Chapter 6
Viewers 96

မင်ချန်


မင်ချန်ရဲ့ ရှားရှားပါးပါး ရှုပ်ပွနေတဲ့ ပုံစံက ငါ့ကို စိတ်မချမ်းသာစေတာကြောင့် သူ့ကို ဆိုဖာပေါ်မှာ ထိုင်ခိုင်းပြီး သူ့အတွက် ညစာပူပူလေး ယူလာပေးကာ နွေးထွေးတဲ့ လိမ္မော်ရည်တစ်ခွက် ဖျော်ပေးလိုက်တယ်။



မင်ချန်က ဖျော်ရည်ကို အရမ်းကြိုက်တာ။



ညစာကို သူ့ရဲ့ ကော်ဖီစားပွဲပေါ် တင်ပေးလိုက်ပေမဲ့ သူက အမြန်မစားဘူး။ အဲဒီအစား ဆိုဖာပေါ်မှာပဲ ထိုင်နေပြီး သူ့လက်တွေက ငါ့ခါးကို ညင်သာစွာ ဆုပ်ကိုင်ထားတယ်။ ငါ သူ့ရဲ့ ညစ်ပတ်နေတဲ့ ဝတ်စုံအင်္ကျီကို ကုန်းပြီး သုတ်ပေးနေတုန်း သူက ခေါင်းကို မော့ပြီး အရမ်းပျော်နေပုံရတဲ့ အပြုံးနဲ့ ငါ့ကို ကြည့်နေတယ်။



"ဒီည ဘာပြဿနာတွေ တက်ခဲ့လို့လဲ?" 



ငါ့ရဲ့ အာရုံက ဒီစကားပေါ်မှာပဲ ရှိနေတုန်းပဲ။



ငါ့မိသားစုဝင် အိမ်ပြန်နောက်ကျကတည်းက မေးခွန်းတွေ အများကြီး မမေးဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းထားခဲ့ပေမဲ့ စိုးရိမ်ပူပန်မှုက ရှောင်လွှဲလို့ မရဘူး၊ ပြီးတော့ ထိန်းလို့မရဘူး။ သူ့မှာ ငါ့ကိုရှင်းပြဖို့တာဝန်ရှိတယ်။



သူ ခါးသီးစွာ ပြုံးပြီး မျက်ခုံးတွေကို ပင့်လိုက်ကာ လက်တစ်ဖက်ကို ပြန်ရုပ်သိမ်းပြီး 

ငါ့လက်ကိုဖွဖွလေးကိုင်လိုက်တယ်။



 "ငါ့ရှေ့ကကားတစ်စီးက လူတစ်ယောက်ကိုတိုက်ပြီး ထွက်ပြေးသွားတယ်။ ရဲတွေနဲ့ပူးပေါင်းဆောင်ရွက်ပေးနေရတာမလို့ အချိန်ကြာသွားတာ။ မဟုတ်ရင် ငါ ငါးနာရီဆိုအိမ်ရောက်နေမှာပဲ။"  



တိုက်ပြီးထွက်ပြေးတာလား?!  



ငါ မျက်မှောင်ကြုတ်သွားတယ်။ ဒီလိုမျိုးနေ့ခင်းကြောင်တောင် လူတိုက်ပြီးထွက်ပြေးတဲ့လူတွေက တကယ်စက်ဆုပ်စရာကောင်းတယ်။ မင်ချန်ကိုမတိုက်မိပေမဲ့ သူအဲဒီမှာရှိနေတာတင် ငါ့အတွက်ကြောက်စရာပဲ။ 



ဒီအချက်ကိုချက်ချင်းလက်ခံလိုက်ပေမဲ့ တစ်ခုခုမမှန်ဘူးလို့ခံစားရတယ်။



"ဒါဆို မစ္စလီက ခုနစ်နာရီလောက်မှာ ဘုတ်အဖွဲ့အစည်းအဝေးလုပ်နေတယ်လို့ဘာလို့ပြောတာလဲ?"  



မင်းချန်ပြောတဲ့အတိုင်းဆိုရင် သူ့အလုပ်ပြီးချိန်က ပုံမှန်အတိုင်းဖြစ်ပြီး ခုနစ်နာရီနောက်ပိုင်းမှာ ရဲတွေနဲ့ယာဉ်တိုက်မှုစုံစမ်းနေတာဖြစ်မယ်။  



မင်ချန် ငါ့လက်ချောင်းလေးတွေကိုဖွဖွလေး နှိပ်နေတဲ့လှုပ်ရှားမှုက မသိမသာရပ်သွားတယ်။ ငါ နည်းနည်းစိတ်ရှုပ်သွားပေမဲ့ သူ့မျက်နှာပေါ်ကဒုက္ခရောက်နေတဲ့အမူအရာက မပြောင်းလဲဘူး။



"မင်းငါ့အတွက်စိတ်ပူမှာစိုးလို့ပါ။"  



ဒီအကြောင်းပြချက်ကြောင့်လား?  



"မင်း အရူးလား?" 



ငါ ဒေါသထွက်ပြီး လက်ကိုဆွဲထုတ်လိုက်တယ်။ 



"မင်းငါ့ကိုမပြောဘဲနေတာက ငါစိတ်ပူမှာစိုးလို့ဆိုပေမဲ့ မကြာခင် ငါသိသွားမှာပဲလေ။ မင်းမှာတစ်ခုခုဖြစ်နေပြီး ငါမသိဘူးဆိုရင် ငါသိသွားတဲ့အခါ ဘယ်လောက်နာကျင်ရလိမ့်မလဲ?"  



တစ်ညလုံး စိုးရိမ်ပူပန်မှုနဲ့ ဖုံးကွယ်ထားတဲ့ ခံစားချက်တွေ တစ်ချိန်တည်းမှာ ပွင့်ထွက်လာပြီး ငါ အရမ်း ဒေါသထွက်သွားတယ်။ ငါ ခါးပေါ်ကလက်ကိုတွန်းဖယ်ရင်း သူ့ဒူးနှစ်ဖက်ကြားကနေ ခြေလှမ်းလှမ်းလို့ မှုန်ကုပ်ကုပ်နဲ့နဲ့ အခန်းထဲကိုလျှောက်သွားလိုက်တယ်။  



ငါ တကယ်ဒေါသထွက်နေတာကိုမြင်တော့ သူမြန်မြန်ထပြီး ငါ့လက်မောင်းကိုလှမ်းဆွဲလာတယ်။  



ငါ နောက်ပြန်လှည့်ကြည့်တဲ့အခါ သူတကယ်ပဲ ပြုံးနေတာကိုတွေ့လိုက်ရလို့ အံ့အားသင့်သွားတယ်။  



ငါ ပိုဒေါသထွက်လာမဲ့ အချိန်မတိုင်ခင်မှာပဲ သူငါ့ကိုနောက်ကနေ ပွေ့ဖက်လာတယ်။  



ငါ ဒေါသအရမ်းထွက်နေလို့ သူ့ဆီကရုန်းရင်း ဖြစ်နိုင်ရင် ပခုံးပေါ်က ကိုင်ပေါက်လို့ ဒီညဆိုဖာပေါ်မှာအိပ်ခိုင်းချင်လှပြီ။



ဒါပေမဲ့ မျှော်မှန်းမထားတာက သူ့ရဲ့အားက လှုပ်ရှားမရအောင်ဖြစ်နေတယ်။  



ငါက ကျန်းမာရေးသိပ်မကောင်းသလို မင်ချန်လို လေ့ကျင့်ခန်းလုပ်တဲ့အလေ့အကျင့်မရှိပေမဲ့ ငါလည်း လူငယ်တစ်ယောက်ပဲလေ။ အရင်က ငါတို့ကစားတဲ့အခါ ငါအပြည့်အ၀ခုခံရင် သူ ငါ့ကို မထိခိုက်စေဘဲ လုံးဝအနိုင်ယူဖို့မလွယ်ဘူး။  



ဒါပေမဲ့ အခုသူက ပြုံးပြီး အေးအေးလူလူဖက်ထားပေမဲ့ သူ့ကိုယ်နဲ့လက်မောင်းတွေက သံမဏိလိုမာကျောနေတယ်။ ငါ အပြည့်အ၀အားစိုက်ထုတ်ပေမဲ့ လုံးဝလွတ်အောင်မရုန်းနိုင်ဘူး။  



ဘုရားရေ ဒါ က သာမန်လူတစ်‌ယောက်ရဲ့အားလား?  



အရင်တုန်းက သူ အလျှော့ပေးထားတာများလား။ 



မင်ယီထက် သူကမှ ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖြစ်လာဖို့ အခွင့်အရေးပိုရှိတာလို့တောင် ငါ ရုတ်တရက် ခံစားလိုက်ရတယ်။



ငါ ခုခံတော့မှာမဟုတ်ဘူးဆိုတာ သိသွားတော့ သူနောက်ကနေငုံ့ပြီး ငါ့မျက်နှာကိုပွတ်သပ်တယ်။



 "အားကျန်း ၊ ငါအရမ်းပျော်တယ်။"  



ငါကတော့ မပျော်ဘူး။



 "ဘောကို ပျော်!"  



"ဟားဟား"



 သူရယ်ပြီး ငါ့ကိုလှည့်ဖက်ပြီး ရှေ့ကနေ ပွေဖက်လာတယ်။  



ငါ  ပန်ကိတ်လို သူ့ဆီဖိခံနေရတယ်။ ဒီထောင့်ကနေကြည့်ရင် သူ့မေးရိုးနဲ့မျက်နှာဘေးရဲ့ ချောမွေ့တဲ့လိုင်းတွေကို မြင်ရတယ်။ အရမ်းနုနယ်ပြီး ပြည့်စုံလွန်းလို့ အစစ်မဟုတ်ဘူးလို့တောင်ထင်ရတယ်။  



သူ့မျက်လုံးတွေက အမည်းရောင်မင်လို ဖြစ်‌ နေတယ်။ ငါလက်နဲ့သူ့ခေါင်းကိုတွန်းဖယ်လိုက်တယ်။  



သူကလည်း အခွင့်အရေးယူပြီး ငါ့ လက်ဖဝါးကိုနမ်းလာတယ်။  



"ဒါက မင်းငါ့အတွက်စိတ်ပူပေးတဲ့ ခံစားချက်မျိုးပေါ့လေ။အရမ်းကောင်းတာပဲ။" 



သူဘေးတိုက်ကြည့်ရင်း ပြောတယ်။ သူ့မျက်လုံးထောင့်တွေက ကွေးနေပြီး ချိုမြိန်နုနယ်တဲ့အကြည့်တွေနဲ့ အတောက်ပဆုံးဖြစ်နေတယ်။ 



"ငါတကယ်စွဲသွားပြီ”  



သူ့မျက်လုံးတွေက မှောင်မည်းပြီး အဆုံးမရှိဘူး၊ လူတွေကို ဝါးမျိုနိုင်တဲ့ အနက်ရောင်တွင်းနက်တွေလိုပဲ။ ငါတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေတုန်း ငါ့ရဲ့ ဦးရေပြားက အကြောင်းမဲ့ ကျဉ်လာတယ်။



"ငါ မင်းအတွက်စိတ်ပူတာကို အခုမှပထမဆုံးအကြိမ်သိသလိုလာချိုးနေပြန်ပြီ" 



အဲ့ဒါကြောင့်ပဲ ညသန်းခေါင်မှာ သူ ငါ့ကို ချိုမြိန်တဲ့စကားတွေနဲ့ အန်ချင်‌အောင်လုပ်နေတာလို့ ထင်မိတယ်။ 



"မြန်မြန်စားပြီး ပါးစပ်ပိတ်လိုက်စမ်းပါ။"  



သူမျက်တောင်ခတ်ပြီး စားပွဲပေါ်ကညစာကိုပြန်ကြည့်လိုက်တယ်။  



မျှော်လင့်ထားသလိုပဲ သူအကြိုက်ဆုံးလိမ္မော်ရည်ကိုအရင်သောက်လိုက်တယ်။  



ပြီးတော့ ရုတ်တရက် ငါ့ကိုလှည့်ကြည့်ပြီး ငါမတုံ့ပြန်နိုင်ခင်မှာပဲ ဆွဲခေါ်ပြီး မေးစေ့ကိုကိုင်ပြီး ငုံ့ကာနမ်းလာတယ်။  



"မင်း လွှတ်စမ်းပါ--အု--!"  



သူက သန်မာတယ်။ လိမ္မော်ရည်တစ်ငုံကို ငါ့ဆီအတင်းတိုက်တဲ့အခါ ငါလည်း သူ့ရင်ဘတ်ကိုလက်နဲ့ တွန်းပစ်လိုက်တယ်။  



ရုန်းနေတုန်းမှာပဲ  ငါတို့နှစ်ယောက်ဆိုဖာပေါ်လဲကျသွားတယ်။ အရမ်းနီးကပ်နေတဲ့အတွက် ပန်းနံ့သင်းသင်းလေးတွေပါ ငါ့ကိုဝိုင်းရံလာတယ်...သူ့ပေါ်မှာလှဲနေရင်း လေထုအပြောင်းအလဲကိုအာရုံခံမိတယ်။ ငါ ထဖို့ကြိုးစားပေမဲ့ ဆိုဖာပေါ်မှီထားတဲ့လက်ကောက်ဝတ်တွေကို သူဆုပ်ကိုင်ထားတယ်။  



မင်ချန်က သူ့ခန္ဓာကိုယ်အရွယ်အစားအားသာချက်ကိုအသုံးပြုပြီး အလွယ်တကူလှည့်လိုက်တယ်။ 



ပြီးတော့ အသက်ပြင်းပြင်းရှူထုတ်ရင်း "အားကျန်း......."လို့ အသံရှည်ဆွဲပြီးခေါ်လာလေတယ်။  



. . . . . . .  



"မင်းရဲ့ပုဂ္ဂိုလ်ရေးဆရာဝန်ဖြစ်ရတာ လွယ်မယ်ထင်ခဲ့တာ၊ ဒါပေမဲ့ တစ်ခါတလေ မင်းရဲ့ယာဉ်မောင်းပါဖြစ်ရမယ်ဆိုတာ မထင်မိခဲ့ဘူး" 



ဒေါက်တာကျောက်က ငါ့အိမ်ရှေ့မှာကားရပ်ပြီး ပြတင်းပေါက်ကနေ ငါ့ကို စကားပြောနေတာ။  



တစ်နှစ်ပတ်လုံး သူက မီးခိုးရောင်ပဲဝတ်တယ်။ ကံကောင်းတာက သူကြည့်ကောင်းနေတုန်းပဲ။ ဒီလိုဝတ်စားဆင်ယင်မှုက ဆရာဝန်တစ်ယောက်ရဲ့ အတွေ့အကြုံကြွယ်ဝမှုနဲ့ တည်ငြိမ်တဲ့ပင်ကိုယ်စရိုက်ကို ထင်ဟပ်စေတယ်။  



ငါက ပန်းချီဆေးတွေထည့်ထားတဲ့ သစ်သားသေတ္တာကို အရင်ကားထဲထည့်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ယာဉ်မောင်းခုံဘေးမှာထိုင်လိုက်တယ်။ 



"ဒီနေ့ ခင်ဗျားဆီ ပြန်ပြဖို့ရှိနေတော့ လမ်းမှာတစ်ခါတည်း အလုပ်ဆီပါ တန်းသွားမှာလေ။ဒီနေ့တက်မဲ့ ကျောင်းသားအသစ်တစ်ယောက် နဲ့တွေ့ဖို့ရှိတယ်"  



ဒီနှစ်မှာ ငါက အနုပညာပြပွဲတွေနဲ့အလုပ်များနေပြီး ကျောင်းမသွားဖြစ်ဘဲ နေ့လယ်နေ့ခင်းမှအိပ်ရာတယ်။ မင်ချန်ကအိမ်မှာမရှိဘူး။ ငါကလည်း အပြင်မထွက်တတ်တဲ့အပြင် ကားလည်းမမောင်းတတ်တော့  အပြင်ထွက်တိုင်း သူများဆီ ကပ်ပြီးစီးတယ်။  



ဒေါက်တာကျောက်က ငါ့ကိုဘေးတိုက်တစ်ချက်ကြည့်လာတယ်။  



ငါကလည်း သူ့ကို အပြစ်ကင်းစွာ မျက်တောင်ခတ်ပြလိုက်တယ်။



သူ ညည်းတွားရင်း ကားစက်နှိုးကာ ငါ့ကို မကြည့်လေတော့ဘူး။



မနေ့ညက ငါသိပ်နောက်ကျမှအိပ်ခဲ့ရတာ။ ဝမ်းမင်ချန်က ငါ့ကို စိတ်ရောကိုယ်ပါပင်ပန်းအောင်လုပ်ခဲ့တယ်။ စဉ်းစားလေလေ စိတ်ဆိုးလေလေပဲ။ သန့်စင်ခန်းဝင်ပြီးတဲ့နောက် သူ ငါနဲ့အတူအိပ်ခန်းပြန်ဝင်ဖို့ကြိုးစားတဲ့အခါ ငါနောက်လှည့်ပြီး သူ့ကိုဧည့်ခန်းထဲမှာ လော့ခ်ချပြီး ထားခဲ့လိုက်တယ်။



ပင်ပန်းနေတဲ့ ကိုယ်ခန္ဓာကို အခန်းထဲ တရွတ်ဆွဲခေါ်သွားတဲ့အချိန်မှာ မနက် ၂ နာရီတောင် ရှိနေပြီ။ ငါ ဖုန်းကို ပစ်ချပြီး ပျော့ပျောင်းတဲ့ အိပ်ရာကြီးပေါ် လဲလျောင်းပြီး အိပ်ပျော်ဖို့ ပြင်ဆင်လိုက်တယ်။ ဒါပေမဲ့ ညသန်းခေါင်မှာ မအိပ်သေးတဲ့သူတွေရှိနေသေးတာပဲ။ ညနှစ်နာရီမှာ တစ်စုံတစ်ယောက်က ငါ့ဆီစာတစ်စောင်ပို့လာတယ်လေ။



ဖီကောင်း  -[ ဆရာ၊ ကျွန်တော်စာမေးပွဲအောင်သွားပါပြီ!! ပေဟွာအနုပညာအကယ်ဒမီမှာ မဟာဘွဲ့တက်ရောက်ခွင့်ရသွားပါပြီ။ နောက်ဆုံးတော့ ဆရာ့ရဲ့တပည့်ဖြစ်ခွင့်ရသွားပါပြီ!  ]



 [ ဆရာက ခုချိန်ဆို အိပ်မက်တောင်မက်နေမှာဆိုပေမဲ့... ကျွန်တော်တကယ်ပျော်နေပါတယ်... ]

 


သူစာတွေအများကြီးပို့ထားပေမဲ့ "ဖီကောင်း" ဆိုတဲ့နာမည်ကိုကြည့်ပြီး ဘယ်သူမှန်းမမှတ်မိတော့ဘူး။  



ငါနဲ့ မင်ချန်တို့ UK ကပြန်လာပြီးတဲ့နောက် ပေဟွာအနုပညာအကယ်ဒမီမှာ မဟာတန်းကထိကအဖြစ်လုပ်ခဲ့ဖူးတယ်။ တခြားတက္ကသိုလ်တွေကလည်း အထူးပို့ချခန်းတက်ဖို့ ဖိတ်ကြားတာမျိုးရှိခဲ့တော့ ဆရာလို့ခေါ်တဲ့တပည့်တွေအများကြီးရှိပေမဲ့ တကယ်တမ်းမှတ်မိတာနည်းတယ်။  



မနှစ်က ငါ့မဟာတန်းတပည့်တွေဘွဲ့ရပြီးတဲ့နောက် အနုပညာပြပွဲတွေနဲ့အလုပ်များနေတော့ နောက်ထပ်တပည့်မရှိတော့ဘူး။ ဒါကြောင့် ယဉ်ယဥ်ကျေးကျေး ဂုဏ်ပြုချင်ပေမဲ့ ဘယ်သူမှန်းမသိဘူးဖြစ်နေတယ်။  



ဒါပေမဲ့ ဒါပြဿနာ မရှိဘူးဆိုတာမကြာခင်သိလိုက်ရတယ်။  



ဖီကောင်း  [အာ ဆရာ ကျွန်တော့်ကိုမေ့နေလောက်ပြီ။ ကျွန်တော်က ဖီကောင်း ပါ။ပေဟွာတက္ကသိုလ်က ဂီတဌာနကျောင်းသားဟောင်းပါ။ အရင်တုန်းက ဆရာကပြင်ဆင်မှုမရှိဘဲ အလုပ်အကိုင်တစ်ခုကို မပြောင်းဖို့သတိပေးခဲ့ပြီး မဟာတန်းသင်တန်းတစ်ခုကို စာသင်နှစ် တစ်ခုစာတက်ခွင့်ပေးခဲ့တာပါ။ ကျွန်တော်အရမ်းကျေးဇူးတင်ပါတယ်။ ပထမတန်းအလယ်ခုံမှာထိုင်တဲ့ကျောင်းသားပါ!  ]


အိုး... မှတ်မိပြီ...  



လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ဂီတဌာနက မဟာတန်းကျောင်းသားတစ်ယောက်က ငါ့ကို email နဲ့ဆက်သွယ်ပြီး သူ့ကို စာသင်နှစ် တစ်ခုစာတက်ခွင့်ပေးဖို့တောင်းခံခဲ့တယ်။ ဘာသာရပ်ချင်း မတူပေမဲ့ သူ့မျက်လုံးတွေက စာသင်ချိန်တိုင်းအရမ်းတောက်ပနေတယ်။ အမြဲငါ့မြင်ကွင်းအလယ်မှာထိုင်တယ်။ စာသင်နှစ်တစ်ခုပြီးတဲ့နောက် သူ့ကိုမတွေ့ရတော့ဘူး။ စိတ်ပျက်သွားတယ်ထင်ခဲ့ပေမဲ့ စာမေးပွဲအောင်သွားတယ်တော့ မထင်မိခဲ့ဘူး။  



ဒါကြောင့် ငါစိတ်ရင်းမှန်နဲ့ ဂုဏ်ပြုလိုက်တယ်- 



[ဂုဏ်ယူပါတယ် အတန်းသား ဖီကောင်း  …]

 


ငါက တပည့်အသစ်တွေကို သင်တန်းမစခင် အမြဲတွေ့ဆုံဖို့စီစဉ်တယ်။ တက္ကသိုလ်မသွားခင် ‌ဒေါက်တာကျောက် နဲ့ အခြေခံစစ်ဆေးမှုလုပ်တော့ သူက ပုံမှန်အတိုင်းဆေးတွေပေးလိုက်တယ်။  



သူပေးတဲ့ဆေးတွေကိုကြည့်ရင်း ငါ ခဏလောက်စဉ်းစားပြီး ‌ထင်ယောင်ထင်မှားကြားတဲ့ အတွေ့အကြုံကိုရှင်းပြလိုက်တယ်။  



သူဒီစကားကိုကြားတော့ မျက်မှောင်ကြုတ်သွားတယ်။ 



"ဝမ်းလူကြီးမင်းရဲ့ခေါ်သံကို ကြားရတယ်ပေါ့?"

  


ငါခေါင်းညိတ်လိုက်တယ်။



"တကယ်ဖြစ်နေသလိုကြားရတယ်။ ဒါပေမဲ့ အိမ်ထဲမှာတကယ်ဘယ်သူမှမရှိဘူး"  



ဒေါက်တာကျောက် က ငါ့ကိုနက်နက်ရှိုင်းရှိုင်းကြည့်ပြီး ခဏအကြာမှာ အခန်းကနေထွက်သွားတယ်။ နှစ်မိနစ်လောက်ကြာတော့ စာရွက်တစ်ရွက်နဲ့ဘောပင် တင်ပေးလာတယ်။ 



"ဒါကိုဖြည့်ပေးပါ"  



ငါ စာရွက်ခေါင်းစဉ်ကိုကြည့်လိုက်တော့ '"MMSE အကျဉ်းချုပ် စိတ်ပိုင်းဆိုင်ရာ အခြေအနေ စစ်ဆေးခြင်း" လို့ရေးထားတယ်။  



သူလည်း ငါ့လက္ခဏာတွေပိုဆိုးလာနိုင်တယ်လို့ သံသယရှိနေတာပဲ။  



တစ်နာရီလောက်ကြာတော့ သူက ငါ ဖြည့်ထားတဲ့စာရွက်ကိုကောက်ယူပြီး စစ်ဆေးကြည့်တယ်။ မျက်မှန်နောက်ကနေ ငါ့ကို ကြည့်ရင်း- "အိပ်ရေးဝရဲ့လား?" လို့မေးတယ်။  



သူ ငါ့အခြေအနေကိုစစ်ဆေးနေတာသိလို့ သေချာစဉ်းစားပြီးဖြေတယ်။ 



"အိပ်ရေးဝပါတယ်"  



သူဘောပင် နဲ့စာရွက်ပေါ်ကအချက်တွေကို ထောက်ပြရင်း ငါ့စိတ်အခြေအနေကိုအကဲဖြတ်နေတယ်။ 



"သူခေါ်တဲ့အသံကြားတာအပြင် တခြားဘာများကြားရသေးလဲ? တစ်ခါတည်းလား၊ ဒါမှမဟုတ် ခဏခဏဖြစ်နေတာလား?"  



"တခြားဘာမှမကြားရတော့ဘူး၊ တစ်ခါတည်းပဲ" 



ငါဖြေလိုက်တယ်။  



စစ်ဆေးပြီးတဲ့နောက် ဘာပြဿနာမှမတွေ့ရဘူး။ ဒေါက်တာကျောက်က ခဏလောက်စဉ်းစားပြီးမှ ပြောလာတယ်။



 "တကယ်တော့ သာမန်လူတွေလည်း အဲ့လိုကြားတတ်တယ်။ ဒါပေမဲ့ မင်းအခြေအနေက ငါ့ကိုလုံးဝစိတ်မချစေဘူး။ အရင်လိုပုံမှန်ဘဝပြန်သွားသင့်နေပြီ။ ဒါမျိုးထပ်ဖြစ်ရင် CT scan နဲ့ ဦးနှောက်စစ်ဆေးမှုပြန်လုပ်ဖို့အကြံပေးချင်တယ်" 

 


သူ့စကားက အဓိပ္ပါယ်ရှိတယ်။ အခုအတွက်တော့ ဒါပဲလုပ်လို့ရတယ်။  



နေ့လည်ခင်းအချိန်ရောက်နေပြီ။ သူ ကားသော့ကိုကောက်ယူပြီး ပေဟွာအနုပညာအကယ်ဒမီကို ပို့ပေးတယ်။ ငါ တက္ကသိုလ်ကို တစ်ခါမှမသွားဖြစ်တာကြာပြီ။ ဒီနေ့တပည့်နဲ့တွေ့ဆုံဖို့နဲ့ အလုပ်ကိစ္စတွေကိုကိုင်တွယ်ဖို့လိုအပ်လို့သာ လာခဲ့တာ။  



ငါတို့စီစဉ်ထားတဲ့အတိုင်း ကားက ဟွေ-စတိုင် ပန်းခြံရှေ့မှာရပ်လိုက်တယ်။ နွေရာသီနေ့လည်ခင်းဖြစ်တဲ့အတွက် ကားအတွင်းမှာ နေရောင်ကြောင့်အနံ့ဆိုးတွေထွက်နေတယ်။ ငါ့ဘေးကပြတင်းပေါက်ကိုချပြီး ဒေါက်တာကျောက် နဲ့စကားပြောနေတယ်။  



"မင်းဒီနှစ်တပည့်မယူတော့ဘူးလို့ထင်ခဲ့တာ"  



ကန်ဘောင်မှစိမ်းစိုနေတဲ့ ကြာပွင့်တွေကိုကြည့်ရင်း ငါမျက်ခုံးပင့်လိုက်တယ်။ 



"အစီအစဉ်မရှိခဲ့ဘူး၊ ဒါပေမဲ့ ဒီကျောင်းသားက နှစ်ပေါင်းများစွာ ဘာသာရပ်ချင်းမတူဘဲ အရမ်းကြိုးစားခဲ့တော့ ငြင်းဖို့မတတ်နိုင်ဘူး"  



‌ဒေါက်တာက ကုလားထိုင်မှာထိုင်ပြီး အေးအေးဆေးဆေးပြောလိုက်တယ်။



"ဒါမျိုးက ကြိုးစားရုံနဲ့မရဘူး။ ငါ့အမြင်တော့ သူကတကယ်ကံကောင်းတာပဲ"  



ငါက ကြိုးစားအားထုတ်မှု ကိုယုံကြည်တဲ့သူဆိုတော့ ကံတရားကိုမယုံဘူး။



သူဆက်မပြောတော့ဘဲ ဆေးလိပ်ဘူးထဲကနေ ဆေးလိပ်တစ်လိပ်ထုတ်ယူတယ်။ ဆေးလိပ်သောက်ဖို့ပြင်နေပေမဲ့ ငါဘေးမှာရှိနေတာသတိရသွားပြီး မျက်မှောင်ကြုတ်ကာ ဆေးလိပ်ကို ကားဒက်ရှ်ဘုတ်ပေါ်ပစ်ချလိုက်တယ်။  



အမှိုက်မပစ်ရတဲ့စည်းကမ်းကိုလိုက်နာပြီး ငါဆေးလိပ်ကိုကောက်ယူကာ လက်ချောင်းတွေကြားမှာ လှည့်ကစားနေမိတယ်။  



ကျောင်းဝန်းထဲမှာ ဘွဲ့နှင်းသဘင်ရာသီအပြီး ကြောင့်  ဝန်ထမ်းတွေ ရောထွေးနေလို့လား  ၊ ဒါမှမဟုတ် လက်ထဲကဆေးလိပ်ကိုင်ထားတဲ့အမူအရာကြောင့် အထင်မှားသွားတာလား မသိဘူး။ ငါပြတင်းပေါက်ကနေအပြင်ကိုကြည့်နေတုန်း သန့်သန့်ပြန့်ပြန့်ဝတ်ထားတဲ့ လူတစ်ယောက်က ဆေးလိပ်မီးညှိပြီး ကိုယ်ကိုင်းကာ ငါ့ဆီဆေးလိပ်တစ်လိပ်လှမ်းပေးလာတယ်။  



"ဆရာ…အရမ်းခန့်တာပဲ"  



ဒေါက်တာကျောက်က ငါငြင်းဖို့စကားမပြောနိုင်ခင် ပြတင်းပေါက်ကိုအလျင်အမြန်ပိတ်လိုက်တယ်။  



ဒီစကားလုံးတွေကြောင့် ငါခဏလောက်တုန်လှုပ်သွားတယ်။ စိတ်ဆိုးသွားတာမဟုတ်ဘူး။ ဒီစကားက နှစ်များစွာက မင်ချန်ကိုသတိရစေလို့ပါ။  



အဲဒီတုန်းက သူဆေးလိပ်မဖြတ်သေးဘူး။ ငါသူ့ကိုခြံထဲမှာ ဆေးလိပ်ခိုးသောက်နေတာဖမ်းမိတယ်။ ဆေးလိပ်ခိုးငွေ့တွေကြားမှာ သူ့မျက်နှာက အရမ်းလှနေတယ်။ ငါ ဒီစကားလုံးတွေနဲ့သူ့ကိုနှောင့်ယှက်ခဲ့တာ။  



သူ့မျက်နှာတစ်ချက်နီသွားပြီး မျက်တောင်မွေးတွေတုန်နေတာကို မှတ်မိနေတုန်းပဲ...  



အဲဒီတုန်းက မင်ချန်က တကယ်ကိုနူးညံ့ပြီး ဖြူစက်နေခဲ့တာ...  



ငါ ကုလားထိုင်မှာထိုင်နေရင်း ခါးနာလာတယ်။ အနေအထားပြောင်းလိုက်တော့ မင်ချန် ဖိချလိုက်တဲ့အချိန်က အနက်ရောင်မျက်လုံးတွေကိုသတိရမိတယ်။ လက်ထပ်ပြီးနောက်ပိုင်းမှပဲ သူ့စရိုက်တွေအရမ်းပြောင်းလဲသွားတာကို ငါသတိထားမိလာသလိုပဲ…။