Unicode
[ရှောင်ကောကောက ထန်ကောကို သူ့လက်မှတ်တောင်းမှာများလားနော်?]
[ငါသာဆိုရင် ထန်ကောဆီက အပွေ့ဖက်ခံချင်တာ]
[ငါသာ ရှောင်ကောကောနေရာမှာဆိုရင် ၂၄နာရီတစ်ရက်လုံးလုံး ငါဘယ်သွားသွား ငါနဲ့အတူ ထန်ကောကို နေပေးဖို့ တောင်းဆိုလိုက်မှာ]
[မင်းပြောတာက မင်း ရေချိုးခန်းထဲသွားရင်ရော အိပ်ရာပေါ်တက်ရင်ရော အဖော်ပြုခိုင်းချင်တယ်လို့ ပြောနေတာပဲပေါ့ (shy.jpg)]
[အား အား အား အား အား... ငါရောပဲ]
[ggcw]
(XH note: ggcwက ဘာကြီးလဲမသိဘူး၊ ggခေါက်တော့လဲ ရှာမတွေ့လို့... ငါတို့လဲ အတူတူပဲလို့ ပြောချင်တာထင်ပါတယ်၊ မှားရင်တော့ သွေ့ပုချီနော်)
barrageကို ကောင်းကောင်းမမြင်ရတော့ပေ။ အချို့အရာတွေကို ပွဲစီစဉ်သူများက လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ထားသော်လည်း အမှန်တကယ်မှာတော့ အဆုံးမရှိအောင် များပြားနေလျက်။
စုချီယွဲ့ဟာ ကြယ်ပွင့်တွေနောက် တစ်ခါမှမလိုက်ခဲ့ဖူးပေ။ အတိတ်တုန်းက သူအလုပ်ဆင်းပြီး အားလပ်ချိန်တွေမှာ ဖြတ်သွားဖြတ်လာ *ဖရဲသီးစားသူတစ်ယောက်သာဖြစ်တာကြောင့် fanတွေ သူတို့idolကို တွေ့တဲ့အခါ ဘာတောင်းဆိုကြသလဲဆိုတာ သူလုံးဝမစဥ်းစားတတ်ပေ။
(*အင်တာနက်မှာ ပွဲကြည့်တာပါ)
ဒါပေမဲ့ ဆန္ဒတစ်ခုကို ပြောရမယ်ဆိုရင်တော့ သူ့မှာ ရှိတာပေါ့...
"ထန်လောင်ရှီးဆီမှာ ကျွန်တော့်အတွက် တခြားအချိန်နှင့် အာကာသကို သွားဖို့ နည်းလမ်းတစ်ခုခုရှိလားဟင်?"
ပရိသတ်တွေက စုချီယွဲ့ ပြောတာကို ကြားလိုက်ရတဲ့အခါ ဝါးလုံးကွဲရယ်မောကြတော့သည်။
ချင်ဟောက်ချူးနှင့် စွင်းဇီတို့က သူတို့မျက်နှာ သူတို့ ဖုံးကွယ်ထားလိုက်ကြ၏။
စင်ပေါ်က လူကို သူတို့မသိပါဘူးနော်... ရှက်စရာကောင်းလွန်းတယ်ကွာ...
ကျန်းခိုင် သက်ပြင်းချလျက်
"ဒီနေ့ စုချီယွဲ့ရဲ့ ခေါင်းက သံချေးတက်နေတာလား? ဒါမှမဟုတ် သူ sci-fiရုပ်ရှင်တွေ ကြည့်တာအရမ်းများသွားလို့လားကွာ!"
ထန်ယဲ့ တောင်းဆိုချက်များစွာကို မျှော်မှန်းထားခဲ့သော်လည်း ဒီကိစ္စမျိုးဖြစ်မယ်လို့တော့ မမျှော်လင့်မိခဲ့။ သို့သော် စုချီယွဲ့ရဲ့ လေးနက်တဲ့အကြည့်ကို မြင်လိုက်ရတော့ သူ ခေါင်းခါလိုက်ရင်း "ဒါက ကိုယ်တို့လုပ်နိုင်တဲ့ နည်းလမ်းမရှိဘူး" လို့ ပြန်ဖြေလိုက်သည်။
စုချီယွဲ့လည်း သူ့စိတ်ပျက်သွားရတာကို ဖုံးကွယ်မနိုင်ခဲ့ပေ။
ကြည့်ပါလား... ထန်ယဲ့ဆိုသူက အရမ်းချမ်းသာပြီး သူ့မိသားစုနောက်ခံကလည်း အရမ်းကောင်းတယ်လို့ ပြောကြတာလေ။ သူတောင်မှ အချိန်နဲ့ အာကာသကို ဖြတ်သန်းသွားလာလို့မရတဲ့ဟာ။
ဒီတော့ ငါ ဒီကမ္ဘာကြီးထဲမှာ ဒီတိုင်းပဲ ရိုးရိုးသားသားလေး နေထိုင်သင့်တာပဲ...
"ကောင်းပါပြီဗျာ၊ ကျွန်တော့်ဆန္ဒလေး ပြောင်းပါရစေ"
စုချီယွဲ့မှာ အလွန်သဘောထားကြီးသူတစ်ယောက်နှယ်။ သူနှင့်ရင်းနှီးတဲ့သူတွေကသာ သူ့မျက်လုံးထဲမှ ဥာဏ်နီဥာဏ်နက်များတာကို မြင်နိုင်ပေမည်။
"ထန်လောင်ရှီး ကျွန်တော့်ကိုလေ ထီပေါက်မယ့်နံပါတ်ကို ကျေးဇူးပြုပြီး ပြောပြပါလားနော်... ကျွန်တော့်ကိုပဲ တိတ်တိတ်လေးပြောပြနော်၊ ကျွန်တော် တခြားသူတွေကို ပြန်မပြောဘူး"
စုချီယွဲ့ နောက်ပြောင်နေတယ်ဆိုတာကို ပိုင်းခြားသိမြင်တဲ့ မျက်လုံးရှိသူတိုင်း တွေ့မြင်နိုင်လေ၏။ သူ့အသံထွက်သွားတာနဲ့ ပရိသတ်တွေက ထပ်မံရယ်မောလိုက်ကြပြန်သည်။
စုချီယွဲ့က ကြည့်ကောင်းသူတစ်ဦးဖြစ်သလို ရန်လိုစိတ်မရှိပုံပေါ်ပြီး သူ့အသံမှာ ညင်သာကာ မျက်လုံးတွေက ကြည်လင်နေသည်ပင်။ သူက တမင်တကာ ပြဿနာရှာနေတယ်လို့ ဘယ်သူကမှ မတွေးကြဘဲ ထိုအစား သူက နည်းနည်းလေး ချစ်စရာကောင်းတယ်လို့တောင် မြင်ကြလေရဲ့။
ထန်ယဲ့ သူ့ပါးစပ်ထောင့်မှာ အနည်းငယ် ကွေးတက်သွားကာ သူ့မျက်လုံးထဲမှာလည်း အပြုံးလေးတစ်ခု ပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ စုချီယွဲ့က မီးအလင်းရောင်ပြဿနာကြောင့်ပဲလို့ တွေးထင်မိကာ သူမှားမြင်လိုက်တယ်လို့ပဲ ယူဆလိုက်၏။ ရုပ်ရှင်ရိုက်ဖို့ လိုအပ်တာကလွဲလို့ ထန်ယဲ့ ပြုံးတာကို ဘယ်သူမှ မမြင်ဖူးဘူးလို့ ဆိုကြတယ်လေ။
"ပြဿနာမရှိဘူး"
ထန်ယဲ့ရဲ့ အဖြေကြောင့် စုချီယွဲ့မှာ ထပ်မံအံ့သြသွားရပြန်သည်။
သေချာတာပေါ့၊ ဒီစာအုပ်ထဲက လူတွေက ပုံမှန်မဟုတ်ဘူးပဲကွာ... ထီပေါက်မယ့်နံပါတ်ကို ဘယ်သူကများ ခန့်မှန်းနိုင်မှာတုန်းလို့...
ထို့နောက် ထန်ယဲ့ ဆက်ပြောတာကို သူကြားလိုက်ရ၏။
"ထီပေါက်စဥ်ထွက်တဲ့အခါ မင်းဆီ အကြောင်းကြားဖို့ ကိုယ် တစ်ယောက်ယောက် လွှတ်ပေးလိုက်မယ်။ ဘောနပ်စ်အတွက်ကတော့ ကိုယ်ပဲ ဖြည့်ပေးလိုက်မယ်။ ဒါဆို မင်းဆန္ဒကို ဖြည့်ဆည်းပေးရာရောက်မယ်လေ"
(XH Note: ထန်ယဲ့က ပေါက်မဲ့ထီနံပါတ်ကို မပြောနိုင်ပေမဲ့ ချီချီအတွက် ပေါက်မဲ့ဆုငွေကို သူပဲစိုက်ပြီးပေးမယ်ပြောတာပါနော်)
[မျိုးရိုးနာမည်စုလို့ခေါ်တဲ့ ဒီလူက တကယ် အရှက်မရှိတာပဲ။ ထန်ယဲ့ကို တကယ်ကြီး ဒီလိုတောင်းဆိုလိုက်တယ်ပေါ့။ ဒါကြီးက ခက်ခဲမှန်း အသိသာကြီးကို!]
[အပေါ်ကတစ်ယောက်ရေ နင် ဒါကို ဟာသတစ်ခုလို့ မမြင်ဘူးလားဟဲ့?]
[အေးလေ... ရှောင်ကောကောရဲ့ အမူအရာကို ကြည့်လိုက်ပါလား... ထန်ကော ဒီလိုပြန်ဖြေလာလိမ့်မယ်လို့ သူ မမျှော်လင့်ထားဘူးဆိုတာ အရှင်းကြီးကို]
[အိုး မိုင် ဂေါ့... ငါလိုက်နေတဲ့ idolက ဘယ်လိုတောင်နတ်ဘုရားဆန်လိုက်တာလဲဟာ... ငါ့ထန်ကောက ဘယ်လို့ ဒီလောက်တောင်ကောင်းနေရတာလဲ?]
[ငါ့ထန်ကောက အရမ်းအလိုလိုက်တတ်တာပဲဟယ်... ငါ အောက်ဆီဂျင်လိုနေပြီ... မရတော့ဘူး...]
[ဝူး ဝူး ဝူး... ငါ့ရဲ့crushက ကမ္ဘာပေါ်မှာ အကောင်းဆုံးကောကောပဲ... ငါတို့နဲ့ ကောကောက မြှားနှစ်စင်းလိုပဲနော်...]
[ဟား ဟား ဟား... ရှောင်ကောကောကို ကြည့်ရတာ ငါတို့လို စိတ်ရှုပ်ထွေးနေပုံပဲ... အရမ်းချစ်စရာကောင်းတာပဲဟယ်...]
ထန်ယဲ့က သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုကြောင်း ကြားတဲ့အခါ စုချီယွဲ့မှာ ထိတ်လန့်မှုကြောင့် အနောက်ကိုတောင် ခုန်ဆုတ်သွားခဲ့ရ၏။ ပြီးနောက် သူ့ခေါင်းကို အသဲအသန်ခါယမ်း၍ ဂျောက်ဂျက်သဖွယ် လက်ကိုခါနေရင်း
"ဟင့်အင်း... မဟုတ်... မဟုတ်ဘူးလေ၊ ကျွန်တော်က နောက်နေတာပါဗျာ၊ အလေးအနက်ကြီးမယူနဲ့နော်"
ထန်ယဲ့ကတော့ ဒီဆန္ဒဟာ အရမ်းကောင်းတယ်လို့ ခံစားရလေသည်။ ဒါဟာ ဆန္ဒတစ်ခုဖြစ်တယ်ဆိုကတည်းက အမှန်ဖြစ်လာဖို့ဆိုတာ မလွယ်ကူဘူးလေ။
"ကိုယ့်အထင်တော့ ဒီဆန္ဒက အရမ်းကောင်းပါတယ်"
"မကောင်းပါဘူး... လုံးဝမကောင်းပါဘူးနော်..."
စုချီယွဲ့ အမြန်ငြင်းဆန်လိုက်ပြီးနောက် ဘာတောင်းဆိုလိုက်သင့်လဲဆိုတာ အလျင်အမြန်စဉ်းစားလိုက်ကာ
"ကောင်းပြီဗျာ၊ ထန်လောင်ရှီးရေ... ကျွန်တော့်အခန်းဖော်တွေနဲ့ ကျွန်တော်က ကျောင်းကနေ တက္ကစီစီးပြီး ဒီကိုလာခဲ့ရတာလေ။ ကားခက အရမ်းဈေးကြီးတာပဲနော်။ နောက်ကျရင် ကျွန်တော်နှင့် ကျွန်တော့်အတန်းဖော်တွေကို ကားကြုံလိုက်စီးခွင့်ပေးလို့ရမလားဗျ?"
အနှီဆန္ဒမှာ ပို၍သင့်လျော်မယ်လို့ စုချီယွဲ့ ခံစားမိလိုက်သည်။ အခုလေးတင် သူတို့ တက္ကစီစီးပြီးလာခဲ့တာလေ၊ ကားခကို ယွမ်၁၈၀ ပေးခဲ့ရတယ်။ ပိုက်ဆံစုဖို့အတွက် အခမဲ့စီးခွင့်တောင်းတာ ပိုအဆင်ပြေတာပဲနော်...
ထန်ယဲ့ မျက်မှောင်ကြုတ်သွားကာ
"မင်း ပြောင်းချင်တာ သေချာရဲ့လား?"
"သေချာပါတယ်ဗျာ ဒီဟာပါပဲ"
စုချီယွဲ့ မြန်မြန် ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ" ထန်ယဲ့ ပျော်ရွှင်စွာ သဘောတူလိုက်သော်လည်း သူ အနည်းငယ် စိတ်ပျက်နေတယ်လို့ စုချီယွဲ့ ခံစားမိလိုက်သလိုပင်။
စုချီယွဲ့ စင်အောက်ပြန်ဆင်းလာပြီး ထိုင်ချလိုက်ချိန်တွင် ချင်ဟောက်ချူးနှင့် အဖွဲ့က ပြောလာသည်မှာ
"အရမ်းမိုက်တာပဲကွာ၊ ငါတို့ထန်ကောက ဒီလိုပြောရဆိုရလွယ်တာကို ငါတို့ တစ်ခါမှမတွေ့ဖူးဘူး"
"ဒီလိုပြောလို့လဲမရပါဘူး။ ငါ့ထန်ကောက အမြဲတမ်း ပရိသတ်တွေကို ချစ်ပြီးသားပဲ"
စွင်းဇီ ပြန်ခုခံလေ၏။
ချင်ဟောက်ချူး ခေါင်းညိတ်၍
"ဒါတော့မှန်တယ်။ ငါ့ထန်ကောက မင်းရဲ့အလှကို သဘောကျသွားတယ်လို့ ငါထင်မိတယ်"
"အပေါ်ယံတွေ!"
စွင်းဇီ ကြိမ်းမောင်းလေပြီ။
ကျန်းခိုင်က ဒီလူနှစ်ယောက်ကို တွန်းထုတ်လိုက်ပြီး
"ပြောရမယ်ဆိုရင် ခဏနေကျ ငါတို့ သုံးယောက်က မင်းနဲ့အတူ ကားလိုက်စီးမှာမဟုတ်ဘူး။ မင်းတစ်ယောက်ထဲသွားလိုက်"
"ဘာလို့လဲ?"
စုချီယွဲ့ ပိုလို့တောင် ပဟေဠိဖြစ်သွားဟန်ဖြင့် "ကားခသက်သာတော့ မကောင်းဘူးလား?"
"မင်းတစ်ယောက်ထဲသွားလိုက်ပါ"
သူတို့က ဘယ်လိုလုပ်ပြီး ထန်ယဲ့ကားကို စီးရဲမှာလဲလို့... သူတို့ ဘယ်လောက်ပဲ ကြိုက်နေပါစေ ထိန်းထားရမယ်လေ။ ပရိသတ်တွေနှင့် idolတွေဆိုတာ ခပ်ခွာခွာနေရမယ်။ ဒါဟာ နိယာမတစ်ခုပဲ။
[ဒီကျောင်းသားလေးစုက အကြံကြီးလွန်းတယ်လို့ ငါတစ်ယောက်ထဲ ထင်နေတာလားနော်? သူက ပိုက်ဆံမလိုချင်ပေမယ့် ထန်ယဲ့နဲ့ အနီးကပ်ဆက်သွယ်ဖို့ အခွင့်အရေးယူချင်နေတာပဲ]
[မင်းသားက သူ့ကို ကျောင်းပြန်ပို့ပေးတဲ့အကြောင်း သူ့ဘဝတစ်သက်တာလုံး ကြွားလုံးထုတ်ချင်တာကြောင့်ဖြစ်မယ်လို့ ငါလည်းထင်တယ်]
[မင်းသားရဲ့ ကျော်ကြားမှုနောက်ကိုလိုက်ပြီး နောက်ဆုံးhot searchမှာ တက်လာမှာကိုပဲ ငါကြောက်တယ်ဟယ်]
[သူ ဘယ်ကျောင်းကလာလဲမသိဘူးနော်။ ဒီကားခနည်းနည်းလေးပဲကို! သရဲပဲ ယုံမယ်!]
[ငါ့နှလုံးသားထဲမှာ အရမ်းမှောင်မိုက်နေပြီနော်။ ငါကတော့ မှားနေတာမျိုး မတွေ့မိဘူးဟေ့။ ကောလိပ်ကျောင်းသားတစ်ယောက်က ပိုက်ဆံဘယ်လောက်များရှိမှာတုန်း? သူ ပိုက်ဆံချွေတာချင်တာ ဘာများမှားနေလို့လဲ? ငါ့အထင်တော့ ဒီကျောင်းသားစုက အတော်လေးကို ပုံမှန်ပါပဲ]
[အပေါ်ထပ် +1 ...]
ရုပ်ရှင်မိတ်ဆက်ပွဲမှာ ညနေခြောက်နာရီအချိန်တွင် ပြီးဆုံးခဲ့ပြီး စုချီယွဲ့ အား ထန်ယဲ့၏ ဝန်ထမ်းတွေက လာခေါ်သွားခဲ့သည်။ သူ့အခန်းဖော်သုံးဦးကတော့ သူ့ကို ထားခဲ့ပြီး ထွက်ပြေးသွားကြလေပြီ။
စုချီယွဲ့ကို ထန်ယဲ့၏ သီးသန့်အ၀တ်လဲခန်းသို့ ခေါ်ဆောင်သွားခဲ့ပြီး လက်ထောက်ဖန်းပိုင်က သူ့ကို စတော်ဘယ်ရီမစ်ရှိတ်တစ်ခွက် ကမ်းပေးကာ
"ထန်လောင်ရှီးက အဝတ်လဲနေလို့၊ မကြာခင်ရောက်လာမယ်နော်။ ခဏစောင့်ပါဦး"
စုချီယွဲ့ က မစ်ရှိတ်ကို တစ်ငုံသောက်လိုက်ပြီးနောက် နှလုံးသားလေးထဲမှာ ချိုမြိန်သွားရ၏။ အခုချိန်မှာ စုချီယွဲ့ သတိရလိုက်တာတစ်ခုကတော့ သူ အချိန်ခရီးသွားလာတာကြောင့် အံ့အားသင့်နေရလွန်းလို့ အခုထိ ဘာမှမစားရသေးတာကိုပါပဲ...
သည့်နောက် သူ့ဗိုက်ထဲက "တဂွီဂွီ"အသံတွေ ထွက်ပေါ်လာလေပြီ။
"ဗိုက်ဆာနေလား?"
ထန်ယဲ့၏ သံလိုက်သဖွယ် ဆွဲဆောင်မှုရှိတဲ့အသံ ပေါ်ထွက်လာရာ စုချီယွဲ့ တစ်ယောက် သူ့လက်ထဲက မစ်ရှိတ်ဘူးကို လွှင့်ပစ်လုနီးပါးဖြစ်သွားရအောင် ထိတ်လန့်သွားရလေသည်။
သူသေသွားပြီးသလို ခံစားရကာ ကြောင်အအ မတ်တပ်ရပ်နေလျက်။
# ရုပ်ရှင်ဧကရာဇ်က ငါ့ဗိုက်အော်သံကို ကြားလိုက်ရရင် ငါဘာလုပ်သင့်သလဲ? #
ထန်ယဲ့က ဖန်းပိုင်ကို ခေါ်ကာ
"စားဖို့တစ်ခုခုသွားမှာလိုက်"
ဖန်းပိုင်က စုချီယွဲ့ကို အံ့အားသင့်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့၏။
"မင်းရဲ့ အခန်းဖော်တွေရော ဘယ်မှာလဲ?" ထန်ယဲ့ မေးလာခဲ့သည်။
စုချီယွဲ့ စိတ်ငြိမ်အောင်လုပ်လိုက်ပြီး ပြန်ဖြေလိုက်၏။
"သူတို့က လုပ်စရာတစ်ခုခုရှိသေးတယ်လို့ပြောပြီး အရင်ထွက်သွားကြတယ်"
"အမ် ထန်လောင်ရှီးရေ ကျွန်တော် အရမ်းဗိုက်မဆာပါဘူးဗျာ။ အရင်ပြန်ကြရအောင်လေ၊ ကျွန်တော် ကျောင်းမှာပဲ ပြန်စားလိုက်ပါ့မယ်" စုချီယွဲ့က တခြားသူရဲ့ ကားကိုလည်း ကပ်စီးဦးမှာကို စားပါထပ်စားရင် သိပ်မကောင်းဘူးလို့ ပို၍ပို၍ ခံစားလာမိသည်။
"ကိုယ်လည်း မစားရသေးလို့ပါကွာ"
ဖန်းပိုင်က အတော်လေး လျင်မြန်စွာ လုပ်ဆောင်ခဲ့ပြီး ဟင်း၄မျိုးနှင့် ထမင်း၂ပွဲ ယူလာပေးခဲ့သည်။
ထန်ယဲ့က စုချီယွဲ့အား တူတစ်စုံကမ်းပေးလိုက်ရင်း "စားလေ"ဆိုတဲ့ အမူအရာပြလိုက်လေရဲ့။
အစားအစာရဲ့ ရနံ့လေးကို ရှူရှိုက်မိတဲ့အခါ စုချီယွဲ့ရဲ့ အစာအိမ်မှာ ပိုလို့တောင် ဆူညံလာရသဖြင့် သူ ထန်ယဲ့ဆီ ရှက်ရွံ့စွာဖြင့် လှမ်းကြည့်လိုက်မိ၏။
ထန်ယဲ့က မကြားသလိုယောင်ဆောင်ကာ သူ့အတွက် ဝက်နံရိုးနှပ်တစ်တုံးကို ထည့်ပေးလာခဲ့သည်။
စုချီယွဲ့လည်း အလွန်တရာ ဆွဲဆောင်မှုရှိနေတဲ့ ဝက်နံရိုးနှပ်တစ်တုံးကို စိုက်ကြည့်မိလေလေ တံတွေးမျိုချမိလေလေဖြစ်၏။
အကယ်၍ သူသာ ဒါကို ကြွားဝါဖို့ ဓာတ်ပုံရိုက်ခဲ့မယ်ဆိုပါလျှင် # ထန်ယဲ့က သူ့ပရိသတ်လေးကို ဝက်နံရိုးကျွေးနေတယ် # ဆိုတဲ့ခေါင်းစီးဟာ တခဏအတွင်းမှာ hot search ဖြစ်လာနိုင်တယ်နော်...
ထန်ယဲ့ စတင်စားသောက်နေပြီကို မြင်လိုက်ရ၍ စုချီယွဲ့လည်း သူ့တူတွေကို ရွှေ့လာချေပြီ။
သူ စားသောက်နေရင်း ထန်ယဲ့ဆီကို ခိုးခိုးကြည့်နေမိလျက်။ ဒီလူရဲ့မျက်နှာဟာ ဘယ်လိုကြည့်ကြည့် ၃၆၀ဒီဂရီ ချောမောလွန်းနေပြီး သူ့ရုပ်ရည်ဟာ ထိပ်တန်းပါပဲ!
ထန်ယဲ့က ထမင်းစားနေချိန်မှာလည်း တကယ့်ကို ချောမောကျက်သရေရှိနေပြီး မျက်စိပဒေသာရှိလှသလို သူ့စိတ်နေစိတ်ထားလည်း အလွန်တရာ ကောင်းမွန်လှ၏။
စုချီယွဲ့က တိတ်တဆိတ် သက်ပြင်းချမိလျက်။ လူတွေကို အချင်းချင်း နှိုင်းယှဥ်ရတာဟာ တကယ့်ကို စိတ်တိုစရာကောင်းတာပဲနော်။
ဒီလူက ချောမောခန့်ညားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်သလို သူ့မိသားစုကလည်း ချမ်းသာတယ်။
"စုချီယွဲ့ မင်းအထဲမှာရှိနေမှန်း ငါသိတယ်ကွ၊ ထွက်လာခဲ့စမ်း!" ထန်ယဲ့ကို လေးစားအားကျနေတဲ့ စုချီယွဲ့မှာ ထိုအော်ဟစ်သံကြီးကြောင့် အာရုံပြန်စုစည်းလာလေပြီ။
ဒီအသံက တကယ့်ကို အရမ်းရင်းနှီးနေသလိုပဲနော်။
အော်ဟစ်သံမှာ ကျယ်လောင်လွန်းလှသည်။ ထန်ယဲ့က သူ့တူချောင်းတွေကို ချလိုက်ပြီး "အသိလား?"လို့ မေးလိုက်၏။
စုချီယွဲ့ နည်းနည်းပိုတွေးကြည့်ပြီးတဲ့နောက် ဒါက ကျိုးရှင်းယဲ့၏ အသံဖြစ်ကြောင်း မှတ်မိသွားချေပြီ။
ကျိုးရှင်းယဲ့က ဘယ်သူလဲလို့ မေးမယ်ဆိုရင်တော့ ထိုသူဟာ မူလပိုင်ရှင်ရဲ့ လက်ရှိချစ်သူပင်။ ဆိုတော့ သူ့ရဲ့ လက်ရှိချစ်သူဆိုတဲ့ သဘောပဲပေါ့နော်။
ဒါဟာ ဝတ္ထုထဲမှာ ဖော်ပြထားတဲ့ သူ့ဘဝကို ပျက်စီးစေတော့မယ့် ပထမဆုံး တိုက်ခိုက်မှုလည်း ဖြစ်နေတာပဲ...
သူ့ရဲ့ အချိန်ခရီးသွားလာခြင်းမှ ကောင်းကောင်းအသိမဝင်ခင်မှာပင် သူ့အခန်းဖော်တွေက ရုပ်ရှင်မိတ်ဆက်ပွဲကြည့်ဖို့ ဆွဲခေါ်လာကြတာလေ။ အခုမှပဲ သူ့မှာ ရည်းစားကောင်လေးတစ်ယောက်ရှိနေမှန်း သူသတိရတော့တယ်ကွာ။
သူ ဒီကမ္ဘာကြီးထဲမှာ ကောင်းကောင်းမွန်မွန်နေထိုင်ချင်ရင် သူ့ဘဝကို ပျက်စီးစေမယ့် လူလေးယောက်ဆီကနေ ဝေးဝေးနေကိုနေရမယ်။
ဒါဆို ပထမဆုံးတာဝန်က ကျိုးရှင်းယဲ့နှင့် လမ်းခွဲရမယ်!
စုချီယွဲ့ ရှက်ရွံ့စွာ ခေါင်းလေးကုတ်လိုက်ပြီး "ကျွန်... ကျွန်တော့်ရည်းစားပါ"
သူပြောပြီးတဲ့နောက်မှာ ပိုရှက်လာသလို ခံစားလိုက်ရ၍ "ဒါပေမဲ့ မကြာခင် ဟုတ်မှာမဟုတ်တော့ပါဘူး"လို့ ခပ်မြန်မြန်ထပ်ပေါင်းပြောလိုက်၏။
ဒီလိုပြောပြီးတဲ့နောက် စုချီယွဲ့ဟာ စကားများများမပြောတာ ပိုကောင်းတယ်လို့ ထင်မိလေရဲ့။ သူပိုပြောလာလေလေ ပိုဆိုးလာသလိုပဲနော်။
သူ အခုပြောလိုက်တဲ့ပုံက... ဒီရည်းစားကို သူ မလိုချင်တော့၍ မကြာခင် နောက်တစ်ယောက်ပြောင်းတော့မယ်ဆိုတဲ့ပုံစံ ဖြစ်နေသလိုပဲနော်...
မကြာခင်၌ ကျိုးရှင်းယဲ့အသံ ပျောက်ကွယ်သွားလေပြီ။ ကြည့်ရတာတော့ ဝန်ထမ်းတွေက သူ့ကို ထွက်သွားပေးဖို့ ပြောလိုက်တယ်လို့ ထင်တာပဲ။
စုချီယွဲ့နှင့် ထန်ယဲ့တို့ ထမင်းစားပြီးနောက် ကားပါကင်ဆီ လျှောက်လာခဲ့ကြစဥ် ရုတ်တရက် ထွက်ပေါ်လာတဲ့ ကျိုးရှင်းယဲ့ဆီမှ အတားခံလိုက်ရ၏။
ကျိုးရှင်းယဲ့ကို ကြည့်ရတာ ဒေါသထွက်နေပုံပေါ်သော်လည်း စုချီယွဲ့ နားမလည်ပါပေ။ မူလပိုင်ရှင်ရဲ့ မှတ်ဥာဏ်တွေကို သူ့မှာရှိနေတယ်လေ။ ကျိုးရှင်းယဲ့က အမြဲတမ်း သူ့တောင်းဆိုချက်တွေကို လိုက်လျောပေးတတ်ပြီး တစ်ခါမှ အထင်အမြင်သေးခြင်းမရှိခဲ့ဘူးလေ။ ဒီနေ့ သူ ဆေးမှားသောက်ထားတာများလား?
ကျိုးရှင်းယဲ့က ဆဲဆိုတော့မယ့်အချိန်မှာ သူ့ဘေးက ထန်ယဲ့ကို ရုတ်တရက် တွေ့လိုက်ရာ သူ့ဒေါသတွေကို အရှိန်လျော့လိုက်ပြီး ထန်ယဲ့အား "စုချီယွဲ့ ကို သူပြောစရာရှိတယ်" လို့ ပြောလိုက်လေသည်။
စုချီယွဲ့လည်း မူလက ကျိုးရှင်းယဲ့ဆီ သွားဖို့ စီစဉ်ထားသော်လည်း ယခုတော့ အတော်ပဲဖြစ်သွားလေရဲ့။ "ကျွန်တော့်မှာ ဖြေရှင်းစရာ ကိုယ်ရေးကိုယ်တာကိစ္စလေးရှိနေလို့။ ထန်လောင်ရှီး အရင်သွားနှင့်နော်"
ထန်ယဲ့က သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ကားထဲကို အရင်ဝင်သွားခဲ့သည်။
ကျိုးရှင်းယဲ့က စုချီယွဲ့ ကို အပေါ်အောက် ငုံ့ကြည့်ကာ ဒေါသတကြီး ပြောလာခဲ့သည်။
"ဘာလို့လဲ? မင်းက အဲဒီမင်းသားရဲ့ ပေါင်ကို ဖက်ချင်တာလား?"
"ပေါက်ကရတွေမပြောနဲ့"
စုချီယွဲ့က ကျိုးရှင်းယဲ့လေသံကို ပိုလို့တောင် သဘောမကျဖြစ်သွား၏။ အရင်တုန်းက ကျိုးရှင်းယဲ့ဆိုတာ ဒီလိုမဟုတ်ဘူးလေ။
"ငါ့မှာလည်း မင်းကို ပြောစရာရှိနေတာ အတော်ပဲ။ ငါတို့..."
"ငါ့မှာ ပြောစရာရှိသေးတယ်"
ကျိုးရှင်းယဲ့က သူ့ကို ကြားဖြတ်ပြောလိုက်ကာ
"စုချီယွဲ့၊ နောက်ဆုံးတော့ မင်းက ဘယ်လိုလူမျိုးလဲဆိုတာ ငါသိသွားရပြီ။ ငါ မင်းနဲ့လမ်းခွဲချင်တယ်!"
စုချီယွဲ့တစ်ယောက် သူ့စကားမဆုံးသေးခင်မှာပဲ ကျိုးရှင်းယဲ့က အရင်လမ်းခွဲဖို့ တောင်းဆိုလာလိမ့်မယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။ လမ်းခွဲဖို့ ဘယ်သူပြောတာပဲဖြစ်ဖြစ် အရေးမကြီးပါဘူးလေ။
"လမ်းခွဲကြမယ်? ကောင်းပြီလေ"
ကျိုးရှင်းယဲ့ ခဏလောက် ထိတ်လန့်သွားလျက်
"သေချာတာပေါ့၊ မင်းမှာ ပိုကောင်းတဲ့တစ်ယောက်ရှိပြီဆိုရင် ပထမတစ်ယောက်ကို အရင်ကန်ထုတ်ပစ်ရမှာပေါ့။ စုချီယွဲ့ မင်းက သိပ်တော်တာပဲ။ မင်း ငါ့ကိုကပ်တွယ်ပြီး ရုပ်ရှင်မိတ်ဆက်ပွဲရဲ့ လက်မှတ်ကို အရယူခိုင်းတာ အံ့သြစရာမရှိတော့ပါဘူး။ ငါ့လောက်ရူးမိုက်တဲ့သူမရှိလောက်ဘူးနော်။ လက်မှတ်ကို ကိုယ်တိုင်ဝယ်ပေးပြီး မင်းရဲ့အချစ်အသစ်ကို တွေ့ခွင့်ပေးခဲ့မိတာ!"
ထိုမှသာ စုချီယွဲ့က အနှီVIPခုံနေရာလေးနေရာကို ကျိုးရှင်းယဲ့ ပေးထားမှန်း မှတ်မိသွားရ၏။ အကြောင်းကတော့ ကျိုးရှင်းယဲ့အဖေရဲ့ ကြော်ငြာကုမ္ပဏီကလည်း ဒီပရိုမိုးရှင်းမှာ ပါဝင်ခဲ့တာဆိုတော့ ထိုင်ခုံကောင်းကောင်းကို ရနိုင်ခဲ့တာလေ။
ဘုရားရေ... ဒါကို သူ စောစောသတိရခဲ့ရင်ကွာ... သူ အသတ်ခံရမယ်ဆိုရင်တောင်မှ ဒီရုပ်ရှင်မိတ်ဆက်ပွဲကို သူလာမှာမဟုတ်ဘူး...
ကျိုးရှင်းယဲ့ ဒေါသတကြီး ထွက်သွားတာကို မြင်လိုက်ရ၍ စုချီယွဲ့မှာ သူ ရှင်းပြဖို့များလိုသေးလားလို့ သိချင်နေမိလေရဲ့။
"မစ္စတာစု ကားပေါ်တက်ပါ"
ဖန်းပိုင်ရဲ့ အသံမှာ အချိန်ကိုက် ထွက်ပေါ်လာကာ စုချီယွဲ့လည်း အာရုံပြန်ဝင်လာခဲ့သည်။
"မင်းတို့ အခုထိ မသွားရသေးဘူးလား?"
"ထန်လောင်ရှီးက မင်းကို ပြန်ပို့ပေးမယ်လို့ ကတိပေးထားတာဆိုတော့ ထုံးစံအတိုင်း သူက သူ့ကတိကို ဖျက်မှာမဟုတ်ပါဘူး"
စုချီယွဲ့ တစ်ကိုယ်တည်း တွေးနေမိလျက်။ ထန်ယဲ့ဟာ အေးစက်ပြီး အဆိပ်ပြင်းတယ်လို့ လူတိုင်းပြောကြတယ်။ သူ ရိုက်ကူးရေးလုပ်နေတဲ့အချိန်ကလွဲရင် သူစိမ်းတွေနဲ့ ဝေးဝေးနေတယ်ဆိုပဲ။ ဒါပေမဲ့ အခုက ကောလဟာလတွေနဲ့ ဘယ်လိုလုပ်ပြီး မတူတာတုန်းဟ?
ထန်ယဲ့ကားမှာ Bentleyဖြစ်သည်။ စုချီယွဲ့တစ်ယောက် ဤကဲ့သို့သော ဇိမ်ခံကားတစ်စီးကို ပထမဆုံးအကြိမ် စီးဖူးခြင်းပင်။ ပြောရရင်တော့ သူ အရင်က တစ်ခါမှမထိဖူးဘူးလို့ ပြောလို့ရတာပေါ့နော်။
ထန်ယဲ့က မျက်လုံးမှိတ်ကာ ထိုင်ခုံပေါ် မှီလျက် အနားယူနေခဲ့သော်လည်း အသံကြားတဲ့အခါ မျက်လုံးဖွင့်လိုက်၏။
"ပြဿနာတွေ ပြေလည်သွားပြီလား?"
"အင်း၊ ကျွန်တော်တို့ လမ်းခွဲလိုက်ကြပြီ"
စုချီယွဲ့ သဘာဝကျစွာပင် ပြောလာခဲ့သည်။
ထန်ယဲ့ ပါးစပ်ထောင့်မှာ ကွေးတက်လာပြီး အပြုံးလေးတစ်ခုပေါ်လာကာ
"ကျောင်းသားတွေက သူတို့ရဲ့ စာလေ့လာမှုကိုပဲ အာရုံစိုက်ထားသင့်တယ်နော်။ အနာဂတ်မှာ ပိုကောင်းတဲ့သူတွေကို တွေ့ဆုံရဦးမှာပါ"
စာရေးသူမှာ ပြောစရာရှိပါတယ်။
ထန်ယဲ့: အနာဂတ်မှာ မင်း ပိုကောင်းတဲ့သူတွေနှင့် သဘာဝကျကျပဲ တွေ့ဆုံရလိမ့်မယ်။ သူ့လိုလူမျိုးနဲ့ပေါ့!