အပိုင်း ၁၉၉
Viewers 14k

အခန်း(၁၉၉) - ဘာလို့ ယုတ္တိမရှိတာကို တုံ့ပြန်ခဲ့ရတာလဲ

 

တီးတိုးပြောနေသည့် အမျိုးသမီးနှစ်ယောက်က ရုတ်ရုတ်သဲသဲဖြစ်သံကြားတော့ လှည့်ကြည့်လိုက်ကာ ကောချွန်းရုကို တွေ့လိုက်တော့ ကသိကအောက်ဖြစ်သွားခဲ့လေသည်။

 

သူတို့က မလုံမလဲ ပြုံးပြပြီး ထွက်သွားခဲ့လေသည်။

 

ကောချွန်းရုရဲ့ ညီမက ရှောင်ယွမ်ရှစ်က ထိုကဲ့သို့သော လူစားမျိုး မဟုတ်ဘူးဟု ခံစားနေရသည်။

 

ဒါ့အပြင် သူမရဲ့ အစ်မကို စိတ်ငြိမ်အောင် အရင်နှစ်သိမ့်ပေးရမည်။

 

သူမက ကောချွန်းရုကို ကူတွဲပေးပြီး ဘေးနားမှာ ထိုင်ခိုင်းလိုက်သည်။ "အစ်မ သူတို့လျှောက်ပြောနေတာနေမှာပါ၊ သူတို့စကား နားထောင်မနေပါနဲ့။"

 

သူမက စားပွဲထိုးဖြင့် လက်ဖက်ရည်ပူပူလေး မှာပေးခဲ့သည်။

 

ကောချွန်းရုရဲ့ မျက်လုံးက ချက်ချင်း နီရဲသွားခဲ့သည်။

 

ဒီတစ်ခါတော့ သူမ ဟန်ဆောင်နေတာ မဟုတ်ပေ။ "တကယ်မဟုတ်ရင် သူတို့က ဘာလို့ ပြောနေပါ့မလဲ၊ မကြာသေးခင်က နင်ခဲအိုက ငါ့ဆီ လာလည်တာ နည်းသွားပြီး အိမ်ပြန်လည်း နောက်ကျနေခဲ့တယ်၊ သူ တစ်ခုခု မူမမှန်တာကို ငါသိပေမယ့် အလုပ်များနေတယ်လို့ထင်ခဲ့တယ်၊ တကယ်တော့ အပြင်မှာ ကိုယ်လုပ်တော်ရှိနေတာကိုး။"

 

အမျိုးသမီးတစ်ဦးရဲ့  ဆဋမအာရုံက များသောအားဖြင့် မှန်ကန်တိကျသည်။

 

ကောချွန်းယင်းက မျက်မှောင်ကြုတ်ခဲ့သည်။ "အစ်မ ညီမလေးတို့ သူတို့စကားပဲ နားထောင်လို့ မရဘူး၊ စုံစမ်းစစ်ဆေးဖို့ လိုတယ်။"

 

ထို့နောက် စားပွဲထိုးလေးက လက်ဖက်ရည် ပူပူတစ်ခွက်ကို ယူလာပေးခဲ့သည်။

 

ကောချွန်းရုက ထိုခွက်ကို ယူကာ မြေပေါ် ပစ်ခွဲခဲ့သည်။ "ဟုတ်တယ်၊ ငါတို့ စုံစမ်းရမယ်၊ အခုပဲ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်မယ်။"

 

သူမ တကယ်ကို ထိတ်ထိတ်ပျာပျာ ဖြစ်နေသည်။

 

ရှောင်ယွမ်ရှစ်က သူမ တစ်ယောက်တည်းရဲ့ အပိုင်သာ ဖြစ်ရမည်။

 

သူမဆီကနေ တစ်စုံတစ်ယောက်ကို ခိုးယူခွင့်ပြုမည်မဟုတ်ပေ။

 

ထို့ကြောင့် သူမက ညီမဖြစ်သူကို ဆွဲကာ လက်ဝတ်ရတနာဆိုင်ထဲကနေ ခြေလှမ်းကျဲကြီးဖြင့် ထွက်သွားခဲ့သည်။

 

စောနက သူမရဲ့ အပြုအမူကြောင့် လက်ဝတ်ရတနာတွေ ရွေးနေသည့် အမျိုးသမီးတွေကို သူမအပေါ် မကောင်းသည့် အမြင် ရစေခဲ့လေသည်။

 

သူတို့အိမ်ပြန်ရောက်သည့်အခါ သူတို့ရဲ့ မိသားစုဝင်တွေကို ကောချွန်းရုက ဘယ်လောက်တောင် စိတ်သဘောထားသေးသိမ်ကြောင်း ပြောပြမည်ဖြစ်သည်။

 

မကြာခင်မှာပဲ ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးသားနှင့် အကြီးဆုံးမြေးက ကိုယ်လုပ်တော်သုံးယောက်ကို ရှာတွေ့ခဲ့ကာ စစ်သူကြီးစံအိမ်ကို ခေါ်လာခဲ့သည်။

 

ရှောင်မိသားစုဟောင်းက သူမ ခင်ပွန်းအတွက် ကိုယ်လုပ်တော်သုံးယောက်ရှာပေးခဲ့တာကို ကောချွန်းရု သိပြီးနောက် သူမက လူလွှတ်ပြီး ရှောင်ယွမ်ရှစ် အချစ်ဇာတ်ခင်းနေလားဆိုတာ စောင့်ကြည့်ခိုင်းခဲ့သည်။

 

ရှောင်ခင်မကြီးနှင့် တခြားလူတွေနောက်ကို လိုက်ဖို့ လွှတ်ထားသည့် လက်အောက်ငယ်သားတွေက ထိုအမျိုးသမီးသုံးယောက်က သန့်စင်ကြောင်း တင်ပြခဲ့တော့ သူမ သွေးအန်မတတ် ဒေါသထွက်သွားခဲ့သည်။

 

သူမက စားပွဲကို ရိုက်ချလိုက်သည်။ "ဒါတော့ တော်တော်လွန်သွားပြီ။"

 

သူမက သူမရဲ့ အစေခံကို ညွှန်ကြားခဲ့သည်။ "လူလွှတ်ပြီး အဲ့မိန်းမတွေကိုဆွဲထုတ်လိုက်။"

 

ထိုရှောင်မိသားစုဟောင်းက သန့်စင်သည့် မိန်းကလေးတွေကို ရှာပေးပြီး သူမကို တမင်သက်သက် စိတ်အနှောက်အယှက်ပေးတာဖြစ်သည်။

 

သူမရဲ့ ညီမက သူတို့ကို တားလိုက်သည်။ "အစ်မ သူတို့ကို ပြဿနာရှာခွင့်ပေးလိုက်ပါ၊ ရက်အနည်းငယ်နေရင်ပဲ သူတို့ မြို့တော်ကနေ ထွက်သွားတော့မှာလေ၊ အစ်မ အခုချိန် မောင်းထုတ်လိုက်ရင် သူတို့က ဆင်ခြေရှာပြီး ဒီထက် ပိုကြီးတဲ့ ပြဿနာကို ရှာလိမ့်မယ်။"

 

သူမက တစ်စုံတစ်ခုကိုတွေးပြီးနောက် ပြောခဲ့သည်။ "သူတို့ကို အသက်ရှင်လျက်ထားပြီး စစ်သူကြီးရဲ့ မိသားစုတွေ သူ့အတွက် ရှာပေးတဲ့ ကိုယ်လုပ်တော်တွေက ဘယ်လိုလူတွေလဲဆိုတာ သူသိပါစေ၊ ဒါ အရှက်ခွဲတာ မဟုတ်ဘူးလား။"

 

မကြာသေးခင်က သူမ အစ်မက ပိုပိုပြီး စိတ်မရှည်ဖြစ်လာခဲ့သည်။

 

သူမက တကယ်ပဲ ရှောင်မိသားစုဟောင်းရဲ့ ရန်စခြင်းကို ခံခဲ့ရပုံပေါ်သည်။

 

သူမ၏ မျက်လုံးတွေကို မှေးကျဥ်းခဲ့သည်။

 

ဒီလူတွေအကုန်လုံးက ရှစ်ချင်းလျို့ရဲ့ နှိုးဆွပေးခြင်းကို ခံခဲ့ရတာ ဖြစ်သည်။

 

ဒီကိစ္စကို အခု သူမ မှတ်သားထားသည်။

 

အနာဂတ်ကျရင် သူမ အစ်မအတွက် သေချာပေါက် လက်စားချေပေးရမည်။

 

ညီမဖြစ်သူရဲ့စကားကိုကြားပြီးနောက် ကောချွန်းရုက စိတ်ငြိမ်သွားခဲ့သည်။ "ဟုတ်တယ် ဒီထောင်ချောက်ထဲကျပြီး ဟန်ချက်လဲသွားလို့ မဖြစ်ဘူး၊ သူတို့ကို စစ်သူကြီးစံအိမ်ကို ကိုယ်လုပ်တော်အဖြစ် ပို့လိုက်မှတော့ နေပါစေ။"

 

သူတို့ရဲ့ နောက်ခံကို သိခြင်းအားဖြင့် သူမ ခင်ပွန်းက သူတို့ကို ထိမှာ မဟုတ်ကြောင်း သူမ သေချာသည်။

 

အနည်းဆုံးတော့ ရှောင်သခင်မကြီးက ကိုယ်လုပ်တော်အပျိုသုံးယောက်ရှာပေးတာထက် ပိုကောင်းသည်။

 

အကယ်၍ ရှောင်ယွမ်ရှစ် သူတို့ကို မတော်တဆ ထိခဲ့ပါက သူမ ရွံရှာမိလိမ့်မည်။

 

ကောချွန်းယီးက သူမ အစ်မရဲ့ ကျောကို နူးညံ့စွာပုတ်ပေးခဲ့သည်။ "ဒါကြောင့် ဒေါသ မထွက်ပါနဲ့ အစ်မ။"

 

ရှောင်ယွမ်ရှစ် ပြန်လာသည့်အခါ ထိုသတင်းကိုကြားတော့ သူ ဒေါသ မထွက်ခဲ့ပေ။

 

ရွံရှာစိတ်သာ ဖြစ်ခဲ့သည်။

 

ဒါက ရှောင်မိသားစုဟောင်းလုပ်ခဲ့တာဖြစ်ကာ သူက မထိရုံသာ ကျန်တော့သည်။

 

ရှောင်မိသားစုဟောင်း မြောက်ပိုင်းနယ်စပ်ကို သွားပြီးသည့်နောက်မှ သူတို့ကို အဝေးကို ပို့ပစ်ရမည်။

 

ထိုညမှာပဲ သူက ကောချွန်းရုရဲ့ အဆောင်ကို အနားသွားယူခဲ့သည်။ သူမကိုလည်း နှစ်သိမ့်ပေးချင်ခဲ့သည်။

 

ဒီကိစ္စကို ကောချွန်းရုက ပြဿနာ မရှာခဲ့ပေ။

 

ထိုအစား ရှောင်ယွမ်ရှစ် ပျော်အောင် နူးညံ့စွာ ပြုစုပေးခဲ့သည်။

 

ထိုရက်တွေထဲမှာ ဆရာဟုန်က ရှောင်ဟန်ကျန့်ကိုခေါ်ပြီး သူ့မိတ်ဆွေဟောင်းတွေဆီ သွားလည်ခဲ့သည်။

 

သူ့ကို လူမှုအသိုင်းအဝိုင်း ဖြန့်ကျက်ပေးရင်း သူ့တပည့်ကို လမ်းပြသင်ကြားပေးဖို့ ပြောခဲ့သည်။

 

ဒါတွေဟာ တခြား အခြေခံစာသင်သားတွေ အဆင့်မြင့်စာသင်သားတွေ မျှော်လင့်နေသည့် အရာတွေ ဖြစ်သည်။

 

ထို့ကြောင့် အာဏာရှိသည့် ဆရာကို ရှာတွေ့ဖို့ အရေးကြီးတာ ဖြစ်သည်။

 

ဆရာဟုန်က ရှောင်ဟန်ကျန့်ကို မြို့တော်မှာ အရာရှိဖြစ်နေသည့် သူ့စီနီယာနှစ်ယောက်နှင့်တွေ့ဖို့လည်း ခေါ်သွားသေးသည်။

 

သူတို့ထဲမှ တစ်ယောက်က တခြားမြို့မှာ တာဝန်ကျနေတာကြောင့် ဒီတစ်ခါတော့ သူ မတွေ့ခဲ့ရပေ။

 

ထိုအချိန်တွေမှာပဲ ရှီရုံနှင့် ကျန်လူတွေက ရှစ်ချင်းလျို့ကို နေ့တိုင်း အပြင်သွားဖို့ ခေါ်သွားခဲ့သည်။

 

သူမက မြို့တော်ကအထက်တန်းလွှာအုပ်စုထဲ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့သည်။

 

စကိတ်ဘုတ်ပြား၊ မာကျောက်နှင့် ဖဲတွေကို ရှစ်ချင်းလျို့ ဖန်တီးခဲ့ကြောင်း သူတို့တွေ သိသည်။

 

ဒါ့အပြင် ရှီရုံ၊ ရှီလွေ့နှင့် လျန်ယို့ရှောင်ပင် ရှစ်ချင်းလျို့ကို အသိအမှတ်ပြုသဖြင့် တခြားအထက်တန်းလွှာက သခင်လေးတွေကလည်း သူမနှင့် အတူတူ လျှောက်သွားဖို့ စိတ်ဝင်စားခဲ့သည်။

 

သို့ပေမယ့် ရက်အနည်းငယ်ကြာပြီးနောက် ဝန်ကြီးတစ်ယောက်က နန်းတွင်းအစေခံတွေဖြင့် သူမကို လာရှာခဲ့သည်။

 

စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ရှစ်ချင်းလျို့နှင့် ပြောင်းသီးနှံ ကြီးထွားရေးအတွက် ဆွေးနွေးရန် လာရှာတာ ဖြစ်သည်။

 

ရှစ်ချင်းလျို့က ဘာမှ မဖုံးကွယ်ထားဘဲ ပြောင်းပင်တွေ ကြီးထွားဖို့ သူမ သိသမျှ အကုန်ပြောပြခဲ့သည်။

 

မြေကြီးကို ဘယ်လိုမျိုး ဓာတ်မြေသြဇာတွေထည့်ပေးရမလဲဆိုသည့် အကြံတချို့လည်း ပေးခဲ့သည်။

 

စိုက်ပျိုးမွေးမြူရေးဝန်ကြီးက နားထောင်နေရင်း မျက်လုံးတွေ တောက်ပနေခဲ့သည်။

 

သူမက စိုက်ပျိုးရေး အကြောင်း အများကြီး သိနေလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။

 

ထို့ကြောင့် သူက မေးခွန်းတွေ အများကြီး မေးခဲ့ပြီး ရှစ်ချင်းလျို့က အကုန်ပြန်ဖြေပေးရုံသာမက အကြံကောင်းတချို့လည်း ပေးခဲ့သေးသည်။

 

စိုက်ပျိုးမွေးမြူရေးဝန်ကြီးက အလွန်စိတ်လှုပ်ရှားသွားခဲ့ပြီး ရှစ်ချင်းလျို့ကို တော်ဝင်ယာစိုက်ခင်းထဲ လာလည်ဖို့ ဖိတ်ခေါ်ခဲ့လေသည်။

 

ရှောင်ဟန်ကျန့်က ဆရာဟုန်နှင့် အပြင်ထွက်သွားခဲ့သည်။

 

ရှီရုံနှင့် နန်းတွင်းအခြွေအရံတွေက သူတို့ကို အဖော်ပြုပေးနေတာကြောင့် သူမက သဘောတူခဲ့သည်။

 

ရှီလွေ့နှင့် လျန်ယို့ရှောင်က ဒီနေ့တော့ သူတို့သူငယ်ချင်းရဲ့ မွေးနေ့ကို သွားတာကြောင့် မပါခဲ့ပေ။

 

တော်ဝင်ယာစိုက်ခင်းထဲရောက်ပြီးနောက် ဝန်ကြီးနှင့်ကျန်သည့်လူတွေက ပြောင်းတွေ အများကြီး စိုက်ပျိုးထားကာ စပါးနှင့် ဂျုံကို ဘယ်လိုအထွက်နှုန်းတိုးအောင် လုပ်ရမလဲဆိုတာ သုတေသနပြုနေတာကို သူမ တွေ့ခဲ့သည်။

 

သူမက အကြံပြုချက်တချို့ပေးခဲ့တော့ ဝန်ကြီးနှင့် ကျန်သည့်လူတွေက စိတ်လှုပ်ရှားသွားခဲ့သည်။

 

သူမသာ အမျိုးသမီး မဟုတ်ပါက သူမကို သူတို့ရဲ့ လူယုံတော်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်သည်။

 

သူတို့တွေက စုဝေးကာ ဆွေးနွေးနေတုန်း ရှစ်ချင်းလျို့နှင့် ရှီရုံက လျှောက်ပတ်ကြည့်နေခဲ့သည်။

 

ရှီရုံက ပျင်းရိနေသည်။ "လျို့လျို့ အနီးအနားက တောင်မှာ အမဲလိုက်ရအောင်။"

 

သူမက ထပ်ပြောခဲ့သည်။ "အဲ့တောင်က တော်ဝင်မျိုးရိုး အမဲလိုက်ဖို့အတွက်လေ၊ ငါ မရောက်တာကြာလှပြီ။"

 

ရှစ်ချင်းလျို့က အမဲလိုက်ရတာ သိပ်စိတ်မဝင်စားသော်လည်း သူမရဲ့ သူငယ်ချင်းကောင်းလေးကို အလွန်အလိုလိုက်သည်။

 

"ဒါပေါ့ ငါနင့်ကို အဖော်ပြုပေးမယ်။"

 

ရှီရုံရဲ့မျက်နှာထက်မှာ အပြုံးခပ်ကြီးကြီးဖြစ်ပေါ်သွားပြီးနောက် သူမက ရှစ်ချင်းလျို့၏ လက်ကို ကိုင်လိုက်သည်။ "လျို့လျို့က အကောင်းဆုံးပဲ။"

 

ထို့ကြောင့် သူတို့နှစ်ယောက်က သူတို့ရဲ့လူတွေကိုခေါ်ကာ အမဲလိုက်ဖို့ ထိုတောင်ကို သွားခဲ့သည်။

 

ရှီရုံက သူမ မြင်းကိုတောင်ပေါ်တက်ဖို့ အမိန့်ပေးပြီးကတည်းက လွတ်လပ်သည့် မိန်းကလေး ဖြစ်သွားကာ ဒရယ်နောက်ကို အတင်းလိုက်ခဲ့လေသည်။

 

ရှစ်ချင်းလျို့က မြင်းဇက်ကြိုးကိုင်ပြီး အနီးအနားပတ်စီးနေကာ အသုံးဝင်သည့် ဆေးမြစ်များ တွေ့မလားဟု ရှာဖွေနေခဲ့သည်။

 

ရှစ်ချင်းလျို့က ပတ်သွားပြီးနောက် အကွာအဝေးတစ်ခုကို ရောက်သည့်အချိန်မှာ ဂျင်ဆင်းပင်ကို တွေ့လိုက်လေသည်။

 

ထို့နောက် သူမက မြင်းပေါ်ကဆင်းပြီး ဂျင်းဆင်းကို တူးယူခဲ့သည်။

 

သူမက ဂျင်ဆင်းတူးနေတုန်းမှာပဲ ရုတ်တရက်ကြီး သွေးနံ့ ရလိုက်လေသည်။

 

သူမက ဂျင်ဆင်းကို ခပ်မြန်မြန်တူးပြီး သိမ်းပြီးနောက် သွေ့နံ့အတိုင်း လျှောက်သွားလိုက်သည်။

 

ထို့နောက် ချည်ပိုးထည်အဖြူကို ဝတ်ဆင်ထားသော ချောမောသည့် လူငယ်တစ်ယောက်ကို တွေ့လိုက်လေသည်။

 

သူက သစ်ပင်ကြီးတစ်ပင်ကို မှီထားပြီး အခုမှ ကပ်ဘေးက လွတ်လာသလို ပင့်သက်ရှိုက်နေသည်။

 

သူ့ဘယ်ပုခုံးက ဒဏ်ရာရထားကာ အဝတ်အထည်က သွေးစေးတွေဖြင့် ခြောက်နေသည်။

 

သူက ရုတ်တရက် ပေါ်လာသည့် ရှစ်ချင်းလျို့ကိုမြင်ပြီးနောက် ကြက်သေ သေသွားကာ သတိထားစွာ ကြည့်လိုက်သည်။ "ဘယ်သူလဲ။"

 

ရှစ်ချင်းလျို့က အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ "ကျွန်မ ဘာမှ မမြင်ခဲ့ဘူး။"

 

ထို့နောက် သူမက လှည့်ထွက်သွားဖို့ ပြင်လိုက်သည်။

 

သူမက သူ့ကို ကူညီဖို့ကော ကယ်တင်ဖို့ကော အစီအစဥ်မရှိပေ။

 

ဒီနေရာက တော်ဝင်မျိုးရိုးတွေ အမဲလိုက်သည့် နေရာ ဖြစ်သည်။

 

ဒါ့အပြင် ထိုအမျိုးသားဝတ်ဆင်ထားသည့် အဝတ်အစားနှင့် အသုံးအဆောင်တွေအရ သူက သာမာန်လူ မဟုတ်နိုင်ပေ။

 

အဓိကအချက်က အလွန်ကို တိုက်ဆိုင်လွန်းနေသည်။

 

ထိုလူက နောက်ယောင်ခံလိုက်ပြီး သူမနှင့် မတော်တဆ ဆုံတာလား။

 

အကယ်၍ မတော်တဆိုရင်တောင် သူမ သွားရှုပ်လို့ မရပေ။

 

သူမက အိမ်ထောင်ရှိ အမျိုးသမီးဖြစ်ကာ သူစိမ်းယောက်ျားကို ကယ်စရာ မလိုပေ။

 

သူ့ပုံကြည့်ရတာလည်း သေနိုင်မည့်ပုံ မပေါ်ပေ။

 

သူက သာမာန်လူဟုတ်ပုံမရတာကြောင့် မကြာခင်မှာ သူ့လူတွေက ရှာတွေ့နိုင်သည်။

 

အကယ်၍ သူက တမင်သက်သက် လုပ်ခဲ့ရင်လည်း သူမ သွားရှုပ်လို့ မရပေ။

 

သူမကို ပြဿနာ ဖြစ်စေနိုင်သည်။

 

သူမ လှည့်ထွက်သွားသည့်အချိန်မှာ ထိုအမျိုးသားက ထိတ်လန့်အံ့သြသည့် အမူအရာ ဖြစ်သွားကြောင်း ရှစ်ချင်းလျို့ မသိခဲ့ပေ။

 

သူက ရှစ်ချင်းလျို့ ဤကဲ့သို့ တုံ့ပြန်မည်ဟု မထင်မိခဲ့ပေ။

 

သူမက ကူညီသင့်တာ မဟုတ်ဘူးလား။

 

ထိတ်လန့်တဲ့ အမူအရာ ဒါမှမဟုတ် ကြောင်အသွားတာမျိုး ဖြစ်ရမှာ မဟုတ်လား။

 

ဘာလို့ ယုတ္တိမရှိတာကို တုံ့ပြန်ခဲ့ရတာလဲ။