Chapter 8
Viewers 97

 ရဲတင်းသော ခန့်မှန်းချက်





ငါ နဲ့ ငါ့ယောက်ျားက ငယ်ချစ်ဦးတွေ။ ငါတို့နှစ်ယောက်က အိမ်နီးချင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုကျော် အတူတူ ကြီးပြင်းခဲ့ကြတာ။  



အထက်တန်း ကျောင်းပြီးချိန်မှာ  သူက ငါ့ခံစားချက်ကို သိသွားခဲ့ပြီး အံ့ဩစရာကောင်းလောက်အောင် သူကလည်း ငါ့ကို ချစ်မြတ်နိုးနေခဲ့တယ်။ ဆယ်ကျော်သက်အရွယ်တန်းက ငါတို့ လျှို့ဝှက်စွာ ချစ်ကြိုက်ခဲ့ကြပြီး လွန်ခဲ့တဲ့ ခြောက်လက လက်ထပ်ခဲ့ကြတယ်။  



သူက နူးညံ့သိမ်မွေ့ပြီး ရိုမန်တစ်ဆန်ကာ သည်းခံပြီး၊ ကြင်နာတတ်သူတစ်‌ယောက်။ ငါ့တို့ရဲ့ ချစ်ခြင်းက နက်ရှိုင်းတယ်။  



ဒါပေမဲ့ မကြာသေးခင်က သူ့မှာ တစ်ခုခု မူမမှန်တာကို ငါ စပြီးသတိထားမိလာတယ်။  



ချောင်းကြည့်ပေါက်ကြည့်မှန်က  အမှောင်ကားချပ်ကြီး တစ်ခုလို  ဖြစ်နေပြီး အပြင်က တစ်စုံတစ်ယောက်ကငါ့ကို ချောင်းမြောင်းနေသလိုခံစားရတယ်။

လက်ဗွေသော့က သတိပေးအချက်ပြသံတွေ ခဏခဏ မြည်ပြီး ငါ့ယောက်ျားကို အိမ်တွင်း ဝင်ခွင့်မပြုဘူး။  



သူက လက်ဗွေသော့က စိတ်မချရဘူးလို့  ပြောပြီး သော့နဲ့ပဲ ဖွင့်တော့မယ်လို့ ပြောတယ်။ ချောင်းကြည့်ပေါက်ကြည့်မှန်ကိုလည်း  ငါ့ရှေ့မှာပဲ အသစ်တစ်ခု တပ်ဆင်ပေးခဲ့တယ်။  



အသစ်တပ်ပြီးကတည်းက ဝါးနေတာကို သတိထားမိပေမဲ့ အလင်းရောင်ကိုမြင်နိုင်သေးတဲ့အတွက် မြေအောက်ခန်းထဲမှာ သိမ်းထားတာကြာသွားလို့   ကမ်းရိုးတန်းဒေသရဲ့စိုထိုင်းမှုကြောင့်ဖြစ်မယ်လို့ပဲ ထင်ခဲ့တာ။  



ဒါပေမဲ့ ဒီနေ့ ငါ့တပည့်ရဲ့ရှင်းပြချက်က ငါ့ကို ခြောက်ခြားသွားစေတယ်။  



ချောင်းကြည့်ပေါက်ကြည့်မှန်က ပြောင်းပြန်ဖြစ်နေတယ်တဲ့ ။



အပြင်က အတွင်းကိုပဲ  မြင်ရပြီး အတွင်းက အပြင်ကို ကြည့်လို့မရဘူး။  



ချောင်းကြည့်ပေါက်ကြည့်မှန်ကိုသာ ပြောင်းပြန်တပ်ထားရင် ဒီလောက် ရက်တွေအကြာကြီး ငါ အိမ်မှာရှိနေပြီး...  



ပြီးတော့ ငါ့ယောက်ျားက ဘာလို့  ပြောင်းပြန်တပ်ထားရတာလဲ။



ရှောင်ဖီက  ငါ့ရဲ့ မသက်မသာဖြစ်နေမှုကို သတိထားမိသွားတယ်။ ပုံမှန်အားဖြင့် ရွှင်လန်းတဲ့  သူ့မျက်နှာမှာ ရှားရှားပါးပါး စိုးရိမ်တဲ့အမူအရာ ‌ တွေပေါ်လာတယ်။ သူက  ငါ့ကို တံခါးဆီဆွဲခေါ်သွားပြီး မျက်လုံးတစ်ဖက်ပိတ်ကာ ကြည့်မှန်အပေါက်ကနေ ကြည့်ကြည့်ပြီး ငါ့ကိုလည်း ကြည့်ခိုင်းတယ်။  



"ဆရာ... ဒါက တကယ် ပြောင်းပြန်တပ်ထားတာ! ဆရာ့ အိမ်မှာ ခြံတံခါးရှိတာပဲ ကျေးဇူးတင်ရမယ်။  ဒါက ဆောက်လုပ်ရေးကုမ္ပဏီတွေရဲ့ အမှားလား။ ဒီလိုကောင်းတဲ့အိမ်မှာတောင် ဒီလိုပြဿနာရှိနိုင်တယ်ဆိုတာ မယုံနိုင်စရာပဲ။ ဒီအိမ်နဲ့အတူ တပ်ပြီးသားပါလာတာလား"



ငါ သူ ညွှန်ပြတဲ့အတိုင်း ကိုင်းကြည့်လိုက်တယ်။  



အခု အပြင်မှာ ရပ်ပြီး အိမ်တွင်းမှာရှိတဲ့  အရာအားလုံးကို အဲ့အပေါက်သေးသေးလေးက တဆင့် ရှင်းရှင်းလင်းလင်း မြင်နေရတယ်။  



ငါ့ နှလုံးသားတစ်ခုလုံး အေးစက်သွားတယ်။ ကြောက်မက်ဖွယ်ရာ ခံစားချက်တစ်ခုက  မြေပြင်ကတက်လာတဲ့ အရိပ်တစ်ခုလို ငါ့ ခြေသလုံးတွေကနေ ကျောရိုးအထိ တက်လာပြီး ပါးစောင်မှာ ကပ်နေသလို ခံစားရတယ်။ လည်ပင်းတစ်ဝိုက်မှာလည်း ကြက်သီးမွေးညင်းတွေ ထလာတယ်။  



ငါ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကို ပြန်လည်သုံးသပ်မိတယ်။



ပထမနေ့ - မင်ချန်  တစ်ခုခု မူမမှန်တာကို ငါသတိထားမိတယ်။ သူ  ဧည့်ခန်းအလယ်မှာ ငါ့ဘက်ကို ကျောပေးပြီး  ရပ်နေတယ်။ ငါ တံခါးဖွင့်လိုက်တဲ့အချိန်မှာတောင်  သူ သတိမထားမိသေးဘူး။  ငါ့နှိုးစက်သံမြည်သွားတဲ့အခါမှ...သတိဝင်လာတာ။  



နေ့လယ်စာစားချိန်မှာ သူက  အစားအစာကို မျိုချဖို့ ခက်ခဲ နေတဲ့ပုံစံကလည်း ငါ့ကို သံသယဝင်စေခဲ့တယ်။ ငါ့ သူ့ အင်္ကျီကော်လာကို ဖြေချလိုက်တဲ့အခါ သွေးတွေပန်းထွက်လာတာကို မြင်ရပြီး အရမ်းတုန်လှုပ်သွားခဲ့ရသေးတယ်။  



အဲ့နေ့ နေ့လယ်ပိုင်း  ချောင်းကြည့်ပေါက်ကြည့်မှန်က ကြည့်လိုက်တဲ့အခါ အပြင်ဘက်က အမှောင်ကားချပ်ကြီးတစ်ခုလို ဖြစ်နေတယ်။ ညနေခင်း သူအိမ်ပြန်ရောက်တဲ့အခါ လက်ဗွေသော့က သူ့လက်ဗွေကို မဖတ်နိုင်ခဲ့ဘူး။ ဒုတိယအကြိမ်က  ဖတ်နိုင်ပေမဲ့  တံခါးဖွင့်မပေးခဲ့ဘူး။  



အဲ့လိုဖြစ်ရတာက  အသက်ရှင်သူရဲ့လက်ဗွေကို စစ်ဆေးတဲ့စနစ် (liveness detection) ကျရှုံးသွားတာကြောင့်မှန်း  ငါသိတယ်။  



ငါ သူ့ကို မေးခဲ့တယ်။ သူက  ငါ့ မျက်စိရှေ့မှာပဲ တံ‌ခါး‌ပေါက်ကြည့်မှန်အသစ်တစ်ခုတပ်ပေးခဲ့ပြီး ငါ့ သံသယတွေကို ဖြေဖျောက်ပေးခဲ့တယ်။ ငါ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားမိပြီးတော့ ကိုယ်တိုင် တောင်စိတ်‌ရောဂါ‌ကြောင့်လို့သံသယဝင်လာခဲ့သေးတယ်။  



ဒုတိယနေ့ - မင်ယီရဲ့ စကားက ငါ့ကို နိုင်ငံခြားခရီးစဉ်အတွင်းမှာ မင်ချန်ယူလာခဲ့တဲ့ ရုပ်တုနက်အကြောင်း သတိရစေခဲ့တယ်။ နတ်ပူ‌‌ဇော်ပသ‌ပေးတဲ့ အဘိုးအိုရဲ့ အကြံပေးချက်အရ ငါအဲ့ရုပ်တုကို အိမ်က ထုတ်လိုက်ပြီး  မြေအောက်ခန်းမှာ  ထားလိုက်တယ်။  



အဲ့ဒီညမှာ မင်ချန်က  အရမ်း‌နောက်ကျမှ အိမ်ပြန်ရောက်လာပြီး ကိုယ်မှာလည်း  ဖုန်တွေကပ်နေပြီး ဖရိုဖရဲပုံစံဖြစ်‌နေတယ်။ တံခါးဝမှာ  ငါ့ကို နှစ်ကြိမ်တိုင်တိုင် "အိမ်ထဲဝင်လို့ရမလား" လို့မေးခဲ့တယ်....



ငါ သူ့ကို ထမင်းစားခိုင်းခဲ့ပေမဲ့ သူက သူအကြိုက်ဆုံး လိမ္မော်ရည်ကိုသာ ကောက်ယူပြီး သူကိုယ်တိုင်မသောက်ဘဲ ငါ့ကိုပဲ တိုက်ခဲ့တယ်။ သူ့စကားတွေ၊ အမူအကျင့်တွေက အရင်ကနဲ့ ကွဲပြားနေတာကို ငါ သတိမထားမိတာမဟုတ်ဘူး၊  ဒါပေမဲ့ ငါ  လျစ်လျူရှုဖို့ပဲ ကြိုးစားခဲ့တာ။  



တတိယနေ့ - ရှောင်ဖီက ငါ့ကို ကြောက်စရာ ပုံပြင်တစ်ပုဒ် ပြောပြခဲ့ပြီး ငါတို့အိမ်ရဲ့  ချောင်းကြည့်ပေါက်ကြည့်မှန်က  ပြောင်းပြန်တပ်ထားတာကို ရှာတွေ့ခဲ့တယ်...  



ဒီအရာတွေကို ငါ မတွေးဘဲ နေဖို့ ကြိုးစားခဲ့ ပေမယ့် အခုတော့  လျစ်လျူရှုလို့  မရတော့ဘူး။  



ငါ့မျက်ခုံးတွေက ထိန်းချုပ်မရဘဲ လှုပ်နေတယ်။ မကောင်းတဲ့ ကြိုတင်သတိပေး ခံစားချက်တစ်ခုက  ငါ့နှလုံးသားထဲကို တရွေ့ရွေ့တက်လာပြီး အသား‌တွေကို ကိုက်ဖဲ့နေသလို ခံစားရတယ်။  



တကယ်လို့သာ...ငါ့ ယူဆချက်သာ မှန်ခဲ့ရင်...  



တကယ်လို့သာ ပထမနေ့တုန်းက ငါ မှားမြင်ခဲ့တာမဟုတ်ဘဲ လက်ဗွေသော့ကလည်း error ဖြစ်နေတာမဟုတ်ဘူးဆိုရင်... ? 



ချောင်းကြည့်ပေါက်ကြည့်မှန်ကို မင်ချန်က ရည်ရွယ်ချက်ရှိရှိနဲ့ ပြောင်းပြန်တပ်ခဲ့ပြီး  ငါ့ကို စစ်ဆေးခွင့်တောင် ပေးခဲ့တာက ....သူက ငါ့ စိတ်ရောဂါအခြေအနေကိုသိ ခဲ့တာကြောင့်လား။



ငါ သူ့အပေါ်ထားတဲ့အရမ်းချစ်တဲ့စိတ်ကြောင့် သူ့ကို သံသယမဖြစ်ခင် ကိုယ့်ကိုယ်ကိုယ်သံသယဝင် သွားအောင်လို့လား။



တကယ်လို့သာ သူ့ စရိုက်လက္ခဏာပြောင်းလဲမှုအားလုံးက  အမှန်တကယ်သာ ဖြစ်နေခဲ့ရင်..  



သူ တကယ် အဲဒီလိုမျိုး အရာနဲ့ ပတ်သက်ခဲ့ရင်… အဲဒီနေ့က ငါ သူ့ကို အိမ်ထဲ ဝင်ခွင့်ပေးခဲ့တာက…



မိုးကြိုးပစ်သလို ကြောက်မက်ဖွယ် အတွေးတစ်ခု ငါ့ ဦးနှောက်ထဲကို  ရုတ်တရက် ဝင်ရောက်လာခဲ့တယ်။  



"ဆရာ! ဘာဖြစ်နေတာလဲ?! ကျွန်တော့်ကိုကြည့်ပါအုံး ဆရာ! ဆရာ—!" 



ရှောင်ဖီရဲ့အလန့်တကြား အော်ဟစ်သံက  ငါ့နားထဲမှာ ပဲ့တင်ထပ်နေတယ်။ ငါ့ ခြေထောက်တွေခွေကျသွားရင်း သူကတော့ ငါ့ကို ကိုင်ထိန်းထားကာ ကြောက်လန့်တကြား အော်နေတယ်။  



"ဆရာ—!" 



အဲ့အော်သံက  ငါ့ကို နိုးကြားစေခဲ့တယ်။ အရင်ကကြားဖူးခဲ့တဲ့  အလားတူ ကြောက်ရွံ့ နေတဲ့အသံတစ်ခုကို သတိရမိတယ်။  



"အားကျန်း"



နိုးတစ်ဝက်အိပ်မက်အရိပ်အယောင်ထဲကြားခဲ့ရတဲ့  အဲ့အော်သံက  ငါ့ ဦးနှောက်ထဲကို ပြန်လည်ဝင်ရောက်လာတယ်။ ငါ့ မျက်လုံးတွေ ကို ရုတ်တရက်ဖွင့်လိုက်ပြီး နံရံကို မှီပြီး  အသက်ရှူမဝဖြစ်နေတယ်။ ချွေးတွေက ငါ့ ဦးရေပြားက နားထင်ဆီကို စီးဆင်းလျက်ရှိပြီး ရင်ဘတ်ပေါ်မှာ  ဖိထားတဲ့လက်‌တွေကတုန်နေတယ်။  



ရှောင်ဖီက ဘာလုပ်ရမှန်း မသိဘဲ ဖုန်းကို ထုတ်နေတယ်။ သူ အရေးပေါ်ဖုန်းနံပါတ်ကို နှိပ်မယ်ထင်တယ်။ ငါ့ မှာအရေးပေါ်ရောဂါတစ်ခုခု ဖြစ်နေတယ်လို့ သူထင်‌‌နေတာနဲ့တူတယ်။  



ငါလည်ချောင်းထဲက တံတွေးကို မျိုချလိုက်ပြီး စိတ်ကို အေးအေးထားကာ နံရံကို မှီပြီး မတ်တတ်ရပ်လိုက်တယ်။ သူ့ဖုန်းကို ဆွဲယူပြီး သူရဲ့အင်္ကျီအိတ်ထဲသို့ ပြန်ထည့်ပေးလိုက်ပြီး စိုးရိမ်ပြီး တောင်းပန်တဲ့အသံနဲ့  သူ့ကိုပြောလိုက်တယ်။  



"ရှောင်ဖီ ၊ မင်းအခုပဲ အိမ်ပြန်လိုက်‌နော်။ ဆရာ မခေါ်မချင်း ဘယ်တော့မှ ပြန်မလာနဲ့။ ဆရာ မှာ့ အရေးကြီးတဲ့ အလုပ်တစ်ခု ရှိနေတယ်။ တကယ်လို့ .. ဆရာက အကြာကြီး မဆက်သွယ်ခဲ့ရင်... တက္ကသိုလ်ကို သွားပြီးတော့  ဆရာအသစ်တစ်ယောက် လျှောက်ထားလိုက်။ ဆရာက သူတို့ကို ကြိုတင်အသိပေးထားမယ်... မင်းရဲ့ဆရာအသစ်က ဆရာ့ထက် ပိုပြီးတော့တောင် ထူးချွန်လိမ့်မယ်..."



ငါ့မျက်နှာမှာ အခြေအနေမကောင်းကြောင်း ထင်ရှားနေမယ်ထင်တယ်။ အဲ့ကောင်လေးက  ကြောက်လန့်နေပြီး  မျက်လုံးကတွေ နီမြန်းလာကာ စိုစွတ်နေတယ်။  



"ဆရာ ဘာဖြစ်နေတယ်ဆိုတာ ကျွန်တော် နားမလည်ဘူး... ဒါပေမဲ့ ဆရာကို ကျွန်တော် စောင့်မယ်။ တကယ်လို့ ဆရာမှာ့ ပြဿနာတစ်ခုခု ရှိနေရင်... ရဲတွေကို ဖုန်းဆက်လိုက်ရအောင်။ ရဲတွေက ကျွန်တော်တို့ကို ကာကွယ်ပေးလိမ့်မယ်။"  



ငါ ခပ်ဖွဖွ ပြုံးလိုက်တယ်။ ငါ့သံသယတွေကအရမ်း စိတ်ကူးယဉ်ဆန်လွန်းပြီးတော့ ခိုင်လုံတဲ့အထောက်အထားလည်း မရှိသလို၊ အမှန်တကယ် ထိခိုက်မှုလည်း မရှိသေးဘူး။ ငါ့မှာစိတ်ရောဂါရှိတယ်လို့ပဲ  အထင်ခံရမှာပဲ။။ ရဲတွေအနေနဲ့ ဘာကိုမှ ကူညီနိုင်မှာ မဟုတ်ဘူး။  



ဒါပေမဲ့ ဒီလို ဘွဲ့ရစလူသစ်တစ်‌ယောက် အနေနဲ့ ဒါက အကောင်းဆုံးအကြံ‌‌ပြုချက်ပဲ။ ငါ့သူ့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။ 



ခြံတံခါးဆီ သူ့ကိုပို့လိုက်ရင်း သူရဲ့ စိတ်မသက်မသာဖြစ်နေတဲ့ မျက်နှာကို ကြည့်ပြီး  ငါ့ရင်ဘတ်ထဲ မခံမရပ်နိုင် အောင် ခံစားရတယ်။ သူ ခြံထဲက ထွက်လိုက်တဲ့အချိန်မှာ ငါ သူ့ကို ပြန်ခေါ်လိုက်မိတယ်။  



"ရှောင်ဖီ”



"ဆရာ?" 



သူ လှည့်ကြည့်လာတယ်။  



ငါ အတော်လေး စဉ်းစားလိုက်ပြီး ပြောလိုက်တယ်။



 "မင်း... အိမ်ပြန်ရောက်ရင် ဘုရား ကျောင်းတစ်ခုခုကို သွားပြီး ဝတ်ပြုလိုက်နော်”

 


"ဟင်?" သူ အံ့အားသင့်သွားပုံပဲ။  



"...မင်း ရဲ့ပညာရေးအတွက်ပါ။" 



"ဟုတ်ကဲ့ပါ ဆရာ!"  



---


ငါ့တပည့်ကို ပြန်လွှတ်လိုက်ပြီးနောက်မှာ အချိန်ကို ကြည့်လိုက်တယ်။ ညနေ ၄ နာရီ ဖြစ်နေပြီ။ မင်ချန် အလုပ်က ပြန်လာမဲ့ အချိန်က နောက်ထပ် တစ်နာရီနဲ့နှစ်ဆယ့်ငါးမိနစ်ပဲ ကျန်တော့တယ်။  



ငါ သံသယ  ဆက်ဝင်‌‌နေလို့မရဘူး။ ငါ့သံသယ တွေကို အတည်ပြုဖို့ ဒါမှမဟုတ် ဖြေရှင်းဖို့ တစ်ခုခုကိုလုပ်ရမယ်။  



ပထမဆုံး ငါ့ယူဆချက် - မင်ချန်က  သူမဟုတ်တော့တာ။ ချစ်ရသူကို သံသယဝင်ရတာက ဆိုးရွားလှပေမဲ့ ငါတို့ အတူတကွ ကြီးပြင်းခဲ့တယ်။  သူရဲ့ အမူအကျင့်တစ်ခုစီကို ကောင်းကောင်းသိထားတယ်။ ဒါပေမဲ့ အခုတော့ သူက အခြားတစ်ယောက်လို ဖြစ်နေတယ်လို့ ခံစားရတယ်။ 



တစ်စုံတစ်ယောက်က သူနဲ့လုံးဝ တူနေပေမဲ့ သူ့မှာဖော်ပြလို့ မရတဲ့ လွဲမှားနေတဲ့အရာ‌တွေ ရှိနေတယ်။ 



ဝမ်းမိသားစုက ချမ်းသာတယ်။ မင်ချန်က မိသားစုရဲ့ အကြီးဆုံးသားဖြစ်တာကြောင့် အမွေခံသူအဖြစ် ပညာသင်ကြားခံခဲ့ရတယ်။ ငယ်ငယ်ကတည်းက စာပေကျွမ်းကျင်ပြီး တူရိယာမျိုးစုံ တီးခတ်တတ်တယ်။ တရုတ်အော်ပရာ၊ အနောက်တိုင်း ဆီဆေးပန်းချီကားတွေ၊ ပန်းအမျိုးမျိုးနဲ့ လှပတဲ့အရာအားလုံးကို သူ သဘောကျတယ်။ ကြီးပြင်းလာတော့ မိသားစုလုပ်ငန်းကို စနစ်တကျ စီမံခန့်ခွဲတယ်။ သူက လူတွေကို နူးညံ့ပြီး ခိုင်မာတဲ့ မျက်လုံးတွေနဲ့ ကြည့်တယ်။



မင်ချန်က အခုလည်း နူးညံ့နေတုန်းပဲ။ ဒါပေမဲ့ သူ့ရဲ့ တစ်ခါတလေ အကြည့်က ထူးဆန်းပြီး အေးစက်တယ်။ သူ့ရဲ့ မျက်လုံးတွေက အဆုံးမရှိတဲ့ အမှောင်လိုမျိုး ဒါမှမဟုတ် လူတွေ တိုက်ရိုက် မကြည့်ရဲတဲ့ နက်နဲတဲ့ ချောက်ကမ်းပါးကြီးနဲ့ တူတယ်။



အရင်က  မင်ချန်က  နူးညံ့သိမ်မွေ့တဲ့ ချစ်ခြင်းမေတ္တာကို နှစ်သက်တယ်။ နှုတ်ခမ်းနဲ့ ပါးပြင်ကို နမ်းရှုံ့ရတာကို နှစ်သက်တယ်။ သူ က ရုပ်ပိုင်းဆိုင်ရာ ထိတွေ့တာကို ထိန်းချုပ်ထားတယ်။



အခု  မင်ချန်အသစ်က အထိအတွေ့ကို တောင့်တနေပြီး နမ်းရှုံ့တာ၊ ပွေ့ဖက်တာ၊ အသားချင်းကပ်နေတာလုပ်တယ်။ လွန်ခဲ့တဲ့ သုံးရက်အတွင်း ငါတို့ရဲ့ အချိန်တစ်ဝက်လောက်က အိပ်ရာထဲမှာပဲ ကုန်ဆုံးခဲ့တာ။  



တစ်ခုခု မှားနေပြီ။ 



ဒါပေမဲ့ ဘယ်ကစပြီး စစ်ဆေးရမလဲ။  



လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတွေက ငါ့ကို ကြောက်လန့်စေပြီး တစ်ချိန်တည်းမှာ ထွက်ပြေးချင်စိတ်လည်း ဖြစ်စေတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ ရုတ်တရက် လူတစ်ယောက်ကို ငါ သတိရသွားတယ်။



"မင်ယီ…" 



ဖုန်းရဲ့ တစ်ဖက်က အမျိုးသမီး ဘာလုပ်နေလဲ ငါ မသိဘူး။ အားကစားခန်းမထဲမှာ မဟုတ်လောက်ဘူး။ ဘာလို့လဲဆိုတော့ စာရွက်လှန်တဲ့ အသံနဲ့ ဆင်တူတဲ့ အသံတစ်ခုကို ငါ ကြားနေရလို့။ သူ ငါ့ရဲ့ ဖုန်း

ကို ခဏတိတ်ဆိတ်နေပြီးမှ ပြန်ဖြေတယ်။ 



"ဘာလဲ?"



ငါ နှုတ်ဆိတ်နေမိတယ်၊ ဘယ်လိုစပြီး မေးရမလဲမသိဘူး။  



နင့်ရဲ့ အစ်ကိုကို တစ်ယောက်ယောက်က အစားဝင်နေတယ်လို့ ငါ သံသယဝင်ကြောင်း သူ့ကို ပြောပြရမလား။ ဒီလူက နင့်အစ်ကိုနဲ့ ပုံစံတူပြီး လက်ဗွေရာတွေတောင် တူတယ်။ ပြီးတော့ သူက လူတောင် မဟုတ်နိုင်ဘူး။



အဲ့လိုသာ ပြောလိုက်ရင် သူ ငါ့ကို ချက်ချင်း စိတ်ရောဂါကုဆေးရုံကို ပို့လိုက်မှာပဲ။



"အားကျန်း"



 ငါ ဘာမှ မပြောတော့ သူ နည်းနည်း ရှုပ်ထွေးပြီး ငါ့ကို မေးတယ်။



အကြာကြီး တုံ့ဆိုင်းပြီးတဲ့နောက် ငါ အဖြစ်နိုင်ဆုံး မေးခွန်းကို ရွေးချယ်လိုက်တယ်: 



"မင်ချန်မှာ အမြွှာရှိနိုင်တယ်လို့ နင်ထင်လား? ငါ ဆိုလိုတာက နင့်မှာ မင်ချန်နဲ့ ပုံစံတူတဲ့ အစ်ကိုတစ်ယောက် ရှိလား"



“ဟာ့”



သူမက ‌လှောင်ရယ်တယ်။



 "အိုး …ငါ့အမေက သူ သားနှစ်ယောက်မွေးဖူးတာကို မေ့သွားတာလား?"



တိတ်ဆိတ်သွားတယ်။  



အကြာကြီး တိတ်ဆိတ်သွားပြီး သူမရုတ်တရက် ဒေါသထွက်လာတယ်။



 "နင်က ...ဘုရားရေ၊ နင်က သူ့ကိုစွဲလန်းနေတာ! ငယ်ငယ်တုန်းက နင်က ငါ့ကို ချစ်ခဲ့တယ်—ငါက ချစ်စရာကောင်းတယ် လို့ ပြောခဲ့တယ်။ မင်ချန်က ပျင်းစရာကောင်းတယ်လို့ ပြောခဲ့တယ်လေ။ အခုကျတော့? နင်က သူ့ကိုပဲ စွဲစွဲလမ်းလမ်းဖြစ်နေပြီ! ငါ့ကိုကျ စိတ်ပူတယ်သာပြောပြီး သူ့အကြောင်းချည်းပဲ မေးနေတာ !" 



သူမရဲ့ဒေါသလှိုင်းက ငါ့ကို လန့်သွားစေတယ်။ ငါ တကယ်ပြောခဲ့ဖူးလား? ကလေးသဘောနဲ့ ဟာသလုပ်တာပဲမဟုတ်လား? ပြီးတော့ သူမ ကိုယ်တိုင်က ငါ့ကို ဝေးဝေးနေဖို့ တွန်းနေတာမဟုတ်လား?  



ပြီးတော့ ငါ သူ့ကို စိတ်ပူကြောင်း မကြာသေးခင်က ပြောခဲ့တယ်လို့လည်း မထင်ဘူး။ မကြာသေးခင်က ဆက်သွယ်မှုဆိုလို့ အပြင်မှာ အတူတူ သွားလည်တာပဲ ရှိတယ်လေ။



ဒါပေမဲ့လည်း ငါ သူ့ကိုတောင်းပန်လိုက်တယ်။ 



"စိတ်မရှိပါနဲ့၊ မင်ယီ။  ဒါပေမဲ့ ခုတလော တစ်ခုခုဖြစ်နေ—" 



"တိတ်စမ်း !" 



သူမက ဒေါပွပြီး ရှုးရှုးရှဲရှဲနဲ့ပြောလိုက်တယ်။ 



"ငါ အဲ့ဒါကို မကြားချင်ဘူး။"



ဖုန်း‌ခေါ်ဆိုမှုက ပြီးသွားတယ်။  



သူမရဲ့ဒေါသကို ငါ နားမလည်ခဲ့ဘူး။ သူမအပြစ်တင်စကားတွေက ငါ့ရဲ့ ခံစားချက်တွေကို ပိုပြီးဆိုးသွားစေတယ်။ ဒါပေမဲ့ ငိုယိုဖို့အချိန်မရှိဘူး—အချိန်က ကုန်လုနီးပါးဖြစ်နေပြီ။  



မျက်နှာကို ရေခပ်ပြင်းပြင်းနဲ့ ပက်လိုက်ပြီး အာရုံစူးစိုက်ဖို့ လုပ်တယ်။  



အနည်းဆုံးတော့ တစ်ချက်အတည်ပြုလိုက်နိုင်ပြီ

။မင်ချန်မှာ အမြွာညီကိုမရှိဘူး။ 



ဒါဆို ဖြစ်နိုင်ချေနှစ်ခုပဲရှိတော့တယ်—  



၁။ ငါရဲ့စိတ်ကျန်းမာရေး ပိုဆိုးလာတာ ။ 



၂။ သူက လူမဟုတ်တာ ။



သူက  လူမဟုတ်ရင်၊ သူ လက်‌ဗွ စစ်ဆေးမှုကို ကျော်ဖြတ်နိုင်ပေမဲ့ သက်ရှိစစ်ဆေးရေးကိုတော့ မကျော်နိုင်ဘူး။ ပြီးတော့ သူသာ လူမဟုတ်ရင် ၊ အိမ်ထဲဝင်ဖို့ ငါ့ရဲ့ခွင့်ပြုချက်လိုအပ်မှာပဲ။  



ဒုတိယအချက်ကို မတွေးချင်ဘူး။ စိတ်ထဲက တစ်စိတ်တစ်ပိုင်းက ဒါက စိတ်ကစားတာပဲလို့ မျှော်လင့်နေတယ်။ ဒါပေမဲ့ ကြောက်စိတ်က မပျောက်ဘူး။  



ဒီတော့—သူက  လူမဟုတ်ရင် ဘာလဲ? 



 မကောင်းဆိုးဝါးလား?  နတ်ဆိုးလား? သရဲလား?  



ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ? ပြီးတော့ မင်ချန်အစစ်က ဘယ်မှာလဲ?  



မင်ချန်… ဒီ အတွေးက နာကျင်စရာပဲ။  



ငါ ပြတင်းပေါက်ကို ကြည့်လိုက်တယ်။ နောက်ခြံမှာ သူစိုက်ထားတဲ့ ပန်းတွေ အပြိုင်ပွင့်နေတယ်။ အိပ်ခန်းထဲမှာ လက်ထပ်ဓာတ်ပုံ၊ သူ့ရဲ့  နူးညံ့တဲ့အပြုံး ၊  ငါ့ရဲ့စိန်လက်စွပ်ဝတ်ထားတဲ့လက်က သူ့လက်ဖဝါးပေါ်တင်ထားပြီး တစ်သက်လုံး အတူတကွရှိဖို့ ကတိပြုထားကြတယ်။



ငါ့ဘဝရဲ့ ထောင့်တိုင်းမှာ သူ့အမှတ်တရတွေ ပြည့်နေတယ်။  



အိမ်ထောင်ကျပြီး ခြောက်လပဲ ရှိသေးတယ်။  



လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်၊ အနှစ်သုံးဆယ်နီးပါးအတွင်းမှာ သူဟာ ငါ့နှလုံးသားထဲက အလှဆုံး ကောင်လေး၊ အချောဆုံး လူငယ်နဲ့ အကြင်နာဆုံး ချစ်သူ ဖြစ်ခဲ့တယ်။ သူက သည်းခံတတ်ပြီး နူးညံ့တယ်။ ငါ ဘာလုပ်ချင်ချင် သူ လုပ်ခွင့်ပေးတယ်။ သူက ဘာကိစ္စမဆို ငါနဲ့ အမြဲတမ်း ဆွေးနွေးတယ်။ သူ လုပ်ခဲ့တဲ့ တစ်ခုတည်းသော ပုံမှန်မဟုတ်တဲ့ အရာကတော့ ငါတို့ရဲ့ ပျားရည်ဆမ်းခရီးအတွက် အရှေ့တောင်အာရှက ထူးဆန်းတဲ့ နိုင်ငံငယ်လေးတစ်ခုကို သွားဖို့ သူ အတင်းအကြပ် တောင်းဆိုခဲ့တာပဲ။



နေစမ်းပါအုံး။



ရုတ်တရက် ငါ့စိတ်ထဲမှာ အလင်းရောင်တစ်ခု လင်းလက်သွားတယ်။



ဒီခရီးစဉ်နဲ့ ဆက်စပ်နေနိုင်လား?  



ဝမ်းမျိုးနွယ်ဆက်ခံသူက ဘာအကြောင်းရှိလို့ စိတ်ဝင်စားစရာမရှိတဲ့ ယုံတမ်းစကားတွေနဲ့ပြည့်နေတဲ့ နိုင်ငံကို သွားချင်ရတာလဲ? ဘာလို့ ဒီရုပ်တုကို စွဲလန်းနေရတာလဲ? ဘာလို့ ဒီအရုပ်ကို ယူလာရတာလဲ?  



ဆက်စပ်ကြည့်တော့ ရှောင်ဖီ ပြောပြခဲ့တဲ့ ကြောက်စရာပုံပြင်ကို သတိရမိတယ်။  



ဖြစ်နိုင်တာက ရှောင်ဖီက စကြဝဠာကြီးရဲ့ သတိပေးချက်တစ်ခုဖြစ်မယ်။  



ငါ့ရဲ့သံသယတွေ မှန်နေခဲ့ရင်၊ ဒါက စိတ်ထဲက ပြဿနာတစ်ခုတည်းမဟုတ်ဘူးဆိုရင်၊ ဒီ "မင်ချန်"က  အနက်ရောင်ရုပ်တုနဲ့ ဆက်စပ်နေမှာပဲ။ ဒါကြောင့် ငါ အရုပ်ကို ရွှေ့လိုက်တဲ့ညမှာ သူဝင်လာဖို့ အခက်တွေ့နေတာ။  



ဒါကို ရှာရမယ်။



အချိန် ဖြုန်းနေလို့မရဘူး။ မြေအောက်ခန်းသော့နဲ့ ဓာတ်မီးတစ်လက်ကို ကောက်ယူလိုက်တယ်။  



မြေအောက်ခန်းက အိမ်နဲ့အတူပါလာတာ၊ အသုံးမပြု‌တော့၊ မီးလည်းမရှိဘူး။ အရင်တုန်းက ငါ့စိတ်ထဲမှာ အတွေးတွေ သိပ်မများတော့ ဒီကို ဝင်ထွက်ရတာ စိတ်ပိုင်းဆိုင်ရာ အတားအဆီး မရှိဘူး။ ဒါပေမဲ့ အခုတော့ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုလားတော့ မသိဘူး။ ဒီမှောင်မိုက်တဲ့ နေရာက ထူးဆန်းပြီး ကြောက်စရာကောင်းတယ်လို့ ခံစားရတယ်။



ဖုန်တွေကပ်နေတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲနေတယ်။ ပင့်ကူအိမ်တွေက ထောင့်တွေမှာ ကပ်နေတယ်။ အဝေးဆုံးဘက်မှာ ငါ့ရဲ့အနုပညာပစ္စည်းတွေထည့်ဖူးတဲ့ မြေအောက်ဗီရိုဟောင်းကြီး ရှိတယ်။ အခုတော့ ဖုန်တွေကပ်နေပြီ။  



အလယ်စင်က ငါရုပ်တုကို ထားခဲ့တဲ့နေရာ။  



ကြောက်စိတ်တွေနဲ့ အရေပြားတွေ ထုံကျင်နေပေမဲ့ နောက်မဆုတ်နိုင်တော့ဘူး။ ဓာတ်မီးကို တင်းတင်းဆုပ်ကိုင်ပြီး အမေပေးခဲ့တဲ့ ပိီရှုူးကျောက်စိမ်းအကာအကွယ်ကို ထိလိုက်တယ်။  



ပြီးတော့—ဗီရိုတံခါးကို ဟပ်ကနဲ ဆွဲဖွင့်လိုက်တယ်။  



ငါ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။  

 


ဗီရိုက ဗလာကြီး။



ရုပ်တုက ပျောက်နေခဲ့ပြီ။