Chapter : 3 ( အာ...ငါသေဖို့ မအောင်မြင်ခဲ့ဘူး [2] )
Viewers 45

Chapter : 3 ( အာ...ငါသေဖို့ မအောင်မြင်ခဲ့ဘူး [2] )


ဟိုင်ရိ ခဏတာ သူ့ကို နားမလည်ဘဲ 'အာ...' ဆိုပြီးအသံပြုလိုက်သည်။


ရှန့်ချန့်ယန် : "အဖွဲ့ထဲက ဘယ်သူ့ကို ကြိုက်တာလဲ"


ဟိုင်ရိ : "မင်းကို" 


သူ လုံလောက်အောင် ရှင်းရှင်းလင်းလင်း မပြောခဲ့မိဘူးလား...


ရှန့်ချန့်ယန် : "ဒါဆို ဘယ်သူ့ကို ကြိုက်သေးလဲ"


ဟိုင်ရိသည် ရှန့်ချန့်ယန်မှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။ 


"ရှန့်ယွီ (ဆောန်းဝူ) လည်း တော်တော်လေး ကောင်းပါတယ်" 


( TN - ‌ရှန့်ချန့်ယန်က Kpop Boy Group ထဲမှာ တစ်ဦးတည်းသော တရုတ်မန်ဘာအဖြစ် debut ခဲ့တာမလို့ သူ့ရဲ့အဖွဲ့ဝင်တွေက အကုန် ကိုရီးယားတွေပါ အခု ရှန့်ယွီဟာလည်း ကိုရီးယားဖြစ်ပြီး သူ့နာမည်က Sunwoo ( 선우 ) ပါ တရုတ်နာမည်နဲ့ဆိုရင်တော့ ရှန့်ယွီလို့လည်း ခေါ်ကြပါတယ် )


ဟိုင်ရိသည် ရှန့်ယွီအပေါ် အနည်းငယ် ကြိုက်နှစ်သက်သည့် စိတ်ရှိခဲ့သည်။ ရှန်ယွီသည် ရှန့်ချယန်ကို <Troublemaker> ရိုက်ကူးရန် ကူညီခဲ့သည့် ကောင်လေး ဖြစ်သည်။ 


ရှန့်ချန့်ယန်သည် အဖွဲ့ထဲတွင် တစ်ဦးတည်းသော တရုတ်လူမျိုးဖြစ်ပြီး ဗီဒီယိုရိုက်ကူးသည့် အစီအစဉ်တစ်ခုတွင် အဖွဲ့ထဲတွင် မည်သူနှင့် အကောင်းဆုံး ဆက်ဆံရေးရှိသနည်းဟု မေးမြန်းခံရသောအခါ ရှန့်ယွီကို လက်ညှိုးထိုးပြကာ သူ့ကို များစွာ ကူညီခဲ့သည်ဟု ပြောဆိုခဲ့၏။ ဟိုင်ရိသည် သူတို့၏ အပြန်အလှန်ဆက်ဆံမှုများကြည့်ရသည်ကို အတော်လေး နှစ်သက်သည်။ 


ပရိသတ်များကဲ့သို့ပင် နောက်ပိုင်းတွင် သူတို့ကို CP ပရိသတ်များဟု တံဆိပ်ကပ်ခဲ့ကြသည်။ ဟိုင်ရိသည် စိတ်ရင်းအမှန်ဖြင့် နှစ်သက်သော ပရိသတ်တစ်ဦးဖြစ်၏။ 


သူ၏သားလေး နိုင်ငံခြားတွင် အလုပ်လုပ်ရန် ကြိုးစားရသည့် ဒုက္ခများကို မိခင်တစ်ဦးကဲ့သို့ ခံစားရင်း စိတ်မကောင်းဖြစ်ရသည်။ ထို့ကြောင့် သူ၏သားအတွက် စစ်မှန်သော သူငယ်ချင်းတစ်ဦး ရရန် မလွယ်ကူဟု သူခံစားရ၏။ ထို့ကြောင့် သူသည် ရံဖန်ရံခါ ရှန်ယွီ၏ Weibo ပို့စ်များကို မျှဝေပြီး 'ကံကောင်းပါစေ၊ မင်း အကောင်းဆုံးပဲ' ဟူ၍မှတ်ချက်ပေးခဲ့သည်။


ရှန့်ချန့်ယန် ခေါင်းညိတ်လိုက်သည်။ 


"ကျွန်တော် နားလည်ပြီ" ဟု သူက ပြောလိုက်သည်။


ခဏတာ ဟိုင်ရိ တုံ့ပြန်မှု မရှိခဲ့ပေ။ သူ ခေါင်းညိတ်လိုက်သော်လည်း ခဏအကြာတွင် ရုတ်တရက် ထပ်လှည့်လာခဲ့သည်။ 


"ငါမင်းကို လိမ်ခဲ့တာ မဟုတ်ဘူး၊ ငါက မင်းရဲ့ ပရိသတ်ဆိုတာတကယ်ပါ" 


ရှန့်ချန့်ယန် : "ဘာလို့ အစကတည်းက မပြောတာလဲ"


"အခွင့်အရေး မရှိခဲ့ဘူး" 


ဟိုင်ရိက ပြန်ဖြေသည်။ 


"ဘယ်လို ပြောရမှန်းလည်း မသိခဲ့ဘူး"


ရှန့်ချန့်ယန်သည် ရေဘူးဖုံးကို လှည့်ဖွင့်ပြီး ရေတစ်ငုံ သောက်လိုက်သည်။ 


"ကျေးဇူးတင်ပါတယ်" 


ဘာအတွက် ကျေးဇူးတင်တာလဲ။


ဟိုင်ရိ နားမလည်ခဲ့ပေ။ သို့သော် ရှန့်ချန့်ယန်က သူ့ကို ကျေးဇူးတင်လိုလျှင် သူ့အား အခွင့်အရေးပေးလိုက်မည်။ ယနေ့ခေတ် ကလေးများသည် သူ နားမလည်နိုင်သောရှုပ်ထွေးသည့် အတွေးများ ရှိကြသည်။


သားလေး မင်းသေဆုံးရခြင်းအတွက် မေမေလည်း အပြစ်ရှိပါတယ်၊ မေမေ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။


ဟိုင်ရိသည် ယခင်အချီမှ ပွိုင့်လေးထောင် ရရှိခဲ့သည်။ သူ၏နောက်အချီကို နောက်တစ်နေ့တွင် ကစားရမည် ဖြစ်သည်။


အချိန်ကား ဤမျှ တင်းကြပ်နေစရာ မလိုခဲ့ပါ။ သို့သော် ဟိုင်ရိသည် အရေးပေါ် အမှတ်စုဆောင်းရမည့် အခြေအနေတွင် ရောက်ရှိနေခဲ့၏။ သူသည် တစ်သက်တာလုံး ဤမျှ ဆင်းရဲဖူးခြင်း မရှိခဲ့ဘဲ အခြား မည်သည့်ဖြေရှင်းနည်းမှ မရှိသောကြောင့် လမ်းခရီးတစ်လျှောက် အလျင်အမြန် သွားလာကာ ငွေကြေး ပိုမိုစုဆောင်းရန် ကြိုးစားနေရလေသည်။


ပထမဆုံး အလုပ်ကို ပြီးမြောက်ပြီးနောက် သူသည် အိမ်တွင် နှစ်ရက် လဲလျောင်းနေခဲ့ရာမှ ဤနေရာတွင် ဒေသတွင်း ကွန်ရက်တစ်ခု ရှိနေကြောင်း တွေ့ရှိခဲ့ရသည်။ ထိုကွန်ရက်သည် လက်တွေ့ကမ္ဘာနှင့် ချိတ်ဆက်ထားခြင်း မရှိပေ။ သို့သော် အက်ပ်များစွာကို အွန်လိုင်းရောက်သည်နှင့် ပုံမှန်အတိုင်း အသုံးပြုနိုင်ပြီး၊ ဤကမ္ဘာသို့ ရောက်ရှိလာသူများလည်း ထိုအက်ပ်များကို ဆက်လက် အသုံးပြုကြ၏။ သို့သော် ဤကမ္ဘာရှိ လူများထံမှ မက်ဆေ့ချ်များကိုသာ လက်ခံရရှိနိုင်ပြီး အခြားသူများထံသို့ မက်ဆေ့ချ်များ ပေးပို့နိုင်ခြင်း မရှိပါလေ။


ဤကမ္ဘာသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်က တရုတ်ပြည်နှင့် သိသိသာသာ ဆင်တူနေသည်။ ၎င်းသည် ကျေးလက်ဆန်ပြီး ရိုးရှင်းသည့် ပုံစံရှိကာ မြို့ကြီးတစ်မြို့၏ ခမ်းနားထည်ဝါမှု လုံးဝမရှိချေ။ 


ကောင်းကင်ယံရှိ ကြီးမားသည့် လှည့်လည်သွားလာနေသော ဝေလငါးကြီး နှစ်ကောင်သာ ဤကမ္ဘာနှင့် ပတ်သက်၍ အလွန်ကွာခြားနေသည့် တစ်ခုတည်းသော အရာဖြစ်၏။ ၎င်းတို့ကို မီးခိုးရောင် ဝေလငါးများဟု ခေါ်ကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးခိုးပြာရောင် သန်းနေပြီး၊ ခန္ဓာကိုယ်အနှံ့ အဖြူရောင် အစက်အပြောက်များ ရှိသည်။ နှစ်နာရီခြား တစ်ခါ အော်ဟစ်သံ နှစ်သံ ထွက်ပေါ်နေ၏။


သူ ကြားသိရသည်မှာ ခရိုင်တိုင်းတွင် ဝေလငါးနှစ်ကောင်စီ ရှိပြီး မျိုးစိတ်မှာ ကွဲပြားကြောင်း သိရသည်။ အချို့မှာ အသားစားဝေလငါးများဖြစ်ပြီး အချို့မှာ sperm ဝေလငါးများ ဖြစ်ကြ၏။


ဟိုင်ရိသည် အပြင်ထွက်သည့်အခါ ၎င်းတို့ကို တစ်ခါမှ မော့မကြည့်ဖူးသဖြင့် ဤအကြောင်းကိုလည်း သိပ်မရှင်းလင်းခဲ့ပေ။


မနေ့က အပြင်ထွက်ရင်းဖြင့် မော့ကြည့်လိုက်သောအခါ ကောင်းကင်ယံတွင် ကြီးမားသည့် သတ္တဝါကြီး ရေကူးနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ကြောက်လန့်လွန်း၍ သေလုနီးပါး မေ့လဲတော့မလို ဖြစ်ခဲ့ရသည်။ လုံးဝကို ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏လက်ထဲမှ ဖုန်းမှာလည်း ပြုတ်ကျတော့မလို ဖြစ်ခဲ့ပါသေး၏။


ဝေလငါးများသည် ကောင်းကင်ယံတွင် အန္တရာယ်ကင်းစွာ လှည့်လည်သွားလာပြီး အလျင်အမြန် ရေကူးထွက်ခွာသွားကြလေသည်။ စကားပင် မပြောနိုင်ဘဲ ဟိုင်ရိသည် သူ၏ ကမ္ဘာ့အမြင်များ လုံးဝ ပျက်စီးသွားပြီဟု ခံစားလိုက်ရသည်။ သူသည် နောက်လာမည့် အလုပ်ကို ချက်ချင်း လက်မှတ်ထိုးခဲ့ပြီး သူ၏ ဦးစားပေးမှာ အရင်ဆုံး အသက်ရှင်ရပ်တည်နိုင်ရေးသာ ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့၏။ ထိုမှသာ သူ ပြန်သွား၍ ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်နေစရာ မလိုတော့မည် ဖြစ်သည်။


ဟိုင်ရိသည် ဤအရာမှာ အိပ်မက်တစ်ခုနှင့် တူနေသည်ဟု တွေးထင်ခဲ့သည်။


သူနှစ်သက်သော ဝေလငါးများနှင့် သူ သဘောကျနေသော အိုင်ဒေါ ပါဝင်သည့် အိပ်မက်တစ်ခုပင်။ ဤသည်မှာ အိပ်မက်ဆိုလျှင်ပင် ခဏတာမျှသာ ဖြစ်လိမ့်မည်။


ရေခဲမုန့်ကို ကိုင်လျက် သူသည် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။ ဓာတ်လှေကားတံခါးများ ပွင့်လာသည်နှင့် စကတ်အပုံကြီးနှင့် ဒေါက်မြင့်ဖိနပ်တစ်ရံပါ သယ်ဆောင်လာသော လူတစ်ဦးသည် တည့်တည့်လျှောက်ထွက်လာ၏။


ဟိုင်ရိသည် သူ့အတွက် ဓာတ်လှေကားတံခါးများကို မသိစိတ်ကပင် ဖွင့်ထားပေးလိုက်သည်။ ပါးစပ်ထဲတွင် ရေခဲမုန့်ဖြင့်ပင် သူသည် တီးတိုးပြောလိုက်လေသည်။


"မင်း ပစ္စည်းတွေ ပြုတ်ကျခဲ့တယ်" 


ထိုသူသည် နောက်လှည့်လာ၏။ ဟိုင်ရိသည် သူ့အတွက် အနက်ရောင် ခြေအိတ်များကို ကောက်ယူပေးလိုက်သည်။


ဟိုင်ရိသည် ခြေအိတ်များကို အဝတ်ပုံ၏ ထိပ်ဆုံးတွင် တင်ပေးလိုက်ပြီး ပါးစပ်ထဲမှ ရေခဲမုန့်ကို ဆွဲထုတ်လိုက်၏။ 


"ဘယ်ကို ပို့မှာလဲ ငါ ကူညီပေးရမလား" 


ရှန့်ချန့်ယန် တုံ့ပြန်လိုက်သည်။


"မလိုဘူး" 


ထို့နောက်တွင် အဝါရောင် ဆံပင်တုတစ်ခု ပြုတ်ကျခဲ့၏။


ဟိုင်ရိသည် သူ့အတွက် ထိုဆံပင်တုကို ပြန်ကောက်ပေးလိုက်ပြီး သူ့ကို တစ်ချက် စူးစိုက်ကြည့်လိုက်သည်။ရှန့်ချန့်ယမ် ပြောစရာ စကားမရှိချေ။ 


"ကျွန်တော့်ကို ကားထဲ ထည့်ဖို့ ကူညီပေးပါ" 


ဟိုင်ရိသည် သူ့ထံမှ အဝတ်အထည်နှစ်စုံကို ယူလိုက်၏။ ၎င်းတို့သည် အမျိုးသမီးဝတ် စကတ်နှင့် အသုံးအဆောင်များဖြစ်ပုံရပြီး အလွန်တရာမှ စွဲဆောင်မှုရှိသော အရောင်များဖြင့် တောက်ပနေသည့် အပိုင်းအစကြီးများ ပါရှိသည်။ သူ့ပါးစပ်ထဲတွင် ရေခဲမုန့်ရှိနေသဖြင့် စကားပြောရန် အဆင်မပြေသောကြောင့် ၎င်းတို့သည် အဘယ်အရာအတွက်ဖြစ်သည်ကို မေးမြန်းခဲ့ခြင်း မရှိချေ။


ရှန့်ချန့်ယန်သည် သူ၏ ပခုံးဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။ အပြင်ဘက်တွင် ကားတစ်စီးသည် ကားနောက်ဖုံးပွင့်လျက် စောင့်ဆိုင်းနေလေသည်။ ရှန့်ချန့်ယန်က အဝတ်များကို ကားထဲသို့ ပစ်ထည့်လိုက်ပြီး ပြောလိုက်၏။ 


"ဒီမှာပဲ ထားလိုက်ပါ" 


ကားပြတင်းပေါက်တစ်ခု လျှောတိုက်ပွင့်လာပြီး ဆံပင်အဝါရောင်ရှိသော လူငယ်တစ်ဦးက သူ့အား

လှမ်းပြောလိုက်၏။


 "ပင်ပန်းသွားပြီပဲ ရှန့်ကော" 


ဟိုင်ရိသည် အဝတ်များကို ချထားပြီး ပါးစပ်မှ ရေခဲမုန့်ကို ဖယ်ရှားလိုက်၏။ 


"ငါ ပြန်တော့မယ်"


သို့သော် ထိုလူငယ်က မေးလိုက်သည်။


"ရှန့်ကော သူက မင်းရဲ့သူငယ်ချင်းလား"


ရှန့်ချန့်ယန်ကပြန်ပြောလိုက်သည်။


 "ငါ မလိုက်တော့ဘူး၊ မင်းဘာသာ ပြန်တော့" 


ထိုလူငယ် :  "အဲဒီလို မလုပ်ပါနဲ့ ရှန့်ကော မင်းမပါရင် ဘယ်လောက် အဓိပ္ပာယ်ရှိပါ့မလဲ" 


ရှန့်ချန့်ယန်သည် သူ့ကို လက်ပြနှုတ်ဆက်လိုက်ပြီး နောက်သို့ ပြန်လှည့်သွားနှင့်ပြီ ဖြစ်၏။


 "နောက်မှတွေ့မယ်" 


ဟိုင်ရိလည်း ယဉ်ကျေးစွာပင်နှုတ်ဆက်လိုက်သည်။


 "သွားတော့မယ်နော်"


ထိုလူငယ်ကလည်း


"သွားပြီနော်  ချောမောတဲ့အစ်ကိုကြီး၊ ရှန့်‌ကောကို နောက်တစ်ခေါက်ခေါ်လာခဲ့နော်!" 


ဟိုင်ရိသည် သူ၏ ရေခဲချောင်းကို စုပ်လိုက်ပြီးနောက် အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်ကာ၊ သူ့ကို လက်ပြနှုတ်ဆက်လိုက်လေသည်။


ရှန့်ချန့်ယန်က သူ့အား စကားစတင်ပြောဆိုလိုက်၏။ 


"ခင်ဗျားကို ဒီနှစ်ရက် မတွေ့ပါလား"


သူတို့ မည်သို့ တွေ့ဆုံနိုင်မည်နည်း။ သူတို့တွင် တူညီသော သူငယ်ချင်းတစ်ဦးမျှ မရှိသလို၊ ဟိုင်ရိတွင်လည်း ဤနေရာ၌ သူငယ်ချင်းများ မရှိပေ။ ထို့ကြောင့် သူသည် အောက်ထပ်သို့ အစားအစာစားရန်နှင့် ရေခဲထားသော စားစရာများ ဝယ်ယူရန်သာ ဆင်းခဲ့ခြင်း ဖြစ်၏။


ဟိုင်ရိ : "အိမ်မှာ ပုန်းနေခဲ့တာ"


ရှန့်ချန့်ယန် : "ခင်ဗျားရဲ့ နောက်ထပ်အလုပ်က ဘယ်တော့လဲ"


"မနက်ဖြန်အတွက် အခုပဲ မှတ်ပုံတင်ထားတာ"


ဟိုင်ရိက ပြန်ဖြေလိုက်သည်။ 


"ငွေနည်းနည်း လိုနေလို့...မင်းကော ဘယ်လိုလဲ" 


ရှန့်ချန့်ယန်က တို‌တောင်းစွာဖြင့် ဖြေလိုက်သည်။ 


"မနက်ဖြန်" 


သတိမထားမိခင်တွင် ဟိုင်ရိသည် သူ့အား တစ်ချက်ကြည့်လိုက်၏။



"မင်းလည်း ပိုက်ဆံလိုနေတာလား"


ရှန့်ချန့်ယန်က ပြုံးလိုက်ပြီး 


"မဟုတ်ဘူး၊ ကျွန်တော် သေဖို့စိတ်စောနေတာ "


ဟိုင်ရိတွင် တကယ်တမ်း ပြောစရာ စကားမရှိချေ။ ဤအခြေအနေတွင် မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ မှားယွင်းလိမ့်မည်။ သူ့၏ မိခင်နှလုံးသားသည် နာကျင်မှုကြောင့် ပြိုလဲတော့မလို ဖြစ်နေသည်။ သူ၏သားသည်ပင် အသက်ရှင်လိုစိတ် မရှိချေ။ ဤနေရာတွင်ပင် သူသည် သေခြင်းတရားကို တစ်ကိုယ်လုံးမှ ဆန္ဒပြင်းပြခဲ့လေသည်။


သူသည် မိခင်တစ်ဦးဖြစ်ရန် အရည်အချင်း မပြည့်မီခဲ့ပါ‌ပေ။


ရှန့်ချန့်ယန်သည် ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။ ကောင်တာဝန်ထမ်း၏ မျက်လုံးများက ဟိုင်ရိအပေါ်တွင် အသွားအပြန် လှည့်ပတ်ကြည့်ရှုနေ၏။ သို့သော် ဟိုင်ရိက လှည့်ကြည့်လိုက်သောအခါ သူသည် ဖောင်တင်နေခဲ့သကဲ့သို့ ဟန်ဆောင်နေသည်။


တောက်ပသန့်ရှင်းသော ဓာတ်လှေကားတံခါးများသည် သူတို့နှစ်ဦး၏ အရပ်ရှည်သွယ်လျသော အရိပ်များကို ထင်ဟပ်နေသည်။ ရှန့်ချန့်ယန်၏ အသားအရေသည် အတော်ပင် ဖြူဖွေးသော်လည်း ဟိုင်ရိသည် သူ၏ မျိုးရိုးကြောင့် ပို၍ပင် ဖြူဖွေး၏။ နှာတံမြင့်မြင့်ဖြင့် ပုံမှန် အမျိုးသမီးနှလုံးသားကို ဖမ်းစားနိုင်သူတစ်ဦး ဖြစ်သည်။



'ဘန်း' ခနဲ အသံတစ်သံ ထွက်ပေါ်လာပြီး ဟိုင်ရိသည် နောက်တစ်ခဏတွင် လှည့်ကြည့်လိုက်ရာ မမျှော်လင့်ဘဲ ကောင်တာဝန်ထမ်းအား လက်ပူးလက်ကျပ် မိလိုက်လေသည်။


''မင်းဘာကြည့်နေတာလဲ''


ဟိုင်ရိက လှမ်းဟောက်လိုက်၏။


ဝန်ထမ်းက မသိစိတ်ကပင် ပြန်ဖြေလိုက်လေသည်။


 "ကျွန်တော် ကြည့်တော့ ဘာဖြစ်လဲ" 


ဟိုင်ရိ : ... ?


ဝန်ထမ်းသည် ခေါင်းငုံ့ကာ အလွန်အမင်း ရှက်နေသည့်ပုံစံဖမ်းနေ၏။


ဓာတ်လှေကားကလည်း ရောက်ရှိလာသဖြင့် ဟိုင်ရိသည် ထိုကိစ္စကို သိပ်အလေးအနက် မထားဘဲ ဓာတ်လှေကားထဲသို့ ဝင်လိုက်သည်။


တံခါးစောင့်လူငယ်က ခလုတ် '၄' ကို နှိပ်လိုက်၏။


ရှန့်ချန့်ယန် : "သူ့ကို စော်ကားမနေနဲ့ သူက ခင်ဗျားကို ဒုက္ခပေးရင် ခင်ဗျားလည်း ခံရလိမ့်မယ်"


ဟိုင်ရိ : "ငါသူ့ကို မစော်ကားပါဘူး၊ ငါ့ကို စော်ကားနေတာ သူ မဟုတ်ဘူးလား" 


ရှန့်ချန့်ယန်သည် ရယ်မောလိုက်ရာ ပါးချိုင့်လိုင်းနှစ်ခု ပေါ်လာသည်။ အကယ်၍ သူသာ အပြုံးလေးတစ်ခု ပြုံးလိုက်မည်ဆိုလျှင် မှိန်ဖျော့သော ပါးချိုင့်လိုင်းနှစ်ခုသာ ရှိလိမ့်မည်။ ပရိသတ်များစွာက ပြုံးမနေသော ရှန့်ချန့်ယန်သည် ချောမောသည်ဟု ခံစားရသော်လည်း ဟိုင်ရိ သိမ်းဆည်းထားသော ဓာတ်ပုံများမှာမူ သူ ပြုံးနေသည့် ပုံများသာဖြစ်၏။ 


အမှန်ကား ပြုံးနေသော ရှန့်ချန့်ယန်သည် မပြုံးသည့်အခါထက်ပင် ပိုမို အေးစက်သော အရောင်အဝါကို ထုတ်လွှတ်နေလေသည်။


ဟိုင်ရိသည် သူ့အား မရည်ရွယ်ဘဲ အနည်းငယ် ကြည့်လိုက်၏။ ရှန့်ချန့်ယန်သည် ခဏမျှ သူ့ဘက်သို့ လှည့်ကြည့်သော်လည်း ဟိုင်ရိက မျက်နှာလွှဲလိုက်သည်။ 


"မနက်ဖြန် အလုပ်အတူတူ လုပ်ရင် ငါ့ကို ကူညီပေးပါ"


ရှန့်ချန့်ယန် : "ခင်ဗျား ကစားတာ အရမ်းကောင်းပါတယ်" 


ဟိုင်ရိသည် သူ့ကိုယ်ကို အကြောလျှော့လိုက်ပြီး


"နောက်တစ်ခါ လူသတ်သမားကတ် မကျပါစေနဲ့လို့ မျှော်လင့်ပါတယ်" 


ဓာတ်လှေကားသည် 'ဒင်' ဟူသော အသံဖြင့် ရပ်တန့်သွားပြီး ဟိုင်ရိ ဆင်းလာခဲ့သည်။ အဆောက်အအုံသည် အလွန်ကြီးမားပြီး စတုတ္ထထပ်တစ်ခုလုံး ဖြစ်၏။ သူ၏အခန်းသို့ မရောက်မီ ရှည်လျားသော ခရီးတစ်ခု ကျန်နေသေးသည်။ သူ့နောက်မှ လျှောက်လာရင်း ရှန့်ချန့်ယန်သည် ဖုန်းဖြင့် မက်ဆေ့ချ်နှစ်စောင် ပို့လိုက်သည်။


သူ၏ရှေ့တွင် ဟိုင်ရိသည်လည်း မည်သည့်စကားမှ မပြောချေ။ ရုတ်တရက် ရှန့်ချန့်ယန်က မေးလိုက်သည်။ 


 "ပြဇာတ်ရုံထဲကို ဝင်ချင်လား" 


ဟိုင်ရိ : ...?


ရှန့်ချန့်ယန် : "စင်မြင့်ပြဇာတ်ရုံ... တစ်ခါတလေ အလုပ်တွေက သရုပ်ဆောင်တာ နည်းနည်း လိုအပ်တယ် ဒါကြောင့်... ခင်ဗျား စိတ်ဝင်စားလား" 


ဟိုင်ရိသည် တုံ့ဆိုင်းမနေချေ။ 


"သေချာတာပေါ့" 


ရှန့်ချန့်ယန် : "သေချာလား" 


ဟိုင်ရိသည် စိတ်ထဲမှ တွေးလိုက်သည် - သားလေး၊ မင်း ဘာလုပ်လုပ် အမေ ထောက်ခံမယ်။ မင်း သေချင်တယ်လို့ ပြောရင်တောင် အမေက မင်းရဲ့ခြေထောက်ကို ဖက်တွက်ပြီး မရဘူးလို့ ပြောမှာ မဟုတ်ဘူး။


ဟိုင်ရိ: "သေချာတယ် ငါ့ကို ဘာလုပ်စေချင်တာလဲ" 


ရှန့်ချန့်ယန်၏ မျက်နှာပေါ်တွင် သူ၏ တည့်တိုးဆန်မှုကြောင့် သံသယများ ရေးထိုးထားသည်ကို တွေ့ရသည်။ သူ၏သူငယ်ချင်းထံသို့ စာပြန်လိုက်သည် 


[ သူ သဘောတူတယ်တဲ့ ]


သူ၏သူငယ်ချင်း ဆံပင်အဝါဖြင့် ကောင်လေးသည် စိတ်လှုပ်ရှားနေသည့် မက်ဆေ့ချ်တစ်စောင် ပို့လာ၏။


[ ဒါပဲလေ... နောက်ဆုံးတော့ မင်းရဲ့ ၁၉၀ စင်တီမီတာကို အမျိုးသမီးဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ဖို့ မလိုတော့ဘူး ]


ရှန့်ချန့်ယန်သည် ဖုန်းကို မော့ကြည့်လိုက်ပြီး ဟိုင်ရိ၏ ခန္ဓာကိုယ်ကို အပေါ်ယံမျှ ကြည့်လိုက်သည်။



ရှုပ်ထွေးနေသော ဟိုင်ရိ : ... ?


ရှန့်ချန့်ယန်က ပြန်ဖြေလိုက်သည်။


[သူက ငါ့ထက် နည်းနည်းပဲ ပိုပုတာ]


ဆံပင်ဝါဖြင့် ကောင်လေး - [ ၁၈၀ စင်တီမီတာနဲ့ ၁၉၀ စင်တီမီတာက ကမ္ဘာနှစ်ခုလို ကွာခြားတယ်။ သူက ငါ့ထက် နည်းနည်းပဲ ပိုမြင့်ပေမယ့် မင်းကတော့ ငါ့ထက် ဟိမဝန္တာလောက် ပိုမြင့်တယ် ]


ရှန့်ချန့်ယန်သည် သူ၏ ဖုန်းကို သိမ်းလိုက်ပြီး ပြောလာသည်။


"မင်းက အမျိုးသမီးဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ရလိမ့်မယ်" 


ဟိုင်ရိက မျက်နှာသေဖြင့် "ဪ" ဟုသာ ဆိုလိုက်၏။


ထိုအဝတ်အစားများက အဘယ်အတွက်ဖြစ်သည်ကို ဟိုင်ရိသည် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ သူသည် သူ့ကိုယ်သူ ခြုံငုံကြည့်လိုက်ပြီး မေးလိုက်သည်။ 


"ငါအရမ်းရှည်နေလား" 


ရှန့်ချန့်ယန် : ....


ဟိုင်ရိသည် သူ့၏ မျက်နှာအမူအရာကို ကြည့်လိုက်၏။ နားလည်မှုသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။


 "ငါမတိုင်ခင် အမျိုးသမီးဇာတ်ဆောင်က ဘယ်သူလဲ"


ရှန့်ချန့်ယန် : ...


ဟိုင်ရိသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ထပ်မေးလိုက်၏။


"မင်းက အမျိုးသမီးဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ရင်... အမျိုးသားဇာတ်ဆောင်ကို ဘယ်သူက သရုပ်ဆောင်မလဲ" 


ရှန့်ချန့်ယန် : "လျိုယိဖန်... ခင်ဗျား ခုနက တွေ့ခဲ့တဲ့ ကောင်လေး" 


ဟိုင်ရိသည် ပို၍ပင် ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးလိုက်သည်။


"သူက ၁၇၀ စင်တီမီတာပဲ ရှိတာ မဟုတ်လား"


ရှန့်ချန့်ယန် : "ဖိနပ်ထဲမှာ အခံ ထည့်ရင် ပိုမြင့်နိုင်တယ်" 


ဟိုင်ရိသည် ထိုအချက်ကို ကိစ္စဟု မထင်ခဲ့ပေ။ သူသည် ပျော်ရွှင်စွာဖြင့် 


"မင်းတို့နှစ်ယောက် ဘာလို့ နေရာချင်း မလဲလိုက်တာလဲ သူက အမျိုးသမီးဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ရင် မကောင်းဘူးလား" 


ရှန့်ချန့်ယန်သည် ထိုစကားကို မပြောနိုင်ခဲ့ချေ။ 


"ပရိသတ်က သူ့ရဲ့ အမျိုးသမီးဇာတ်ဆောင် သရုပ်ဆောင်မှုက တော်တော်ရုပ်ဆိုးတယ်လို့ ခံစားရလို့" 


ဟိုင်ရိ : ...


ဟိုင်ရိ : "ဘယ်လိုတောင် လွဲမှားနေတဲ့ အချစ်လဲ" 


ရှန့်ချန့်ယန် : "အမျိုးသမီးဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ဖို့အတွက် လျိုယိဖန်က နေ့ရောညပါ အသံလေ့ကျင့်မှုတွေ လုပ်ခဲ့ရတယ်။ နောက်ဆုံးမှာ ပထမဆုံး စင်မြင့်ပေါ်တက်တာနဲ့ ပရိသတ်က ပြန်မောင်းထုတ်လိုက်တာ" 


ဟိုင်ရိ : "...ဒါက တော်တော် ဆိုးရွားတာပဲ" 


"ဒါ့အပြင် ရှိသေးတယ်" 


ရှန့်ချန့်ယန်သည် သူ၏အခန်းသို့ ရောက်ရှိလာခဲ့သည်။ ဝင်ပေါက်တွင် ရပ်လျက်၊ သူ၏သော့ကို ထုတ်ယူကာ ဟိုင်ရိအား


"နေ့ရောညပါ ဆိုတာက လေ့ကျင့်တာ မဟုတ်ဘဲ စင်ပေါ်တက်တာနဲ့ ချက်ချင်း အော်ဟစ်အပစ်ပယ်ခံရတာကို ဆိုလိုတာ" 


ရှန့်ချန့်ယန် : "မနက်ဖြန်တွေ့မယ်"


ဟိုင်ရိ၏ ဝမ်းဗိုက်သည် ရယ်ရလွန်းသဖြင့် အောင့်သက်သက်ဖြစ်နေလေပြီ။ 


"မနက်ဖြန်တွေ့မယ်"


🌟🌟🌟