ငါငိုမိတယ်
ညနေခင်းမှာ သူ တံခါးကိုတွန်းဖွင့်ပြီး အိမ်တွင်းကို ဝင်လာတယ်။
နေဝင်ရီတရောရဲ့ အလင်းရောင်က ပြင်သစ်ပြတင်းပေါက်ကြီးတွေကနေ ဝင်လာပြီး သူ့မျက်နှာပေါ် ကျရောက်လာတယ်။ အဲ့တာက အရမ်းလှရက်လွန်းလို့ အစစ်မဟုတ်ဘူးလို့တောင်ထင်ရတယ်။
ဒါပေမဲ့ ငါ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မရဖြစ်သွားပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်မိတယ်။
ငါမျက်လုံးတွေက သူ့အပေါ်ကိုငေးကပ်ကြည့်နေပြီး ဖုန်းကို ကိုင်ထားတဲ့လက်တွေကလည်း အရမ်းတင်းကျပ်သွားပြီးလက်ချောင်းတွေတောင် ဖြူရော်သွားတယ်။
"အားကျန်း ငါ့ကိုလွမ်းရဲ့လား"
သူကမေးတယ်။ ကျွမ်းကျင်စွာနဲ့ သူ့အင်္ကျီအပေါ်ကုတ်ကို ချွတ်ပြီး ဖိနပ်ကိုအပြင်ဘက်မှာချွတ်လိုက်လို့ အိမ်တွင်းစီးအမွေးပွဖိနပ်နဲ့ပါ လဲစီးလာတယ်။ သူ့တစ်ကိုယ်လုံးမှာ ပျင်းရိလေးတွဲတဲ့ အသက်ဝင်မှု အငွေ့အသက်တွေ ပိုလာတယ်။
"အိမ်မှာက ပို သက်တောင့်သက်သာရှိတာပဲ"
ငါ သူက သူ့ဆံပင်ကိုအနည်းငယ် သပ်လိုက်ပြီး အင်္ကျီလက်ကောက်ဝတ်နဲ့ ကော်လာကို ချောင်ချောင်ချိချိ ဖြစ်အောင် ဖြေလျှော့လိုက်တာကို မြင်တယ်။
နွေးထွေးတဲ့ နေရောင်ခြည်က သူရဲ့အရပ်ရှည်တဲ့ကိုယ်ခန္ဓာအဆင်းကို ပုံဖော်ထားပြီး ဘောင်းဘီအတွင်းထဲ ထည့်ထားတဲ့ အဖြူရောင်အင်္ကျီကသူရဲ့ကြွက်သားတွေနဲ့ ကျစ်လျစ်တဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပေါ်လွင်စေတယ်။ သူက ရှည်လျားတဲ့ ခြေထောက်တွေနဲ့ ငါ့ဆီသို့လှမ်းလာတာက ခံ့ညားလှပပြီး စိတ်အားထက်သန်နေတယ်။
ငါ သူမျက်လုံးတွေထဲမှာ ပျော်ရွှင်မှုနည်းနည်းလေးနဲ့ အနားနည်းနည်းယူချင်နေတာကို မြင်နိုင်တယ်။
အလုပ်ကအိမ်ပြန်လာတဲ့ အမျိုးသားအများစုတွေလိုပဲ။
ဒါပေမဲ့ ငါ ချောင်းကြည့်ပေါက်မှန် အပြင်ဘက်မှာရှိတဲ့ အတိုင်းအဆမဲ့အမှောင်ထုကို မမေ့နိုင်သေးဘူး။
ဒါဟာ နားလည်မှုလွဲမှားတာတစ်ခုပဲလို့ ငါ့ကိုယ်ငါ တကယ် ယုံကြည်ချင်တယ်။ ဖြစ်နိုင်တာက ချောင်းကြည့်ပေါက်မှန်က တကယ် ပျက်နေတာဖြစ်နိုင်ပြီး မင်ချန်ကလည်း ဒီအချိန်မှ အလုပ်က ပြန်လာတာလည်း ဖြစ်နိုင်တယ်။
ဒါပေမဲ့ သူ ငါ့ကို ဖက်ပြီး သူ့ပါးပြင်ကို ငါ့လည်ပင်းနဲ့ ပွတ်သပ်ဖို့ ခေါင်းငုံ့လိုက်တဲ့အခါ ငါ သူ့ကို ပြန်မဖက်ခဲ့ဘူး။ အဲဒီအစား ငါ သူ့ကို မေးလိုက်တယ်။
"လက်ဗွေရာ လော့ခ်က ပျက်နေတာလား"
သူက ချစ်ခြင်းမေတ္တာပါတဲ့ လှုပ်ရှားမှုတွေကို မရပ်တန့်ဘဲ ငါ့မျက်နှာဘေးတစ်ဖက်ကို နူးညံ့စွာနမ်းပြီး အနည်းငယ် မျက်မှောင်ကြုတ်လို့ မသေချာတဲ့အသံနဲ့ ဖြေလာတယ်။
"ပျက်သွားတာသေချာသလောက်ရှိတယ်"
ငါ စကားမပြောဘူး။
သူကငါ တစ်ခုခုမူမှန်မနေတာသတိထားမိဟန်ရှိတယ်။ လက်ဆွဲအိတ်ကို ဆိုဖာအနောက်မှာ ထားပြီးတဲ့နောက် ငါ့ကို တံခါးအပြင်ဘက်ကို ဆွဲထုတ်ပြီး တံခါးကိုပိတ်လိုက်တယ်။ ပြီးတော့ ငါ့ကို တံခါးဖွင့်ကြည့်ဖို့ပြောတယ်။
"ငါလည်း ရုတ်တရက်ဖွင့်လို့မရတာ နည်းနည်းထူးဆန်းတယ်လို့ ထင်မိတယ်။ မင်းဖွင့်ကြည့်ပါဦး..ငါတစ်ယောက်တည်းနဲ့ပဲ ပြဿနာရှိနေတာလားမသိဘူး"
သူရဲ့ အမူအရာက တကယ်ကို အေးဆေးတည်ငြိမ်ငြိမ်ရှိနေတယ်။ ငါ အနည်းငယ်စဉ်းစားပြီးလက်ဖဝါးကို သော့ပေါ်တင်လိုက်တယ်။
"သတိပေးချက်၊ လက်ဗွေဖြင့်သော့ဖွင့်ခြင်းကို ပိတ်ထားပါသည်။"
သူက ခေါင်းကို ကိုင်ပြီး ခေါင်းကိုက်နေသလိုမျိုး ခါလိုက်တယ်။
"ဒီပစ္စည်းရဲ့လုံခြုံရေးစနစ်ကို နည်းနည်းပြန်စဉ်းစားဖို့ လိုနေသေးတယ်ထင်တယ်။ ခဏလောက်တော့ သော့နဲ့ပဲသုံးကြရအောင်"
ပြဿနာက ဘယ်သူ့ကြောင့်ဆိုတာကို စစ်ဆေးဖို့မဖြစ်နိုင်တော့ဘူး။
ငါနှလုံးသားက နောက်တစ်ကြိမ် တုန်သွားတယ်။
သူက တံခါးကိုပြန်ဖွင့်ပြီး အိမ်ထဲက မီးတွေကိုဖွင့်လိုက်တယ်။ ခရစ်စတယ်မီးဆိုင်းကြီးကို ငါတို့ လက်ထပ်တုန်းက မင်ချန်က ရွေးချယ်ခဲ့တာ။ နွေးထွေးတဲ့အရောင်၊ နွေးထွေးတဲ့ အငွေ့အသက်နဲ့ ထိန်လင်းနေပြီး ခုအချိန်မှာ အိမ်ထဲရပ်နေတဲ့ သူရဲ့ ကျယ်ကျယ်ပြန့်ပြန့် ပခုံးတွေထက်မှာ အလင်းရောင်တွေဖြာကျနေတယ်။ သွယ်လျတဲ့ လက်မောင်းတွေကို ငါ့ဆီကို ဆန့်ထုတ်ပြီး လက်ဖဝါးတွေကို အထက်သို့ဖြန့်ပြီး ခေါ်နေသလို လုပ်နေပေမဲ့ ငါ့စိတ်ထဲမှာ တစ်မျိုးတစ်ဖုံခံစားနေရတယ်။
လူတိုင်းမှာ ဆဋ္ဌမအာရုံဆိုတဲ့ အရာရှိတယ်လို့ ငါတော့ ထင်တယ်။
မင်ချန်နဲ့ငါက ငယ်ငယ်လေးကတည်းက သိကျွမ်းလာခဲ့တာ။ အတူတူကြီးပြင်းခဲ့ပြီး ချစ်ကြိုက်ခဲ့တယ်။ အဲ့အချိန်ကစပြီး သူ့အပေါ်မှာ မကောင်းတဲ့စိတ်ခံစားချက်တွေ မရှိခဲ့ဘူး။ ငါတို့အချင်းချင်း ရန်ဖြစ်ခဲ့ဖူးပေမဲ့ သူရဲ့ စိတ်ကောက်တဲ့အမူအရာတွေကို ရယ်စရာလို့ပဲထင်မိပြီး အခုလို စိတ်ထဲမှာ ခုခံငြင်းဆန်လိုစိတ်မျိုး မရှိခဲ့ဘူး။
ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘူး၊ သူ့ရဲ့သဘောထားနဲ့ စိတ်နေစိတ်ထားတွေ မပြောင်းလဲပေမဲ့ ဒီနေ့မှာ သူဟာ တခြားလူတစ်ယောက်လို ခံစားနေရတယ်။
ငါ ရုတ်တရက် စကားတစ်ခွန်းကို သတိရမိတယ်- လူတွေက ငါတို့နဲ့ အနီးကပ်ဆုံးလူတွေပေါ်မှာ ထိလွယ်ရှလွယ် အဖြစ်တတ်ဆုံးတဲ့။
"အားကျန်း"
သူ မျက်လုံးတွေ ကွေးညွတ်အောင်ပြုံးပြီး ငါ့ကိုခေါ်လာတယ်၊၊
"ဒီနေ့ ငါအရမ်းပျော်တယ်။ ညစာစားပြီးရင် အတူတူကကြရအောင်"
ငါ အရင်ကပြောဖူးတယ်…မင်ချန်က အရမ်းရိုမန့်ဆန်တဲ့လူဖြစ်ပြီး ဘဝမှာ ဓလေ့ထုံးတမ်းတွေကိုလည်း အလေးထားတယ်။
"အိုကေလေ"
ငါ သက်ပြင်းချလိုက်ပြီး ငါ့လက်ဖဝါးကိုသူရဲ့လက်ဝါးပေါ်တင်ပြီး မျက်ခုံးပင့်ပြပြီး ရယ်လိုက်တယ်။
"ဒီညတော့ စီချွမ် စားကြမယ်။ မင်းအရင်မှာထားဦး၊ ငါပြင်ဆင်လိုက်မယ်။"
အဲ့စကားကိုကြားတဲ့အခါ သူ အရမ်းပျော်ရွှင်သွားတယ်။
အနည်းငယ်စင်းသွားတဲ့ မျက်လုံးတွေနဲ့ ငါ့နဖူးကိုနမ်းပြီး အစားအစာမှာဖို့ ထွက်သွားတယ်။
သူထွက်သွားတာနဲ့ပဲ ငါ တိုးတိုးလေး ချောင်းကြည့်ပေါက်မှန်ကို ပြန်လှည့်ကြည့်မိတယ်။
ခြံဝင်းအတွင်းမှာ မီးတွေက မမှောင်ခင်ကတည်းက လင်းနေပြီးတော့ နေဝင်ဆည်းဆာက သွေးရောင်လိုနီရဲနေတယ်။ ငါမွေးထားတဲ့ ငှက်ဖြူလေးက ငှက်လှောင်အိမ်ထဲမှာ ပင်ပန်းနွမ်းနယ်စွာနဲ့ ထိုင်နေပြီး အိမ်နီးချင်းခွေးက လှေကားထစ်ပေါ်မှာ ကိုယ်ကိုဆန့်နေတယ်။
ချောင်းကြည့်ပေါက်မှန်က အကောင်းပကတိပဲ။
ပြီးတော့ မှာထားတဲ့ စာရင်းက မှားနေတယ်။
တကယ်တော့ ငါတို့က ညနေပိုင်းတွေမှာ ကိုယ်တိုင်ချက်ပြုတ်စားသောက်တာရှားတယ်။ ငါက မြို့တွင်းမှာရှိတဲ့ စားသောက်ဆိုင်အများကြီးအတွက် VIP ဖြစ်ပြီးတော့ မင်ချန်က ငါကြိုက်တဲ့ ဆိုင် တွေကိုလည်း သိတယ်။
ဒလီသမားရောက်လာချိန်မှာတော့ ငါ့နှလုံးသားက လုံးဝအေးခဲသွားတယ်။
"ဆရာ…ကျွန်တော်တို့ဆိုင်က အစားအစာကို ဆရာ့အတွက်အထူး အဆင်သင့်ပြင်ဆင်ပေးရတာ ဂုဏ်ယူပါတယ်။ ဒါ ဆရာ့ရဲ့ပထမဆုံးမှာယူမှုဖြစ်တာကြောင့် သေချာဂရုစိုက်ပေးဖို့ မန်နေဂျာကအထူးမှာထားပါတယ်"
ဒလီသမားက ငါ့ကိုကြည့်ရင်း မျက်လုံးတောက်ပစွာနဲ့ပြောတယ်။
ငါတို့အိမ်က မြို့ရဲ့ အဆင့်အမြင့်ဆုံး လူနေရပ်ကွက်မှာ တည်ရှိတာကြောင့် အစားအသောက်ပို့တဲ့ စားသောက်ဆိုင်အများစုက ငါ့ကို အထူး VIP အဆင့် လျှောက်ထားစေချင်ကြတယ်။ အရမ်း စိတ်အားထက်သန်တဲ့ သူစိမ်းတွေနဲ့ ဆက်ဆံရတာကို ငါ မကြိုက်ဘူး။ ဒါကြောင့်လည်း ဆိုင်အသစ်တွေကို မစမ်းကြည့်ချင်တာ။
ဒလီသမားထွက်သွားပြီးနောက်မှာ ငါ နွေးထွေးတဲ့ မီးရောင်အောက်မှာ ထိုင်နေရင်း တကိုယ်လုံးအေးစက်လာတာကို ခံစားရတယ်။
အဲ့အချိန်မှာ ငါ့နှလုံးသားထဲမှာ နမိတ်မကောင်းတဲ့ အခြေအနေတစ်ခုရှိ နေတယ်လို့ စတင်ခံစားရတယ်။
စားပွဲပေါ်က အစားအစာတွေက ပူနွေးလတ်ဆတ်ပြီး အနံ့မွှေးနေတယ်။ မျက်နှာချင်းဆိုင်က လူကတော့ ဝိုင်ဗီရိုထဲက ဝိုင်ပုလင်းတွေကို ရွေးချယ်နေပြီး သူ့လက်ချောင်းတွေက အမည်းရောင်ဝိုင်ပုလင်းတွေကို ပွတ်သပ်နေတယ်။ သူ့ရဲ့အသားအရေက အရမ်းကိုချောမွေ့လွန်းပြီး တကယ့်ကို အတုအယောင်ဆန်တဲ့အထိ ပြည့်စုံလွန်းနေတယ်။
ငါ သူ့ကို ခေါင်းစ ခြေဆုံးထိ ကြည့်ပြီး ခက်ခက်ခဲခဲ မေးလိုက်တယ်-
"မင်ချန်၊ ဒီနေ့ညနေ အလုပ်ကဘယ်တုန်းကပြန်လာတာလဲ"
သူက ခေါင်းကိုအနည်းငယ်စောင်းလိုက် ပေမဲ့ မျက်လုံးတွေက ဝိုင်ပုလင်းတွေပေါ်မှာပဲ ရှိနေတယ်။
"ငါးနာရီလေ။ ဘာဖြစ်လို့လဲ"
ငါ့နှုတ်ခမ်းထောင့်တွေ တဆတ်ဆတ်တုန်လာတယ်။ ငါ ညာဘက်လက်နဲ့ ဘယ်ဘက်လက်ဖမိုးပေါ်ကိုပွတ်သပ်လိုက်တော့ လက်သည်းတွေက အရေပြားပေါ်မှာ အနီရောင်အစင်းတွေ ထင်းသွားစေတယ်။ ငါ့အသံက အရမ်း လေးလံနေတယ်။
"ဟုတ်လား..... ကုမ္ပဏီမှာ အလုပ်တွေအဆင်ပြေရဲ့လား"
အဲ့အချိန်မှာ ငါ့နှလုံးသားထဲမှာ အနည်းငယ်မျှော်လင့်ချက်ရှိနေတယ်။ ကုမ္ပဏီမှာ တစ်ခုခု ဖြစ်နေပြီး မင်ချန်က အလုပ်မသွားဘဲ ငါ့ကို ဒုက္ခမပေးလိုတဲ့အတွက်တံခါးအပြင်ဘက်မှာပဲ နေခဲ့တယ်ဆိုတဲ့ အကြောင်းမျိုး။
ဒါပေမဲ့ သူကဖြေလာတယ်။
"အဆင်ပြေပါတယ်။ အားကျန်း စိတ်မပူပါနဲ့"
ငါ တိတ်တိတ်ဆိတ်ဆိတ်နေလိုက်ပြီး သူကလည်းအဲ့စကားပြောပြီးနောက်မှာ နောက်ထပ်စကားမပြောတော့ဘူး။ သူကလည်း ငါ တစ်ခုခု မူမမှန်တာကို သတိထားမိဟန်ရှိပြီး အခန်းတစ်ခုလုံး ကြာမြင့်စွာ တိတ်ဆိတ်သွားတယ်။
နောက်ဆုံးတော့ ငါ လက်လျှော့လိုက်တယ်။
ကိုဟ်ချစ်ရသူက တစ်ခုခုမှားယွင်းနေတယ်လို့ ခံစားရတာက တကယ်ကို စိတ်ဆင်းရဲစရာကောင်းလှတယ်။
မဟုတ်မှ နေ့ခင်းဘက်တုန်းက သွေးတွေ ပန်းထွက်လာတဲ့ မြင်ကွင်းက ငါ့ကို တကယ်ပဲ ပြင်းပြင်းထန်ထန် သက်ရောက်သွားတာ ဖြစ်နိုင်တယ်။ နေ့ဘက်က ဖြစ်ခဲ့တဲ့ အရာအားလုံး၊ သွေးတွေ၊ ချောင်းကြည့်ပေါက်မှန်ပြင်ဘက်မှာရှိတဲ့ အမှောင်ထုနဲ့လက်ဗွေလော့ခ်ရဲ့ပုံမှန်မဟုတ်တဲ့ အခြေအနေ တွေကို ငါ မမေ့ပစ်နိုင်တော့ဘူး။
ငါ သည်းမခံနိုင်တော့ဘူး ။ သူ့မှာ တကယ်ပဲ ပြဿနာတစ်ခုခုရှိနေတာပဲဖြစ်ဖြစ် ငါကပဲ ရူးနေတာဖြစ်ဖြစ် အဖြေတစ်ခုရဖို့ လိုတယ်လို့ ခံစားရတယ်။
ငါ ထပြီး သူရဲ့ သံသယနဲ့ကြည့်နေတဲ့ မျက်လုံးတွေအောက်က သူ့ဆီကို ခြေလှမ်းအနည်းငယ်နဲ့ သွားပြီး လက်နှစ်ဖက်ကို သူ့ပခုံးပေါ်တင်လိုက်တယ်။ သူ့ကို ငါ့ကိုတိုက်ရိုက်ကြည့်စေပြီး လေးနက်တဲ့အသံနဲ့ ပြောလိုက်တယ်။
"မင်ချန် ငါ့ကိုပြောစမ်းပါ၊ ဒီနေ့မွန်းလွဲပိုင်းမှာ ဘယ်ကိုသွားခဲ့တာလဲ? ဘာလို့ မနက်က အလုပ်မသွားဘဲ ဧည့်ခန်းထဲမှာရပ်နေခဲ့တာလဲ"
ငါစဉ်းစားလေ၊ တစ်ခုခုမှားယွင်းနေတယ်လို့ ခံစားရလေပဲ။ မနက် ၁၀ နာရီအချိန်မှာ သူက ဧည့်ခန်းအလယ်မှာ ဝတ်စားဆင်ယင်ပြီးသား ရပ်နေခဲ့တာလေ။ သူ တကယ်ပဲ အဆင်သင့်ဖြစ်နေတာလား၊ ဒါမှမဟုတ် မနက်စောစောကတည်းကပဲ ရပ်နေခဲ့တာ လား။ ဘယ်လောက်ကြာအောင် ရပ်နေခဲ့လဲ။ ဘာကြောင့်လဲ။
မင်ချန်က ငါရဲ့လေးနက်နေတဲ့ မျက်နှာအမူအရာကိုမြင်ပြီး ပြုံးနေတာကိုရပ်လိုက်တယ်။
"ဒီမနက်... ငါ အိမ်မှာ မင်းနဲ့အတူနေချင်ခဲ့တာ။ နေ့ခင်းပိုင်းကတော့ အလုပ်သွားခဲ့တာပါ"
သူကပြောတယ်။ သူရဲ့မျက်လုံးတွေထဲမှာ နာကျင်မှုအနည်းငယ်ရှိပြီး အသံက သေချာနေတယ်။
"အားကျန်း မင်းငါ့ကိုသံသယ ဝင်နေတာပဲ"
ငါ ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်တယ်။
"မင်းမှာ တစ်ခုခုမှားနေပြီလို့ ငါထင်တယ်"
သူ မေးတယ်။
"ငါက ဘာမှားနေတယ်ထင်လို့လဲ"
ငါရဲ့ ဆင်ခြင်တုံတရားက နောက်ဆက်တွဲ စောင့်ကြည့်ဖို့ တစ်ခုခုကို ဖုံးကွယ်ထားသင့်တယ်လို့ ပြောနေပေမဲ့ နေ့ရောညပါ မြင်နေရတဲ့ မင်ချန်ရဲ့ မျက်နှာကို ကြည့်ပြီး ငါတကယ် မထိန်းနိုင်တော့ဘူး။ သူ့မှာ ငါ့ရဲ့ခံစားချက်တွေနဲ့ ရှုပ်ထွေးမှုတွေ အားလုံးကို ထုတ်ဖော်ပြောဆိုစေတဲ့ မှော်အစွမ်းတစ်မျိုးရှိတယ်လို့ ထင်ရတယ်။
သူ တိတ်ဆိတ်စွာနဲ့ ငါ့ကိုကြည့်နေပြီး ဘာမှမပြောဘဲ အကြာကြီးရှိ နေတယ်။
ကိုယ်နဲ့ အနီးဆုံးလူကို ရင်ဆိုင်ရတဲ့အခါ တိတ်ဆိတ်မှုတိုင်းက ထက်ရှတဲ့ ဓားသွားတစ်ခုလိုပဲ။
သူရဲ့ တိတ်ဆိတ်နေမှုက ရုတ်တရက်ငါ့ရဲ့ယုံကြည်မှုကို ချိုးဖျက်လိုက်တယ်။
"မနက်ဖြန်..."
သူကပြောတယ်။
"မဟုတ်ဘူး…အခုပဲ။ ငါအခုပဲ ချောင်းကြည့်ပေါက်မှန်အသစ်လဲမယ်။ မင်း... ငါ့ကိုမယုံသေးရင် မနက်ဖြန်ငါ့နဲ့အတူ အလုပ်လိုက်လာလို့ရတယ်"
သူက ငါ့မျက်နှာကိုကိုင်ပြီး သံသယနဲ့ မေးမြန်းခံရတာကို စိတ်ဆိုးမနေဘူး။ သူရဲ့အသံက ခိုင်မာစွာရှိနေတယ်။
"ဒါမှမဟုတ် မင်းစမ်းသပ်ချင်တာကို လုပ်လို့ရတယ်။ အော်ဒါမှာတုန်းက ငါပေါ့ဆသွားတာပါ။ ဒီနေ့ ငါ မင်းကို အရသာအသစ်တွေစားစေချင်ရုံပါ။ စိတ်မကောင်းပါဘူး အားကျန်း.. မင်းကိုစိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရပြီ"
သူက စိတ်မကောင်းကြောင်းပြောနေပေမဲ့ ခုချိန်မှာ စိတ်အနှောင့်အယှက်ဖြစ်နေတဲ့သူက ငါပဲ။
ငါနားမလည်နိုင်တော့ဘူး။
သူပဲ တစ်ခုခုမှားယွင်းနေလား၊ ဒါမှမဟုတ် ငါကပဲ ရူးနေပြီလား။ ဒါပေမဲ့ အခုတော့ နောက်ပိုင်းဖြစ်နိုင်ခြေက အများဆုံးလို့ ထင်မိတယ်။
ဒါက ငါ့ကို အရမ်း ဝမ်းနည်းစေတယ်။
မင်ချန်က အဓိပ္ပယ်မရှိတဲ့စကားတွေမပြောတတ်ဘူး။ စကားပြောပြီးတာနဲ့ ချောင်းကြည့်ပေါက်မှန်အသစ်ရှာဖို့ မြေအောက်ခန်းကိုသွားပြီး ပြန်လာခဲ့တယ်။ ငါ့ရှေ့မှာပဲ အဟောင်းကိုဖြုတ်ပြီး အသစ်နဲ့အစားထိုးလိုက်တယ်။
ပြီးသွားတဲ့အခါ သူက ခြံဝင်းမီးတွေဖွင့်ပြီး ငါ့ကို အသစ် စမ်းကြည့်ခိုင်းတယ်။
ငါ ကိုင်းကြည့်လိုက်တယ်။ ချောင်းကြည့်ပေါက်မှန်အသစ်က အနည်းငယ်မှုန်ဝါးနေပေမဲ့ အပြင်ဘက်ခြံဝင်းတစ်ခုလုံးကို အလင်းရောင်တောက်ပစွာမြင်ရတယ်။
သူက အဟောင်းကိုငါ့ကိုပြတယ်။
"အပြင်ဘက်မှာ ဖုန်တွေဖုံးနေတယ်။ နေ့ဘင်တောင် မီးမဖွင့်ဘဲကြည့်ရင် အပြင်ကို သေချာ မမြင်ရလောက်ဘူး"
အဲ့လိုပြောပြီး သူငါ့ကို ထပ်ပြုံးပြလာတယ်။
"အားကျန်းက ငါပြောခဲ့တာတွေမှတ်မိနေသေးတာပဲ။ အပြင်မထွက်ခင် အပြင်ပတ်ဝန်းကျင်ကိုစစ်ဆေးဖို့ မှတ်မိနေတယ်။ ငါအရမ်းဝမ်းသာတယ်"
သူက သည်းခံပြီး သဘောထားကြီးတယ်။ အကြောင်းမရှိဘဲ သံသယနဲ့ အမေးခံရပေမဲ့ အဲ့အကြောင်းကိုဘာစကားမှမပြောဘဲ ငါ့ကိုနှစ်သိမ့်ပေးတယ်။
ငါငိုလိုက်မိတယ်။
တကယ်တော့ ငါ ငိုတာက ခပ်ရှားရှားရယ်။ ဘဝတစ်လျှောက်လုံးငိုခဲ့သမျှ မျက်ရည်အားလုံးက မင်ချန် ရှေ့မှာပဲ ကျခဲ့တာ။
ငါ့မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်လိုက်ပြီး လက်ချောင်းတွေကြားက မျက်ရည် တွေစီးကျလာတယ်။ နှာခေါင်းက ပိတ်နေပြီး စကားလုံး တွေက နည်းနည်းမပီမသဖြစ်နေပေမဲ့ ရှင်းရှင်းလင်းလင်းပြောဖို့ အကောင်းဆုံးကြိုးစားတယ်။
"တောင်းပန်ပါတယ်"
စိတ်ကျန်းမာရေးပြဿနာရှိတဲ့လူ တစ်ယောက်နဲ့ အိမ်ထောင်ပြုရတာက ခက်ခဲတာကို ငါနားလည်လာတယ်။
ငါ အရင်ကတော့ ငါ့ရောဂါက နေ့စဉ်ဘဝကိုမထိခိုက်ဘူးလို့ထင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ငါက အချိန်အများစုမှာ အကောင်းမြင်စိတ်ရှိတယ်။ ဖုန်းကြည့်ရင်း ညနက်ထိနေပြီး မနက်အိပ်ရာထရင် မိုးစင်စင်လင်းမှ ထတယ်။ အလုပ်တွေကိုလည်း အများဆုံး ရွှေ့ဆိုင်းထားပြီး အရာရာကို သဘာဝအတိုင်းလက်ခံတယ်။ ဒေါက်တာကျောက်က တောင်ငါ့လက္ခဏာတွေက နှစ်နှစ်အတွင်းမှာ အရမ်းသက်သာလာပြီး ဆေးပုံမှန်သောက်ရင် မကြာခင်ကောင်းသွားမယ်လို့ ပြောဖူးတယ်။
မင်ချန် က ငါ့မျက်နှာကိုအုပ်ထားတဲ့လက်တွေကို ဖယ်လိုက်ပြီး မျက်ရည်အားလုံးကို သုတ်လိုက်ပြီး ငါ့ကိုနမ်းလာတယ်။
သူက ငါ့နှုတ်ခမ်းလွှာကြားကိုလျှာနဲ့ ထိုးခွဲဝင်လာပြီးတော့ ငါတို့ကြားမှ ဘာအကွာအဝေးမှမရှိသလို ပူးကပ်စွာနဲ့ ရင်းရင်းနှီးနှီးနမ်းတယ်။
ပြီးတဲ့အခါ သူရဲ့အသံက ငါတို့ရဲ့ ပူးကပ်နေတဲ့ အသက်ရှုသံတွေကြားက တိုးတိုးလေး သံလိုက်ဓာတ်လို ရေနွေးနွေးလို ပြောလာတယ်။
"ငါနားလည်တယ်။ မင်းငါ့ကိုအရမ်းဂရုစိုက်တော့ ငါ့မှာ ဖြစ်ပျက်နေတာတွေကို မင်း လျစ်လျူရှုဖို့ ခက်ခဲနေတာ"
သူက ကိုယ်ကိုနှိမ့်ပြီး လက်နှစ်ဖက်နဲ့ ငါ့ပေါင်ကနေ ပွေ့ကာချီပြီး အိပ်ခန်းဆီသို့ခေါ်ဆောင်သွားတယ်။
ငါ သူရဲ့ပွေ့ဖက်မှုမှာ စိတ်လွတ်လက်လွတ်နေပြီး သူရဲ့ခန္ဓာပေါ်က ရေမွှေးအနံ့ကိုရှူရှိုက်မိတယ်။ အဲ့ရနံ့က အရမ်းသိမ်မွေ့ပြီး ပေါ့ပါးတာကြောင့် ငါ့စိတ်ကိုပြေလျော့စေတယ်။
အိပ်ခန်းထဲက ကုတင်ကြီးကို ငါကိုယ်တိုင် ရွေးချယ်ခဲ့တာ။ မွေ့ယာက အရမ်းနူးညံ့ပြီး အဲဒီပေါ်မှာ လှဲအိပ်ရတာ တိမ်တိုက်ထဲ ရောက်သွားသလိုပဲ။
တိမ်တွေပေါ် လှဲနေရင်း သူရဲ့လက်နှစ်ဖက်က ငါ့ခေါင်းဘေးမှာ ထောက်ထားလို့ သူရဲ့လှပတဲ့မျက်လုံးတွေက ငါ့ကိုငုံ့ကြည့်လာတယ်… ။
အဲ့ဒီနောက် ငါတို့နှစ်ယောက် လှပတဲ့ညလေးတစ်ည ပိုင်ဆိုင်ခဲ့ကြတယ်။
ညနက်သန်းခေါင်အချိန်မှာ ငါအိပ်ငိုက်နေတုန်း သူက ငါ့ကို စောင်ခြုံပေးပြီး ငါ့နားမှာ ကပ်ပြောတယ်။
"မနက်ဖြန်အပြင်ထွက်ပြီး အေးဆေးအနားယူရအောင်"
ငါ အိပ်မပျော်သွားခင် ဒါကစိတ်ကူးကောင်းတစ်ခုပဲလို့ တွေးမိတယ်။
. . . . . . .
နောက်နေ့မနက် ၉ နာရီလောက်မှာ ငါနိုးလာတယ်။
ပုံမှန်အတိုင်း နေရောင်ခြည်က တောက်ပနေပြီး မီးဖိုချောင်မှာ နံနက်စာရှိပြီး စိတ်ကျန်းမာရေးဆေးတွေက ပန်းကန်ပြားပေါ်မှာရှိတယ်။ ဖုန်းပေါ်မှာက မင်ချန်ရဲ့ မှာကြားချက်တွေရှိတယ်။
ဒီနေ့ ငါစိတ်ချမ်းသာနေပြီး နံနက်စာကို နွှေးပြီး ဆေးတွေကို သေချာသောက်လိုက်တယ်။ အဲ့နောက် အကြာကြီးနေပြီးမှ ပထမဆုံးအကြိမ်အဖြစ် ငါ့ အကြိုက်ဆုံး အဝတ်အစားတွေကို ဘီရိုထဲကထုတ်ယူ ဝတ်လိုက်တယ်။အရမ်းကို သက်တောင့်သက်တာရှိသလို ခံစားရတယ်။
ခန္ဓာနဲ့ စိတ်နှစ်ခုလုံး သက်သောင့်သက်သာရှိနေတယ်။
ငါ အပြင်ထွက်တဲ့အခါ လည်မြင့်အင်္ကျီတစ်ထည်ကိုရွေးချယ်ပြီး ငါ့ငှက်ဖြူလေးအတွက် အစားအစာအများအပြားထည့်ပေးလိုက်တယ်။
"နင့်ရဲ့ဒီငှက်က ကျေးဇူးမသိတဲ့ကောင်။ လူတွေကို ကိုက်ဖို့ပဲသိတယ်။ နင့်ဆီမရောက်ခင်တောင် အိမ်အများကြီး ပြောင်းခဲ့ရတဲ့ငှက်။ ဒါပေမဲ့ နင်ကတော့ အခုထိမွေးနေတုန်း”
အေးစက်တဲ့အမျိုးသမီး အသံတစ်သံကြားရတယ်။ အရမ်းရပ်မြင့်တဲ့ အမျိုးသမီးတစ်ဦးက ခြံတံခါး အပြင်ဘက်မှာ ရပ်နေတယ်။
အဲ့ဒီအမျိုးသမီးက ငါ့အရပ်နဲ့တူတူပဲ။ ပခုံးကျယ်ပြီး ပုံစံကနူးညံ့ပေမဲ့ မာကျောတဲ့မျက်နှာအမူအရာရှိတယ်။သူမက ခါးစည်း လက်တိုဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး ဘေးဘက်ချထားတဲ့ လက်မောင်းတွေက အရမ်းသန်မာထွားကျိုင်းပုံပေါ်နေတယ်။
ငါ သူမကို ပြုံးပြလိုက်တယ်။
"မင်ယီ"
မင်ချန်ရဲ့ညီမဖြစ်သူ ဝမ်းမင်ယီ။ ငါ့ရဲ့ သူငယ်ချင်းနှစ်ယောက်ထဲက တစ်ယောက်။
ငါ သူမအတွက် ခြံတံခါးဖွင့်ပေးပေမဲ့ သူမက မဝင်ဘဲ နံရံကိုမှီပြီး မေးငေါ့လို့ မေးလာတယ်။
"ငါ အလုပ် အရမ်းများနေတာ။ ငါ့ဆီကဘာလိုချင်လို့လဲ"
သူမ ကြီးပြင်းလာတဲ့အချိန်ကစပြီး ငါ့အပေါ်မှာ သဘောထားဆိုးလာပေမဲ့ ငါကတော့ သူမကိုစေနောက်ရတာကို သဘောကျနေတုန်းပဲ။ သူမက ကလေးပဲဖြစ်ဖြစ် ၊ ၁၈၀ စင်တီမီတာရှည်လျားတဲ့ အမျိုးသမီးဖြစ်ဖြစ် ငါ့စိတ်ထဲမှာတော့ ဖိနပ်ကြိုးမချည်တတ်တဲ့ ညီမလေးပဲ။
ငါ သူမကို မျက်ခုံးမော့ပြလိုက်တယ်။
"နင်နဲ့အတူအပြင်ထွက်ချင်တယ်"
သူမက ငါ့ကိုစိုက်ကြည့်ပြီး ခဏတာတုန်လှုပ်သွားဟန်ရှိတယ် ။ အဲ့နောက် မယုံကြည်နိုင်ဟန်နဲ့ ကြည့်တယ်။ ငါ စလိုက်တာပေမဲ့ သူမရဲ့သဘောထားက အတော်လေးပျော့ပျောင်းသွားတယ်။
"ငါ...ငါတကယ်အလုပ်များနေတာ..."
ငါ လက်ကိုဝှေ့ယမ်းလိုက်ပြီးစိတ်ရင်းမှန်နဲ့ ပြောလိုက်တယ်။
"ကမ္ဘာ့ချန်ပီယံ အမျိုးသမီး လက်ဝှေ့သမား ဖြစ်ဖို့က အခုထိ ခက်ခဲနေတုန်းပဲဟာ။ တခါတလေ နှစ်ရက်လောက် နားလိုက်တာကလည်း ခန္ဓာကိုယ်ကို အပန်းဖြေစေတဲ့ နည်းလမ်းတစ်ခုပဲလေ..."
မင်ယီက မျက်မှောင်ကြုတ်ပြီး ငါ့ကိုကြည့်လာတယ်။
"ဘာ?"
ငါက လူတွေရဲ့မျက်နှာအမူအရာဖတ်တာမှာ ကျွမ်းကျင်တာမို့လို့ ပါးစပ်ပိတ်လိုက်တော့တယ်။
******
ယွီဟွာမြို့ရဲ့နွေရာသီက လှပတယ်။ ဒီမြို့က ပန်းတွေကို အတော်ချစ်ကြတာ။ မြက်ခင်းပြင်တွေမှာလည်း ပျိုနီပန်းတွေ စိုက်ထားကြတယ်။ လမ်းမကြီးအတိုင်း ကားမောင်းသွားရင် ပန်းရောင်တိမ်တွေနဲ့ အစိမ်းရောင်မြူတွေအပြင် ရောင်စုံပန်းတွေကိုလည်း မြင်နိုင်တယ်။
ငါတို့တွေက မြို့ရဲ့ အကြီးဆုံး လျို့လီ နေရောင်ခြည် ပန်းဥယျာဉ်ကို သွားပြီး နှင်းဆီဝိုင်သောက်ကြတယ်။ ပြဇာတ်တစ်ခု ကြည့်ပြီး နေ့လည်မှာတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ KFC စားခဲ့ကြတယ်။
ဝမ်းမင်ယီက ယွမ်ထောင်နဲ့ချီတန်ဖိုးရှိတဲ့ အင်္ကျီကို ဝတ်ဆင်ထားပြီး ကြက်သားဘာဂါ ကိုကိုက်ဖြတ်စားနေတဲ့အခါ လူအများကြီးက အံ့အားသင့်ပြီး ကြည့်နေကြတယ်။ ဒါပေမဲ့ သူမကတော့ မတုန်မလှုပ်ထိုင်နေဆဲပဲ။
အချိန်ကတကယ့်ကို မှော်ဆရာ။ ရင့်ကျက်မှုမရှိတဲ့ ကလေးမလေးကို အေးဆေးတည်ငြိမ်ပြီး ရင့်ကျက်တဲ့လူကြီးတစ်ဦးအဖြစ် ပြောင်းလဲစေခဲ့ပြီလေ။
နေ့လည်ခင်းမှာ သူမက ငါ့ကိုအိမ်ပြန်ပို့ပေးတယ်။ ငါသူမရဲ့ပခုံးကိုပုတ်ကာ နှုတ်ဆက်ဖို့စိတ်မပါတဲ့ပုံနဲ့ ။
"ဒီလိုမျိုး အတူတူ အချိန်မဖြုန်းရတာ ကြာပြီ ။ နောက်တစ်ခါ မင်ချန်ကိုဖုန်းဆက်ပြီး အတူတူထမင်းစားကြမယ်နော်"
မင်ယီက ခေါင်းငုံ့ပြီး ပါးလွှာတဲ့အမျိုးသမီးစီးကရက်ကို သောက်နေတာ။ ငါပြောတဲ့စကားကိုကြားတော့ ရုတ်တရက် ဆေးလိပ်သောက်တာကိုရပ်လိုက်တယ်။
ခဏကြာတော့ သူမက ငါ့ကိုထူးဆန်းတဲ့ အကြည့်တစ်ခုနဲ့ ဖြည်းဖြည်းချင်းခေါင်းမော့ ကြည့်လာတယ်။
အဲဒီအကြည့်ထဲမှာ အံ့သြမှုနဲ့ ငါ အစပိုင်းမှာ နားမလည်နိုင်တဲ့ တခြားခံစားချက်တွေ အများကြီး ပါနေတယ်။
သူမက မျက်မှောင်ကြုတ်ပြီး အနည်းငယ်မရေရာတဲ့ အသံနဲ့ မေးလာတယ်။
".....နင် ရူးနေပြီလား"