Chapter : 4 ( ညီမလေးက အရုပ်ကလေးကို သယ်ထားတယ် [1] )
ရှန့်ချန့်ယန်က သူ့ကို မနက်ဖြန်တွေ့ဆုံမည်ဟု ပြောခဲ့သော်လည်း ဟိုင်ရိကမူ နောက်တစ်နေ့တွင် တကယ်တမ်း တွေ့ဆုံရလိမ့်မည်ဟု မထင်ခဲ့ပါ။ သူတို့နှစ်ဦးစလုံး မနက်ဖြန်တွင် အလုပ်စရမည်ဖြစ်သော်လည်း အုပ်စုအတူကျရန် ဖြစ်နိုင်ခြေနည်းပါးလှ၏။ အများဆုံးဆိုပါက ဘတ်စ်ကားပေါ်တွင် ကမန်းကတန်း ဆုံတွေ့ရုံသာ ရှိလိမ့်မည်ဟု သူတွေးဆခဲ့သည်။
နောက်တစ်နေ့ နံနက် ၈ နာရီတွင် ဟိုင်ရိသည် ဘတ်စ်ကားပေါ်သို့ စောစီးစွာ ရောက်ရှိလာခဲ့သည်။ သူသည် ပြတင်းပေါက်ဘေးရှိ နေရာတစ်နေရာကို ရွေးချယ်ယူကာ နားကြပ်တပ်၍ သီချင်းနားထောင်နေခဲ့၏။
သူ့ခေါင်းပေါ်ရှိ ခရီးဆောင်အိတ်တင်သည့် စင်ပေါ်သို့ အိတ်တစ်လုံး ပစ်တင်ခံလိုက်ရသောအခါ ဟိုင်ရိ မော့ကြည့်လိုက်ရာ ရှန့်ချန့်ယန်ကို တွေ့လိုက်ရသည်။ ရှန့်ချန့်ယန်သည် ထိုနေ့တွင် အပြာရောင် ဟူဒီအင်္ကျီနှင့် အဖြူရောင်အောက်ခံအင်္ကျီကို ဝတ်ဆင်ထားပြီး ဘောင်းဘီအနက်ရောင်နှင့် သူ၏ အမြဲတမ်းဆောင်းနေကျ ဦးထုပ်ချွန်လေးကို ဆောင်းထား၏။ သူ၏ နားတွင် တပ်ဆင်ထားသော သေးငယ်သည့် နားကပ်လေးများသည် နေရောင်ခြည်အောက်တွင် တလက်လက် တောက်ပနေခဲ့သည်။ နေရောင်ခြည်ကဲ့သို့ တောက်ပသော သူ၏ ရုပ်ရည်ချောမောမှုကြောင့် ဟိုင်ရိသည် မူးမေ့လဲမတတ်ပင် ဖြစ်ခဲ့ရ၏။
ရှန့်ချန့်ယန်သည် သူ၏ အိတ်ကို စင်ပေါ်ပစ်တင်ပြီးမှ ထိုင်ချလိုက်ရင်း
"ခင်ဗျား စောနေပါ့လား"
"ငါတို့ ဘယ်အချိန် ထွက်မယ်မှန်း မသေချာလို့ မနက် ၆ နာရီခွဲတည်းက ရောက်နေတာ"
ဟိုင်ရိ၏ နွေးထွေးပြီး ဂရုစိုက်တတ်သော မိခင်စိတ်ဓာတ်သည် ထွက်ပေါ်လာခဲ့သည်။
"မင်း ညက ကောင်းကောင်းမအိပ်ခဲ့ဘူးလား မျက်ကွင်းတွေ ညိုမဲနေတယ်"
ရှန့်ချန့်ယန်သည် ဘာမှမသိသလို စိုက်ကြည့်နေရင်း သူ၏ ရှပ်အင်္ကျီ ကော်လံတွင် ချိတ်ထားသော ငွေရောင်အနားသတ် နေကာမျက်မှန်ကို ကောက်ယူ၍ ပြုံးကာ ပေါ့ပေါ့ပါးပါး တပ်ဆင်လိုက်သည်။
"ကျွန်တော် အဆင်ပြေပါတယ်"
ဟိုင်ရိသည် ရှန့်ချန့်ယန်တွင် တစ်စုံတစ်ရာ စိတ်မသက်မသာ ဖြစ်နေသည်ကို ခံစားမိသော်လည်း မေးမြန်းရန် အနေအထား မရှိသောကြောင့် တိတ်ဆိတ်စွာနေပြီး ခေါင်းငုံ့ကာ Jewel of Atlantis ဂိမ်းကို ဆက်လက်ကစားနေရင်း ထွက်ခွာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
သူသည် ဤအဆင့်တွင် အချိန်အတော်ကြာ ရှေ့တစ်ဆင့်မတက်နိုင်ဘဲ ရှိနေခဲ့၏။ အဆင့်နှစ်ထောင်ကျော်ပြီးနောက်တွင်မူ အဆင့်တစ်ခုကို ကျော်ဖြတ်ရန်မှာ ကံကြမ္မာပေါ်တွင်သာ လုံးလုံးလျားလျား မူတည်သည်ဟု ဆိုနိုင်သည်။ ဤဂိမ်းကို ဟိုင်ရိ ကစားခဲ့သည့် ခြောက်နှစ်တာ ကာလအတွင်းတွင် လေ့ကျင့်မှုဖြင့် ဂိမ်း၏ မည်သည့်အပိုင်းကိုမျှ ကျွမ်းကျင်နိုင်သည်ဟု တစ်ခါမှ မခံစားခဲ့ရပေ။
ငိုကြွေးနေသော icon လေးတစ်ခုက သူ၏ အကြိမ်ရေများ ကုန်ဆုံးသွားပြီး ရေခဲတုံးသုံးတုံးကို ဖယ်ရှားရန် ကျန်ရှိနေသေးကြောင်း ဝမ်းနည်းစွာ အသိပေးခဲ့သည်။
နေကာမျက်မှန်အောက်မှ ရှန့်ချန့်ယန်သည် သူ၏ အကြည့်ကို ပြောင်းလိုက်၏။ သူ မြင်တွေ့ရသည်မှာ ဟိုင်ရိက အသက်ကို ပြင်းပြင်းရှူသွင်းပြီး စိတ်ငြိမ်သက်စေရန် ခေါင်းကို မော့လိုက်ခြင်းသာ ဖြစ်သည်။
ဟိုင်ရိသည် ပြတင်းပေါက်အပြင်ဘက်ရှိ ရှုခင်းကို ခဏမျှ ကြည့်ရှုပြီးနောက် သူ၏ စိတ်ခံစားမှုများ တည်ငြိမ်သွားသောအခါ ခေါင်းကို ပြန်ငုံ့လိုက်သည်။ စိတ်အေးအေးထားပြီး အက်ပ်များကို ပြောင်းလဲကာ Fast, Short Hands ဟုခေါ်သော ဗီဒီယိုအက်ပ်ကို ဖွင့်၍ အကျွမ်းတဝင် live stream တစ်ခုကို နှိပ်လိုက်သည်။
ရှန့်ချန့်ယန် ပြုံးလိုက်၏။ ဟိုင်ရိက သူ၏ ဒေါသကို ထိန်းချုပ်ထားသောအခါ အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု သူ ခံစားရသည်။ သူ၏ မျက်နှာပေါ်မှ အပြုံးပင် မပျောက်သေးမီ သူသည် ဗီဒီယိုထဲမှ အမျိုးသား live streamer က လည်ပင်းအောက်လှန်ထားသော lolita ဂါဝန်ဖြင့် ကင်မရာကို ညုတုတုကြည့်နေသည်ကို တွေ့မြင်လိုက်ရ၏။
ရှန့်ချန့်ယန်၏ မျက်လုံးများ လှုပ်ရှားသွားခဲ့သည်။
သူသည် ဤသည်မှာ မတော်တဆမှုတစ်ခု ဖြစ်နိုင်သည် ဒါမှမဟုတ် ဟိုင်ရိက ခလုတ်မှားနှိပ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု တွေးထင်ခဲ့သည်။
သို့သော် ဟိုင်ရိသည် live streamer ကို တည်ငြိမ်သော အမူအရာဖြင့် အသည်းများအဆက်မပြတ် ပစ်ပေးနေသည်ကို သူ တွေ့လိုက်ရသည်။ သူ၏ လက်ချောင်းများအောက်တွင် တောက်ပသော အနီရောင်အသည်းများ ပွင့်လန်းလာသည့် မြင်ကွင်းအားစိုက်ကြည့်နေမိသည်။
ရှန့်ချန့်ယန်သည် ဟိုင်ရိကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ ဖုန်းထဲမှ အမျိုးသား live streamer ကို နောက်တစ်ကြိမ် ကြည့်ရှုလိုက်သည်။ ခဏတာမျှတော့ သူ၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာကို သူ မထိန်းချုပ်နိုင်ခဲ့ပေ။ သူ့အား စိုက်ကြည့်နေသော မျက်လုံးများကို ခံစားမိလိုက်သည်နှင့် ဟိုင်ရိသည် လှည့်ကြည့်ပြီးမေးလိုက်၏။
"မင်းကော ဒါတွေ ကြည့်တာလား"
ရှန့်ချန့်ယန်သည် ခေါင်းကို ရူးသွပ်စွာ ခါလိုက်သည်။
ဟိုင်ရိသည် သူ၏ နားကြပ်များကို လက်ထဲတွင် ကိုင်ထားပြီးသားဖြစ်၍ တစ်ဖက်လူကို ပေးရန် အသင့်ပြင်ထားခဲ့ခြင်းဖြစ်၏။ ဤသို့ မြင်လိုက်သည်နှင့် သူသည် နားကြပ်ကို သူ၏ နားထဲသို့ ပြန်ထည့်လိုက်ရုံသာ ရှိတော့သည်။
"ဪ"
ဤသည်မှာ ရှန့်ချန့်ယန်အတွက် ကြီးမားသော ထိတ်လန့်မှုတစ်ခု ဖြစ်ပြီး မမေးပဲမနေနိုင်သည်နှင့်...
"အဲဒါ ဘာလဲ"
ဟိုင်ရိ : "Live stream တစ်ခုပါပဲ"
ရှန့်ချန့်ယန်က live stream ဆိုသည်မှာ အဘယ်အရာဖြစ်သည်ကို မသိသည်မှာ ဖြစ်နိုင်ပါရဲ့လား။
"ခင်ဗျား ဘာတွေ ကြည့်နေတာလဲ"
ဟိုင်ရိ : "မြောက်ပိုင်း ဟွား ခရိုင် ၃ က ကောင်လေးတစ်ယောက်.. သူက တော်တော်ရယ်ရတယ်"
ရှန့်ချန့်ယန် : "သူ့ကို လက်ဆောင်တွေ ပေးဖို့ သူက ခင်ဗျားကို ဘာလုပ်ပေးခဲ့လို့လဲ"
ဟိုင်ရိ: "ငါ လက်ဆောင်တွေ ပေးခဲ့တာမှ မဟုတ်တာ... ဪ..ဒီအသည်းတွေကလား.. streamer တစ်ယောက်ကို အသည်းပေးတာ အခမဲ့ပဲ.. live streamer ရဲ့ လူကြိုက်များမှုက ဒီလိုထိလိုက်ရုံနဲ့ တက်လာတာ.. မင်း စမ်းကြည့်ပါလား"
ရှန့်ချန့်ယန်သည် သူ၏ နေကာမျက်မှန်ကို ချွတ်လိုက်သောအခါ ဟိုင်ရိသည် သူ၏ လက်ကိုင်ဖုန်းကို သူ့ဆီသို့ လှမ်းပေးလိုက်သည်။
"screen ကို နှစ်ချက်နှိပ်လိုက်"
ခဏတာမျှ တွေဝေပြီးနောက် ရှန့်ချန့်ယန်သည် ဖုန်းမျက်နှာပြင်ကို ပုတ်လိုက်ရာ သူ၏လက်ချောင်းများအောက်မှ အသည်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဟိုင်ရိက ချီးကျူးလိုက်၏။
"တော်လိုက်တာ"
ရှန့်ချန့်ယန် : ?
ငါ ဘာလုပ်နေတာပါလိမ့်...
ဘတ်စ်ကားတံခါးပွင့်လာပြီး ဗိုက်ပူယာဉ်မောင်း ဝင်ရောက်လာကာ ယာဉ်မောင်းထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ဟိုင်ရိသည် ထိုအချက်ကို သတိထားမိပြီးနောက် အက်ပ်မှ ထွက်ကာ သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်သည်။ ယာဉ်ပေါ်တွင် ဗီဒီယိုကြည့်ခြင်းသည် မူးဝေလွယ်သောကြောင့် live stream ကို ဆက်လက်ကြည့်ရှုရန် သူ စီစဉ်ထားခြင်း မရှိပေ။
ကမ္ဘာတစ်ဘက်ခြမ်းရှိ ဘတ်စ်ကားပေါ်တွင် လူငယ်တစ်ဦးမှာတော့ live stream ကြည့်ကာ ကင်းကောင်ဘာဘီ ( လူကောင်ကြီးကြီးရုပ်ကြမ်းကြမ်းနှင့်နွဲ့နေသောသူ ) တစ်ဦးကို လက်ဆောင်များ အလကားပေးနေခြင်းမှာ ရှန့်ချန့်ယန် မည်သို့ပင် စဉ်းစားစေကာမူ ထူးဆန်းနေ၏။
21 ရာစုသည် ရှုပ်ထွေးလွန်းတယ်...
ရှန့်ချန့်ယန်က ရှုပ်ထွေးသော စိတ်ခံစားချက်ဖြင့် သူ့ကို နောက်တစ်ကြိမ် ကြည့်လိုက်၏။ ဟိုင်ရိအပေါ် စိတ်ဝင်စားမှု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
"ဒါဆို ခင်ဗျား နာမည်ရဲ့ အဓိပ္ပာယ်က ဘာလဲ"
ဟိုင်ရိသည် နားကြပ်တစ်ဖက်ကို ချွတ်လိုက်သည်။
"မွန်ဂိုဘာသာစကားနဲ့ ဟိုင်ရိဆိုတာ အချစ်လို့ အဓိပ္ပာယ်ရတယ်"
ရှန့်ချန့်ယန် : "ခင်များ မွန်ဂိုဘာသာစကား ပြောတတ်တာလား"
"ငါက မွန်ဂိုလူမျိုးပါ"
ဟိုင်ရိက ပြောသည်။
"ငါ့တရုတ်စကားက သိပ်မကောင်းဘူး"
ရှန့်ချန့်ယန်သည် ဟိုင်ရိ၏ တရုတ်စကား မကောင်းကြောင်း မပြောနိုင်ခဲ့ပါ။ ဟိုင်ရိ၏ စကားပြောဟန်သည် မြောက်ပိုင်းသားတစ်ဦးနှင့် အနည်းငယ်ဆင်တူပြီး သူသည် မည်သည့်အရာကိုမျှ ဂရုမစိုက်ဟန်ရှိ၏။ ထိုအချင်းအရာသည် ပေါ့ဆပြီး အလွန်ပင် ပေါ့ပျက်ပျက်နိုင်လှသည်။
ရှန့်ချန့်ယန်သည် မည်သည့်စကားမျှ ထပ်မပြောဘဲ သူ၏ နေကာမျက်မှန်ကို ပြန်တပ်လိုက်သည်။
ဟိုင်ရိက ဦးဆောင်၍ ပြောလာ၏။
"တကယ်တော့ ဟိုင်ရိက မိန်းကလေးနာမည်"
ရှန့်ချန့်ယန်လည်း ထိုနည်းတူ ခံစားရသည်။ ကောင်လေးတစ်ယောက်ကို 'အချစ်' ဟူသော နာမည်ပေးခြင်းသည် အနည်းငယ် ထူးဆန်းပုံရ၏။
"ဘာလို့ ကောင်လေးတစ်ယောက်ကို မိန်းကလေးနာမည် ပေးတာလဲ"
"ငါ ကြီးလာတော့ ကိုယ်တိုင် ပြောင်းလိုက်တာ"
ဟိုင်ရိက ပြန်ဖြေသည်။
"နားထောင်လို့ ကောင်းတယ်လေ"
ရှန့်ချန့်ယန် : ...
ဟိုင်ရိ : "တစ်ရေးအိပ်လိုက်ပါ"
ရှန့်ချန့်ယန်သည် ရုတ်တရက် သဘောပေါက်သွားပြီး သူ့ကို တစ်ချက်ကြည့်လိုက်၏။ မိန်းကလေးနာမည်ကို သူ့ကိုယ်သူ ပေးရခြင်း၏ အခြားမည်သည့် အကြောင်းပြချက် ရှိနိုင်ဦးမည်နည်း။ ဟိုင်ရိသည် မည်သည့်အရာကိုမျှ ဖုံးကွယ်လိုပုံမရဘဲ အလွန်ပင် စိတ်တည်ငြိမ်စွာပင် ပုဂ္ဂိုလ်ရေးကိစ္စရပ်တစ်ခုကို သူ့အား ပြောပြရန် ဆန္ဒရှိခဲ့၏။
သူသည် ထိုသို့သော အလေ့အကျင့်ရှိသည်လား သို့မဟုတ် တမင်တကာ ပြုလုပ်ခြင်းလား ဆိုသည်ကို မသိရပေ။
ရှန့်ချန့်ယန်က တွေးတောရင်းဖြင့်
"နားထောင်လို့တော့ ကောင်းပါတယ်"
ဟိုင်ရိ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
ဤတစ်ကြိမ် ခရီးစဉ်သည် သုံးနာရီမျှ မကြာခဲ့ပါ။ ၎င်းတို့၏ တာဝန်အသစ်ရှိရာ ပန်းတိုင်သို့ ရောက်ရှိသောအခါ ဟိုင်ရိသည် ယာဉ်ပေါ်မှ ဆင်းပြီးနောက် ပုံမှန်အတိုင်း အန်ဖတ်များ အန်ထုတ်ခဲ့ပြီးမှ လက်ဗလာဖြင့် အစီရင်ခံရန် သွားခဲ့သည်။
၎င်းတို့၏ တာဝန်ကို ဆောင်ရွက်ရမည့် နေရာသည် အလွန်ပင် ကျယ်ဝန်းလှပြီး လမ်းညွှန်ဆိုင်းဘုတ်များအတိုင်း သစ်တောတစ်ပိုင်းကို ဖြတ်ကျော်ရမည် ဖြစ်သည်။ တမင်တကာဖြစ်စေသည်လည်း မသိသော််လည်း သစ်တောတစ်ခုလုံးသည် အလွန်တိတ်ဆိတ်နေသည်။
ကောင်းကင်ယံရှိ ကြီးမားသော ဝေလငါးအမြှီးသည် ၎င်းတို့၏ ခေါင်းပေါ်မှ ကောင်းကင်ကို ဖုံးအုပ်ထားသဖြင့် သစ်တောကို မှောင်မိုက်စေနေ၏။
ဟိုင်ရိ၏ ရှေ့ သို့မဟုတ် နောက်တွင် မည်သူမျှ မရှိချေ။ သူသည် အန်နေခြင်းကြောင့် အခြားသူများနှင့် အဆက်အသွယ် ပြတ်ကျန်ခဲ့၏။ သူသည် နောက်ဆုံး ကျန်ရှိသော ချုံနွယ်ပိတ်ပေါင်း ထူထပ်သော နေရာကို တစ်ကိုယ်တည်း ဖြတ်ကျော်ကာ ကွေ့တစ်ခု ချိုးလိုက်ပြီး နောက်ဆုံးတွင် ကြီးမားသော နေအိမ်တစ်ခုကို မြင်လိုက်ရသည်။
ဝင်ပေါက်အနီးတွင် လူငါးခြောက်ယောက်ခန့် ရပ်နေပြီး တစ်ချက်ကြည့်လိုက်သည်နှင့် ဟိုင်ရိသည် အုပ်စုထဲတွင် ရှန့်ချန့်ယန်ကို တွေ့လိုက်ရ၏။
ဟိုင်ရိ : ...
ရှန့်ချန့်ယန်က နောက်သို့ လှည့်ကြည့်ကာ သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"ကျွန်တော်တို့က စာရင်းသွင်းတုန်းက တစ်သုတ်တည်း ပါခဲ့တာ...ဒီတစ်သုတ်အတွက် တာဝန်နှစ်ခုပဲ ရှိတယ်"
ဟိုင်ရိက အနည်းငယ် စိတ်ပျံ့လွင့်စွာဖြင့်
"ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ"
သူ၏ တစ်သက်တာလုံး နာမည်ကြီးများကို လိုက်ခြင်းတွင် သူ၏ ကံကြမ္မာသည် မည်သည့်အခါမျှ ကောင်းမွန်ခဲ့ခြင်း မရှိပေ။ ရှန့်ချန့်ယန်သည်ကျော်ကြားမှုတွင် မပျက်စီးခဲ့လျှင်ပင် ပါရမီရှိပြီး ကောင်းမွန်သော ကလေးတစ်ဦး ဖြစ်နိုင်ကြောင်း သူသိရှိ၏။
ဟိုင်ရိသည် ရှန့်ချန့်ယန်၏ လူကြိုက်များမှု ရုတ်တရက် မြင့်တက်လာရန်လည်း တစ်ခါမျှ မမျှော်လင့်ခဲ့ပေ။ သူသည် စစ်မှန်သော ပရိတ်သတ်တစ်ဦးဖြစ်ပြီး မိခင်တစ်ဦးအနေဖြင့် ရှန့်ချန့်ယန် ဖျော်ဖြေရေးလုပ်ငန်းတွင် အနည်းငယ် ပိုမို ပျော်ရွှင်စေရန်သာ ဆန္ဒရှိခဲ့သည်။ နောက်ဆုံးတွင်မူ ထိုဆန္ဒသည် ပြည့်ဝလာခြင်း မရှိခဲ့ပေ။
အခြားသူများ နာမည်ကြီးများကို လိုက်သောအခါ သူတို့၏ idol သည် မကျော်ကြားလျှင်ပင် တစ်သက်တာလုံး ပရိတ်သတ်ဖြစ်နိုင်သေးသည်။ သူတို့၏ idol အသက်ရှင်နေသရွေ့ အရာအားလုံး အဆင်ပြေ၏။ သို့သော် နောက်ဆုံးတွင် သူ၏ idol သည် အသက်ပင် မရှိတော့ပေ။
သူ အသက်ရှင်စဉ်က နာမည်ကြီးများကို လိုက်ခြင်းတွင် သူ၏ ကံကြမ္မာသည် ဆိုးရွားခဲ့သည်မှာ မှန်သော်လည်း သူ၏ မမျှော်လင့်ဘဲ သေဆုံးပြီးနောက် ပိုမို ကောင်းမွန်လာခဲ့ပါသည်လား။
ရှန့်ချန့်ယန်သည် သူ၏ အတွေးများကို မသိဘဲ မော့ကြည့်လိုက်သည်။ လမ်းညွှန်ဘုတ်ပေါ်တွင် ရေးထားသော စာလုံးများပေါ်တွင် စူးစိုက်ရင်း
"ဒီတစ်ခေါက် တာဝန်ရဲ့ ဇာတ်လမ်းက 'ညီမလေးက အရုပ်ကလေးကို သယ်ထားတယ်' တဲ့"
ဟိုင်ရိတစ်ယောက် ရှန့်ချန့်ယန်၏ သီချင်းညည်းသံကို မကြားခင်အထိ ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။
~ ညီမလေးက အရုပ်ကလေးကို သယ်ပြီး ~
~ ချယ်ရီပန်းတွေကြည့်ဖို့ ပန်းခြံကို သွားခဲ့တယ် ~
~ အရုပ်ကလေးက ငိုပြီး သူ့မေမေကို ခေါ်နေတယ် ~
~ သစ်ပင်ပေါ်က ငှက်ကလေးတွေကတော့ရယ်နေကြလေရဲ့ ~
( TN - တရုတ်ကလေးသီချင်းလေးပါနော်၊
နားထောင်လို့ရအောင် link လေး ထည့်ပေးထားပါတယ်
< https://youtu.be/lXIr9i6sfOI?si=cL8k6LEhLiq0TRPd > )
ရှန့်ချန့်ယန်၏ ကြည်လင်တောက်ပသော အသံသည် မည်သည့်သီချင်းကိုမဆို နားထောင်ကောင်းအောင် ဖန်တီးနိုင်စွမ်းရှိ၏။ ကလေးသီချင်းဖြစ်လင့်ကစား သူ၏ ကြည်လင်သောသီဆိုမှုသည် အလွန်သာယာနာပျော်ဖွယ်ဖြစ်ပြီး ခေတ်ရေစီးကြောင်းနှင့် လိုက်လျောညီထွေရှိသော သီချင်းတစ်ပုဒ်ကဲ့သို့ ခံစားရစေသည်။
ဟိုင်ရိ လှမ်းမေးလိုက်၏။
''ဒါက ကလေးသီချင်းလား ဘာလို့ လုံးဝကြောက်စရာမကောင်းနေရတာလဲ"
ရှန့်ချန့်ယန်၏ အပြုံးတွင် မပြောရသေးသော အဓိပ္ပာယ်များ ပြည့်နှက်နေသည်။
"ဒီနောက်မှာ အများကြီးရှိပါသေးတယ် ခင်ဗျား ခဏနေရင် ကြားရပါလိမ့်မယ်"
ဟိုင်ရိသည် ထိုစကားကို ဂရုမပြုခဲ့ပေ။ တံခါးပွင့်လာပြီး အရုပ်ကို ကိုင်ထားသော အမျိုးသမီးတစ်ဦး ထွက်လာသည်။ သူမ၏ ဆံပင်ရှည်များသည် မြေကြီးပေါ်တွင် တရွတ်တိုက်ပါလာပြီး မျက်နှာအသားအရေမှာလည်း သေလုမြောပါး ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ သူမသည် ခါးကိုင်းကာ သွေးရောင်နီရဲနေသော ကီမိုနိုဝတ်စုံကို ဝတ်ဆင်ထားသည်။
"အားလုံးပဲ၊ ကျေးဇူးပြုပြီး ဝင်ကြပါရှင်.."
သူမက ပြောလာသည်။
ဟိုင်ရိသည် ယခင်က တာဝန်တစ်ခုတွင် ပါဝင်ဖူးသဖြင့် ဤအခြေအနေတွင် သူမသည် သေဆုံးသူဖြစ်ကြောင်း သိရှိခဲ့သည်။ ယခင်အခြေအနေမှ သေဆုံးသူနှင့် နှိုင်းယှဉ်ပါက သူမ၏ အခြေအနေမှာ ကောင်းမွန်နေပြီဖြစ်၏။
ဟိုင်ရိအပါအဝင် စုစုပေါင်း ခုနစ်ဦးသည် တံခါးအပြင်ဘက်တွင် ရပ်နေကြသည်။ ဤတစ်ကြိမ်တွင် ကစားသမား ခုနစ်ဦးပါဝင်၏။
ဟိုင်ရိသည် ဘေးနားရှိ လူအနည်းငယ်ကို ပေါ့ပေါ့ဆဆ တစ်ချက်ကြည့်လိုက်စဉ် ရှန့်ချန့်ယန်သည် ဦးဆောင်ဝင်ရောက်သွားသည်။ ဟိုင်ရိ ဝင်ရောက်ပြီးနောက် ကျန်လူများလည်း တဖြည်းဖြည်း ဝင်ရောက်လာကြ၏။
အမျိုးသမီးသည် တာတာမီ ဖျာပေါ်တွင် ထိုင်လိုက်သည်။
"လူကြီးမင်းတို့ရဲ့ ကာရိုက်တာကို ရွေးချယ်ပေးပါ"
ဟိုင်ရိသည် သူ၏ ဖုန်းကိုဖွင့်ကာ ဝိုင်ဖိုင်ချိတ်ဆက်လိုက်သည်။ ဘရောက်ဆာတွင် ဝက်ဘ်စာမျက်နှာတစ်ခု အလိုအလျောက် ပေါ်လာပြီး ထိုစာမျက်နှာပေါ်တွင် ပုံတူခုနစ်ခုကို ပြသထားသည်။
၎င်းမှာ ကျပန်းရွေးချယ်မှုဖြစ်၏။
ဇာတ်လမ်းနောက်ခံအကြောင်းအရာ သို့မဟုတ် သေဆုံးသူ၏ အချက်အလက်များကို မသိရှိရသည့်အတွက် ၎င်းတို့သည် ကြိုက်နှစ်သက်ရာ တစ်ဦးဦးကိုသာ ကျပန်းရွေးချယ်နိုင်သည်။ ဟိုင်ရိသည် ရုပ်ရည်ကြမ်းတမ်းသော အမျိုးသားတစ်ဦးကို ရွေးချယ်လိုက်ပြီး ထိုသူသည် လူသတ်သမားနှင့် သိပ်မတူဟု ထင်ခဲ့သည်။ ယေဘုယျအားဖြင့် ရုပ်ဆိုးသော အမျိုးသားများသည် အဓိကဇာတ်ကောင် မဟုတ်ကြပေ။
ထိုအချိန်တွင် သူသည် ရှန့်ချန့်ယန်က ဝက်ဘ်စာမျက်နှာပေါ်တွင် အသက် ခြောက်နှစ် သို့မဟုတ် ခုနစ်နှစ်ခန့်ရှိပုံရသော ကောင်မလေးတစ်ဦးကို ရွေးချယ်သည်ကို မြင်တွေ့ခဲ့ရ၏။
ဟိုင်ရိ၏ မသိစိတ်က ၎င်းသည် လုံးဝမကောင်းကြောင်း ပြောပြနေသည်။
သူ့သားငယ်သည် အန္တရာယ်ရှိသော ကာရိုက်တာတစ်ခုကို ရွေးချယ်လိုက်ပုံရသည်။
သူသည် ရှန့်ချန့်ယန်ကို ကြည့်လိုက်သော်လည်း သူ(ရှန့်ချန့်ယန်)သည် အောက်သို့သာ ငုံ့ကြည့်နေပြီး မျက်နှာမှာ ဦးထုပ်ချွန်ဖြင့် ဖုံးအုပ်ထားသဖြင့် ခွဲခြားသိမြင်နိုင်သော အမူအရာ မရှိခဲ့ပေ။ ထို့ပြင် အားလုံးသည် ဤအချိန်အထိ ၎င်းတို့၏ ရွေးချယ်မှုများကို အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပြီဖြစ်၍ ပြောင်းလဲရန် နည်းလမ်းမရှိတော့ပေ။
🌟🌟🌟