Chapter 2
Viewers 94

လက်ဗွေရာစစ်ဆေးမှု မအောင်မြင်ပါ




မင်ချန်က အရမ်းရိုမန်တစ်ဆန်တဲ့သူ။ ပန်း တွေနဲ့မီးရှူးမီးပန်း တွေကို သဘောကျပြီးတော့ အိမ်မှာလည်း   မီးရှူးမီးပန်းအမျိုးမျိုးကို စုဆောင်းထားတတ်တယ်။ ငါ့မွေးနေ့တိုင်း သူ အလှဆုံးဝတ်စားပြီး မြို့ပြင်ဘက်ကို သူနဲ့အတူ မီးရှူးမီးပန်းဖောက်ဖို့သွားရအောင် တိုက်တွန်းတတ်တယ်။



တကယ်တော့ ငါ သိပ်မကြိုက်ဘူး။ ကောင်းကင်မှာ လှလှပပ ပွင့်ထွက်သွားတာပဲဖြစ်ဖြစ်၊ ငါ့မျက်လုံးထဲမှာတော့ ခဏတာပဲ။ ငါက ခဏတာထက် ရေရှည်တည်တံ့နေတာကို ပိုသ‌ဘောကျတယ်။



ဒါပေမဲ့ အဲ့ဒီလှပတဲ့အရာတွေ ပွင့်ထွက်လာတဲ့အခါ၊ တောက်ပနေတဲ့အလင်းတန်းတွေက ဝမ်းမင်ချန်ရဲ့ မျက်နှာပေါ်မှာ ရေလိုပဲစီးဆင်းနေသလိုပဲ။ သူ့မျက်တောင်မွှေးတွေက ကြယ်စုံ‌ နေတဲ့ကောင်းကင်လိုပဲ  မည်းနက်ပြီး တောက်ပနေတယ်။ အဲ့ချိန်ဆို ငါ... အာရုံမလွှဲနိုင်ဖြစ်သွားတတ်တယ်။



ဒါပေမဲ့ အခုတော့ သူ့လည်ပင်းကနေ မီးရှုးမီးပန်းလိုမျိုး သွေးတွေပန်းထွက်လာတာများ ငါလိပ်ပြာလွင့်မတတ်ပဲ။



ငါ့လက်သည်းတွေ ဒီလောက်ထက်တာလား။

ယောက်ျားတစ်ယောက်ရဲ့လည်ပင်းကို တကယ်ဖြတ်နိုင်တာလား?!



"မင်ချန်! ကယ်ကြပါအုံး-...ငါ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်!"..."



ငါ့မျက်စိရှေ့မှာဖြစ်နေတဲ့မြင်ကွင်းက ငါ့ကို တုန်လှုပ်သွားစေတယ်။ ငါ ခွေလဲသွားပြီး ခေါင်းကို ကိုင်ကာ ငိုရင်း သူ့ကို ထပ်ခါတလဲလဲ တောင်းပန်နေမိတယ်။ ငါ့ရဲ့ နူးညံ့ပြီး ထိလွယ်ရှလွယ်တဲ့ အာရုံကြောတွေက တင်းမာလာပြီး ထိန်းချုပ်မရတော့ဘူး...



“အားကျန်း!”



ငါ့ရဲ့ နှလုံးခုန်သံက ဗုံသံလိုပဲ ကျယ်လောင်နေပြီး နားထဲမှာ တဝီဝီ မြည်နေတယ်။ ငါ့လက်တွေက တစ်ခုခုကို အရမ်းတင်းတင်း ဆုပ်ကိုင်ထားတာကြောင့် လက်ကောက်ဝတ်တွေ တုန်နေသလို ခံစားရတယ်။ ငါ ချွေးတွေ ရွှဲနစ်နေပြီး ဆက်တိုက် ငိုနေမိတယ်။



"အားကျန်း၊ စိတ်အေးအေးထားပါ။ အားကျန်း.."



ဝမ်းမင်ချန်ရဲ့အသံက နူးညံ့ပေမဲ့ သူ့စိုးရိမ်မှုကို မဖုံးနိုင်ဘူး။



 သူ့လက်နွေးနွေးတွေက ငါ့မျက်နှာကို ပွတ်သပ်နေတယ်၊ သူ့လက်မတွေက ငါ့မျက်ရည်တွေကိုသုတ်‌ ပေးနေတယ်၊ သူ့နှုတ်ခမ်းတွေက ငါ့နဖူးကို ထပ်ခါထပ်ခါ နမ်းနေတယ်။



တဖြည်းဖြည်းနဲ့ ငါ စိတ်ငြိမ်သွားတယ်။



ငါ့ရဲ့ရင်ဘတ်က အပြင်းအထန် တုန်နေပြီး လက်တွေက ညှစ်ထားလွန်းလို့ တောင့်တင်းနေတယ်။



ရုန့်ရင်းဆန်ခတ်လှုပ်ရှားမှုတွေတွေကြောင့် ကြက်စွပ်ပြုတ်တစ်ဝက်လောက်က ကြမ်းပြင်ပေါ်ကျသွားတယ်။ ကော်ဇောကြောင့် ပန်းကန်လုံး ကွဲမသွားပေမဲ့ ဟင်းရည်တွေကငါ့ခန္ဓာတစ်ခုလုံးကိုစိုရွှဲနေတယ်။



မင်ချန်က လက်တစ်ဖက်နဲ့ ငါ့ကိုချီပွေ့ထားပြီး ဒီအားပြင်းတဲ့လက်မောင်းက ငါ့ရဲ့အလန့်တကြားလှုပ်ရှားမှုကို တားဆီးပေးတယ်။ 



အခြားလက်တစ်ဖက်ကတော့ ငါ့လက်ကောက်ဝတ်ကိုဆုပ်ကိုင်ထားတယ်။



ငါလှည့်ကြည့်မိတော့ ဘာကြောင့်လက်ကောက်ဝတ်နာနေရတာလဲဆိုတာ နားလည်သွားတယ်။



ငါ့အင်္ကျီကိုချွတ်ပြီး မင်ချန်လည်ပင်းမှာ သွေးတိတ်အောင် ဖိထားမိတာ။



ဒါပေမဲ့ သူ့မှာ သွေးတစ်စက်မှမရှိဘူး။



သူ့အင်္ကျီက ငါ့ကြောင့် ရှုပ်ပွသွားပြီး အင်္ကျီရဲ့ကော်လာက အကျယ်ကြီးပွင့်နေတယ်။ ဝမ်းမင်ချန်က ဖရိုဖရဲဖြစ်နေပေမဲ့ တကိုယ်လုံးသန့်ရှင်းနေပြီး ဖုန်မှုန့်တစ်စေ့တောင် မရှိဘူး။ ယောက်ျားလေးတွေသုံးတဲ့ ရေမွှေးအနံ့ပျော့ပျော့လေးတောင် ရနေသေးတယ်။



ငါ ထုံသွားပြီး စကားမပြောနိုင်ဘဲ သူ့လည်ပင်းကို မယုံနိုင်ဘဲ  စိုက်ကြည့်နေမိတယ်။



ခုနကဖြစ်ရပ်က တကယ့်အစစ်အမှန်ပဲ‌ လေ။ငါမှားမြင်တာမဟုတ်ဘူး။ ငါ့လက်ဖဝါးတွေမှာ သွေးတွေစေးကပ်နေတဲ့ခံစားချက်တွေ ကျန်နေသေးတယ်။ ဒါက မျက်စိတစ်မှိတ်အတွင်း ဘယ်လိုဖြစ်သွားတာလဲ...



မင်ချန်က ငါ့ကို ပိုပြီးရှင်းရှင်းလင်းလင်းကြည့်စေချင်တဲ့ပုံပဲ။ ငါ့ လက်ကောက်ဝတ်ကိုလွှတ်ပြီး သူ့‌ ကော်လံကိုချ၊ နက်ခ်တိုင်ကိုဖြုတ်ပြီး ရှည်လျားဖြူစင်တဲ့လည်ပင်းကို ပြလာတယ်။



ဒီပြစ်ချက်မရှိတဲ့အရေပြားမှာ အနာသေးသေးလေးတစ်ခုပဲရှိတယ်။ ဒါပေမဲ့ ဒါက အရမ်းသေးပြီး မပြင်းထန်ဘူး။  



လက်သည်းတစ်ချောင်းနဲ့ ကုတ်မိရုံလောက်နဲ့ဖြစ်နိုင်တဲ့အနာလေးပါ။ ဆေးရုံသွားတဲ့လမ်းမှာတင် ပျောက်သွားနိုင်တဲ့အနာမျိုး။



ငါသာ သူ့ကိုဆေးရုံခေါ်သွားရင် ဒေါက်တာ ကျောက်က  ငါ့ဆူနိုင်တယ် - ‘ငါရှေ့ လာကြည်နူးပြမနေနဲ့’ ဆိုပြီး။



ငါ့ရှေ့ကလူက ပူပန်နေတဲ့အမူအရာနဲ့ ငါ့ကိုနှစ်သိမ့်ပေးတယ် - 



'အဆင်ပြေပါတယ်၊ အားကျန်း။ ဒီအနာသေးသေးလေးက လုံးဝမနာဘူး။



ဒါဆို... ငါပဲ ရူးသွားတာလား?



 မဖြစ်နိုင်ဘူး။ ငါနေမကောင်းပေမဲ့ သွေးလေချောက်ခြားနေတာတော့မဟုတ်ဘူး!



ငါ့ရဲ့ရောဂါက နေ့စဉ်ဘဝကို မထိခိုက်စေနိုင်ဘူး။



ငါကျိန်ပြောရဲတယ် ၊ ဒါကို ငါ လုံးဝသေချာတယ်!



"ငါ ...ငါ .....မင်း ?"



ငါ ကိုယ့်ဘာသာပဲ အတော်ကြာပြောနေမိတယ်၊ ဘာပြောရမှန်းမသိတော့ဘူး။ နှလုံးခုန်မြန်တဲ့နောက်ဆက်တွဲ တွေကြောင့် အသက်ရှူရခက်နေတယ်။



မင်ချန်က ငါ့မျက်နှာပေါ်က ရှုပ်ပွနေတဲ့ဟင်းရည်တွေကိုသုတ်ပေးရင်း ငါ့နားထဲမှာ တိုးတိုးပြောတယ် - 



'မင်းအရမ်းစိတ်လှုပ်ရှားနေတယ်၊ အားကျန်း။ ဒီနေ့ ဆေးသောက်ပြီးပြီလား?'



သူ့အသံက မှော်ဆန်တဲ့အစွမ်းရှိတယ်လို့ထင်ရတယ်၊ နားထဲကို နူးညံ့စွာဝင်လာတယ်။ ခလုတ်တစ်ခုနှိပ်လိုက်သလိုပဲ၊ အသက်ရှူလိုက်တဲ့ခဏမှာပဲ တင် နှလုံးခုန်သံတွေ အတော်လေးငြိမ်သွားတယ်။



ငါက ကိုယ်တစ်ပိုင်းဗလာကျင်းလျက်သားနဲ့ ထိုင်းမှိုင်းစွာ ကြမ်းပြင်ပေါ်ထိုင်နေမိတယ်။ အစစ်နဲ့စိတ်ကူးယဉ်ကို ခွဲခြားမရတော့ဘဲ သူ ငါ့ကို ချီတာကိုသာ ခွင့်ပြုလိုက်ရတယ်။



အိမ်တွင်းရှုခင်းက ငါ့မျက်စိရှေ့မှာ ပြောင်းလဲသွားတယ်၊ အဲ့တာက ထမင်းစားခန်းကနေ ဧည့်ခန်းကိုရောက်သွားတယ်။ 



အပြင်ဘက်က ခြံဝင်းလေးထဲမှာတော့ နွေရာသီရဲ့ စိမ်းလန်းစိုပြေမှုနဲ့ ပြည့်နှက်နေပြီး ပန်းရောင်နဲ့ ခရမ်းရောင် hydrangea ပန်းပွင့်တွေက ဆက်တိုက်ပွင့်နေတယ်။ ဆောင်းစံပယ်တွေ

မကြွေသေးပေမဲ့ နုနယ်တဲ့ မိုးမခပင်ပုလေးတွေက အရွက်တွေ ဝေနေပြီဖြစ်ပြီး နေရောင်က တောက်ပစွာ ထိုးကျနေကာ လေထဲမှာ အစိမ်းရောင်နဲ့ အနီရောင်တွေ လွင့်မျောနေတယ်။



ကြမ်းပြင်ကနေ မျက်နှာကျက်အထိ ပြတင်းပေါက်တွေကနေ ရွှေရောင်နေရောင်ခြည်တွေ အခန်းထဲကိုဝင်လာပြီး ငါ့ကိုယ် တစ်ဝက်ပေါ်ကျနေတယ်။ အဝတ်မပါတဲ့ ငါ့ကိုယ်ခန္ဓာက နွေးထွေးပြီး သက်တောင့်သက်သာရှိနေတယ်။



ဒါတွေအားလုံးက မင်ချန် ဒီဇိုင်းဆွဲထားတာပါ။ အိမ်မှာနေရင်း နွေးထွေးတဲ့နေရောင်ခြည်အောက်မှာ သူစိုက်ထားတဲ့ပန်းတွေကို ငါမြင်နိုင်မယ်လို့ သူမျှော်လင့်ခဲ့တာ။



"မင်ချန်.."



ငါ နာကျင်နေတဲ့မျက်လုံးတွေကိုမှိတ်ပြီး သူ့နာမည်ကို တိတ်တဆိတ်ရွတ်မိတယ်။



သူက အရင်လိုပဲ ငါ့ကိုပွေ့ထားပြီး ငါက သူ့ရင်ဘတ်ပေါ်မှာ မျက်နှာတစ်ခြမ်းကပ်ပြီး ယောင်နေမိတယ်။



ဒီလိုလုပ်ဖူးတာ မရေမတွက်နိုင်အောင်များပေမဲ့ ဒီတစ်ခါမှာတော့ ဘာမှန်းမသိတဲ့ တုန်လှုပ်မှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရတယ်။



အဖြူရောင် မျက်လုံးတစ်စုံက ရုတ်တရက် ငါ့စိတ်ထဲဝင်လာတယ်။



ဒီမျက်လုံးတွေမှာ အမဲရောင်မပါဘူး။ ငါ့ကို အာရုံစိုက်ပြီးကြည့်နေတာကို ခံစားရတယ်။



ငါ ချက်ချင်း မျက်လုံးဖွင့်လိုက်တော့ မင်ချန်က အပေါ်ကနေ ငုံ့ကြည့်နေတာကိုတွေ့ရတယ်၊ သူ့မျက်လုံးထဲမှာ ငါ နားမလည်နိုင်တဲ့အရာတစ်ခုရှိနေတယ်။



ငါ ထပ်အော်လုနီးပါးဖြစ်သွားပေမဲ့ နောက်တစ်စက္ကန့်မှာတော့ သူ့မျက်ဆံတွေက အမဲရောင်ဖြစ်နေတာကိုတွေ့ရတယ်။ ဒီမျက်လုံးတွေက မင် လိုအမည်း‌ရောင်ဖြစ်နေပြီး၊ ကုန်ဆုံးမသွားနိုင်တဲ့ ညအမှောင်ထုကြီးလိုပဲ။



သူက ငါ့ကို မျက်လုံး‌မှေးပြီး ပြုံးပြတယ်။ မျက်စေ့ထောင့်တွေ၊ နှုတ်ခမ်းထောင့်တွေ မြှင့်တက်လာပြီး နူးညံ့ ချစ်ဖို့‌ကောင်းလာပြီး လှပနေတယ်။



သူ့မှာ မျက်ဆံရှိတာပဲ။ ငါစိတ်ချမ်းသာသွားတယ်။



မင်ချန်က နောက်ဆုံးမှာ ငါ့ကို ရေချိုးခန်းထဲခေါ်သွားပြီး ဆပ်ပြာတွေတိုက်ပေးပြီး  ပွတ်တိုက်သန့်စင်ပေးတယ်။ ငါက နေ့လယ်ပိုင်း ရေချိုးရတာမကြိုက်ဘူး၊ ရေဇလားထဲကနေ ထွက်ဖို့အကြိမ်ကြိမ်ကြိုးစားပေမဲ့ သူက ငါ့ဆီက ကြက်စွပ်ပြုတ်အနံ့ရနေတယ်လို့ပြောတယ်။ 



ငါက သန့်ရှင်းမှုနဲ့ မွှေးကြိုင်တဲ့အရာတွေကိုကြိုက်တော့ သူ ဆပ်ပြာတိုက်ပေးနေတာကို  လက်သင့်ခံလိုက်ရတယ်။ သူက ရေချိုးခန်းထဲမှာ အနံ့ပြန့်အောင်လည်း ဂရုတစိုက်လုပ်ပေးတယ်။



ငါ့စိတ်ခံစားမှုတွေ အပြောင်းအလဲများခဲ့ပြီး ရေနွေးနဲ့ရေချိုးပြီးတဲ့နောက်  စိတ်လက်ပေါ့ပါးပြီး အိပ်ချင်လာတယ်။



ရေချိုးပြီးတဲ့အချိန်မှာ နေ့လယ် ၁ နာရီရှိပြီ၊ ငါအိပ်ပျော်လုနီးပါးဖြစ်နေပေမဲ့ မင်ချန်က ငါ့ကိုနှိုးပြီး ဆေးသောက်ဖို့ပြောတယ်။



"အဆင်ပြေပါတယ်၊ ဆေးသောက်ပြီးရင် ငါမင်းနဲ့အတူအိပ် ပေးမယ်။ နေ့လယ်ပိုင်းမှာ အလုပ်မသွား တော့ဘူး။"



မင်ချန်က အလုပ်မှာဇွဲကြီးတယ်၊ ပြီးတော့ သူ့ဘဝရဲ့အချစ်ဆုံးက အလုပ်လေ။  တစ်နှစ်မှာ ၃၆၅ ရက်ရှိပြီး သူအလုပ်မသွားတဲ့ရက်တွေက နှစ်သစ်ကူးနဲ့ ကငါ့မွေးနေ့ပဲရှိတယ်။



သူဒီလို ကတိပေးတော့ ငါအရမ်းဝမ်းသာပေမဲ့ ငါ တစ်ယောက်တည်းနေချင်ပုံ ဟန်ဆောင်ပြီး သူပြောတာ လက်ခံလိုက်တယ်။ ဆေးသောက်ပြီတော့ ငါ အိပ်ပျော်သွားတယ်။



ဒါပေမဲ့ ငါ နိုးတဲ့အခါ သူငါ့ကိုလှည့်စားထားတာကိုတွေ့ရတယ်။



အခန်းထဲမှာ ငါတစ်ယောက်တည်းပဲ။



ခန်းဆီးလိုက်ကာ‌‌တွေက မှောင်မည်းနေပြီး တစ်ခန်းလုံးက အမှောင်ကျနေတယ် ။ ငါ အိပ်ရာကထပြီး ဖုန်းကြည့်တော့ ညနေ ၃ နာရီလောက်ရှိပြီ၊ မင်ချန်က တစ်နာရီလောက်ကတည်းက စာတိုလေးပို့ထားတယ်။



[အားကျန်း၊ ငါအလုပ်သွားတယ်။ ဒီနေ့စောစောပြန်လာမယ်။ စားပွဲပေါ်မှာ အစားအစာတွေထားပေးထားတယ်၊ ဗိုက်ဆာရင် နွှေးပြီးစားလိုက်ပါ။ အပြင်မှာမစားနဲ့။]



ငါ ဒေါသထွက်သေလုနီးပါးပဲ။ သူအလုပ်မသွားဘူးလို့ ကတိမပေးခဲ့ဘူးလား?



သူဌေး တစ်နေ့မလာတာနဲ့ ကုမ္ပဏီပျက်သွားမှာမို့လား?!



ငါဒေါသထွက်လွန်းလို့ အိပ်ရာပေါ်မှာ လူးလိမ့်နေမိတယ်၊ ငါ့ဗိုက်ကလည်း ငါ့အတိုင်း ဆန္ဒပြတဲ့ အသံတွေထွက်လာတယ်။



ဒီလူက စကားမတည်ဘူး။



သူစကားမတည်တော့ ငါလည်း မတည်ဘူး။ ငါအပြင်ထွက်စားမယ်။



ငါ့မှာ အသိမိတ်ဆွေ သိပ်မရှိဘူး။ အရင်းနှီးဆုံးမိတ်ဆွေတွေက ဟို ဝမ်း‌မောင်နှမပဲရှိတယ်၊ ဒါပေမဲ့ အစ်ကိုကတော့ စကားမတည်တဲ့လူ၊ ငါ့ကို အိမ်မှာတစ်ယောက်ထဲထားခဲ့တယ်။ ညီမလေးကတော့ အရင်က နှင်းဆီဖြူလေးလို ချစ်စရာကောင်းပြီး နုနယ်နေတာပဲ၊ အခုတော့ လက်ဝှေ့ပဲကြိုက်တယ်၊ သူ့လက်မောင်းသားကြီးတွေကပဲ သူ့မိတ်ဆွေတွေဖြစ်‌နေတာ။



ငါငိုချင်လာတယ်။



မိတ်ဆွေနှစ်ယောက်စလုံးက ငါနဲ့မဆော့ချင်ကြဘူး၊ ဒါနဲ့ပဲ ငါ တစ်ယောက်တည်း အပြင်ထွက်ရတော့မယ်။



ငါ့သွားမဲ့ လမ်းကိုတောင် စီစဉ်ထားပြီးပြီ။ အရင်ဆုံး ရှေ့က တက္ကသိုလ်ရပ်ကွက်ထဲက စည်ကားတဲ့စျေးလမ်းသွားပြီး မစ်တီးတစ်ခွက်ဝယ်မယ်၊ ပြီးရင် ငါမကြာခဏသွားတဲ့ အနောက်တိုင်းစားသောက်ဆိုင်မှာ အမဲသားစတိခ်မှာမယ်။


ငါက အမဲသားစတိခ်နဲ့ မစ်တီးတွဲသောက်ရတာကြိုက်တယ်။ စားပြီးရင် တက္ကသိုလ်ကျောင်းသားဟန်ဆောင်ပြီး ကျောင်းထဲဝင်ပြီး  အထင်ရှားဆုံး ပြည်တွင်း ချိစ်တြိဂံကိတ်မုန့်တောင် ဝယ်ပစ်ဦးမယ်။



အကောင်းဆုံးပဲ!



အဝတ်အစားလဲပြီးတဲ့အခါ ဖိနပ်ဗီရိုထဲက သက်တောင့်သက်သာ အရှိဆုံး ဖိနပ်တစ်ရံကိုရွေးပြီး နေကာဦးထုပ်နဲ့ အိမ်သော့တွေယူပြီး အပြင်ထွက်ဖို့ အစီအစဉ်ဆွဲတယ်။



မင်ချန်က အပြင်ထွက်တိုင်း တံခါးသော့ခတ်တတ်တယ်။ သူက ငါ့အပေါ် အဆုံးမရှိတဲ့စိုးရိမ်မှုတွေနဲ့ ပြည့်နေတာ၊ ငါက တံခါးဖွင့်ပြီး သူစိမ်းတွေကို လက်ခံမိမှာကို ကြောက်နေသလိုမျိုး။ အပြင်မထွက်ခင် ချောင်းကြည့်ပေါက်ကနေ စစ်ဆေးဖို့ သေသေချာချာပြောထားတယ်။



 သူ့အသံအနေအထားက ငါ့ကို ကလေးတစ်ယောက်ကို သင်ပြနေသလိုပဲ ။ အဲ့ကြောင့် ငါ  နှာခေါင်းရှုံ့မိပေမဲ့ သူကဒီကိစ္စကို အလွန်အမင်းအရေးတယူထားပြီး ရှားရှားပါးပါးတင်းကြပ်တဲ့အမူအရာပြခဲ့တယ်။ သူသင်ပေးတဲ့အဆင့်တွေအတိုင်း ငါ့ကိုအကြိမ်ကြိမ်လုပ်ခိုင်းပြီးနောက် ငါ ခဏတော့စိတ်ဆိုးခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အလေ့အကျင့်လိုတစ်ခုဖြစ်လာပြီး ဒါကသဘာဝကျတယ်လို့ ခံစားလာရတယ်။



လူတွေပြောသလိုပဲ တစ်ယောက်နဲ့တစ်ယောက် အချိန်ကြာလာရင် တစ်ဖက်က တစ်ဖက်ကို လွှမ်းမိုးသွားတတ်တယ်တဲ့ ။ ငါလည်း သူ့လွှမ်းမိုးမှုခံနေပြီနေမှာ။



ဒါကြောင့် ငါက ပုံမှန်အတိုင်း တံခါးမှာမှီပြီး ချောင်းကြည့်ပေါက်ကနေ ကြည့်ကာ လက်ဗွေရာနဲ့တံခါးဖွင့်ဖို့ အသင့်ပြင်လိုက်တယ်။



ဒါပေမဲ့ ဒီနေ့က ပုံမှန်နဲ့မတူဘူး။ ငါမြင်နေကျ တိုက်ခန်းရှေ့က ခြံငယ်လေး၊ ငါ မွေးထားတဲ့ငှက်၊ အိမ်နီးချင်းရဲ့ခွေးတွေ မမြင်ရဘူး။ အပြင်က တိတ်ဆိတ်နေပြီး ငါ့မျက်စိရှေ့မှာ အားလုံးမည်းနက်နေတယ်။



ခဏလေး... အားလုံး‌မှောင်မည်းနေတာလား?



ငါ ခေါင်းငုံ့ပြီး ပြတင်းပေါက်ကနေ အပြင်ကိုကြည့်တယ်။ လေတွေတိုက်နေပြီး နေရောင်ကောင်းကောင်းလင်းနေတယ်။



ငါ လက်ဗွေနှိပ်ဖို့ မတင်မကျဖြစ်နေတဲ့ လက်ကို ဖြည်းဖြည်းချင်းချပြီး ချောင်းကြည့်ပေါက်ကို ထပ်ကြည့်တယ်။



တကယ်ပဲ မည်းနေတယ်၊ ညဘက်မြင်ရတာထက်တောင် ပိုမည်းတယ်။ အဲဒီအပေါက်လေးကနေ အလင်းရောင်တစ်စက်မှ မမြင်ရဘူး။ တံခါးအပြင်ဘက်မှာ လူတစ်‌ယောက်ယောက်တစ်ခုရှိနေသလိုပဲ။



ဘုရားရေ... ချောင်းကြည့်ပေါက်ကို တစ်ယောက်ယောက်က ကွယ်ထားတာလား?



မဖြစ်နိုင်ဘူး? ဒါက အဆင့်မြင့်ရပ်ကွက်ပဲ၊ ကြော်ငြာစာရွက်တွေ ဝေတဲ့လူတွေတောင် ဝင်လို့မရဘူး။ 



အိမ်နီးချင်းကလေးကလည်း ယဉ်ကျေးသိမ်မွေ့စွာပဲကြီးပြင်းလာတာ၊ လူကြီးတွေထက်စာရင်တောင် ပိုပြီးတည်တည်ငြိမ်ငြိမ်နေတတ်တယ်။ ဒီလိုအရာမျိုးလုပ်ပါ့မလား?



ငါ ချောင်းကြည့်ပေါက်ကို စိတ်ရှုပ်ထွေးစွာကြည့်ရင်း အဖြေတစ်ခုကိုမျှော်လင့်ပေမဲ့ မရဘူး။ ဒါနဲ့ အပြင်ကိုပဲထွက်လိုက်မလားလို့ တွေးမိတယ်၊ ဒါပေမဲ့ မင်ချန်ရဲ့တင်းကြပ်တဲ့မျက်နှာက စိတ်ထဲမှာပေါ်လာပြီး ငါ့ကိုနည်းနည်းတွန့်စေတယ်။



အားလုံးသူ့အပြစ်ပဲ။ ငယ်ငယ်တုန်းကစိတ်နဲ့ဆိုရင် ချောင်းကြည့်ပေါက်က မည်းနေတာဖြူနေတာ ဂရုစိုက်စရာမလိုဘူး၊ အရောင်စုံနေရင်တောင် ကမ္ဘာကြီးက အရောင်စုံတယ်လို့ပဲ တွေးမိမှာ။



ဒါပေမဲ့ အခုငါ တကယ်ကိုကြောက်နေပြီ။



အားလုံး ဝမ်းမင်ချန်အပြစ်ပဲ။



ရုတ်တရက် ငါ အပြင်ထွက်ချင်စိတ်ပျောက်သွားတယ်။ စိတ်ပျက်လက်ပျက်နဲ့ အိမ်သော့တွေကိုပစ်ပြီး မီးဖိုထဲဝင်ကာ မင်ချန် ချန်ထားခဲ့တဲ့ နေ့လယ်စာကို ပြန်နွှေးတယ်။



နေ့လယ်က ကြက်စွပ်ပြုတ်က ချိုတယ်။ ငါ စိတ်တည်ငြိမ်နေပြီး နှစ်ခွက်ဆက်တိုက်သောက်ပြီး ပေါင်မုန့်တစ်ချပ်နဲ့တွဲစားတယ်။



- ပိုပြီးသက်‌တောင့်သက်ရှိသာသွားပြီ။



စားပြီးသောက်ပြီးတဲ့နောက် ငါအပြင်ထွက်ချင်စိတ်မရှိတော့ဘူး။



ဒါဆို နောက်အချိန်တွေကို ဖုန်းနဲ့ဆော့မလား၊ ပုံဆွဲမလား?



ငါ အချိန်ကိုကြည့်တယ်။ ညနေ ၄:၁၀ ဖြစ်နေပြီ။



ငါ့ရဲ့နေ့စဉ်အစီအစဉ်က မနက်ကနေစတယ်။ အခုနေ့က ပြီးဆုံးတော့မယ်၊ ဘာလို့ဆက်လုပ်နေဦးမှာလဲ?



ဖုန်းပဲဆော့မယ်။



ငါ မျက်လုံးတွေ‌ မှေးပြီး ဗီဒီယိုတွေရွေးကြည့်တယ်။



"ငါ ပြန်မွေးဖွားလာပြီးတဲ့နောက် အရင်ဘဝက ငါ့သေဆုံးမှုမှာ ငါ့ခင်ပွန်းနဲ့ ညီမလေးက ပတ်သက်နေတယ်..."



ငါ ခံစားချက်မရှိဘဲ ဒါကို ကျော်လိုက်တယ်။



“အစ်ကို၊ ကားဝယ်ချင်လား? ဒါကနောက်ဆုံးပေါ်မော်ဒယ်ပါ၊ ဒီက ကားခန်းကြီးကိုကြည့်ပါဦး...'



ဒီမိတ်ဆက်စာသားက စိတ်ဝင်စားစရာကောင်းတယ် ၊ 



ငါအခုတစ်ခါတည်း အများကြီးကြည့်လိုက်တယ်။ ငြီးငွေ့လာတဲ့အခါ ဒေတာအများအပြားက တခြားအရာတစ်ခုကို စိတ်ဝင်တစားနဲ့ ငါ့ကို အကြံပြုတယ်။



"လက်ဗွေရာသော့က စိတ်ချရလား? လက်ဗွေရာပါတဲ့တိပ်ခွာတစ်ခုနဲ့ ဖွင့်လို့ရတယ်ဆိုတာ အမှန်လား?''



မရဘူး၊ ငါ ကိုယ်တိုင်စမ်းကြည့်ဖူးတယ်။ ငါ့လက်ဗွေရာနဲ့လုပ်ထားတဲ့လက်ဗွေရာအတုတွေနဲ့လည်း စမ်းကြည့်ဖူးတယ်၊ အားလုံးမအောင်မြင်ဘူး။ 



ငါ့အိမ်တံခါးရဲ့အသိအမှတ်ပြုစနစ်က အရမ်းကောင်းတယ်။ တိပ်နဲ့မဟုတ်ဘဲ တကယ့်လက်ဗွေရာနဲ့ပဲ ဖွင့်လို့ရတယ်။



ဒါကြောင့် ငါ အခြားဟာတစ်ခုကိုရွေးလိုက်တယ်။



"ခေတ်သစ်လူ့အဖွဲ့အစည်းမှာ တစ်ယောက်တည်းနေသူတွေ တိုးလာနေပါတယ်။ အပြင်စာနဲ့ ကုန်ပစ္စည်းတွေ လာပို့တိုင်း လူတိုင်း သူတို့အိမ်ရဲ့ ချောင်းကြည့်ပေါက်ကို စစ်သင့်ပါတယ်။ တကယ်လို့ အပြင်ဘက်ကို မမြင်ရဘူးဆိုရင်တော့ အထူးသတိထားရပါမယ်။ ချောင်းကြည့်ပေါက်က မည်းနေရင်တော့... ပိုလို့တောင် ခြောက်ခြားစရာကောင်းပါတယ်..."



ငါ အသက်အောင့်ထားရင်း ဗီဒီယိုအဆုံးသတ်ကို စောင့်နေတယ်။ ဒါပေမယ့် သူက "အသေးစိတ်ကို ကျွန်တော့်ရဲ့ ပင်မစာမျက်နှာက နောက်ဗီဒီယိုမှာ ကြည့်ပါ" လို့ပြောလာတယ်လေ။  



ငါ ဒေါသထွက်ပြီး ဆဲလိုက်ပေမဲ့ နောက်ဗီဒီယိုကို နှိပ်လိုက်တယ်။  



"ချောင်းကြည့်ပေါက်ကမည်းနေရင်တော့... အပြင်က လူက တံခါးနဲ့ မျက်နှာကပ်ပြီး သင့်ကို စောင့်ကြည့်နေတာ ဖြစ်နိုင်ပါတယ်။... ဗီဒီယိုလုပ်ရတာ မလွယ်ပါဘူး။ ပျောက်မသွားအောင် သင့်အကြိုက်ဆုံး တင်ဆက်သူကို like ‌and subscribe လုပ်ထားပေးပါဦးနော်..."  



ငါ ငေးငိုင်ရပ်နေမိတယ်။ စက္ကန့်အနည်းငယ်ကြာတော့ ဗီဒီယိုပြန်စပြီး အလိုအလျောက် ပွင့်နေတယ်။



"...အပြင်က လူက... သင့်ကို စောင့်ကြည့်နေတာဖြစ်နိုင်ပါတယ်..."  

" ဗီဒီယိုလုပ်ရတာ မလွယ်ပါဘူး။ ပျောက်မသွားအောင် သင့်အကြိုက်ဆုံး တင်ဆက်သူကို like ‌and subscribe လုပ်ထားပေးပါဦး..."  



"....."  



ဗီဒီယို နှစ်ခါ‌တောင် ပြပြီးသွားတဲ့အခါ ငါ ဖုန်းကို အိပ်ရာပေါ် ပစ်လိုက်ပြီး ဧည့်ခန်းထဲက တံခါးဆီ ပြန်လျှောက်သွားတယ်။  



အချိန်က ၅:၂၀။ နွေရာသီဆိုတော့ ညနေခင်းလင်းနေတုန်း။  



ငါ ခဏတော့ စဉ်းစားနေမိတယ်။ ခြေဖျားလေးတွန့်ပြီး ချောင်းကြည့်ပေါက်ဆီ ဖြည်းဖြည်းချင်း မျက်စိကပ်လိုက်တယ်။  



အပြင်ဘက်က မည်းနေဆဲပဲ။  



လူတွေပြောသလို စိတ်ရောဂါရှိသူတွေက ခေါင်းမာတတ်ပါတယ်။ ငါလည်း အဲဒီလိုပဲ။  



ငါ ကြာကြာကြည့်နေမိတယ်။ အပြင်က လှုပ်ရှားသံမရှိ။ ငါလည်း မလှုပ်ရှားမိဘူး။  



ဘာဖြစ်နေလဲဆိုတာ သိချင်လာတယ်။  



မိနစ်တွေ၊ စက္ကန့်တွေ ကုန်လွန်သွားတယ်။ မျက်လုံးတွေ ခြောက်သွေ့လုနီးပါးပဲ။ အပြင်က အရာဝတ္ထုကလည်း လှုပ်မနေဘူး။ နောက်ဆုံးမှာတော့ ဘယ်လောက်ကြာသွားမှန်း မသိတော့ဘူး။ ငါ့ရဲ့ ကောက်ချက်ကတော့... တစ်ယောက်ယောက်က ငါ့ရဲ့ ချောင်းကြည့်ပေါက်ကို ပိတ်သွားတာပဲ။  



လူသားတစ်ယောက်က မျက်တောင်မခတ်ဘဲ ဘယ်လိုနေနိုင်မှာတဲ့လဲ။  



အကြာကြီးစောင့်ပြီးနောက် ငါ နာကျင်နေတဲ့ မျက်လုံးတွေကို ပွတ်လိုက်ပြီး ပျင်းရိငြီးငွေ့စွာနဲ့ 

ပဲ ဆိုဖာပေါ်ပြန်ထိုင်ကာ မင်ချန်ဆီကို မက်ဆေ့ပို့တယ်။ 



[ပြန်လာရင် ချောင်းကြည့်ပေါက်ကို သန့်ရှင်းရေးလုပ်ခဲ့]



ဒါပေမဲ့ မက်ဆေ့မပို့ရသေးခင် ငါ့နားထဲမှာ တံခါးဖွင့်သံကြားလိုက်ရတယ်။  



"လက်ဗွေရာ စစ်ဆေးနေပါသည်။ လူသားလက်ဗွေရာ မတွေ့ရှိပါ။ ဖွင့်ရန် မအောင်မြင်ပါ။"  



ငါ  လန့်သွားတယ်။ တကယ်ပဲ... အပြင်မှာ တစ်ယောက်ယောက်ရှိနေတာလား?!  



နောက်တစ်စက္ကန့်မှာ တံခါးသံထပ်ကြားရတယ်။  



"လက်ဗွေရာ စစ်ဆေးနေပါသည်။ လက်ဗွေရာကိုက်ညီပါသည်။ ဖွင့်ရန် မအောင်မြင်ပါ။"  



ဘုရားရေ... လက်ဗွေရာ ကိုက်သွားပြီလား?!  



ဒီစကားလုံးကို ငါ သိတယ်။ တံခါးလော့ခ်ရဲ့ လုံခြုံမှုကို စမ်းသပ်ဖို့ လက်ဗွေရာအတုသုံးပြီး စမ်းကြည့်ဖူးတုန်းက ကြားဖူးတာ။ 



လူသားမဟုတ်တဲ့အတွက် လက်ဗွေရာ ကိုက်ပေမဲ့ နောက်ဆုံးမှာ တံခါးကတော့ ဖွင့်လို့မရဘူး။  



"သတိပေးချက်။ သုံးကြိမ်မှားဖွင့်မိပါတယ်။ စက်ပစ္စည်းလော့ခ်စနစ်ကို အလိုအလျောက်ပိတ်ထားပါသည်။ ရဲကို အမြန်ဆက်သွယ်ရန် အကြံပြုပါသည်။"  



"သတိပေးချက်။ သုံးကြိမ်မှားဖွင့်မိပါတယ်..."  

"ရဲကိုအကြောင်းကြားပါ..."  



"သတိပေးချက်...."



တံခါးက သတိပေးသံတွေ ဆက်ထွက်နေတယ်။ ငါ  လန့်သွားပေမဲ့ စိတ်ထဲမှာ ရှင်းနေတယ်။ မင်ချန်က အခု ၅:၂၅ မှာ အလုပ်ပြီးမှာ။ သူ လမ်းမှာရှိနေပြီဖြစ်လို့ သူ့ကို အရင်ဆုံးခေါ်ပြီးမှ ရဲကိုခေါ်တာ ပိုမြန်မယ်။  



ဖုန်းကို ကောက်ယူပြီး ဆက်သွယ်ရန်လူစာရင်းထဲက ပထမဆုံးနာမည်ကို ရှာတယ်။ နှိပ်ဖို့လုပ်တဲ့ခဏမှာ... ပဲ တံခါးထဲကို သော့ထိုးသံကြားလိုက်ရတယ်။  



ဖွင့်မရတဲ့အခါ တံခါးက လော့ခ်ကျသွားတာမို့ သော့နဲ့ပဲ ပြန်ဖွင့်လို့ရတယ်။ ဒီ‌နေ့ခေတ်ပေါ် လော့ခ်စနစ်က အန္တရာယ်အကင်းဆုံးပဲ။  



ဒါပေမဲ့... အပြင်က တစ်ယောက်‌ ယောက်က သော့နဲ့ အတင်းဖွင့်နေတယ်။  



ငါ အံ့အားသင့်ပြီး လှမ်းကြည့်လိုက်တဲ့အခါ တံခါးကို တွန်းဖွင့်လိုက်သူရဲ့ အနက်ရောင် ဖိနပ်တစ်စုံ၊ အနက်ရောင် ဘောင်းဘီရှည်၊ နာရီပတ်ထားတဲ့ ဖြူဖွေးတဲ့လက်ကောက်ဝတ်တွေမြင်လိုက်ရတယ်။  



ဝင်လာတဲ့ သူက ငါ့ကို ပြုံးပြလာတယ်။ သူ့မျက်လုံးတွေက အိပ်မက်ဆိုးထဲက နောက်ခံအမှောင်လို မည်းနက်နေတယ်။ 



"အားကျန်း .. ငါ အိမ်ပြန် ရောက်ပြီ။ ဒီနေ့ အလုပ်လုပ်ရတာ အရမ်းပင်ပန်းတယ်။ မင်းကို အရမ်းလွမ်းတာပဲ..”