Chapter 10
Viewers 93

 သူ ဘယ်လိုလုပ်လက်ခံနိုင်ရတာလဲ!



"နတ်ဝိညာဉ်ဆေးပြားက ယွမ် ၈၀၀၀၊ အမွှေးနံ့သာဆီက ယွမ် ၃၀၀၀၀၊ အကြီးနဲ့အသေးကို သက်သက်စီဝယ်ရမယ်။ အထူးကိစ္စဆိုရင်တော့..”



ငါ  အဘိုးကြီးရဲ့ ကျွမ်းကျင်လှတဲ့ အရောင်းနည်းကို စကားဖြတ်ပြီး ပြောလိုက်တယ်။



“ကျွန်တော်က ခင်ဗျားရဲ့ဖောက်သည် ဝမ်းမင်ချန်ရဲ့ မိသားစုဝင်ပါ၊ အရင်တုန်းကလည်း ဖုန်းဆက်ဖူးတယ်"



ဖုန်းတစ်ဖက်က စက္ကန့်ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အဘိုးအိုက 



"အိုး...မင်းကိုး၊ မင်အခုဘယ်လိုနေလဲ" 



လို့ ရယ်ပြီး မေးလာတယ်။  



"ကျွန်တော်...အဆင်မပြေဘူးထင်တယ်။ အဓိကက ကျွန်တော့်ယောက်ျားကြောင့်ပါ..."  



ငါက မကြာသေးခင်က ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေနဲ့ မင်ချန်မှာ ဖြစ်နေတဲ့ ထူးဆန်းတဲ့ အပြောင်းအလဲတွေကို အသေးစိတ်ပြောပြလိုက်တယ်။  



သူက အာရုံစိုက်နားထောင်ပြီး ငါ့ကို ပိုပြီးအသေးစိတ်ပြောဖို့ အားပေးတယ်။  



တကယ်တော့ ငါ ဒါကို နောက်ဆုံးအားကိုးရာလို့ သဘောထားပြီး ပြောနေတာ။ ဒါပေမဲ့ သူ့ရဲ့အားပေးမှုက ငါမှန်နေတယ်လို့ ခံစားရစေပြီး စိတ်ထဲ နည်းနည်းပေါ့သွားတယ်။  



ငါတော့ သူက လူကောင်းတစ်ယောက်လို့ ထင်မိတယ်။  



ဒါပေမဲ့ ငါက မင်ချန်ကို အိမ်ထဲဝင်ခွင့်ပေးလိုက်ပြီး အနက်ရောင်ရောင်ရုပ်တုပျောက်သွားတာကို တွေ့ရတဲ့အကြောင်း ပြောလိုက်တဲ့အခါ ဖုန်းက တီ တီ ဆိုပြီး အသံနှစ်ချက်ထွက်လာတယ်။  



သူ ဖုန်းချသွားတာ..။  



ငါ ခဏလောက် ကြောင်အသွားပြီး နောက်တစ်ခါ ထပ်ဆက်လိုက်တယ်။  



"လူကြီးမင်းခေါ်ဆိုသော နံပါတ်မှာ စက်ပိတ်ထားပါသည်။"  



"လူကြီးမင်းခေါ်ဆိုသော နံပါတ်မှာ စက်ပိတ်ထားပါသည်။"  



ဘယ်လောက်ပဲ စောင့်စောင့်၊ ဘယ်နှစ်ကြိမ်ပဲ ခေါ်ခေါ် ဒီအသံပဲ ကြားရတယ်။ သူ့ဖုန်းက စက်ပိတ်သွားတာ မဟုတ်ဘူးဆိုတာ ငါသိတယ်—သူ ငါ့ကို ဘလော့ခ်လိုက်တာ။  



ဆက်ရမဲ့ နံပါတ်ကို ငါတောင်းဆိုခဲ့တာမဟုတ်ဘူး။  အဲ့ဒီနတ်ပူဇော်တဲ့အဘိုးကြီးက သူ့ဘာသာသူ ပေးခဲ့တာ။ ဒါက သူက ရောင်းပြီးတဲ့အထိ ဝန်ဆောင်မှု ပေးချင်တယ်ဆိုတာ ဖော်ပြနေတာပဲလေ။ ဒါဆို ဒီအခြေအနေကို ဘယ်လိုရှင်းပြမလဲ။  



သူက ဒီပြဿနာကို ဖြေရှင်းလို့မရဘူးလို့ ထင်တာလား၊ ဒါမှမဟုတ်....ငါ့ကို ကြောက်သွားတာလား။  



ငါ နှုတ်ခမ်းစေ့ထားရင်း ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို ကြည့်နေရင်းနဲ့ နောက်ဖုန်းနံပါတ်တစ်ခုနဲ့ ထပ်ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။  



ဒီတစ်ခါတော့ ဖုန်းက မြန်မြန်ပဲ ချိတ်သွားတယ်- "နတ်ဝိညာဉ်ဆေးပြားက ယွမ်၈၀၀၀၊ အမွှေးနံ့သာဆီက ယွမ် ၃၀၀၀၀..."  



ငါ့ သူ့စကားကို ထပ်ဖြတ်ပြောလိုက်တယ်- 



"ကျွန်တော်ပါ။"  



သူက ခဏတော့ တိတ်ဆိတ်သွားတယ်။  



သူ့ကို ဖုန်းချခွင့်မပေးတော့ဘဲ ငါ မြန်မြန်ပြောလိုက်တယ်။



 "ဒီပစ္စည်းက ခင်ဗျား ကျွန်တော့် ယောက်ျားကို ရောင်းခဲ့တာ။ ခင်ဗျားက  ကျွန်တော့်မေးခွန်းတွေကို ဖြေမပေးနိုင်ရင် ကျွန်တော် ရုပ်တုကိုရှာပြီး ခင်ဗျားဆီကို ယူလာမှာနော်။"  



ဒါက ခြိမ်းခြောက်တာပဲရှိတာ။ ဒါပေမဲ့ သူက ဒါကို ယုံသွားတယ်။ သူ့ရဲ့သဘောထားက ချက်ချင်းပြောင်းသွားပြီး ငါ့ကို တောင်းပန် လာတယ်။



"မလုပ်ပါနဲ့ မလုပ်ပါနဲ့ လူငယ်လေးရေ၊ မင်းမယူလာပါနဲ့။ နန်ကျာရုပ်ထုနက်ကို ပင့်ဖိတ်ပြီးရင် ပြန်ပို့လို့မရတော့ဘူး။ ပြီးတော့ ဒါက ငါ မင်း ယော‌ကျ်ားကို ရောင်းတာမဟုတ်ဘူး။ မင်း ငါ့ကို အပြစ်တင်လို့မရဘူး။ ငါက သူ့ကို အမွှေးနံ့သာဆီပဲ ဝယ်ခိုင်းတာ။ဒါပေမဲ့ သူက ငါတို့ရဲ့ နန်ကျာရုပ်ထုနက်ကို သူ့ဘာသာသူ ယူသွားတာ။ ငါ့ဆရာက ဈေးအများကြီးတိုးတောင်းတာတောင် သူ ဂရုမစိုက်ဘူး ။ အခု သူတစ်ခုခုဖြစ်ရင်တောင် သူ့လိုအင်ဆန္ဒကြောင့်သူ ပြန်ခံရတာပဲ"  



သူ့စကားထဲမှာ အချက်အလက်တွေ အများကြီးပါနေတယ်။ နန်ကျာရုပ်ထုနက်ဆိုတာ ဘာလဲ။ "ပင့်ဖိတ်ပြီးရင် ပြန်ပို့လို့မရတော့ဘူး"ဆိုတာ ဘာကိုဆိုလိုတာလဲ။ နောက်ဆုံးစကားလုံးရဲ့ အဓိပ္ပာယ်က ဘာလဲ။  



ငါ ရုတ်တရက် မတ်မတ်ထိုင်လိုက်ပြီး နှလုံးသားက မထိန်းနိုင်အောင် နာကျင်လာတယ်။ အသံကလည်း လည်ချောင်းထဲကနေ ညှစ်ထုတ်သလို ဖြစ်နေတယ်။ 



"သေချာရှင်းပြစမ်းပါ။"  



အဘိုးအိုက ခဏတိတ်သွားပြီးမှ  သူ့ရဲ့ အိုမင်းနေတဲ့အသံနဲ့အတူ အလွန်ဆိုးရွားလှတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို စပြောပြလာတယ်။  



...လွန်ခဲ့တဲ့ နှစ်နှစ်ရာလောက်က ကျေးရွာတစ်ရွာမှာ ကျေးရွာသားတွေက ရုတ်တရက်ကြီး ရုပ်တုနှစ်ခုကို စကိုးကွယ်လာကြတယ်လို့ ဆိုတယ်။  



တစ်ခုက ရွှေရောင်၊ တစ်ခုက အနက်ရောင်။ နှစ်ခုလုံးက လူကြီးတစ်ယောက်ရဲ့ လက်ဖဝါးစာလောက်ပဲ ရှိတယ်။ 

ရွှေရောင်အရုပ်ရဲ့ အရှေ့ဘက်မှာက ရွှေရောင်သုတ်ထားတဲ့ လူ့မျက်နှာရှိပြီး နောက်ဘက်မှာတော့ အနက်ရောင်နတ်ဆိုးမျက်နှာ ရှိတယ်။ အစွယ်တွေနဲ့အတူ ထူးဆန်းပြီး ကြောက်စရာကောင်းတယ်။ 



အနက်ရောင်အရုပ်ကတော့ ပိုပြီး ပုံမှန်ဆန်တယ်။ သူ့ရဲ့ကိုယ်ခန္ဓာမှာ ရှေးဟောင်းစာလုံးတွေနဲ့ ဖုံးအုပ်ထားပေမဲ့ ပုံစံတွေက လက်ရာမြောက်ပြီး ခေါင်းထိပ်မှာ ပုလဲတွေ စီခြယ်ထားတယ်။



တိတိကျကျပြောရရင် သူတို့ဟာ ဘယ်ခေတ်ကမှန်း မသိတဲ့ မြှုပ်နှံထားတဲ့ပစ္စည်းတွေ ဒါမှမဟုတ် ပူဇော်တဲ့ပစ္စည်းတွေနဲ့ တူတယ်။



ဒါပေမဲ့ သူတို့ကို ဘယ်သူက ပထမဆုံး ဆုတောင်းခဲ့တာလဲ၊ ဘယ်လောက်ထိ အရမ်းအစွမ်းထက်ခဲ့လဲဆိုတာကိုတော့ ဘယ်သူမှ မသိခဲ့ကြဘူး။



"နောက်ပိုင်းမှာ လူတွေက နန်ကျာရုပ်ထုနက်က ဘယ်လို ဆုတောင်း ပဲဖြစ်ဖြစ် ဆုတောင်းပြည့်တယ်ဆိုတာ သိလာကြတယ်။ အဲ့ဒါကြောင့် သူ့ကို ကိုးကွယ်သူတွေလည်း ပိုများလာတယ်..."  



ဒါပေမဲ့ အဲ့ဒီအချိန်က ကြာကြာမခံခဲ့ဘူး။ ရွာမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဖြစ်လာတယ်။တချို့လူတွေ သေသွားကြတယ်၊ တချို့က မသန်မစွမ်း ဖြစ်သွားကြတယ်၊ တချို့က ရူးသွားတယ်၊ တချို့ ကြောင်တောင်တောင် ဖြစ်သွားတယ်။ လူချမ်းသာတချို့ဆို တစ်ညတည်းနဲ့ မိသားစု ပျက်စီးသွားတယ်။ လယ်တွေအများကြီးပိုင်တဲ့လူတွေလည်း လမ်းဘေးမှာ ငတ်သေသွားတယ်။ နောက်ပိုင်းမှာ ဒီလိုဖြစ်ရပ်တွေ ပိုများလာတဲ့အခါ ရွာသားတွေက တူညီတဲ့အချက်ကို သတိထားမိလာတယ်။  



အဲ့ဒီသူတို့အားလုံးက နန်ကျာရုပ်ထုနက်ကို ဆုတောင်းခဲ့ဖူးသူတွေဆိုတာပဲ။  

သူတို့ရဲ့ဆုတောင်းချက်တွေ ပြည့်ခဲ့ပေမဲ့ ပေးဆပ်ရတဲ့တန်ဖိုးက ကြီးမားလွန်းတယ်။  



"နောက်ပိုင်းမှာ ကိုးကွယ်သူတွေက နန်ကျာရုပ်ထုနက်က လူ့လောကထဲကို ဆင်းသက်လာတဲ့ နတ်ဆိုးတစ်ပါးလို့ သံသယဝင်လာကြတယ်။ အဲ့ဒါကြောင့် သူတို့က သူ့ကို ဘုရားကျောင်းထဲမှာ ပိတ်သိမ်းပြီး နန်ကျာရုပ်ထုဖြူကိုပဲ ကိုးကွယ်ခဲ့ကြတာ။ မင်းတောင် အရင်က ဒီရုပ်ထုကို ရှိခိုးခဲ့သေးတယ်မလား ဟားဟား"  



ငါလည်း အရင်က ကြောက်စရာကောင်းတဲ့ ရုပ်တုကို သတိရမိသွားတယ်။ အဲဒီအချိန်တုန်းက ငါလည်း ရွာသားတွေလိုပဲ  အနက်ရောင်ရုပ်တုက ပိုပြီးပုံမှန်ဖြစ်နေတယ်လို့ ထင်ခဲ့တာ။ အခုတော့ ငါလည်း အပေါ်ယံအမြင်နဲ့ လှည့်စားခံလိုက်ရတယ်ဆိုတာ သိလိုက်ရပြီ။  



ငါ ဘာမှပြန် မပြောလိုက်ဘူး။ အဘိုးအိုက ရယ်ပြီးနောက် ဆက်ပြောတယ်။



 "ကဲ လူငယ်လေးရေ…အခုဆို မင်း နားလည်သွားပြီလို့ ငါထင်တယ်။"  



ဟုတ်တယ်လေ၊ ငါ နားမလည်တာ ဘာများရှိလဲ။ ငါက ငတုံးမှ မဟုတ်တာ… ဒီအရာအားလုံးရဲ့ အဓိပ္ပာယ်ကို ငါ နားလည်တယ်။ ငါ တကယ့်ကို ငတုံးတစ်ယောက် ဖြစ်ချင်ပေမဲ့ပေါ့။



"...အဘိုးကြီး  အရင်တုန်းက ခင်ဗျား ကျွန်တော့်ကို ဖုန်းနံပါတ်ဖလှယ်ဖို့ ဇွတ်တောင်းဆိုတာက အခုဖြစ်လာမှာ ကြိုသိထားလို့မလား”  



ခုနေ့ကြားလိုက်ရတဲ့သတင်းက ငါ့ကို တုန်လှုပ်စေတယ်။ အကြိမ်ပေါင်းများစွာ သံသယဝင်ခဲ့ပေမဲ့ ဒီလို ဆန်းကြယ်တဲ့အရာတွေက တကယ်ဖြစ်နိုင်တယ်ဆိုတာကို ငါတကယ်တော့ မတွေးဖူးဘူး။  



ငါ ထိန်းနိုင်တော့ဘဲ သူ့ကို တောင်းပန်ပြောလိုက်တယ်။



 "ကျေးဇူးပြုပြီး ပြောပါ၊ ကျွန်တော့် ယောက်ျားက ဘာဖြစ်နေတာလဲ။ သူက အခု အခြားတစ်ယောက်လို ဖြစ်နေတယ်၊ တစ်ယောက်ယောက်က သူ့နေရာဝင်ယူထားသလိုပဲ..."  



ဒါအားလုံးသာ တကယ်ဆိုရင်...  



ဖီကောင်း ရဲ့ဇာတ်လမ်းက ငါ့ခေါင်းထဲမှာ ထပ်ကာထပ်ကာ ပေါ်လာနေတယ်...  



တကယ်သာဖြစ်နေရင်...  



ဒါဆို ငါလည်း အဲဒီကိုးကွယ်သူတွေရဲ့ ကံကြမ္မာကို ခံစားရလိမ့်မယ်—မိသားစုပျက်စီးပြီး၊ ချစ်ရသူတွေ ဆုံးရှုံးရမယ်။  



အဘိုးအိုက ခပ်တိုးတိုး ရယ်မောလာတယ်။



"ငါတော့ မသိဘူးကွ။ ဒါပေမဲ့ လူငယ်လေး မင်းသိပ်ပြီး ဝမ်းနည်းမနေနဲ့။ ဒီလောကမှာ အလိုဆန္ဒအတွက် အသက်စွန့်ဖို့ မကြောက်တဲ့သူတွေက ပုရွက်ဆိတ်တွေထက်တောင် ပိုများတယ်။ ဝမ်းလူကြီးမင်း ဒါကိုလုပ်ဖို့ ဇွတ်တိုးနေတာက သူအဲ့အ‌ကြောင်းကိုမသိဘူးဆိုတာ မဖြစ်နိုင်ဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူက အရာအားလုံးကို ရှင်းရှင်းလင်းလင်း နားလည်သလို နောက်ပိုင်းမှာ ပေးဆပ်ရမဲ့ တန်ဖိုးကို လက်ခံနိုင်တယ် ဆိုတာပဲ။"  



သူ လက်ခံနိုင်တယ်?  



ဘာဖြစ်လို့ သူ လက်ခံနိုင်တာလဲ?  



သူက အသက် ၃၀ မပြည့်သေးဘူး။ ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတယ်။ အလှပဆုံးလူတွေထဲက တစ်ယောက်၊ အသိပညာဗဟုသုတနဲ့ ပြည့်စုံပြီး အောင်မြင်တယ်။ အသက်ငယ်ငယ်နဲ့ မိသားစုလုပ်ငန်းကို ဆက်ခံထားတယ်။ ဒီနှစ်မှာပဲ လက်ထပ်ခဲ့တယ်။  



ငါ အားအင်ကုန်ခန်းပြီး ဆိုဖာပေါ်မှာ လဲကျသွားတယ်။ အာရုံစိုက်မှုမရှိဘဲ အခန်းထဲကို လှည့်ပတ်ကြည့်နေမိတယ်။  



ဒီအိမ်က ငါတို့ လက်ထပ်တုန်းက မင်ချန်ဝယ်ပေးတာ။ မြို့တော်ရဲ့ အချမ်းသာဆုံးနေရာမှာ၊ တန်ဖိုးက သိန်း ၁၃၀၀ တန်တယ်။  



ငါ့ခေါင်းပေါ်က မီးဆိုင်းထဲမှာ စီခြယ်ထားတဲ့ သလင်းကျောက်မျက်ရတနာက ၁၅ ရာစုတုန်းက အီတလီဘုရင်မရဲ့ အမွေအနှစ်တစ်ခု။ လက်ထပ်မင်္ဂလာပွဲမတိုင်ခင်တုန်းက သူက ဥရောပက လေလံပွဲတစ်ခုမှာ ငွေအမြောက်အမြားသုံးပြီး ဝယ်ယူခဲ့တာ။  



ဒီလိုပစ္စည်းတွေက ဒီအိမ်ထဲမှာ အများကြီးရှိတယ်။  



ငါ့ရှေ့က ကော်ဖီစားပွဲရဲ့ အံဆွဲထဲမှာဆို ဝမ်းမင်ချန်ကို အဓိကထား ဖော်ပြတဲ့ ငွေကြေးမဂ္ဂဇင်းတွေ အများကြီးရှိတယ်။ အရမ်းများလွန်းတော့ တန်ဖိုးမထားတော့ဘူး၊ ငါ ဒီအတိုင်း ထည့်ထားလိုက်တာ။  



သူ့မှာ ဘယ်လောက်တောင် အနာဂတ်အောင်မြင်မှုတွေ ရှိလဲ၊ ဘယ်လောက်တောင် ချမ်းသာတဲ့ မိသားစုနောက်ခံရှိလဲ။  



သူ့မှာ ဘယ်လို အလိုဆန္ဒတွေ ကျန်နေသေးလို့လဲ.။



ဘာဖြစ်လို့ ဒီလောက် ကြီးမားတဲ့တန်ဖိုးကို သူ ပေးဆပ်ဖို့ သဘောတူနိုင်တာလဲ။ 



ဝမ်းမင်ချန်။  



ဒီအချိန်မှာတောင် ငါ့မှတ်ဉာဏ်ထဲက သူ့ပုံရိပ်က နူးညံ့ပြီး ပြုံးနေတဲ့သူ၊ ခုထိ ရှုက်သွေးဖြာပြီး ချစ်ခင်ရတဲ့ချစ်သူပဲ။  



တကယ်လို့ မင်းက လက်ခံနိုင်ပေမဲ့ ငါကရော?  



ဘာဖြစ်လို့ ငါ့ကို ဒီအိမ်ထဲမှာ ဒီလိုပစ်ထားခဲ့တာလဲ?  



ငါ လက်မခံနိုင်ဘူး။



ငါ ဒါတွေအားလုံးက မကောင်းတဲ့ အဘိုးအိုတစ်ယောက်ရဲ့ လှည့်ကွက်ပဲလို့ ဆုတောင်းနေမိတယ်။ သူ ငါ့ကို ဒေါ်လာတစ်သောင်းလောက်နဲ့ ငါ့ဒုက္ခကို ဖြေရှင်းပေးမဲ့ ကာကွယ်ရေးပစ္စည်းတစ်ခုကို ရောင်းမယ်လို့ ပြောမယ်လို့ မျှော်လင့်နေမိတယ်။ သူက ငါ့ကို လှည့်စားနေတယ်ဆိုရင်တောင် ငါ ငွေလွှဲပေးလိုက်မှာပဲ။  



ဒါပေမဲ့ သူမပြောဘူး။  



ငါ မျက်နှာကို လက်နဲ့အုပ်ပြီး မျက်ရည်တွေက လက်ချောင်းကြားကနေ တိတ်တဆိတ် စီးကျလာမိတယ်။  



ငါက စိတ်ထိခိုက်လွယ်ပြီး နေမကောင်းတဲ့ သာမန်လူတစ်ယောက်ပါ။ ငါ ဒီအရာတွေကို ကြောက်တယ်။ ငါ့ဘဝရဲ့ အကြီးမားဆုံးအပြောင်းအလဲတွေကို ကြောက်တယ်။ ငါ့မိသားစု တစ်ခုခုဖြစ်သွားမှာကို  ကြောက်တယ်။  



ငါနဲ့ ရက်ပေါင်းများစွာ အတူတူအိပ်ခဲ့တဲ့သူက တကယ်တော့ လူမဟုတ်ဘူးဆိုတာကို ကြောက်တယ်။  



ဖုန်းအခြားတစ်ဖက်ကလူက ငါ စိတ်ဓာတ်ကျနေတာကို သတိထားမိတာလား၊ အဘိုးအိုတွေကပဲ စိတ်နှလုံးနူးညံ့လွယ်တာလား မသိဘူး။ ငါ အကြာကြီး တိတ်ဆိတ်နေတာတောင် သူက ဖုန်းမချဘူး။  



ဆယ်မိနစ်လောက်ကြာတော့ သူက အက်ကွဲနေတဲ့ အသံနဲ့ ငါ့ကို ပြောလာတယ်။



"မင်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ချင်ရင် ငါ ကူညီပေးမယ်"  



ငါ သိလိုက်ရတာက ဒီဘဝမှာ ငါ့ရဲ့မျက်ရည်တွေက မင်ချန်ရှေ့မှာ ဒါမှမဟုတ် သူ့အတွက်ပဲ ကျနေခဲ့တာပဲ။  



ငါ မျက်နှာပေါ်က စိုစွတ်နေတဲ့အရာတွေကို လက်ဖဝါးနဲ့ ပြင်းပြင်းထန်ထန် သုတ်လိုက်တယ်။ အရေပြားတွေ ပူလာတယ်၊ မျက်ဝန်းထောင့်တွေ နာလာတယ်။  



ဒီနေ့ ငါ ဖုန်းအများကြီးဆက်ခဲ့တယ်။  



နတ်ပူဇော်ပေးတဲ့အဘိုးအိုနဲ့ဖုန်းပြောပြီးတဲ့ နောက် အခြားသူတွေဆီ ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်။ ငါ့အမေ၊ ငါ့အစ်ကိုကြီး၊ မင်ချန်ရဲ့ညီမ၊ မင်ချန်ရဲ့မိဘတွေဆီ။  



ငါ လူတိုင်းကို အမှန်တရားပြောပြချင်တယ်။ မင်ချန် ပြောင်းလဲသွားပြီလားဆိုတာ ရှာဖွေဖို့၊ သူ့ရဲ့လုပ်ရပ်တွေကြောင့် ငါတို့နှစ်ယောက်အပေါ် ထိခိုက်မှုတွေအတွက် သူ့ကို ရှုတ်ချဖို့ သူတို့ရဲ့အကူအညီလိုချင်တယ်။  



ဒါပေမဲ့ ငါ မအောင်မြင်ခဲ့ဘူး။  



အဘိုးအို နဲ့ဖုန်းပြောတာက ငါလုပ်နိုင်တဲ့နောက်ဆုံးအရာပဲ။



ဒီအရာအားလုံးရဲ့ နောက်ကွယ်က အမှန်တရားကို သိလိုက်ရတဲ့နောက် ငါ့ဖုန်းက လိုင်းပြတ်တောက်သွားတယ်။ တကယ်တော့ ဖုန်းတစ်လုံးတည်းမဟုတ်ဘူး  အပြင်လောကနဲ့ ဆက်သွယ်နိုင်တဲ့ နည်းလမ်းအားလုံး ရပ်သွားတာ။  



ဒါဘာကြောင့်လဲဆိုတာ ငါ မတွေးချင်တော့ဘူး။  



ငါ ထွက်ပြေးဖို့ ရွေးချယ်လိုက်တယ်။  



ဒီနေရာကနေ ထွက်ပြေးပြီး ငါ့ ကို ကူညီနိုင်မဲ့သူကို ရှာချင်တယ်။  



ဒါပေမဲ့ တံခါးနားကို ရောက်တဲ့အချိန်မှာပဲ အိမ်တွင်းမှာ အသံကျယ်ကျယ်နဲ့ တစ်ခုခုကျိုးပဲ့ကျသံ ကြားလိုက်ရတယ်။  



ငါ့ လန့်ပြီး လှည့်ကြည့်လိုက်တော့ စင်ပေါ်မှာ ဂရုတစိုက်ထားခဲ့တဲ့ ဖန်အလှဆင်ပစ္စည်းတစ်ခု ကျိုးပဲ့နေတာကို တွေ့လိုက်ရတယ်။  



ဒီအလှဆင်ပစ္စည်းက မင်ချန် ကြိုက်နှစ်သက်တဲ့အရာပဲ။။ ငါဒါကို စင်ရဲ့အတွင်းပိုင်းမှာ ထားခဲ့တာ၊ အပြင်ကနေ အားစိုက်မထုတ်ရင် ကျမှာမဟုတ်ဘူး။  



ဒါပေမဲ့ အခု ဒါက ကြမ်းပြင်ပေါ် ကျိုးပဲ့နေတယ်။  



ငါ့နှလုံးခုန်သံ မြန်လာတယ်။ ဒါပေမဲ့ အခန်းတစ်ခုလုံးကို စစ်ဆေးပြီး သော့တွေကို ထုတ်ယူလိုက်တယ်။  



ကြက်သွေးရောင် တံခါးက ငါ့ရှေ့မှာ တိတ်ဆိတ်စွာ ရပ်နေတယ်။ ဒါကိုဖွင့်လိုက်ရင်  ခြံထဲကို ထွက်နိုင်မယ်။ အိမ်နီးချင်းတွေက စိတ်ထားကောင်းတဲ့ လူတွေပဲ။  ငါ့ကို ကူညီနိုင်လိမ့်မယ်။  



ငါ့ရဲ့မျက်လုံးတွေက တံခါးကို စိုက်ကြည့်နေပြီး နီးကပ်လာတယ်။ သော့ကိုထည့်ဖို့ပဲ လိုတော့တယ်။  



ကလစ်!.. 



ငါ့နောက်က စာကြည့်ခန်းကနေ တံခါးပိတ်သံကျယ်ကျယ် ကြားလိုက်ရတယ်။  



ပြတင်းပေါက်တွေ ဖွင့်ထားတာမဟုတ်ပေမဲ့ စာရွက်လှန်သံတွေ၊ စာအုပ်တွေ ကြမ်းပြင်ပေါ် ကျသံတွေ ကြားနေရတယ်။  



စာအုပ်စင်ပြိုလဲသွားတဲ့အသံက အကျယ်မှ အကျယ်ကြီး။ 



ဇူလိုင်လရဲ့ နွေရာသီမှာ ငါ အိမ်ထဲမှာ ရပ်နေပြီး တစ်ကိုယ်လုံး ကြက်သီးထလာတယ်။ ကြောက်စရာကောင်းတယ်ဆိုတာ ဘာကို ဆိုလိုလဲဆိုတာကို ငါ ကိုယ်တိုင် တွေ့ကြုံခဲ့ရတယ်။



ငါ တံခါးနားကို ချဉ်းကပ်ဖို့ အားထုတ်ခဲ့တယ်၊ ဒါပေမဲ့ အခု ဖွင့်ဖို့ မဝံ့ရဲတော့ဘူး။  



သေခြင်းတရားလို တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို သတိထားကြည့်ရင်း၊ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးသလို ခံစားရတဲ့ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တယ်။  



ငါ ချောင်းကြည့်ပေါက်ကြည့်မှန်ကနေ ကြည့်လိုက်တယ်။  



အပြင်ဘက်မှာ နေရောင်တောက်နေပေမဲ့ ကြည့်မှန်က အနက်ရောင်ချည်းပဲ ပြနေတယ်။  



ငါ တကယ်ကို လန့်သွားတယ်။  



ချက်ချင်းပဲ ငါ နောက်ပြန်လှည့်ပြီး ကော်ဖီစားပွဲဆီ ပြေးသွားကာ မဂ္ဂဇင်းတချို့နဲ့ တိပ်ကို ကောက်ယူပြီး တံခါးဆီပြန်လာပြီး  ချောင်းကြည့်ပေါက်ကြည့်မှန်ကို အပြည့်ကပ်ပစ်လိုက်တယ်။  



ငါ တစ်ခါက ချစ်ခဲ့တဲ့ အိမ်က  အခု ငါ့ကို တုန်လှုပ်စေတယ်၊ အရိပ်တိုင်းကို ကြောက်ရွံ့နေမိတယ်။  



အချိန်တွေက တစ်မိနစ်ပြီးတစ်မိနစ် ကုန်လွန်နေတယ်။ ငါ  စောင်တွေအောက်မှာ ဝင်ပုန်းနေချင်တယ်၊ ဒါပေမဲ့ ဒါက သေဖို့စောင့်နေသလိုပဲ။ ငါဒီအတိုင်းစောင့်မနေနိုင်ဘူး။  



ဒါကြောင့် ကျန်တဲ့တစ်နေ့တာလုံး  ခြံထဲက ကိရိယာဂို‌ဒေါင်မှာ ခြံတံခါးကြိုးဖြတ်တဲ့ ကတ်ကြေးကို ရှာပြီး အဝေးကနေ လျှပ်စစ်သော့ကွင်းကြိုးတွေကို ဖြတ်လိုက်တယ်။ ပြီးတော့ ရှေးဟောင်းသော့ကြီးတစ်ချောင်းကို ရှာပြီး တံခါးဘေးနှစ်ဖက်မှာ သော့ချိတ်ကွင်းတပ်ပြီး  သော့ခတ်လိုက်တယ်။  



နောက်တော့ ငါ မီးဖိုချောင်ထဲသွားပြီး ဖန်ခွက်တစ်လုံးယူကာ ရေအေးအေးထည့်ပြီး အိမ်ထဲက အဝတ်လဲခန်းမှာ မင်ချန်ရဲ့ အတွင်းခံအင်္ကျီတစ်ထည်ကို ရှာတယ်။ ပြီးတော့ ကော်လံပိုင်းကို ဖြတ်ထုတ်လိုက်တယ်။  



ငါ အဲဒီနှစ်ခုကို ယူပြီး တံခါးဆီ လျှောက်သွားကာ ဖန်ခွက်ကို မြေပြင်ပေါ်မှာ ချထားပြီး အဲဒီခွက်ရဲ့ အပေါ်မှာ ကော်လာကို မီးရှို့လိုက်တယ်။



မီးလောင်ထားတဲ့ အဝတ်စကနေ ထွက်လာတဲ့ ပြာမှုန်တွေက ရေထဲကို ကျသွားတယ်။ အဲဒီနောက် ငါ့လက်ညှိုးကို ကိုက်ပြီး သွေးသုံးစက် ညှစ်ထည့်လိုက်တယ်။ သွေးတွေက ရေအေးထဲမှာ လုံးဝ ပျော်ဝင်သွားပြီးတဲ့နောက် ငါ့လည်ပင်းက သိဒ္ဓိပီရှူးဆွဲကြိုးကို ချွတ်ပြီး ရေထဲကို ထည့်လိုက်တယ်။



ဒါက ဟိုအဘိုးအို ရဲ့နည်းလမ်းပဲ။  



သူက မင်ချန်က ဒီမှာရှိသေးလား၊ ဘာဖြစ်သွားပြီလဲဆိုတာ သူ မသိပေမဲ့ ဘယ်လောက်ပဲ အင်အားကြီးတဲ့အရာပဲဖြစ်ဖြစ် လူ့ခန္ဓာကိုယ်ကို ငှားရမ်းပြီးတာနဲ့ အမျိုးမျိုးသော ကန့်သတ်ချက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ငါ့ကို ပြောတယ်။  



ဒီနည်းလမ်းက အဲ့ဒီအရာကို အချိန်အနည်းငယ် ပိတ်ဆို့နိုင်လိမ့်မယ်။  



ဒါတွေအားလုံးလုပ်ပြီးတဲ့နောက် ငါ  တိတ်ဆိတ်စွာ နဲ့ အချိန်တွေကုန်ဆုံးမှာကို စောင့်နေခဲ့တယ်။  



ညနေ  ၅:၁၅။



ဒါက မင်ချန် အလုပ်ကနေ အိမ်ပြန်တဲ့အချိန်

 ဒါပေမဲ့ ခြေသံမကြားရဘူး၊ တံခါးဖွင့်ဖို့ ကြိုးစားသံမကြားဘူး။  



ညနေ  ၅:၂၅။ ဘာမှမဖြစ်သေးဘူး။  



ညနေ ၅:၃၀။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေတုန်းပဲ။  



ဒါပေမဲ့ ငါ ဘာမှမရှိတဲ့ လေဟာနယ်ကြီးကို မေးလိုက်တယ်။ 



"မင်ချန်... အိမ်ပြန် ရောက်ပြီလား?"  


......  

 


ပတ်ဝန်းကျင်က  တစ်မိနစ်နီးပါး တိတ်ဆိတ်နေတယ်။  



"အာကျန်း"  



တည်ငြိမ်ပြီး သိမ်မွေ့တဲ့ ယောက်ျားအသံက တိတ်ဆိတ်မှုကို ချိုးဖျက်လာတယ်။  



အမျိုးသားရဲ့အသံက တံခါးအပြင်ဘက်ကနေ မမြန်မနှေး၊ စိတ်ခံစားချက်မပါတဲ့အသံနဲ့ ဖြေလာတယ်။



 "အင်း ငါ အိမ်ပြန် ရောက်ပြီ။"