Chapter 1
Viewers 99

ငါတကယ်မရူးဘူး




 ငါ့ယောက်ျားက  သူမဟုတ်ဘူးလို့ ငါ  သံသယဝင်နေတယ်။



 ဆိုလိုတာက တစ်ယောက်ယောက်က သူ့ နေရာမှာအစားဝင်နေတာ။



ပြီး‌တော့သူ့ နေရာမှာ ဝင်နေတဲ့အရာကလည်း လူမဟုတ်လောက်ဘူး။



၂၁ရာစုမှာ ဘယ်သူမှ ဒီလိုအရာတွေကို မယုံကြဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ ငါ နည်းနည်းမှ မရူးပါဘူး။ အဲ့တာတော့တကယ်ပါ။



 ဟုတ်တာပေါ့။ ငါ ကလွဲရင် လူတိုင်းကတော့ ငါ့ကို ရူးနေတယ်လို့ ထင်နေကြမှာပေါ့။



 "အားကျန်း   ဒေါက်တာကျောက်ဆီ ဆေးသွားယူဖို့ သွားပြီးပြီလား။ အိုး! အမေက အဲ့လိုဆိုလိုတာမဟုတ်ဘူးနော်။ အမေက မင်းနဲ့အတူ အကြာကြီးမနေနိုင်တော့။ အမေလိုက်ပို့ပေးရမလား….."



အမေက ငါ့ကို  စိတ်မလှုပ်ရှားအောင်သတိထားပြီး ၊ ပါးပါးနပ်နပ် နဲ့ ဖြည်းဖြည်းချင်း စည်းရုံးဖို့ ကြိုးစားနေတယ်။



 တွေ့လား။ ငါ့ယူဆချက်ကိုအမေအရင်းကတောင် မယုံဘူး။

 သူက ငါ့ကိုနေမကောင်းဘူးပဲထင်နေတာ။



 "အမေရေ…..မောင်လေးရဲ့ရောဂါက ပိုဆိုးလာသလိုပဲ။ ခုနကတည်းက မျက်လုံးတွေက ဂဏာမငြိမ်ဘဲ အာရုံမစိုက်နိုင်သလိုဖြစ်နေတယ်….."



 ငါ အိမ်တံခါးကိုစိတ်ဆိုးဆိုးနဲ့ဆောင့်ပိတ်ပြီး ထွက်လာတဲ့အခါ မရီးက အမေ့ကိုပြောနေတာကို ကြားလိုက်တယ်။



 အိုကေ၊ ခုနက ငါ နည်းနည်း ပျာယာခပ်သွားတာပါ။ ငါ့မှာ စိတ်ရောဂါရှိပေမဲ့ အရမ်းမပြင်းထန်ဘူး။ စိတ်ကစဉ့်ကလျားဖြစ်ရုံလေးပါ။



 ငါ့ချစ်သူအတွက် နေ့တိုင်း ဆေးသောက်ဖို့ကိုယ့်ကိုယ်ကိုယ် အပြင်းအထန် တွန်းအားပေးနေတာမို့ အခုဆို ပျောက်ကင်းလုနီးပါးဖြစ်နေပြီ ။ ဒေါက်တာကျောက် ကိုယ်တိုင်တောင် ငါ သာမန်လူတစ်ယောက်လို မကြာခင်ဖြစ်လာမယ်လို့ ပြောနေတာပဲ။ ဒါကြောင့် ဒီပြဿနာက စိတ်ကစဉ့်ကလျားရောဂါ  မဟုတ်ဘူးဆိုတာတော့ သေချာတယ်။  



 ငါ့အဆိုးဆုံးအခြေအနေတုန်းကတောင် ဝမ်းမင်ချန်က လူမဟုတ်ဘူးလို့ သံသယ မဖြစ်ခဲ့ဖူးဘူးလေ !



 သူက ငါဆယ်နှစ်ကျော်ကြာ ချစ်ခဲ့ရသူ။ ကလေးဘဝ ချစ်သူကနေ အိမ်ထောင်သည်ဘဝအထိ။  



 ငါ စိတ်ကစဉ့်ကလျားရောဂါ နဲ့စိတ်ကျရောဂါတွေကြောင့် သတ်သေဖို့လုပ်ခဲ့တဲ့အချိန်တွေမှာ သူက ကယ်တင်ပေးခဲ့တာ။ ငါ ဘယ်တုန်းကမှ သူ့ကို သံသယဝင်ရိုးမရှိခဲ့တာ အမှန်!



အခုတော့ ငါ့အိမ်ကို နေ့စဉ်ဝင်ထွက်နေတဲ့ “ဝမ်းမင်ချန်”ဆိုတဲ့ ငါ့ယောက်ျားက တကယ့်မင်ချန်မဟုတ်တော့ဘူး။



 သူတို့က တူညီတဲ့မျက်နှာတွေ၊ တူညီတဲ့ခန္ဓာကိုယ်အချိုးအစားတွေ ၊ တူညီတဲ့ကိုယ်မူကိုယ်ကျင့်တွေ၊ တူညီတဲ့ ဝါသနာတွေ ပြီးတော့ အိပ်ယာပေါ်မှာတောင်....တူကြပေမဲ့ ငါမရှင်းပြနိုင်ဘူး။



 ဒါပေမဲ့ ငါ့ကိုယုံပါ။



"ငါ မယုံဘူး” 



အဲ့လူက  နှာခေါင်းပေါ်က မျက်မှန်ကိုပင့်တင် ကြည့်ပြီး ငါ့ကို ခေါင်းစခြေဆုံး စစ်ဆေးနေတယ်။



ငါ ကိုယ်ဘာသာကိုယ်‌တောင်မသိလိုက်ဘဲ မူလတန်းကျောင်းသားလေးတစ်ယောက်လို ခါးတန်းရပ်နေလိုက်ပြီး ဒါကိုကြားချင်းချင်း ပြန်ပြောလိုက်တယ် ။ 



“ခင်ဗျား ဘာလို့ မယုံတာလဲ? ကျွန်တော် ပြောသမျှအကုန် အမှန်ပဲ။ သူက တကယ်ပဲ သူမဟုတ်ဘူး။

 သူ့ကိုမြင်တိုင်း ကျွန်တော်ဘယ်လောက်ထိ လန့်နေရတယ်ဆိုတာ ခင်ဗျားမသိဘူး။ သူ မင်ချန်ကို အန္တရာယ်ပေးထားလားဆိုတာတောင် မသိနိုင်ဘူး....."



ဒေါက်တာ ကျောက်က လက်မြှောက်ပြီး ငါ့စကားကိုဖြတ်လိုက်တယ်။ ပြီးတော့  သက်ပြင်း တစ်ခုချလိုက်ပြီး လက်ညှိုးနဲ့လက်မနဲ့ မျက်ခုံး တွေညှပ်ကိုင်လိုက်တယ်။ ဒီထောင့်ကနေကြည့်ရင် သူ့မျက်လုံးဘေးက အရေးအကြောင်းလေးတွေတောင် ငါမြင်နေရတယ်။



သူက အသက် ၃၀ အစောပိုင်းပဲရှိသေးတာပါ၊ ဒါပေမဲ့ ငါ့ကိုတွေ့ပြီးတဲ့နောက်ပိုင်း ပိုအိုသွားသလိုထင်ရတယ်။ ငါတကယ်ပဲ သူ့ကိုစိတ်ပူအောင် လုပ်နေမိတာပဲ။



 ငါ စကားပြောဖို့အားတွေ ရုတ်တရက်ကုန်သွားပေမဲ့ ယုံကြည်မခံရတဲ့နာကျင်မှုက ငါ့ကိုအခုထိ ပူလောင်စေနေဆဲပဲ။ငါ့လက်တွေကို အား မရှိ‌ တော့သလိုမျိုး ဒူးပေါ်မှာ တင်ထားမိတယ်။ 



"ဒါပေမဲ့ ကျွန်တော် တကယ်ပဲ ခင်ဗျားကိုမလိမ်ဘူး....."

 


"မင်းကို ငါယုံပါတယ်"



ငါ့မျက်လုံးတွေ အရောင်တောက်သွားပြီး မျှော်လင့်ချက်တစ်ခုကို ဖမ်းမိသလို ခေါင်းကို ရုတ်တရက် မော့လိုက်မိတယ်။



 ဒါပေမဲ့ ကံဆိုးချင်တော့ ဒေါက်တာကျောက် က နောက်စကားတစ်ခွန်း နဲ့ ငါ့အပေါ် ရေခဲရေလောင်းချလိုက်သလိုဖြစ်သွားတယ်။



" ဒါပေမဲ့ မင်း ဒီကြားထဲမှာ ဆေးမသောက်ဘူးမလား"

 


"ကျွန်တော် ..."



ငါ့ခေါင်းထဲ တွေ ရှုပ်ထွေးသွားပြီး အပြစ်ရှိသလို ခံစားရလို့ ခေါင်းငုံ့လိုက်မိတယ်။



 အဖြေက သိသိသာသာကြီးပါပဲ။



 ဒေါက်တာကျောက် က တစ်မိနစ်တိတိ စကားမပြောဘဲနေတယ်။



သူ့မေးရိုးကတင်းနေပြီးတော့ ဒေါသထွက်နေပုံရတယ်။



ပြီးတော့ ကြမ်းကြမ်းတမ်းတမ်း ထလိုက်ပြီး နောက်ဘက်က ဆေးဘူးတန်းထဲကနေ ဆေးဘူးတချို့ယူကာ ရေတစ်ခွက်လောင်းထည့်လာတယ်။



သူက ခပ်အေးအေးပြောတယ်။



 "မင်းကို ငါယုံလို့ရမယ်ထင်လား?'



ဒေါက်တာကျောက်က  မင်ချန် ရှာပေးခဲ့တဲ့ ငါ့ရဲ့သီးသန့်ဆရာဝန်ပဲ။ ဒီနှစ်တွေအတွင်း ငါ့ကိုကုသဖို့ သူ့ရုံးခန်းထဲမှာ အမြဲဆေးတွေသိမ်းထားတယ်။ ငါ ဆေးသောက်ပြီးချိန်ကိုလည်း သူမှတ်ထားတယ်။ တစ်ခါတလေ ညသန်းခေါင်မှာတောင် တံခါးခေါက်ပြီး ဆေးပေးဖို့လာတတ်သေးတယ်။



ငါ ဆေးမသောက်တာကြာပြီဖြစ်လို့ သူ့ရဲ့ကြိုးစားမှုတွေအတွက် စိတ်မကောင်းဖြစ်မိတယ်။



ဒါပေမဲ့ တမင်တကာမသောက်တာမဟုတ်ဘူး။ 

 တကယ်ကိုမရည်ရွယ်ပါဘူး။



 ဒါပေမယ့် ကိုယ့်‌ ယောက်ျား နေရာမှာအခြားတစ်ယောက်အစားထိုးဝင်နေတာသိရင်  ဘယ်သူက မကြောက်ဘဲနေမှာလဲ?!



 နေ့တိုင်း အိပ်ရာဘေးမှာလှဲနေတဲ့သူက ဘယ်သူမှန်းမသိရင် မင်းတို့ရော မကြောက်ဘူးလား?!


 သာမာန်လူတစ်ယောက်ဆိုရင်ရူးသွားလောက်တယ်နော်။ ဒါ့အပြင် ငါက စိတ်ရောဂါဖြစ်နေတုန်းပဲ။



 ကံဆိုးချင်တော့  ဒေါက်တာကျောက် က ငါ့ကိုမယုံတော့ဘူး။ ငါ ဆေးကိုပါးစပ်ထဲထည့်၊ ခေါင်းမော့ပြီး သူပေးတဲ့ရေကိုသောက်လိုက်ပြီး ဆေးကိုမျိုချလိုက်တယ်။



ငါ ဆေးမှန်မှန်မသောက်တဲ့အတွက် ဒီကမ္ဘာမှာ ငါ့ကိုအများဆုံးယုံကြည်ခဲ့တဲ့ လူနှစ်ယောက်တောင်ယုံတော့မှာမဟုတ်ဘူး။



ငါ ဘယ်သူ့ကိုပြောရမလဲ? အခုဆို ဘယ်သူမှမယုံကြည်ကြတော့ဘူး။ ငါ  ရဲကိုဖုန်းဆက်ပြီး ငါ့ယောက်ျားအသစ်နေရာမှာ  တစ္ဆေတစ်ကောင်က ဟန်ဆောင်ပြီး နေနေတယ်လို့ပြောလိုက်ရမလား။



ရဲတွေက ငါစိတ်နောက်နေတာလို့ ထင်ပြီး ငါ့ကို အဲ့ဒီအရာဆီကိုပဲ ပြန်ပို့လိုက်ကြမှာ။ ငါက နေမကောင်းပေမဲ့ ငတုံးမဟုတ်ဘူး။



ငါ အိမ်ကိုပဲ ပြန်ရလိမ့်မယ်။



 ဒါပေမဲ့ ငါအိမ်မပြန်ရဲဘူး။ အနည်း‌ဆုံး ကြားရက်တွေရဲ့ ညနေ ၅နာရီ၂၅မိနစ် မတိုင်ခင်မှာပေါ့။


.........



လွန်ခဲ့သော ရက်နည်းနည်းလောက်က ဖြစ်တယ်။



ယွီဟွာမြို့က  ပင်လယ်နားမှာရှိတဲ့မြို့တစ်မြို့။

နွေဦးမှာ‌တောင် လေ‌တွေက အေးမြစိုစွတ်နေတယ်။ မနက်ခင်းမြူခိုးတွေ ပြေလွင့်သွားတဲ့အခါ ပန်းပင်တွေရဲ့အမွှေးနံ့တွေက  လေနဲ့အတူ အခန်းထဲကို ​ဖြည်းဖြည်းချင်းဝင်လာပြီး ကိုယ်ခန္ဓာကို လန်းဆန်းစေတယ်။



ဒီရာသီက  နောက်ကျမှထဖို့ အကောင်းဆုံးပဲ။ငါ မနက် ၉ နာရီကျော်မှ အိပ်ရာထတယ်။



ကောင်းကောင်းအိပ်ပျော်သွားတဲ့အတွက် ကိုယ်ခန္ဓာက ပိုပေါ့ပါးနေသလိုခံစားရတယ်။



 ဒီခေတ်လူငယ်အများစုလိုပဲ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေက ဖုန်းပဲ။ ပြီးတော့ အိပ်ရာနိုးတာနဲ့ ပထမဆုံးလုပ်တာက မက်ဆေ့တွေစစ်ကြည့်တာ။



 "အံ့ဩစရာသတင်း ! နာမည်ကြီးဒါရိုက်တာတစ်ဦးသူ့‌ ခေါင်းကိုင်သားနဲ့ ဖောက်ပြန်နေ!"



 "ကြောက်စရာသတင်း ! အမေရိကန်ပြည်ထောင်စုမှာ ဝက်တုပ်ကွေးအသစ်တစ်မျိုး ပျံ့နှံ့နေ!"



 "အရေးကြီးသတင်း! ပြင်းထန်တဲ့ယာဉ်တိုက်မှုတစ်ခုဖြစ်ပွား။ ယာဉ်စည်းကမ်းထိန်းရေးမှ သတိပေး....."



 ငါ  ဘာခံစားချက်မှမရှိတဲ့ မျက်နှာနဲ့ ဒီအံ့ဖွယ်သတင်းခေါင်းစဉ်တွေအားလုံးကို ဖျက်လိုက်ပြီး Chat ဆော့ဝဲကို နှိပ်ဝင်လိုက်တယ်။



မင်ချန် - [မနက်စာက မီးဖိုချောင်ထဲမှာ။ စားခါနီးအပူပေးရမယ်။ အစာအိမ်မကောင်းရင် နို့မသောက်နဲ့။ နေမကောင်းလာရင် ငါ့ကိုဖုန်းဆက်နော်။ တံခါးသော့ခတ်ဖို့လည်း မမေ့နဲ့.....]



ငါနာရီကိုကြည့်လိုက်တယ်။



၇နာရီ ၃၅မိနစ်။



 အဲ့အချိန်က ငါအိပ်နေသေးတာပဲ။ဒါပေမဲ့ မင်ချန်ကတော့ ငါ့အတွက် ကိုယ်တိုင်မနက်စာပြင်ဆင်ပြီးသွားပြီ။



ဝမ်းမင်ချန်။ ငါ့ရဲ့အချစ်ဦး၊ ငါ့ရဲ့ချစ်သူ၊ ငါ့ရဲ့ပူပူနွေးနွေးခင်ပွန်းသည်။



 သူက ချောမောပြီး အရပ်ရှည်၊ မျိုးရိုးကြီးတယ်။ ငါ့ကိုအမြဲနူးနူးညံ့ညံဆက်ဆံပြီး ဂရုစိုက်တယ်။ ငါဘယ်လောက်ပဲ ဇီဇာကြောင်‌ကြောင်၊ စိတ်‌ကောက်ကောက်၊ အားနည်းတာ၊ ကျန်းမာရေးမကောင်းတာဖြစ်ဖြစ် သူကတော့ အရင်အတိုင်းနူးညံ့နေတုန်းပဲ။

 


ငါ သူ့စိတ်ဆိုးတာ၊ ဒေါသကြီးတာမျိုး တစ်ခါမှမတွေ့ဖူးဘူး။ ငယ်ငယ်တုန်းကနေ အခုထိ၊ ချစ်ကြိုက်တဲ့အချိန်ကနေ လက်ထပ်တဲ့အထိ သူ့မှာငါ့အတွက် မကုန်နိုင်တဲ့ သည်းခံမှုနဲ့ ချစ်ခြင်းမေတ္တာရှိနေသလိုပဲ။



ငါလည်း သူ့ချစ်ခြင်းကို လက်ခံပြီး သူ့ကို ပြန်ချစ်ပေးတယ်။



သူနဲ့ တစ်သက်လုံးကို အတူနေချင်တာ။

 


ငါပျော်ပျော်ကြီးစိတ်ကူးယဥ်နေတုန်း ဖုန်းတုန်သွားပြီး အသံတစ်ချက်ထွက်လာတယ်။



မင်ယီ -[ အနုပညာပြပွဲက လာမယ့်လစီစဉ်ထားတယ်။ ငါ့အစ်ကိုမွေးနေ့မတိုင်ခင် နင်လုပ်နိုင်မယ်ဆိုတာသေချာလား? နောက်ထပ်ပန်းချီဘယ်နှစ်ချပ်ကျန်သေးလဲ]



 ဒါက ဝမ်းမင်ယီ၊ မင်ချန် ရဲ့ညီမ၊ ငါ့ရဲ့ခယ်မပေါ့။ ငါတို့သုံးယောက် အတူတူကျောင်းတက်ခဲ့ကြတာ။ ငါ သူမငယ်ငယ်တုန်းက အမြဲအနိုင့်ကျင့်ခဲ့တာလေ၊ ဒါပေမဲ့ သူမ ကြီးလာတော့ အားကစားသမားဖြစ်လာမယ်လို့ ဘယ်သူထင်မှာတဲ့လဲ။ သူမက လက်ဝှေ့လည်းလေ့ကျင့်သေးတယ်၊ ငါ့လို အားနည်းတဲ့ယောက်ျားတစ်ယောက်ထက်တော့ အားပိုကောင်းတယ်။ အခြေအနေတွေက တကယ်ပဲ ပြောင်းလဲသွားတာပဲ....။



 မင်ယီ - [ဟေ့၊ ပြန်မဖြေတာကြည့်ရတာ နင် အိပ်ရာမထသေးဘူးမလား ကောင်စုတ်]



ငါအမြန်ပြန်ဖြေလိုက်ရတယ်- 



[ငါနိုးနေပါပြီ။ ပန်းချီဆွဲနေတာ ။ ပြီးမယ်လို့အာမခံတယ် ပြီးတော့ ပန်းချီကားတစ်ခုပဲကျန်တော့တာ]



မင်ယီ - [နှစ်ချပ်ပဲကျန်တော့တာ ? ကောင်စုတ်လေးက နည်းနည်းတော့ အသိစိတ်ရှိလာပြီနဲ့တူတယ်]



ရယ်သေတော့မယ်။ တကယ်က နောက်ထပ်နှစ်ဆယ်ကျော်ကျန်သေးတာ။



ဒါပေမဲ့ ငါကတော့ လက်ဝှေ့ကစားတဲ့မိန်းမကို ဒီလိုလိမ်ရဲတယ်လေ။ ထိတ်လန့်စရာကို မရှိဘူး။



ဘာလို့လဲဆိုတော့ ကျန်တာတွေက နောက်ဆုံးမှ သေချာဆွဲဖို့ သိမ်းထားချင်တဲ့ ပုံတွေ၊ ငါ့အကြိုက်ဆုံး မင်ချန်ရဲ့ ပုံတူလည်း ပါတယ်၊ အဲဒီနေရာမှာတော့ ငါအတော်ဆုံးပဲ။



သူ့မျက်နှာနဲ့ခန္ဓာက ငါ့ဦးနှောက်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲနေတော့ သူမော်ဒယ်လုပ် ပေးစရာမလိုတောင် သဘာဝအတိုင်းမြင်ယောင်နိုင်တယ်။



တကယ်တော့ ငါငယ်ငယ်ကတည်းက သူ့ပုံကိုဆွဲခဲ့တာ။ ကစားကွင်းမှာရပ်နေတဲ့ပုံ၊ စာသင်ခန်းထဲမှာ ဆယ်လိုတီးနေတဲ့ပုံ၊ စာသင်ခန်းထဲမှာ လက်ထောက်ပြီးငိုက်နေတဲ့ပုံ၊ ဘွဲ့နှင်းသဘင်ကပုံ။



တစ်ပုံစီတိုင်းက တောက်ပနေတယ်၊ လှပတယ်၊ ဆွဲဆောင်မှုရှိတယ်။



ဆယ်ကျော်သက်အရွယ်မှာ တခြားယောက်ျားလေးတွေက ဘယ်မိန်းကလေးအလှဆုံးဆိုတာဆွေးနွေးနေချိန်၊ ငါကတော့ မှတ်စုစာအုပ်ထဲမှာ သူ့ပုံတွေပဲလျှို့ဝှက်စွာ ဆွဲနေခဲ့တာ။



သူ့ရုပ်ပုံက ငါ့စိတ်ထဲမှာ စွဲထင်နေပြီးသားမလို့ စက္ကူပေါ်မှာ ဆွဲပြီး ၊ နှလုံးသားထဲမှာ လျှို့ဝှက်သိမ်းဆည်းထားတယ်။



အထက်တန်းကျောင်းပြီးတဲ့နွေရာသီမတိုင်ခင်မှာ သူငါ့အိမ်မှာလာဆော့ရင်း မတော်တဆ ငါ့စိတ်ထဲမှာရှိ‌ နေတာတွေသိသွားတယ်။



ဝမ်းမင်ချန်ရဲ့ပုံတူတွေ နေရာတိုင်းမှာရှိ နေတယ်။ ငါ ရှက်ပြီး တံခါးနားမှာရပ်ကာ စကားမပြောနိုင်ခဲ့ဘူး။ 



မျက်ရည်တွေချက်ချင်းကျလာတယ်။ ငါဘယ်တော့မှမငိုဖူးဘူး၊ ဒီလောက်မြန်မြန်ငိုနိုင်မှန်းလည်းမသိဘူး။



ပြီးတော့ သူကတော့ ငါ့ကိုတည်တည့်တည့်ကြည့်နေတယ်။



သူ့မျက်လုံးတွေက အရမ်းပူလောင်နေတယ်။ ငါ့ဝိညာဉ်ကိုတောင် ထုတ်ယူနိုင်တော့မလား ထင်ရတယ်။



သူငါ့ဆီ လှမ်းလာတယ်၊ လက်တစ်ဖက်မှာ ငါဆွဲထားတဲ့ပုံတွေကိုဆက်ကိုင်ထားလို့ပေါ့။


 

သူက အရမ်းလူကြိုက်များတာ။ လူတွေအများကြီး သူ့ကိုကြိုက်ကြတယ်၊ ကျောင်းက မိန်းကလေးတွေလည်းသူ့ကို ရည်းစားစာတွေ ပေးကြတယ်။ ငါ....ငါ ဂေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုရှက်နေမိတယ်။



ဒါပေမဲ့ နောက်တစ်မိနစ်မှာပဲ သူငါ့ကိုဖက်ပြီး သူ့နှုတ်ခမ်း‌တွေကို ငါ့ဆီဖိကပ်လာခဲ့တယ်လေ။



“စိတ်မပူပါနဲ့။ မင်းငါ့ကိုကြိုက်တယ်မလား အားကျန်း၊ ငါလည်း မင်းကိုကြိုက်တယ်.....”



ငါ အဆုံးမရှိ အံ့အားသင့်သွားတယ်။



အခုလည်း ငါ အဆုံးမရှိအံ့အားသင့်နေတာပဲ၊ ဘာလို့လဲဆိုတော့ တံခါးဖွင့်လိုက်တဲ့အခါ အလုပ်မှာရှိသင့်တဲ့မင်ချန်က ဧည့်ခန်းထဲမှာရှိနေလို့ပဲ။



သူက ဝတ်စုံအပြည့်နဲ့ မှိုင်းနေတဲ့ leather ဖိနပ်တွေဝတ်ဆင်ထားတုန်း။ ဘယ်လက်ကောက်ဝတ်မှာ ငါဝယ်ပေးတဲ့ Rolex နာရီ၊ ညာလက်မှာ အမျိုးသားလက်ကိုင်အိတ်။အဲ့ထဲမှာ  သူ့ လက်တော့နဲ့ဘောပင် ရှိမှာသိတယ်။ သူ့ရဲ့မျက်နှာလှလှတစ်ဖက်ခြမ်းက   နှာတံမြင့်မြင့်ကိုမြင်ရပြီး အသားအရေက ဖြူဖွေးအေးစက်နေပြီးကျောက်စိမ်းရုပ်တုလိုပဲ။



သူက ဧည့်ခန်းအလယ်မှာ လှုပ်ရှားမနေဘဲ ရပ်နေတယ်။



ငါ စက္ကန့်ဆယ်ကျော်ကြာအောင် ငေးမောနေမိပြီး နံရံပေါ်ကနာရီနဲ့ ဖုန်းဖန်သားပြင်ပေါ်က အချိန်ကို အကြိမ်ကြိမ်ကြည့်မိတယ်။



၉ နာရီ ၅၉ မိနစ်



"ဒန် ဒန်- ဆယ်နာရီထိုးပြီ၊  ပန်းချီဆွဲဖို့အချိန်ရောက်ပါပြီ အစ်ကိုလေး!"



ငါ့နှိုးစက်အသံကြားလိုက်ရတာနဲ့ တုန်လှုပ်သွားမိတယ်။



ဆယ်နာရီထိုးပြီ၊ မင်ချန်က ပုံမှန်ဆို ရှစ်နာရီမတိုင်ခင် အလုပ်သွားတာပဲ။



အခုတော့ သူက ခံစားချက်မရှိတဲ့ ရုပ်သေးရုပ်တစစ်ရုပ်လိုပဲရှိနေတယ်။



ကံကောင်းချင်တော့ နှိုးစက်သံကြားတာနဲ့ သူ့အာရုံကိုပြောင်းသွားသလိုပဲ။ သူရပ်လိုက်ပြီး ဖြည်းဖြည်းချင်းလှည့်လာတာတွေ့ရတယ်။



မင်ချန်က အရမ်းကြည့် ကောင်းတယ်။ ဆယ်နှစ်ကျော်အတူနေခဲ့ပေမဲ့ သူ့အလှကိုမြင်တိုင်း ငါ အံ့အားသင့်နေတုန်းပဲ။



ဧည့်ခန်းအလယ်မှာရပ်နေတဲ့ ဒီလူငယ်က မျက်ခုံးထူထူ၊ နှာတံမြင့်မြင့်နဲ့ သဘာဝအတိုင်း နည်းနည်းမို့နေတဲ့နှုတ်ခမ်းတွေရှိတယ်။ မျက်နှာမှာ ပြုံးမနေရင်တောင် ပြုံးနေသလိုမျိုး။ ဆံပင်က မင်လိုမည်းနက်၊ အသားအရေက နှင်းဆီလိုဖြူစင် နေတယ်။ အပြင်မှာ နွေဦးပန်းတွေပွင့်နေတဲ့အချိန်ဆိုပေမဲ့ သူ့ရဲ့အလှက ငါတို့အိမ်ကလေးရဲ့ဥယျာဉ်ထက် ပိုတောက်ပနေတယ်။



သူ ငါ့ကို တည့်တည့်ကြည့်နေပြီး အတော်ကြာမှ နာမည်ခေါ်တယ်။ ကျွန်တော့်ကိုမှတ်မိမနေသလိုမျိုး အမေးသဘောနဲ့ - 



“အားကျန်းလား?”



သူ့ လေသံထဲမှာ ဘာမူမမှန်တာမှ မရှိဘူး။ ဒါပေမဲ့ သူ့မျက်လုံးတွေက ထူးဆန်းနေတယ်၊ မှောင်မိုက်‌နေတဲ့‌ တောထဲက သားရဲတစ်ကောင်လို စူးရှပြီး မှောင်မည်းတဲ့အလင်းတစ်ခုစီးဆင်းနေသလိုပဲ။



သူ့မျက်လုံးတွေနဲ့  ဆုံမိတာနဲ့   ငါ ဦးရေပြားတွေထုံကျဉ်ပြီး ကျောရိုးတစ်လျှောက် ချမ်းစိမ့်စိမ့်ဖြစ်သွားတယ်။



နောက်မှသိရတာက ဒါက  ငါ့ရဲ့သဘာဝအလျောက် ရှင်သန်မှုအတွက်အာရုံခံစားမှုပဲ၊ ဒါပေမဲ့ အဲ့အချိန်မှာတော့ ဒါမင်ချန်ပဲလို့ထင်နေတာ။ ဒါကြောင့် စိတ်ထဲမထားမိဘဲ လေအေးတိုက်တာပဲလို့ ခပ်တုံးတုံးတွေးလိုက်တယ်။



'မင်ချန်?'



 ငါ သူ့ဆီချဉ်းကပ်သွားပြီး သူ့မျက်နှာလှလှကို မြတ်မြတ်နိုးနိုးကိုင်လိုက်တယ်။ 



''ဘာလို့အလုပ်မသွားတာလဲ? အခုဆယ်နာရီမဟုတ်လား? ဘာလို့ဧည့်ခန်းထဲမှာ အဆင်သင့်ဝတ်ထားပြီးရပ်နေတာလဲ?"



 သူ့ကြည့်ရတာ ငါ မေးလိုက်တဲ့မေးခွန်းသုံးခုကြောင့် အံ့အားသင့်နေသလိုပဲ။ ငါ့ကို  ငုံ့ကြည့်ပြီး မျက်လုံးတွေနည်းနည်းလှုပ်သွားတယ်။ ပြီးတော့ လက်ကိုင်အိတ်ကိုဆိုဖာပေါ်ပစ်ချပြီး၊ ငါ့ခါးကိုပွေ့ပြီး သူ့မျက်နှာကို ငါ့လည်ပင်းမှာ ကပ်ထားလိုက်တယ်။



ငါ သူ့မျက်လုံးတွေကို မမြင်ရတော့ဘူး။



"ငါ ဒီမနက်အလုပ်မသွားချင်ဘူး၊ မင်းအတွက်ချက်ပေးရမလား? မနက်စာစားပြီးပြီလား?''



သူ့လက်တွေက အရမ်းကြီးပြီး ငါ့ကျောကိုပွတ်နေတယ်။ သူ့လက်ချောင်းတွေအေးစက်နေတယ်လို့ခံစားရတယ်၊ လက်ဖျားနဲ့လက်သည်းတွေက ငါ့အရေပြားပေါ်မှာ ဖွဖွလေးပွတ်သွားနေတယ်။



ဘာကြောင့်မှန်းမသိဘဲ မသက်မသာဖြစ်လာပြီး သူ့လက်ထိသမျှနေရာတိုင်းမှာ မွေးညှင်းတွေထနေတယ်။



ဒါပေမယ့် သူက ဝမ်းမင်ချန်ပဲ! သူ ငါ့ကိုထိတာက  ဘာမှားနေလို့လဲ ? ငါတို့အရမ်းကိုရင်းနှီးတဲ့အရာတွေတောင် လုပ်ဖူးတာပဲ။



ငါ့ စိတ်ထဲက ထူးဆန်းတဲ့ခံစားချက်ကိုမေ့ပစ်လိုက်ပြီး ပြုံးပြလိုက်တယ်။



 ''မင်းငါ့အတွက် ငှက်ပျောသီးချောင်းကြော်တွေ လုပ်စားထားတာမဟုတ်လား? ငါအဲ့တာတွေစားထားတာပေါ့။''

 


ကျောပေါ်မှာပွတ်နေတဲ့လက်တွေ ရုတ်တရက်ရပ်သွားတယ်။



တစ်စက္ကန့်အတွင်းမှာပဲ သူပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။ ဝမ်းမင်ချန်ရဲ့အသံက နူးညံ့ပြီးဆွဲဆောင်မှုရှိနေတုန်းပဲ - 



''ဟုတ်တယ်၊ ငါမေ့သွားတာရယ်။''



ဒါပေမဲ့ ငါ မပြုံးနိုင်ဘူး။



ဘာကြောင့် ဆန်းဒဝှစ်ကို ငှက်ပျောသီးချောင်းကြော်လို့ ပြောမိမှန်းမသိပေမဲ့ သူ အဲ့တာကို သတိမထားမိခဲ့ဘူး……



မနက် ၁၁ နာရီမှာ ဝမ်းမင်ချန်က မီးဖိုချောင်ထဲမှာ ဟင်းချက်နေတယ်။



ကြက်သားဟင်းချိုရဲ့မွှေးပျံ့ချိုမြိန်တဲ့အနံ့က မီးဖိုချောင်ကနေ ငါ့နှာခေါင်းထဲကို ဝင်လာပြီး ဆွဲဆောင်နေတယ်။



 သူက  ကြက်သားစတူးနဲ့ ပုဇွန်ကြော်ကိုကြိုက်တုန်းပဲ။ မုန့်ဖုတ်တဲ့အခါ ငါအကြိုက်ဆုံး အကြွပ်ရွအတုံးလေးတွေကို ငါ့အတွက် ချိုးပေးတုန်းပဲ။ 



ညာဘက်လက်မောင်းက အင်္ကျီလက်ကို မတင်ပြီး ဘယ်ဘက်လက်ကိုမတင်တတ်တာလည်း အရင်အတိုင်းပဲ။



 ထမင်းမစားခင် ဟင်းချိုတစ်ခွက်ကို ငါသောက်တာကို ကြည့်တဲ့အကျင့်လည်း ရှိနေဆဲပဲ။



  ငါခေါင်းငုံ့ပြီး သူတိုက်တဲ့ ကြက်သားဟင်းချိုခွက်ကို ဖြည်းဖြည်းချင်း သောက်လိုက်တယ်။



 သူက ဟင်းချိုတစ်ခွက် ဒါမှမဟုတ်  ရေတစ်ခွက်ကို သူကိုယ်တိုင် တိုက်ရတာကို ကြိုက်တယ်လေ။



 သေချာပါတယ်၊ ဒီလူက မင်ချန်ပဲ။



 ခုနက သူ ထူးဆန်းနေတယ်လို့ထင်မိတာ၊ တကယ်တော့ ငါကမှ ပိုထူးဆန်းနေတာ။


  

 ငါ့ရဲ့ရောဂါက ပြန်ဖြစ်နေတာများလား?


 

 ငါစိတ်ထဲမှာ ငှက်ပျောသီးခြောက်နဲ့ ဆန်းဒဝှစ်ကိစ္စကို ဆက်ပြီးတွေးနေမိတယ်..။.



  စားပြီးတာနဲ့ စိတ်ရောဂါအတွက် ဆေးသောက်ရမယ်။


 

 ဒီစိတ်နဲ့ပဲ ပုံမှန်ထက် ပိုမြန်မြန်စားလိုက်တယ်။




  ဆယ်မိနစ်မပြည့်ခင်မှာပဲ ထမင်းခွက်တစ်ဝက်ကျော်စားပြီးသွားတယ်…။


  

  ငါက ကျန်းမာရေးမကောင်းတော့ ဆေးတွေအမြဲသောက်နေရလို့ တကယ်တော့ စားချင်စိတ်မရှိဘူး။



 ဒါပေမဲ့ ငါစားနေရင်း သတိထားမိတာက မင်ချန်က ဒီနေ့ ပိုပြီး စားချင်စိတ်မရှိဘူးထင်ရတယ်။



သူ့လက်ထဲက တူတွေက ဟင်းခွက်ဆီ မရောက်သလောက်ပဲ။ဆယ်မိနစ်အတွင်း ၂ဇွန်းပဲ စားသလားပဲ။



ပြီးတော့ မျက်နှာမကောင်းဘူး။သူ့မျက်နှာထားက တင်းကျပ်နေပြီး ပါးလွှာတဲ့ မျက်ခုံးတွေနည်းနည်းကျုံ့၊ နှုတ်ခမ်းတွေက အသက်ရှူရခက်နေသလို ခရမ်းရောင်သမ်းနေတယ်။




 သူသိပ်ဒုက္ခရောက်နေသလိုပဲ။ အဲ့တာက တီဗီထဲက အသက်ရှူလမ်းကြောင်းပိတ်နေတဲ့ကလေး ဒါမှမဟုတ် Heimlich Maneuver အကြောင်း ငါ့ကို သတိရ‌စေတယ်။..

  


 အိုး ဘုရားရေ !



 ငါ ချက်ချင်းထလိုက်ပြီး



 "မင်ချန် မင်းအဆင်ပြေရဲ့လား"  အသက်ရှူကြပ်နေတာလား? လို့မေးလိုက်တယ်။



"ဘာလို့ ဝတ်စုံပြည့် ဝတ်ထားတုန်းလဲ၊ နက်ခ်တိုင်ကလည်းကျပ်လွန်းနေတာ။ မြန်မြန်ချွတ်လိုက်..."



ငါက စိတ်မရှည်တတ်ဘူး။ ဦးနှောက်ထက်လက်တွေက ပိုမြန်တယ်။ ချစ်ရတဲ့ မင်ချန်မအီမသာဖြစ်နေတာမြင်တော့ တစ်စက္ကန့်မှမခံနိုင်ဘဲ သူ့အင်္ကျီနဲ့နက်ခ်တိုင်ကို အမြန်ဖြုတ်ဖို့လုပ်မိတယ်။



နက်ခ်တိုင်က သူ့ရှပ်အင်္ကျီကော်လာအပြင်ဘက်မှာ ချည်ထားတာ၊ ငါ့ လှုပ်ရှားမှုကြောင့် သူ့ကော်လာအစိတ်အပိုင်းတစ်ခု ဖွင့်မိသွားတယ်။



.........


........


တစ်စက္ကန့်၊ နှစ်စက္ကန့်၊ ဆယ်စက္ကန့်တိတိကုန်သွားတယ်။

ငါ ရှိနေရာမှာပဲ ရှိနေပြီး လက်တွေကိုငေးငေးကြည့်နေမိတယ်။



ငါ့ဖြူဖတ်ဖြူရော်လက်တွေမှာ သွေးတွေပေနေတယ်။



မင်ချန်ရဲ့လည်ပင်းအောက်က အင်္ကျီဖုံးထားတဲ့နေရာမှာ ကြောက်မက်ဖွယ်ဒဏ်ရာတစ်ခုက သွေးယိုနေတယ်၊ ကော်လာဖွင့်လိုက်တဲ့အခိုက်မှာ နီမြန်းတဲ့သွေးတွေပန်းထွက်လာတယ်။



ရေပန်းတစ်ခုလိုပဲလို့ ငါစိတ်ထဲတွေးတယ်။



သွေးခဲဟောင်းတွေကိုဖောက်ကျော်ပြီး သွေးသစ်တွေက သူ့ခန္ဓာကိုယ်တစ်ဝက်ကို မျက်စိတစ်မှိတ် ပျံ့နှံ့သွားတယ်။  အဲ့တာတွေက သူ့ရဲ့အနက်ရောင် ဘောင်းဘီကတစ်ဆင့် ကော်ဇော်ပေါ် ကျသွားတယ်။



 ဒါပေမဲ့ ဝမ်းမင်ချန်က အေးအေးဆေးဆေး ထိုင်နေတုန်းပဲ။ သူက ရေပန်းလို သွေးပန်းထွက်နေတဲ့ လည်ပင်းကို လက်နဲ့ထိတို့ပြီး နက်ခ်တိုင်ကို ကျက်သရေရှိရှိ ပြန်ချည်လိုက်တယ်။


   

 သူ့ရဲ့ ပြတ်နေတဲ့လည်ချောင်းကနေ အသံတွေထွက်လာပြီး စကားလုံးတိုင်းနဲ့အတူ သွေးတွေပန်းထွက်လာတယ်။ 



"မင်းငါ့ကိုနာအောင် လုပ်လိုက်တာပဲ အားကျန်းရဲ့"



သူ့အသံက  နူးညံ့ပြီး အီစီကလီအသံနေအသံထားတောင် ဖြစ်နေသေးတယ်။



ငါ လှည့်ကြည့်လိုက်တော့ သူ့ရဲ့ထူထဲတဲ့ မျက်တောင်တွေကိုမြင်ရတယ်။



ဒါပေမဲ့ အောက်က မျက်လုံးတွေမှာ အနက်ရောင်မျက်ဆန်မရှိဘူး။



အဲ့ဒီနောက်တော့ ငါ့ဘဝတစ်လျှောက် အစူးရှဆုံးအော်ဟစ်သံကို ငါဘာသာငါ ကြားလိုက်ရတော့တယ်။