အပိုင်း ၂၀၃
Viewers 14k

 

အခန်း(၂၀၃) - မောင်မင်းသင့်တော်သလိုလုပ်လိုက်

 

ဘုရင်ကြီးက စားပွဲရှေ့ထိုင်ကာ စာရွက်စာတမ်းတွေကို လှန်ကာ သာမာန်ကာလျှံကာဖြင့် ဖတ်နေသည်။

 

တစ်ဖက်က ရှောင်ယွမ်ရှစ်ကတော့ ဝန်ခံချက်ပေးထားတာကိုမြင်ပြီး ထိတ်လန့်နေခဲ့သည်။

 

သူက ဖော်ထုတ်ခံရဖို့ ပြင်ဆင်ပြီးသားဖြစ်သော်လည်း ဘုရင်ကြီးကိုယ်တိုင် သူ့ကိုခေါ်ကာ ဝန်ခံချက် ဖတ်ခိုင်းမည်ဟု မထင်မိခဲ့ပေ။

 

ဖတ်ပြီးသည့်နောက် သူ့နဖူးကနေ ချွေးတွေကျလာခဲ့သည်။

 

ထို့နောက် ရှောင်ယွမ်ရှစ်က အံ့သြစွာ ခေါင်းမော့ပြီး ပြောခဲ့သည်။ "အရှင်မင်းကြီး မော့ရန်က ကျွန်တော်မျိုး ယောက်ဖတော်ရဲ့ အစောင့်ပါ၊ သူ လုပ်ကြံသတ်ဖြတ်သူတွေကို ငှားခဲ့လိမ့်မယ်လို့ တကယ် မထင်မိပါဘူး ဘုရား။"

 

ဘုရင်ကြီးက သူ ဖတ်လက်စ စာစောင်တွေဆီကနေ အကြည့်ရွှေ့လိုက်သည်။ "မောင်မင်း ယောက်ဖတော်ရဲ့ အစောင့်မှာ ရှောင်ဟန်ကျန့်တို့ကို သတ်ဖြတ်ဖို့အထိ ရန်ငြိုးရှိလို့လား။"

 

သူက စကားလမ်းကြောင်းပြောင်းပြီး အေးစက်ခက်ထန်စွာ ပြောခဲ့သည်။ "ဒါမှမဟုတ် သူက တခြားနိုင်ငံက သူလျှိုဖြစ်ပြီး မျိုးစေ့တွေဆက်သတဲ့လူကို သတ်ပြီး ငါကိုယ်တော်ကို အပြစ်ပုံချချင်တာလား၊ ပြီးရင် ငါကိုယ်တော်က ကောင်းကင်ဘုံကနေ ချီးမြှင့်တဲ့ မျိုးစေ့ဆက်သသူ လင်မယားကိုတောင် မကာကွယ်နိုင်တဲ့ ဘုရင်ဆိုပြီး အပြစ်ပုံချချင်တာလား။"

 

ဒီတစ်ခါတော့ ရှောင်ယွမ်ရှစ်က နောက်ကျောမှာပင် ချွေးတွေစို့လာကာ ဒူးထောက်ချခဲ့လေသည်။ "အရှင်မင်းကြီးရဲ့ ဉာဏ်အမြော်အမြင်ကြီးလှတဲ့ ဆုံးဖြတ်ချက်နဲ့ သူက ကျွန်တော်မျိုးတို့ရန်သူ့နိုင်ငံက သူလျှိုဟုတ်မဟုတ်ဆိုတာ ရုံးတော်ကို စုံစမ်းခိုင်းလိုက်ပါ၊ သူ့ကို ကျွန်တော်မျိုး ကောင်းကောင်း မသိပါဘူး။"

 

ဘုရင်ကြီးက အဓိပ္ပာယ်ပါပါ မေးခဲ့သည်။ "သူက ရန်သူ့နိုင်ငံကသူလျှိုလို့ မောင်မင်း ထင်လား။"

 

ရှောင်ယွမ်ရှစ်က ခဏလောက်တွေးပြီး သတိထားစွာ ဖြေခဲ့သည်။ "ကျွန်တော်မျိုး အလောတကြီး မဆုံးဖြတ်ရဲပါဘူးဘုရား၊ ကျွန်တော်မျိုးရဲ့ ယောက်ဖတော်က ဒီကိစ္စရဲ့ နောက်ကွယ်မှာရှိမယ်လို့ ထင်ပါတယ်ဘုရား။"

 

နန်းတော်ကို မဆင့်ခေါ်ခံရခင်ကတည်းက မကောင်းသည့် ခံစားချက်တွေ ရနေခဲ့သည်။

 

ကံကောင်းချင်တော့ သူက အစီအစ ဥ်ကြိုချထားခဲ့သည်။

 

အစကနေ အဆုံးအထိ သူ့လူတွေကို မထွက်ခိုင်းခဲ့ပေ။ ထိုအစား ကောချွန်းယီရဲ့ လက်ထောက်တွေကို ခိုင်းခဲ့သည်။

 

လူသတ်သမားတွေကို ငှားရမ်းခဲ့သော်လည်း ထိုကိုပို့ဖို့ စီစဥ်ခဲ့သူမှာ သူ ဖြစ်သည်။

 

မော့ရန်ရဲ့ မိသားစုက သူ့လက်ထဲမှာရှိနေကာ အစကနေအဆုံးအထိ ကောချွန်းယီရဲ့ လူတွေ လုပ်ခဲ့တာ ဖြစ်သည်။

 

သူ ကောချွန်းယီကို မွေးမြူထားတာက သူ့ဇနီးရဲ့ မောင်ဖြစ်နေလို့ဆိုသည့် အကြောင်းပြချက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ တစ်ဖက်လူကို အသုံးချရအောင် ဖြစ်သည်။

 

အကယ်၍ ကောချွန်းယီသာ ကောင်းကောင်းလုပ်ခဲ့ပါက အနာဂတ်မှာ သူ့ရဲ့ ညာလက်ရုံး ဖြစ်လာနိုင်သည်။

 

အကယ်၍ သူသာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာတာမျိုး သို့မဟုတ် သူ့မှာကောင်းမွန်သည့်အနာဂတ်ရှိကာ သူ့ကိုစွန့်ခွာသွားမည်ဆိုပါက ကောချွန်းယီကို ရှင်းထုတ်ဖို့ နည်းလမ်းများစွာ ရှိသည်။

 

အခု ကောချွန်းယီက အသုံးမဝင်တော့တာကြောင့် သူ့ကို ကောင်းကောင်း အသုံးချရမည်။

 

သူက သူ့လုပ်ရပ်အတွက် ဘယ်တော့မှ သဲလွန်စချန်လေ့ မရှိတာကြောင့် ချွေးမဖြစ်သူကို ရှင်းထုတ်ချင်ပါက သူ့လူတွေကို ထုတ်သုံးလို့ မရပေ။

 

သူက သေသေချာချာ စီစဥ်ခဲ့တာကြောင့် သူ့ကို နောက်ကြောင်းလိုက်ဖို့ မဖြစ်နိုင်ပေ။

 

ကောချွန်းယီက သူကိုယ်တိုင် ဖြန့်ပြထားသည့် အကွက်တစ်ခုသာ ဖြစ်သည်။

 

အများဆုံးမှ ကောချွန်းယီကို ကောင်းကောင်း မထိန်းနိုင်လို့ အပြစ်တင်ခံရရုံသာ ရှိသည်။

 

ဘုရင်ကြီးက မျက်ခုံးပင့်ခဲ့သည်။ "မောင်မင်းရဲ့ ယောက်ဖက လူသတ်သမားငှားပြီး ရှောင်ဟန်ကျန့်တို့ဇနီးမောင်နှံကို ဘာလို့ သတ်ခိုင်းတာလဲ၊ ရန်ငြိုးတွေများရှိလို့လား။"

 

ရှောင်ယွမ်ရှစ်က ရင်တုန်သွားခဲ့သည်။

 

နောက်ဆုံးအပိုင်းကိုတော့ သူဝန်မခံနိုင်ပေ။

 

မဟုတ်ပါက သူ့ယောက်ဖပါ ရန်သူ့ရဲ့ သူလျှိုအဖြစ် ပတ်သက်သွားနိုင်သည်။

 

သူက နာကျင်သည့်အမူအရာထုတ်ပြခဲ့သည်။ "သူက ရှောင်ဟန်ကျန့်တို့လင်မယားကို မနာလိုနေတာ ဖြစ်နိုင်ပါတယ်၊ မူလက သူ့မှာ တောက်ပတဲ့ အနာဂတ်ရှိနေတာကို ရှီလွေ့ကြောင့် ခြေထောက်ဖြတ်ခံလိုက်ရပါတယ်၊ ရှီလွေ့နဲ့ ရှောင်ဟန်ကျန့်တို့လင်မယားက ဆက်ဆံရေးကောင်းတယ်လို့ကြားတော့ သူက အငြိုးထားပြီး လက်စားချေချင်တာဖြစ်မယ်၊ ရှစ်ချင်းလျို့က သွေးထိုးပေးလို့ ရှီလွေ့က လုပ်တယ်လို့ သူထင်နေတာလေ၊ မျိုးစေ့တွေဆက်သတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သူတို့ကို မကျေမနပ် ပိုဖြစ်သွားတာ၊ ဒါကြောင့် လူသတ်သမားတွေ ငှားရမ်းခဲ့တာ ဖြစ်မယ်၊ သူတို့ သူလျှို ဟုတ် မဟုတ် ဆိုတာ အရှင်မင်းကြီးက သေချာစုံစမ်းပေးတော်မူပါဘုရား။"

 

လူသတ်သမားတွေ ငှားပြီးကတည်းက သူက ကြိုတင်ပြင်ဆင်မှုလုပ်ပြီးသား ဖြစ်သည်။

 

အကယ်၍ ဒီကိစ္စတွေသာ ဖော်ထုတ်ခံလိုက်ရပါက ကောချွန်းယီဆီ အကုန်အပြစ်ပုံချပစ်မည် ဖြစ်သည်။

 

သူ ကောချွန်းယီကို နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့ကာ အခုတော့ သူ့ကို ကျေးဇူးပြန်ဆပ်ရမည့် အချိန်ကျပြီဖြစ်သည်။

 

ဘုရင်ကြီးက ရှောင်ယွမ်ရှစ်ကို ကြည့်ခဲ့သည်။ "မောင်မင်း ယောက်ဖတော်ရဲ့ အကျင့်စရိုက်က တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ။"

 

ရှောင်ယွမ်ရှစ်က သက်ပြင်းချခဲ့သည်။ "သူက ဒီလိုစိတ်ထားသေးသိမ်ပြီး အကြင်နာမဲ့တဲ့လူအဖြစ် ကြီးပြင်းလာလိမ့်မယ်လို့ မထင်မိခဲ့ဘူး၊ ကျွန်တော်မျိုးရဲ့ အမှားပါ။ သူ့ကို ဒီလိုလုပ်ခွင့်မပေးခဲ့သင့်ဘူး၊ သူ ဒီလိုလုပ်ခဲ့တာကိုလည်း ကျွန်တော်မျိုး သတိမပြုမိခဲ့ပါဘူး။"

 

သူက အရင်တောင်းပန်ခဲ့သည်။ "ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ အရှင်မင်းကြီး။"

 

ဘုရင်ကြီးက မျက်လုံးမှေးကျဥ်းခဲ့သည်။ "ရှောင်ဟန်ကျန့်က မောင်မင်းရဲ့သားလို့ကြားတယ် ဟုတ်လား။"

 

ရှောင်ဟန်ကျန့်သာ အောင်မြင်မှု ရသွားပါက သူတို့ရဲ့ ဆက်ဆံရေးကို သိသွားကြမှာကို ရှောင်ယွမ်ရှစ်က သိပြီးသား ဖြစ်သည်။

 

သူက မလိုလားသော်လည်း အခုတော့ ရင်ဆိုင်ရပြီဖြစ်သည်။

 

"ရှောင်ဟန်ကျန့်က ကျွန်တော်မျိုးရဲ့ သားပါ၊ ဒါပေမဲ့ ဆွေခန်းမျိုးခန်းဖြတ်တောက်ပြီးသွားပါပြီ။"

 

သူက မငြင်းဆန်ခဲ့ပေ။ ထိုအစား ရှက်ရွံ့သည့်အမူအရာဖြင့် ပြောခံသည်။ "ဒီကိစ္စမှာ သွေးပူနေတုန်း ဆုံးဖြတ်ချက်ချခဲ့တဲ့ ကိုယ့်ဘာသာကိုယ်ပဲ အပြစ်တင်မိပါတယ်၊ လက်ရှိ ဇနီးအတွက် ဒီလိုစကားကို ကျွန်တော်မျိုး မပြောခဲ့သင့်ပါဘူး၊ အဲ့တုန်းက ကျန့်အာကလည်း ချက်ချင်းသဘောတူလိမ့်မယ်လို့ မထင်မိခဲ့ပါဘူးဘုရား၊ မြို့တော်ကို မပြန်ခင်တုန်းက ကျွန်တော်မျိုးက သူ့ကိုခေါ်ပြီး ပျိုးထောင်ပေးချင်ခဲ့ပေမယ့် သူက ငြင်းဆန်ခဲ့ပါတယ်၊ အဲ့တုန်းက ဖခင်ရဲ့ ဂုဏ်သိက္ခာကို စိန်ခေါ်ခံလိုက်ရသလို ခံစားလိုက်ရပါတယ်၊ ဒါ့အပြင် ကျွန်တော်မျိုးဇနီးရဲ့ ကိုယ်ဝန်က ကျန့်အာရဲ့ အမေကြောင့် ပျက်ကျသွားခဲ့ပါတယ်၊ ကျွန်တော်မျိုးက အလွန်ဒေါသထွက်နေတာကြောင့် သူတို့နဲ့ ထပ်မပတ်သက်ချင်တော့လို့ပါ၊ အစကတော့ သူတို့ကို မြို့တော်ကို မခေါ်ခင် အချိန်တစ်ခုအထိ ထားခဲ့ဖို့ တွေးခဲ့တာပါ၊ အဲ့ကိစ္စကို ကျွန်တော်မျိုးတို့ဇနီးမောင်နှံ စံအိမ်မှာ ဆွေးနွေးနေတာကို ယောက်ဖတော်က ကြားပြီး ကျန့်အာတို့လင်မယားကို ပိုမုန်းသွားပြီး သတ်ဖို့ လူတွေငှားခဲ့တာဖြစ်နိုင်ပါတယ်ဘုရား၊ ဒါတွေအကုန်လုံးက ကျွန်တော်မျိုးရဲ့ အမှားတွေဖြစ်တာကြောင့် အရှင်မင်းကြီး ကျွန်တော်မျိုးကို အပြစ်ပေးတော်မူပါ။"

 

ဘုရင်ကြီးရဲ့ရှေ့မှာ ခံပြောနေလို့ အသုံးမဝင်ပေ။

 

အမှန်အတိုင်း ဝန်ခံလိုက်တာ ပိုကောင်း၏။

 

ထိုအခါမှ သူ့ဘာသာသူ သေတွင်းက ကယ်နိုင်မည်ဖြစ်သည်။

 

သူက တစ်ချိန်လုံး ဒူးထောက်နေခဲ့ပေမယ့် အချိန်ကြာသည်အထိ ဘုရင်ကြီးရဲ့ ပြန်ဖြေသံကို မကြားခဲ့ပေ။

 

သူက အလွန်ပျာယာခတ်နေပေမယ့် မနည်းတည်ငြိမ်အောင် နေနေရသည်။

 

ခဏနေပြီးနောက် ဘုရင်ကြီးက ပြောခဲ့သည်။ "သိပြီ၊ ဒီကိစ္စမှာ မောင်မင်းလည်း စိတ်ရှုပ်ထွေးခဲ့မှာပေါ့၊ မကြာခင်က မြို့တော်မှာ မောင်မင်းတို့စံအိမ်အကြောင်း မကောင်းသတင်းတွေ ပြန့်နေတယ်၊ အပြင်လူတွေက ဒီကိစ္စကို လှောင်ပြောင်နေကြတယ်၊ မောင်မင်းက စစ်ရေးမှာ တော်ပေမယ့် မိသားစုအရေး ဖြေရှင်းရာမှာ ညံ့ဖျင်းတယ်၊ မြို့တော်မှာ စစ်သူကြီးကို အထင်သေးတာမျိုး မလိုချင်ဘူး။"

 

သူက ထပ်ပြောခဲ့သည်။ "စံအိမ်ကို ငြိမ်းအေးအောင် လုပ်တာက အကောင်းဆုံး ရှေ့ဆက်ရမယ့် နည်းလမ်းပဲ။"

 

ရှောင်ဟန်ကျန့်က ချက်ချင်း အရိုအသေပေးခဲ့သည်။ "မှန်လှပါဘုရား အခုကစပြီး ကျွန်တော်မျိုးရဲ့ မိသားစုကို ဂရုစိုက်ပါ့မယ်ဘုရား။"

 

ဘုရင်ကြီးက ခေါင်းငြိမ့်ပြခဲ့သည်။ "ပြန်ပြီး ကိုယ့်ဘာသာကိုယ် သုံးသပ်လိုက်၊ အကယ်၍ ငါကိုယ်တော်ကို အပြစ်ပေးစေချင်ရင် မောင်မင်းကို လွှဲပေးလိုက်မယ်။"

 

ထို့နောက် သူက နက်နက်နဲနဲတွေးကာ ပြောလိုက်သည်။ "မောင်မင်းကို မျှော်လင့်ထားတာမလို့ စိတ်မပျက်ရစေနဲ့။"

 

ထိုစကားကို ရှောင်ယွမ်ရှစ်ကြားတော့ စိတ်အေးသွားခြင်း မရှိသည့်အပြင် ပိုစိတ်လှုပ်ရှားသွားခဲ့သည်။

 

သူအကြောက်ဆုံးက ဘုရင်ကြီးကိုယ်တိုင် သူ့ကို အပြစ်မပေးမှာ စိုးရိမ်တာ ဖြစ်သည်။

 

အနာဂတ်မှာ ဒုက္ခအကြီးကြီး ရောက်နိုင်သည်။

 

ကြည့်ရတာ ကိုယ့်အသားကိုယ်ဖြတ်ထုတ်ပစ်ရမည့် ပုံပေါ်သည်။

 

မဟုတ်ပါက ကိစ္စတွေက အခြေအနေကောင်းမည် မဟုတ်ပေ။

 

ထိုသားဆိုးသားမိုက်လင်မယားက သူ့တက်လမ်းကို ဟန့်တားဖို့ တကယ်ရောက်လာခဲ့တာပဲ။

 

ဟိုးတုန်းက ကောင်းကောင်းထောက်ပံ့ခဲ့ကာ ရခဲ့သည့် အာဏာက အခုတော့ လေထဲပျောက်ကွယ်သွားပြီဖြစ်သည်။

 

သူ့နှလုံးသားက သွေးစိမ်းတွေ ထပ်မံ စီးကျလာခဲ့ပြန်သည်။

 

သို့ပေမယ့် သူ့ရဲ့ အရာရှိ အသက်မွေးဝမ်းကြောင်းနှင့် ဒီကိစ္စကို ဘုရင်ကြီး တေးမှတ်မထားစေရန်အတွက် သူအရှုံးပေးရမည်သာဖြစ်သည်။

 

သူက အကြိမ်အနည်းငယ် အရိုအသေပေးခဲ့သည်။ "မှန်လှပါ ကျွန်တော်မျိုး ကိုယ့်ဘာသာကိုယ် ပြန်သုံးသပ်လိုက်ပါ့မယ်ဘုရား၊ အရှင်မင်းကြီးကို ထပ်စိတ်မပျက်စေရပါဘူးဘုရား။"

 

သေချာပေါက်ကို အခုတော့ ထုတ်ပြလို့ မရသေးပေ။ မဟုတ်ပါက ဘုရင်ကြီး မည်သို့ထင်သွားမည်နည်း။

 

သူ တချို့ကိစ္စကို စီစဥ်ရမည်။

 

ကူညီထောက်ပံ့ပေးဖို့ အခွင့်အရေး ရှာရမည်။

 

ဘုရင်ကြီးက ရှောင်ယွမ်ရှစ်ရဲ့ ကိုယ်ခန္ဓာဟန်ပန်ကိုကြည့်ပြီး သူ ရှောင်ယွမ်ရှစ်ကို အောင်မြင်စွာ လဲချလိုက်နိုင်ပြီဆိုတာ သိလိုက်လေသည်။

 

ထိုပစ္စည်းကို ရှောင်ယွမ်ရှစ် သူ့အမှားအတွက် ဘယ်အချိန်မှ ထုတ်ပေမလဲဆိုတာ စောင့်ကြည့်ရုံသာ ကျန်သည်။

 

ရှောင်ဟန်ကျန့်တို့ လင်မယားက သူ့အတွက် ကံကောင်းခြင်းကြယ်တွေဆိုတာ ပြောစရာကို မလိုပေ။

 

ဒီအကြီးတန်းစစ်သူကြီးက အနည်းငယ် တစ်ကိုယ်ကောင်းဆန်သည်။

 

ဘုရင်ကြီးက ခဏလောက်တွေးကာ ပြောခဲ့သည်။ "လူသတ်သမားတွေကိုငှားပြီး လူသတ်ခိုင်းတဲ့လူက ထိုက်သင့်တဲ့ဒဏ်ကို ခံရမယ်၊ အကယ်၍ ဒီကိစ္စသာ ပျံ့နှံ့သွားပါက မကောင်းဘူး၊ ဒီကိစ္စကို တရားစီရင်ရေးဝန်ကြီးဌာနကို မလွှဲပေးတော့ဘူး။"

 

သူက ဆက်ပြောခဲ့သည်။ "ချစ်ခင်ရတဲ့စစ်သူကြီးရဲ့ မျက်နှာကို ထောက်ပြီး သူ့အသက်ကိုတော့ မယူတော့ဘူး၊ ဒါပေမဲ့ မောင်မင်းရဲ့ ယောက်ဖတော်က ဥပဒေချိုးဖောက်ခဲ့တာကြောင့် ဒီတိုင်း လွှတ်ပေးလိုက်လို့ မရဘူး၊ ဒီကိစ္စကို မောင်မင်း ကိုင်တွယ်လိုက်။"

 

ရှောင်ယွမ်ရှစ်က ရူးသွားတော့မလို ဖြစ်နေသည်။

 

သို့ပေမယ့် သူပြန်မချေပရဲပေ။ "မှန်လှပါ အရှင်မင်းကြီး။"