Chapter : 1 ( အာ...ငါသတ်‌သေလိုက်ပြီ )
Viewers 43

သွေးအလိမ်းလိမ်းပေနေသည့် မျက်နှာပိုင်ရှင် အမျိုးသားတစ်ဦးက လက်ညှိုးတစ်ချောင်းထောင်ကာ စနစ်တကျစီထားသည့် သွားရှစ်ချောင်းကို ထုတ်ပြုံးလိုက်ပြီး အော်လိုက်သည်။ 


"ဒင်းဒေါင်း! မဲပေးတာ ပြီးသွားပြီ!"


အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် မိန်းကလေးတစ်ဦးပေါ်သို့ အလင်းတန်းတစ်ခု ကျရောက်လာပြီး ဂိမ်းပြီးဆုံးသွားကြောင်း အချက်ပြလိုက်သည်။ သူမသည် မဲပေးမှုကြောင့် ဂိမ်းမှ ထွက်ခွာရသူ ဖြစ်၏။ စည်းမျဉ်းများအရ ထိုမိန်းကလေးသည် ဤကမ္ဘာမှ ပျောက်ကွယ်သွားရမည် ဖြစ်သည်။


သူမမထွက်ခွာမီ ဟိုင်ရိ၏ ပခုံးများကို လှုပ်ယမ်းလိုက်သည်။ မျက်ရည်များ မျက်နှာပေါ် စီးကျနေသည့် သူမက သူ့ကို မေးလိုက်၏။


" မင်းက လူသတ်သမားမှန်း သိသာနေတာကို ဘာလို့မပြောလဲ... ဘာလို့မပြောတာလဲ! "


သွေးစွန်းနေသည့် သေဆုံးသူက လျှောက်လာပြီး မိန်းကလေးကို ဆံပင်မှကိုင်၍ ဆွဲခေါ်သွားသည်။ ဟိုင်ရိသည် အသက်ပြင်းပြင်းရှူသွင်းပြီးမှ လူတိုင်းဘက်သို့ လှည့်ကြည့်လိုက်၏။


သေဆုံးသူသည် နောက်လှည့်ကြည့်လိုက်ရာတွင် သွေးစွန်းနေသည့် နှုတ်ခမ်းထောင့်စွန်းများက ပြုံးလျက် မြင့်တက်လာသည်။ 


"ဂိမ်းပြီးသွားပြီ၊ လူသတ်သမားကတော့ လွတ်သွားပြီ" 


မိန်းကလေးက မထွက်ခွာမီ ဟိုင်ရိိကို လက်ညှိုးထိုးပြကာ အော်ဟစ်နေသည်။ 


"သူက လူသတ်သမား! မင်းတို့ အားလုံး မျက်စိကန်းနေတာ! "


သူမကို သေဆုံးသူက ဆွဲခေါ်သွားပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားလေ၏။


ဟိုင်ရိက တောင်းပန်လိုက်သည်။


"ကျွန်တော် တကယ်တောင်းပန်ပါတယ်" 


သူသည် လုံးဝစိတ်မကြည်‌နေခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သုံးရက်တာ လိမ်ညာခဲ့ပြီး လူကောင်းတစ်ယောက်ကဲ့သို့ ဟန်ဆောင်ခဲ့သောကြောင့်ပင်ဖြစ်၏။ ထို့အပြင် တကယ့်လူကောင်းတစ်ဦးကို ပြိုင်ပွဲတွင် ရှုံးနိမ့်စေခဲ့သည်။


ဟိုင်ရိက ထုတ်ပြောလိုက်၏။


"ကျွန်တော်က လူသတ်သမားပါ" 


ဂိမ်း၏ စည်းမျဉ်းများကို လေးစားလိုက်နာသည့်အနေဖြင့် ဟိုင်ရိက ပြောလိုက်သည်။


 " ကျွန်တော် ရှန့်ချန့်ယန်ကလွဲပြီး လူတိုင်းရဲ့ ပွိုင့်တွေကို ယူပါမယ် " 


သေဆုံးသူသည် ပြန်လှည့်လာခဲ့၏။ သူ့လက်ထဲတွင် မိန်းကလေး မရှိတော့ပေ။ သူက လက်ခုပ်တီးပြီး ကြွေးကြော်လိုက်သည်။


" ဟုတ်တာပေါ့၊ ဟုတ်တာပေါ့.. မင်းအလိုအတိုင်းပါပဲ၊ လူသတ်သမားရာ " 


လူအနည်းငယ် အနားသို့လျှောက်လာကြသည်။ သူတို့အားလုံး တစ်နည်းမဟုတ်တစ်နည်း ဒေါသထွက်နေကြပုံရ၏။ တစ်ယောက်က ဟိုင်ရိ၏ ပခုံးများကို လက်များတင်ရင်း ပြောနေကြသည်။ 


" တောက်စ်.... မင်း တကယ်ကို ဟန်ဆောင်တတ်တယ် "


ဟိုင်ရိသည် အသက်ပြင်းပြင်းရှူသွင်းပြီး ရှန့်ချန့်ယန်ကို မေးခွန်းတစ်ခုမေးရန် လှည့်လိုက်၏။


" အရှင်ဘုရင်လေး..ကျွန်တော်တို့ အိမ်ပြန်ကြမလား ဒါမှမဟုတ် အရင်စားကြမလား" 


ဘေ့စ်ဘောဝတ်စုံဝတ်ထားသော ရှန့်ချန့်ယန်၏ ခေါင်းပေါ်မှ ဦးထုပ်ပြားက သူ့မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသည်။ သူ၏ခြေထောက်များမှာ ရှည်လျားပြီး ဖြောင့်တန်းလှ၏။ သူသည် အိတ်ကို ကောက်ယူကာ လျှောက်လာပြီး ကျန်သည့်လူများကို တစ်ချက်ကြည့်လိုက်ကာ မေးလာသည်။ 


" အတူတူလား " 


" မင်း ဘယ်ခရိုင်ကလဲ"


တစ်ယောက်က မေးလာသည်။


ဟိုင်ရိ ပြန်ဖြေလိုက်ပါသည်။


"မြောက်ပိုင်း ဟွား၊ ခရိုင် (၉) ကပါ"


"ဒါဆို မဟုတ်သေးဘူး" 


ထိုအမျိုးသားက ပြောလိုက်သည်။ 


"အရမ်းဝေးတယ်၊ ငါတို့က အနောက်တောင် (၃) ခရိုင်က၊ ညီလေး..မင်း ကောင်းကောင်းကစားတာပဲ၊ အရမ်းကျေနပ်စရာကောင်းတယ်... နောက်တစ်ခါ မင်းနဲ့မတွေ့ပါစေနဲ့လို့ မျှော်လင့်ပါတယ် "


ဟိုင်ရိက ရယ်မောလိုက်သည်။


"မင်းကို စောစောသေပါစေလို့ ဆုတောင်းပေးပါတယ်" 


"မင်းရဲ့ ကံကောင်းခြင်း စကားလုံးတွေကို ငါလက်ခံတယ်!" 


ထိုအမျိုးသားက ရိုးသားစွာ ပြောလိုက်သည်။ 


"မင်းရဲ့ဆန္ဒတွေကို ပြည့်ဝပြီး အောင်မြင်စွာ သေဆုံးပါစေလို့ ငါမျှော်လင့်ပါတယ်၊ အတူတူကြိုးစားကြမယ်"


ဟိုင်ရိ၏ အဖြေမှာလည်း ရိုးသားလှသည်။


"အတူတူကြိုးစားကြမယ်"


ဟိုင်ရိ ဤထူးဆန်းသည့်ကမ္ဘာသို့  ရောက်ရှိလာခဲ့သည်မှာ ငါးရက်မြောက်နေ့ပင် ရှိပြီဖြစ်သည်။ သူ ဤနေရာသို့ ရောက်ရှိလာရခြင်းမှာ မိမိကိုယ်ကို သတ်သေခဲ့သောကြောင့်ပင်ဖြစ်၏။ 


ဤကမ္ဘာတွင် သူသည် အသက်ရှင်လိုသည့် ဆန္ဒမရှိပေ။ ဤကမ္ဘာသည် ပုံမှန်ကမ္ဘာနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။ ပုံမှန်ကမ္ဘာတွင် လူတိုင်း အသက်ရှင်ရန် အစွမ်းကုန်ကြိုးစားကြသော်လည်း၊ ဤကမ္ဘာတွင်မူ သူတို့သည် သေရန်သာ အစွမ်းကုန်ကြိုးစားကြ၏။


သူတို့၏ ဘဝများသည် တန်ဖိုးအမဲ့ဆုံးသော အရာများဖြစ်ကြသည်။ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ မည်သူမျှ မလိုချင်ကြပေ။

ငါးရက်အကြာတွင် ဟိုင်ရိသည် သူ၏ခေါင်းပေါ်သို့ ပလက်စတစ်အိတ်အုပ်၍ ကိုယ့်ကိုယ်ကိုယ် အသက်ရှူကြပ်စေပြီး သတ်သေရန် ကြိုးစားခဲ့၏။ သူ မအောင်မြင်ခဲ့သော်လည်း ဤနေရာသို့တော့ ရောက်ရှိလာခဲ့သည်။


"နာမည် အပြည့်အစုံ" 


အမေးစကားဆိုလာသည်။


"ဟိုင်ရိ" 


သူက ပြန်ဖြေလိုက်၏။


"မင်းရဲ့ နာမည်အပြည့်အစုံ" 


ထပ်မေးလိုက်ပြန်သည်။


"ဟိုင်ရိပဲ၊ ကျွန်တော် မွန်ဂိုလူမျိုးပါ" 


သူက ပြန်ဖြေလိုက်၏။


ကောင်တာနောက်ကွယ်မှ လူက မျက်ခုံးပင့်ကာ သူ့ရုပ်ရည်ကို တစ်ချက်ကြည့်လိုက်သည်။


"အသက်" 


"၂၃"


"ဒီလိုငယ်ရွယ်တဲ့အရွယ်မှာ သေဆုံးခဲ့တာလား" 


ကောင်တာဝန်ထမ်းက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ 


"မင်း ဘယ်လို ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာလဲ "


"အသက်ရှူကြပ်အောင် လုပ်ခဲ့တာ"


ဟိုင်ရိက ပြန်ဖြေသည်။


ဝန်ထမ်းက မေးပြန်၏။ 


"ဘာလို့ အသက်ရှူကြပ်ပြီး သေဖို့ ရွေးချယ်တာလဲ" 


ဟိုင်ရိက ရိုးသားစွာ ပြန်ဖြေလိုက်သည်။ 


"ဒါက ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်ရာရောက်တယ်"


ကောင်တာဝန်ထမ်းသည် မည်သည့်စကားမျှ မပြောဘဲ နေလိုက်၏။


ထပ်ခါတလဲလဲ လုပ်ရသည့် အလုပ်များကြောင့် ပင်ပန်းနွမ်းနယ်လာသည့် ဝန်ထမ်း၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွတ်လာသည်။ သူ၏လက်ထဲမှ စာရွက်ကို ကြည့်ရင်း 


"မင်း ကိုယ့်ကိုယ်ကိုယ် မသတ်သေခင် အကြွေးတွေ ရှိခဲ့လား" 


"မရှိပါဘူး" 


"မင်း ဘယ်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာလဲ ကိုယ့်အိမ်မှာလား၊ ဒါမှမဟုတ် ငှားထားတဲ့နေရာမှာလား" 


ဝန်ထမ်းက မေးလိုက်သည်။


ဟိုင်ရိသည် သူ၏ မဆိုးဝါးလှသည့် ဘဝကို ပျင်းရိစွာ ပြန်ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် အဝတ်လျှော်စက်ထဲ ပစ်ထည့်ခံထားရသည့် အိမ်သာသုံးစက္ကူကဲ့သို့ ခံစားရ၏။ သူ၏ပါးစပ်က လှုပ်ရှားပြီး ‌ဖြေလာသည်။ 


"ကျွန်တော့်အိမ်မှာပါ" 


ဟိုင်ရိသည် ကုလားထိုင်ပေါ်တွင် ပျင်းရိစွာ ထိုင်နေသည်။ သူ၏လက်များသည် စကျင်ကျောက်ကောင်တာပေါ်တွင် တင်ထားပြီး ဘောပင်ကို ပေါ့ပေါ့ပါးပါး လှည့်နေ၏။ ဘောပင်လှည့်လိုက်သည်နှင့် သူ၏သတိသည် လွင့်ပျံသွားပြီး ဖြစ်စဉ်ကို ဂရုမစိုက်ဘဲ ပြန်ပြောပြလိုက်သည်။


"ကျွန်တော့်မှာ ၁၈ ထပ်တိုက်မှာ အိမ်တစ်လုံးရှိတယ်... ကျွန်တော် အပြည့်အဝပေးချေထားတဲ့ ကိုယ့်အိမ်မှာကိုယ် ပလက်စတစ်အိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် အသက်ရှူကြပ်စေပြီး သတ်သေခဲ့တာ... ကျွန်တော့်သေဆုံးမှုက ဘယ်သူ့ပိုင်ဆိုင်မှုကိုမှ ထိခိုက်မှုမရှိဘူးဆိုတာ အာမခံပါတယ်... သွေးတောင်မထွက်ဘူး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှု ကာကွယ်ရာ အရမ်းရောက်တယ်"  


ကောင်တာဝန်ထမ်းက မေး၏။


"စိတ်မပူပါနဲ့... မင်းက သွေးနှောလား ဒါမှမဟုတ် မွန်ဂိုလူမျိုးအားလုံးက မင်းလိုပဲလား။" 


"ကျွန်တော် တရုတ်လူမျိုးပါ။" 


ဟိုင်ရိက ပြောလိုက်သည်။ 


"ဒါပေမဲ့ ကျွန်တော့်အမေက လူမျိုးရေးအရ ရုရှားဖြစ်ပြီး အဖေက မွန်ဂိုလူမျိုး...ကျွန်တော်က အယောင်ဆောင် သွေးရောနှောထားတဲ့ လူတစ်ယောက်ပါ" 


ဝန်ထမ်းက မေးမြန်းပြန်သည်။


 "မင်း ပိုက်ဆံမရှိပုံမပေါ်ဘူး၊ ဆွေမျိုးတွေ ရှိလား... မင်းရဲ့ အခြေအနေက ဘယ်လိုလဲ" 


"အဖေနဲ့ အမေ နှစ်ယောက်စလုံး ရှိတယ်" 


အနည်းငယ်အောက်သို့ လျှောကျသွားသည့် ဟိုင်ရိက ခပ်မတ်မတ် ထိုင်လိုက်၏။ 


"မိသားစုအခြေအနေက..."


သူသည် စဉ်းစားပြီး ပိုသင့်တော်သည့် စကားလုံးကို ရှာတွေ့လိုက်သည်။ 


"မဆိုးပါဘူး" 


ဝန်ထမ်းသည် မှန်နောက်ကွယ်မှ သူ့ကို နောက်တစ်ခါ လှမ်းကြည့်လိုက်ပြီး ဆက်ပြောရန် လက်ဟန်ပြလိုက်သည်။ သူ လုံလုံလောက်လောက် မပြောရသေးသည်မှာ သိသာသည်။


ဟိုင်ရိ : "ကျွန်တော့်အမေက အရမ်းချမ်းသာတဲ့ ကမ္ဘာလှည့်ခရီးသည်နဲ့ လက်ထပ်ခဲ့တယ်... ကျွန်တော့်အစ်မကလည်း လက်ဝတ်ရတနာရောင်းတဲ့ စီးပွားရေးမှာ ချမ်းသာတဲ့သူတစ်ယောက်နဲ့ လက်ထပ်ထားတယ်... ကျွန်တော်က သူတို့ကို ဆွဲချနေတာ ခင်ဗျားမှာ သင့်တော်တဲ့သူ ရှိလား... ကျွန်တော့်ကို မိတ်ဆက်ပေးပါလား "


ဝန်ထမ်း : "ငါ့မှာ သင့်တော်တဲ့သူ ရှိရင် မင်းမှာ အခွင့်အရေး ရမယ်ထင်လား... မင်းမိသားစုက တော်တော်ချမ်းသာနေပြီ... နောက်ဆုံးမေးခွန်း  မင်းရဲ့ လိင်စိတ်ခံယူမှုက ဘယ်လိုလဲ"


ဟိုင်ရိက ‌မနေနိုင်စွာ မေးလိုက်သည်။ 


"ဘယ်နှစ်ခု မေးဦးမှာလဲ" 



"ဒါက ဒုတိယမြောက် နောက်ဆုံးမေးခွန်းပါ" 


ဝန်ထမ်းက ပြန်ဖြေသည်။


"Gay" 


ဟိုင်ရိက ပေါ့ပေါ့ပါးပါး '0' လက္ခဏာပြလိုက်သည်။ ထိုင်နေရာမှ ထပြီး ဝန်ထမ်းကို ကြည့်လိုက်၏။ 


"ကျွန်တော်က 0 ပါ"


ထိုစကားကြောင့် အခြေအနေက ပိုမိုရှင်းလင်းသွားသည်။ ဤစကားကို ကြားပြီးနောက် ဝန်ထမ်းက နက်ရှိုင်းသည့် "ဪ" အသံပြုကာ ရှက်ရွံ့စွာ ဟိုင်ရိ၏ အကြည့်ကို ရှောင်တိမ်းလိုက်၏။ ဟိုင်ရိသည် ဤအမူအရာကို ကောင်းစွာ ရင်းနှီးပြီးသားဖြစ်သည်။ ဟိုင်ရိက သူ့ကို သဘောကျသွားမည်ကို သူ ကြောက်နေခြင်းပင်ဖြစ်၏။


ထို့ကြောင့် ဝန်ထမ်းသည် မလိုအပ်သည့် မေးခွန်းများအားလုံးကို ကျော်လွှားပြီး တည့်တည့်မေးလိုက်သည်။ 


"ဒါဆို ဒါက နောက်ဆုံးမေးခွန်းပဲ  မင်း ကိုယ့်ကိုယ်ကိုယ် သတ်သေရတဲ့ အကြောင်းရင်းက ဘာလဲ"


ဟိုင်ရိက မစဉ်းစားဘဲ ပြန်ဖြေလိုက်သည်။ 


"ချမ်းသာတဲ့သူနဲ့ မလက်ထပ်နိုင်လို့ပါ"


ဝန်ထမ်းသည် အံ့သြသွားပုံရ၏။


"ဒါကို ရေးလို့ရတယ်" 


ဟိုင်ရိက သူ့စာအုပ်ကို လက်ညှိုးထိုးပြလိုက်သည်။ 


"ဒါမှမဟုတ် ပျင်းလို့ဆိုပြီးလည်း ပြောလို့ရတယ်"


"ပျင်းလို့ပါ" 


ဟိုင်ရိက လေကို မှုတ်ထုတ်လိုက်ပြီး သူ၏ ပတ်ဝန်းကျင်ကို ကြည့်ရင်း မေးလိုက်သည်။ 


"ကျွန်တော် အခု သွားလို့ရပြီလား"


"ရတယ်" 


ဝန်ထမ်းက ခေါင်းငြိမ့်လိုက်၏။ မည်သည့်နေရာမှ ရောက်လာမှန်းမသိသည့် အထင်ကြီးဖွယ် အမူအရာဖြင့် စာရွက်ကို ဆွဲဖြဲပြီး ဟိုင်ရီရှေ့သို့ ကျကျနန ပစ်ချလိုက်သည်။ 


သူသည် လက်မှတ်ထိုးရမည့် နေရာကို သူ၏ဘောပင်ဖြင့် ပုတ်လိုက်ပြီး ခပ်သွက်သွက်ပြောလိုက်၏။ 


"ဒီနေရာမှာ လက်မှတ်ထိုးပါ"


ဟိုင်ရိသည် ပေါ့ပေါ့ပါးပါးနှင့် ခန့်ညားစွာ လက်မှတ်ထိုးလိုက်သည်။


ဝန်ထမ်းက တစ်ချက်ကြည့်ပြီးမှ ပြောလာသည်။ 


"ဟုတ်ပြီ၊ မင်းရဲ့ မှတ်ပုံတင်ကတ်အကြောင်း ပြောပြမယ်..ဘဏ်ကတ်တစ်ခု ထုတ်ပေးမယ်.. မင်းရဲ့ကတ်က ဟိုတယ်အပေါ်ထပ်က အခန်းနဲ့ ချိတ်ဆက်ထားတယ်" 


ဟိုင်ရိ : "အဲဒါ ဘာအတွက် ပေးတာလဲ"


ဝန်ထမ်းက ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည်။ 


"မင်း မသေသင့်ဘူးဆိုရင် မသေနိုင်ဘူး  ဒါက ဒီကမ္ဘာရဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းနဲ့ ကျန်းမာရေးစောင့်ကြည့်ရေးရုံးရဲ့ စည်းမျဉ်းပဲ.. မင်း သေနိုင်မလား မသေနိုင်ဘူးလားဆိုတာက မင်းရဲ့စွမ်းရည်ပေါ် မူတည်တယ်.. အတွေ့အကြုံမရှိသေးသူတွေအတွက် လမ်းညွှန်ချက်  ဓာတ်လှေကားကနေ ဆင်းပြီးရင် ညာဘက်ကို ကွေ့လိုက်.. မင်းအခန်းကို ရှာပြီး တံခါးမှာရှိတဲ့ ကတ်သေးသေးလေးတွေကို ကြည့်လိုက်"


ဟိုင်ရိက ထရပ်လိုက်သည်။


"မေးခွန်းတစ်ခုမေးမယ်" 


ဝန်ထမ်းသည် အံ့သြသွားပုံရသည်။


"ကျွန်တော်ပဲ ကံမကောင်းတာလား၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေသူတိုင်း ဒီလိုအဆုံးသတ်တာလား" 


ကောင်တာဝန်ထမ်းက ဖြေလာ၏။


"လူတိုင်း အတူတူပါပဲ.. ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့နေရာမှာ အောင်မြင်တဲ့သူတိုင်း ဒီနေရာကို ရောက်လာတာပဲ.. မင်းသာ ဒီမှာ မအောင်မြင်ရင်...... မင်း ဆေးရုံမှာ ပြန်နိုးလာနိုင်တယ်.. မင်းအမေက မင်းလက်ကို ဆုပ်ကိုင်ပြီး ရှိုက်ကြီးတငင်ငိုနေလိမ့်မယ်.. မင်းကို ဘယ်လို နီးပါးဆုံးရှုံးရမလဲဆိုတာ ပြောနေလိမ့်မယ်.. ငါဒီလောက်ပြောပြီးပြီဆိုတော့ မင်းနဲ့တွေ့ရတာ အရမ်းပျော်တယ်လို့ ပြောပါရစေ.. ပျော်စရာကောင်းတဲ့ ခရီးဖြစ်ပါစေလို့ ကြိုတင်ဆုတောင်းပေးပါတယ်.. ဒီမှာ ဘာဖြစ်ခဲ့လဲဆိုတာ မင်းမှတ်မိမှာ မဟုတ်ဘူး.. ဒါက မင်းအတွက် တစ်ရေးအိပ်တာပဲ ဖြစ်လိမ့်မယ်.."


ကောင်တာဝန်ထမ်းက အေးဆေးတည်ငြိမ်စွာပင် ဆက်ပြောလာ၏။


"ကြိုဆိုပါတယ်.. မင်းလိုချင်တာတွေ အကုန်ရပါစေလို့ ငါ ဆုတောင်းပေးပါတယ်"


ဟိုင်ရိက ယဉ်ကျေးစွာ မေးလိုက်သည်။ 


"ခင်ဗျားမျက်နှာက အကြောဆွဲနေတာလား"


ဝန်ထမ်းက မျက်နှာအကြောဆွဲနေသကဲ့သို့ ပြုံးနေသည်ကို ရပ်လိုက်သည်။


"ခင်ဗျားက ကျွန်တော့်အကြိုက် မဟုတ်ဘူး" 


ဟိုင်ရိသည် ပြောပြီးသည်နှင့် သူ၏အခန်းကတ်ကို ယူလိုက်ပြီး သူ၏ဂျာကင်ကို ကောက်ယူကာ သူတို့နှစ်ဦး၏ မျက်နှာချင်းဆိုင်လိုက်သည်။


"စိတ်လျှော့ပါ.. ခင်ဗျားရဲ့ဖင် လုံခြုံပါတယ်" 


ကောင်တာဝန်ထမ်းက ပြောလာသည်။ 


"တောင်းပန်ပါတယ် ငါက လိင်တူမကြိုက်တဲ့ ယောက်ျားတစ်ယောက်ပါ ဆင်းလည်းဆင်းရဲတယ်"


"တောင်းပန်ပါတယ်" 


ဟိုင်ရိက ပြန်ပြောလိုက်၏။


"ကျွန်တော် ခင်ဗျားရဲ့ဘောင်းဘီကို ပြောတာပါ"


ကောင်တာဝန်ထမ်းသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ ဇစ်ပွင့်နေသည်ကို တွေ့လိုက်ရသောအခါ ချက်ချင်း ထိုနေရာ၌ပင် သေဆုံးသွားချင်စိတ် ပေါက်သွားသည်။ 


သို့သော် ထိုသို့သေဆုံးရန် မဖြစ်နိုင်တော့ပေ။ သေဆုံးခြင်းသည် သူ့အတွက် လက်လှမ်းမမီတော့သည့် အရာဖြစ်သည်။


ထို့ကြောင့် ဤနေရာတွင် ဟာသစကားများစွာကို ပြောဆို၍မရတော့ခြင်း ဖြစ်၏။ "သွားသေလိုက်" ဟု ပြောလိုက်ပါက ကျန်တစ်ဖက်က "မင်းရဲ့ ကံကောင်းခြင်း စကားတွေကို ငါယူမယ်" ဟူ၍ ပြန်တုံ့ပြန်နိုင်သည်။


ဤနေရာရှိ လူတိုင်းသည် အသက်ရှင်ခြင်း၌ ပျော်ရွှင်မှု အနည်းငယ်သာ ရှိကြပြီး သေခြင်းကို မကြောက်ရွံ့ကြပေ။ ခြိမ်းခြောက်ခြင်းသာ သူတို့ လုပ်နိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်သည်။


ကောင်တာဝန်ထမ်းက ပြော၏။


"မင်းရဲ့ ဘဏ်ထဲက ငွေစုတွေ ကုန်သွားပြီဆိုရင် မင်းကို အိမ်ပြန်ပို့လိုက်မှာဖြစ်ပြီး ဒီတစ်ခါ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားမှုက မအောင်မြင်ဘူးလို့ သတ်မှတ်လိမ့်မယ်" 


ဟိုင်ရိသည် သူ၏လက်ထဲရှိ ငွေရောင်ဘဏ်ကတ်ကို လှုပ်ယမ်းလိုက်ပြီး အံ့သြစွာဖြင့် မေးလိုက်သည်။ 


"ဒီထဲမှာ ပိုက်ဆံပါလား" 


"မင်းမှာ... နှစ်ရာလောက်တော့ ရှိတယ်" 


ထိုလူသည် သူ၏ကွန်ပျူတာကို ကြည့်လိုက်ပြီး ဆက်လက်ပြောလာသည်။ 


"အပေါ်ထပ်က ဟိုတယ်က ညတိုင်း တစ်ရာကျတယ်"


ဟိုင်ရိ : "အစားအသောက်ကရော"


"မနက်စာက အခမဲ့ပါ နေ့လည်စာနဲ့ ညစာအတွက် တစ်နပ်ကို ၁၅ မှတ်ပေးရမယ်"


ဟိုင်ရိသည် သူ၏တစ်သက်တာလုံး ဤမျှဆင်းရဲဖူးခြင်း မရှိခဲ့ပါ။ သူ ချက်ချင်းပင် ထိုင်ချလိုက်ပြီး မေးလိုက်သည်။ 


"ဘယ်လောက်တောင် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းလဲ... ကျွန်တော့်ကို အခုပဲ အိမ်ပြန်ပို့လိုက်တော့" 


ဝန်ထမ်းသည် ဘာမှပြန်မပြောနိုင်ဘဲ ငြိမ်သက်သွား၏။


"ဒါလည်း ဖြစ်နိုင်ပါတယ်"


ဝန်ထမ်းသည် ခဏတာ တိတ်ဆိတ်နေပြီးမှ


"ဒါပေမဲ့ မင်းက အသက်ရှူကြပ်ပြီး သေဆုံးခဲ့တာဖြစ်ပြီး ဒီကိုလာတဲ့လမ်းမှာ ခဏကြာသွားခဲ့တယ်.. မင်း အိမ်ပြန်သွားရင် အချိန်မီကယ်ဆယ်နိုင်မှာ မဟုတ်ဘူး ဟုတ်တာပေါ့ မင်းတော့ သေမှာမဟုတ်ဘူး ဒါပေမယ့် ဟင်းသီးဟင်းရွက်ဖြစ်သွားနိုင်ခြေကတော့ မြင့်တယ်"


( TN - ဟင်းသီးဟင်းရွက်ဖြစ်တယ်ဆိုတာက ဦးနှောက်သေပြီး တွေးတာ လှုပ်ရှားတာမျိုး မဟုတ်နိုင်ဘဲ ကိုမာဝင်နေသလိုဖြစ်သွားတာကိုပြောတာပါ )


ဟိုင်ရိ၏ စိတ်အခြေအနေသည် ဤမျှပြောင်းလဲမှု ကြီးမားခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။

ဝန်ထမ်းက ထပ်မံ၍ ရှင်းပြလိုက်သည်။


"အသက်ရှူကြပ်ပြီး သေဆုံးခြင်းက အဖြစ်နည်းတဲ့ သေဆုံးနည်းဆိုတော့ ပေးတဲ့ပိုက်ဆံက နည်းနည်းလေး နည်းတယ်... ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသူတွေကို ၁၅၀၀၊ ၃၀၀၀ က ရေနစ်သေဆုံးသူ ဒါမှမဟုတ် အဆောက်အဦးကနေ ခုန်ချတဲ့သူတွေအတွက်၊ မျက်နှာပြင်မှာ ဓားနဲ့ ဖြတ်သတ်သူတွေကိုတော့ ၁၀၀၀၀ ပေးတယ်.. ငါက လက်ကောက်ဝတ်ကို ဖြတ်ပြီးလာခဲ့တာ" 


ဟိုင်ရိသည် အံ့သြတုန်လှုပ်စွာဖြင့် သူ့ကို တစ်ဖန်ပြန်စိုက်ကြည့်လိုက်၏။ သူ၏လက်ကောက်ဝတ်သည် သန့်ရှင်းနေသည်။


"သေဆုံးသွားတဲ့သူတွေကို ဂုဏ်သိက္ခာပေးဖို့ ငါတို့ လုပ်ရတာပေါ့" 


ဝန်ထမ်းက ပြောလာ၏။


ဝန်ထမ်းက သူ့ကို နှစ်သိမ့်လိုက်သည်။ 


"စိတ်မပူပါနဲ့ အချစ်လေး.. မင်း မနက်ဖြန် အပြင်ထွက်ပြီး ပိုက်ဆံရှာလို့ရတယ်.. ဒီမှာ မင်းရဲ့ဘဝအိပ်မက်ကို အကောင်အထည်ဖော်နိုင်မယ့် ချမ်းသာတဲ့သူတစ်ယောက်နဲ့ လမ်းမှာ တွေ့ပါစေလို့ မျှော်လင့်ပါတယ်"


ဟိုင်ရိက မေးခွန်းထုတ်လိုက်သည်။


"ဒါပေမဲ့ တစ်ယောက်နဲ့မှ မတွေ့ရင် ကျွန်တော် ပြန်သွားပြီး ဟင်းသီးဟင်းရွက် ဖြစ်သွားရုံပဲလား အဲ့လိုလား"


"မဟုတ်ဘူး မဟုတ်ဘူး" 


ဝန်ထမ်းက ပြောလိုက်၏။ 


"ဒါက ဖြစ်နိုင်ခြေပဲ၊ ခန့်မှန်းခြေအားဖြင့်... ကိုးဆယ်ရာခိုင်နှုန်းလောက် ဖြစ်နိုင်ခြေရှိတယ်"


ဟိုင်ရိ : "ဪ..."


ဝန်ထမ်းက ထပ်တိုးပြောလာသည်။


"မင်းရဲ့ ဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုတောင်းပေးပါတယ်" 


ဟိုင်ရိသည် လုံးဝကို အံ့သြတုန်လှုပ်သွား၏။ ချမ်းသာသူတစ်ဦးနှင့် လက်ထပ်လိုခြင်းသည် လိမ်ညာမှုဖြစ်သည်။ သူ၏ တကယ့်ဆန္ဒမှာ သေရန်ပင်ဖြစ်၏။


သို့သော်... တောက်စ် ဘယ်လို ဦးတည်ချက်မျိုးလဲ။ တစ်ဖက်တွင် ဟင်းသီးဟင်းရွက်ဖြစ်ခြင်း၊ ကျန်တစ်ဖက်တွင် သေခြင်း၊ သူသေလိုလျှင်ပင် ချမ်းသာသူတစ်ဦးနှင့် လက်ထပ်ရန် လိုအပ်သည်လား။

ကမ္ဘာပေါ်မှာ ဒီလိုကိစ္စမျိုး ဘယ်မှာ ဖြစ်နိုင်မှာလဲ။ ကြည့်ပါဦး၊ ဒါက တကယ်ကို စိတ်ပျက်အားငယ်နေတဲ့သူတစ်ယောက်ရဲ့ အခြေအနေမျိုးပဲ။


သူက သေခြင်းသည် လုံလောက်ပြီဟု မူလက ထင်ခဲ့သော်လည်း ယခုမူ သေခြင်းလည်း မဖြစ်နိုင်၊ အသက်ရှင်ခြင်းလည်း မဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ အဘယ်ကြောင့် သူသည် ကိုယ့်ကိုယ်ကိုယ် အသက်ရှူကြပ်စေရန် ဇွတ်အတင်းလုပ်ခဲ့ရသနည်း။


နံနက်ခင်းက ပလက်စတစ်အိတ်ကို ခေါင်းပေါ်အုပ်၍ အသက်ရှူကြပ်ပြီး သေဆုံးသွားသော အမျိုးသားတစ်ဦးအကြောင်း ခပ်တုံးတုံးသတင်းကို မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်၏။ သူသည် သွေးဆောင်မှု ခံခဲ့ရပြီး ထိုသို့ဖြင့် ဤအခြေအနေသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထွက်ခွာသွားပြီဖြစ်သော ဟိုင်ရိသည် နောက်သို့လှည့်ပြန်လာခဲ့သည်။ ဝန်ထမ်းအနားသို့ ချဉ်းကပ်လာပြီး မေးလိုက်သည်။


"ဒီမနက် အသက်ရှူကြပ်ပြီး သေဆုံးသွားတဲ့သူတစ်ယောက် ရှိတယ်၊ သူရောက်လာပြီလား" 


အနည်းဆုံးတော့ သူက လက်စားချေရမည်ဖြစ်သည်။


"ငါကြားတာတော့ မရှိဘူး" ဝန်ထမ်းက ပြန်ဖြေ၏။ 


"ဒါပေမဲ့ သူက တမင်တကာ ကိုယ့်ကိုယ်ကိုယ် အသက်ရှူကြပ်ပြီး သေဆုံးတာ မဟုတ်ဘူးဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုလို့ သတ်မှတ်မှာ မဟုတ်ဘူး၊ ဒါက ဉာဏ်ရည်ဉာဏ်သွေးနဲ့ဆိုင်တဲ့ကိစ္စပဲ.. သူက အခုလောက်ဆို သေနေလောက်ပြီ"


ဟိုင်ရိသည် ဘာမှမပြောနိုင်ဘဲ ငြိမ်သက်သွားသည်။

ဝန်ထမ်းသည် ထပ်မံ၍ ထိုအကြောဆွဲနေသည့်နှယ် ပြုံးပြသည့် အမူအရာကို ပြုလုပ်လိုက်၏။


တောက်စ်!


ဟိုင်ရိသည် သူ၏ဘဝတွင် လမ်းဆုံးသို့ ရောက်ရှိနေပြီဟု တကယ်ခံစားလိုက်ရလေသည်။


🌟🌟🌟