အပိုင်း ၈
Viewers 284

အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး

 

အပိုင်း ၈

 

 

အောက်တိုဘာလ ဆောင်းဦးအချိန် အခါသမယမှာတော့ လေအေးတွေ တိုက်ခတ်နေကာ လခြမ်းလေးကလည်း ကောင်းကင်ယံဝယ်  ချိတ်ဆွဲနေသည်။

 

 

ညနေစာ စားပြီးနောက် ကျိုးရှောင်ယွီလေးသည် ဧည့်ခန်းထဲက သူ၏တွားသွားကူရှင် ပေါ်ဝယ် ဆော့ကစားနေ၏။ ညနေခင်းတုန်းက နာရီဝက်လောက်အိပ်ထား၍ ကလေးက အားအင်ပြည့်နှင့် ဒရမ်အရုပ်ကို ထုရိုက်ကာ ဆော့နေသည်။

 

 

ရှောင်ယွီလေး၏ လက်သေးသေးလေးတွေက ဒရမ်ကို စည်းချက်အလိုက် ထုရိုက်ကာ ထွက်လာသည့်အသံကို နားထောင်ရင်း ပြုံးပျော်နေ၏။

 

 

ကျိုးရှောင်ယွီအတွက်တော့ အရုပ်အဟောင်းတွေကို ဆော့လေ့မရှိပဲ အရုပ်အသစ်တွေနဲ့သာ ဆော့လေ့ရှိ၏။ အခုဆော့နေသည့် ဒရမ်အရုပ်ကလည်း လတ်တလော သူ၏ အကြိုက်ဆုံးအရုပ်ဖြစ်နေကာ တစ်ပတ်လုံးလုံး မညဉ်းငွေ့ပဲ ဆော့နေလေသည်။

 

 

ဝမ်ယွီထုံလည်း ဆော့နေသည့်ကျိုးရှောင်ယွီကို ခေါင်းကလေးပုတ်လိုက်ကာ "မေမေ အိမ်သာ ခဏသွားလိုက်ဦးမယ်နော် တစ်ယောက်တည်း ခဏဆော့နေနော်" ဟုပြောကာ ဖုန်းကို ဆိုဖာပေါ် ချပြီး သန့်စင်ခန်းကို သွားလိုက်သည်။

 

 

သူမသန့်စင်ခန်းက ပြန်လာတော့ ချစ်စရာဘောလုံးလေးက ဖုန်းတင်ထားသည့် ဆိုဖာပေါ် တွယ်တက်နေကာ သူ့လက် သေးသေးလေးဖြင့် ဖုန်းကို လှမ်းယူနေသည်ကို မြင်လိုက်ရသည်။

 

 

ဝမ်ယွီထုံလည်း ရှောင်ယွီလေး၏ အမူအရာကို ကြည့်ပြီး သဘောကျမိ၍ မလှမ်းမကမ်းကနေ တိတ်တဆိတ် စောင့်ကြည့်နေ၏။

 

 

စနစ် - " ဒါ တိုးတက်လာတဲ့ ဖြစ်စဉ်ပဲ ရှောင်ယွီလေးက တွယ်တက် ဖို့သင်ယူနေတာ"

 

 

ကြောင်ရုပ်ဖုန်းကာဗာ တပ်ထားသည့် ဖုန်းကို

ကျိုးရှောင်ယွီတစ်ယောက် တောက်ပသည့်မျက်လုံးများဖြင့်ကြည့်ကာ လက်နှစ်ဖက်နှင့် ကောက်ကိုင်လိုက်သည်။ နောက် ဖုန်းစခရင်ကို လက်ဖြင့် ထိလိုက်သည်။

 

 

'ဒါက မေမေ့အကြိုက်ဆုံး ကစားစရာ "လက်ကြက်" ဆိုတဲ့ အရုပ်ပဲ!

 

မေမေက ဒီအရုပ်ကို အမြဲတမ်းကိုင်ထားတာ အခု မေမေ မရှိတုန်း ဆော့ကြည့်ရမယ်!'

 

 

*တရုတ်လို ဖုန်း (Shouji) အသံထွက် နှင့် လက်ကြက်(Shou ji) အသံထွက်တူသည်။

 

 

ထိုသို့တွေးပြီး ဖုန်းကို ကိုင်ကာ လှဲ လိုက်သည်။  ဖုန်းစခရင်က ပြန်လင်းလာ၍ စူးစမ်းနေစဉ် ရုတ်တရက် သူ့လက်မှ ချော်ထွက်သွား၏။

"ဘန်းးး"

 

 

ဖုန်းက ကလေး၏ မျက်နှာပေါ်ပြုတ်ကျကာ ဖြူနုနေသည့်အသားအရေလေးက ချက်ချင်းနီရဲ သွား၏။

 

 

"ဝါးးးဝါးးးး" ကျိုးရှောင်ယွီတစ်ယောက် ရင်ကွဲမတတ် ငိုမိသည်။

 

 

'အရမ်းနာတာပဲ !!'

 

 

ဝမ်ယွီထုံ မြန်မြန်ပြေးလာကာ စိတ်ရှုပ်ကာငိုယိုနေသည့် ကလေးကို ကောက်ချီလိုက်သည်။ ကျိုးရှောင်ယွီ ပါးပေါ်မှာလဲ ပုတီးလုံးအရွယ် မျက်ရည်တွေ ဖြိုင်ဖြိုင်ကျနေကာ မျက်နှာနှင့် နှာခေါင်းက နီရဲနေပုံက သနားစရာ ကောင်းလှသည်။

 

 

"အို့ ကလေးလေး မျက်နှာက ဖုန်းပြုတ်ကျပြီး နီသွားပြီးလားး တို့ရှောင်ယွီလေးက သန်မာလိုက်တာ"

 

 

ဝမ်ယွီထုံ ကျိုးရှောင်ယွီကို ပွေ့ထားလိုက်ပြီး ချော့လိုက်သည်။ ဖုန်းပြုတ်ကျသည့်ဒဏ်က အတော်လေးပြင်းသည့်ပုံပေါက်သည်။ အကြာကြီး ချော့တာတောင် ငိုနေတုန်း ဖြစ်သည်။

 

 

ဒီလိုနဲ့ ကျိုးရှောင်ယွီကို အိမ်အပြင် လမ်းလျှောက် ခေါ်သွားလိုက်သည်။

 

 

လွန်ခဲ့သည့်နှစ်ရက်အတွင်း အပူချိန်က သိသိသာသာ ကျဆင်းလာကာ ဆောင်းဦးလေညှင်းးတွေက ခြံဝင်းအတွင်း တိုက်ခတ်နေ၍ အတော်လေး အေးနေသည်။

 

 

ဝမ်ယွီထုံလည်း ရှိုက်ကြီးတငင် ငိုနေသေးသည့် ကလေးကို အာရုံပြောင်းရန် ခြံဝန်းထဲက ထင်းရှုးပင်တွေကို လိုက်ပြလိုက်သည်။

 

 

စနစ် - "သတိပေးချက် - ရှောင်ယွီလေးက ဒီအပတ်ထဲမှာ ၇လပြည့်ပါတော့မယ်။ ၇လသား ကလေးတွေက တွားသွားတတ်ဖို့ စသင်လို့ရပါပြီ။ ဒါကြောင့် ကလေးကို ခဏခဏ ပွေ့ချီတာမျိုးမလုပ်ပဲ အောက်မှာ ချထားသင့်ပါတယ်။ နောက် ကလေးနဲ့ အပြန်အလှန် ဂိမ်းလေးတွေ ကစားပေးပြီး ကလေးရဲ့ လှုပ်ရှားမှုတွေ တိုးတက်လာအောင် လုပ်ပေးရပါမယ်"

 

 

ဝမ်ယွီထုံ ကလေးကို ချော့ရင်း စနစ်က ရုတ်တရက် ပြသည့် ရုပ်ပြပုံတွေကို ကြည့်လိုက်သည်။

 

 

[ ၇လသားကလေးများအတွက် ကစားနည်းများစုစည်းမှု - ကလေး၏ ကိုယ်လက်လှုပ်ရှားမြှ တိုးတက်ရေးကစားနည်း၊ အာရုံခံစနစ်ကောင်းစေရန် လေ့ကျင့်ပေးခြင်း၊ အမြင်အာရုံ အကြားအာရုံနှင့် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာစေခြင်းကစားနည်းများ]

 

 

 [မှောက်ပြီးရင် တွားသွားမယ် ရုပ်ပြပုံ - ငါ့ကစားစရာအရုပ်လေးက အဝေးကြီးမှာပဲ။ ဒါပေမယ့် ကိစ္စမရှိပါဘူး ငါကိုယ်တိုင်တွားသွားပြီး ရအောင်ယူမယ်]

 

 

[ပျော်ရွှင်စွာ ကစားခြင်းရုပ်ပုံ - ကလေးငယ်လေးက ရေထဲမှာ ခြေကန်ပြီး ဆော့ကစားနေသည်။"မေမေ သားခြေထောက်တွေက အားကြီးလိုက်တာနော်"]

 

 

[ဂေါ်ဖီထုပ်များ ဆုပ်ဖြဲခြင်းရုပ်ပုံ - သား အိမ်အလုပ်တွေ ကူလုပ်ပေးမယ်။ ဂေါ်ဖီရွက်တွေ ဆုတ်ပေးမယ် ]

 

 

[ရေထဲ ကလေးနှင့်အတူ ဆော့ကစားခြင်းရုပ်ပုံ - မေမေက သားသားကိုကိုင်ထားပြီး ရေထဲ ရှေ့နောက် လူးလိမ့်ဆော့ရတာ ပင်လယ်ဓားပြသင်္ဘောနဲ့တူတယ်နော်]

 

 

[လွန်ဆွဲပွဲ ရုပ်ပုံ - မေမေက သားဆီက ပိုးပုဝါကို လုယူချင်တာလား?မရပါဘူးနော်]

 

 

ဝမ်ယွီထုံ စနစ်က ပြသည့် ရုပ်ပုံနှင့် စာကို သေချာဖတ်နေစဉ် သူမအနောက်ဘက်မှ ခြေသံ နီးကပ်လာသံကိုကြားလိုက်ရသည်။

 

 

နောက် အမျိုးသားတစ်ဦး၏ အသံ ဩဩကို ကြားလိုက်ရသည်။" ကလေးက ဘာလို့ ငိုနေတာလဲ"

 

 

ဝမ်ယွီထုံ လှည့်ကြည့်လိုက်ရာ ကုမ္ပဏီကနေ ပြန်လာသည့် ကျိုးကျီယွဲ့ကို မြင်လိုက်ရ၍ သူမ မျက်လုံး ပင် အရောင် တောက်သွားသည်။ ကျိုးကျီယွဲ့သည် အနက်ရောင် ဝတ်စုံကို ဝတ်ထားပြီး အရပ်ရှည်လျားသည့်ဟန်ပန်က  ခြံဝန်းထဲမှာ ရပ်နေတာတောင် အရာရာကို လွှမ်းမိုးသည့် ဟန်ပေါက်နေသည်။

 

 

"ရှင့်ခြေထောက်က ကောင်းသွားပြီလားး ဝှီးချဲ မလိုတော့ဘူးလား"

 

 

'ကျိုးကျီယွဲ့က အရပ်အရမ်းရှည်တာပဲ! '

သူမအရပ် ၅ပေ၆လက်မ ရှိတာတောင် လည်ပင်းကို မော့ကာ စကားပြောနေရသေးသည်။

 

 

စနစ် - "ကျိုးကျီယွဲ့က အရပ် ၆ပေ၂လက်မရှိတယ်။ကျိုးရှောင်ယွီကြီးလာရင် အရပ်က ၆ပေ၁လက်မရှိလာမယ်။ အဖေက ပိုအရပ်ရှည်တယ်"

 

 

ကျိုးကျီယွဲ့၏ ခြေထောက်က ကောင်းသွားပြီဖြစ်သည်။

သူ့ရှေ့က လူကြီးနှင့် လူကလေးကို မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။

 

 

ကျိုးရှောင်ယွီ၏ မျက်လုံးတွေက နီရဲပြီးမို့နေကာ ဝမ်ယွီထုံကို ကြေကွဲသည့်ဟန်ဖြင့် ဖက်ထားလေပုံက တော်တော်ကြာ ငိုထားသည့်ဟန်ရှိသည်။

 

 

နောက်ပြီး ဝမ်ယွီထုံလည်း အိမ်ခန်းထဲကနေ ရုတ်တရက်ထွက်လာခဲ့ရ၍ သူမ၏ အဝတ်အစားတွေက ပါးလွှာနေသည်ကို မြင်လိုက်ရ၍ သူ၏အေးစက်သည့်မျက်ဝန်းတွေက မြူအနည်းငယ် ဆိုင်းသွားဟည်။

 

 

"အိမ်ထဲ ပြန်ဝင်တော့ " ဟု ဝမ်ယွီထုံကို ပြောလိုက်ပြီးကျိုးရှောင်ယွီဘက် လက်လှမ်းလိုက်ကာ မျက်နှာကို အနူးညံ့ဆုံး ထားလိုက်သည်။

 

 

"ဖေဖေနဲ့ ဖက်မလား"  သို့သော် သူ၏ မျက်နှာ အနေအထားက အေးစက်ကာ တင်းမာနေဆဲဖြစ်သည်။

 

 

ကျိုးရှောင်ယွီက အင်တင်တင်ဖြစ်နေသည်။ လွန်ခဲ့သည့်ရက်များအတွင်း ကျိုးကျီယွဲ့ကို ခဏခဏ မြင်နေရ၍ မျက်နှာကို ရင်းနှီးနေပြီ ဖြစ်သည်။ သို့သော် ဒီဖေဖေ ရဲ့ မျက်နှာက ကြောက်စရာကြီးဟု တွေးနေဆဲ ဖြစ်ကာ မသွားရဲ ဖြစ်နေ၏။

 

 

ကျိုးရှောင်ယွီ ဝမ်ယွီထုံဘက် ပိုတိုးသွားကာ လက်နှစ်ဖက်လုံးဖြင့် သူမအဝတ်တွေကို ဆုပ်ကိုင်လာသည်။နောက် သူ့ကို ဖက်ဖို့ ကြိုးစားနေသည့် အဖေဖြစ်သူကို သတိရှိရှိဖြင့် ကြည့်နေလိုက်သည်။

 

 

ရှောင်ယွီလေးက မာနကြီးပြီး သီးသန့်ဆန်သည့် ဤလူကြီးကို ကြောက်နေသေးမှန်း ဝမ်ယွီထုံ သတိထားလိုက်မိသည်။

 

 

ကျိုးကျီယွဲ့က ဤကဲ့သို့လူမျိုးဖြစ်သည်။ ကလေးတွေက သူ့ကို ချစ်ခင်နေမှသာ ထူးဆန်းနေလိမ့်မည်။

 

 

သို့သော် ဝမ်ယွီထုံက ကလေးကို နူးနူးညံ့ညံ့ ချော့မော့လိုက်သည်။ "ဟုတ်ပါပြီ ဒါက ဖေဖေလေ ကျားကြီးမှ မဟုတ်တာ ကြောက်စရာမလိုဘူးနော်"

 

 

ကျိုးရှောင်ယွီကတော့ မျက်နှာတစ်ဖက်လှည့်လိုက်ပြီး ကျိုးကျီယွဲ့ကို လှည့်၍ပင် မကြည့်တော့ပေ။

 

 

'ဒီ ဖေဖေက ကျားထက် ပိုကြောက်စရာကောင်းတယ်!!'

 

 

ဝမ်ယွီထုံလာ်း ကူကယ်ရာ မဲ့သည့်ပုံဖြင့် ကျိုးကျီယွဲ့ကို ကြည့်လိုက်ပြီး ကလေးကို ချီကာ အိမ်ထဲ ပြန်ဝင်သွားသည်။

 

 

သူမ အိမ်ထဲ ပြန်ဝင်လာတုန်းက ခြံဝင်းထဲမှာ လေသိပ်မတိုက်တော့မှန်း ခံစားလိုက်ရသည်။

 

 

သူမ မျက်လုံး ထောင့်ကနေ အမျိုးသား စတိုင်ပန့် အသားစကို မြင်လိုက်ရ၍ ကျိုးကျီယွဲ့က သူမတို့နောက်မှ ကပ်လိုက်လာကြောင်း သိလိုက်သည်။ ရှည်လျားသည့် သူ့အရပ်က ညနေခင်း၏ ဆောင်းဦးလေအေးတွေကိုပင် ကာကွယ်နိုင်လေသည်။

 

 

ဝမ်ယွီထုံ ခြေလှမ်း အနည်းငယ် နှေးလိုက်ကာ နောက်လှည့်ပြီး မေးလိုက်သည်။ "ရှင် ညစာ စားပြီးပြီလား"

 

 

ကျိုးကျီယွဲ့က လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားကာ ဝမ်ယွီထုံကို ဖျတ်ကနဲ့ကြည့်ကာ ပြန်ဖြေလိုက်သည်။ "အခုထိ မစားရသေးဘူး"

 

 

"အို ရှင်အရင်က ဒီလောက် ညစာ နောက်မကျဖူးပါဘူးး ဘာလို့ စောစော မစားလိုက်တာလဲ။ ကျွန်မ စားဖိုမှုးကို ဟင်းနှစ်မျိုးလောက် ချက်ခိုင်းလိုက်ရမလား"

 

 

ဝမ်ယွီထုံသည် ကျိုးကျီယွဲ့ကို ပြန်ဖြေလိုက်ရင်း အနှီအမျိုးသားကို ဘော်ဒါတွေလိုမျိုး လက်မောင်းကို ပုတ်လိုက်သည်။ သို့သော် အနေအထားက လွဲ့သွားကာ အနှီအမျိုးသား၏ ရင်ဘတ်ကို ပုတ်လိုက်မိသွားသည်။

 

 

သူမ လက်ချောင်းနှင့် ရင်ဘတ် ထိမိပုံက တော်သင့်ရုံသာ ဖြစ်သော်လည်း  သူမလက်ကို ချက်ချင်းမရုတ်လိုက်မိပေ။

 

 

တစ်ဖက်လူက ရုတ်တရက် ရင်ဘတ်ကြွက်သားတွေ တောင့်လာတော့မှ ဝမ်ယွီထုံလည်း သူမ ဘာလုပ်လိုက်မိမှန်း သတိထားမိတော့၏။ ကျိုးကျီယွဲ့နှင့် မျက်လုံးချင်းပင် မဆိုင်ရဲတော့ပဲသူမမျက်နှာ နီရဲလာပြီး အိမ်ထဲကို လေဟုန်အလား ပြေးဝင်သွားတော့သည်။

 

 

'အားးးးးး သူ ငါ့ကို နှာဘူးမလို့တော့ ထင်မသွားပါဘူးနော်! ဟုတ်တယ်မလားး?'

 

 

သူမလက်ထဲက ကလေးလေးကတော့ သူ့အမေကိုကြည့်ကာ အတွေးများနေ၏။

 

 

"အာဂူးးးး.."

 

 

သူလက်သေးသေးလေးဖြင့် သူ့အမေ၏ပုခုံးကို ပုတ်ပေးလိုက်သည်။ 'ဘာလို့ မေမေ့ မျက်နှာက နီနေရတာလဲ?

မေမေ မျက်နှာပေါ်ကို လည်း "လက်ကြက်" ပြုတ်ကျလို့လား?'

 

 

ညဆယ်နာရီလောက်တွင် ကျိုးရှောင်ယွီလေးသည် သူ၏ ကုတင်ပေါ်ဝယ် အေးချမ်းစွာအိပ်ပျော်နေ၏။ ထိုစဉ် ဝမ်ယွီထုံကတော့ မျက်နှာမတ် ကပ်ရင်း ဖုန်းကြည့်နေသည်။

 

 

သူမ အစ်ကို အစ်မ တွေနဲ့ ဖွဲ့ ထားသည့် လက်ဖက်ရည်သောက်ကြမယ် စကားပြောခန်းတွင် လွန်ခဲ့သည့်တစ်နာရီခန့်က ဝမ်ချူးယွဲ့  ဟော်လိုဝင်းပါတီ ဖိတ်ကြားလွှာပို့ထားသည်ကို မြင်လိုက်ရသည်။

 

 

[ဝမ်ချူးယွဲ့ - ဟော်လိုဝင်းပါတီ တူတူသွားမလား ?]

 

 

ဝမ်ယွီထုံ တစ်ယောက် သူမ၏ လူချမ်းသာ အသိုင်းအဝိုင်းပွဲတွေမှာ  မပါဝင်တော့တာ နှစ်ဝက်ခန့်ရှိပြီဖြစ်သည်။ သူမ စေ့စပ်ပွဲပျက်ပြီးကတည်းက သူမ အရင်က သူငယ်ချင်းတွေအားလုံးနှင့် အဆက်အသွယ်ဖြတ်ကာ ခပ်တန်းတန်းဖြစ်သွားသည်။

 

 

ထို့ကြောင့်မူရင်းဝတ္ထုထဲက ဝမ်ယွီထုံသည် ဘယ်သူနဲ့မှလဲ မတွေ့ကာ တစ်နေ့လုံး အိမ်ထဲမှာ တစ်ယောက်တည်းနေနေခဲ့တာဖြစ်သည်။

 

 

နောင်ပိုင်းသူမဆီ ဘယ် ပါတီ ဖိတ်ကြားလွှာမှ ရောက်မလာတော့ပေ။ သို့သော် သူမ အစ်မ ဝမ်ချူးယွဲ့ ဆီတော့ပို့ကာ ညီမကိုလည်း ခေါ်ခဲ့ရန် ပြောတတ်ကြသည်။

 

 

ဝမ်ချူးယွဲ့ကလည်း သူမ ညီမကို လူမှု အပေါင်းအသင်းထဲ ပိုပြီး ဝင်ဆံ့စေချင်စည်။

 

 

[ဝမ်ယွီထုံ - အစ်ကို ကြီးကော သွားမှာလား? ]

 

 

[ ဝမ်ယန်ချဲ - မသွားဘူး ]

 

 

ဝမ်ယန်ချဲက ကုမ္ပဏီစီမံခန့်ခွဲရေးကိစ္စတွေ နှင့် အမြဲလိုလို အလုပ်ရှုပ်နေရသူဖြစ်သည်။ ထို့အပြင် အသက်ကလည်း ၂၉ ရှိပြီဖြစ်ရာ မိသားစု ဝန်ထုပ်ဝန်ပိုးတာဝန်မယူရသေးသည့် လူငယ်များနှင့်အတူ မပျော်ပါးနိုင်တော့ပေ။

 

 

ဝမ်ယွီထုံလည်း ပါတီ ဖိတ်ကြားစာလင့် ကို နှိပ်ကြည့်လိုက်တော့ သွမ့်ကျား မှာ ကျင်းပမည့် ဟော်လိုဝင်း ပါတီပွဲ ဖြစ်နေရာ အလွန်စိတ်ဝင်စားစရာကောင်းလှသည်။

 

 

[ဝမ်ယွီထုံ - ဟုတ်ပြီ အစ်မ! ညီမလေး အစ်မ နဲ့ အတူ လိုက်ခဲ့မယ်။ ဒါနဲ့ ဟော်လိုဝင်းပါတီကို ကလေး ခေါ်လာလို့ရလားဟင်?]

 

 

[ဝမ်ချူးယွဲ့ - ???နင် တစ်ကယ်ကြီး မေးနေတာလား??]

 

 

[ ဝမ်ယန်ချဲ - ကလေးတော့ ခေါ်မသွားပါနဲ့ ]

 

 

[ ဝမ်ယွီထုံ - စတာပဲ ခေါ်မသွားပါဘူး 😜🤪]

 

 

နောက် ညီအစ်မ နှစ်ယောက်သည် စနေနေ့ မှာ ဟော်လိုဝင်း ဝတ်စုံ ဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။

 

 

[ဝမ်ယွီထုံ - ကလေးအတွက်လည်း ဝယ်လို့ရတယ် မလား? အာ့ဝော့ာ ရှောင်ယွီ လေးကို သူ့အဒေါ်နဲ့ တွေ့ရအောင် ခေါ်ခဲ့လိုက်မယ်နော်]

 

 

[ ဝမ်ချူးယွဲ့ - လုပ်ချင်သလိုသာ လုပ်ပါတော့အေ]

 

 

စနေနေ့ ရောက်တော့ ဝမ်ယွီထုံသည် ကလေးနှင့်အတူ အိမ်အပြင် ထွက်လာလိုက်သည်။ သူမ၏ နာမည်ကြီးသည့် အစ်မနှင့် ပထမဆုံး တွေ့ရမည်ဖြစ်၍ စိတ်လှုပ်ရှားနေမိသည်။

 

 

ဝမ်ချူးယွဲ့ နှင့် ဝမ်ယွီထုံက နှစ်နှစ်ကွာသည့် ညီအစ်မ ဖြစ်သော်လည်း ရုပ်ဆင်ကြသည်။ သို့သော် စိတ်နေသဘောထားချင်းက တော့ ကွဲပြားကြသည်။ ဝမ်ချူးယွဲ့သည် နီညိုရောင် အဆံပင်အတို အဖြောင့်၊ ကိုယ်ကျပ်စကပ်နှင့် ဒေါက်မြင့်စီးထားရာ ထက်မြက်ပြီး သီးသန့်ဆန်သည့်ပုံပေါက်နေသည်။

 

 

ဝမ်ယွီထုံဘက်ကတော့ ပါးချိုင့်လေးနှင့် ရယ်လိုက်လျှင် တွန့်ကွေးသွားသည့် မျက်ခုံးမွှေးများက  ချိုသာပြီး တက်ကြွသည့် မိန်းမဆန်သည့်ပုံပေါက်နေသည်။

 

 

"အစ်မ !!" ဝမ်ယွီထုံ သူ့အစ်မကို လက်လှမ်းပြလိုက်ပြီး ကျိုးရှောင်ယွီကို တွန်းလှည်း ထဲက ချီလိုက်သည်။

"ရှောင်ယွီ.. အန်တီလို့ခေါ်နော်"

 

 

ဝမ်ချူးယွဲ့သည် အိမ်ထောင်ပြုပြီး ကလေးမွေး ကလေးထိန်းရမှာကို အလွန်ကြောက်ရွံ့သူဖြစ်သောကြောင့် ကျိုးရှောင်ယွီလေး သူ့နား ကပ်လာတော့ မျက်မှောင်ကြုံ့ပြီး နောက်ကို အသာ ဆုတ်လိုက်မိသည်။

 

 

ကျိုးရှောင်ယွီကတော့ ဒီအန်တီ အား အလွန် သဘောကျနေကာ အရည်ရွန်းလဲ့သည့်မျက်ဝန်းကြီးများဖြင့်ကြည့်နေပြီး သူ၏ လက်သေးသေးးကို ဝေ့ရမ်းကာ နှုတ်ဆက်လိုက်သည်။ "အာ ဂူးးးဂူးးး'

 

 

ဝမ်ယွီထုံ ကလေး၏ အပြုအမူကြောင့် ပြုံးမိသွားသည်။ "ရှောင်ယွီ..သားက သားအဖေကျ ကြောက်ပြီး လှတဲ့ အန်တီတွေကျ သဘောကျတယ်ပေါ့ ဟုတ်လားး?"

 

 

ကျိုးရှောင်ယွီကတော့ ဤလှပသည့် အန်တီ၏ မျက်နှာအား စိတ်ဝင်တစားနှင့် စိုက်ကြည့်ကာ ပြုံးပြလိုက်သည်။ ဝမ်ချူးယွဲ့လည်း ဘာလုပ်ရမှန်းမသိ ပြန် ပြုံးပြကာ နှုတ်ဆက် လိုက်သည်။ "ဟယ်လို ကလေးလေးရေ"

 

 

ဝမ်ယွီထုံက ကျိုးရှောင်ယွီ၏ မျက်နှာအမူအရာကို သေချာကြည့်ကာ သူ့အစ်မကို ပြောလိုက်သည်။ "အစ်မ.. ရှောင်ယွီလေးက အစ်မကို သဘောကျနေတာပဲ အစ်မ ကလေးကို ချီကြည့်မလားး"

 

 

"တော်ပြီ ငါ ကလေး ဘယ်လိုချီရမလဲ မသိဘူး"

 

 

ဝမ်ချူးယွဲ့ ခေါင်းနပမ်းကြီးသွားကာ အတင်းငြင်းလိုက်ပြီး နောက် အဝတ်အစားဆိုင်ထဲ အမြန်ဝင်သွားသည်။

 

 

ဝမ်ယွီထုံ ရှောင်ယွီလေး၏ နား နားကပ်ကာ ပြောလိုက်သည်။ "ကြည့်ရတာ အန်တီလှလှလေးက သားကို စိမ်းနေသေးတဲ့ ပုံပဲ။နောက်ပိုင်း သားလိမ္မာ တာကို တွေ့ရင် သားကို ချီရင် ချီမှာ"

 

 

ကျိုးရှောင်ယွီက နားလည်သယောင်နှင့် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ကြည့်နေသည်။

 

 

နာမည်ကြီး အဝတ်အစားဆိုင်က အထပ်သုံးထပ်ရှိကာ အဝတ်အစား မျိုးစုံ ဆံပင်တုမျိုးစုံ နှင့် ပွဲတက်ဝတ်စုံများစွာကို ပြသထားသည်။

 

 

အဝတ်အထည်အားလုံးက အရည်အသွေးကောင်းပြီး ဈေးကြီးလှသည်။ မြို့တော်Aက လူချမ်းသာ ကလေးများ၏ ပွဲတက်ဝတ်စုံများ ရောင်ချပေးသည့် နာမည်ကြီးသည့် ဆိုင်လည်း ဖြစ်သည်။

 

 

ဝမ်ယွီထုံ ဟော်လိုဝင်းဝတ်စုံများ ချိတ်ထားသည့်တန်းမှ  သီလရှင်ဝတ်စုံ၊ နတ်ဆိုး ဝတ်စုံ၊ ဗန်ပိုင်းယား ဝတ်စုံနှင့် နတ်သမီး ဝတ်စုံတို့ကို ယူလိုက်ကာ အစမ်းဝတ်မည့်အခန်းထဲ သွားလိုက်သည်။ ထို့နောက် အစမ်းဝတ်အခန်းထဲ မဝင်ခင် ဆိုဖာပေါ်ထိုင်နေသည့် သူ့အစ်မ ဝမ်ချူးယွဲ့ကို ပြောလိုက်သည်။

 

 

"အစ်မရေ ကလေးကို ခဏလောက်ကြည့်ပေးပါဦး ဆယ်မိနစ်လောက်ပါပဲ" ဝမ်ချူးယွဲ့လည်း သူ့လက်ထဲ ရောက်လာသည့် ကောင်ညှင်းလုံးလေးကိုကြည့်ကာ နှုတ်ခမ်းကို စေ့ထားလိုက်သည်။

 

 

ကျိုးရှောင်ယွီကတော့ သူ့လက်တွေ ဟိုဒီရမ်းဆော့မနေပဲ အန်တီလှလှ၏ ပေါင်ပေါ်မှာ လိမ်လိမ်မာမာ ထိုင်နေရှာသည်။ ထို့နောက် ခေါင်းကို မော့ကာ အန်တီလှလှ၏ မျက်နှာကို ကြည့်လိုက်သည်။

 

 

"ကူးးးးဂူးးးး.." စပျစ်သီးလို လုံးဝန်းနေသည့်မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး သွားမပေါ်သည့်အပြုံးလေး ပြုံးပြကာ သူ၏ ချစ်စရာကောင်းမှုကို ပြလိုက်သည်။