ ပိုက်ထားရာကနေ သီချင်း ဆိုကာ ကနေသည့်ကလေးမလေးကို သွား‌ရည်တွေကျကာ ငြိမ်ငြိမ်သက်သက်နှင့် ရင်သပ်ရှုမောဖွယ်ရာကြည့်နေ၏။

 

 

သီချင်းပြီးသွားတော့ အားလုံးက ကလေးမလေးကို လက်ခုပ်ဝိုင်းတီးပေးကြသည်။

 

 

"မမ က သီချင်းဆိုတာ အရမ်းကောင်းတာပဲ။ မမနာမည် ဘယ်လို ခေါ်လဲ" ဟု ဝမ်ယွီထုံက မေးလိုက်သည်။

 

 

ကလေးမ လေးက သူမနာမည်ကို ကျယ်လောင်စွာ မိတ်ဆက်လာသည်။ "သမီးနာမည်က ရှီးရှီးပါ။သမီးက ဒီနှစ် ၃နှစ်ခွဲရှိပြီလေ။ ပြီးတော့ သမီးက ကယ်လီဖိုးနီးယားမှာ မူကြိုတက်နေတယ်"

 

 

"ရှီးရှီးက အရမ်းတော်တာပဲ!" ဟု ဝမ်ယွီထုံ လက်မ ထောင်ကာ ချီးကျုးလိုက်သည်။

 

 

"မောင်လေးကလည်း တော်ပါတယ်။ မောင်လေးက ဘယ်နှစ်နှစ်ရှိပြီလဲ" ဟု ရှီးရှီး အမေက ပြုံး ကာ မေးလိုက်သည်။

 

 

"‌၆လကျော်ပဲ ရှိသေးတယ်"

 

 

"ဟယ် ကလေးက ၉လလောက်ရှိပြီ ထင်ရတယ် အရမ်းထွားတာပဲနော်"

 

 

ရှီးရှီး အမေ စကားကို ကြားတော့ ဝမ်ယွီထုံတစ်ယောက် သူမချီးကျူးခံလိုက်ရသလို ကျေနပ်သွား၏။

 

 

ကျိုးရှောင်ယွီကတော့ သူ့ရှေ့က သူစိမ်းသားအမိကို မျက်လုံးရွဲကြီးတွေနဲ့ တိတ်တိတ်ဆိတ်ဆိတ် ကြည့်ရင်း လိမ္မာနေ၏။

 

 

ရှီးရှီး၏ အမေက ချစ်စရာကောင်းသည့် ကျိုးရှောင်ယွီလေးကို ကြည့်ရင်း အူယားလာကာ ကလေးကို နှုတ်ဆက်လိုက်သည်။

 

 

"မောင်လေးကော ငါးစာ ကျွေးမလားဟင် " ဟု သူမ လက်ထဲက ငါးစာကို ရှောင်ယွီလေးကို ပြလိုက်သည်။

 

 

"မကျွေးနဲ့!!"  ရှီးရှီးက သူ့အမေ၏ အင်္ကျီစကို ဆွဲကာ ပြောလိုက်သည်။

 

 

"သမီးက ကလေးတွေနဲ့ အတူ ငါးစာ မကျွေးချင်ဘူး"ဟု အင်တင်တင်ပြောလိုက်၏။

 

 

"သမီး အာ့လို မလုပ်ရဘူးလေ" ဟု အမေဖြစ်သူက အသာအယာ ဆုံးမလေသည်။

 

 

ရှီးရှီးက ပါးစပ်ကို တင်းတင်း စေ့ရင်း ကျိုးရှောင်ယွီကို သတိထားကြည့်လိုက်သည်။ သူမက ရှောင်ယွီလေး သူမ လက်ထဲက ငါးစာတွေကို လုမှာ စိုးရိမ်နေ၏။ ကျိုးရှောင်ယွီကတော့ ကလေးမလေးအကြည့်ကြောင့် ဝမ်းနည်းသွားကာ ဝမ်ယွီထုံ၏ ရင်ဘတ်မှ အဝတ်ကို ဆုပ်ကိုင်ရင်း မျက်ရည်တွေ ဝဲလာသည်။

 

 

ရှီးရှီး အမေက ရှီးရှီး၏ ခေါင်းကို ပွတ်ကာ ပြောလိုက်သည်။ "သမီးက မမကြီးလေ။ သမီးက ဆရာမဖြစ်ချင်တာ မလား"

 

 

"အင်း ဟုတ်တယ် " ကလေးမလေးက ချက်ချင်း ပြန်ဖြေသည်။

 

 

"ဒါဆို သမီးက မောင်လေးကို ငါးစာ ဘယ်လို ကျွေးရမလဲ ဆိုတာ သင်ပေးလို့ရတယ်လေ။ ကဲ ဘယ်သူ သင်ပေးချင်လဲ"

 

 

ရှီးရှီးက တက်ကြွစွာ လက်ထောင်လာသည်။ "သမီးးး!! သမီးးး!! သမီးသင်ပေးမယ်"

 

 

ရှီးရှီး အမေနှင့် ဝမ်ယွီထုံတို့ အချင်းချင်းကြည့်ကာ ပြုံးလိုက်ကြသည်။

 

 

ဝမ်ယွိထုံက ကန်ဘေးမှာ ရှောင်ယွီလေးကို ချီရင်း စောင့်ကြောင့် ထိုင်လိုက်သည်။ "ကန်ထဲမှာ ငါး တွေ အများကြီးပဲနော်။ ရှောင်ယွီလေး ငါးစာ ကျွေးချင်လား"

 

 

ကျိုးရှောင်ယွီက သူ့လက်ဖောင်းဖာင်းလေးကို ပျော်ရွှင်စွာ ဝေ့ယမ်းလာသည်။

 

 

"ဟမ့်..."

 

 

ရှီးရှီးက ရှေ့တိုးလာပြီး ကျိုးရှောင်ယွီကို ငါးစာ အိတ် ကမ်းပေးကာ ပြောလိုက်သည်။ "မောင်လေးရေ နင် မမစကား နားထောင်ရမယ်နော်။ မမက ငါးစာ ဘယ်လိုကျွေးရမလဲ ဆိုတာ သင်ပေးမယ်"

 

 

ကျိုးရှောင်ယွီကတော့ ငါးစာထုပ်ကို မယူရဲပဲ ဝမ်ယွီထုံ ရင်ခွင်ထဲ ပြန် ဆုတ်သွား၏။

 

 

ကလေးမလေးကတော့ ကျိုးရှောင်ယွီ၏ အမူအရာကို ဂရုမစိုက်ပဲ  "ဟမ့် မမကို ကြည့်" ဟု ပြောကာ ငါးစာ လက်တစ်ဆုပ်စာကို ရေကန်ထဲ ပစ်ထည့်လိုက်သည်။ရုတ်တရက် ဝဖြိုးကာ အရောင်စုံတောက်ပနေသည့် ငါးအုပ်စုက ရေပေါ်မှ တက်လာပြီး ငါးစာကို အလုအယက်စားကြသည်။

 

 

"အမ်.." ရှောင်ယွီလေးက တအံ့တဩကြည့်နေရင်း လက်ခုပ်တီးကာ သဘောကျစွာ သူ၏ သွားမပေါ်သည့်အပြုံးဖြင့် တစ်ခစ်ခစ် ရီနေ၏။

 

 

ရှောင်ယွီက သဘောကျစွာ ရီနေတော့ ရှီးရှီးက နောက်ထပ် ငါးစာလက်တစ်ဆုပ်ကို ရေကန်ထဲ ပစ်ချလိုက်ပြန်သည်။

 

 

သုံးခါလောက် ငါးစာကျွေးပြပြီးတော့ ရှောင်ယွီလေး၏ အာရုံက ရောင်စုံငါး တွေ ဆီကနေ ရှီးရှီး၏ ခေါင်းပေါ်မှ သရဖူပေါ်ရောက်သွား၏။

 

 

အားလုံး သတိလက်လွတ် ဖြစ်နေချိန် ရှောင်ယွီလေးက သူ၏ လက်ကလေးကို ဆန့်ကာ ရှီးရှီးခေါင်းပေါ်မှ သရဖူကို လှမ်းဆွဲယူလိုက်သည်။

 

 

ဝမ်ယွီထုံ - "!!"

 

 

သရဖူ ဆွဲယူလိုက်စဉ် ဆံပင်ရှည်တွေပါ ညှိပါလာ၍ ရှီးရှီးတစ်ယောက် နာသွားပြီး အော်ငိုလိုက်ကာ ကျိုးရှောင်ယွီ၏ လက်ကို ရိုက်ထုတ်လိုက်၏။

 

 

ကျိုးရှောင်ယွီ၏ လက်ကလေးကလည်း နီရဲသွားတော့ သူလည်း ‌နာကျင်စွာ ငိုတော့၏။

 

 

ကလေးနှစ်ယောက် ဆက်တိုက်အော်ငိုသံကြောင့် အ‌ခြေအနေ ထိန်းမရဖြစ်လာသည်။

 

 

"ဖန်း!ရော့!ရှီး !! သမီးဘာလို့ မောင်လေးလက်ကို ရိုက်လိုက်တာလဲ" ဟု ရှီးရှီးအမေက သူမသမီးကို ဆူလိုက်ပြီး ဝမ်ယွီထုံကို ပြုံးကာ အားနာစွာ မေးလိုက်သည်။

 

 

"ကျွန်မ တောင်းပန်ပါတယ်။ ရှီးရှီးက ဒေါသကြီးပြီး စိတ်မထိန်းနိုင်လို့ပါ။‌ ကလေးက အဆင်ပြေရဲ့လား"

 

 

"ရှီးရှီးရဲ့ ဆံပင်ကော နာနေသေးလား" ဟု ဝမ်ယွီထုံလည်း အားနာစွာပြန်မေးလိုက်သည်။

 

 

စနစ် -  [ ဘာ !! ဖန်းရော့ရှီး?? ဒါက ဝတ္ထုရဲ့ ဇာတ်လိုက်အမျိုးသမီး နာမည်မလားး]

 

 

ဝမ်ယွီထုံ - ဒါက ဇာတ်လိုက်အမျိုးသမီး ပေါက်စလေးလားးး

 

 

နှပ်ချေးတွဲလောင်းအရွယ် ဟိတ်ကြီးဟန်ကြီးနှင့် ၆လအရွယ်အမျိုးသားဇာတ်လိုက်နှင့် ၃နှစ်ခွဲ အရွယ် အမျိုးသမီး ဇာတ်လိုက်တို့ နှစ်ဦးကတော့ အချင်းချင်း ဒေါသတကြီး ကြည့်နေကြ၏။