နင် သူ့ကိုတကယ်ချစ်တာပဲ
သူမ ဘာလို့ အဲဒီလို ပြောတာလဲ ငါ မသိဘူး။ ခုနလေးတင်အထိ ငါတို့ အဆင်ပြေနေခဲ့တာပဲကို။
ဒါပေမဲ့ ငါတို့နှစ်ယောက်လုံး အရွယ်ရောက်ပြီးတဲ့နောက် မင်ယီနဲ့ ငါ တဖြည်းဖြည်း ဝေးကွာလာကြတယ်ဆိုတာကိုလည်း ငါ သိတယ်။ ဘာလို့လဲတော့ မသိဘူး။ သူက လိင်တူချစ်သူတွေကို အရမ်းမုန်းလို့လည်း ဖြစ်နိုင်တယ်။ တိုတိုပြောရရင် သူက ငါနဲ့ မင်ချန်ရဲ့ ဆက်ဆံရေးကို အရမ်း စက်ဆုပ်ရွံရှာတယ်။
ဒီလို ကန့်ကွက်တဲ့ ခံစားချက်က ငါတို့ လက်ထပ်ပြီး ခြောက်လအကြာမှာ အထွတ်အထိပ်ကို ရောက်ခဲ့တယ်။ သူတို့ ပြင်းပြင်းထန်ထန် ရန်ဖြစ်နေတာကို ငါ အကြိမ်ပေါင်းများစွာ တွေ့ခဲ့တယ်။ မင်ချန်က မျက်နှာထားတင်းတင်းနဲ့ အိမ်ပြင်ကို ပြေးထွက်သွားတတ်သလို သူမကလည်း ဒေါသတကြီးနဲ့ ပစ္စည်းတွေကို ရိုက်ခွဲတယ်။
ငါက ရန်ဖြစ်တာကို ဝင်ဖြန်ဖြေပေးဖို့ ကြိုးစားတိုင်း အခြေအနေက ပိုဆိုးသွားတယ်။
နောက်ခြောက်လအတွင်းမှာ မင်ယီက တစ်ခါတလေ ငါနဲ့တွေ့ပေမဲ့ သူ့အစ်ကိုနဲ့တော့ ဆက်သွယ်တာ အတော်ရှားတယ်။
တကယ်တော့ သူမနဲ့ ချိန်းဆိုတိုင်း ငါက သူမကိုပြန်နားချဖို့ဆန္ဒနဲ့ပါ။ ဒါပေမဲ့ ရှင်းရှင်းလင်းလင်းပဲ အကြိမ်တိုင်းမှာ ကျရှုံးခဲ့တယ်။
ငါ ယဲ့ယဲ့လေး ပြုံးပြလိုက်တယ်။
"နင်စိတ်မပါဘူးဆိုရင်လည်း ထားလိုက်တော့"
အရွယ်ရောက်ပြီးသူတွေဟာ ဘယ်အချိန်မှာ ရပ်တန့်ရမယ်ဆိုတာ သိသင့်တယ်။ ငါ အိမ်ထဲဝင်ရတော့မယ်။ မင်ချန်က နာရီအနည်းငယ်အတွင်း အလုပ်ဆင်းတော့မယ်။ မင်ယီက တကယ်ကို ကန့်ကွက်တယ်ဆိုရင် ငါ သူ့ကို အခက်တွေ့စေချင်ဘူး။ သူက မင်ချန်ရဲ့ ညီမလေး။ အခုငါ့ကို မုန်းတီးနေတယ်ဆိုပေမဲ့ ငါ့မျက်စိရှေ့မှာ ကြီးပြင်းလာတဲ့ညီမလေး….။
ငါ သွားတော့မလို့ လုပ်နေတုန်း မင်ယီက ရုတ်တရက် ကားပြတင်းပေါက်ကနေလက်ထုတ်ပြီး ငါ့လက်ကောက်ဝတ်ကိုဆွဲကိုင်လာတယ်။
"ခဏနေဦး !"
ငါ ရပ်လိုက်ရင်း သူမရဲ့ ဆွဲထားမှုကြောင့် ငါ့မျက်လုံးတွေ တောက်ပသွားကာ လှည့်ကြည့်ပြီး သူ့ကို မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ပြလိုက်တယ်။
"ဘယ်လိုလဲ။ နင်သဘောတူရင် ငါနဲ့မင်ချန်က နင့်အတွက် ကိုယ်တိုင် ဟင်းချက်ကျွေးမယ်"
သူမ မျက်မှောင်ကြုတ်လိုက်ပြီး ငါပြောတာကို ဘာမှ မှတ်ချက်မပေးဘူး။ သူမမျက်လုံးထဲက အကြည့်က ငါ့ကို တကယ် စိတ်ရှုပ်ထွေးစေတယ်။ လက်ကို ပြန်ရုပ်ပြီးတဲ့နောက် သူမက ဆေးလိပ်ကို နှစ်ချက် သုံးချက် ရှိုက်လိုက်ပြီး ကျန်တဲ့ တစ်ဝက်ကို ငြိမ်းသတ်လိုက်ကာ တကယ့်ကို ကားတံခါးကို တွန်းဖွင့်ပြီး ကားပေါ်က ဆင်းလာတယ်။
ဒါက နွေးထွေးတဲ့ နွေရာသီ နေ့လယ်ခင်းတစ်ခု။ ကားဘေးမှာ ရပ်နေတဲ့ သူမရဲ့ သွယ်လျတဲ့ ပုံရိပ်ကို ငါ ကြည့်နေတယ်။ သူမက အသက်ကို ဝဝရှူလိုက်ပြီး သူ့အစ်ကိုရဲ့ အသံနဲ့ အရမ်းတူတဲ့ အသံနဲ့ ငါ့ကိုခေါ်လာတယ်။
"အားကျန်း..."
သူမကို မြင်တိုင်း မျိုးရိုးဗီဇကဘယ်လောက်အားကောင်းလဲဆိုတာကို ငါ အံ့ဩမိတယ်။ မိန်းကလေးဖြစ်ပေမဲ့ သူမက အစ်ကိုဖြစ်တဲ့မင်ချန်နဲ့ အတော်များများတူတယ်။ တစ်ခါတစ်လေ အသံအနေအထားတောင်တူတယ်။
ငါ သူမကိုဆက်ပြောဖို့ အချက်ပြလိုက်တယ်။
ဒါပေမဲ့ ငါနဲ့ ခယ်မလေးတို့စကားစပြောတော့မဲ့ အချိန်မှာ ဖုန်းခေါ်သံကြားလိုက်တယ်။
မင်ယီလည်း စိတ်ဆိုးနေပုံရတယ်။ ဖုန်းကိုကြည့်တောင်မကြည့်ဘဲ ဒေါသထွက်ပြီးချလိုက်တယ်။
ဒါပေမဲ့ ဖုန်းခေါ်သူတဲ့က အရမ်းဇွဲကောင်းတယ်… နှစ်စက္ကန့်မပြည့်ခင်မှာပဲ ထပ်ခေါ်လာတယ်။
အမျိုးသမီးလေးက မျက်မှောင်ကြုတ်ပြီး ဖုန်းမျက်နှာပြင်ကို ငုံ့ကြည့်လိုက်တော့ မျက်နှာက နည်းနည်း ပြောင်းသွားတယ်။ ပြီးတော့ ခေါင်းပြန်မော့ပြီး ငါ့ကို အမြန်ကြည့်ကာ "ခဏလေး" လို့ ပြောပြီး ဖုန်းကိုင်ပြီး ငါ့ဆီကနေ ခြေလှမ်းအနည်းငယ် လှမ်းသွားတယ်။
ဒီအသက်အရွယ်မိန်းကလေးတွေမှာ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေရှိတတ်တယ်။ ငါလည်း နားထောင်ဖို့ မသင့်တော်ဘူး။ ကံကောင်းတာက သူမကိုယ်တိုင်ပဲ ဖုံးကွယ်ထားဖို့ ခြေလှမ်း နည်းနည်းသွားလိုက်တာ။
ဖုန်းပြောတာက ခဏလေးမဟုတ်ဘူး၊ ဆယ်မိနစ်လောက်ကြာတယ်။ ငါ စောင့်နေရင်း နည်းနည်း ကသိကအောက်ဖြစ်လာပြီး ဗီဒီယိုအတိုလေးကြည့်ဖို့စဉ်းစားနေတုန်း မင်ယီပြန်ရောက်လာတယ်။
ငါ စိတ်သက်သာရသွားပြီး သူမအိမ်ထဲဝင်လာမယ်လို့ မျှော်လင့်နေပေမဲ့ သူမက အပြာရင့်ရောင်ကားဆီတည့်တည့်လျှောက်သွားနေတာကိုတွေ့ရတယ်။
"ဟေး”
ငါ သူမကိုတားပြီး ဖျော့ဖျော့လေးမေးလိုက်တယ်။
"မင်ယီ... ငါ့ကိုပြောစရာတစ်ခုခုမရှိဘူးလား?"
"ငါ ပြောစရာဘာမှမရှိဘူး"
သူမကားတံခါးကိုပိတ်ပြီး သပ်ရပ်စွာခါးပတ်ပတ်လိုက်တယ်။ တစ်ချိန်လုံးငါ့ကိုမကြည့်ဘူး၊ ဆေးလိပ်သောက်ထားလို့ဖြစ်မယ်၊ ပုံမှန်အေးစက်တဲ့အသံက နည်းနည်းအက်ကွဲသံပါနေတယ်။
"နင်တို့လက်ထပ်တဲ့အချိန်ကစပြီး ငါ့အစ်ကိုနဲ့လမ်းခွဲခဲ့တာ... ငါ အိမ်ထဲမဝင်ချင်ဘူး။ အချိန်ရရင်သာ ဝမ်းမိသားစုအိမ်ကို ခဏခဏသွားပြီး အမေအဖေ တို့ကိုကြည့်ပေးပါ။"
ငါ ခဏရပ်တန့်သွားတယ်။ စိတ်ပျက်မိမယ်ထင်ပေမဲ့ ငါ အကျင့်ပါနေပြီ။ သူမ စိတ်နူးညံ့သွားတာကိုက အတော်အတန်တိုးတက်မှုတစ်ခုပဲ။ သူမသွားမယ်လုပ်တော့ ငါပြောလိုက်မိတယ်။
"လမ်းမှာသတိထားဦး "
သူမ က ငါ့ကိုမကြည့်သေးဘူး။ ဆေးလိပ်ဘူးထဲကနောက်တစ်လိပ်ထုတ်ယူတယ်။ စဉ်းစားပြီးနောက် ခရီးသည်ခုံ ပေါ်ပစ်ချလိုက်ပြီး မပီမသပြောလာတယ်။
“အင်း”
ငါ နူးညံ့စွာပြုံးပြလိုက်တယ်။
"ဆေးလိပ်ဖြတ်လိုက်စမ်းပါဟာ။ ကလေးတုန်းကတော့ အသံကအရမ်းချိုသာတာပဲ။ နင့်အစ်ကိုတောင် ဒီနှစ်တွေအတွင်းမှာ ဆေးလိပ်ဖြတ်လိုက်ပြီ"
သူမ ကားကိုစက်နှိုးပြီးသွားပြီ၊ ဒါပေမဲ့ ဒီစကားကိုကြားတော့ နောက်ဆုံးမှာ ငါ့ကိုကိုကြည့်လာတယ်။ အစ်ကိုနဲ့ညီမဖြစ်သူရဲ့မျက်လုံးတွေလည်းဆင်တူတယ်။ ဒါပေမဲ့ မင်ချန်ရဲ့မျက်လုံးက အပေါ်ဘက်မော့နေပြီး အမြဲရယ်ရွှင်နေသလိုမျိုး တောက်ပနေပြီး ၊ မင်ယီကတော့ ဖြောင့်ဖြောင့်ကြီးကြည့်တတ်ပြီး တစ်ခါတစ်လေ ငြီးငွေ့သလိုမျိုးဖြစ် နေတယ်။
ငါ့စကားကိုကြားတော့သူမက ရုတ်တရက် အဓိပ္ပာယ်ပါပါနဲ့ ပြုံးလိုက်တယ်။ အပြုံးက အရမ်းတိုတောင်းပြီး ချက်ချင်း ပျောက်သွားတယ်။
“နင် တကယ့်ကို ငါ့အစ်ကိုကိုချစ်တာပဲ"
ငါ အိမ်ထောင်သည်လူကြီးဖြစ်နေပြီ။ ခံစားချက်တွေကိုလည်း မရှက်တော့ဘူး။ ငါအေးဆေးပဲခေါင်းညိတ်လိုက်တယ်။
"ဟုတ်တယ်.. သူ့ကိုအရမ်းချစ်တယ်။"
မင်ယီ ထွက်သွားတယ်။
ငါ သူမရပ်ကွက်ထဲက ထွက်သွားတာကိုကြည့်ပြီး အိမ်ကိုပြန်ဝင်ဖို့ လုပ်လိုက်တယ်။
ဒါပေမဲ့ နောက်တစ်ခါ ကားသံထွက် ပြီးပြန်လာတယ်။ ဒီနေ့ သူမရဲ့အပြုအမူတွေက ငါ့ကိုဇဝေဇဝါဖြစ်စေတယ်။
မင်ယီရဲ့ကားက ငါ့ရှေ့တည့်တည့်မှာရပ်လာတယ်။
သူမ ကားပြတင်းပေါက်ကို ဖြည်းဖြည်းချင်းချပြီး တစ်ခုခုကိုပြန်သတိရသလိုလိုနဲ့ နှုတ်ခမ်းတင်းတင်းစေ့ရင်း လက်ဆွဲအိတ်ထဲကနေ အိတ်ကလေးတစ်လုံးထုတ်ယူပြီး ငါ့ကိုပေးလာတယ်။
ဒါက သူမရဲ့လက်ဆောင်လေးဖြစ်မယ်လို့ ထင်မိပေမဲ့ လက်ခံယူလိုက်တဲ့အခါ အိတ်ကလေးက တကယ်တော့ ပြဒါးနဲ့ချိတ်ပိတ်ထားပြီး မီးစွဲထားတဲ့အနံ့သင်းသင်းလေး ရနေတယ်။
"ဒါက..."
မင်ယီကဖြေတယ်။
"ဒါ နင့်အမေဝယ်ပေးထားတဲ့ အဆောင်ကျောက်စိမ်းပဲ။ သူကိုယ်တိုင် ပိုင်ချန် ဘုန်းကြီးကျောင်းသွားပြီး နှစ်လတိတိပူဇော်ပသခဲ့တာ။ နင့်ကို နေ့ညမပြတ်ဝတ်ဆင်ထားဖို့ပြောတယ်"
"နင် ဒီကိုမလာခင် ငါ့အမေဆီသွားဖို့ သွားခဲ့တာလား"
ငါက ပုန်းကွယ်နေတဲ့အချက်ကို သိချင်သွားတယ်။
မင်ယီက ငါ့ကားကိုလျစ်လျူရှုပြီး အခြားအကြောင်းတစ်ခုကိုပြောတယ်။
"အဒေါ်ကပြောတယ်…နင်နဲ့ငါ့...အစ်ကိုရဲ့ အရှေ့တောင်အာရှခရီးစဉ်က မကောင်းဆိုးဝါးနဲ့ပြည့်နေတယ်တဲ့။ ဒါကြောင့် နင်တို့ပိုသတိထားဖို့..."
မင်ချန်နဲ့ငါ လွန်ခဲ့တဲ့ခြောက်လက လက်ထပ်ခဲ့ကြတာ။ မူလအစီအစဉ်အရ တူရကီနဲ့ပါရီကို ဟန်းနီမွန်း ခရီးထွက်ဖို့ဆိုပေမဲ့ မထွက်ခင်မှာ မင်ချန် က စိတ်ပြောင်းသွားပြီး အရှေ့တောင်အာရှက နိုင်ငံငယ်လေးကိုသာ သွားဖို့ ပူဆာခဲ့တယ်။
အချိန်အများစုမှာ သူက ငါ့အလိုကိုလိုက်တတ်ပြီး ဘာလုပ်ရမယ်ဆိုတာကို ခပ်ရှားရှားပဲ ပူဆာတတ်တယ်။ ငါကလည်း သူ့ကိုစိတ်မပျက်စေချင်တာကြောင့် သဘောတူလိုက်တယ်။
ဒီခရီးစဉ်က ငါမျှော်မှန်းထားသလောက် မခက်ခဲခဲ့ဘူး။ ဒီနိုင်ငံငယ်လေးက သေးပေမဲ့ သိပ် ခေတ်မနောက်ကျဘူး။ ရှိသင့်ရှိထိုက်တဲ့အရာတွေရှိသေးတယ်။ ဒါပေမဲ့ ဘာသာရေး အရမ်းအယူသီးလွန်းတယ်။ လူတွေက မတူညီတဲ့ သဘာဝလွန်အရာတွေကို ယုံကြည်ကြတယ်။လမ်းတွေမှာ ထူးဆန်းတဲ့ ပူဇော်ပွဲအကတွေကို နေရာတိုင်းမှာ တွေ့နိုင်ပြီး လေထုက မပြောတတ်တဲ့ ထူးဆန်းတဲ့ ခံစားချက်တွေနဲ့ ပြည့်နှက်နေတယ်။
အထူးသဖြင့် မင်ချန်နဲ့ ငါ ရုပ်တုတစ်ခုကို ပူဇော်ရှိခိုးနေတုန်း ဒီနေရာရဲ့ ထူးဆန်းမှုကို ငါ တကယ် မြင်တွေ့ခဲ့တယ်။
ရုပ်တုက မျက်နှာ နှစ်ဖက်ပါတဲ့ပုံစံဖြစ်နေတယ်။ အရှေ့ဘက်မျက်နှာက သာမန်နတ်ရုပ်တုလိုမျိုး အရောင်စုံပြီး သနားကြင်နာတတ်တဲ့သဘောပါတဲ့ ရွှေသားမျက်နှာပုံစံရှိတယ်။ ဒါပေမဲ့ နောက်ဘက်မှာတော့ အမည်းရောင်ကိုယ်ထည်နဲ့ အစွယ်တွေပါတဲ့ မျက်နှာရှိတယ်။ လုံးဝကွဲပြားတဲ့ ကိုယ်ထည်နှစ်ခုက တစ်ခုတည်းဖြစ်နေတာ။
ငါဒူးထောက်လိုက်တဲ့အချိန် ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားရတယ်။
ဒါပေမဲ့ မင်ချန်ကတော့ အရမ်းစိတ်ဝင်စားနေပြီး နတ်ပူဇော်ပသပေးတဲ့ပုဂ္ဂိုလ်နဲ့ နေ့လယ်ခင်းတစ်ခုလုံး စကားပြောနေခဲ့တယ်။
သူတို့ဘာပြောခဲ့လဲဆိုတာ ငါမသိဘူး။ဒါပေမဲ့ နောက်ဆုံးမှာတော့ သူအမည်းရောင်ရုပ်ထုလေးတစ်ခုကို ယူလာခဲ့တယ်။
ကြောက်စရာကောင်းတဲ့ ဟိုနတ်ရုပ်တုနဲ့မတူဘဲ ဒီရုပ်ထုလေးက အမည်းရောင်ဖြစ်ပေမဲ့ ထူးခြားတဲ့ ယဉ်ကျေးမှုအရသာနဲ့ လက်ရာမြောက်စွာ ထွင်းထုထားတယ်။ ဒါ့အပြင် အတော်လေးလည်း သက်တမ်းရင့်ပုံရတယ်။ အရုပ်ရဲ့ ခေါင်းထိပ်မှာ လွန်ခဲ့တဲ့ နှစ်တစ်ရာက ချင်မင်းဆက်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ အရှေ့တိုင်းပုလဲတွေ စီခြယ်ထားတယ်။ အရုပ်ရဲ့ နောက်ဘက်မှာတော့ ရှေးဟောင်းစာလုံးတွေ ထွင်းထုထားတယ်။ အရုပ်တစ်ခုလုံးက အလင်းရောင်အောက်မှာ ပျော်ဝင်မသွားတဲ့ မှင်ရည်လို နင်မှောင်နေတယ်။
ငါ မင်ချန်ရဲ့အမြင်ကိုချီးကျူးပေးပြီးတော့ သူ့ကို ဖိအားပေးပြီး အဲဒါကို ဗီရိုထဲ ထည့်ပိတ်ထားဖို့ ပြောလိုက်တယ်။
မင်ယီပြောတဲ့အခါမှ ငါ ရုတ်တရက်သတိရမိသွားခဲ့တာ။
လူတွေက တစ်ခုခုမှားယွင်းသွားတဲ့အခါ သဘာဝလွန်အကြောင်းရင်းတစ်ခုခုကို အမြဲရှာဖွေချင်ကြတယ်။ ငါ ခံစားနေရတဲ့ ဒီနှစ်ရက်အတွင်းက ပုံမှန်မဟုတ်တဲ့ နေမကောင်းတာက ဒီအနက်ရောင်ရုပ်ထုနဲ့ ဆက်စပ်နေတယ်လို့ ခံစားရတယ်။
တကယ်ကို ကံမကောင်းတဲ့အရာပဲ။
မင်ယီ နဲ့နှုတ်ဆက်ပြီးနောက် ငါ ဒီအနက်ရောင်ရုပ်ထုကို ဖြေရှင်းဖို့စီစဉ်လိုက်တယ်။
နည်းနည်းတော့ ရယ်စရာကောင်းတယ်။ မင်ချန်ကိုဒါကိုရောင်းတဲ့လူက တရုတ်လူမျိုးအဘိုးအိုတစ်ယောက်ဖြစ်နေခဲ့တာ။ ငါတို့ဝယ်တုန်းက အဘိုးအိုက ငါ့ကိုတားပြီး သူ့ဖုန်းနံပါတ်ထည့်ဖို့ပြောခဲ့တယ်။
"ဆက်သွယ်ဖို့မမေ့ပါနဲ့ လူငယ်လေးရေ"
အဘိုးအိုရဲ့နံပါတ်က ငါ့ contact ထဲမှာ ရှိနေဆဲပဲ။
နောက်ဆုံးတော့ ဒါက နတ်ပူဇော်ပသပေးတဲ့ပုဂ္ဂိုလ်ကယူလာတဲ့အရာဆိုတော့ ဒါကို ဖြေရှင်းတဲ့အခါ သူ့ကိုမေးဖို့ဆုံးဖြတ်လိုက်တယ်။
တကယ်တော့ ငါက ဒီလိုငွေကို လိမ်ယူတဲ့ လုပ်ငန်းတွေအတွက် ဝယ်ယူပြီး နောက်ပိုင်းဝန်ဆောင်မှုရှိမယ်လို့ ဘယ်တော့မှမတွေးမိခဲ့ဘူး၊ ဒါပေမဲ့ အံ့သြစရာကောင်းတာက ဖုန်းကတကယ်ပဲဝင်သွားတယ်။
ငါ့စကားကိုနားထောင်ပြီးနောက် အဘိုးအိုက သူ့ရဲ့ကြမ်းရှ လေးလံတဲ့အသံနဲ့ တိုတိုတောင်းတောင်းပြောလာတယ်။
"ငါပြောတဲ့အတိုင်းလုပ်ပါ။ အရင်ဆုံးမြေအောက်မှာထားပါ..."
မြေအောက်မှာလား? ဘာကြောင့်မြေအောက်လဲ?
တွင်းတစ်တွင်းတူးပြီးမြှုပ်ရင် မကောင်းဘူးလား??
အတော်လေးစဉ်းစားပြီးနောက် ငါဒါကို မြေအောက်ခန်းက ဗီရိုထဲထည့်ဖို့ဆုံးဖြတ်လိုက်တယ်။ ငါက တကယ့်ကို ကြင်နာတတ်တဲ့သူပဲ။
ဗီရိုကိုပိတ်ပြီးနောက် နတ်ပူဇော်ပသပေးတဲ့ပုဂ္ဂိုလ် ထပ်ပြောထားတဲ့အတိုင်း သုံးကြိမ်ရွတ်လိုက်တယ်။
"ကျေးဇူးပြုပြီး ကျွန်တော့်အိမ်ထဲမဝင်ပါနဲ့။"
ဒါက နည်းနည်းတော့ စိတ်အနှောင့်အယှက်ဖြစ်စေပေမဲ့ ငါလုပ်သင့်တာတွေအားလုံး လုပ်လိုက်တယ်။
ဒါလုပ်ပြီးတဲ့နောက် ငါ သက်တောင့်သက်သာရေချိုးပြီး အမေဝယ်ပေးထားတဲ့ အဆောင်ကျောက်စိမ်းကို လည်ပင်းမှာဆွဲထားလိုက်တယ်။ ဒါက ဟယ်ထျန်း ပီရှူးလည်ဆွဲဖြစ်ပြီး နို့နှစ်ရောင်ရှိတယ်။ ပီရှူးက ဖြူစင်မနေဘဲ ချစ်စရာကောင်းတယ်၊ မျက်လုံးတွေကလည်း ဝိုင်းပြီးတောက်ပနေတယ်။ တစ်ချက်ကြည့်ရုံနဲ့တင် အမေက သူမရဲ့အလှအပအရသာနဲ့ ရွေးချယ်ထားတာသိသာတယ်။
ကျောက်စိမ်းရဲ့အရည်အသွေးကလည်း အရမ်းကောင်းတယ်။ မျက်နှာပြင်ကလည်း ချောမွေ့ပြီး ဆီသုတ်ထားသလိုဖြစ်နေတယ်။ နွေးထွေးမှုကိုဖြစ်စေတယ်။
ငါ ဒါကို လက်လွှတ်မချနိုင်ဘဲ ခဏလေးဆော့ကစားမိတယ်။ ဒီနေ့က ကောင်းတဲ့နေ့တစ်နေ့ဖြစ်တယ်ဆိုတာ ငါသတိထားမိတယ်။ အပြင်ထွက်ပြီး လက်ဆောင်ရရုံတင်မကဘဲ အလုပ်လုပ်စရာမလိုတဲ့နေ့လည်းဖြစ်နေတယ်။ ငါစိတ်ချမ်းသာနေပြီး ချက်ပြုတ်ဖို့ဆုံးဖြတ်လိုက်တယ်။
ညနေ ၅နာရီ ၁၀မိနစ်အထိ ငါညစာပြင်ဆင်ဖို့ အလုပ်ရှုပ်နေခဲ့တယ်။ အဲ့ဒီနောက် ဖယောင်းတိုင်နဲ့ နှင်းဆီဖြူတွေအတွက် ဖုန်းနဲ့မှာလိုက်ပြီး ဖယောင်းတိုင်ညစာစားပွဲအတွက် အဆောင်အယောင်တွေပြင်ဆင်ထားလိုက်တယ်။
၅နာရီ ၂၅မိနစ်မှာ မွှေးရနံ့ပါတဲ့ဖယောင်းတိုင်တွေ ထွန်းလိုက်တယ်။
လေထုကို ပိုပြီး ရိုမန်တစ်ဖြစ်စေဖို့နဲ့ ညစာစားပြီးတဲ့နောက် မင်ချန်ရဲ့ အကအခုန်ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကြိုတင်ပြီး သီချင်းတွေ ပြင်ဆင်ထားတယ်။
ငါးနာရီသုံးဆယ်မှာ ငါ စားပွဲမှာ ထိုင်နေတယ်။ မင်ချန် အိမ်ပြန်မလာသေးဘူး။
ငါးနာရီလေးဆယ်….
မင်ချန် အိမ်ပြန်မလာသေးဘူး။
အပြင်မှာမှောင်လာပြီ။ မင်ချန် အိမ်ပြန်မလာသေးဘူး...။