အပိုင်း ၁၀
Viewers 285

အမျိုးသားဇာတ်လိုက်၏ သူကြွယ်မေမေလေး

 

အပိုင်း ၁၀

 

 

 

"သူနဲ့ တွဲကတော့ Hot Search ထဲ ထပ် မရောက်သွားနိုင်ဘူးလား"ဟု ဝမ်ယွီထုံ စိတ်ပူသွားကာမေးလိုက်သည်။

 

 

စနစ် - " မရောက်ပါဘူး မစိုးရိမ်ပါနဲ့။ ဒီညပါတီ တက်ခွင့်ရတဲ့ သူတွေက အတွင်းလူတွေချည်းပဲ အပြင်လူ ပါပါရာဇီ သတင်းသမားတွေ ဝင်ခွင့်မပေးဘူး"

 

 

ဝမ်ယွီထုံလည်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ နောက် ဘေးဘီကိုကြည့်လိုက်တော့ သူမ၏ ရာဇဝင်တွင်မည့် Ex ကို လူအုပ်တစ်ဖက်တွင် တွေ့လိုက်ရသည်။ စုဟန်က သူ့လက်ထဲက ကတ်ကို သူမထံ မြောက်ပြကာ သူမနှင့် တွဲကရမည့်ကိစ္စ သူလည်း သိသွားပြီဖြစ်ကြောင်း စိတ်ပျက်သည့်ဟန်ဖြင့် အချက်ပြနေ၏။

 

 

ဝမ်ယွီထုံ မျက်မှောင်ကြုံ့ကာ စုဟန်ကို ကြည့်လိုက်သည်။

 

 

ချောတာတော့ အတော်လေးကို ချောပါတယ်...

ရုပ်ရည်က ပန်းပုထွင်းထားသလို ကြည့်ကောင်းလှကာ မိန်းကလေးတိုင်း ကြိုက်နှစ်သက်သည့် ပျိုမျစ်သော လူရွယ်ကဲ့သို့ ခံစားချက်ကို ပေးနေ၏။

 

 

ဒါပေမယ့် သူမကတော့ ဒီတစ်ယောက်ကို လုံးဝ စိတ်မဝင်စားပေ။

 

 

ကျိုးကျီယွဲ့၏ ဖန်သားကဲ့သို့ကြည်လင်နေသော မီးခိုးနက်ရောင်မျက်ဝန်းများ သူမစိတ်ထဲ ပေါ်လာသည်။ကျိုးကျီယွဲ့၏ သာမန်အကြည့်လေးကပင် တစ်ဖက်လူကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့ ခံစားချက်ကို ပေးစွမ်းနိုင်လေသည်။

 

 

တစ်ချို့အမျိုးသားတွေက သာမန်ကဲ့သို့သာ ဖြစ်သော်လည်း တစ်ချို့ကတော့ နှင်းဖုန်းနေတဲ့တောင်က ဝင်္ကဘာလိုမျိုး ရှာဖွေစူးစမ်းချင်သည့် ထူးခြားဆန်းကြယ်မှုကို ပေးစွမ်းကြသည်။

 

 

"မင်း တမင်လုပ်တာမလား" စုဟန် ဝမ်ယွီထုံဆီ တည့်တည့်လျှောက်လာကာ သူမကို အထင်သေးသည့်ပုံဖြင့် နှာခေါင်းရှုံ့ကာ မေးလိုက်သည်။

 

 

"မင်းဂိမ်းစည်းကမ်းတွေကို ကြိုသိနေပြီး ငါနဲ့ တူတဲ့ ကတ်ကို ယူထားတာမလား"

 

 

ဝမ်ယွီထုံ - "???"

 

 

ဝမ်ယွီထုံ ‌ဆွံ့အသွားသည်။ ထို့နောက် ဒေါသကြောင့်မျက်နှာပင် ဖြူလာကာ ဘာပြန်ပြောရမှန်းပင် မသိတော့ချေ။ 'ဒီ အတ္တကြီးတဲ့ ကလေကချေကောင်ကတော့!!!'

 

 

"မင်း ဒီလိုလုပ်ချင်လို့ တမင်သက်သက် ငါ့ အကောင့်ကို ဖျက်လိုက်တာမလား" စုဟန် သူ၏ နက်ခတိုင်ကို ဆွဲကာ ခနဲ့သည့်အပြုံးပြုံးလိုက်သည်။ "ဝမ်ယွီထုံ မင်းက ဒီလိုနေရာမှာတော့ တော်သားပဲ"

 

 

ဝမ်ယွီထုံကတော့ ဒေါသကြောင့် သူမဆံပင်တွေ ထောင်လုမတတ်ဖြစ်သွားသည်။ သူမ၏ မက်မွန်သီးပုံ မျက်ဝန်းတွေက ဒေါသအရောင်တွေ ထွက်လာပြီး လက်ကို ရင်ဘတ်ပေါ်တင်ထားလိုက်သည်။

 

 

"ရှင် လျှောက်တွေးမနေနဲ့!!! ဂိမ်းအပြစ်ဒဏ်ကို ကြောက်လို့သာမဟုတ်ရင် ရှင်နဲ့အတူ တွဲကမှာ မဟုတ်ဘူးး ရှင့်ကိုယ်ရှင် လူတိုင်းကြိုက်တဲ့ ပိုက်ဆံများထင် နေလားး"

 

 

ကောင်းကင်ထိ မြင့်မားသော စုဟန်၏ မာနသည် ဤကဲ့သို့အပြောခံလိုက်ရသဖြင့် သူ့မျက်နှာ ရှုံ့မဲ့သွားကာ ဝမ်ယွီထုံ၏ မျက်နှာကို နားမလည်နိုင်ပဲ ကြည့်လိုက်သည်။

 

 

ဝမ်ယွီထုံ တစ်ယောက် ဒေါသကြောင့် မျက်လုံးအရောင် ပင်လက်လာကာ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး မျက်နှာ အရောင်ကလည်း မနက်ခင်း မှာ ပွင့်သည့် ပန်းရောင်နှင်းဆီကဲ့သို့ဖြစ်လာသည်။

 

 

 ဝမ်ယွီထုံသည် ယခင်က ပုံမှန်ဆိုလျင် အမြဲတမ်း မျက်လွှာကိုချကာ ခယ မြောက်ပင့်နေတတ်သည်။ ယနေ့ကဲ့သို့ လက်သည်း စွယ်ထုတ်ပြကာ ရန်ထောင်တာမျိုး တစ်ခါမျှပင် မလုပ်ဖူးချေ။ သို့သော် ယခုပုံက ပို၍ ထင်ရှားတောက်ပသည့်ဟန်ပေါ်သည်။

 

 

စုဟန်၏အကြည့်တွေက ရှုပ်ထွေးနေသည့်ဟန်ပေါ်နေပြီး အေးစက်စွာ ပြောလိုက်သည်။ "မင်းသာ ကောင်းကောင်းနေ"

 

 

ပါတီကျင်းပရာ ခန်းမအတွင်း မီးရောင်တွေ ပြောင်းသွားကာ ဂီတသံပေါ်လာသည်။

 

 

ကပွဲကြမ်းပြင်ပေါ်မှာတော့ ဝမ်ယွီထုံသည် ခန္ဓာကိုယ်ကို တောင့်ထားပြီး သူမ‌ရှေ့က ‌ယောကျာ်းနှင့် မျက်လုံးချင်း မဆုံစေရန် မျက်နှာကို တစ်ဖက်လှည့်ကာ စက်ရုပ်ကဲ့သို့ ကနေ၏။ စုဟန်နှင့် ခပ်ခွာခွာနေပြီး ခန္ဓာကိုယ်ချင်း မထိမိစေရန် သတိထားနေလိုက်သည်။

 

 

စုဟန်ကတော့ မျက်နှာကြီး မှုံမှိုင်းနေသည်။ သူ့လက်တစ်ဖက်က ဝမ်ယွီထုံ၏ ခါးကို ဖက်ထားကာ တစ်ဖက်က အရိုးမပါသကဲ့သို့ ပျော့ဖတ်နေသည့်လက်ကို တွဲထားရသည်။

 

 

ဝမ်ယွီထုံဆီမှ မရင်းနှီးသော လိမ္မော်ပန်းရနံ့ ရလိုက်၍ သူနှင့်အတူတွဲကနေသည့် အမျိူးသမီး၏ ခေါင်းကို စုဟန် ကြောင်တောင်တောင်ကြည့်လိုက်မိသည်။

 

 

သူတို့နှစ်ဦးက စေ့စပ်ထားတဲ့ သူတွေအဖြစ် သုံးနှစ်လောက်ကြာခဲ့ကြီး နှစ်ဦးသားသိကျွမ်းခဲ့တာင ဆယ်စုနှစ် တစ်ခုစာလောက်ရှိ၏။

 

 

စုဟန်တစ်ယောက် ဝမ်ယွီထုံကို အမြဲကြည့်မရမုန်းခဲ့သော်လည်း သူတို့နှစ်ယောက်သည် တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်းသိကြသူများဖြစ်သည်။

 

 

ယခင်က ဝမ်ယွီထုံ နူးညံ့သိမ်မွေ့သည့် အမူအရာလုပ်နေလျှင် တစ်ကယ်တမ်း သူမစိတ်ထဲခေါင်းထဲမှ ဘာရှိနေကြောင်း စုဟန် တန်းသိလေသည်။ သို့သော် ယနေ့ဝမ်ယွီထုံကိုတော့ သူလုံးဝ မရင်းနှီးသကဲ့သို့ ခံစားရသည်။ ထို့ခံစားချက်ကြောင့် သူ့စိတ်တွေ အယောင်ယောင်အမှားမှား ဖြစ်ကုန်ကာ ကနေသော ‌ခြေလှမ်းတွေ မှားကုန်ပြီး ဝမ်ယွီထုံကိုပင် နင်းမိတော့မလိုဖြစ်သွားသည်။

 

 

ဝမ်ယွီထုံလည်း အခွင့်အရေးကို အရယူကာ ခွပ် တော့သည်။

 

 

"ရို့ ဒီလောက်လွယ်တဲ့ ကကွက်ကိုတောင် တစ်လွဲတွေ ကနေတာလား..ရှင့်  ချစ်ပရိတ်သတ်တွေကတော့ သူတို့မင်းသားလေးက အဌာရသ(၁၈)ရပ်တောင် တတ်ကျွမ်းတယ်ဆို အခုလိုဆိုရင်တော့ တစ်ကယ်ကြီး တတ်တာပဲနော်"

 

 

စုဟန်လည်း သူ၏ ကကွက်အမှားကို သတိထားမိလိုက်ပြီးနောက် သူ့စိတ်ထဲက ပြန့်ကျဲနေသည့် အတွေးတွေကို ပြန်စုစည်းလိုက်သည်။

 

 

ညချမ်းအချိန်အခါသမယလေးမှာ လမင်းကြီးက ထိန်ထိန်သာနေပြီး ကြယ်လေးတွေက အရောင် မှိန်နေသကဲ့သို့ဖြစ်နေကာ ညယံတစ်ခုလုံးက လမင်းအလင်းရောင်ကသာ လွှမ်းခြုံထား၏။

 

 

ကျိုးကျီယွဲ့ အစည်းအဝေးပြီး၍ အိမ်ပြန်လာစဉ် သူ၏ အပေါ်ဝတ်ကို ချွတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျယ်လောင်သည့် ကလေးငိုသံကို ကြားလိုက်ရသည်။

 

 

သူမျက်မှောင်ကြုံ့လိုက်မိပြီး ဘာလို့ ဆူညံနေရလဲ သိရအောင် ဒုတိယထပ်က ဝမ်ယွီထုံအခန်းဘက်ကို တက်သွားလိုက်သည်။

 

 

ထိုစဉ် မြင်လိုက်ရသည်က ကျိုးရှောင်ယွီကို ကလေးထိန်းတစ်ယောက်က ချီထားပြီး ကျန်သည့်လူတွေက ကျိုးရှောင်ယွီ စွမ်းရည်ပြပွဲ ပြနေသကဲ့ ဝိုင်းအုံနေကြသည်။

 

 

အိမ်တော်ထိန်းစန်က အသံထွက်သည့်စာအုပ်ကို ဖွင့်ကာ သီချင်းများဖွင့်ပြနေကာ ကလေးထိန်း နောက်တစ်ယောက်က ပလုတ်တုတ်ကို ကလေးရှေ့ လှုပ်ရမ်းပြနေသည်။

 

 

နောက် ကလေးထိန်း တစ်ဦးက ဝက်ဝံအရုပ်ကိုင်ထားကာ နောက်တစ်ဦးက သီချင်းသံနှင့်အလိုက် လက်ခုပ်တီးနေ၏။

 

 

ရှောင်ယွီလေးကတော့ လူအုပ်ကြားထဲမှာ  ပဲစိအရွယ် မျက်ရည်တွေ ညှစ်ထုတ်နေသည်။ နှာခေါင်းကလည်း နီရဲနေပြီး သူ့ပါးစပ်သေးသေးလေးကလည်း အပေါ်မော့ကာ မဲ့ရွဲ့နေပြီး လက်သီးလေးဆုပ်ကာ အသံတိတ် ငိုနေ၏။

 

 

အိမ်တော်ထိန်းစန်ကတော့ စိတ်သောက ရောက်နေသည့်ပုံဖြင့် ကျိုးကျီယွဲ့ကို အစီရင်ခံလာသည်။ "သခင်လေး နိုးလာတော့ သူ့အမေ အိမ်မှာ မရှိတာသိသွားပြီး ငိုယိုတော့တာပဲ။ သူ့ကို ဖက်ထားလဲ မရ ချော့လည်း မရဖြစ်နေတာပါ။ တစ်ခါတစ်လေတော့ သခင်လေးကို အာရုံပြောင်းလိုက်နိုင်ပေမယ့် ငါးမ်ိနစ်လောက်ကြာတာနဲ့ သူ့အမေကို ပြန်သတိရလာပြီး ငိုတော့တာပဲ။ ဒီလိုဖြစ်နေတာ နာရီဝက်လောက်ရှိပါပြီ"

 

 

"ညအိပ်ချိန်လည်း ဖြစ်တော့ ကလေးက အမေကို နေ့ခင်းဘက်ထက် ပိုကပ်တတ်ပါတယ်။ သခင်လေးက ညတိုင်း မဒမ်နဲ့ အတူအိပ်လေ့ရှိတော့ အကျင့်ဖြစ်သွားတာပါ" ဟု ကလေးထိန်း တစ်ယောက်က မဝံ့မရဲရှင်းပြလေသည်။

 

 

ကျိုးကျီယွဲ့ သူ့မျက်ခုံးကို ပွတ်လိုက်သည်။ ကျိုးရှောင်ယွီရဲ့ ခေါင်းမာမှုကို သူအသိဆုံးဖြစ်သည်။သူ့အိပ်မက်ထဲက ပုန်ကန်တတ်သည့် လူငယ်လေး ကျိုးရှောင်ယွီကို ပြန်သတိရလာသည်။

 

 

ဆယ့်ငါးနှစ်အရွယ် ကျိုးရှောင်ယွီ တစ်ယောက် ကျိုးကျီယွဲ့၏ မော်တော်ဆိုင်ကယ်ကို ခိုးယူကာ သူ့သူငယ်ချင်းတွေနဲ့ တောင်ပေါ် မှာ ဆိုင်ကယ်ပြိုင်မောင်းထွက်သွားသည်။ နောက် ဆိုင်ကယ်မှောက်ပြီး လက်ကျိုးသွားသည်။

 

 

သူနှင့်တွေ့တိုင်းလည်း အမြဲကလန်ကဆန်လုပ်ကာ လေးစားမှုလည်း မရှိချေ။ သူလုပ်ချင်တာ သူလိုချင်တာကိုသာ မရ ရအောင် ခေါင်းမာလေ့ရှိသည်။

 

 

အာ့လို ဗီဇ အကျင့်တွေက အခုလိုငယ်ငယ်ကတည်းက ဇာတိပြနေပုံရသည်။

 

 

"အာ့ရှောင်..မဒမ်နဲ့ ဗီဒီယိုကော ခေါ်လိုက်ပါလား?" ဟု အိမ်တော်ထိန်းစန်က မျှော်လင့်ချက်ကလေးဖြင့်အကြံပေးလိုက်သည်။

 

 

ကျိုးကျီယွဲ့ သူ့လက်ကို ဆန့်တန်းလိုက်ကာ ကောင်လေးကို မေးလိုက်သည်။ " ဖေဖေ ချီရမလား"

 

 

ကျိုးရှောင်ယွီ တစ်ခဏတော့ မဝံ့မရဲဖြစ်နေသော်လည်း နောက်ဆုံးတော့ကျိုးကျီယွဲ့ဆီ လိုက်သွားသည်။ 'ဘယ်လိုပဲ ဖေဖေက ကြောက်စရာကောင်းနေပါစေ မသိတဲ့ အန်တီကြီးတွေ ထက်စာရင် တော်ပါသေးတယ်။' ကျိုးကျီယွဲ့ လည်း တစ်ရှုးဖြင့် ကျိုးရှောင်ယွီ မျက်ရည်တွေကို သုတ်ပေးလိုက်သည်။

 

 

"မငိုနဲ့တော့။ မေမေနဲ့ ဗွီဒီယိုကော ခေါ်ကြမလား"

 

 

ကျိုးရှောင်ယွီက ကျိုးကျီယွဲ့ရင်ခွင်ထဲ တိတ်တိတ်လေးမှီနေကာ နှုတ်ခမ်းဆူပုတ်ထားလေ၏။

 

 

ကျိုးကျီယွဲ့လည်း ဝမ်ယွီထုံကို ဗွီဒီယိုကော ခေါ်လိုက်ရာ သုံးခါမြောက်ကျမှ တစ်ဖက်က ကိုင်လေသည်။

 

 

ဝမ်ယွီထုံ တစ်ယောက်ကတော့ ကြောင်တောင်တောင်နိုင်သည့် အဖွင့်ကပွဲကို ကပြီး၍ သူ့မဖုန်းကို ယူကာ အချိုပွဲတန်းဘက် ပြေးသွားသည်။

 

 

ဗွီဒီယိုကော ချိတ်ဆက်ပြီးနောက် ဝမ်ယွီထုံသည် တစ်ဖက်မှ မျက်ရည်မျက်ခွက်နှင့် ကလေးရယ် အမျိုးသား တစ်ဦး၏ ပြေပျစ်သည့် မေးရိုးကို ဖုန်းစခရင်ထောင့်မှ မြင်လိုက်ရသည်။

 

 

တစ်ဖက်ကနေ ကျိုးကျီယွဲ့၏ ကြည်လင်သည့်အသံထွက်ပေါ်လာသည်။ "ပါတီမှာ ပျော်နေတာ နှောက်ယှက်ရလို့ ဆောရီးပါ။ ဒါပေမယ့် ရှောင်ယွီလေးက မင်းအသံကြားချင်နေလို့"

 

 

ဝမ်ယွီထုံလည်း အခြေအနေကို နားလည်လိုက်သည်။ကလေးက သူမကို ဒီလောက်ကပ်တွယ်လိမ့်မည်ဟု မထင်ခဲ့ချေ။ နှစ်နာရီကျော်လောက်ပဲ ရှိသေးတာကို ကလေးက ဒီလိုပုံစံဖြစ်နေပြီ။

 

 

ဝမ်ယွီထုံ အသံချိုချိုလေးဖြင့် ကလေးကို နှစ်သိမ့်လိုက်သည်။

 

 

"ရှောင်ယွီ မငိုနဲ့နော် မငိုနဲ့။ဘဖေဖေနဲ့ အန်တီတွေရဲ့ စကားကို နားထောင်မှပေါ့။ မေမေလည်း ခဏနေဆို အိမ်ပြန်လာတော့မှာနော် ဟုတ်ပြီလားး"

 

 

ကျိုးရှောင်ယွီ ရင်းနှီးသည့်အသံကို ကြားလိုက်ရ၍ ဖုန်းကို အားအင်အပြည့်နှင့် သေချာစိုက်ကြည့်လာသည်။

 

 

"ကြည့်ပါဦးး ဒါဘာလေးပါလိမ့်?" ဝမ်ယွီထုံ ဟော်လိုဝင်းစတိုင်ဖရုံသီးမီးအိမ်အသေးလေးကို ထုတ်ပြကာ ဖုန်းရှေ့လှုပ်ရမ်းပြလိုက်သည်။

 

 

"ရွှေဖရုံသီးလေးလေ..ရှောင်ယွီလေးက ဖေဖေနဲ့ အရင် အိပ်လိုက်နော်။ အိပ်ပြီး နိုးလာတာနဲ့ မေမေက ရှောင်ယွီလေးကစားဖို့ ရွှေဖရုံသီးမီးအိမ်လေးကို ယူလာပေးမှာ"

 

 

ကျိုးရှောင်ယွီကလည်း နားလည်သည့်ဟန်ဖြင့် သူ့လက်ကလေးကို ဝေ့ရမ်းပြသည်။

 

 

"မွ မွ မေမေလည်း ရှောင်ယွီလေးကို သတိရပါတယ်နော်" ဝမ်ယွီထုံလည်း ဖုန်းစခရင်ကို အနမ်းပေးသည့်ပုံ လုပ်လိုက်သည်။ "ဖေဖေ့စကားကို နားထောင်နော် လိမ္မာတယ်နော်"

 

 

အမေ့ကို မြင်လိုက်ရ၍ ကျိုးရှောင်ယွီတစ်ယောက်၏ အခြေအနေ တည်ငြိမ်သွားကာ နှာရှုံ့ကာ ပြုံးပြလာသည်။

 

 

ကျိုးကျီယွဲ့လည်း ဖုန်းစခရင်ဘက် ခေါင်းငုံ့ကာ " ဒါဆိုလည်း မင်းပြောသလို အရင်လုပ်ထားလိုက်မယ်။ မနှောက်ယှက်တော့ဘူး။ ဆက်ပျော်နေလိုက်ပါဦး"ဟု ပြောလိုက်သည်။

 

 

"ဟုတ်ပါပြီ တစ်ခုခုဆို ခေါ်လိုက်ပါ"

 

 

ဝမ်ယွီထုံလည်း ဖုန်းတစ်ဖက်မှ လူကြီးနှင့်ကလေးကို အပြုံးလေးနှင့် လက်ဝေ့ရမ်းနှုတ်ဆက်လိုက်ပြီး ဖုန်းချလိုက်သည်။

 

 

ဖုန်းချပြီးနောက်မှ ဝမ်ယွီထုံ ပြုံးကာ သက်ပြင်းချလိုက်သည်။

 

 

စနစ် - "ပုံမှန်အားဖြင့် ကလေးတွေက ၇လ-၉လ ထဲရောက်လာရင် အသိအမှတ်ပြုတဲ့ ကာလကို ရောက်လာတယ်။ ဆိုလိုတာက ရှောင်ယွီလေး သူ့ဘေးပတ်ဝန်းကျင်က အရာတွေကို ခွဲခြားသိမြင်လာနိုင်စွမ်းမြင့်လာပြီး သူ့အာရုံထဲမှာ စိတ်ကူးယဉ်တတ်လာမယ်။ သူ့အမေက သူ့ရှေ့မှာလား ဘယ်မှာရှိလဲ တွေးတောတတ်လာပြီး သူ့အမေအနားမှာ မရှ်ိရင် စိုးရိမ်ပူပန်တတ်ပြီး ငိုယိုနေလိမ့်မယ်"

 

 

ဝမ်ယွီထုံ စနစ်က ပြောသည်ကို နားထောင်ရင်းစိတ်ဓာတ်ကျသွားသည်။ "ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ ကျွန်မလည်း ကိုယ့်အလုပ်တွေရှိသေးတယ်လေ။၂၄နာရီလုံးလုံး ကလေးကိုမှ ကြည့်မနေနိုင်တာ"

 

 

စနစ်ကနေပြီး ရုပ်ပုံ စာနှင့် ဂရပ်ပုံများ ရုတ်တရက်ထွက်လာသည်။

 

 

[အသိအမှတ်ပြုတဲ့ကာလကို ဘယ်လိုဖြတ်ကျော်မလဲ?]

 

 

[အင်တင်တင် ဂျီကျနေသည့်ကလေးပုံ - "မေမေ သားကို တစ်ခြားလူနဲ့ မထားခဲ့ပါနဲ့ သားသား လူကြီးတွေကို ကြောက်တယ်" ]

 

 

[တစ်ခြားသူများနှင့် ဆက်သွယ်ရမည်မှန်းသိသည့်ကလေးပုံ - " သားကို ဆော့ဖို့ အပြင်ခဏခဏခေါ်သွားပေးပါမေမေ။ ဒါမှ သားသူငယ်ချင်းတွေ အများကြီးရမှာ"]

 

 

[ပွေ့ဖက်ခြင်းပုံ - " မေမေ သားကို အများကြီးဖက်...မေမေ ဖက်ထားရင် လုံခြုံတယ်လို့ ခံစားရတယ်"]

 

 

ဝမ်ယွီထုံ စနစ်က ပြသည့်ရုပ်ပုံနှင့် စာများကို သေချာဖတ်ရှုနေစဉ် ရုတ်တရက် အနောက်ဘက်မှ ယောက်ျားအသံ ကြားလိုက်ရသည်။

 

 

"မင်းအစ်မ မင်းကို လိုက်ရှာနေတယ်"

 

 

ဝမ်ယွီထုံ နောက်လှည့်ကြည့်လိုက်တော့ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ထားပြီး သူမကို ခေါင်းအနည်းငယ်စောင်းကာ ကြည့်နေသည့် စုဟန်ကို တွေ့လိုက်ရသည်။

 

 

ဝမ်ယွီထုံ သတိနှင့် အနောက် အနည်းငယ်ဆုတ်ကာ "ဟုတ်ပြီ" ဟု ပြောလိုက်သည်။

 

 

စုဟန်လည်း ဝမ်ယွီထုံ၏ ခပ်ခွာခွာဖြစ်နေသော အမူအရာကို သတိထားမိလိုက်ကာ သူ့အကြည့်တွေက အေးစက်သွားသည်။ ထို့နောက် လက်သီးဆုပ်ကာ အံကြိတ်ရင်း အဓိပ္ပာယ် မရှိသည့် ရောက်တတ်ရာရာ မေးခွန်းလျှောက်မေးလိုက်သည်။

 

 

"လူတိုင်းက ဂိမ်းကစားနေကြတာ မင်းက ဘာလို့ ဒီမှာ တစ်ယောက်တည်းရှိနေတာလဲ"

 

 

"ရှင်နဲ့ ဘာဆိုင်လို့လဲ" ဟု ဝမ်ယွီထုံ မျက်ဆံကိုလှိမ့်လိုက်ပြီး စုဟန်ကို ပြန်ပြောလိုက်ကာ လက်ကိုင်အိတ်ကို ကောက်ကိုင်ပြီး လှည့်ထွက်သွားလိုက်သည်။

 

 

စုဟန် ဝမ်ယွီထုံကို မျက်လုံးမှေးကာကြည့်လိုက်သည်။ဝမ်ယွီထုံ ဗွီဒီယိုကော ပြောနေသည့် အကြောင်းအရာကို တော့ သူ မကြားလိုက်ပေမယ့် တစ်ဖက်လူ ယောကျာ်းတစ်ယောက်ဖြစ်မှန်းတော့ သူသိလိုက်သည်။ ထို့ပြင် ဒီည သူ့ကို ပြောသည့် ကတ်ကတ်လန် ပုံစံနှင့် မတူပဲ တစ်ဖက်လူကို နူးညံ့ချိုသာသည့်အသံဖြင့်ပြောနေ၏။

 

 

ဖုန်းချပြီးတော့လည်း တစ်ခုခုကို တွေးနေသကဲ့သို့  သူ့နောက်မှာ လူလျှောက်လာတာတောင် မသိရအောင်  ထိုနေရာမှာပဲ အကြာကြီး ရပ်နေသေးသည်။

 

 

စုဟန် ဝမ်ယွီထုံ၏ နူးညံ့သိမ်မွေ့သော နောက်ကျောကိုကြည့်ရင်း သူ့မျက်လုံးထဲ ဖော်ပြရခက်သည့် အဓိပ္ပာယ်ပါသော အကြည့်များ တောက်ပလာသည်။

 

 

ဝမ်ယွီထုံ ဝမ်ချူးယွဲ့ကို ပြန်လိုက်ရှာလိုက်သည်။ သူမ ဝမ်ချူးယွဲ့ ဘေးမှာ သွမ့်ရိကို အတူတွေ့လိုက်ရသည်။ သွမ့်ရိက ပန်းကလေး ဝမ်ချူးယွဲ့ဘေးမှာ ဝဲနေသည့် လိပ်ပြာကလေးလို ပြုံးချိုကာ စကားပြောနေသည်။

 

 

ဝမ်ချူးယွဲ့၏ မျက်နှာထားကတော့ အေးစက်နေကာ သွမ့်ရိမေးသည့် တစ်ချို့မေးခွန်းတွေကိုသာ ပြန်ဖြေပြီး မျက်နှာမှာ ဘာခံစားချက်မျှ မပြပေ။

 

 

ညီအစ်မ နှစ်ယောက် ပြန်တွေ့ပြီးနောက် သူတို့တွေ ပါတီဂိမ်းထဲ ဝင်နွဲလိုက်ကြသည်။ ပါတီဂိမ်းက နောက်ပိုင်းပို၍ ပွဲစည်လာသည်။

 

 

ဝမ်ယွီထုံ ကျိုးကျီယွဲ့မက်ဆေ့များ ထပ်ပို့ထားမလား ဟု တွေးမိကာ ဖုန်းကို ငုံ့ကာ စစ်လိုက်သည်။

 

 

ဘာမှ ပို့မထားတာကို ကြည့်ရပုံက ရှောင်ယွီလေး ငြိမ်သွားလို့ဖြစ်မယ်။ ထို့ကြောင့် သူမလည်း စိတ်သက်သာရာ ရသွားသည်။

 

 

ညပိုင်း ၁၁နာရီ ထိုးတော့ အစီအစဉ် တင်ဆက်သူက မိုက်ခရိုဖုန်းဖြင့် တက်ကြွစွာ အော်ပြောလာသည်။ " နောက် ဂိမ်း အနေနဲ့ ဒီညရဲ့ နောက်ဆုံးအရှိန်အမြင့်ဆုံး အကောင်းဆုံးဂိမ်းကို စလိုက်ကြရအောင်။ ကျွန်တော်တို့ရဲ့ သွမ့်ရိက သွမ့်စံအိမ်ကို မူလပုံစံကနေ သရဲအိမ်ပုံစံကို ဒီဇိုင်းပြောင်းလဲထားပါတယ် ဆိုတာကိုတော့ ဘယ်သူမှ သိကြဦးမယ် မထင်ဘူး။ လမ်းကြောင်းအတည်တကျမရှိတဲ့ သရဲအိမ်ထဲကို ၄ယောက်တစ်ဖွဲ့ ဝင်ရမှာဖြစ်ပြီး ထွက်ပေါက်ကို ရှာရပါမယ်။ ထွက်ပေါက်ကို ရှာနိုင်ရင် အနိုင်ရပါပြီ"

 

 

ပါတီပွဲလာ ပရိတ်သတ်များက သွမ့်ရိကို ဒီလိုရက်စက်ရသလားဟု အပြစ်တင်သည့်အကြည့်များဖြင့် ဝိုင်းကြည့်လိုက်ကြသည်။ သွမ့်ရိကတော့ ဘားထိုင်ခုံပေါ်မှီရင်း မျက်ခုံးလေးပင့်ကာ အားလုံးကို ပြုံးပြလိုက်သည်။

 

 

"သွမ့်ရိ ဒီဂိမ်းက မလွန်လွန်း ဘူးလား"

 

 

အကယ်၍ သွမ့်ရိကိုယ်တိုင် ဒီဇိုင်းလုပ်ထားသည့် သရဲအိမ်ဆိုပါက  အလွန်ကြောက်စရာကောင်းကာ အနိုင်ရဖို့ ခက်ပေလိမ့်မည်။

 

 

"ငါ မဝင်လို့ မရဘူးလား ငါနှလုံးအားနည်းလို့ပါ"

 

 

အစီအစဉ် တင်ဆက်သူ - " ဒါဆို မင်း မပါလို့ရတယ်။ ဒါပေမယ့် သရဲအိမ်ထဲ ဝင်ပြီး အနိုင်ရရှိတဲ့အဖွဲ့ကတော့ တန်ဖိုးကြီး လက်ဆောင် ရရှိမှာ ဖြစ်ပါတယ်။ သွမ့်ရိကနေပြီးတော့ သရဲအိမ်ဝင်ပြီး ခြောက်လှန့်ခံခဲ့ရတဲ့ နာကျင်မှုတွေကို ဖြေသိမ့်ပေးတဲ့ အနေနဲ့ ပထမရတဲ့အဖွဲ့ ကို အသစ်ဝယ်ထားတဲ့ စူပါအပျော်စီးသင်္ဘောတစ်စီး လက်ဆောင်ပေးမှာ ဖြစ်ပါတယ်"

 

 

သွမ့်မိသားစုစံအိမ်ရာမှာ ပါတီက အရှိန်တက်နေသကဲ့သို့ ကျိုးမိသားစုမှာလည်း အရှိန်တက်ပြီးရင်း တက်နေ၏။

 

 

ကျိုးရှောင်ယွီကို ရေချိုးပေးပြီးတာနဲ့ ကလေးက ငိုတော့ပြန်သည်။ ညအိပ်ဝတ်စုံဝတ်ထားသည့် ကျိုးကျီယွဲ့တစ်ယောက် အဆက်မပြတ်ငိုနေသည့် ရှောင်ယွီကို ချီထားရလေသည်။

 

 

မူလက ၉နာရီ၄၅မိနစ်လောက်မှာ ကျိုးရှောင်ယွီက ကျိုးကျီယွဲ့အိပ်ရာပေါ်မှာ အိပ်ပျော်သွားခဲ့၍ အားလုံးသက်ပြင်းချနေခဲ့ကြသည်။

 

 

မထင်မှတ်ပဲ ကောင်ကလေးက အိပ်ချိန်၂နာရီပင်မကြာလိုက်ပဲ အိပ်မက်ကနေ နိုးလာခဲ့သည်။ နောက်တော့ သူ့ဘေးမှာ အမေ မရှိမှန်းသိသွားပြီး အဆင်မပြတ် ငိုပြန်လေတော့သည်။ သူ့အမေကို မတွေ့ရမချင်း အငိုတိတ်မည့်ပုံ မပေါ်ချေ။

 

 

"အာ့ရှောင် အခုချိန်က ၁၁နာရီတောင် ကျော်ပြီဆိုတော့ ဘာလို့ မဒမ်ကို ကိုယ်တိုင်သွားမကြိုတာလဲ" ဟု အိမ်တော်ထိန်းစန်က ပြုံးစစနှင့်ပြောလိုက်သည်။

 

 

လူကြီးတွေ ဘာအကြောင်းပြောနေမှန်း နားလည်ပုံပေါက်သည့် ကျိုးရှောင်ယွီက ကျိုးကျီယွဲ့ကို သနားစရာမျက်ဝန်းလေးများနှင့် စိုက်ကြည့်လိုက်သည်။

 

 

ကျိုးကျီယွဲ့လည်း မတတ်နိုင်ပဲ သက်ပြင်းချလိုက်သည်။နောက် အနက်ရောင်ရှပ်အင်္ကျီကို လဲလိုက်ပြီး ကားသော့ယူကာ အပြင်ကို ထွက်လာလိုက်သည်။