ခင်ပွန်းသည်
ရုပ်ထုက ပျောက်သွားပြီ။
ငါအခန်းများ မှားမှတ်မိနေမလားဆိုပြီး ဒီဗီရိုထဲက အခန်းတိုင်းကို တစ်ခုချင်းစီ ဖွင့်ကြည့်ခဲ့တယ်။
နောက်ဆုံးမှာတော့ ငါသိလိုက်တယ်၊ ဒါကတကယ်ပျောက်သွားပြီ။
ဒါပျောက်သွားပြီဆိုရင်... ဘယ်သူယူသွားတာလဲ။
အဖြေက ရှင်းနေပြီလို့ ငါထင်တယ်။
ငါသူ့ကို ဒီအရုပ်ကို မြေအောက်ခန်းထဲထည့်ထားတယ် ဆိုတာတောင် မပြောဖူးဘူး။ ဘယ်အခန်းထဲထည့်ထားတယ်ဆိုတာ ဝေးရော။
ဒါပေမဲ့ သူ ရှာတွေ့သွားပြီး ငါ့ကိုဘာတစ်ခွန်းမှမပြောဘဲ ယူသွားတယ်။
ပိုကြောက်စရာကောင်းတာက အိမ်ရှေ့တံခါးနဲ့ ခြံတံခါးသော့တွေကလွဲရင် ကျန်တဲ့သော့အားလုံးက ငါ့ဆီမှာပဲရှိတာ။
သူ ငါ့ကို ဘယ်တော့မှ သော့တောင်းဖူးတာမရှိဘဲ မြေအောက်ခန်းထဲဝင်ပြီး အရုပ်ကိုယူနိုင်တယ်။
ငါ အရူးမဟုတ်သရွေ့ ဒီအချက်အလက်တွေက မင်ချန်မှာ တစ်ခုခု မှားနေပြီဆိုတာကို ငါ့ကို တိတိကျကျ ပြောပြနေတယ်။
ဒီအရုပ် ဘယ်ရောက်သွားလဲဆိုတာ ငါ ခန့်မှန်းမိတယ်လို့ ထင်တယ်။ အဲဒီညက သူ့နဲ့အတူ ဝင်လာတဲ့သူက သူတစ်ယောက်တည်း မဟုတ်လောက်ဘူး။
အခု အဲဒီအရုပ်က ငါ့အိမ်ထဲမှာပဲရှိနေမယ်။
ဒီအတွေးက ငါ့ခေါင်းထဲဝင်လာတဲ့အချိန် ငါ့ဦးရေပြားတွေ ထုံကျင်သွားတယ်။
ငါ မြေအောက်ခန်းတံခါးကနေ အလျင်အမြန်ထွက်ပြေးပြီး ပြန်သော့ခတ်ကာ အိမ်ရှေ့တံခါးကို ပြေးသွားတယ်၊ အိမ်တစ်ခုလုံးကို ထပ်ရှာဖို့ပေါ့။
ဒါပေမဲ့ တံခါးဖွင့်လိုက်တဲ့အခါ ငါရုတ်တရက် အေးခဲသွားပြီး အိမ်ထဲဝင်ဖို့တောင် ကြောက်နေမိတယ်။
နေမဝင်သေးဘူး။ နေဝင်ဆည်းဆာအလင်းတန်းတွေက ကြီးမားတဲ့ပြတင်းကနေ အိမ်ထဲစီးဝင်လာပြီး ဧည့်ခန်းနံရံတွေကို ရွှေရောင်အဖြစ် လင်းထိန်စေတယ်။ တံခါးဖွင့်လိုက်တဲ့အချိန် လေတစ်ချက်နဲ့အတူ နွေးထွေးငြိမ်းချမ်းတဲ့အလင်းရောင်လိုမျိုး ပန်းရနံ့တွေပါလာတယ်။
ဒါက လှပတဲ့ မိသားစု ညနေခင်းတစ်ခုနဲ့ တူတယ်။ ငါ့ချစ်သူနဲ့ ညစာအတူစားပြီး တီဗီအတူကြည့်၊ တစ်ယောက်နဲ့တစ်ယောက် အလုပ်အကြောင်း ပြောကြမယ်၊ ဒါမှမဟုတ် တစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ အိပ်စက်သင့်တဲ့ အချိန်မျိုးပေါ့။
ဒါပေမဲ့ အခု သူက အမဲရောင်ဝတ်စုံနဲ့ အရပ်ရှည်ရှည်ကြီးနဲ့ ရပ်နေတယ်၊ သူ့ပေါ်ကျတဲ့အလင်းတွေက ထိုးဖောက်လို့ မရတဲ့ အမှောင်တစ်ခုနဲ့ ထိမိနေသလိုမျိုး ကြမ်းပြင်ပေါ်မှာ ရှည်လျားနက်ရှိုင်းတဲ့ အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့တယ်။
ငါမီးဖွင့်လိုက်တယ်၊ မှောင်နေတဲ့အလင်းရောင်တွေ ပျောက်ကွယ်သွားပြီး အခန်းတစ်ခုလုံး လင်းထိန်သွားတယ်။
သူ ငါ့ကိုမျက်နှာချင်းဆိုင်ကြည့်ပြီး ငါတို့မျက်လုံးချင်းဆုံမိတဲ့အချိန် သူငါ့ကို ပြုံးပြလာတယ်။
ပြီးတော့ ငါ့ဆီကို ခြေလှမ်းသွက်သွက်နဲ့လာတယ်။
"အားကျန်း ဒီနေ့ မင်းအဆင်ပြေရဲ့လား ? မင်းကိုလွမ်းတယ်။ ဘာလို့အိမ်ထဲမဝင်တာလဲ?"
သူချဉ်းကပ်လာတာကိုမြင်တော့ ငါမသိစိတ်အရ နောက်တစ်လှမ်းဆုတ်လိုက်မိတယ်။
သူရုတ်တရက်ရပ်သွားတယ်။ ဖြည်းဖြည်းချင်း မျက်တောင်ခတ်ပြီး ငါ့ကို ခြေဆုံးခေါင်းဆုံးကြည့်လာတယ်။
ငါ တကယ် ထွက်ပြေးချင်ပေမဲ့ ငါ့နှလုံးသားထဲမှာ မျှော်လင့်ချက် အနည်းငယ်ကို ဆုပ်ကိုင်ထားတုန်းပဲ။ ဒါတွေအားလုံး ငါ ရူးနေတာပဲလို့ ငါ့ကိုယ်ငါ လှည့်စားနေတုန်း။ ငါ့ချစ်သူမှာ ဘာမှားတာမှ မရှိဘူးလို့ ထင်နေတုန်း။
ပြီးတော့ ငါ့ရဲ့သက်သေတွေက လုံးဝခိုင်မာတာမဟုတ်သေးဘူး။ သံသယဝင်စရာတွေရှိနေသေးတယ်မလား?
ဒါနဲ့ ငါထွက်ပြေးချင်စိတ်ကို အတင်းထိန်းပြီး တံခါးနားမှာရပ်ကာ သူ့ကိုပြုံးပြလိုက်တယ်။
"မင်ချန် ငါ့ကိုလာ ပွေ့ပေးပါလား"
သူငါ့ကို သေသေချာချာ ကြည့်တယ်၊ ဒါပေမဲ့ ငါ့တောင်းဆိုမှုကို ကျေနပ်နေပုံရတယ်။ သူ့မျက်ခုံးလေးတွေမော့ပြီး ငါ့ဆီကို ခြေလှမ်းသွက်သွက်နဲ့လာတယ်။
ငါပြုံးပြလိုက်ပြီး လက်နှစ်ဖက်ကားပြီး သူ့ပွေ့ဖက်မှုကိုစောင့်တယ်။ ဒါပေမယ့် သူတံခါးနားရောက်ပြီး ငါ့ကိုပွေ့ဖို့လုပ်တဲ့အချိန်မှာ ငါရုတ်တရက်သူ့ကိုရှောင်ပြီး အိမ်ထဲဝင်ပြီး တံခါးကိုလျင်မြန်စွာပိတ်လိုက်တယ်။
"အာကျန်း?"
သူတံခါးအပြင်ဘက်ကနေ ငါ့နာမည်ကို ခေါ်တယ်။ ငါလက်နှစ်ဖက်ကိုစုပြီး နတ်ပူဇော်တဲ့အဘိုးကြီးသင်ပေးခဲ့တဲ့အတိုင်း စိတ်ထဲက "ကျေးဇူးပြုပြီး ငါ့အိမ်ကို နောက်တစ်ခါမလာနဲ့" လို့ သုံးကြိမ်ရွတ်လိုက်တယ်။
တံခါးအပြင်ဘက်က တိတ်ဆိတ်သွားတယ်။
ငါ့အိမ်က နံရံကပ်နာရီက ခေတ်ဟောင်း အနောက်တိုင်း နာရီဖြစ်ပြီး စက္ကန့်လက်တံ လှုပ်ရှားတာနဲ့အမျှ ချပ် ချပ် ဆိုတဲ့အသံကို ကြားနိုင်တယ်။
တစ်စက္ကန့်၊ နှစ်စက္ကန့်... နာရီသံတွေက ငါ့နှလုံးခုန်နှုန်းနဲ့ လိုက်ပါနေသလိုပဲ။
"မင်ချန်?" ငါ တံခါးကို စိုက်ကြည့်လိုက်တယ်။
အပြင်ဘက်မှာ ဘာလှုပ်ရှားမှုမှမရှိဘူး။
သူတကယ်ပျောက်သွားသလိုပဲ။
ဒါကောင်းတာလား၊ ဆိုးတာလား ငါမသိဘူး။
မိနစ်အနည်းငယ်ကြာတော့ ငါ သည်းမခံနိုင်တော့ဘူး။ တံခါးပေါက်ကြည့်မှန်က ပြောင်းပြန်မှန်းသိပေမဲ့ ငါမျက်လုံးနဲ့ကပ်ပြီး အပြင်ကိုကြည့်လိုက်တယ်။
နေမဝင်သေးပေမဲ့ တံခါးပေါက်ကြည့်မှန်က အမှောင်ချည်းပဲ။
နောက်တစ်စက္ကန့်မှာ သော့ခွက်ထဲသော့လှည့်သံကြားတယ်။
ငါနောက်တစ်လှမ်းဆုတ်လိုက်တယ်၊ သူတံခါးကိုတွန်းဖွင့်ပြီး အတားအဆီးမရှိ အိမ်ထဲဝင်လာတယ်။
သူက သော့တွေကို တံခါးနားက ကောင်တာပေါ်ပစ်ချပြီး ငါ့ကိုမကျေမနပ်ဖြစ်နေသလိုကြည့်တယ်။
"ဒီဟာသကို ငါမကြိုက်ဘူး"
အိမ်ကနှင်ထုတ်တာက သူ့အပေါ်ဘာသက်ရောက်မှုမှမရှိဘူး။
ဒါကငါ့ကိုတုန်လှုပ်စေတယ်။ ဒါဘာကိုဆိုလိုတာလဲ။
ငါတကယ်မှားနေတာလား၊ ဒါမှမဟုတ် သူ့ ခန္ဓာကိုယ်ကို နှင်ထုတ်ရုံနဲ့မလုံလောက်ဘူးလား။
ငါ့စိတ်ထဲမှာ ရှုပ်ထွေးနေပြီ။
ဒီအရာတွေနဲ့ပတ်သက်ပြီး ငါအရမ်းမသိဘူး။ ဘာလုပ်ရမှန်းမသိဘူး။
သူငါ့ဆီလာပြီး ငါ့မေးစေ့ကိုညင်ညင် သာသာကိုင်ပြီး ငါ့မျက်နှာကိုမော့ပြီး သူ့မျက်လုံးနဲ့ဆုံအောင်လုပ်တယ်။
သူ့ရဲ့ ချောမောတဲ့ မျက်နှာ နည်းနည်း မျက်မှောင်ကြုတ်နေတာကို ငါ မြင်လိုက်ရပြီး သူ့ရဲ့ မျက်လုံးတွေမှာ နာကျင်မှုတွေ ပြည့်နေတယ်။
"ဒီနေ့မင်းငါ့ အပေါ် အရမ်းထူးဆန်းနေတယ်။ တစ်ယောက်ယောက်က ငါ့ အားကျန်း ကိုဘာတွေပြောလိုက်လဲ? ဒါပေမဲ့ ငါကမင်းရဲ့ ယောက်ျားလေ။ ဘာလို့မယုံတာလဲ? ငါ့ကိုသံသယရှိရင် တိုက်ရိုက်မေးလိုက်ပါလား"
"...မင်းကိုထပ်ယုံရမလားမသိတော့ဘူး..."
ငါ့နှလုံးသားမှာ မယုံကြည်မှုတွေပြည့်နေပေမဲ့ သူ့ကို တကယ် မင်ချန်ဖြစ်စေချင်ပြီး ငါတို့မိသားစုအေးချမ်းစေချင်တယ်။
ခံစားချက်နှစ်ခုက တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေပြီး ငါ အရမ်း ရှုပ်ထွေးနေတယ်။
နောက်တစ်ကြိမ် ငါ့နှလုံးသားထဲက သံသယတွေကို သူ့ကို ပြောပြဖို့ ငါ ရွေးချယ်လိုက်တယ်။
ဒါပေမဲ့ ဒီတစ်ခေါက်မှာ ရွေးချယ်စရာ ရှိတယ်။
ငါ သူ့ကို မြေအောက်ခန်း၊ အရုပ်နဲ့ ဘာလို့ဒီနိုင်ငံသေးသေးလေးကိုသွားချင်တာလဲဆိုတာပဲမေးလိုက်တယ်။
ဒါပေမဲ့ ဒီတစ်ခါ သူငါ့စကားကိုနားထောင်ပြီးတော့ အဖြေမပေးဘူး။
"မင်း ငါ့ကို အရမ်းချစ်ပြီး လုံးဝယုံကြည်မယ်လို့ထင်တာ..."
"ငါနည်းနည်းနာကျင်သွားပြီ..."
သူ ငါ့မျက်နှာကို သူ့လက်ချောင်းတွေနဲ့ ညင်ညင်သာသာပွတ်သပ်ပြီး မိနစ်ဝက်လောက်ကြာမှ စိတ်လက်မပါဘဲ လွှတ်ပေးလာပြီး တည်ငြိမ်စွာ ပြောလာတယ်။
"ဒီည တစ်ယောက်တစ်နေရာအိပ်ကြရအောင်။ မင်းစိတ်ငြိမ်ဖို့အချိန်လိုနိုင်တယ်"
ပြီးတော့ အရင်လိုပဲ ချစ်စနိုးနဲ့ငါ့နဖူးကိုနမ်းတယ်။
ဒီအပြုအမူကြောင့် ငါထပ်တုန်လှုပ်သွားတယ်၊ ဘာလို့လဲဆိုတော့ ဒါကငါသိထားတဲ့ မင်ချန် အတိုင်းပဲ။
သူထွက်သွားပြီ။
ငါ သူဧည့်ခန်းထဲဝင်ပြီး တံခါးပိတ်တာကိုကြည့်နေမိတယ်။ သူ နောက်ထပ် လုံးဝ ထွက်မလာတော့ဘူး။
°°°°°°
ငါတို့ အသက် ၁၈ နှစ်မှာ အတူတူ တက္ကသိုလ်တက်ခဲ့ကြတယ်။ စိတ်အားထက်သန်မှုနဲ့ ရမ္မက်အရှိန်အဟုန် ပြင်းထန်တဲ့ အရွယ်ရောက်ချိန်ပေါ့။ ပထမနှစ်ရဲ့ ချစ်သူများနေ့က ငါတို့ရဲ့ ပထမဆုံး အကြိမ်ပဲ။
အဲဒီနောက် ငါတို့ ကျောင်းပြောင်းခဲ့ကြတယ်။ နောက်နှစ်ပေါင်းများစွာမှာ ငါတို့ ရန်ဖြစ်ပြီး ငါက စိတ်ဆိုးမာန်ဆိုးနဲ့ သူ့ကို အိပ်ခန်းထဲက နှင်ထုတ်တဲ့ အချိန်တွေကလွဲရင် ဘယ်တော့မှ မခွဲခွာခဲ့ဘူး။ ပြီးတော့ သူကလည်း ခွဲအိပ်ဖို့ ဘယ်တော့မှ အစပြု မပြောခဲ့ဘူး။
သူ့ ရဲ့ ဒီအပြုအမှုက ငါ့ကိုမငြိမ်မသက်ဖြစ်စေပြီး ထပ်ပြီးကိုယ့်ကိုယ်ကိုသံသယဝင်စေတယ်။
သူ့မှာတကယ်ဘာမှမဖြစ်ခဲ့ဘူးလား။ ငါ့ရဲ့ထပ်ကာထပ်ကာ သံသယတွေက သူ့ကိုနာကျင်စေခဲ့တာလား။
ငါတို့ရဲ့ ဆက်ဆံရေးကို ငါ နာကျင်စေခဲ့ပြီ။
ဒီအသိက ငါ့နှလုံးသားကို ကြေကွဲစေတယ်။
ဒါ က ငါ့နှလုံးသားထဲမှာ ဓားနဲ့လှည့်ထိုးလိုက်သလိုနာကျင်တယ်။
ဒါပေမယ့် ဒီထူးဆန်းတဲ့ဖြစ်ရပ်တွေကို ဘယ်လိုရှင်းပြမလဲ။
ငါအိပ်ရာထဲလဲနေပြီး အချိန်တွေကုန်သွားတယ်။ ဒီည ငါအိပ်လို့မရမှန်းသိတယ်။
ညသန်းခေါင်အထိ လူးလိမ့်နေပြီးနောက် နောက်ဆုံးစိတ်ရှင်းဖို့ ခြံထဲထွက်ဖို့ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ ဧည့်ခန်းဆိုဖာပေါ်မှာ သူ့ကိုတွေ့လိုက်ရတယ်။
သူတစ်ယောက်ထည်းထိုင်နေတယ်။ရှေ့မှာ ရေအေးတစ်ခွက်ရှိတယ်။ ဘယ်လောက်ကြာကြာထိုင်နေပြီလဲမသိဘူး။
သူ့ပုံရိပ်ကိုကြည့်ရင်း ငါ့နှလုံးသားနာကျင်လာတယ်။
"မင်ချန်"
သူ ငါ့ကိုကြည့်ဖို့ ခေါင်းမော့လာတယ် အမှောင်ထဲမှာ ခပ်ဖျော့ဖျော့ပြုံးနေသလို ထင်ရတယ်။
ငါ့မျက်လုံးတွေပူလာတယ်။ ငါသူ့ဆီသွားပြီး သူ့ခေါင်းကို ငါ့ရင်ခွင်ထဲဆွဲထည့်လိုက်မိတယ်။
ဘာပြောရမှန်း ငါ မသိဘူး။ သူလည်း ဘာမှ ရှင်းပြဖို့ မတောင်းဆိုဘူး။ အဲဒီအစား သူက အနည်းငယ် အားစိုက်ပြီး ငါ့ကို ဆိုဖာပေါ်မှာ ထိုင်ခိုင်းတယ်။
ငါဆိုဖာပေါ်လဲပြီး ခေါင်းကိုသူ့ပေါင်ပေါ်တင်ကာ သူ့မျက်နှာကိုငေးကြည့်နေမိတယ်။
အခုတော့ သူ ငါ့ခေါင်းကို ပွေ့ဖက်ထားတဲ့အလှည့်ရောက်ပြီ။
သူ့လက်ချောင်းတွေက အေးမြချောမွေ့ပြီး နက်ရှိုင်းတဲ့ချစ်ခြင်းနဲ့ ငါ့မျက်နှာကိုပွတ်သပ်ကာ ငါ့နားရွက်လေးတွေကို ညင်ညင်သာသာညှပ်နေတယ်။
ငါတို့အမှောင်ထဲမှာ တစ်ယောက်ကိုတစ်ယောက်ငေးကြည့်နေမိကြတယ်။ သူက လှပတဲ့မျက်ခုံးတွေကွေးပြီး ငါ့ကိုပြုံးပြပြီး နားထဲကိုကိုင်းပြီးတိုးတိုးလေး မေးတယ်။
“ငါ့ကို ဘယ်လိုခေါ်ရမှာ”
ငါ့မျက်လုံးတွေပူလာပြီး မျက်နှာပူနွေးလာတယ်။
" ယောက်ျား"
အမှောင်ထဲမှာ သူ သဘောတကျရယ်နေတယ်။ ငါသူ့မျက်နှာအမူအရာမမြင်ခင်မှာပဲ သူ့လက်ဖဝါးနဲ့ငါ့မျက်လုံးတွေကိုအုပ်ပြီး ကလေးတစ်ယောက်ကိုအိပ်ပျော်အောင်လုပ်သလို နူးညံ့စွာနဲ့ "အိပ်တော့" လို့ပြောလာတယ်။
ဒီစကားလုံးတွေမှာ မှော်အတတ်တစ်ခုခုပါနေသလိုပဲ။ ငါတကယ်အိပ်ပျော်သွားတယ်။
ငါ ပြန်နိုးလာတော့ ဆိုဖာပေါ်မှာပဲ လှဲနေပြီး နူးညံ့တဲ့ စောင်တစ်ထည်နဲ့ လွှမ်းခြုံထားတာကို တွေ့လိုက်ရတယ်။
မနက်၈နာရီရှိပြီ။ မင်ချန်အလုပ်သွားနေပြီ။
သူ ညကအိပ်လားမအိပ်ဘူးလား ဒါမှမဟုတ် ဘယ်လိုအိပ်ခဲ့လဲဆိုတာ ငါမသိဘူး။
သူလုံးဝမအိပ်ဘဲ အခု ရုံးမှာပင်ပန်းနွမ်းနယ်တဲ့ခန္ဓာကိုယ်နဲ့အလုပ်လုပ်နေတာလား၊ ဒါမှမဟုတ် အိပ်စရာမလိုဘဲ အခုရုံးမှာတောင်မရှိတာလား...
သံသယစိတ်ဆိုတာ စိတ်ပင်ပန်းစရာခံစားချက်ပဲ၊ အထူးသဖြင့် စိတ်ကျန်းမာရေးမကောင်းသူတစ်ယောက်အတွက်။ ပြီးတော့ သံသယဝင်နေရတဲ့သူက ကိုယ်နဲ့အနီးကပ်ဆုံးသူဖြစ်နေရင် ပိုပြီးနာကျင်စရာကောင်းတယ်။
ငါ အသံထွက်ပြောဖို့ ရှက်နေခဲ့တဲ့ ချစ်စနိုးခေါ်ဝေါ်သုံးနှုန်းမှုတွေ။
ငါမနက်၁၀နာရီထိ ဆိုဖာပေါ်မှာထိုင်နေမိတယ်။
နောက်ဆုံးတစ်ကြိမ် သူ့ကိုစမ်းသပ်ဖို့ဆုံးဖြတ်လိုက်တယ်။ ဒီတစ်ခါ သူ မှားယွင်းနေတဲ့လက္ခဏာမပြရင် ဘယ်လိုထူးဆန်းတဲ့အရာတွေဖြစ်ဖြစ် နောက်တစ်ခါမသံသယဝင်တော့ဘူး။
ငါအိပ်ခန်းပြန်ဝင်ပြီး ဖုန်းယူပြီး အဲ့နံပါတ်ကိုထပ် ခေါ်လိုက်တယ်။
နတ်ဘုရားကျောင်းက အဘိုးကြီးဆီ…..။