ချောင်းကြည့်ပေါက်မှန်
မကြာမီမှာပဲ
ဖီကောင်းဟာ သူ့ရဲ့ ဘွဲ့လက်မှတ်နဲ့ ခရီးဆောင်အိတ်တစ်လုံးကိုကိုင်ပြီး ငါတို့ဆီ ပြေးလာခဲ့တယ်။
သူက မျက်မှန်အထူကြီးတပ်ထားပြီး ရုပ်ရည်က သိပ်ထူးခြားတာမျိုးမဟုတ်ပေမဲ့ အသားအရေက အရမ်းဖြူတယ်။ သူ့ရဲ့အညိုရောင်ဆံပင်က သဘာဝအတိုင်း ကွေးကွေးလေးဖြစ်နေပြီးတော့ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတယ်။
ငါ ကားပြတင်းပေါက်ကို လျှောချပြီး သူ့ကို ပြုံးပြလိုက်တယ်။
သူကလည်း ငါ့ကို ပြန်ပြုံးပြတယ်။ဒါပေမဲ့ ခေါင်းငုံ့လိုက်တဲ့ ခဏမှာ သူ့မျက်နှာတစ်ခုလုံး ချက်ချင်း နီရဲသွားတယ်။
ဆိုရှယ်မီဒီယာမှာ အရမ်းပွင့်လင်းတဲ့သူက တကယ်တမ်းမှာတော့ ရှက်တတ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ နည်းနည်းတော့ အံ့သြသွားမိတယ်။
ငါတို့ ကားပေါ်ရောက်ပြီးတဲ့နောက် သူက သူ့ရဲ့ဘွဲ့ရလက်မှတ်အမျိုးမျိုးကို ငါ့ကို အားတက်သရော ကမ်းပေးတယ်။ အဲဒါတွေက မျက်စိကျိန်းလောက်စရာကောင်းပြီး အဲဒီထဲမှာ ပန်းချီလောကရဲ့ နာမည်ကြီးဆုတွေ အများကြီးကို ငါ တွေ့လိုက်ရတယ်။ ဒီအဆင့်က အနုပညာဌာနစစ်စစ်မှာဆိုရင်လည်း အရမ်းကောင်းတဲ့အဆင့်ပဲ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူ တကယ်ကို ကြိုးစားအားထုတ်ခဲ့ပုံရတယ်။
ငါ အဲဒီပစ္စည်းတွေကို သေသေသပ်သပ် ပြန်ပေးလိုက်တယ်။ သူက ငါ့အဓိပ္ပာယ်ကို လွဲမှားသွားသလိုမျိုး ခဏလောက် ကြောင်အသွားတယ်။ သူ့မျက်လုံးတွေ ခဏ မှေးမှိန်သွားပြီးတဲ့နောက် သူ့အိတ်ထဲက ပစ္စည်းတချို့ကို ထုတ်ယူပြီး ငါ့ကို ကမ်းပေးတယ်။
"ဆရာ..ဒါတွေလည်း ရှိပါသေးတယ်။ ကျွန်တော်က စိတ်အားထက်သန်ပြီးတော့ ကြိုးစားတဲ့သူပါ..."
ငါ ယူပြီး ကြည့်လိုက်တော့ အဲဒါက တက္ကသိုလ်ဘွဲ့ဒီပလိုမာနဲ့ CET-4 နဲ့ CET-6၊ တရုတ်စာအရည်အချင်းနဲ့ ယာဉ်မောင်းလိုင်စင်တွေတောင် ပါနေတာ တွေ့လိုက်ရတယ်။ ငါ သူ့ကို ပြုံးပြီး စကားဖြတ်လိုက်တယ်။
"ကျောင်းသား ဖီ.. မင်းရဲ့ ကြိုးစားမှုကို ငါ မြင်ပါတယ်"
ငါက အထူးသဖြင့် မျက်နှာနီတတ်တဲ့သူတွေကို သဘောကျလို့လားတော့ မသိဘူး။ဒါကြောင့် သူ့ကို စိတ်မလှုပ်ရှားအောင် ငါ တတ်နိုင်သလောက် ညင်ညင်သာသာ မေးလိုက်တယ်။
"နောက်မှ ငါနဲ့အတူ ကျောင်းရဲ့ ထောက်ပံ့ရေးဌာနမှာ စာရင်းသွားသွင်းရအောင်။ မင်း ဒီကျောင်းကို ရင်းနှီးပြီးသားလား?"
"ရင်းနှီးပါတယ်!"
သူက အလျင်အမြန် ပြန်ဖြေတယ်။ သူ့ပါးစပ်ထောင့်နားမှာ သွားသေးသေးလေးနှစ်ချောင်း ပေါ်လာပြီး သူ့မျက်လုံးတွေက သူ့မျက်မှန်လိုပဲ တောက်ပနေတယ်။
"ကျွန်တော်က အနုပညာအကယ်ဒမီကို တက်ရဖို့ အချိန်အတော်ကြာကတည်းက ရည်မှန်းထားတာမလို့ သေချာ လေ့လာထားပြီးသားပါ"
အမ်း…သူက သိပ်ပြီး ရှက်တတ်တဲ့ပုံတော့ မပေါ်ပါဘူးလေ… ။
ငါတို့ စာရင်းသွင်းတာတွေ အားလုံးပြီးတဲ့အချိန်မှာ နေ့လည်ပိုင်းရောက်သွားပြီ။
ငါတို့သုံးယောက် ကန်တင်းမှာ နေ့လည်စာစားခဲ့ကြတယ်။ ဒေါက်တာကျောက်က ဖီကောင်းကို သူနေရမဲ့ အရှေ့ဘက်ကျောင်းဝင်းအထိ လိုက်ပို့ပေးတယ်။
ဖီကောင်းက တစ်ရက်စာ ခရီးစရိတ်ကို ချွေတာနိုင်ခဲ့လို့ ဒေါက်တာကျောက်ကို အရမ်း ကျေးဇူးတင်နေတယ်။ ကားပေါ်ကဆင်းတော့ သူ့ကို ဦးညွှတ်ပြီး "ဦးလေးကျောက်၊ ဦးလေးက တကယ်ကို လူကောင်းတစ်ယောက်ပဲ" လို့တောင် ပြောလိုက်သေးတယ်။
"ဦးလေးကျောက်" ရဲ့ မျက်နှာကတော့ နည်းနည်းလောက် မည်းသွားပြီ။
ငါ သူ့ကို မျက်နှာသာမပေးဘဲ ဝါးလုံးကွဲ ရယ်ချပစ်လိုက်တယ်။
မသွားခင်မှာ ငါ ဖီကောင်းလက်ကို ကိုင်ပြီး ငါက ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ အနုပညာပြပွဲ တွေနဲ့အလုပ်များနေခဲ့ပြီး ကျောင်းကိုအလာနည်းခဲ့ကြောင်း၊ ဘာသာရပ်အချို့အတွက် သူ့ကိုယ်ပိုင်ကိရိယာ တွေယူဆောင်လာပြီး ငါ့အိမ်ကို လာနိုင်တဲ့အကြောင်း ပြောပြလိုက်တယ်။
"နောက်မှ လိပ်စာပို့ပေးမယ်။"
သူ ငါ့ကိုမေးတယ်- "ဆရာ့အတွက် အဆင်ပြေရဲ့လား?"
ငါ စဉ်းစားပြီး ခေါင်းညိတ်လိုက်တယ်။
°°°°°°°
သူ ငါ့ဆီလာမှာကို ငါသိပေမဲ့ ဒီလောက် မြန်မြန်လာမှာကိုတော့ မမျှော်လင့်မိခဲ့ဘူး။
အဲ့ဒီနေ့လယ်ခင်းမှာ ငါ ဆိုဖာပေါ် ခဏအိပ်နေခဲ့တာ။ အိပ်ရာနိုးလာပြီစ သိပ်မကြာဘူး တံခါးခေါင်းလောင်းသံကို ရုတ်တရက်ကြားလိုက်ရတယ်။ ငါ ထပြီး ခြံဝင်းတံခါးရဲ့ကင်မရာကိုဖွင့်ကြည့်လိုက်တဲ့အခါ ဖီကောင်း ဖြစ်နေတာ တွေ့ရတယ်။
ငါက အိမ်နေရင်းဝတ်စုံကိုပဲ ဝတ်ထားပြီး အိပ်ပျော်နေလို့ ဆံပင် တွေကလည်း ဖွာလန်ကြဲ နေသေးတယ်။ ဒါကြောင့် ငါ ခြံဝင်းတံခါးကိုပဲ ဖွင့်ပေးလိုက်ပြီး သူ့ကို အပြင်မှာ စောင့်ခိုင်းလိုက်တယ်။
မိနစ်ဆယ်ကြာတဲ့အခါ ငါ ဧည့်သည်တွေနဲ့တွေ့ဖို့သင့်လျော်တဲ့ အဝတ်အစားတွေကို ဝတ်လိုက်ပြီး အရှေ့တံခါးကိုဖွင့်ပေးလိုက်တယ်။
သူက တံခါးအပြင်ဘက်ကို ကျောပေးရပ်နေပြီးတော့ တစ်ဖက်မှာ ပန်းချီဆွဲအိတ်ကြီးကိုကိုင်ထားပြီး အခြားတစ်ဖက်မှာ သစ်သီးခြောက်အိတ်ကို ကိုင်ထားတယ်။ တံခါးဖွင့်သံကိုကြားတဲ့အခါ သူ လှည့်လာပြီး ဝိုင်းစက်နေတဲ့မျက်နှာနဲ့ဝိုင်းစက်နေတဲ့ မျက်လုံးတွေနဲ့ ၊ လန်းဆန်းနေတဲ့ ခွေးပေါက်စလေးတစ်ကောင်လိုဖြစ်နေတယ်။
သူ ရုတ်တရက် ရောက်လာလို့ ငါ သိပ်ပျော်နေတာ မဟုတ်ပေမဲ့ ဒေါသထွက်ဖို့တော့ မဖြစ်နိုင်ခဲ့ဘူး။
တံခါးအတွင်းကို ဝင်လာပြီးတဲ့နောက် သူက သစ်သီးခြောက်အိတ်ကို အနည်းငယ်ရှက်ရှက်နဲ့ ငါ့ဆီပေးတယ်။
"ဆရာ၊ ဒါကကျွန်တော်ကိုယ်တိုင်အခြောက်လှန်းထားတဲ့ တည်သီးတွေပါ။"
ငါ အချိုများတဲ့အရာတွေကို မကြိုက်ပေမဲ့ ဒီကျောင်းသားရဲ့စေတနာကိုတော့ ငြင်းဆန်ဖို့မဖြစ်နိုင်ခဲ့ဘူး။ အဲ့ကြောင့် ငါ ကျေးဇူးတင်စကားပြောပြီး တည်သီးခြောက်အိတ်ကို လက်ခံလိုက်တယ်။
"မင်းတကယ်တော်တာပဲ။ ဒီနေ့ နေ့လယ်မှာ ဘာတွေသင်ချင်တာလဲ?"
ဖီကောင်းက အဲ့လိုအမေးခံရတော့ သူ့မျက်နှာက အနည်းငယ်နီရဲလာပြီး
"တကယ်တော့ အရေးမကြီးပါဘူး... ဆရာပြီးခဲ့တဲ့နှစ်က ဟောပြောခဲ့တဲ့ 'အထီးကျန်မိန်းကလေးနဲ့ ဆာကာ' ပန်းချီအကြောင်းကို ကျွန်တော်နားမလည်ဘူး" လို့ပြောလာတယ်။
၁၉ရာစုပန်းချီကားဖြစ်တဲ့ ဒီလက်ရာက နတ်ဆိုးဆာကာက သစ်ပင်အောက်မှာ ကစားနေတဲ့ စင်ကြယ်တဲ့မိန်းကလေးကို ချစ်မိပြီး မကောင်းတဲ့စွမ်းအားနဲ့ သိမ်းယူဖို့ ကြိုးစားပုံကို ရေးဆွဲထားတာဖြစ်တယ်။ ငါ ဖွဲ့စည်းပုံ၊ လူခန္ဓာဗေဒ၊ အလင်းအမှောင် နဲ့ ခေတ်နောက်ခံအကြောင်းအရာတွေကို နှစ်နာရီနီးပါးကြာအောင် ရှင်းပြခဲ့တယ်။ ငါ စကားပြောပြီးတဲ့အခါ ဖီကောင်း က အရမ်းကျေးဇူးတင်စွာနဲ့ ကျေးဇူးတင်စကားပြောပြီး ဘာမှမထူးဆန်းသလို မီးဖိုချောင်ကိုသွားပြီးတော့ ငါ့အတွက် ရေတစ်ခွက် ခပ်လာပေးတယ်။
ငါ သူခပ်ပေးတဲ့ ရေနွေးကိုယူပြီး တည်သီးခြောက်တစ်ခုကို ကောက်ယူစားလိုက်တယ်။ အဲ့တာက နူးညံ့ပျော့ပျောင်းပြီး ချိုမြိန်တယ်။
ဖီကောင်းက ကော်ဖီစားပွဲပေါ်ကိုကိုင်းပြီး မှတ်စုစာအုပ်ထဲမှာ တစ်ခုခုရေးနေကာ မကြာခဏဆိုသလို ဘောပင်နဲ့ မျဉ်း တွေဆွဲနေတယ်။
ငါ သူ့ကိုခဏစောင့်ကြည့်ပြီး ပြောလိုက်တယ်။
"မင်းဒီနှစ်တွေထဲမှာ တကယ်ကြိုးစားခဲ့တာပဲ"
ပေဟွာတက္ကသိုလ်က အဓိကမေဂျာမတူတဲ့ ကျောင်းသားတွေကို သဘောမကျဘူး။ ငါလည်း ဒီနှစ်မှာ ကျောင်းသားလက်ခံဖို့ အစီအစဉ်မရှိခဲ့ဘူး။ ဒါပေဲ့ သူကပေဟွာ တက္ကသိုလ်ကိုလျှောက်ဖို့ အရမ်းစိတ်အားထက်သန်ခဲ့ပြီး ငါ့ကျောင်းသားဖြစ်ချင်ခဲ့တယ်။ ဒီအဆင့်ကိုရောက်ဖို့ သူအရမ်းကြိုးစားအားထုတ်ခဲ့ရမှာ။
ငါ စကားပြောပြီးနောက် သူက နည်းနည်း ဂုဏ်ယူတဲ့ အပြုံးနဲ့ ပြုံးလိုက်ပြီး ပျော်ရွှင်ကျေနပ်နေပုံရတယ်-
"တကယ်တော့ ကျွန်တော်မျှော်လင့်ချက်သိပ်မထားခဲ့ဘူး။ ဒီနှစ်က ကျွန်တော့်ရဲ့ ဒုတိယအကြိမ်နဲ့ နောက်ဆုံးအကြိမ်အနေနဲ့ စာမေးပွဲဖြေဖို့ စီစဥ်ထားတာ။ ဒီတစ်ခါမှာမှ မအောင်ရင် အိမ်ပြန်ပြီး ဂီတဆရာလုပ်မယ်လို့ တွေးထားတာ။ ဒါပေမဲ့ပထမရတဲ့သူကို ပေဟွာက ပယ်လိုက်တော့ ကျွန်တော်က အစားဝင်လာတာမျိုးဖြစ်သွားတယ်"
စကားပြောပြီးတဲ့အခါ သူက မျက်လုံးကိုမှိတ်ပြီး လျှို့ဝှက်စွာနဲ့ မေးလာတယ်။
"ဆရာ ပထမရတဲ့သူဘယ်သူလဲဆိုတာ သိလား?"
ငါ သူ့မျက်လုံးထဲက အတင်းအဖျင်းပြောချင်တဲ့အရိပ်အယောင်တွေကို မြင်လိုက်ရတော့ စိတ်ဝင်စားမိသွားတယ်။ ပထမရတဲ့သူအကြောင်း ငါမသိပေမဲ့ ပေဟွာ အနုပညာတက္ကသိုလ်က ကျောင်းသားတွေကို ပယ်ခဲတယ်။ ပယ်လိုက်ရင်လည်း တစ်စုံတစ်ရာ မှားယွင်းနေတဲ့အကြောင်းကို အတည်ပြုချက်ထုတ်မှာ။
ဖီကောင်းက ဘောပင်ကိုချပြီးပြောတယ်။
"သူက အနုပညာတက္ကသိုလ်ရဲ့ ထိပ်တန်း ဘွဲ့ကြိုကျောင်းသားလေ !"
သူ့စကားက ငါ့ကို အံ့အားသင့်စေတယ်။ ဖီကောင်းအကြောင်းကို ငါသိပ်မမှတ်မိ ပေမဲ့ ဒီထိပ်တန်းကျောင်းသားကိုတော့ ငါ တကယ် အထင်ကြီးခဲ့တယ်။ သူက အရပ်ရှည်ရှည်နဲ့ နှုတ်ဆိတ်တဲ့ ကလေးတစ်ယောက်ဖြစ်ပြီး ရေဆေးပန်းချီမှာ အင်မတန် ပါရမီထူးခြားတယ်။ သူ အနုပညာတက္ကသိုလ်ရဲ့ မဟာတန်းကို တက်ရောက်နိုင်ပြီးတော့ နောင်မှာ တစ်ခုခု ဖြစ်လာနိုင်မဟ်ဆိုရင် ငါ အံ့သြနေမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ ငြင်းပယ်ခံရလိမ့်မယ်လို့တော့ ငါ မထင်ထားခဲ့ဘူး။
ဒီလိုပါရမီရှင်တစ်ယောက်ရဲ့ ညှိုးနွမ်းသွားမှုက ငါ့ကို အရမ်းစိတ်မကောင်းဖြစ်သွားရစေတယ်။
"ဘာလို့တဲ့လဲ?"
ဖီကောင်း ပြောတဲ့စကားတွေက ငါ့ကို အလွန်အမင်းတုန်လှုပ်သွားစေတယ်။
"သူဖန်တီးထားတဲ့အရာတွေမှာ နတ်ဆိုးတွေစွဲကပ်နေတယ်လို့ ကြားတယ်"
ငါ အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်သွားတယ်။
"ဒါတွေက ဘာစကားလဲ။ အယူသီးတဲ့ ကောလဟာလကို အလေးအနက်ထားကြတာလား?"
ကျောင်းတစ်ခုက ကျောင်းသားတစ် ယောက်ကို ဒီလိုအကြောင်းပြချက်နဲ့ ပယ်လိုက်တယ်ဆိုရင် ငါ့လက်မခံနိုင်ဘူး။
ဖီကောင်းက မှတ်စုစာအုပ်ကိုချပြီး မတ်မတ်ထိုင်လိုက်ကာ သူ့ မျက်လုံးဆုံကြည့်ပြီး -
"ကောလဟာလမဟုတ်ပါဘူး၊ ကျောင်းသားတွေအများကြီးမြင်ဖူးကြတယ်။ သူက အတန်းဖော်တချို့နဲ့အတူ အပြင်မှာအိမ်ငှားနေတယ်။ အရင်တုန်းကတော့ သူ့ရဲ့ပါရမီက သာမန်ပါပဲ၊ နောက်ပိုင်းမှာ နိုင်ငံခြားကတစ်ခုခုတောင်းခဲ့တယ်လို့ပြောကြတယ်၊ အဲ့ဒီအရာက သေဆုံးသွားပြီးသား ပန်းချီဆရာတစ်ယောက်ရဲ့ပစ္စည်းတဲ့လေ..."
အဲ့လိုအရာမျိုးရပြီးနောက်မှာ အဲ့ကျောင်းသားက တကယ်ပဲ မြန်မြန် တိုးတက်လာခဲ့ကြောင်း။ ဆုအများကြီးရပြီးတော့ ဆိုရှယ်မီဒီယာမှာတောင် ကျော်ကြားလာခဲ့သေးကြောင်း။ တက္ကသိုလ်က သူရဲ့အဆင့်လည်းတက်လာကြောင်း။
ဒါပေမဲ့ နှစ်နည်းနည်းကြာတော့ သူ ရုတ်တရက် စကားနည်းလာပြီး အခြားတစ်ယောက်လို ပြောင်းလဲသွားကြောင်း။ ဆိုရှယ်မီဒီယာပေါ်မှာလည်း မတွေ့ရတော့ဘဲ ထောင့်ကျတဲ့နေရာတွေမှာ တစ်ယောက်တည်း ဘယ်သူမှနားမလည်နိုင်တဲ့ နိုင်ငံခြားဘာသာစကားနဲ့ စကားပြော နေတတ်ကြောင်း။
အဲ့ဒီဖြစ်ရပ်က ကျောင်းမှာ အတော်လေးဂယက်ရိုက်ခဲ့ကာ ဖီကောင်းက အနုပညာတက္ကသိုလ်ကို မကြာခဏသွားလေ့ရှိလို့ သူ့ကို အကြိမ်ကြိမ်တွေ့ခဲ့ရတာ ဖြစ်တယ်။
"နောက်ပိုင်းမှာ သူအချိန်အတော်ကြာ ပျောက်သွားတယ်။ ဆရာတွေရော မိဘတွေပါ သူ့ကိုရှာမတွေ့ဘူး။ ရဲတွေလည်း ဘာမှမလုပ်နိုင်ခဲ့ဘူး။ တစ်ညမှာ သူနဲ့အတူငှားနေတဲ့ အခန်းဖော်တစ်ယောက်က တံခါးခေါက်သံကိုရုတ်တရက်ကြားလိုက်ရတယ်။ အခန်းဖော်က တံခါးဖွင့်ကြည့်လိုက်တော့ - ဘုရားရေ! သူပြန်လာတာတဲ့လေ။ သူက အခန်းဖော်ကို ထူးထူးဆန်းဆန်း မေးလာတယ် - 'အိမ်ထဲဝင်လို့ရမလား' တဲ့"
ငါ ဒီစကားကိုကြားတဲ့အခါ နှလုံးတောင်တုန်သွားတယ်။ လက်ထဲမှာကိုင်ထားတဲ့ ရေခွက်ကို စားပွဲပေါ်ပြန်တင်လိုက်ပြီး "ပြီးရင်ဘာဖြစ်သွားလဲ?" လို့မေးလိုက်တယ်။
"ဆရာ ဒါကိုမေးဖို့လိုသေးလား?"
ဖီကောင်းက သူ့မှတ်စုစာအုပ်ကိုပုတ်လိုက်ပြီး တံခါးဆောင့်ပိတ်လိုက်သလို လက်ဟန်ပြလာတယ်။
"ဒါပေါ့ အခန်းဖော်က တံခါးကိုပိတ်ပြီး အကြိမ်ကြိမ်သော့ခတ်လိုက်တာပေါ့။ သူအရမ်းကြောက်သွားပြီး အရုဏ်တက်တဲ့အထိ အိပ်မပျော်ခဲ့ဘူး"
ငါ ပါးစပ်ဟလိုက်ပြီး အိမ်ရဲ့တံခါးကိုကြည့်လိုက်တယ်။ လည်ချောင်းထဲမှာ တစ်ခုခုညှပ်နေသလိုခံစားရတယ်။
"...သူနောက်ဆုံးပြန်လာခဲ့တာပဲ၊ ဘာလို့အိမ်ထဲမဝင်ခိုင်းတာလဲ?"
ငါ တကယ်မသိဘူးဆိုတာကိုမြင်ရတော့ သူအံ့အားသင့်သွားတယ်။
"ဆရာ ပညာရေးနဲ့မဆိုင်တဲ့အရာတွေ ဖတ်ဖို့အချိန်မရှိခဲ့ဘူးလား…ဒါက ရိုးရာယုံတမ်းစကားတစ်ခုရှိတယ်လေ။ နတ်ဘုရားတွေကလွဲရင် မိစ္ဆာနတ်ဆိုးကြီးဖြစ်ဖြစ် ဝိညာဥ်သရဲသေးသေးလေးဖြစ်ဖြစ် အိမ်ရှင်ရဲ့ခွင့်ပြုချက်မရှိဘဲ အိမ်ထဲမဝင်နိုင်ဘူးဆိုတဲ့ အယူအဆရှိတယ်။ အိမ်ရှင်က ခွင့်ပြုလိုက်ရင် သူတို့အိမ်ထဲလွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်ပြီး အိမ်သားတွေနဲ့ထိတွေ့နိုင်တယ်လို့ ဆိုကြတယ်"
ငါ တစ်ခုခုကိုသတိရမိပြီး နှလုံးခုန်မြန်သွားတယ်။
"ဆရာ... ဆရာနေမကောင်းဘူးထင်တယ်..."
ငါ စားပွဲပေါ်က အေးနေတဲ့ရေကိုကောက်ယူပြီး ငါ့ခံစားချက်ကိုဖုံးကွယ်ဖို့ကြိုးစားပြီး ပြန်ချလိုက်တယ်။
ငါ့နှလုံးခုန်သံပြင်းပြင်းတောင် ငါကြားနေရတယ်။ ဒီစကားကိုကြားပြီးတဲ့အခါ ငါက ကောင်လေးကိုကြည့်ပြီးပြောလိုက်တယ်။
" ရှောင်ဖီရေ၊ ဆရာနည်းနည်းနေမကောင်းဖြစ်နေတယ်။ မင်းအရင်ပြန်လိုက်လို့ရလား?"
ကောင်လေးက ငါ့ရဲ့ပုံမှန်မဟုတ်မှုကိုသတိထားမိပြီး စကားပြောတာကိုရပ်လိုက်တယ်။ သူသယ်လာတဲ့ပစ္စည်းတွေကိုကိုင်ပြီးထရပ်ကာ စိုးရိမ်စွာမေးလာတယ်။
“ဆရာ အဆင်ပြေရဲ့လား.. ကျွန်တော် တောင်းပန်ပါတယ်..ကျွန်တော် ဆရာ့ကို ကြောက်သွားအောင် လုပ်မိသွားလား?"
"ဘာမှမဖြစ်ဘူး... မင်းကြောင့်မဟုတ်ဘူး..."
ငါသူ့ကို ခပ်တိုတိုနဲ့သက်သာသွားအောင် ပြောလိုက်တယ်။
သူ သုံးလှမ်းလှမ်းပြီး တံခါးနားရောက်သွားတဲ့အခါ ငါ့ ဆီပြန်လှည့်ကြည့်ပြီး
"ဆရာ၊ နောက်တစ်ခါ..."
"နောက်တစ်ခါကျတော့ ဆရာခေါ်မှ လာနော်?"
"အင်း အင်း အင်း၊ ဟုတ်ကဲ့!"
သူခေါင်းကိုအကြိမ်ကြိမ်ညိတ်ပြရင်း ဆိုတယ်။
"ဆရာ့ကိုစိတ်မချမ်းသာစေခဲ့တဲ့စကားတွေအတွက် တောင်းပန်ပါတယ်။ ကျွန်တော်ပြောခဲ့တာတွေက ကောလဟာလသက်သက်ပါ။ တကယ်တော့ သူ့ကို ပေဟွာကပယ်လိုက်တာက ကျောင်းမတက်တဲ့အတွက်ပါ။ ပြီးတော့ ကျွန်တော်နောက်တစ်ခါလာရင် အိမ်နေရင်းအဝတ်ပဲဝတ်လည်း ရပါတယ်။ သက်တောင့်သက်သာရှိမဲ့အဝတ်ပဲဝတ်ပါ။ကျွန်တော့်အတွက် အဝတ်အစားတွေ လဲနေစရာ မလိုပါဘူး"
ငါခေါင်းညိတ်လိုက်ပြီး သူ့ကိုပြုံးပြဖို့ကြိုးစားပေမဲ့ ပါးစပ်ထောင့်တွေမြှင့်လိုက်တာနဲ့ ငါ ရပ်တန့်သွားတယ်-
"မင်းငါအဝတ်လဲတာကို ဘယ်လိုသိတာလဲ?"
ဒီအခါမှသူ ခေါင်းကိုကုတ်ပြီး တစ်ခုခုသတိရသလိုလုပ်လိုက်တယ်။
"ဆရာ့တံခါးက ချောင်းကြည့်ပေါက်မှန်ပြောင်းက ပြောင်းပြန်ဖြစ်နေတယ်။ အပြင်ကနေ ဆရာကို အိပ်ခန်းထဲအဝတ်လဲတာမြင်ရတယ်။ တခြားဘာမှမကြည့်မိပါဘူး။ အဲ့ဒါက ပြောင်းပြန်ဖြစ်နေတာသိသွားတော့ ကျွန်တော် ကျောပြန်လှည့်ပြီးမကြည့်တော့ဘူး..."
သူ ဆက်ပြီး တတွတ်တွတ်ရှင်းပြနေပေမဲ့ ငါ့ဦးနှောက်က ဝုန်းခနဲ ပေါက်ကွဲသွားပြီး ဆိုဖာပေါ်မှာ တောင့်တင်းနေတယ်။
"ဆရာ ဘာဖြစ်တာလဲ? ဆရာမသိခဲ့ဘူးလား?"
"တံခါးပေါက်ကြည့်မှန်က ပြောင်းပြန်ဖြစ်နေတာကို ဆရာမသိခဲ့ဘူးလား?”