Chapter : 2 ( အာ...ငါသေဖို့ မအောင်မြင်ခဲ့ဘူး [1] )
ဟိုင်ရိ ဤနေရာသို့ ရောက်ရှိပြီးနောက် ငါးရက်မြောက်နေ့တွင် သူ၏ ပထမအချီ၌ လူသတ်သမားကတ်ကို ရရှိခဲ့သည်။ သူသည်ပိပိရိရိဟန်ဆောင်ခဲ့ပြီးနောက် ဟင်းသီးဟင်းရွက်ဘဝသို့ ပြန်မရောက်ရဘဲ လွတ်မြောက်ခဲ့၏။ သူသည် မှတ်စုများစွာလည်း ရခဲ့သည်။ ထိုအတွက် တန်ဖိုးအနေဖြင့် သူမကျေနပ်သည့် အသက်နှစ်ဆယ်အရွယ် မိန်းကလေးတစ်ဦးသည် သူ့အစား အိမ်ပြန်သွားခဲ့ရသည်။
ရှန့်ချန့်ယန် နှင့် ဟိုင်ရိတို့သည် ခရိုင် (၉) သို့ ပြန်ရန် ရည်ရွယ်၍ ပုံမှန်ဘတ်စ်ကားကို စီးနင်းခဲ့ကြသည်။ ဟိုင်ရိက 180 စင်တီမီတာ မြင့်ပြီး ရှန့်ချန့်ယန်က 190 စင်တီမီတာ မြင့်သောကြောင့် ဘတ်စ်ကားပေါ်တွင် နည်းနည်း ကျပ်နေ၏။ ဟိုင်ရိသည် အတ္တလန်တစ်၏ရတနာ (Jewel of Atlantis) ဂိမ်းကို ကစားနေရင်း ခြေထောက်နှစ်ချောင်းကို ဖြဲထိုင်နေခဲ့သည်။ ထိုအချိန်တွင် ရှန့်ချန့်ယန်က သူတို့၏ အိတ်များကို အိတ်တင်စင်ပေါ်သို့ ပစ်တင်လိုက်သည်ကို သူမြင်လိုက်ရ၏။
ဟိုင်ရိသည် သူ့ကိုယ်သူ မထိန်းနိုင်ဘဲလှမ်းမေးလိုက်၏။
"ငါက လူသတ်သမားမှန်း မင်းခန့်မှန်းမိလား"
ရှန့်ချန့်ယန်သည် အေးဆေးစွာ ခေါင်းညိတ်လိုက်သည်။ သူ၏ ဦးထုပ်လျှာအား ဆွဲချပြီး လက်များကို ပိုက်ကာ အိပ်ရန် ပြင်ဆင်လိုက်၏။
ဟိုင်ရိသည် ခေါင်းငုံ့၍ သူ၏ဂိမ်းကို ဆက်ကစားနေခဲ့သည်။ သူ ဂိမ်းထဲ၌သေဆုံးသွားခဲ့ပြီ။ ရှန့်ခန်ယန်၏ စကားများကို မယုံနိုင်သေးဘဲ ဟိုင်ရိက ပေါ့ပေါ့ပါးပါးပင် မေးလိုက်၏။
"မင်း ဘယ်သူ့ကို မဲပေးခဲ့တာလဲ"
ရှန့်ချန့်ယန်: "ခင်ဗျားကို"
ဟိုင်ရိ: ...
"ဘာလို့လဲ"
ဟိုင်ရိသည် တုန်လှုပ်သွားသည်။
သူ၏ "ဘာလို့လဲ" ဆိုသည်မှာ မည်သည့်အရာကို ရည်ညွှန်းမှန်း သူကိုယ်တိုင်ပင် မသိခဲ့ပေ။ သူသည် ရှန့်ချန့်ယန်က သူ့ကို မည်သို့သိရှိသွားကြောင်း မေးနေခြင်းလား သို့မဟုတ် ရှန့်ချန့်ယန်က သူ့ကို မဲပေးခဲ့သည်ကို အဘယ်ကြောင့်ဟု မေးနေခြင်းလား။ ရှန့်ချန့်ယန်က သူ့ကို အေးတိအေးစက် ဆက်ဆံမည်ကို မကြောက်ဘူးလား။
ရှန့်ချန့်ယန်သည် သူ၏မေးခွန်းအား အလိုအလျောက် နားလည်လိုက်သည်။
"ခင်ဗျားက ပထမအချီမှာ လူသတ်သမား မဟုတ်ဘူးမလား"
ဟိုင်ရိသည် ခဏတာ တိတ်ဆိတ်သွားပြီး ဂိမ်းဆက်ကစားနေခဲ့သည်။ ဤစကားတစ်ခွန်းတည်းဖြင့်ပင် ဟိုင်ရိသည် ရှန့်ချန့်ယန်က သူ၏ နည်းဗျူဟာကို တကယ်ပင် မြင်သိနေကြောင်း နားလည်လိုက်သည်။
ယေဘူယျအားဖြင့် ဤဂိမ်း၏ စည်းမျဉ်းများမှာ မဲပေးခြင်း နှစ်ကြိမ်ရှိမည်ဖြစ်ပြီး ပထမအချီနှင့် ဒုတိယအချီတွင် လူသတ်သမားများ မတူညီကြပေ။ ဤအကြောင်းကို သိရှိပြီးနောက် ဟိုင်ရိသည် ပထမအချီ လူသတ်သမား မဲပေးခံရပြီးနောက် ရှေ့သို့ထွက်ကာ ပထမအချီတွင် မှားယွင်းစွာ ဆုံးဖြတ်ခဲ့မိကြောင်းနှင့် သူသည် တကယ့်လူသတ်သမားဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ထို့ကြောင့် လူတိုင်းက သူ့ကို ဒုတိယအချီတွင် ချန်လှပ်ထားခဲ့သည်။ အမှန်တကယ်တော့ ထိုသို့ကစားခြင်းသည် မသင့်တော်ပေ။ အလွန်အန္တရာယ်များသည်။ အကယ်၍ တကယ့်လူသတ်သမားသာ ထွက်ပေါ်လာပါက ဟိုင်ရိသည် ထိုနေရာတွင်ပင် အမှန်အတိုင်း ပေါ်သွားမည်ဖြစ်၏။
ဟိုင်ရိသည် ပထမအချီတွင် မဲပေးခံရသူသည် လူသတ်သမားဖြစ်ပြီး အခြားလူသတ်သမား မရှိကြောင်း သေချာယုံကြည်သောကြောင့်သာ ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူက သူတို့၏ နေရာကို ယူရဲခဲ့ခြင်း ဖြစ်၏။
ဟိုင်ရိသည် ထိုင်ခုံအား မှီလျက် ခေါင်းငုံ့ကာ အတ္တလန်တစ်၏ရတနာ ဂိမ်းကို တိတ်ဆိတ်စွာ ကစားနေသည်။ သူ၏ဖုန်းမှ အသံများ မြည်လာပြီး အထူးပြုလုပ်ချက်များ ထွက်ပေါ်လာသည်။ အလွန်ထိရောက်သည့် လုပ်ဆောင်ချက်များကို ဆက်တိုက်လုပ်ဆောင်ပြီးနောက် သူ၏စွမ်းအင်အားလုံး ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။ သို့သော်အောင်မြင်သည့်အဆင့် တစ်ခုမျှပင် မရှိသေးပေ။ ဟိုင်ရိသည် ထိုအခြေအနေကို ကျော်လွှားနိုင်ခြင်း မရှိသေးဘဲ ရှန့်ချန့်ယန်ဘက်သို့ လှည့်လိုက်သည်။
"ငါလိမ်နေတာကို မင်း ဘယ်လို ခန့်မှန်းမိတာလဲ။ ဘယ်နေရာအတိအကျမှာ ငါမှားသွားလို့လဲ"
ရှန့်ချန့်ယန်သည် မျက်လုံးများကို မှိတ်၍ အိပ်ပျော်နေခဲ့၏။ ဤစကားများကို ကြားလိုက်ရသောအခါ သူရုတ်တရက် ရယ်မောလိုက်ပြီး မျက်လုံးများကို ဖွင့်ကာ ဟိုင်ရိကို စိုက်ကြည့်လိုက်သည်။
"ကော.. ကျွန်တော်က ပထမအချီမှာ လူသတ်သမားပဲ"
ဟိုင်ရိ: ...
ဟိုင်ရိသည် ချက်ချင်းပင် ချွေးအေးများ စိုလာသည်ဟု ပြောလျှင် ချဲ့ကားရာ မရောက်ပေ။
အကယ်၍ ရှန့်ချန့်ယန်က ပထမအချီတွင် လူသတ်သမားမဟုတ်ခဲ့လျှင် သူ၏နှလုံးသားအနက်ရှိုင်းဆုံးနေရာအထိ ချမ်းစိမ့်သွားမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ရှန့်ချန့်ယန်သည် ဟိုင်ရိက ပထမအချီတွင် လူသတ်သမားဖြစ်သည်ဟု ပြောဆိုခဲ့စဉ်ကတည်းက ဟိုင်ရိသည် လူသတ်သမားဖြစ်ကြောင်း သေချာသိရှိနေပြီး နောက်ရက်အနည်းငယ်အတွင်း သူ၏ပုံစံများကို စောင့်ကြည့်နေခြင်းသာ ဖြစ်၏။
ရှန့်ချန့်ယန်က သူ့ကို ဖော်ထုတ်မပြခဲ့ပေ။ တစ်ကြိမ်မျှပင် မေးမြန်းခြင်း လည်းမရှိခဲ့ပေ။
ဟိုင်ရိ: "ဘာလို့ မင်းလဲ.. အဲ့ဒီလူက ပထမအချီမှာ တကယ်ပဲ မမှန်မကန် သေဆုံးခဲ့တာလား.. သူ့ကို ဆန့်ကျင်တဲ့ ငြင်းမရတဲ့ အထောက်အထား ရှိခဲ့တာလား"
ရှန့်ချန့်ယန်: "ပြန်သုံးသပ်ကြည့်ချင်လား"
ဟိုင်ရိသည် ကားထဲတွင် ဖုန်းကစားနေသဖြင့် ကားမူးသလို ဖြစ်နေ၏။ ပက်လက်လှန်ရင်း သူက ပြောလိုက်သည်
"မေ့လိုက်တော့"
ရှန့်ချန့်ယန်သည်လည်း မျက်လုံးများကို မှိတ်လိုက်သည်။
ခဏအကြာတွင် ဟိုင်ရိသည် မျက်လုံးများကို ဖွင့်လိုက်၏။
"စဉ်းစားကြည့်ရအောင်... လုပ်ရအောင်"
ဟိုင်ရိသည် လမ်းတစ်လျှောက်တွင် ရှန့်ချန့်ယန်နှင့် ရင်းနှီးခဲ့သည်။ သူတို့နှစ်ဦးသည် နေရာဒေသတူညီပြီး တိုက်ဆိုင်စွာပင် အလားတူအလုပ်ကို လုပ်ဆောင်ခဲ့ကြသောကြောင့် အတူတူ ခရီးသွားခဲ့ကြသည်။ သူတို့တွင် ခင်မင်ရင်းနှီးမှုများစွာ မရှိသော်လည်း ရှန့်ချန့်ယန်သည် သူ့ကို ဤမျှကောင်းမွန်စွာ ဆက်ဆံခဲ့ခြင်းမှာ အလွန်ပင် ရက်ရောသည်ဟု ယူဆနိုင်သည်။
သို့သော်လည်း ဟိုင်ရိတွင် အသံမထွက်ဘဲ ဖုံးကွယ်ထားသည့် လျှို့ဝှက်ချက်တစ်ခု ရှိခဲ့သည်။
ရှန့်ချန့်ယန်သည် ဟိုင်ရိ၏ အိုင်ဒေါလ် ဖြစ်သည်။
ရှန့်ချန့်ယန်သည် အသက်ရှင်စဉ်ကတည်းကပင် *ချစ်စရာကောင်းသော ပဲလုံးလေး* ဟူ၍ idol တစ်ယောက်အနေဖြင့် လူသိများ ဖြစ်ခဲ့၏။ သူသည် နိုင်ငံခြားတွင် ပွဲဦးထွက်ခဲ့ပြီး အတော်လေး နာမည်ကျော်ကြားခဲ့သည်။ သူ အဆောက်အဦတစ်ခုပေါ်မှ ခုန်ချ၍ ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့စဉ်က အသက် ၁၉ နှစ်သာ ရှိသေး၏။
ဤနေရာတွင် သူ့ကို ထိပ်တိုက်တွေ့လိမ့်မည်ဟု ဟိုင်ရိ၏ စိတ်ထဲတွင် တစ်ခါမျှ မတွေးခဲ့ဖူးပေ။ သူ ဤနေရာသို့ ရောက်ရှိပြီး ဒုတိယနေ့တွင် ဘတ်စ်ကားပေါ်၌ သူ့ကို တွေ့ဆုံသောအခါ သူ၏ကိုယ်ခန္ဓာတစ်ခုလုံး ထုံသွားခဲ့သည်။
သို့သော် သူထပ်မံစဉ်းစားကြည့်သောအခါ ရှန့်ချန့်ယန်သည် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ခြင်း ဖြစ်၏။ သူသည် တရုတ်လူမျိုးဖြစ်သောကြောင့် သူသေဆုံးခဲ့လျှင် ဤဒေသ၏ တရားစီရင်ပိုင်ခွင့်အောက်တွင် ရှိသင့်သည်မှာ မှန်ကန်ပေသည်။
ဟိုင်ရိသည် ဤကလေးကို အချိန်အတော်ကြာကတည်းက သိခဲ့သည်။ သူ၏နိုင်ငံခြားမှ နာမည်ကျော်ကြားမှုမှာ အလွန်ကြီးမားခဲ့ပြီး အတန်ငယ်ကြာအောင် ရူးသွပ်စရာ ဖြစ်ခဲ့၏။ သူသည် အဆင့် ၇ ဖြင့် ပွဲဦးထွက်ခဲ့သည့် ညတွင် တရုတ်နှင့် ပြည်ပမှ ပရိသတ်များသည် ဆဲဆိုမှုများ ပေါက်ကွဲထွက်ခဲ့ကြပြီး ခဏတာအတွင်း သူ့ကို Hot Search ဆီသို့ ရောက်စေခဲ့သည်။ ထို 'Hot Search' ၏ အမည်မှာ 'ရှန့်ချန့်ယန်နဲ့ မထိုက်တန်ဘူး' ဟူ၍ပင်။
သုံးနှစ်အကြာ ဟိုင်ရိ အနားယူနေချိန်တွင် အလုပ်ချိန်ဇယားများကြောင့် သေလောက်အောင် စိတ်ဆိုးလျက် ပြတင်းပေါက်ကို မှီနေခဲ့သည်။ သူသည် ပျင်းနေသောကြောင့် သူ၏ဖုန်းကို လှိမ့်ကြည့်နေစဉ် မတော်တဆ 'Hot Search' ကို နှိပ်မိသွားပြီး ပရိတ်သတ်တစ်ဦးက ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခုကို ဖွင့်ကြည့်မိသွား၏။
အဖြူရောင်အင်္ကျီထူထူ ဝတ်ဆင်ထားသည့် ရှန့်ချန့်ယန်သည် လှေကားထစ်များပေါ်တွင် ထိုင်နေပြီး 'အာ့ဟူ' (တရုတ်တူရိယာတစ်မျိုး) ကို တီးခတ်နေသည်။ သူတီးခတ်နေသည့် သီချင်းမှာ Troublemaker ဖြစ်၏။
နေရောင်ခြည်သည် လှေကားထစ်များပေါ်မှတစ်ဆင့် သေးငယ်သည့် ပြတင်းပေါက်ကို ထိုးဖောက်ဝင်ရောက်လာပြီး သူ့ပေါ်သို့ ထွန်းလင်းနေသည်။ သူ၏ဆံပင်တိုများကို သပ်ရပ်စွာ ပြင်ထားပြီး သူက ပြုံးလျက် တီးခတ်နေ၏။ ထိုကောင်လေးရိုက်ကူးထားသည့် ကင်မရာမှာ အလွန်တုန်ခါနေပြီး အလွန်ဝါးနေသော်လည်း ကောင်လေး၏ ကျယ်လောင်သည့် ရယ်သံများက လိုက်ပါလာသည်။
ရှန့်ချန့်ယန်၏ ပခုံးများ တုန်ခါနေပြီး သူ၏ခေါင်းမှာ Troublemaker ၏ သံစဉ်အတိုင်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်နေသည်။ ရှေးဟောင်းတရုတ်တူရိယာကို အသုံးပြု၍ ခေတ်မီပြီး ဖက်ရှင်ကျသည့် သီချင်းတစ်ပုဒ်ကို တီးခတ်နေသော်လည်း ထိုဂီတအပိုင်းအစသည် မကိုက်ညီသည့် အရာမဟုတ်ပေ။ ရွှင်လန်းဖွယ် တေးသွားသည် တိုးတိတ်သည့် အသံနှင့် ပေါင်းစပ်လိုက်သောအခါ ရယ်စရာကောင်းလောက်အောင် ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်ကို ဆောင်ကြဉ်းလာခဲ့၏။
ထို့နောက် သီချင်းအဆုံးသတ်သည်နှင့် ရှန့်ချန်ယန်သည် ရယ်မောရင်း လှေကားထစ်များပေါ်တွင် ပြိုလဲနေသည်။ ခဏအကြာတွင် သူ၏သူငယ်ချင်းများက သူ့ကို ကိုရီးယားသီချင်း နောက်တစ်ပုဒ် တီးခတ်ရန် တိုက်တွန်းခဲ့ကြ၏။ ရှန့်ချန့်ယန်သည် ထထိုင်ပြီး သူတို့ကို ရယ်မောခြင်း ရပ်တန့်ရန် လက်ဟန်ပြခြင်းမပြုမီ စဉ်းစားခဲ့သည်။ သူ၏လက်ချောင်းများမှ တေးသွားတစ်ခု ထွက်ပေါ်လာပြီး သူသည် Hope Betrayed ကို တီးခတ်နေ၏။
တစ်ယောက်သည် နတ်ဘုံမှပန်းတစ်ပွင့်ဖြစ်ပြီး၊ နောက်တစ်ယောက်ကား အစွန်းအထင်းမရှိသော စင်ကြယ်သည့် ကျောက်စိမ်းတစ်ပွင့်ဖြစ်သည်။ ကံကြမ္မာက သူတို့ကို တစ်ဦးနှင့်တစ်ဦး တွေ့ဆုံစေရန် မရည်ရွယ်ခဲ့ပါက ဤဘဝတွင် အဘယ်ကြောင့် ပြန်တွေ့ရမည်နည်း။
ဗီဒီယိုထဲမှ ခေါင်းငုံ့၍ ကစားနေသည့် ကောင်လေးကို ကြည့်ရင်း ဟိုင်ရိသည် ရုတ်တရက် စိတ်လှုပ်ရှားသွားသည်။ ထို့နောက် သူ၏ အိုင်ဒေါလ်အား လိုက်သည့် ဘဝ စတင်ခဲ့၏။ သူသည် ထိုအဖွဲ့၏ ပထမဆုံးသီချင်း ထွက်ရှိခြင်းနှင့် ပထမဆုံး စင်မြင့်ပေါ် တက်ရောက်ခြင်းကို စောင့်ကြည့်ခဲ့၏။ သူတို့ နာမည်ကျော်ကြားလာပြီး မဂ္ဂဇင်းတစ်ခုပေါ်တွင် ပါဝင်လာသောအခါ ဟိုင်ရိသည် ထိုမဂ္ဂဇင်း ဆယ်အုပ်ခန့်ပင် ဝယ်ယူခဲ့သည်။ သူသည် သူတို့ကို အချိန်အတော်ကြာအောင် စိတ်ပါလက်ပါ သဘောကျခဲ့၏။ ရှန့်ချန့်ယန် ကိုယ့်ကိုယ်ကိုယ် မသတ်သေမီ တစ်နှစ်အထိပင် ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်အတွင်း ဟိုင်ရိသည် ရှန့်ချန့်ယန်၏ မျက်နှာကို ကြည့်လိုက်တိုင်း တစ်ခါတစ်ရံ တွေဝေသွားတတ်သည်။ သူ၏မျက်နှာသည် သရုပ်ဆောင်လောကထဲမှ ဓာတ်ပုံများနှင့် ကိုက်ညီလှသည်။ သူသည် ချောမော၊ အရပ်ရှည်ပြီး ပိန်သွယ်၏။ သူသည် တကယ်ပင် ထိုသို့မာနကြီးသော ကောင်လေးဖြစ်သည်။
ထိုအသက် ၁၉ နှစ်အရွယ် ကောင်လေးသည် ၂၄ လွှာအထက်ရှိ မိုးမြင့် ပလက်ဖောင်းပေါ်တွင် မည်သို့ ရပ်နေခဲ့မည်၊ မျက်လုံးများကို မပိတ်မီနှင့် မခုန်ချမီ မည်မျှကြာအောင် တွေဝေနေခဲ့မည်ကို တွေးမိသည်နှင့် ဟိုင်ရိ၏နှလုံးသားသည် နာကျင်နေဆဲ ဖြစ်သည်။
ရှန့်ချန့်ယန်သည် ထိုအချီကို သူ့အတွက် ပြန်လည်သုံးသပ်မပေးဘဲ သူ မှားခဲ့သည့် အပိုင်းများကိုသာ ပြောပြခဲ့သည်။ ၎င်းသည် ဟိုင်ရိကို နောက်ဆုံးအကြိမ် လွှတ်ပေးမည့်ပုံစံလည်း မဟုတ်ခဲ့ပေ။ အမှန်တကယ်တွင် ဟိုင်ရိက သူ့ကို မမေးခဲ့ပါက သူသည် ထိုအကြောင်းကို ဖော်ထုတ်ရန် ရည်ရွယ်ချက်ပင် မရှိခဲ့ပေ။
ဟိုင်ရိသည် သူ၏နားကြပ်များကို ထုတ်ပြီးဖုန်းထဲမှ သီချင်းတစ်ပုဒ်ကို ရွေးလိုက်သည်။ သူ၏နားကြပ်များမှ တက်ကြွဖွယ် တေးသွား ထွက်ပေါ်လာ၏။ ရှန့်ချန့်ယန်၏ အသံမှာ ရဲတင်းပြီး တောက်ပသည်။ လူငယ်ဆန်သည့် အငွေ့အသက်ပါရှိသည်။ ထိုသီချင်း၏ အဓိကသံစဉ် နောက်တွင် ရက်ပ်အပိုင်းတစ်ခု ပါဝင်၏။ ဟိုင်ရိသည် မသိစိတ်ကပင် သူ၏ခြေဖျားများကို မြေကြီးပေါ်သို့ ဖိနှိပ်လိုက်ပြီး သီချင်း၏စည်းချက်အတိုင်း လှုပ်ရှားနေမိသည်။
ထိုသီချင်းပိုင်ရှင်၊ သူ့ဘေးတွင် မျက်စိမှိတ်၍ မှေးနေသူသည် သူ၏အသက်ကို ကယ်ခဲ့သူပင်ဖြစ်သည်။ ဟိုင်ရိက သူ့ Weibo အောက်တွင် 'မေမေ မင်းကိုချစ်တယ်!' ဟူ၍ အကြိမ်မည်မျှခန့် ရိုက်ခဲ့သည်ကို သူ ဘယ်တော့မှ သိမည်မဟုတ်ပေ။ ဘဝဆိုသည်မှာ အမှန်တကယ်ပင် ကဗျာတစ်ပုဒ်နှင့်တူ၏။
ဤပြောင်းပြန်လှန်ထားသော ကမ္ဘာသည် ပုံမှန်ကမ္ဘာ၏ တိကျသော ပုံတူကူးထားသည့် သီးခြားနေရာတစ်ခုနှင့် ဆင်တူသည်။ ဘတ်စ်ကားများသည် ခရိုင်အများအပြားကို ဆက်သွယ်ထားသော သယ်ယူပို့ဆောင်ရေးနည်းလမ်း ဖြစ်၏။ သူတို့သည် ယခု ဗဟိုဟွားခရိုင် ၁ တွင် ရောက်ရှိနေပြီး ပြန်သွားလိုသည့်နေရာမှာ မြောက်ပိုင်းဟွားခရိုင် ၉ ဖြစ်သည်။ ထိုခရီးစဉ်သည် ရှစ်နာရီခန့် ကြာမြင့်မည် ဖြစ်သည်။ကားမူးသည့် ဝေဒနာ အနည်းငယ်ရှိနေသဖြင့် ဟိုင်ရိသည် မျက်လုံးများကို မှိတ်လိုက်၏။ မည်သို့ပင် ကြိုးစားသော်လည်း အိပ်မပျော်နိုင်ခဲ့ပေ။
သုံးနာရီပင် မကြာသေးမီ ခရီးစဉ်တစ်ဝက်တွင် ကားသည် အနားယူစခန်းတစ်ခု၏ ဘေး၌ ရပ်တန့်သွားသည်။ လူတိုင်း အိမ်သာသို့ သွားနိုင်ရန် ဖြစ်၏။ ပျို့အန်ချင်စိတ် ဖြစ်ပေါ်နေသဖြင့် ဟိုင်ရိက ရှန့်ချန့်ယန်ကို ပြောလိုက်သည်။
"ငါဖြတ်သွားဦးမယ်"
ရှန့်ချန့်ယန်သည် သူ၏ခြေထောက်များကို ရွှေ့လိုက်သောအခါ ဟိုင်ရိ မြန်မြန် ဆင်းသွား၏။ သူသည် ရေကန်ဘေးသို့ ပြေးသွားကာ အန်ရန် ကြိုးစားသော်လည်း ဘာမှ ထွက်မလာခဲ့ပေ။
"ကားမူးတာလား"
အမျိုးသမီးတစ်ဦးက မေးလိုက်သည်။
"ရေနည်းနည်း သောက်မလား"
သူမသည် မဖွင့်ရသေးသည့် ရေဘူးတစ်ဘူးကို ကိုင်ထား၏။ ဟိုင်ရိသည် မယူဘဲ ရေဘုံဘိုင်မှ ရေဖြင့် ပါးစပ်ကို ဆေးလိုက်သည်။
"မလိုပါဘူး"
"ကားမူးရင် တရုတ်ဇီးသီးခြောက်လေးတွေ စားကြည့်ပါလား။"
ထိုအမျိုးသမီးသည် ဆံပင်တိုတိုနှင့် သပ်ရပ်စွာ ပြင်ထား၏။
"တို့ မင်းကို အခုမှ မြင်ဖူးတာ.. မင်း အသစ်လား"
ဟိုင်ရိသည် ရေကန်ဘေးတစ်လျှောက် လက်များကို ထောက်ကာ အားမရှိစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"တစ်ယောက်နဲ့တစ်ယောက် ခင်ရအောင်၊ တို့နာမည် လျိုကျယ်ပါ၊ ခရိုင် 9 ကပါပဲ"
ဟိုင်ရိက ပြုံးရင်း သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ လျိုကျယ်သည် သူမ၏မေးစေ့ကို ပင့်လိုက်၏။
"သူက မင်းရဲ့ သူငယ်ချင်းလား"
ဟိုင်ရိ နောက်လှည့်ကြည့်လိုက်သည်။ ရှန့်ချန့်ယန်သည် ပန်းခင်းဘေးတွင် ရပ်နေသည်။ အမျိုးသားအနည်းငယ်က သူ့ဘေးတွင် ရပ်နေကြပြီး ဆေးလိပ်သောက်နေကြ၏။ သူတို့သည် အသက်သိပ်မကြီးသေးဘဲ ရှန့်ချန့်ယန်နှင့် အသက်တူနီးပါး ရှိပုံရသည်။
ဒါဆို သူ ဘတ်စ်ကားပေါ်မှာ သူငယ်ချင်းတွေ ရှိတာလား။
ဟိုင်ရိ အံ့သြသွားသည်။ ဒါဆို ဘာလို့ သူ့ဘေးမှာ ထိုင်နေသေးတာလဲ။
ဟိုင်ရိသည် ဤအရာက ရှန့်ချန့်ယန်က သူ့ကို ကြိုက်သောကြောင့်ဟု မထင်ခဲ့ပေ။ အမှန်တကယ်တော့ သူသည် ဘတ်စ်ကားပေါ်သို့ တက်ရောက်စဉ်က ဘယ်နေရာတွင်ထိုင်ရမည်ကိုမသိဘဲ အခြားသူတစ်ဦး၏ ထိုင်ခုံကို ယူထားခဲ့ခြင်း ဖြစ်သည်။ ရှန့်ချန့်ယန်က သူတို့ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ ထိုင်ချလိုက်သည်။
"မင်း သူ့ကို သိလား"
ဟိုင်ရိကမေးလိုက်သည်။
လျိုကျယ် : "သိတယ်.. ငါတို့ အိမ်နီးနားချင်းတွေ ငါတို့ နှစ်ယောက်စလုံး စတုတ္ထထပ်မှာ နေကြတာ"
ဟိုင်ရိ : "...ကျွန်တော်လည်း စတုတ္ထထပ်မှာ နေတာ"
လျိုကျယ် : "ငါက ၄၁၀၊ မင်းကရော"
"၄၀၈"
ဟိုင်ရိက ပြန်ဖြေလိုက်သည်။
"ကျွန်တော် အခုမှ ရောက်တာ တစ်ရက်ပဲ နေရသေးတယ်.. အငှားစာချုပ် သက်တမ်းတိုးပြီးပြီလား မသိဘူး"
လျိုကျယ်က ဝမ်းသာအားရနှင့် ပြောလာသည်။
"တိုက်ဆိုင်လိုက်တာ.. ရှန့်ချန့်ယန်က ၄၀၉ မှာ"
ဟိုင်ရိသည် ရှန့်ချန့်ယန်ကို တစ်ချက်ကြည့်လိုက်သည်။
"တကယ်ကို တိုက်ဆိုင်တာပဲ"
လျိုကျယ်ကလည်း ကြည့်လိုက်သည်။
"သူ့သူငယ်ချင်းတွေထဲက တစ်ယောက်မှ စတုတ္ထထပ်မှာ မရှိဘူး"
ဟိုင်ရိသည် သူမကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်၏။ လျိုကျယ်က ရယ်မောလိုက်သည်။
"မင်း ခုထိ မသိသေးဘူးလား.. စတုတ္ထထပ်မှာ နေတဲ့သူတွေအားလုံးက စိတ်ရောဂါကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ကြတာ"
ဟိုင်ရိ မျက်တောင်မခတ်ဘဲ ကြည့်နေသည်။
ရှန့်ချန့်ယန် ဘာစိတ်ရောဂါ ရှိခဲ့တာလဲ
.....
နေပါဦး
သူ(ဟိုင်ရိ) ဘာစိတ်ရောဂါ ရှိခဲ့တာလဲ...
( TN - သူ့ပေါင်ပေ့ကို စိတ်ပူနေခဲ့ပေမယ့် ဆရာသမားက သူ့ကိုယ်သူ မေ့နေခဲ့တာပါ )
လျိုကျယ် : "တချို့က ပိုက်ဆံကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေကြတယ်.. တချို့က စိတ်ခံစားမှုကြောင့်.. တခြားသူတွေကတော့ သေဆုံးတော့မယ့် ရောဂါကြောင့်.. တချို့ကတော့ ငါတို့လိုပဲ နေမကောင်းဘူး.. အဲ့ဒါက အရေးမကြီးပါဘူး၊ ဒီနေရာမှာတော့ နာကျင်မှုကို မတူညီတဲ့ နှုန်းနဲ့ သက်ရောက်တယ်"
ဟိုင်ရိ၏ နှလုံးသားထဲက ရှုပ်ထွေးမှုမှာ ပြင်းထန်နေ၏။ သူမဘက်သို့ လှည့်လိုက်သောအခါ သူ၏အကြည့်က ပိုမိုပြင်းထန်လာသည်။
"ကျွန်တော် နေမကောင်းတာ မဟုတ်ဘူး"
ထိုအခါ လျိုကျယ်က ပြုံးလိုက်သည်။
"ဖြစ်နိုင်ပါတယ်.. မင်းရဲ့ စိတ်ပျက်အားငယ်မှုအဆင့်ကို စမ်းသပ်ကြည့်လို့ရတယ်"
ဒါရိုင်ဘာသည် အိမ်သာသို့ သွားပြီးနောက် လူတိုင်း လျင်မြန်စွာ ကားပေါ်သို့ တက်ရန်နှင့် ထွက်ခွာမှုအတွက် ပြင်ဆင်ရန် အော်ပြောလိုက်သည်။ ဟိုင်ရိ နောက်တစ်ကြိမ် လှည့်ကြည့်သောအခါ ရှန့်ချန့်ယန်နှင့် သူ၏သူငယ်ချင်းများ မရှိတော့ပေ။ သူသည် ဘတ်စ်ကားပေါ်သို့ ပြန်တက်ပြီး သူ၏ထိုင်ခုံသို့ ပြန်ထိုင်လိုက်သည်။
ညစာစားချိန်ဖြစ်သောကြောင့် လူများစွာသည် ခရီးသွားရင်း စားရန် ခေါက်ဆွဲခြောက်များ ဝယ်ယူစားသောက်ကြ၏။ ခေါက်ဆွဲခြောက်နံ့ကြောင့် ဟိုင်ရိ၏ ပျို့အန်ချင်စိတ် ပိုဆိုးလာသည်။ ခဏအကြာတွင် ရှန့်ချန့်ယန်သည် အိတ်တစ်လုံး ကိုင်ဆောင်ကာ ကားပေါ်သို့ တက်လာသည်။ ထိုင်ချလိုက်ပြီးနောက် ခြေထောက်ပေါ်တွင် ပလက်စတစ်အိတ်ကို တင်လိုက်၏။ ရေဘူးနှစ်ဘူးကို ထုတ်ပြီး တစ်ဘူးကို ဟိုင်ရိအား ပေးလိုက်သည်။ ဟိုင်ရိက ၎င်းကို လက်ခံလိုက်သည်။
"ကျေးဇူးတင်ပါတယ်"
သူ ရှန့်ချန့်ယန်လည်း စားမည်ဟု ထင်ခဲ့သော်လည်း ရေထုတ်ပြီးနောက် သူသည် ပလက်စတစ်အိတ်ကို သူတို့ခေါင်းပေါ်ရှိ အထုပ်တင်စင်ပေါ်သို့ ပစ်တင်လိုက်ပြီး သူ၏ရေဘူးသာယူကာ ပြန်ထိုင်လိုက်သည်။ဟိုင်ရိသည် သူ၏နားကြပ်များကို တပ်ဆင်ထားဆဲဖြစ်ပြီး သီချင်းနားထောင်နေ၏။ အဖုံးကို လှည့်ဖွင့်လိုက်သော်လည်း ပေါ့ဆမှုကြောင့် သူ၏ဖုန်းသည် ပေါင်ပေါ်မှ ပြုတ်ကျသွားပြီး နားကြပ်များ ပြုတ်ထွက်သွားသည်။ ရှန့်ချန့်ယန်၏ အဖွဲ့ပိုင်ဆိုင်သည့် တက်ကြွသည့် ဂီတသည် သူ၏ဖုန်းမှ ချက်ချင်းပင် ထွက်ပေါ်လာသည်။
ဟိုင်ရိ : ...
ရှန့်ချန့်ယန် : ...
ဟိုင်ရိ၏လက်သည် ဖုန်းကို ဆွဲယူရန် အလောတကြီး မဆိုင်းမတွပင် ဆန့်ထုတ်လိုက်သည်။ သူ အစွမ်းကုန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ သူ၏ကျန်တစ်ဖက်လက်က ဖွင့်ထားသည့် ရေဘူးကို နေရခက်စွာ ဆုပ်ကိုင်ထားသည်။ ခဏတာ တုံ့ဆိုင်းပြီးနောက် ရှန့်ချန့်ယန်သည် ရေဘူးကို သူ့ထံမှ ယူလိုက်၏။ ဟိုင်ရိ တိတ်ဆိတ်စွာ ဖုန်းကို ကောက်ယူလိုက်ပြီး ခလုတ်များကို အရူးအမူး နှိပ်လိုက်ကာ ရေစီးသကဲ့သို့ ချောမွေ့သဘာဝကျစွာဖြင့် အရာအားလုံးကို ရပ်တန့်လိုက်သည်။ ဤသေးငယ်သည့် ကြိုးပမ်းမှုကြောင့် ဟိုင်ရိ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်သွား၏။ ရေဘူးကို ပြန်ယူလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဟား... ဟား... ကျေးဇူးတင်ပါတယ်"
ရှန့်ချန့်ယန် ပြုံးနေပုံရသော်လည်း ပြုံးနေသည်ဟုကို မထင်ရပေ။ သူ ဘာမှ သိပ်မပြောခဲ့ပေ။ ဟိုင်ရိသည် ဤဖြစ်ရပ်ကို တကယ်ကို ဒေါသထွက်စရာကောင်းသည်ဟု ထင်ခဲ့သည်။ ရှန့်ချန့်ယန်ကို ပြည်တွင်းတွင် လူကြိုက်နည်းသည်ဟုသာ သတ်မှတ်နိုင်သည်။ သူ၏ ပရိသတ်အရေအတွက်မှာ သုံးသန်းရှိခဲ့သော်လည်း မည်မျှ ဝယ်ယူထားသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ နိုင်ငံခြားတွင် ပွဲဦးထွက်ခဲ့သူဖြစ်သောကြောင့် သူ၏ကျော်ကြားမှုမှာ ပြည်တွင်းထက် များစွာကြီးမားခဲ့သည်။ သို့သော် သူသေဆုံးပြီးနောက် ရုတ်တရက်ပင် နိုင်ငံတွင်းတွင် လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားလာခဲ့သည်။
အဆောက်အဦတစ်ခုပေါ်မှ ခုန်ချရန် တွန်းအားပေးခံရသဖြင့် ရှန့်ချန့်ယန်သည် နှစ်ရက်ဆက်တိုက် Hot Search တွင် ရှိနေခဲ့သည်။ စျေးကွက်ရှာဖွေရေး အကောင့်များနှင့် သာမန်အင်တာနက်သုံးစွဲသူ အကောင့်များအားလုံးက သူ့အတွက် ဝမ်းနည်းပူဆွေးခဲ့ကြသည။၊ Weibo တွင်ဖြစ်စေ၊ Moments တွင်ဖြစ်စေ အရေးမကြီးပေ။ ချက်ချင်းပင် သူသည် လူတိုင်း၏ ကရုဏာကို ရရှိခဲ့သည်။
သို့သော် ဟိုင်ရိသည် ထိုနှစ်ရက်တာအတွင်း မည်သည့်အရာကိုမျှ လက်မခံနိုင်ခဲ့ပေ။
သူ လုံးဝ လက်မခံနိုင်ခဲ့။ တကယ်ကို လုံးဝ လက်မခံနိုင်ခဲ့ပေ။ သူသည် လူထုပြောသမျှကို မျက်စိမှိတ် လိုက်နာသူမဟုတ်ပေ။
သူက စစ်မှန်သော ပရိသတ်တစ်ယောက်ပါပဲ...အခု အခြေအနေက ဘာလို့ ဒီလောက် ဆိုးရွားသွားရတာလဲ။
သူရှင်းပြသင့်လား.....ဟိုင်ရိ လုံးဝကို ဆုံးရှုံးသွားသကဲ့သို့ ခံစားနေရသည်။
ရှန့်ချန့်ယန်တွင် သူ့အကြောင်း မေးမြန်းရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ပေ။
ဟိုင်ရိ စိတ်ကိုတင်းလိုက်ပြီး "တကယ်တော့၊ ငါက..."
ရှန့်ချန့်ယန်က ထပ်ပြောလိုက်သည်။
"ကျွန်တော့်ရဲ့ ပရိသတ်လား"
တောင်နှင့်တူသော ဖိအားတစ်ခုက ဟိုင်ရိအပေါ် ကျဆင်းလာသည်။
"ဟုတ်တယ်... နားလည်ပေးလို့ ကျေးဇူးပါပဲ''
ရှန့်ချန့်ယန်: "ခင်ဗျား ဘယ်သူ့ကို ကြိုက်တာလဲ"
🌟🌟🌟