အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး
အပိုင်း ၇
အိမ်တော်ထိန်းစန်၏ စကားကြောင့် ဝမ်ယွီထုံ ရှက်သွားပြီး
သူမ နှာခေါင်းကို ထိလိုက်သည်။
ဤည အတွက် သူမ အလွန် ကြိုးစားပုံဖော်ထားသည့်
"ပန်းကလေးလို လှပပြီး နူးညံ့သိမ်မွေ့ကာ ကျက်သရေရှိသည့်အမျိူးသမီးပုံစံ"
သည် အိမ်တော်ထိန်းစန် စကားကြောင့် ပျက်စီးသွားချေပြီ။
တော်သေးသည်က ကျိုးကျီယွဲ့သည် ကြားလိုက်ဟန်မတူပဲ
သူ၏အေးစက်စက်မျက်နှာထားဖြင့် အစာကိုသာ စားနေသည်။
ဝမ်ယွီထုံလည်း လည်ချောင်းကို ရှင်းလိုက်ပြီး
"ကျီယွဲ့ ရှင့်ခြေထောက်က ဘာဖြစ်တာလဲဟင် ဘာလို့ ဝှီးချဲနဲ့ ထိုင်နေရတာလဲ"
ဟု တည်ငြိမ်ဟန်ဆောင်ကာ မေးလိုက်သည်။
ကျိုးကျီယွဲ့ မျက်လုံးကို ပင့်ကာ ဝမ်ယွီထုံကို
အနည်းငယ် စူးစမ်းသည့်ဟန်ဖြင့် ကြည့်ကာ ပြန်ဖြေလိုက်သည်။
"ဘာမှမဖြစ်ပါဘူး ပြသနာသေးသေးလေးပါပဲ"
ဝမ်ယွီထုံလည်း "အို့" ဟု အသံပြုပြီး
သူမ၏ပါးချိုင့်လေးပေါ်အောင် ပြုံးကာ ပြောလိုက်သည်။ "Mနိုင်ငံက အလုပ်ကိစ္စကော အဆင်ပြေခဲ့မယ်
ထင်ပါတယ်"
သူတို့နှစ်ယောက်စကား ဆက်မပြောကြတော့ ထမင်းဝိုင်းက
တူသံဇွန်းသံနှင့် ဖွင့်ထားသည့် တယောဂီတသံကလွဲရင် တိတ်ဆိတ်သွား၏။
ကျိုးကျီယွဲ့က သူမကို ယဉ်ယဉ်ကျေးကျေးပြန်ပြောသည်ဟု
ထင်ရသော်လည်း အမှန်တော့ သူတို့နှစ်ယောက်ကြား အကွာအဝေးတစ်ခုခြားနေသလို ခံစားရ၏။ အမြဲ
ထိပ်မှာ နေခဲ့ရသည့်သူမို့လားမသိ သူ့အရိုးထဲကနေပင် သီးသန့်ဆန်မှုနှင့် အထက်စီးဆန်မှု
ရှိနေပုံရသည်။ ထို့ကြောင့် ဝမ်ယွီထုံတစ်ယောက် သူမ၏ ခင်ပွန်း ဘာတွေးနေလဲ မစဉ်းတတ်ပေ။
ဘယ်လိုပဲဖြစ်ဖြစ် ထမင်းစားပွဲမျက်နှာချင်းဆိုင်က
လူချောလေးကိုတော့ တစ်ချက်တစ်ချက် မကြည့်ပဲ မနေနိုင်ခဲ့ပေ။
ကျိုးကျီယွဲ့ ရေသောက်နေသည့်အချိန်မှာပင် သူ၏ အာဒမ်ပန်းသီး(လည်ဇလုတ်)လေးက
သိသိသာသာပင် အထက်အောက် အလျှင်အမြန်ရွေ့လျားနေသည်ကို ဝမ်ယွီထုံကြည့်မိရင်း ပုဝါလေးအုပ်ကာ
တိတ်တဆိတ် သဘောကျပြုံးနေမိသည်။
ညရောက်တော့ ကျိုးရှောင်ယွီက သူ၏ ကလေး အိပ်ရာပေါ်မှာ
ထိုင်ရင်း တွားသွားသည့်အရုပ်နှင့် ဆော့နေစဉ် ဝမ်ယွီထုံက ပစ္စည်းပို့သမား ပို့လာသည့်အထုပ်ကို
ဖောက်ကြည့်နေသည်။
ကလေးတွေဖတ်သည့် ရုပ်ပြစာအုပ်အချို့ကို ဝယ်ကာ ကျိုးရှောင်ယွီလေး
အိပ်ချိန်မှာ ဖတ်ပြရန် စိတ်ကူးထားတာဖြစ်သည်။
စနစ်က ပြောသည့် အချက်အလက်အရ အသက် ၆-၉လ ကလေးငယ်တွေအတွက် ပိတ်စနှင့်လုပ်ထားသည့်စာအုပ်။ အထိအတွေ့လုပ်နိုင်သည့်စာအုပ်
နှင့် အသံထွက်သည့် စာအုပ်များက အသင့်တော်ဆုံးဖြစ်၏။
[ပိတ်စနှင့်လုပ်ထားသည့်စာအုပ် - (ပါးစပ်ထဲ အကုန်ထည့်ချင်သည့်အရွယ်)
ဤအရွယ်ကလေးတွေက သူတို့ပါးစပ်ထဲ တွေ့သမျှအကုန်ထည့်ကာ
စူးစမ်းချင်သည့်အရွယ်ဖြစ်၏။ ပိတ်စနှင့်လုပ်ထားသည့် စာအုပ်ဖြစ်၍ ဆေးရပြုရ အဆင်ပြေပြီး
ကလေးစိတ်ကြိုက်ကိုက်လို့ရသည်]
[အထိအတွေ့လုပ်နိုင်သည့်စာအုပ် - (အထိအတွေ့အာရုံကိုခံစားသိလာသောအရွယ်)
စာအုပ်၏
မျက်နှာပြင်မှာပါသည့် မတူညီသည့် ပစ္စည်းမျိုးစုံကို ကလေး၏ လက်ချောင်း လေးဖြင့် ထိတွေ့ကာ
ခံစားမှုအာရုံကို တိုးတက်စေခြင်း]
[အသံထွက်သည့်စာအုပ် - အကြားအာရုံခံစားနိုင်သည့်အရွယ်တွင်
စာအုပ်မှ ခလုတ်များကိုနှိပ်လိုက်ခြင်းဖြင့် ထွက်လာသည့်အသံမျိုးစုံကို နားဆင်ခြင်း]
[အပေါက်များပါသည့်စာအုပ်(Cave Book) - စာအုပ်တွင်ပါသည့်
ထိကပေါက် ပုံစံအမျိုးမျိုးကို စိတ်ဝင်တစား ထိတွေ့ကိုင်တွယ်ရင်း ကလေး၏ လက်ချောင်းများ
လှုပ်ရှားမှု စွမ်းရည် တိုးတက်လာစေခြင်း]
ဝမ်ယွီထုံလည်း စိတ်ဝင်စားစရာ အကောင်းဆုံး အသံထွက်သည့်
စာအုပ်နှစ်အုပ်ကို ကျိုးရှောင်ယွီ ကစားရန် ရွေးလိုက်သည်။
ကျိုးရှောင်ယွီကတော့ စာအုပ်အဖုံးမှာ ပါသည့် ရုပ်ပုံတွေကြောင့်
ဆွဲဆောင်ခံလိုက်ရသည်။
နောက် ဝမ်ယွီထုံ လက်ထဲကနေ အသံထွက်သည့်စာအုပ်ကို
ယူကာ အားထည့်ကာ ဆုတ်ဖြဲလိုက်သည်။ ဒါပေမယ့် စာအုပ်က ပြဲမသွားချေ။ အကြိမ်ကြိမ်ကြိုးစားပြီးနောက်ဆုံးတော့
လက်လျှော့လိုက်လေသည်။
ဝမ်ယွီထုံတစ်ယောက် ကျိုးရှောင်ယွီကိုကြည့်ကာ သဘောတကျပြောလိုက်သည်။
"ဒီစာအုပ်တွေက ကလေးတွေ လွယ်လွယ်လေး ဖြဲလို့မရအောင် လုပ်ထားတာလေ"
ကျိုးရှောင်ယွီကတော့ မျက်လုံးလေးပြူးကာ စာအုပ်ပေါ်မှာ
ဆွဲထားသည့် ရောင်စုံ ပုံသဏ္ဍာန်စုံသည့် အကောင်လေးတွေကို သူ့လက်ကလေးနှင့်ကိုင်ကြည့်နေ၏။
"ဒါလေးက ကျား... ဒါလေးက မျောက်...ဒါလေးက
ခွေးပေါက်ကလေး...သူတို့ဆီမှာ ခလုတ်လေးတွေရှိတယ်" ဟု ဝမ်ယွီထုံက ရှင်းပြရင်း ကျားရုပ်လေး၏
ကိုယ်ပေါ်က ခလုပ်ကိုနှိပ်လိုက်သည်။ စာအုပ်ကနေ ကျားဟိန်းသံ ထွက်လာကာ အခန်းအတွင်း ဟိန်းထွက်သွား၏။
ကျိုးရှောင်ယွီအတွက် ပထမဆုံးကြားရသည့် အသံဖြစ်၍
ကြောက်နေမှာစိုးရိမ်ကာ ဝမ်ယွီထုံက ကလေးကို ကြည့်လိုက်တော့ မျက်မှောင်ကြီးကြုံ့ကာ
"အွန်းးအွန်း" ဟု အသံပြုရင်း ခေါင်းကိုရမ်းနေ၏။
"မကြိုက်ဘူးလား ဒါဆို ကြောင်သံလေး နားထောင်ကြည့်မလား"
ဝမ်ယွီထုံ ကြောင်ရုပ်ပုံမှ ခလုတ်လေးကို နှိပ်လိုက်တော့
သာယာဖွယ် "မြောင်မြောင် "ဟူသည့် အသံထွက်လာသည်။
ဝမ်ယွီထုံ သူမလက်နှစ်ဖက်ကို ကြောင်လက်သည်းပုံစံ
လုပ်ရင်း "မြောင် မြောင်" ဟူသည့် အသံပြုကာ ရှောင်ယွီလေးကို စနောက် သရုပ်ပြလိုက်သည်။
ကျိုးရှောင်ယွီကတော့ သူ့အမေ၏ သရုပ်ပြမှုကိုကြည့်ပြီး
စိတ်ဝင်စားသွားကာ စာအုပ်မှ ခလုတ်ကို ခဏခဏ နှိပ်ရင်း ထွက်လာသည့်အသံကို သဘောကျစွာ တစ်ခစ်ခစ်
ရီနေလေ၏။
တစ်ခဏ အကြာမှာတော့ တစ်ခန်းလုံး ကြောင်သံ၊ ခွေးပေါက်ကလေးသံ၊
ကြက်ဖအော်သံ၊ သိုးအော်သံတို့နှင့်ပြည့်နှက်သွား၏။
တိရစ္ဆာန် အသံပေါင်းစုံ ထွက်လာလိုက် တိတ် သွားလိုက်ဖြစ်နေ၏။
ထိုအချိန် ဝမ်ယွီထုံ၏ အခန်း အပြင် ဘက်မှာတော့
ကျိုးကျီယွဲ့ တစ်ယောက် တိတ်ဆိတ်စွာ ရပ်နေ၏။
ခွေးပေါက်လေးလို ဟောင်သံ လုပ်ပြရင်း ဝမ်ယွီထုံ၏
ရယ်သံတွေက တံခါးရွက်ကနေဖြတ်ကျော်လာသည်။နောက် နွားကဲ့သို့ အသံပြုပြန်၏။
"မူးးးးမူးးးး"
ကျိုးရှောင်ယွီ သူ့အမေကို နားမလည်သည့်ပုံဖြင့်ကြည့်လိုက်သည်။
'ငါ့အမေ ဒီလို ထူးထူးဆန်းဆန်းတွေ လုပ်လာရင် ငါဘယ်လိုလုပ်ရမလဲ...'
အပြင်ဘက်က
တံခါးခေါက်ရန်ပြင်နေသည့် ကျိုးကျီယွဲ့၏ လက်တွေ တစ်ဖြည်းဖြည်း ပြန်ရုတ်သွားသည်။ နောက်
ငါးမိနစ်လောက် အခန်းထဲက အသံတွေ နားထောင်ကာ အခန်းရှေ့ကနေ ပြန်လှည့်ထွက်သွား၏။
အခန်းထဲက သားအမိ နှစ်ယောက်ကတော့ တစ်နာရီလောက်ကြာအောင်
ဆော့ကစားကြပြီးနောက် ဝမ်ယွီထုံလည်း ကလေးကို နို့တိုက်ပြီး ချော့သိပ်လိုက်ပြီးမှ သူမ၏
ကိုယ်ပိုင်အချိန်ရတော့၏။
သူမသည်
လိမ္မော်ရောင်မျက်လုံးပုံ လိုဂိုနှင့် အက်ပလီကေးရှင်း (ဝေ့ပေါ်) ကို ဖွင့်လိုက်ကာ
စာရေးလိုက်သည်။
ဝမ်ယွီထုံ သူမ၏ ကလေးပြုစုခြင်းဖြစ်စဉ်ကို မှတ်တမ်းတင်ထားသည့်
"ဆံကောက်လေးရှောင်ယွီ" အကောင့် တွင် ပို့စ်အသစ်တင်လိုက်သည်။ သူမသည် ကလေးနှင့်မိခင်ကြား
အတွေ့အကြုံတွေကို ရုပ်ပုံ၊ စာများနှင့် စနစ်တကျ နေ့တိုင်းမျှဝေပေးနေတာဖြစ်သည်။
ကလေးပစ္စည်းတွေကို ရီဗျူးပေးခြင်း ပို့စ်တွေကလည်း
မေမေများ အတွက်အမှန်ပင် အသုံးဝင်ပါ၏။
ဥပမာ အားဖြင့် သူမ ဒီနေ့ ဝယ်လိုက်သည့် ကလေး ရုပ်ပြစာအုပ်များကို
ရီဗျူးပေးခြင်း ပို့စ်ဖြစ်သည်။
ကလေး ရုပ်ပြစာအုပ်စာအုပ် ၂၅အုပ်ကို ဘယ်စာအုပ်က
ကလေးတွေနဲ့ သင့်တော်ကြောင်း ဘယ်စာအုပ်က ဘယ်အရွယ်ကလေးတွေ အာရုံစိုက်မိကြောင်း အသေးစိတ်ရေးလိုက်သည်။
နောက် ဘယ် စာအုပ်တွေကိုတော့ ကောင်းသည် ဘယ်စာအုပ်ကတော့
ဘယ်အရွယ်ကလေးနှင့် မသင့်တော်ကြောင်း ဘယ်စာအုပ်ကတော့ အလွန်ပျင်းစရာကောင်းကြောင်း ရေးပြီး
ပိုစ်ကို အဆုံးသတ်လိုက်သည်။
ပို့စ်တင်ပြီးနောက်မှာတော့ ဝမ်ယွီထုံ အိပ်ချင်လာ၍
ဖုန်းစခရင်ပိတ်ကာ အိပ်လိုက်တော့၏။
နောက်တစ်နေ့မှာတော့ ကလေးဖြည့်စွက်အစာအတွက် အသီးအနှံဥများကို ဝမ်ယွီထုံပြင်ဆင်လိုက်သည်။ ဖရုံသီး၊ ခါကျက်ဥ၊ အာလူး၊
မျောက်ဥ စသည်ဖြင့် တစ်ရက်လျှင် တစ်မျိုးပြီး တစ်မျိုး ရောကာ စမ်းကျွေးကြည့်ရန်ပြင်ထားလိုက်သည်။
စနစ် - " ကလေးကို စားစရာ အသစ်ကျွေးရင် တစ်မျိုးတည်းကို
အရင် ကျွေးကြည့်ပြီး ကလေးနဲ့ တည့်မတည့် စောင့်ကြည့်သင့်တယ် သုံးရက်လောက် စောင့်ကြည့်ပြီး
ဓာတ်မတည့်တာ မရှိဘူး ဆိုမှ တစ်ခြားတစ်မျိုး ပြန် စမ်းကျွေး သင့်တယ်"
ဝမ်ယွီထုံလည်း ပန်းကန်လုံးထဲက အဝါရောင် ဖရုံသိး
အနှစ်များကိုကြည့်ပြီး မေးစေ့ကိုပွတ်ကာ စနစ်က ပြောလိုက်သည့် အကြောင်းအရာများကို ထည့်
စဉ်းစားလိုက်သည်။
နောက် ဖရုံသီးအနှစ်ပန်းကန်ကို ကိုင်ရင်း မီးဖိုချောင်မှ
ထွက်လာလိုက်စဉ် အင်္ကျီလက်အနားစကို ခေါက်တင်ထားပြီး အင်္ဂလိပ်စီးပွားရေးမဂ္ဂဇင်းကို
ထမင်းစား စားပွဲမှာ ထိုင်ဖတ်နေသည့် ကျိုးကျီယွဲ့ကို တွေ့လိုက်ရသည်။
မနက်ခင်းနေရောင်၏အလင်းက ကျိုးကျီယွဲ့၏ ကျောဘက်မှ
ကျဆင်းနေကာ မျက်နှာပေါ်တွင် အမှောင်ရိပ်ကျနေပြီး သူ၏ပုံသဏ္ဍာန်က အေးစက်ကာ အထီးကျန်သည့်ပုံပေါက်နေ၏။
ဝမ်ယွီထုံတစ်ယောက် ဘယ်သူမှ သတိမထားမိခင် သူမ၏အဝတ်အစားကို
တစ်ချက်ပြန်ကြည့်လိုက်သည်။
'အင်းးးး မဆိုးဘူးထင်တာပဲ...'
အပြာနို့နှစ်ရောင် အပေါ်ဝတ်နှင့် စကတ်အတိုလေးက
သူမ၏ သွယ်လျဖြူဖွေးသည့်ပုံစံကို ပေါ်လွင်စေကာ လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်လောက်သည်။
"အစောကြီးပဲနော်" ဝမ်ယွီထုံ ကျိုးကျီယွဲ့ကို
ပြုံးပြရင်း ပြောလိုက်သည်။
ကျိုးကျီယွဲ့ ဝမ်ယွီထုံကို မျက်ခုံးပင့် လိုက်ကာ
အလိုက်သင့် ပြန်နှုတ်ဆက်လိုက်သည်။
"မောနင်းးး"
ဝမ်ယွီထုံလည်း ဖရုံသီး အနှစ်ပန်းကန်ကို စားပွဲပေါ်တင်လိုက်ပြီး
တွားသွားသည့်ဖျာပေါ်မှာ ဆော့နေသည့်ကျိုးရှောင်ယွီလေးကို ပွေ့ချီလိုက်ကာ ကလေးထမင်းစား
ထိုင်ခုံပေါ်ကို တင်လိုက်သည်။
ကျိုးရှောင်ယွီလည်း ကလေးထမင်းစားထိုင်ခုံပေါ်
ထိုင်ပြီး အစာစားရသည်ကို အနည်းငယ် ကျင့်သားရနေပြီဖြစ်သည်။ ငိုတော့မငိုပေမယ့် မျက်နှာကတော့
ကြေကွဲနေသည့်ပုံပေါက်နေ၏။
သူ့ပါးစပ်ထဲ
ထူးဆန်းသည့်အရသာရှိသည့် အရာကို အကျွေးခံလိုက်ရသည်နှင့် မျက်မှောင်ကြီးကြုံ့ကာ ပါးစပ်ကို
တင်းတင်း စေ့ထားတော့၏။
ဝမ်ယွီထုံကတော့ ဆီလီကွန်ဇွန်းလေးကို လေပေါ်မှာ
ဝဲပြရင်း "ရှောင်ယွီလေးရေ ကြည့်ပါဦးးး ဒီမှာ လေယာဉ်ပျံကြီးဝဲနေတယ် ဒီလေယာဉ်ပျံကြီးက
ဘယ်ကိုသွားမှာပါလိမ့်" ဟု ကလေးကို အာရုံလွဲလိုက်သည်။
ကျိုးရှောင်ယွီကတော့ သူ့အမေပြောသည့် လေယာဉ်ပျံ
ဆိုသည့်အရာကို မျက်လုံးပြူးကာလိုက်ကြည့်ရင်း သူ့ရှေ့က စားပွဲကို သူ့လက်ဖဝါးလေးနှင့် စိတ်လှုပ်ရှားစွာ ထုရိုက်နေသည်။
"မြန်မြန်လေး ပါးစပ်ဟ!!! လေယာဉ်ပျံကြီး ဝင်လာတော့မယ်
အာာာ"
ထိုသို့ ကလေးကို လိမ်ကျွေးလိုက်နိုင်ပြီးနောက်
ပါးစပ်ကို သုတ်ပေးလိုက်ပြီး ချီးကျူးပေးလိုက်သည်။
"ရှောင်ယွီလေးက အရမ်းတော်တာပဲ"
ကျိုးကျီယွဲ့ သူ့လက်ထဲမှ မဂ္ဂဇင်းကို ချလိုက်ပြီး
အမေနှင့်သား အတွဲကို တစ်ခဏကြည့်နေလိုက်သည်။
ကလေးကို ပန်းကန်တစ်ဝက်လောက်ကျွေးပြီး စဉ်မှာတော့
ဝမ်ယွီထုံတစ်ယောက် အောင်မြင်သွားသလို ခံစားလိုက်ရသည်။
နောက် ကျိုးကျီယွဲ့ကို လှမ်းကြည့်လိုက်ရင်း
"အမှန်တော့ မှန်ကန်တဲ့ နည်းလမ်းသိထားရင် ကလေးတွေကို အစာကျွေးရတာ မခက်ပါဘူး"
ဟု မျက်လုံးမှိတ်ပြကာ ပြောလိုက်သည်။
"အခုဆို ရှောင်ယွီလေးက ကျွန်မလေ့ကျင့်ပေးတဲ့
နည်းလမ်းတွေကြောင့် အစာ ကို အများကြီး စားတတ်နေပြီလေ"
"အင်းးး အမှန်ပါပဲ" ကျိုးကျီယွဲ မျက်ခုံးပင့်အနည်းငယ်ပင့်ကာ
ဝမ်ယွီထုံ၏ စကားကို ထောက်ခံပေးလိုက်သည်။
"ကလေးကို ပြုစုပျိုးထောင်ဖို့စိတ်ကူးရှိနေသ၍
ကလေးကို အစာကျွေးတာ လွယ်ကူပါတယ်" ဟု ကျိုးကျီယွဲ့က ဆက်ပြောလာသည်။
ဝမ်ယွီထုံ သူမရှေ့က အမျိုးသား၏ အကြည့်နှင့် အေးစက်မှုတွေကို
ခံစားမိပြီး အလိုလို ရင်ကော့လိုက်မိသည်။ နောက် ကျန်သည့် ပန်းကန်ထဲက ဖရုံသီးအနှစ်တစ်ဝက်
ကို ကျွေးရန်ပြင်လိုက်သည်။
ထိုစဉ် ကျိုးရှောင်ယွီသည် သူ့ပါးစပ်ကနေ ဘူးမှုတ်လိုက်လေသည်။
"ဘူးးးဘူးးး"
ကျိုးရှောင်ယွီ၏ ပါးစပ်ထဲမှ ဖရုံသီး အနှစ်များ
ဝမ်ယွီထုံ၏ မျက်နှာပေါ်ကို လာစင်လေသည်။
ဝမ်ယွီထုံ - "!!!"
သူမ လက်ဖြင့်မျက်နှာကို စမ်းလိုက်တော့ အဝါရောင်
ဖရုံသီးအနှစ်တွေကို စမ်းမိလိုက်သည်။ သူမ၏ မျက်လုံး နှုတ်ခမ်း ဆံပင်တွေမှာ ဖရုံသီးအနှစ်တွေ
ပေကျံကုန်ပြီဖြစ်သည်။
ဝမ်ယွီထုံ ရှောင်ယွီကို ကြည့်လိုက်ရာ ကလေးမျက်နှာ
တစ်ခုလုံးလည်း ဖရုံသီးအနှစ်တွေနဲ့ ပေပွနေတာကို မြင်လိုက်ရသည်။ ကြည့်ရတာ ရှောင်ယွီလေးက
ဖရုံသီး အနှစ်တွေကို မြိုမချပဲ မှုတ်ထုတ်ကာ ဆော့ကစားရင်း ပျော်နေပုံရသည်။
"ဘူးးးးး"
ရှောင်ယွီလေးက ဘူး မှုတ်ရင်း ပျော်နေပုံရကာ သူ၏
သွားမပါသည့်အပြုံးကို အားရပါးရပြုံးနေလေသည်။
"ကျိုး ! ရှောင် ! ယွီ ! ဘာလုပ်နေတာလဲ
!!" ဝမ်ယွီထုံ၏ စိတ်ဆိုးသည့်လေသံကြောင့်
ရှောင်ယွီလေးသည် အဝါရောင် မီနီယံအဖြစ်ပြောင်းသွားသည့် သူ့အမေကို ကြောင်ကြည့်နေမိသည်။
ချက်ချင်းပဲ သူ့လုပ်ပုံက အမေကို စိတ်ဆိုးစေမှန်း အလိုလို သိလိုက်ပြီး ထပ်မံ၍ ဘူးးးး
မမှုတ်တော့ပေ။
ကျိုးကျီယွဲ့က ဝမ်ယွီထုံကို တစ်ရှုး နှစ်ရွက်ကမ်းပေးလိုက်သည်။
ဝမ်ယွီထုံလည်း ရုပ်တည်ဖြင့် တစ်ရှုးကို လှမ်းယူလိုက်စဉ်
သူမပဲ အမြင်မှားတာလားမသိ။ ကျိုးကျီယွဲ့ နှုတ်ခမ်းတွေက ရီချင်သည့်ပုံပေါက်နေသည်ဟု ထင်လိုက်သည်။
သူမလည်း တစ်ရှုးနှင့် မျက်နှာကို အမြန်သုတ်လိုက်ပြီး
ရှောင်ယွီလေးကိုလည်း သုတ်ပေးလိုက်သည်။ နောက် ကျန်နေသေးသည့် ဖရုံသီး အနှစ်ပန်းကန်ဝက်ကို
လက်မလျော့ပဲ ဆက်ကျွေးလိုက်သည်။
ကျိုးရှောင်ယွီလည်း အဆူခံလိုက်ရ၍လားမသိ။ ဤတစ်ခေါက်တော့
ထူးဆန်းသည့်အရသာနှင့် ဖရုံသီး အနှစ်ကို လိမ်လိမ်မာမာ
စားပေးရှာသည်။
နောက်ဆုံး အလုတ်ကို ကျွေးပြီးနောက် ဝမ်ယွီထုံသည်
ကျိုးရှောင်ယွီကို ပွေ့ချီလိုက်ကာ နှစ်ယောက်သားသန့် ရှင်းရေး လုပ်ရန် ရေချိုးခန်းကို
အမြန်ပြေးသွားလိုက်သည်။
'ကလေးကို အစာကျွေးရတာ အရမ်းခက်တာပဲ။
ဘယ်သူက လွယ်တယ်ပြောပြီး အမြန်ထွက်ပြေးသွားတာပါလိမ့်။'
ကျိုးကျီယွဲ့လည်း သူ့လက်ထဲမှ မဂ္ဂဇင်းကို ချလိုက်ပြီး
အပူလျော့သွားသည့် ကော်ဖီခွက်ကို ကောက်ယူကာ တစ်ငုံသောက်လိုက်သည်။
"အားရှောင် ကော်ဖီယူဦးမလား" ဟု အိမ်တော်ထိန်းစန်က
မေးလိုက်သည်။
"တော်ပြီ"
ကျိုးကျီယွဲ့ သူ၏ သွယ်လျသော လက်ချောင်းများကို
ယှက်တင်လိုက်ပြီး ဆွဲဆောင်မှု ရှိသော အသံဖြင့် အိမ်တော်ထိန်းစန်ကို ထပ် ပြောလိုက်သည်။
"အခုလောလောဆယ် မစ်ဝမ်နဲ့ ရှောင်ယွီ ရဲ့ လတ်တလော
အခြေအနေလေးပြောပြပါဦး"
"ဟုတ်ကဲ့" အိမ်တော်ထိန်း စန်လည်း ကျိုးကျီယွဲ့
M နိုင်ငံကို သွားတုန်းက အိမ်မှာ ကျန်ခဲ့သည့် ဝမ်ယွီထုံနှင့် ကျိုးရှောင်ယွီ၏ အခြေအနေ
အလုံးစုံကို တင်ပြလိုက်သည်။
"မဒမ်က သခင်လေး အပေါ်မှာ တစ်ကယ်ကောင်းပါတယ်"
အိမ်တော်ထိန်းစန်က ဝမ်ယွီထုံကို ချီးကျူးလိုက်သည်။
"မဒမ် အကြောင်း အပြင်က သတင်းတွေက မမှန်လောက်ဘူးထင်ပါတယ်။
မဒမ်က ငယ်သေးပေမယ့် သခင်လေးကိုတော့ တစ်ကယ်ကို ဂရုစိုက်ပေးနေတာပါ။ကျွန်တော်ကြည့်ရသလောက်
သခင်လေးက ခန္ဓာကိုယ် ထွားလာပြီး အသားအရေတွေ စိုပြေလာတယ်။ နောက်ဉာဏ်ကောင်းပြီး ချစ်စရာလည်း
ကောင်းလာတယ်။အရမ်းလည်း ပြုံးရယ်တတ်လာတယ်"
ကျိုးကျီယွဲ့ သူ၏ မျက်လုံးနက်ကြီးများဖြင့် မနက်ခင်း၏
ခြံဝန်းအလှကို ငေးကြည့်နေမိသည်။ သူ၏အကြည့်တွေက စူးရှလှသည်။ နောက် စားပွဲကို လက်ချောင်းများဖြင့်
ခေါက်နေကာ သူ၏ လက်ချောင်းပေါ်က စိန်လက်စွပ်က အလင်းရောင်ပြန်ထနေသည်။
အတော်လေးကြာမှ ကျိုးကျီယွဲ့ မျက်လွှာပြန်ချလိုက်သည်။
"ဆက်စောင့်ကြည့်နေပြီး ကျွန်တော်ကို ပြန်တင်ပြပါ"
"ဟုတ်ကဲ့ " အိမ်တော်ထိန်း စန် ဦးညွတ်ကာ
ပြောလိုက်သည်။