Chapter 5
Viewers 100

ဝင်ပေါက်



သူ အိမ်ပြန်မလာသလို ငါ့ကို  စာတစ်စောင်တောင်မပို့တာက  ရှားပါးတဲ့ကိစ္စပဲ။  



မင်ချန်က သူ့အလုပ်ကိုချစ်ပေမဲ့ အချိန်ပိုလုပ်လေ့မရှိဘူး။ဝန်ထမ်းတွေကိုလည်း အချိန်ပိုမလုပ်ခိုင်းဘူး။  



အဲ့ဒါအပြင် အချိန်ပိုလုပ်ရမယ်ဆိုရင်တောင် ငါ့ကိုအသိပေးမှာပဲ။  



ငါ  ခုနစ်နာရီထိ စောင့်နေတယ်။ စားပွဲပေါ်က ဖယောင်းတိုင်တွေ လောင်ကျွမ်းသွားပြီ၊ အဖြူရောင်ဖယောင်းတွေက ပျော့ပျောင်းစွာနဲ့ စီးကျနေတယ်။ ပန်းကန်ထဲက ညစာတွေလည်း အေးစက်ကုန်ပြီ။ သူ့အတွက်စိတ်ပူလာပြီး ဖုန်းဆက်လိုက်တယ်။  



ဖုန်းဝင်ပေမဲ့ ဘယ်သူမှမဖြေဘူး။

  


"ခေါ်ဆိုထားသော အသုံးပြုသူနှင့် လောလောဆယ် ဆက်သွယ်၍ မရနိုင်သေးပါရှင်"



အသံအချက်ပေးသံကြားရတယ်။ ငါ ဖုန်းချပြီး ထပ်ခေါ်တယ်။  



ဘယ်သူမှမဖြေဘဲ ဖုန်းက အလိုအလျောက်ကျသွားတယ်။  



ငါ  အနက်ရောင် ဖုန်းစခရင်ကိုကြည့်ရင်း အပေါ်မျက်ခုံးတွေ ရုတ်တရက်လှုပ်လာတယ်။



ဝမ်းမိသားစုရဲ့သားကြီးဖြစ်တဲ့အတွက် ကုမ္ပဏီဥက္ကဋ္ဌအနေနဲ့ နေ့စဉ် လုပ်စရာတွေများတယ်။ ငါ သူ့ကိုအနှောင့်အယှက်မပေးသင့်ဘူး။ ဒါပေမယ့်ငါ အရမ်း စိတ်ခံစားမှုများနေတာများလား၊ မျက်ခုံးလှုပ်ပြီးနောက် ထူးဆန်းပြီး မကောင်းတဲ့ခံစားချက် တွေနှလုံးသားထဲပေါ်လာတယ်။  



ဒါကြောင့် ခဏသည်းခံပြီး မင်ချန်ရဲ့အတွင်းရေးမှူးကိုစာပို့လိုက်တယ်။  



[မစ္စလီ…မင်းရဲ့ဥက္ကဌ အလုပ်ကပြန်သွားပြီလား?]

 


အတွင်းရေးမှူးက ချက်ချင်းပဲစာပြန်လာတယ်။



 [ဥက္ကဌဝမ်းက မပြန်သေးပါဘူး။ အခုဘုတ်အဖွဲ့အစည်းအဝေး လုပ်နေတုန်းပါ]



ငါ စိတ်သက်သာရာရသွားတယ်။  



စာကိုဖတ်ပြီးတဲ့အခါ လှုပ်ခတ်နေတဲ့နှလုံးသားက နဂိုနေရာပြန်ရောက်သွားတယ်။ 



တစ်ညလုံးစားချင်စိတ်မရှိခဲ့ပေမယ့် အခုတော့ စိုးရိမ်စိတ်တွေပြေလျော့သွားပြီ။ ငါ မီးဖိုခန်းကနေ ရေနွေးတစ်ခွက်ယူလိုက်တယ်။ ဗိုက်ထဲနွေးသွားပြီး ဒီညခံစားနေရတဲ့ ထူးဆန်းတဲ့မသက်မသာခံစားမှုတွေ ပျောက်ကွယ်သွားတယ်။ 



ဆိုဖာပေါ်ပြန်ရောက်တဲ့အခါ မစ္စလီကနောက်ထပ် စာတစ်စောင်ပို့လာတာတွေ့ရတယ်။  



[ဥက္ကဌဝမ်းက ဒီနေ့ နေ့ခင်းဘက်က ကိစ္စတစ်ခုရှိလို့အပြင်ထွက်သွားတာကြောင့် ညနက်မှပြန်ရမှာပါ။ လိုအပ်တာရှိရင် ကျွန်မကို ပြောပါ]



သူမက အလုပ်မှာအမြဲဂရုစိုက်တတ်တဲ့လူ။ ငါ စာပြန်လိုက်တယ်။ 



[ကျေးဇူးတင်ပါတယ်။ ညနက်သွားလို့ စိတ်ပူလာတာပါ]



မင်ချန် ညနက်မှပြန်မယ်ဆိုတာသိပြီးတဲ့အတွက် သူ့ကိုဆက်မစောင့်တော့ဘဲ ညစာကိုနွှေးစားလိုက်တယ်။ သူ့အတွက်ပါနွှေးပြီး နွေးနွေးထွေးထွေးထားလိုက်တယ်။  



ညစာစားပြီးနောက် ငါ အိပ်ငိုက်သွားတယ်။ ဒီအိပ်စက်မှုက တိုတောင်းပေမယ့် အရမ်းကောင်းကောင်းအိပ်ပျော်သွားတယ်။ ရက်အတော်ကြာ ဒီလိုနက်နက်ရှိုင်းရှိုင်း အေးအေးဆေးဆေးအိပ်ပျော်ဖို့မဖြစ်ခဲ့ဘူး။ မနေ့ကတောင် မင်ချန်နဲ့အတူအိပ်ခဲ့ပေမယ့် သက်တောင့်သက်တာ မခံစားရဘူး။ ဒါပေမယ့် အခုတော့ ဆိုဖာပေါ်မှာတစ်ယောက်တည်း သက်တောင့်သက်သာအိပ်ပျော်သွားတယ်။



ဒါပေမယ့်  ညနက်‌ ငါ နှစ်နှစ်ခြိုက်ခြိုက်အိပ်‌ ပျော်နေချိန်မှာ ရုတ်တရက် ပြတ်တောင်းပြတ်တောင်း ငိုသံတစ်ခုကို ကြားလိုက်ရတယ်။  



"အားကျန်း"  



ဒီအော်သံက  နားစည်ကိုပဲ့ထွက်လုနီးပါးကျယ်လောင်ပြီး ငါ့ကို အိပ်နေရာကနေ ချက်ချင်းနိုးလာစေတယ်။  



ငါ မျက်လုံးစုံဖွင့်ပြီး ဆိုဖာပေါ်ကနေ ထလိုက်တဲ့အခါ ကော်ဖီစားပွဲပေါ်က ရေခွက်ကို ကြမ်းပြင်ပေါ်ကျသွားစေတယ်။ ငါ ပါးစပ်ဟနေပြီး အသက်ပြင်းပြင်းရှူနေမိတယ်။ 



"မင်ချန်...?"  



ဒါပေမယ့် မင်ချန် မရှိဘူး။ ငါ့အသံက အခန်းထဲမှာ အားနည်းစွာနဲ့ ပျံ့နှံ့သွားတယ်။ ငါ မယုံနိုင်ဘဲ ပတ်ဝန်းကျင်ကိုကြည့်ရင်း နောက်တစ်ခါထပ်ခေါ်လိုက်တယ်။ 



"မင်ချန်၊ မင်းလား?"  



ဘယ်သူမှမဖြေဘူး။  



ဒီအချိန်က နံရံကနာရီက ၂၂:၀၀ ကိုပြနေတယ်။ ည ၁၀ နာရီအချိန်လောက်ဖြစ်မယ်။  



မင်ချန် ပြန်မလာသေးပေမယ့် ငါသူ့အသံကိုတကယ်ကြားလိုက်ရတာ။  



ငါ အကြားမှားတယ်လို့မထင်ဘူး။ ဒီအော်သံကတကယ် ကျယ်လောင်ပြီး အရေးတကြီးခံစားချက်တွေပါနေတယ်။ ကြောက်စိတ်တောင်ကြားရတယ်။ အသံ တအားကျယ်လွန်းလို့ အသံဝင်လု နီးပါးပဲ။  



ဒီအချိန်ထိ ငါ့နားထဲမှာ အသံ‌တွေ ကြားနေတုန်းပဲ။  



ငါ့ နားကိုအုပ်ပြီး အိပ်ရာနိုးလာတဲ့အချိန်မှာ နှလုံးခုန်သံတွေဆက်မြန်နေတယ်။  



ဒါပေမယ့် တကယ်ပဲ အိမ်ထဲမှာ ဘယ်သူမှမရှိဘူး။  



ထင်ယောင်ထင်မှား ကြားရတာလား။ 



ငါ တစ်ခါမှ ဒီလက္ခဏာမခံစားရဖူးဘူး။ ဒါတွေကိုလည်း လေ့လာဖို့မကြိုးစားဖူးသေးဘူး။ ထင်ယောင်ထင်မှား ကြားရတာက ငါ့ကိုနိုးစေနိုင်သလား? နားထဲမှာ အသံတွေ တိုက်ဆက်ကြားနေစေနိုင်သလား?  



အိပ်ပျော်နေတဲ့အချိန်မှာတောင်ကြားရနိုင်လား?  



ငါ ကြမ်းပြင်ပေါ်ကနေထပြီး ပြင်သစ်ပြတင်းပေါက်ကြီးဆီသွားတယ်။ ခန်းဆီးကိုဖယ်ပြီး  အပြင်ဘက် တံတိုင်းကိုကြည့်လိုက်တယ်။  



ခြံထဲက လှပနေတဲ့ပန်းတွေက လရောင်အောက်မှာ အေးအေးဆေးဆေးအိပ်စက်နေကြတယ်။ သူတို့အပြင် ဘာမှမရှိပေမယ့် ငါ ခြံမီးတွေဖွင့်ပြီး ထောင့်တိုင်းကိုစစ်ဆေးကြည့်တယ်။ ဘယ်သူမှမရှိဘူးဆိုတာသေချာပြီးနောက် ချောင်းကြည့်ပေါက်ကြည့်မှန်ကနေ အပြင်ကိုထပ်ကြည့်တယ်။  



ညအချိန် ကြောင့်ဖြစ်မယ်၊ တံခါးပေါက်ကြည့်မှန်ကနေကြည့်ရင် မှောင်နေပြီး အပြင်ကိုမမြင်ရဘူး။  



ဒါကြောင့် ရှေ့ခြံမီးဖွင့်ပြီး ထပ်ကြည့်တယ်။  



ဘာကြောင့်မှန်းမသိဘူး၊ တံခါးပေါက်ကြည့်မှန်က အရင်လိုပဲမှုန်နေဆဲပဲ။ အပြင်မှာမီးရှိတာပဲမြင်ရတယ်။  



အိမ်ထဲမှာ ငါ တစ်ယောက်တည်းရှိတာသေချာသွားတော့ ဒီအော်သံကို ထင်ယောင်ထင်မှားကြားရတာလို့ သတ်မှတ်လိုက်တယ်။  



ငါ အခြေအနေတကယ် မကောင်းဘူးထင်တယ်။ မနက်ဖြန် ဒေါက်တာကျောက်ဆီ ပြဖို့လိုနေပြီ။  



"ပါမောက္ခဝေရဲ့ လွှမ်းမိုးမှုတွေကြောင့်ထင်တယ်၊ ပေဟွားအနုပညာအကယ်ဒမီရဲ့ ပြီးခဲ့တဲ့နွေရာသီသင်တန်းအတွက် ရွေးချယ်ထားတဲ့ခေါင်းစဉ်က 'နွေလယ်ကာလ' တဲ့။ ဒီခေါင်းစဉ်က အရမ်းလှတယ်။ ဟုတ်တယ်... ဒီလိုအကြောင်းအရာမျိုးက အနုပညာအနှစ်သာရကိုသာမက ကျောင်းသားတွေရဲ့ အရောင်တွဲစပ်တဲ့စွမ်းရည်ကို ပါစစ်ဆေးတာ...."



တီဗီပေါ်မှာတော့ တင်ဆက်သူတစ်ယောက်က ပညာရေးကျွမ်းကျင်သူတစ်ယောက်နဲ့ ပြီးခဲ့တဲ့နှစ်က အနုပညာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲအကြောင်း ဆွေးနွေးနေကြတယ်။ ငါ့မျက်လုံးတွေက တီဗီကိုကြည့်နေပေမယ့် စိတ်ကတော့ အခြားတစ်နေရာရောက်နေတယ်။  



ငါ့အလုပ်ရဲ့ သဘောသဘာဝကြောင့် အချိန်အများစုမှာ မင်ချန် အိမ်ပြန်လာတာကို စောင့်နေရတဲ့သူက ငါပဲ။ ဒါပေမယ့် ဒါကတော့ 

သူ ဒီလောက်နောက်ကျမှပြန်လာတာ ပထမဆုံးအကြိမ်ပဲ။  



ငါ သူ့ကို ဖုန်းထပ်ခေါ်ချင်ပေမယ့် လမ်းပေါ်မှာမောင်းနေမှာစိုးလို့ မခေါ်ဖြစ်ဘူး။  



ည ၁၁ နာရီမှာ ငါ့မျက်ခွံတွေစတင်လေးလံလာတယ်။ အိပ်ငိုက်နေတုန်းမှာ အမျိုးသားစီးလည်သာဖိနပ်သံတွေကြားရပြီး ခဏအကြာမှာ သော့အသံကြားလိုက်ရတယ်။  



ဟုတ်ပြီ... မင်ချန် အိမ်ပြန်လာပြီ!  



ငါဆိုဖာပေါ်ကနေထပြီး တံခါးဆီပြေးသွားကာ တံခါးပေါက်ကနေကြည့်လိုက်တယ်။ ကံမကောင်းစွာနဲ့ တံခါးပေါက်ကြည့်မှန်က မှုန်နေဆဲတုန်းဖြစ်ပြီး အရိပ်တွေလှုပ်ရှားနေတာကိုပဲ ဝေဝါးစွာမြင်ရတယ်။



 "မင်ချန်၊ မင်းလား? ပြန်လာပြီလား?"  




သူတံခါးဖွင့်ဝင်လာရင် သူ့ကို ပွေ့ဖက်ပြီး ဘာကြောင့်ဖုန်းမပြန်တာလဲ၊ တစ်ညလုံးစိတ်ပူနေရတာလဲမေးမယ်လို့ စောင့်နေမိတယ်။  



ဒါပေမယ့် သော့ဖွင့်ပြီးတဲ့နောက် သူမဝင်လာဘူး။  



"မင်ချန်?"  



"အားကျန်း.." 



အပြင်ကလူက ပင်ပန်းနွမ်းနယ်တဲ့အသံနဲ့ပြောတယ်။



"ဒီနေ့က မျှော်လင့်ထားတာထက်ပိုဆိုးတယ်။ ပြန်လာတဲ့လမ်းမှာ ပြဿနာတစ်ခုတွေ့ခဲ့တယ်"  



သူအသက်ပြင်းပြင်းရှူထုတ်လိုက်တယ်၊ အင်မတန်ပင်ပန်းနေပုံရတယ်။



 "ငါ ဒီလောက်နောက်ကျမှပြန်တော့ မင်းငါ့ကိုအပြစ်တင်မှာလား? အိမ်ထဲဝင်ခွင့်ပြုဦးမှာလား?"  



သူ့ပါးစပ်ကနေ "ပြဿနာ" ဆိုတဲ့စကားလုံးထွက်လာတာနဲ့တင် ငါ့သူ့ကိုခွင့်လွှတ်လိုက်ပြီ။ 



သူဒီလောက်နောက်ကျမှပြန်တာကို စိတ်ဆိုးမိတဲ့အတွက် နောင်တရမိတယ်။ သူ ဖွင့်ခွင့်မတောင်းခင် အတွင်းကနေတံခါးဖွင့်ပေးလိုက်တယ်။ 



"ဘာပြောနေတာလဲ? မြန်မြန်ဝင်လာ၊ ဘာပြဿနာတွေ့လာတာလဲ?"  



တံခါးအပြင်က ယောက်ျားက ပုံမှန်အတိုင်းဝတ်ဆင်ထားပေမယ့် သူ့အနက်ရောင်ကုတ်အင်္ကျီပခုံးမှာ ဖုန်အနည်းငယ်ပေနေပြီး နားထင်ကဆံပင်တစ်စုက နားရွက်အရှေ့ဘက်ကို ကျနေတာတွေ့ရတယ်။ သူ ငါ့ကိုမြင်တဲ့အခါ နူးညံ့တဲ့ပြုံးရိပ်နဲ့ ကြည့်နေတုန်းပဲ၊ သူ့အသားအရေက မီးအိမ်အောက်မှာ ပုလဲလိုတောက်ပနေတယ်။  



သူ့နှုတ်ခမ်းထောင့်တွေက သဘာဝအတိုင်းမော့နေပြီး ကျက်သရေရှိစွာကွေးနေတယ်



"မင်းတကယ်ပဲ ငါ့ကိုဝင်ခွင့်ပြုမှာလား?"  



"ဒါပေါ့ "



 ငါ သူ့နားထင်ကဆံပင်တွေကို လက်ချောင်းလေးတွေနဲ့သပ်‌ပေးပြီး သူ့လက်ကိုကိုင်ပြီး တံခါးကနေဆွဲခေါ်လိုက်တယ်။