အပိုင်း ၂၀၇
Viewers 14k

အခန်း(၂၀၇) - သူမရဲ့ယောက္ခထီးကို သွားရှာခြင်း

 

ရှစ်ချင်းလျို့က သူ့အရေပြားဆီကနေ ဓားကို မဖယ်ခွာခဲ့ပေ။

 

သူမက မည်းမှောင်သည့် မျက်နှာထားဖြင့် ထိုလူကိုကြည့်ခဲ့သည်။ "နင့်မှာ ရွေးချယ်စရာ တစ်ခု ရှိတယ်။"

 

ထိုတောသူမက အခု ပိုပြီး ကြောက်ဖို့ကောင်းလာသည်ဟု ထိုလူက ခံစားလိုက်ရလေသည်။

 

သူက တံတွေးမျိုချကာ ပြောခဲ့သည်။ "ဟုတ်ကဲ့ ပြောပါ။"

 

"ပထမတစ်ခုကတော့ ဒီဓားနဲ့ ရှင့်လည်ပင်းဖြတ်ခံရတာကို ခံစားကြည့်လိုက်။"

 

ထိုလူက မျက်လုံးပြူးကျယ်သွားခဲ့သည်။ "မလိုပါဘူး။ အဲ့လိုလုပ်စရာ မလိုပါဘူး၊ ဒုတိယရွေးချယ်စရာကို ရွေးပါ့မယ်။"

 

ရှစ်ချင်းလျို့က မျက်ခုံးပင့်ခဲ့သည်။ "ဒုတိယရွေးချယ်စရာကို ငါမပြောရသေးဘူးလေ။"

 

"ဟုတ်ကဲ့ ဒါဆိုလည်း ပြောပါ။" ထိုလူက တကယ်ငိုချင်နေပြီဖြစ်သည်။

 

ရှစ်ချင်းလျို့က ပြောခဲ့သည်။ "အခု ငါ့နောက်ကနေ မြို့တော်တရားသူကြီးမင်းဆီလိုက်ပြီး ကိုယ်တိုင်ဝန်ခံလိုက်၊ ငါက သိပ်အားနည်းပြီး ကြင်နာတတ်ပုံရတာကြောင့် ငါ့ကို တိုက်ခိုက်ဖို့ မလုပ်နိုင်ခဲ့ဘူးလို့ပြော၊ ပြီးတော့ ငါက မြို့တော်ကို အထွက်နှုန်းတိုးမျိုးစေ့ လာဆက်သတဲ့အကြောင်း နင်သိခဲ့တယ်လို့ပြော၊ နင်တို့က လူရမ်းကားတွေဆိုပေမယ့် ဒီမျိုးစေ့တွေက သိပ်ကောင်းတာကိုသိပြီး လုပ်ကြံဖို့ ခိုင်းစေတဲ့လူက သိပ်ရွံဖို့ကောင်းတယ်လို့ ခံစားမိတဲ့အကြောင်းပြောပြီး နင်စိတ်မလုံလို့ ကိုယ်တိုင်လာဝန်ခံကြောင်းပြောလိုက်ချေ။"

 

ဒီလူရမ်းကားတွေကို ကိုယ်တိုင်ဝန်ခံစေခြင်းဖြင့် တတိယမင်းသားရဲ့ ကြင်ယာတော်၏ လုပ်ရပ်က ပိုပြီး မောက်မာကာ ပိုရွံစရာကောင်းလာမည်ဖြစ်သည်။

 

လူရမ်းကားတွေတောင် ဒီမျိုးစေ့တွေကို လူတွေကို မျှဝေပေးခြင်းရဲ့ ကောင်းကျိုးကို သိနေတာတောင် တော်ဝင်ကြင်ယာတော်က သူတို့ကို ရက်စက်စွာ လုပ်ကြံချင်နေသည်။

 

သူမရဲ့ အစေခံက ကြားကနေ အပြစ်ဒဏ်ခံရနိုင်ခြေ များသည်။

 

သို့ပေမယ့် ထိုယုတ်မာသည့် အမျိုးသမီးပါ အပြစ်ဒဏ်ပေးခံရဖို့ ရှစ်ချင်းလျို့ ယုံကြည်ချက် ရှိသည်။

 

ဒါ့အပြင် ဒီလူရမ်းကားသုံးယောက်ကလည်း လူကောင်းတွေ မဟုတ်ပေ။

 

သူတို့ကိုယ်တိုင် ဝန်ခံခဲ့တာကြောင့် သူတို့သုံးယောက်က ထောင်ထဲ မသွားရသော်လည်း တတိယမင်းသားရဲ့ ကြင်ယာတော်၏ စိတ်ထားနှင့် သူမကို အလွန်အမင်း ကာကွယ်ပေးသည့် သူမရဲ့ မိသားစုကြောင့် သူမလက်တွေ မစွန်းပေအောင် သူမ မိသားစုက ဒီကိစ္စကို ဖြေရှင်းပေလိမ့်မည်။

 

အကယ်၍ ဒီလူရမ်းကာသုံးယောက်သာ တစ်ခုခုဖြစ်သွားပါက သူတို့ရဲ့ မိသားစုဝင်တွေက ရုတ်ရုတ်သဲသဲလုပ်ကာ သူတို့အတွက် တိုက်ခိုက်လိမ့်မည်။

 

ထိုလူရမ်းကားသုံးယောက်က သက်ပြင်းချခဲ့သည်။ နင်က ဘယ်နေရာက အားနည်းပြီး ကြင်နာတတ်လို့လဲ။

 

လာနောက်နေတာလား။

 

ဒါ့အပြင် သူတို့က ဒီလို မကောင်းတာလုပ်ဖို့ စိတ်မလုံတဲ့ပုံပေါက်နေလို့လား။

 

သူတို့ရဲ့ သံသယဝင်သည့်အမူအရာကိုမြင်တော့ ရှစ်ချင်းလျို့က အေးစက်စွာ မေးခဲ့သည်။ "ရှင်တို့က ပထမ ရွေးချယ်မှုကို ရွေးချယ်ချင်တာလား။"

 

ထိုလူက ချက်ချင်းပြန်ဖြေခဲ့သည်။ "မဟုတ်ပါဘူး၊ ဒုတိယတစ်ခုပါ၊ ကျွန်တော်တို့ ဒုတိယတစ်ခုကို ရွေးမှာပါ။"

 

အကယ်၍ သူတို့သာ ကိုယ်တိုင်ဝန်ခံခဲ့ပါက သူတို့က သူတစ်ပါးကို အန္တရာယ်မပေးချင်သည့်အဓိပ္ပာယ်ရောက်ကာ ထောင်ထဲသွားရမည် မဟုတ်ပေ။

 

အရူးကသာ ပထမတစ်ခုကို ရွေးချယ်လိမ့်မည်။

 

ထိုအခါမှ ရှစ်ချင်းလျို့က ဓားကိုဖယ်လိုက်သည်။ "သွားရအောင်၊ ငါတို့ အတူတူ သွားကြမယ်။"

 

သူမလက်ထဲမှ ဓားက သွက်လက်စွာ ရွေ့သွားခဲ့သည်။ "နင်တို့ထွက်ပြေးရဲလို့ကတော့ ငါ နင်တို့ကို အစိတ်စိတ် အမွှာမွှာ ဖြတ်တောက်ပစ်မယ်။"

 

ထိုအခါမှ ထိုလူက ထွက်ပြေးမည့်အကြံကို ဖယ်ထုတ်ခဲ့လေသည်။ "မပြေးပါဘူး၊ မပြေးပါဘူး။"

 

ထို့နောက် ထိုသုံးယောက်က မတ်တပ်ထပြီး ကိုယ်တိုင်ဝန်ခံဖို့ ရှစ်ချင်းလျို့နှင့်အတူ မြို့တော် တရားရုံးကို သွားခဲ့သည်။

 

လူတချို့က ကိုယ်တိုင်လာဝန်ခံသည်ဟူသော စကားကြားတော့ မြို့တော်တရားသူကြီးမင်းက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

 

မျိုးစေ့တွေ လာဆက်သသည့် စာသင်သားရဲ့ ဇနီးလည်း ပါလာကြောင်းကို ကြားတော့ သူက မကောင်းသည့် ခံစားချက် ရသွားလေသည်။

 

သူက ခေါင်းပင်ကိုက်လာခဲ့သည်။

 

ထိုကိစ္စက ရိုးရိုးရှင်းရှင်းတော့ မဖြစ်နိုင်ပေ။

 

မျိုးစေ့တွေ လာဆက်သရင်း ဖြစ်ခဲ့သည့် မတော်တဆမှုကို ဘုရင်ကြီး ဘယ်လောက်တောင် အလေးထားနေလဲဆိုတာ သူသိသည်။

 

ထို့ကြောင့် သူက သူတို့နှင့် အရင် တွေ့ဆုံခဲ့လေသည်။

 

လူရမ်းကားသုံးယောက်က မျက်လုံးတွေ နီရဲကာ အားနည်းသည့် အမျိုးသမီးတစ်ဦးနှင့် ခပ်ဝေးဝေးနေနေတာကို သူတို့ တွေ့လိုက်လေသည်။

 

သူတို့သုံးယောက်က မြို့တော် တရားသူကြီးမင်း လာတာကိုလည်း တွေ့ရော ချက်ချင်း ဒူးထောက်ကျကာ ဖြစ်ကြောင်းကုန်စင်ကို ဝန်ခံခဲ့လေသည်။

 

ဒီကိစ္စက မရိုးရှင်းဘူးဆိုတာကို မြို့တော်တရားသူကြီးမင်းက သိသည်။

 

သူမက မျိုးစေ့တွေလာဆက်သတဲ့လူမှန်းသိလို့ သူမကို လုပ်ကြံရမှာ စိတ်မလုံကြောင်း သူတို့က ပြောခဲ့သည်။

 

ထိုစကားတွေက အဓိပ္ပာယ်မရှိပေ။

 

ထိုလူတွေသာ တကယ်အသိစိတ်ရှိပါက အမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ပျက်စီးစေမည့်ကိစ္စကို အစကတည်းက လက်ခံခဲ့မည် မဟုတ်ပေ။

 

သို့ပေမယ့် ရှစ်ချင်းလျို့ရဲ့ အားနည်းပြီး စိတ်ထိခိုက်ကာ မျက်လုံးတွေနီရဲနေပုံကို ကြည့်ခြင်းဖြင့် သူတို့ကိုတော့ သူမ ခြိမ်းခြောက်ထားဟန်မတူပေ။

 

မြို့တော်တရားသူကြီးမင်းက လူတစ်ယောက်ဖြင့် အခင်းကိစ္စအကြောင်း ချရေးခိုင်းပြီး ထိုလူသုံးယောက်ကို သူတို့ရဲ့ နာမည်တွေ ရေးခိုင်းခဲ့သည်။

 

နောက်ဆုံးတော့ သူက ရှစ်ချင်းလျို့ကို နှစ်သိမ့်ခဲ့သည်။ "အမျိုးသမီးရှစ် ဒီကိစ္စကို ကျွန်တော် စုံစမ်းခိုင်းလိုက်ပါ့မယ်၊ ကျေးဇူးပြုပြီး လိပ်စာရေးပေးခဲ့ပါ၊ သတင်းတစ်ခုခုရှိရင် လူလွတ်ပြီး အသိပေးခိုင်းလိုက်ပါ့မယ်။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "ဟုတ်ကဲ့ပါ။ ဒါဆိုလည်း ကျွန်မ တရားသူကြီးမင်းကိုပဲ ဒုက္ခပေးပါရစေ။"

 

ထို့နောက် သူမက ဆရာဟုန်ရဲ့ အိမ်လိပ်စာကို ချရေးပေးခဲ့သည်။

 

ထိုအချင်းအရာကိုမြင်တော့ တရားသူကြီးမင်းက ပိုပြီး ခေါင်းကိုက်သွားခဲ့သည်။

 

မြို့တော်တရားသူကြီးမင်းဖြစ်တာကြောင့် သူက မျက်စိတွေနားတွေကို ဖွင့်ထားရသည်။

 

ထို့ကြောင့် ရှစ်ချင်းလျို့ရဲ့ ခင်ပွန်းက ဆရာဟုန်ရဲ့ တပည့်ဆိုတာကို သူသိသည်။

 

မကြာသေးခင်က ရှောင်ဟန်ကျန့်၏ လုပ်ဖော်ကိုင်ဖက်တွေနှင့် မိတ်ဆွေတွေက သူ့ဆီ လာလည်ခဲ့သည်။

 

ရှောင်ဟန်ကျန့်တွင် မမျှော်လင့်ထားသည့် ကိစ္စ တစ်စုံတစ်ရာ မရှိပါက သူ့အနာဂတ်က အလွန်တောက်ပနေမည်။

 

ရှစ်ချင်းလျို့ကလည်း မရိုးရှင်းပေ။

 

သူမက မြို့တော်က နတ်ဆိုးဘုရင်တချို့နှင့် နတ်ဆိုးဘုရင်မနှင့်ပါ ရင်းနှီးသည်။

 

လူရမ်းကားတွေပြောသည့် အစေခံမလေးရဲ့အကြောင်းအရ နောက်ကွယ်ကလူကလည်း ရိုးရှင်းမည် မဟုတ်ပေ။

 

ပြဿနာပဲ တကယ့်ပြဿနာပဲ။

 

မြို့တော်တရားသူကြီးမင်းကို ပြန်ဖို့ နှုတ်ဆက်ပြီးနောက် အမြင်အာရုံကနေ တိတ်တိတ်လေး ပျောက်သွားသည့် လူရမ်းကားသုံးယောက်ကို သူမ အဖတ်မလုပ်တော့ချေ။

 

သူမက နန်ရှန်းစံအိမ်ကို သွားခဲ့သည်။

 

ရှီရုံက များသောအားဖြင့် နန်းတော်မှာနေလေ့ရှိပြီး ရံဖန်ရံခါ နန်ရှန်းစံအိမ်ကို ပြန်တတ်သည်။

 

အခု ရှစ်ချင်းလျို့က မြို့တော်မှာရှိနေတာကြောင့် ရှစ်ချင်းလျို့သာ သူမကို တွေ့ချင်ပါက နန်းတော်ကိုသွားဖို့တော့ အဆင်မပြေပေ။

 

ထို့ကြောင့် ရှီရုံက လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက နန်ရှန်းစံအိမ်မှာ နေခဲ့လေသည်။

 

အိမ်တွင်းအစေခံက ရှစ်ချင်းလျို့ကို ရိုရိုသေသေနှုတ်ဆက်ပြီး ပင်မဆောင်ကို ခေါ်သွားပေးခဲ့လေသည်။

 

အကယ်၍ အမျိုးသမီးရှစ်သာ သူမကို လာရှာခဲ့ပါက သူမဆီ တိုက်ရိုက်ခေါ်လာပေးဖို့ ရှီရုံက အိမ်တွင်းအစေခံကို မှာထားခဲ့သည်။

 

ထိုအချိန်မှာ ရှီရုံက အစေခံမလေးတွေဖြင့် တုံတီကျူဖဲကို ကစားနေသည်။

 

သူမက ရှစ်ချင်းလျို့ကိုတွေ့တော့ ချက်ချင်း ဖဲချပ်တွေကို လွှင့်ပစ်ပြီး ထရပ်လိုက်လေသည်။ "လျို့လျို့ ဘာလာလုပ်တာလဲ။"

 

သူတို့က နောက်ရက်မှ အပြင်လျှောက်သွားဖို့ ချိန်းထားတာ ဖြစ်သည်။

 

ဒီနေ့မှ ရှစ်ချင်းလျို့က သူမကို ရုတ်တရက်ကြီး လာရှာခဲ့တာကြောင့် သူမမှာ မေးစရာ တစ်ခုခု ရှိနေတာ ဖြစ်နိုင်သည်။

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့သည်။ "အကူအညီလေးတောင်းစရာရှိလို့လာတာ။"

 

ရှီရုံက သူမကို ကြည့်လိုက်တော့ ရှစ်ချင်းလျို့ရဲ့ မျက်လုံးတွေက အနည်းငယ် နီနေတာကို တွေ့လိုက်လေသည်။

 

သူမရဲ့ အမူအရာက ချက်ချင်း ပြောင်းသွားခဲ့သည်။ "နင့်ကို သူများအနိုင်ကျင့်လိုက်တာလား။"

 

ရှစ်ချင်းလျို့က တခစ်ခစ်ရယ်ခဲ့သည်။ "ရုံရုံ နင်က သိပ်ဉာဏ်ကောင်းတာပဲ။"

 

ရှီရဲ့က ချက်ချင်း ဒေါသထွက်သွားခဲ့သည်။ "ဘယ်သူက နင့်ကို အနိုင်ကျင့်ရဲတာလဲ၊ နင်က ငါ့ကာကွယ်မှုအောက်မှာ ရှိနေတဲ့လူဆိုတာ မသိဘူးလား။"

 

ရှစ်ချင်းလျို့က ရှေ့ကိုလျှောက်လာပြီး သူမရှေ့မှာ ဝင်ထိုင်လိုက်ကာ ပွင့်ပွင့်လင်းလင်း ပြောလိုက်လေသည်။ "တတိယကြင်ယာတော်။"

 

ရှီရုံက ကြက်သေသေသွားခဲ့သည်။ "အာ နင်က သူ့ကို ဘာအပြစ်ပြုမိလို့လဲ။"

 

သူမက မြို့တော်မှာ နာမည်ကြီး အထက်တန်းလွှာ သခင်မလေးဖြစ်သော်လည်း သူမထက် အားနည်းသည့်လူ သို့မဟုတ် သူမ မိသားစုနောက်ခံထက် နိမ့်ကျသူကို အနိုင်မကျင့်ပေ။

 

အမျိုးသမီးတွေကို အနိုင်ကျင့်သည့် အမျိုးသားတွေကိုဆိုရင်တော့ သူမက အနိုင်ကျင့်သူကို အပြစ်ပေးတတ်သည်။

 

ဖူဝန်ကျန်းက အထက်တန်းလွှာက မဟုတ်သော်လည်း သူက မောက်မာကာ ဇွတ်တရွတ်နိုင်ကြောင်း နာမည်ကြီးသည်။

 

အထူးသဖြင့် တော်ဝင်ကြင်ယာတော်ဖြစ်လာပြီးသည့်နောက်မှာ စောင့်ထိန်းမှုတွေ မရှိတော့ပေ။

 

သူမ အမြင်မကြည်သည့်လူကိုဆိုရင် ရိုက်နှက်တတ်သည်။

 

သို့ပေမယ့် ဖူဝန်ကျန်းက သူမကိုတော့ အနိုင်မကျင့်ရဲပေ။

 

တတိယမင်းသားကြောင့် ရှီရုံက သူမနှင့်ဆုံဖို့ အခွင့်အရေး မရှိခဲ့ပေ။

 

သူမက တော်ဝင်ကြင်ယာတော် ဖြစ်လာပြီးနောက်ပိုင်း ပိုရဲတင်းလာကာ သူမရဲ့ လူကိုပါ ထိရဲလာလိမ့်မည်ဟု မထင်မိခဲ့ပေ။

 

ရှစ်ချင်းလျို့က ဆွံ့အသွားခဲ့သည်။ "ငါ ဒီနေ့စျေးဝယ်ထွက်ရင်း ဒုတိယမင်းသားနဲ့ ကြုံခဲ့လို့ ဖြစ်မယ်၊ သူက ငါ့ကို အရင်စကားပြောခဲ့ပြီး လက်ဖက်ရည်ဆိုင် လိုက်ထိုင်ဖို့ ဖိတ်ခေါ်ခဲ့တာ၊ တတိယကြင်ယာတော်က အဲ့တာကို တွေ့သွားတာ ဒါမှမဟုတ် သူများပြန်ပြောတာ ကြားတာ နေမှာပေါ့။"

 

ဒီလိုကိစ္စမျိုးနှင့် ကြုံတွေ့ရတာ သူမ တကယ်မှားသည်။

 

ဒါကြောင့် အမျိုးသမီးတွေက ပြဿနာ အရင်းအမြစ်ဖြစ်ကြောင်း လူတွေပြောတာဖြစ်သည်။

 

ဒုတိယမင်းသားဟာလည်း ပြဿနာအကြီးကြီးရဲ့ အရင်းအမြစ်ဖြစ်ကာ တခြားသူကို ကြားထဲကနေ ဒုက္ခခံရစေသူ ဖြစ်သည်။

 

သေချာပေါက်ကို တတိယမင်းသားရဲ့ ကြင်ယာတော်ဟာလည်း လူကောင်း မဟုတ်ပေ။

 

သူမရဲ့ ရက်စက်မှုက သူမထင်ထားတာထက် ပိုကြီးမားသည်။

 

တတိယမင်းသားရဲ့ ကြင်ယာတော်က အိမ်ထောင် မကျခင်ကတည်းက ဒုတိယမင်းသားကို ကြိုက်နှစ်သက်နေတာကို ရှီရုံ သိသည်။

 

ဒုတိယမင်းသားနှင့် လက်ထပ်ရဖို့ သူမက ပြဿနာပင် ရှာခဲ့သေးသည်။

 

သို့ပေမယ့် တတိယမင်းသားရဲ့ ကြင်ယာတော်က ထိုကဲ့သို့သော ရက်စက်သည့် အပြုအမူဖြင့် လျို့လျို့အပေါ် ဒေါသပုံချလိမ့်မည်ဟု သူမ မထင်မိခဲ့ပေ။

 

လျို့လျို့သာ တိုက်ခိုက်ရေးပညာရပ်ကို မသိပါက အခုအချိန်ဆိုရင် သူမရဲ့ ဂုဏ်သိက္ခာပျက်စီးနေပြီဖြစ်သည်။

 

အကယ်၍ သူမသာ အဝတ်ဗလာဖြင့် လမ်းမှာ ပစ်ခံခဲ့ရပါက အနာဂတ်မှာ မည်သို့ ဆက်ရှင်သန်ရမည်နည်း။

 

ရှောင်ဟန်ကျန့်က သူမကို မစွန့်ပစ်ခဲ့ရင်တောင် ထိုစော်ကားမှုမျိုးနှင့် ကြုံရပြီးသည့် အမျိုးသမီးက ကိုယ့်ဘာသာကိုယ် သတ်သေသွားနိုင်သည်။

 

ရှီရုံရဲ့ မျက်နှာက ဒေါသတွေဖြင့် ပြည့်နေခဲ့သည်။ "ဒီကိစ္စကို ငါ သူနဲ့ သွားရှင်းမယ်။"

 

သူက တတိယမင်းသားရဲ့ ကြင်ယာတော် ဖြစ်တော့ရော ဘာအရေးလဲ။ သူမ မကြောက်ပေ။

 

ရန်ပွဲပြီးဆုံးပါက ပြဿနာ အနည်းငယ် ရှိနိုင်သော်လည်း သူမက သူမသူငယ်ချင်းနှင့်အတူ ထွက်သွားမည်။

 

ရှီရုံက မတုံ့မဆိုင်း တော်ဝင်ကြင်ယာတော်နှင့် ချက်ချင်း ဖြေရှင်းပြီး ရန်ဖြစ်ဖို့ ပြင်နေတာကို တွေ့တော့ သူမရင်ထဲ နွေးထွေးသွားခဲ့လေသည်။

 

သူမက ရှီရုံကို ဆွဲထားကာ ပြောခဲ့သည်။ "သူ့ကို သွားရိုက်လို့ အသုံးမဝင်ဘူး၊ သူ ကောင်းကောင်းကြီး ခံစားရအောင် ငါလုပ်ပြမယ်၊ နင် သူနဲ့ ရန်ဖြစ်ဖို့ မတန်ဘူး။"

 

ရှီရုံက ဘုရင်ကြီးနှင့် မယ်တော်ကြီးရဲ့ အလိုလိုက်ခြင်းခံရသော်လည်း တော်ဝင်ကြင်ယာတော်ကို ရိုက်လိုက်ပါက သူမ ပြဿနာတက်နိုင်သည်။

 

အကယ်၍ ဘုရင်ကြီးက သူမကို အပြစ်မပေးရင်တောင် ရုံးတော်ရဲ့ အပြစ်တင်ခြင်းကို ခံရနိုင်သည်။

 

ရှစ်ချင်းလျို့မှာ အကြံတွေ အများကြီးရှိတာကို ရှီရုံ သိသည်။ "ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ၊ ငါတို့ ဒေါသပုံချရမှာ။"

 

ရှစ်ချင်းလျို့က ခေါင်းငြိမ့်ပြခဲ့ကာ ခနဲ့ခဲ့သည်။ "ဒါပေါ့။ သူက အရမ်း စိတ်သဘောထား သေးသိမ်ပြီး ငါကတော့ စိတ်သဘောထား မသေးသိမ်ဘူးလေ။"

 

သူမက ပြောခဲ့သည်။ "တစ်ခုကူညီပေး၊ ငါ့ကို အရှင်မင်းကြီးနဲ့တွေ့လို့ရအောင် ကူညီပေး။"

 

တော်ဝင်ကြင်ယာတော် သူများကို အနိုင်ကျင့်နေတာက သူမရဲ့ သူများထက် သာလွန်တဲ့ အဆင့်အတန်းကြောင့် မဟုတ်လား။ ဒါဆိုရင် သူမရဲ့ ယောက္ခထီးကို သွားရှာကြတာပေါ့။