အခန်း(၂၀၅)
- အဆင့်အတန်းဂုဏ်ပုဒ်ကို အခွင့်ကောင်းယူပြီး သူတစ်ပါးအား အနိုင်ကျင့်ခြင်း
လွန်ခဲ့သည့်ရက်အနည်းငယ်က
ရှစ်ချင်းလျို့က မင်းသားတွေနှင့် ဝေးဝေးရှောင်ချင်ကြောင်း ပြောခဲ့ပေမယ့် ယနေ့တော့ လမ်းပေါ်မှာ
ဒုတိယမင်းသားနှင့် သူမ ထိပ်တိုက်တွေ့ခဲ့လေသည်။
ယနေ့တော့
ရှောင်ဟန်ကျန့်က ဆရာဟုန်နှင့် လူမူရေးအသိုင်းအဝိုင်းအတွက် အပြင်ထွက်သွားခဲ့သည်။
သူမက
အိမ်မှာ တစ်ယောက်တည်း နေရတာကြောင့် လမ်းပေါ်ထွက်ပြီး စီးပွားရေး အခွင့်အလမ်းကို သွားထောက်လှန်းခဲ့လေသည်။
သိုးသားပန်ကိတ်စားနေတုန်း
ဘေးကနေ အမျိုးသားအသံ တစ်သံ ထွက်လာလေသည်။ "အာ… မိန်းကလေးရှစ်။"
ရှစ်ချင်းလျို့
လှည့်ကြည့်လိုက်တော့ ရည်မွန်ချင်ယောင်ဆောင်နေသေးသည့် ဒုတိယမင်းသားကို တွေ့လိုက်လေသည်။
သူက သူမနှင့်
မတော်တဆ ဆုံတွေ့တာကို အံ့သြသလိုပင် ပြုံးနေသေးသည်။
သူ့ဘေးမှာက
နောက်ထပ် သာမာန်မဟုတ်သည့်အသွင်နှင့် လူငယ်တစ်ဦး ရှိသေးသည်။
ထိုလူငယ်က
ဒုတိယမင်းသားကဲ့သို့ ဝတ်ဆင်ထားတာကြောင့် ဒုတိယမင်းသား၏ ညီငယ်ဟု သူမ ခန့်မှန်းလိုက်သည်။
ရှစ်ချင်းလျို့က
ခပ်စိမ်းစိမ်းသာ ပြုံးပြပြီး သာမာန်ကာလျှံကာဖြင့် ခါးကိုင်းအရိုအသေပေးလိုက်သည်။
"ဒုတိယမင်သားကို နှုတ်ခွန်းဆက်သပါတယ်။"
လျန့်ရှောက်ဟန်က ပြုံးကာ
ပြောခဲ့သည်။ "လမ်းပေါ်မှာ အရိုအသေပေးနေစရာ မလိုပါဘူး။"
သူက မေးခဲ့သည်။
"ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ။"
ယနေ့
တွေ့ဆုံမှုက မတော်တဆ မဟုတ်ဘဲ သူစီစဥ်ထားခဲ့တာ ဖြစ်သည်။
ရှစ်ချင်းလျို့က
ခပ်မှိန်မှိန်ပြုံးကာ ပြောခဲ့သည်။ "လမ်းလျှောက်ဖို့ ထွက်လာတာမလို့ပါ။"
အမျိုးသမီးတစ်ယောက်
ပန်ကိတ်စားတာကို လျန့်ရှောက်ဟန် အခုမှတွေ့ဖူးတာဖြစ်ပြီး စိတ်ဝင်စားနေသည်။
သူက ဖိတ်ခေါ်ခဲ့လေသည်။
"ကိုယ်တို့ အရှေ့က လက်ဖက်ရည်ဆိုင်ကို သွားမှာလေ၊ လိုက်ဦးမလား။"
သူက ဒီနေ့
သူမနှင့် ဆုံအောင် တမင်လုပ်မှန်း ရှစ်ချင်းလျို့သိသည်။
သို့ပေမယ့်
တွေ့တွေ့ချင်း လက်ဖက်ရည်ဆိုင်လိုက်ဖို့ ဖိတ်ခေါ်တာတော့ သိပ်များသွားပြီ ဖြစ်သည်။
သူမကချက်ချင်း
ခေါင်းခါပြခဲ့သည်။ "ကျွန်မနဲ့ ဒုတိယမင်းသားက မရင်းနှီးသလို အမျိုးသားနဲ့ အမျိုးသမီးကလည်း
နီးနီးကပ်ကပ် မနေသင့်ပါဘူး၊ ဖိတ်ခေါ်ပေးတာ ကျေးဇူးတင်ပေမယ့် မလိုက်တော့ပါဘူး။"
"တောင်းပန်ပါတယ်၊
ကိုယ် ရိုင်းမိသွားတယ်။"
ရှစ်ချင်းလျို့
သူ့ကို ငြင်းခဲ့တာကို ဒုတိယမင်းသားက မအံ့သြခဲ့ပေ။
သူမရဲ့
ဆိုလိုရင်းက ထိုကဲ့သို့ ပြောချင်တာ မဟုတ်မှန်း သူသိသည်။
သူမက
သူနှင့် ဝေးဝေးနေချင်တာ ဖြစ်သည်။
အနည်းငယ်
မပျော်မရွှင်ဖြစ်သွားသော်လည်း တစ်ချိန်တည်းမှာပဲ သူ့အတွက် အတွေ့အကြုံအသစ်လည်း ဖြစ်နေသည်။
ဘာပဲဖြစ်ဖြစ်
သူမနှင့်သူက အရင်က တစ်ခါမှ မတွေ့ဖူးခဲ့ပေ။
ထိုအချင်းအရာကိုမြင်တော့
လျန့်ဟန်ယွီက ကြက်သေသေသွားခဲ့သည်။
အမျိုးသမီးတစ်ယောက်က
သူ့ရဲ့ ဒုတိယအစ်ကိုကို ငြင်းလိမ့်မည်ဟု သူ မထင်မိခဲ့ပေ။
ထိုအခါမှ
သူက ရှစ်ချင်းလျို့ကို ဂရုတစိုက် ကြည့်ခဲ့သည်။
သူမက
ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော်လည်း သန့်ရှင်းသပ်ရပ်သည့် ခံစားချက်ကို ရစေသည်။
သူမက
လှပကာ စိတ်နေစိတ်ထားက ထူးဆန်းပြီး ယုံကြည်ချက်ရှိကာ ဂုဏ်ရောင်ဂုဏ်ဝါ ထွန်းလင်းနေသည်။
သူ့ဒုတိယအစ်ကိုက
အကြိုက်ပြောင်းသွားတာများလား။
ရှစ်ချင်းလျို့က
လူငယ်လေးရဲ့ စေ့စေ့စပ်စပ်ကြည့်ခြင်းကို လျစ်လျူရှုပြီး ဒုတိယမင်းသားကို ပြောခဲ့သည်။
"ဒါဆို ကျွန်မ အရင်ပြန်နှင့်ပါတော့မယ်၊ ဒုတိယမင်းသား ပျော်ပျော်ရွှင်ရွှင် နေရစ်ပါ။"
လျန့်ရှောက်ဟန်က သက်ပြင်းချခဲ့သည်။
သူက သားရဲကောင်ကြီး
မဟုတ်ဘဲနဲ့ ဒီလောက်ဝေးဝေးရှောင်စရာ လိုလို့လား။
သူက တည်ငြိမ်ယောင်ဆောင်ပြီးပြောခဲ့သည်။
"ကောင်းပါပြီ။ မိန်းကလေးရှစ် ဂရုစိုက်သွားပါ။"
ရှစ်ချင်းလျို့က
ပြတ်ပြတ်သားသား ထွက်သွားခဲ့သည်။
လျန့်ဟန်ယွီက တစ်ဖက်လူ
ထွက်သွားတာကိုစောင့်ပြီးမှ ဒုတိယမင်းသားကို ပြုံးပြကာ ပြောခဲ့သည်။ "ဒုတိယအစ်ကိုတော်
ကြည့်ရတာ အမှားလုပ်မိပြီထင်တယ်။"
လျန့်ရှောက်ဟန်က သူ့ကို
ကြည့်လိုက်သည်။ "ငါက သူ့အကူအညီ လိုချင်တာ၊ သူနဲ့ ငါနဲ့ ဘာမှမဆိုင်ဘူး။"
လျန့်ဟန်ယွီက သိချင်စွာ
မေးခဲ့လေသည်။ "သူက မသေမျိုးဘုန်းတော်ကြီးရဲ့ တပည့်လား။"
လျန့်ရှောက်ဟန်က ခေါင်းငြိမ့်ပြခဲ့သည်။
"ဟုတ်တယ်။"
လျန့်ဟန်ယွီက ချက်ချင်း
နားလည်သွားခဲ့သည်။ "နှမြောစရာပဲ၊ ကျွန်တော့်အမြင်အရဆိုရင်
သူနဲ့ မိတ်ဆွေဖွဲ့ဖို့ မလွယ်လောက်ဘူး။"
တောသူတစ်ယောက်က
မင်းသားတစ်ပါးကို ငြင်းပယ်လိမ့်မည်ဟု သူလည်း မထင်မိခဲ့ပေ။
အဓိကအချက်က
ရှစ်ချင်းလျို့က တောသူတစ်ယောက်နှင့် မတူပေ။
လျန့်ရှောက်ဟန်က ပြောခဲ့သည်။
"ငါတို့ ဒီမှာ မဆွေးနွေးသင့်ဘူး၊ လက်ဖက်ရည်ဆိုင် သွားရအောင်။"
လျန့်ရှောက်ဟန်နှင့်
လျန့်ဟန်ယွီက အမေတူတာကြောင့် သူတို့က တစ်လှေတည်းစီးသူတွေ ဖြစ်သည်။
လျန့်ဟန်ယွီက ပြောခဲ့သည်။
"ကောင်းပြီ။"
သူတို့က
လမ်းရှေ့က လက်ဖက်ရည်ဆိုင်ထဲ ဝင်သွားခဲ့သည်။
လက်ဖက်ရည်
အပေါ်ထပ်က သီးသန့်ခန်းက ပြတင်းပေါက် တစ်ဝက် ဖွင့်ထားတာကို သူတို့ သတိမပြုမိခဲ့ပေ။
ဝင့်ကြွားလှပစွာ
ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးက ပြတင်းပေါက်အနောက်မှာ ရပ်နေသည်။
သူမက
သူမလက်ထဲက လက်ကိုင်ပဝါကို ဆွဲဖြဲမတတ် ဖြစ်နေသည်။
သူမက
အခန်းထဲက နောက်ထပ်လူတစ်ယောက်ကိုပြောခဲ့သည်။ "အဲ့မိန်းမက
ဘယ်သူလဲလို့ စုံစမ်းလိုက်၊ သူက ဒုတိယမင်းသားနဲ့ ဘယ်လိုသိတာလဲဆိုတာရောပဲ။"
"ဟုတ်ကဲ့။"
သူမရဲ့ အစေခံမလေးက ချက်ချင်း ထွက်သွားခဲ့သည်။
ခဏနေပြီးနောက်
သူမက ပြန်ရောက်လာခဲ့သည်။
"သခင်မလေး
သူက ရှစ်ချင်းလျို့ပါ၊ မကြာခင်က မျိုးစေ့တွေ လာဆက်သတဲ့ ရွာက လာတဲ့လူပါ။"
သူမက
ရှစ်ချင်းလျို့အကြောင်းကို အကြမ်းဖျင်း ပြောပြခဲ့သည်။
သူမက
ပြောလက်စကို ခဏလောက် ရပ်ပြီးမှ ဆက်ပြောခဲ့သည်။ "လွန်ခဲ့တဲ့ ( ၂ ) ရက်က ဒုတိယမင်းသားက
ဆက်ခြေဖုံးမြို့က တော်ဝင်စံအိမ်ကိုသွားရင်း သူနဲ့ ဆုံခဲ့တာပါ။"
ဖူဝန်ကျန်းက
သူမလက်ထဲက လက်ကိုင်ပဝါကို ဆွဲကိုင်ပြီး ရွံရှာအထင်သေးသည့်ဟန် ဖော်ထုတ်ပြခဲ့သည်။
"အရှက်မရှိတဲ့မိန်းမပျက်၊ သူ့လိုရွာသူကများ ဒုတိယမင်းသားနဲ့ နီးကပ်ချင်နေသေးတယ်၊
သွားရအောင်။"
သူမက
အခန်းထဲက လှည့်ထွက်သွားခဲ့သည်။
ထိုအချိန်မှာ
ရှစ်ချင်းလျို့က ပန်းထိုးထည်ဆိုင် အကြီးကြီးကို တွေ့လိုက်သည်။
သူမ ယောက္ခမနှင့်
ယောက်မက အဝတ်ချုပ်ရတာကို သဘောကျတာကို အမှတ်ရသွားကာ ပစ္စည်းတချို့ဝယ်ဖို့အတွက် ဆိုင်ထဲဝင်သွားခဲ့လေသည်။
ထိုပစ္စည်းရွေးရာမှာ
သူမက မတော်တာကြောင့် ဆိုင်ရှင်ကို ပစ္စည်းတချို့ အကြံပြုခိုင်းလိုက်လေသည်။
ပစ္စည်းတွေရွေးပြီးနောက်
ငွေချေမည့်အချိန်မှာပဲ စူးရှသည့်အမျိုးသမီးတစ်ဦးရဲ့အသံက ထွက်ပေါ်လာခဲ့သည်။
"ငါ
ဒါတွေ အကုန်လိုချင်တယ်။"
အနီရောင်ဝတ်စုံဝတ်ကာ
ဝင့်ဝါလွန်သည့် အမျိုးသမီးက သူမရဲ့ အနောက်ကနေ လျှောက်လာကာ သူမ ရွေးထားသည့် ပစ္စည်းတွေကို
လက်ညိုးထိုးကာ ပြောလိုက်တော့ ရှစ်ချင်းလျို့က ရှုပ်ထွေးသွားခဲ့သည်။
သူမက
ရှင်းပြခဲ့သည်။ "ဒီပစ္စည်းတွေက ကျွန်မ ရွေးပြီးသားတွေပါ၊
ရှင်လိုချင်ရင် ဆိုင်ရှင်နဲ့ အသစ် ထပ်တောင်းလိုက်ပါ။"
ဖူဝန်ကျန်းက
မျက်ခုံးပင့်ကာ ပြောခဲ့သည်။ "ဒါတွေကိုပဲ လိုချင်တာ၊ နောက်ထပ် အသစ်ကို နင်ပဲ ရွေးလိုက်။"
ရှစ်ချင်းလျို့က
သက်ပြင်းချခဲ့သည်။ သူက ရုးနေတာပဲ။
သို့သော်
သူမရဲ့ မျက်လုံးထဲက ရန်လိုမှုတွေကိုမြင်တော့ တမင်သက်သက် ပြဿနာရှာနေတာဖြစ်ကြောင်း သူမ
သိသွားခဲ့သည်။
သူမက
မြို့တော်မှာ သိုသိုသိပ်သိပ်သာ နေသော်လည်း သူမက သည်းခံမည်ဟူသည့် အဓိပ္ပာယ်တော့ မဟုတ်ပေ။
ရှစ်ချင်းလျို့က
သူမကို အေးစက်စွာ ကြည့်ခဲ့သည်။ "ဒါက ကျွန်မ ရွေးပြီးသား၊
ဆုံးဖြတ်ပြီးသား၊ ရှင်လိုချင်ရင် ကိုယ့်ဘာသာကိုယ် ထပ်ရွေးယူလိုက်။"
ပန်ထိုးအထည်ဆိုင်က
နောက်ထပ် ဝယ်ယူသူအမျိုးသမီးတစ်ဦးက ရှစ်ချင်းလျို့ကို ဂရုဏာသက်စွာ ကြည့်ခဲ့လေသည်။
သူမက
သွားဆန့်ကျင်နေတာပဲ။ ပြဿနာတက်တော့မှာပဲ။
ဆိုင်ရှင်က
ချက်ချင်း ခေါင်းကိုက်လာခဲ့သည်။
သူကချက်ချင်းပြုံးပြီး
ဖူဝန်ကျန်းကို နှုတ်ဆက်ခဲ့သည်။ "တတိယ တော်ဝင်ကြင်ယာတော်ကို နှုတ်ခွန်းဆက်သပါတယ်။"
ထို့နောက်
သူက ရှစ်ချင်းလျို့ကို ကြည့်ခဲ့သည်။ "ဒီက အမျိုးသမီးအတွက် အသစ် ထပ်ပြင်ပေးပါ့မယ်။"
ရှစ်ချင်းလျို့က
အိမ်ထောင်သည်အမျိုးသမီးတစ်ဦးကဲ့သို့ ဆံပင်ကို ထုံးဖွဲ့ထားတာကြောင့် ဆိုင်ရှင်က ထိုသို့
ခေါ်ဝေါ်လိုက်ခြင်း ဖြစ်သည်။
ထိုအမျိုးသမီးက
လွန်ခဲ့သည့်ရက်အနည်းငယ်က သူမ ခင်ပွန်း ပြောပြခဲ့သည့် တတိယမင်းသားရဲ့ ကြင်ယာတော်ဖြစ်မယ်မှန်း
ရှစ်ချင်းလျို့ မထင်မိခဲ့ပေ။
သူမက
အဆိပ်ပြင်းရုံသာမက နှစ်သက်စရာမကောင်းသည့် အကျင့်စရိုက်ရှိကြောင်းပါ ရှစ်ချင်းလျို့က
ကောက်ချက်ချခဲ့သည်။
ဒုတိယမင်းသားက
သူမကို ဖြားယောင်းခဲ့ပေမယ့် အဆုံးမှာ လက်မထပ်ယူတာလည်း မဆန်းတော့ပေ။
မျှော်လင့်ထားသည့်အတိုင်း
လူတစ်ယောက်ကို မုန်းပါက ထိုလူကို ဂုဏ်ရည်တူသည့် ပြဿနာပေးရမည်ဖြစ်သည်။
ဤနည်းဖြင့်ဆိုပါက
တစ်ဝက်အောင်မြင်ပြီဖြစ်သည်။
ဆိုင်ရှင်ရဲ့အကြည့်ကိုမြင်တော့
ရှစ်ချင်းလျို့က ဆိုင်ရှင်ကို ခက်ခဲအောင် မလုပ်ချင်ပေ။ "ကောင်းပြီ။ ဒါဆိုလည်း
အသစ်ပဲပြန်ပြင်ပေးပါ။"
သို့ပေမယ့်
သူမက စိတ်ထဲမထားခဲ့ပေမယ့် ဘေးက အမျိုးသမီးက သူမကို လွှတ်မပေးခဲ့ပေ။
ဖူဝန်ကျန်းက
အေးစက်စွာ ခနဲ့ခဲ့သည်။ "ဒီမှာ ရှိတာ အကုန်လုံးကို ငါလိုချင်တယ်၊ ပစ္စည်းတွေအကုန်
တတိယမင်းသားရဲ့ နန်းဆောင်ကို ပို့လိုက်။"
တတိယကြင်ယာတော်က
ရှစ်ချင်းလျို့ကို သဘောမကျတာကြောင့် တမင်သက်သက် အခက်တွေ့အောင်လုပ်နေတာဖြစ်ကြောင်း ထိုနေရာမှာ
ရှိသည့် လူတိုင်းက သိလိုက်လေသည်။
ဆိုင်ရှင်ကလည်း
ဆွံ့အသွားခဲ့သည်။
ဒီတတိယကြင်ယာတော်က
သူတို့ပန်းထိုးအထည်ဆိုင်မှာ မကြာခဏ ပြဿနာရှာလေ့ ရှိသည်။
အကယ်၍
သူတို့သာ အရှုံးမပေးပါက လူတွေခေါ်ကာ သူတို့ဆိုင်ကို ဖျက်စီးခိုင်းသည်။
သူ့ဆီမှာ
တတိယမင်းသားနန်းဆောင်ကဲ့သို့ နောက်ခံအင်အား သို့မဟုတ် မှူးမတ်စံအိမ်နောက်ခံအင်အား မရှိတာ
ကံဆိုးတာ ဖြစ်သည်။
ထို့နောက်
သူက ရှစ်ချင်းလျို့ကိုကြည့်ကာ အကြံပြုခဲ့သည်။ "ဒီက အမျိုးသမီး မနက်ဖြန်မှ ပြန်လာလို့ရမလား။"
ဟိုးကတည်းက
တတိယကြင်ယာတော်ကို ဆန့်ကျင်သည့်လူတိုင်း ကောင်းမွန်သည့် အဆုံးသတ် မရှိခဲ့ပေ။
သူက ပြဿနာ
မရှာဖို့ ထိုအမျိုးသမီးကို အသိပေးဖို့အထိ ကြင်နာတတ်သည်။
ဒါက လူတိုင်းအတွက်
အကျိုးရှိစေလိမ့်မည်။
ဆိုင်ရှင်ရဲ့
ကြင်နာမှုကို ရှစ်ချင်းလျို့က မြင်ခဲ့သည်။
စျေးဝယ်သူတွေရဲ့
ဂရုဏာသက်သည့်အကြည့်တွေကြောင့် တတိယမင်းသားရဲ့ ကြင်ယာတော်က ထိုလုပ်ရပ်မျိုး အရင်ကလည်း
လုပ်ခဲ့ဖူးကြောင်း ရှစ်ချင်းလျို့ ခန့်မှန်းခဲ့လေသည်။
သူမက
ဖူဝန်ကျန်းကို ကြည့်ကာ မေးခဲ့သည်။ "ဒီပန်းထိုးအထည်ဆိုင်ကို ရှင့်မိသားစုက ပိုင်တာလား။"
ဖူဝန်ကျန်းက
မောက်မာစွာ ပြောခဲ့သည်။ "ငါ့မိသားစုက မပိုင်ပေမယ့် ငါလိုချင်သမျှကို သူတို့ ရောင်းပေးရမှာပဲ။"
ရှစ်ချင်းလျို့က
ထပ်မေးခဲ့သည်။ "ဒါဆို တတိယမင်းသားရဲ့ ကြင်ယာတော်ဆိုတဲ့ အဆင့်အတန်းဂုဏ်ပုဒ်နဲ့
သူများတွေကို အနိုင်ကျင့်နေတာပေါ့။"
ဖူဝန်ကျန်းက
ခနဲ့ခဲ့သည်။ "အဲ့တော့ ဘာဖြစ်လဲ။"
သူမက
တွေးပြီးသား ဖြစ်သည်။
ဒီအမျိုးသမီးသာ
သူမကို ဆန့်ကျင်ရဲပါက၊ သူမနှင့် စကားများရဲပါက တခြားလူဖြင့် သူမကို ပါးရိုက်ခိုင်းမည်ဖြစ်သည်။