အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး
အပိုင်း ၆
ကလေးနှစ်ယောက် အငိုတိတ်ပြီးနောက် သူတို့ လမ်းခွဲလိုက်ကြသည်။
လူကြီး အချင်းချင်းကတော့ WeChat အကောင့်ချင်း အပ်လိုက်ကြ၏။
ရှီးရှီးကတော့ သူမရဲ့ ဆံပင်ကို သပ်သပ်ရပ်ရပ် ပြန်ဖြီးလိုက်ကာ
သရဖူလေး ပြန်ဆောင်းထားလိုက်သည်။ နောက် သူ့အမေ အင်္ကျီကို ဆွဲကာ ရေကန်ထဲက လှေစီးချင်ကြောင်း
ပြောနေ၏။
ကျိုးရှောင်ယွီလေးက လည်း အဝငိုပြီး နောက် မောသွားကာ
သူ၏ တွန်းလှည်း ပေါ်ထိုင်ရင်း အိပ်ချင် မူးတူး ဖြစ်နေ၏။
"ညီမက ဒီနား လေးမှာပဲ နေတာလား " ဟု
ရှီးရှီး အမေက မေးလိုက်သည်။
"ဟုတ်တယ်ရှင့် ရီဝမ်းအိမ်ယာမှာပဲ နေတာပါ"
ဟု ပြန်ဖြေလိုက်သည်။
"တိုက်ဆိုင်လိုက်တာ ကျွန်မတို့က ဗီလာ တစ်ခုတည်းကပဲ။ဒါဆို
နောက်ကျ ရင် ကလေးတွေကို ခေါ်ပြီး အတူတူ အလည်လာလို့ရတာပေါ့" ဟု ရှီးရှီးအမေက တက်ကြွစွာပြောလိုက်သည်။
"အဆင်ပြေပါတယ်ရှင့်" ဟု ဝမ်ယွီထုံကလည်း
ပြုံးကာပြန်ဖြေလိုက်သည်။
နောက် အချင်းချင်း လက်ပြ နှုတ်ဆက်လိုက်ပြီး ဝမ်ယွီထုံက
ရှောင်ယွီလေးကို တွန်းကာ ပြန်ထွက်လာလိုက်သည်။
"ဇာတ်လိုက်နှစ်ယောက်မှာ ဒီလို ငယ်ဘဝ ဇာတ်လမ်းလေး
ရှိလိမ့်မယ်လို့ မထင်ထားဘူး" ဟု ဝမ်ယွီထုံ စနစ်ကို ပြောလိုက်သည်။
စနစ် - [တစ်ကယ်တော့ ဒီလို ဇာတ်ကြောင်းမျိုး မရှိပါဘူး]
မူရင်းဇာတ်ကြောင်းအရ ကျိုးရှောင်ယွီသည် ဤဥယျာဉ်ကို
မလာခဲ့၍ ဇာတ်လိုက်အမျိုးသမီးနှင့် မတွေ့ခဲ့ကြပဲ ကြီးလာမှ အချင်းချင်း တွေ့ခဲ့ကြတာဖြစ်သည်။
ထိုအချိန်မှာတော့ ကျိုးရှောင်ယွီသည် စိတ်ဓါတ်ကျနေပြီးသံသယများသူဖြစ်ကာ
ရမ်းကားနေသူဖြစ်သည်။ဇာတ်လိုက်အမျိုးသမီး၏ အလင်းရောင်က သူ၏ မှောင် မိုက်နေသော ဘဝကို
အလင်းပေးခဲ့ပြီး သူ့ကို ဒုက္ခနွံအိုင်ထဲက ဆွဲထုတ်ပေးခဲ့တာဖြစ်သည်။
ဝမ်ယွီထုံ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
ကျိုးရှောင်ယွီ ကြီးလာသည့်အခါ သူ့ဘဝကြီးက မှောင်မိုက်ပြီး စိတ်ညစ်စရာများဖြစ်နေသည်
ဆိုသည့်စကားလုံး ဖော်ပြခံရတာမျိုး မဖြစ်စေချင်ပေ။
ဆောင်းဦးရာသီဖြစ်နေ၍ ကောင်းကင်ကြီးက ပြာလဲ့နေပြီး
တိမ်စိုင်တစ်ချို့ ဖြတ်သွားသည်ကိုသာ တွေ့ရသည်။ဆောင်းဦးလေပြေရူးက သစ်ပင်ပေါ်မှ ရော်ရွက်ဝါများကို
တိုက်ချလိုက်၍ သစ်ရွက်များ မြေခ ကုန်ကြသည်။ကျိုးရှောင်ယွီလေးက တော့ ယနေ့ လည်ပတ်ရတာ
များသွား၍ အလွန်ပင်ပန်းနေ၏။ ကလေးတွန်းလှည်းက လမ်းမကောင်းသည့်နေရာ ရောက်လျှင်တစ်ချက်တစ်ချက်
ဆောင့်မိသော်လည်း ကျိုးရှောင်ယွီလေးကတော့ လှည်းပေါ်မှာ
အိပ်ပျော်နေပြီဖြစ်၏။
ဝမ်ယွီထုံ သူမအိတ်ထဲမှ စောင်လေးထုတ်ကာ ကျိုးရှောင်ယွီကို
ခြုံပေးလိုက်သည်။
ကျိုးရှောင်ယွီ၏ ပါးလေးတွေက ကြက်သွေးရောင်သန်းနေကာ
သူ၏ အနက်ရောင် ဆံပင် ကောက်ကွေးလေးကလည်း နေရောင်အောက်မှာ ရွှေရောင်ထသကဲ့သို့ဖြစ်နေသည်။
ဝမ်ယွီထုံ တစ်ယောက် ကလေးကို ကြည့်ရင်း ပြုံးလိုက်မိကာ
ကလေး၏ တို့ဖူးတုံးကဲ့သို့ ပါးဖောင်းဖောင်းအိအိလေးကို မနေနိုင်ပဲ လက်ညိုးလေးဖြင့် တို့ထိလိုက်မိသည်။
နောက်တစ်ပတ်လုံးလုံး ကလေးနှင့်အတူတူ အချိန်ဖြုန်းပြီးနောက်
သူမနှင့်ကလေးကြားက စိမ်းသက်မှုတွေ လျော့နည်းသွားကာ ရင်းနှီးမှုတွေ ပိုတိုးလာခဲ့သည်။
ကလေးကို ဓါတ်စာများကျွေးခြင်း၊ အတူဆော့ကစားခြင်း၊
လမ်းအတူတူခေါ်လျှောက်ခြင်း နှင့် အတူတူအိပ်ခြင်းအပြင် တစ်ခြားကိစ္စရပ်များတွင်လည်း
ဝမ်ယွီထုံ လုပ်ရကိုင်ရ ပို အဆင်ပြေလာသည်။ မေမေ လက်သစ်ကလေးကနေ အတွေ့အကြုံရှိသည့် မေမေအဖြစ်ပြောင်းလာ၏။
သူမ စနစ်ကို ဖွင့်ကြည့်လိုက်စဥ သူမ၏ ကံကောင်းခြင်းပြ
စက်ဝိုင်းလေးက တစ်ဖြည်းဖြည်း ရွှေရောင်သဲ တွေ ပြည့်လာတာ တွေ့လိုက်ရ၏။ သူမ၏ မီးခိုးရောင်စက်ဝိုင်းထဲမှာ
ရွှေရောင်သဲများ စီးဆင်းနေသည်က အလွန်ကြည့်ကောင်းလှ၏။
စနစ်က သူမကို မလှည့်စားခဲ့ပေ။ သည်ပုံအတိုင်းသာ
ဆက်သွားခဲ့ရင် နှစ်ဝက်လောက်ကြာတာနဲ့ သူမ၏ ကံကောင်းခြင်းပြစက်ဝိုင်းတစ်ခုလုံး သေချာပေါက်
ပြည့်သွားမည်ဖြစ်သည်။
တနင်္ဂနွေ ညနေခင်းတစ်ရက်ဝယ် ပုံမှန်အတိုင်း ကျိုးရှောင်ယွီလေးကို
အပြင်ခေါ်ထွက်ကာ လမ်းလျှောက်ထွက်ရင်း သူမတို့အိမ်ပြန်ရောက်လာတော့ ညနေ ငါးနာရီပင် ထိုးပြီဖြစ်၍
ကောင်းကင်ကြီးကလည်း နေဝင်ဆည်းဆာရောင်တောက်နေသည်။
ဝမ်ယွီထုံ သူမတို့အိမ်ကို အဝေးမှ ကြည့်လိုက်စဉ်အိမ်က ယခင်နှင့်မတူ ခြားနားနေ၏။ ဗီလာဝင်ပေါက်ကလည်း အကျယ်ကြီး
ဖွင့်ထားကာ အရင်က မတွေ့ဖူးသည့် အနက်ရောင် ဇိမ်ခံကား တစ်ချို့ တန်းစီရပ်ထားသည်ကို တွေ့လိုက်ရသည်။
သူမနောက်က လိုက်လာသည့် ဘော်ဒီဂတ်ကို ပဟေဌိအကြည့်ဖြင့်ကြည့်လိုက်ရာ
"မဒမ် ရဲ့ အမျိုးသား ပြန်ရောက်ပါပြီ" ဟု ပြန်ဖြေလေသည်။
ဝမ်ယွီထုံ အံ့ဩသွားရင်း မျက်ခုံးပင့်လိုက်မိသည်။သူတို့လင်မယားအတွဲက
အဆက်အသွယ်လည်း မရှိကြပေ။ကျိုးကျီယွဲ့က အိမ်ပြန်မလာတာ အတော်ကြာပြီဖြစ်သလို သူတို့နှစ်ယောက်
မက်ဆေ့ပို့တာ ဖုန်းဆက်တာမျိုးလည်း လုံးဝမရှိပေ။ သူမဆိုလျင် အနှီလူသားကို မေ့ပင်နေပြီဖြစ်သည်။
ဝမ်ယွီထုံလည်း ကျိုးရှောင်ယွီကို ချီကာ သီချင်းလေးညဉ်းရင်း
အိမ်ထဲကို ဝင်လာရာ ဧည့်ခန်းထဲမှာ ဘယ်သူကိုမျှ မတွေ့ချေ။
သူမလည်း ကလေးကို ရေချိူးပေးရန် ရေချိုးခန်းထဲ
ခေါ်သွားလိုက်သည်။ ရှောင်ယွီလေးက ပန်းခြံမြက်ခင်းထဲ ဆော့ကစားထားသည်ဖြစ်၍ ခြေလက်တွေ
ညစ်ပတ်နေပြီဖြစ်သည်။
ကလေးကို ရေချိူးပေးပြီးနောက် အဝတ်အစားလဲပေးလိုက်ပြီးသည်နှင့်
သူမအနောက်မှ ဆွဲဆောင်မှုရှိသည့် အမျိုးသားတစ်ဦး၏ အသံထွက်လာသည်။
"အလုပ်များနေလား?"
ဝမ်ယွီထုံ လှည့်ကြည့်လိုက်ရာ သူမမျက်လုံးလေးပြူးကာ
အံ့ဩသွားမိပြီး နောက် သူမကိုယ်ကို မတ်ကာ ရင်ကို ကော့ထားလိုက်ပြီး နားသယ်စနားက ဆံပင်တွေကို
နားရွက်နောက်ကို သပ်လိုက်သည်။ သူမ ပါးပြင်တွေကလည်း နီရဲလာပြီး အသံကလည်း ရုတ်တရက် နူးညံ့သွား၏။
"ဟိုင်း! မတွေ့ရတာကြာပြီနော် ဟယ်လို..."
ကျိုးကျီယွဲ့က သူမ၏ အမူအရာကြောင့် မျက်မှောင်ကြုံ့မိသွားသည်။
ဒါက!! ဒါက!! ဇာတ်လိုက်ရဲ့ အဖေလား? ဇာတ်လိုက်မှာ
ဒီလောက် စတိုင်မိုက်တဲ့ အဖေ ရှိတာ ဘာလို့ သူ့ကို ဘယ်သူမှ မပြောကြတာလဲ။ ဒီလို ဥစ္စပေါ
ရုပ်ချောလေးက သူမ အလကားရတဲ့ ယောက်ျားလား??
ကျိုးကျီယွဲ့ ဘာလို့ ဝှီးချဲပေါ်ထိုင်နေလဲတော့
မသိပေမယ့် သူ၏ အေးစက်စက် အမူအရာနှင့် ခန့်ညားလှသည့်ရုပ်ရည်ကြောင့် ကြော့ရှင်းပြီး မြင့်မြတ်သည့်ဟန်
ပေါ်နေ၏။
အဖြူဆွတ်ဆွတ် ရှပ်အင်္ကျီ ကြယ်သီးကို အပေါ်ဆုံးထိ
တပ်ထားပြီး လက်ကောက်ဝတ်မှာ ဈေးကြီးနာရီ တပ်ဆင်ထားသည့်ပုံကလည်း လုံးဝကို ဆွဲဆောင်မှု
ရှ်ိနေပြန်သည်။
သူမစိတ်ထဲမှာတော့ ကျိုးကျီယွဲ့ကို ကြွေဆင်းနေပေမယ့်
မျက်နှာမှာတော့ လုံးဝ မပေါ်စေရပါ။
နောက် သူမ စိတ်ပျက်သွားမိသည်။ သူမ ဒီနေ့ ဝတ်ထားတာက
ဘာဝတ်စုံကြီးလဲ? အပြာရောင် အားကစား ဝတ်စုံနှင့် ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးဖြစ်နေသည်။
အိပ်ရာပေါ်လှဲနေသည့် ကျိုးရှောင်ယွီက လူးလိမ့်ထလာပြီး
ကျိုးကျီယွဲ့ကို သိချင်စိတ်ဖြင့် စူးစိုက်ကြည့်နေ၏။
"ရှောင်ယွီ ရေ သားဖေဖေ ပြန်လာပြီနော်"
ဝမ်ယွီထုံ ကလေးကို ကောက်ချီလိုက်သည်။ "ဖေဖေလို့ နှုတ်ဆက်လိုက်ပါဦး ဖေဖေ! ဖေဖေ!"
ကျိုးကျီယွဲ့ တစ်ယောက် ကလေးနှင့် သူ့အကြား ယခင်က
ရင်းနှီးမှု ရှိသော်လည်း စိတ်ထဲမှာတော့ သိပ်မမျှော်လင့်မိပေ။
သူ့မျက်လုံးများက အမျိုးသမီးနှင့် ကလေး အပေါ်တွင်
ရှိနေပြီး သူ၏ အကြည့်တွေကလည်း သိမ်မွေ့နူးညံ့လာ၏။
"ရှောင်ယွီ ဒီကို လာ" ကျိုးကျီယွဲ့
လက်ကို ဆန့်ကာ ကလေးကို ချီရန်ပြင်လိုက်သည်။ ဒါပေမယ့် ရှောင်ယွီလေးကတော့ မတုန်မလှုပ်ပင်ဖြစ်နေပြီး
ဝမ်ယွီထုံ၏ အင်္ကျီကိုသာ ဆုပ်ကိုင်ထား၏။
"ရှောင်ယွီ ဒါ ဖေဖေလေ"
ဝမ်ယွီထုံ ရှေ့ကို တိုးကာ ကျိုးကျီယွဲ့ ချီနိုင်ရန်
ကိုယ်ကို ကိုင်းပေးလိုက်သည်။ အဖေနဲ့ သား လဝက်လောက်ကြာအောင် မတွေ့ကြရင် စိမ်းသက်လာတာမျိုး
ဖြစ်မှာ စိုးရိမ်ရသည်။
မထင်မှတ်ထားစွာပင် ကျိုးရှောင်ယွီသည် ခေါင်းကို
တစ်ဖက်လှည့်လိုက်ပြီး ဝမ်ယွီထုံကိုသာ ဖက်ထားပြီး တစ်အီအီနှင့် ငြင်းနေ၏။ ကြည့်ရတာ ကျိုးကျီယွဲ့ကို
မေ့သွားပုံရသည်။ ကျိုးကျီယွဲ့လည်း သူ၏ လက်ကို အသာပြန်ရုတ်လိုက်ကာ သူ့ရှေ့မှ အမျိုးသမီးနှင့်
ကလေးကို မသိမသာ အေးစက်စက်ကြည့်ရင်း အကဲခတ်နေ၏။
ဝမ်ယွီထုံကတော့ ကျိုးကျီယွဲ့၏ အလှတရားမှ နစ်မွန်းနေပြီဖြစ်၍
ကျိုးကျီယွဲ့၏ ပုံမှန်မဟုတ်သည့်အကြည့်ကို သတိမထားမိလိုက်ပေ။
"ရှောင်ယွီက ရှင်နဲ့ မတွေ့ရတာ နည်းနည်း ကြာသွားလို့ပါ။
နောက်ဆို ပြန်မှတ်မိလာပါလိမ့်မယ်" ဟု ဝမ်ယွီထုံက ပြုံးရင်း ပြောလိုက်သည်။
"ကျီယွဲ့ ရှင် ကျွန်မတို့ကို ညနေစာစားဖို့
လာခေါ်တာမလား။ ရှင် အရင် ဆင်းသွားလိုက်ပါ။ ကျွန်မတို့နှစ်ယောက် ခဏနေ ဆင်းလာလိုက်ပါ့မယ်"
ကျိုးကျီယွဲ့ အနည်းငယ် ကြက်သေသေသွားကာ "ဟုတ်ပြီ"
ဟု ပြန်ဖြေလိုက်သည်။
ကျိုးကျီယွဲ့ သူမအခန်းထဲကနေ ဝှီးချဲနှင့် ထွက်သွားသည်ကို
ဝမ်ယွီထုံ စောင့်ကြည့်နေလိုက်သည်။ သူမပဲ စိတ်ထဲထင်တာလားမသိ။ ကျိုးကျီယွဲ့ ထွက်မသွားခင်
သူမကို ကြည့်လိုက်သည့်အကြည့်တွေထဲမှာ သူမနားမလည်နိုင်သည့် ခံစားချက်တွေ ပါနေသည်ဟု ထင်ရသည်။
ကျိုးကျီယွဲ့ ထွက်သွားပြီးနောက် ဝမ်ယွီထုံ တံခါးကို
ချက်ချင်းပိတ်လိုက်ကာ ရှောင်ယွီကို သူ့အိပ်ရာပေါ်တင်လိုက်သည်။ ထို့နောက် အဝတ်အစားထည့်သည့်အခန်းကို
ပြေးသွားပြီး သူမ ဂုဏ်အယူရဆုံး သူမ၏ လှပသည့် ခြေတံရှည်ကို ပြသပေးနိုင်သည့် ပွဲတက်ဝတ်စုံ
သိပ်မဆန်သော အနက်ရောင် ဂါဝန်ကို ဝတ်လိုက်သည်။
နောက် နှုတ်ခမ်းကို အရောင်အနည်းငယ် တင်လိုက်ကာ
ဆံပင်ကိုလည်း အမြန်ကောက်ကာ ချလိုက်သည်။ လိမ်မော်ရနံ့ ရေမွှေးကိုလည်း နား နှင့် လက်ကောက်ဝတ်တွေမှာ
အနည်းငယ် ဆွတ်လိုက်သည်။ ဤသို့ဖြင့် သူမပုံစံသည် ပြင်ဆင်ထားသော်လည်း ပြင်ထားမှန်း မသိသာသည့်ပုံ
ပေါ်လွင်လာသည်။
ကျိုးရှောင်ယွီကတော့ ဝမ်ယွီထုံတစ်ယောက် ဆံပင်ကို
ဆံထိုးထိုးနေသည်ကို ငေးကြည့်နေ၏။
"အွမ်းး အွမ်းးးး"
သူ၏လက်ကလေးတွေက ကုတင်ကို ပုတ်ရင်း ဝမ်ယွီထုံကို
စူးစမ်းကြည့်နေ၏။
ဆယ်မိနစ် အကြာမှာတော့ ကျိုးရှောင်ယွီသည် သူ့ကို
ချီရန်လာသည့် အမေအသစ်ကို တွေ့လိုက်ရသည်။ အမေအသစ်က အရင်အမေနဲ့ တူပေမယ့် အနည်းငယ် ကွဲပြားနေ၏။
"ရှောင်ယွီ အောက်ကို ဆင်းကြစို့ ဖေဖေ့ကို
အကြာကြီး မစောင့်ခိုင်းကြရအောင် " ဟု ကျိုးရှောင်ယွီကို မျက်လုံးလေးမှိတ်ကာ ပြောလိုက်သည်။
"အာာာ..."
ကျိုးရှောင်ယွီသည် အသံကို ကြားလိုက်မှ သူ့အမေ
အသစ် မဟုတ်ပဲ သူရင်းနှီးသည့် အမေ၏ အသံဖြစ်နေကြောင်း မှတ်မိလိုက်သည်။
ရှောင်ယွီလေးက သူ့ အမေရဲ့ လက်မောင်းကို ယုံကြည်စွာ
ဖက်ထားလိုက်သည်။ 'မေမေက ဒီနေ့ အရမ်းမွှေးနေပါလားး'
ပထမထပ် ထမင်းစားခန်းမှာတော့ ကျိုးကျီယွဲ့တစ်ယောက်
ထမင်းစား စားပွဲမှာ တိတ်ဆိတ်စွာ ထိုင်ရင်း
ပြတင်းပေါက်ကနေ မြင်ရသည့် အပြင်ဘက်က ရှုခင်းကို ကြည့်နေ၏။
တစ်နေ့တာ၏ နောက်ဆုံး နေဝင်ချိန် အလင်းရောင်လေးက
မှေးမှိန်ပြီးနောက် အမှောင်ထုကြီးက ကြီးစိုးလာ၏။
နောက်ရှစ်နှစ်အကြာတွင် မကြုံစဖူးပြင်းထန်လှသည့်
တိုင်ဖွန်းမုန်တိုင်းကြောင့် ခြံဝန်းထဲရှိ သစ်ပင်ကြီးများလည်း လဲကုန်မည်ဖြစ်သည်။ အခုလောလောဆယ်တော့
သစ်ပင်ကြီးတွေက ခြံဝန်းအလယ်မှာ ဝံ့ထည်စွာ တည်ရှိ၏။
သူ အမှန်ပင် လွန်ခဲ့သည့် ၁၅နှစ်တာ ကာလကို ပြန်ရောက်နေခဲ့တာဖြစ်သည်။
အိမ်တော်ထိန်းစိန်သည် အသက်ငယ်ကာ သန်သန်မာမာ ရှိသေးကာ ကျိုးရှောင်ယွီလေးကလည်း ကလေးငယ်လေး
အရွယ်သာ ရှိနေသေး၏။ သူကြီးလာသည့်ပုံစံထက် ပို ချစ်စရာ ကောင်းနေသည်။
နှစ်အတော်ကြာ မတွေ့ရတာ ကြာပြီဖြစ်သည့် အနှီအမျိုးသမီးကို
မြင်လိုက်ရ၍ ကျိုးကျီယွဲ့ မျက်ဝန်းထဲ အေးစက်မှုက ဖြတ်ပြေးသွားသည်။ သူ့ အရင်ဘဝက မုန်းသည့်သူ
သိပ်မရှိခဲ့ပေ။ ထိုလူနည်းစုထဲမှ တစ်ဦးက ထိုအမျိုးသမီးပင်ဖြစ်သည်။
ခြေသံတွေ ထမင်းစားခန်းထဲ နီးလာသည်ကို ကြားလိုက်ရ၍
ကျိုးကျီယွဲ့ ကြည့်လိုက်ရာ ဝမ်ယွီထုံ တစ်ယောက် ကျိုးရှောင်ယွီကို ချီရင်း သူ့ဆီ လျှောက်လာသည်ကို
မြင်လိုက်ရသည်။
သူမ မျက်နှာ က လပြည့်ဝန်းပမာ တောက်ပ နေသည်။အနက်ရောင်
ဆံကေသာ ကောက်ခွေခွေက သူမ၏ ခါးမှာ ဝဲကျနေပြီး သေးသွယ်သည့် ခြေတံလေးကလည်း မီး အလင်းရောင်အောက်မှာ
ကြွေကဲ့သို့ ဖွေးဥနေသည်။
"ကျီယွဲ့ စောင့်နေတာ ကြာပြီလား " ဟု
နူးညံ့သည့်အသံဖြင့် သူမ စကားပြောလာခဲ့သည်။
ကျိုးကျီယွဲ့၏ မျက်ခုံးများ တွန့်ချိုးသွား၏။
နောက် သူ၏ သွယ်လျသော လက်ချောင်းထိပ်ဖြင့် စားပွဲကို အသာအယာခေါက်ကာ "မကြာသေးပါဘူး"
ဟု ပြန်ဖြေလိုက်သည်။
ဝမ်ယွီထုံကတော့ သူမ၏ လှပသည့် ဘက်ခြမ်းကိုသာ ကျိုးကျီယွဲ့ကို
ပြသနေသည်။
"အာာ.."
ကျိုးရှောင်ယွီ လေးကတော့ သူ့အမေရဲ့ ဆံပင်ရှည်တွေကို
ဆော့ကစားနေ၏။ ပုံမှန်ဆို မေမေက တစ်နေကုန် ဆံပင် စည်းထားတာ။ဒါပေမယ့် ဒီနေ့ ဆံပင်ချထားတယ်
ဆိုတော့ သူ ကစား ဖို့ ချပေးထားတာပဲ ဖြစ်မယ်။
"ကျိုး! ရှောင်! ယွီ!"
ဝမ်ယွီထုံက အသံကို အနိမ့်သံဖြင့် ခြိမ်းခြောက်ဟန်ပြုလိုက်ရာ
ကောင်ကလေးက ချက်ချင်းနားလည်ပြီး လိမ်လိမ်မာမာနှင့် ဆံပင်ဆော့နေသည့် သူ့လက်ကလေးကို ရုတ်ကာ
မျက်လုံးလေး ပုတ်ခတ်ပုတ်ခတ်နှင့် ငြိမ်သက်နေသည်။
ဝမ်ယွီထုံ ကျိုးရှောင်ယွီကို ချီထားရင်း စားပွဲဝိုင်း
တွင် ဝင်ထိုင်လိုက်သည်။ ကျိုးရှောင်ယွီကတော့ သူ၏ ပုံမှန်အိပ်ချိန်ရောက်နေပြီဖြစ်၍ ဝမ်ယွီထုံ
လက်ပေါ်မှာ အိပ်ငိုက်ကာ သန်းဝေနေ၏။
"ရှောင်ယွီကို ထိန်းဖို့ လူငှားထားတယ်။ဒီအတောအတွင်း
မင်းပင်ပန်းသွားပြီ" ဟု ကျိုးကျီယွဲ့က သက်သက်သာသာ ပြောလိုက်သည့်စကားကို ကြားတော့
ဝမ်ယွီထုံ ကြောင်အသွားသည်။
နောက်မှ
ယူနီဖောင်းဆင်တူနှင့် အဒေါ်ကြီး လေးဦး မလှမ်းမကမ်းမှာ ရပ်နေကြသည်ကို တွေ့လိုက်ရသည်။
ကျိုးကျီယွဲ့၏ မျက်ခုံးနှင့်မျက်လုံးတွေက အေးစက်နေသည်။
သို့သော် သူ၏ မျက်နှာမှာတော့ အေးစက်မှု က မပေါ်လွင်ပေ။
အဒေါ်ကြီး နှစ်ဦးက ရှေ့တိုးလာကာ ဝမ်ယွီထုံ လက်က
ကျိုးကျီယွဲ့ကို ချီရန် လက်ဆန့်လိုက်သည်။
"သခင်လေး ကျွန်မဆီလာပါ။ မေမေ ထမင်းစားပါစေဦးနော်"
ကျိုးရှောင်ယွီကတော့ ဝမ်ယွီထုံကိုသာ တွယ်ကပ်နေပြီး
မလိုက်ချင်၍ အင်တင်တင်ဖြစ်နေ၏။
"ဒါမှမဟုတ် ထားလိုက်ပါလား သူလည်း ခဏနေ အိပ်တော့မှာပဲကို
" ဝမ်ယွီထုံက သူမ လက်ပေါ်မှ ကလေးကို ပုတ်ကာ
ချော့သိပ်ရင်း ပြောလိုက်သည်။
သို့သော် အဒေါ်ကြီးကတော့ ညွှန်ကြားချက်ရထားသည့်
သူတစ်ဦးကဲ့သို့ "သခင်လေးရေ မေမေ အေးဆေးစားပါစေနော် အန်တီချော့သိပ်ပေးမယ် လာ လာ
" ဟု ပြောကာ ကလေးကို ဝမ်ယွီထုံ လက်မှ အတင်း ပွေ့ချီယူလိုက်သည်။
"ဝါးးးးး" ကျိုးရှောင်ယွီက အော်ငိုကာ ရုန်းကန်လေတော့သည်။
ဝမ်ယွီထုံ မျက်မှောင်ကြုံ့ကာ ထရပ်လိုက်သည်။
"အာ့လို လုပ်ဖို့မလိုပါဘူး။ ရှောင်ယွီလေးက
အိပ်ပျော်တော့မှာ။ ကျွန်မ ခဏချော့သိပ်လိုက်ရင် အိပ်သွားတော့မှာ။ ကလေး ချော့သိပ်ရလို့
ကျွန်မ အစာ စားတာ လည်း ပျက်မသွားပါဘူး"
ကျိုးရှောင်ယွီတစ်ယောက် လက်သီးဆုပ်ကာ ဒေါသတကြီး
အော်ငိုရင်း မျက်နှာကလည်း အနီရောင် ပြောင်းလာ၍ ဝမ်ယွီထုံလည်း စိုးရိမ်ပြီး အဒေါ်ကြီး
လက်မှ ကလေးကို ဘာမှ ပြောမနေပဲ ပြန်ချီလိုက်သည်။
ဝမ်ယွီထုံ လက်ထဲ ပြန်ရောက်တော့ ကလေးက ရှိုက်ကြီးတငင်နှင့်
ဝမ်းနည်းစွာ ငိုနေ၏။
ဝမ်ယွီထုံလည်း ကျောကို အသာအယာ ပွတ်ပေးလိုက်တော့
ကလေးက အငိုတိတ်သွားပြီး မျက်ရည်တွေနဲ့ ပြန်ပြုံးလာသည်။
"ဘာမှ မဖြစ်တော့ဘူးနော် ကလေးရေ အိပ်တော့နော်"
ဝမ်ယွီထုံ တစ်ယောက် ဧည့်ခန်းထဲမှာ လမ်းလျှောက်ရင်း
သားချော့တေး သီချင်းလေးညဉ်းကာ ကလေးကို ချော့သိပ်လိုက်သည်။ နောက် သူမ လက်ထဲ က ကလေးကို
ငုံ့ကြည့်ရင်း သူမနှုတ်ခမ်းလေးတွေ ကွေးညွတ်သွားကာ သူမအကြည့်တွေက နူးညံ့သွား၏။
ကျိုးကျီယွဲ့ကတော့ ထိုအမျိုးသမီးနှင့် ကလေးကို
တိတ်တဆိတ်ကြည့်နေရင်း သူ၏အကြည့်ထဲဝယ် အမှောင်ထုနှင့်အတူ မသေချာ မရေရာမှုတွေ ဖြစ်ပေါ်နေ၏။
၅မိနစ်လောက်ကြာတော့ ကျိုးရှောင်ယွီလေး မျက်လုံးမှိတ်ကာ
အိပ်ပျော်သွားသည်။ ဝမ်ယွီထုံလည်း ကလေးကို အသာအယာ ပုတ်ပေးရင်း ထမင်းစားခန်းထဲမှာ မနက်ကတည်းက
ထားထားသည့် ရွေ့လျားနိုင်သည့် ကလေးပုခက်လေးထဲ သိပ်လိုက်သည်။
နောက် ထမင်းစား စားပွဲပေါ်ပြန်ထိုင်ရင်း
"ရှောင်ယွီလေးက အခုချိန် အကြာကြီး မအိပ်တတ်ဘူး။ နာရီဝက်လောက်ကြာရင် ပြန်နိုးလာလိမ့်မယ်"
ဟု ကျိုးကျီယွဲ့ကို ပြုံးကာ ပြောပြလိုက်သည်။
ကျိုးကျီယွဲ့လည်း ဝမ်ယွီထုံ၏ ပြုံးဖြီးနေသော မျက်နှာကို
အတွေးများစွာဖြင့်ကြည့်လိုက်ကာ "ဟုတ်ပြီ" ဟု ပြန်ဖြေလိုက်သည်။
သူတို့နှစ်ဦး ဈေးကြီးသော ဟင်းပွဲများပြည့်နေသည့်
စားပွဲ၏ မျက်နှာချင်းဆိုင် တစ်ဖက်တစ်ချက်ဆီမှာ ထိုင်လိုက်ကြသည်။
ဝမ်ယွီထုံ တစ်ယောက် စားပွဲ တစ်ဖက် မှ အမျိုးသားကို
မသိမသာ လှမ်းကြည့်လိုက်ရင်း စိတ်ထဲမှာ ဆဲရေးလိုက်သည်။
'ဒီ အလကားရလိုက်တဲ့ ယောကျာ်းက စားနေတဲ့အချိန်မှာတောင်
ဘာလို့ အရမ်းခန့်ညား မြင့်မြတ်တဲ့ ပုံပေါက်နေရတာလဲ? သူ့ရှေ့မှာ ရှိတာ ထမင်းဟင်း ပန်းကန်တွေ
မဟုတ်ပဲ ဂီတစာရွက်တွေ ရှိနေတာ ကျနေတာပဲ။'
အထူးပြောရလျှင် သူ၏ ထမင်းစားတူကိုင်ထားသည့် ညာဘက်
လက်တစ်ဖက်သည် မြင်မိသူတိုင်း မငေးပဲ မနေနိုင်လောက်အောင် အစိမ်းရောင် သွေးကြောတွေနှင့်
ကြည့်ကောင်းလှ၏။
ဝမ်ယွီထုံလည်း တံတွေးတွေ မြိုချကာ အမြန်အကြည့်လွှဲလိုက်ရသည်။
ထို့နောက် အစားနည်းသည့် အိန္ဒြေရှိအမျိုးသမီးကဲ့သို့ အရသာမြည်းရန် စွပ်တစ်ငုံသောက်လိုက်သည်။
ထိုစဉ် အိမ်တော်ထိန်းစန်က ထမင်းပန်းကန်လုံး ၃လုံးနှင့်အတူ
ဝင်လာကာ "မဒမ် ဒါ မဒမ်ရဲ့ထမင်းပါ။ အရင်က မဒမ် ပန်းကန် နှစ်လုံးစားတာ မဝလို့ဆိုပြီး
ကျွန်တော်တို့ ပန်းကန်လုံးသုံးလုံး ပြင်ထားပါတယ် မဝသေးရင် ထပ်ထည့်ပေးလို့ရပါတယ်"
ဟု အပြုံးလေးနှင့် ပြောလာ၏။